အခန်း ၃၁၂
Vol. 22 Ch. 312
အပိုင်း(၃၁၂) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၈)
တုန်းဖန်လျူလီက နီရဲနေသောမျက်လုံးများဖြင့် မုန့်ချင်ကျိုးအား ကြည့်လိုက်ပြီး နှုတ်ခမ်းနီနီလေးများကို စေ့ထားကာ ကွေးညွှတ်နေသောမျက်ခုံးများကိုချလျက် ပြောလိုက်သည်။
"ငါးပိကောင်၊ ကျွန်မကို အမှန်အတိုင်း ဖြေပေးနိုင်မလား။"
"ကျွန်မရဲ့ရည်မှန်းချက်တွေက ရှင့်ကို ကန့်သတ်ချုပ်ချယ်ထားမိသလို ဖြစ်နတယ်ဆိုတာ သိပါတယ်။ အတ္တကင်းမဲ့ဗုဒ္ဓက ကျွန်မကို အထူးနည်းလမ်းတွေနဲ့ ဝင်ရောက်နှောင့်ယှက်ခဲ့တယ်။ ဒါပေမဲ့ ဒါက ကျွန်မရင်ထဲမှာ အမြဲတမ်းဖုံးကွယ်ထားခဲ့တဲ့ အရာတစ်ခုပါ။"
"အကြောင်းရင်းအမျိးးမျိုးကြောင့် ကျွန်မ အဲဒါကို ဘယ်တုန်းကမှ မပြောနိုင်ခဲ့ဘူး။ လွတ်လပ်ပေါ့ပါးပြီး အချုပ်အချယ်ကင်းတဲ့ဘဝကို ရှာဖွေနေခဲ့တဲ့ အတိတ်ကရှင့်ကို ငါ မှတ်မိသေးတယ်။ ရှင်က လောကကြီးရဲ့ ပရမ်းပတာဖြစ်မှုတွေကနေ ရှောင်ပြေးဖို့အတွက် ကျွန်မကို အိမ်ပါသမက်တစ်ယောက် အနေနဲ့တောင် လက်ထပ်ခဲ့သေးတာလေ။"
"ဒါပေမဲ့ အခုတော့ ရှင် ပြောင်းလဲသွားခဲ့ပြီ... "
"ရှင်က အရင်တုန်းကလို လူပျင်းတစ်ယောက် မဟုတ်တော့တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီ။ ရှင်က ဧကရာဇ်ဆိုတာကို သိလိုက်ရကတည်းက ဘယ်တုန်းကမှ မကြိုးစားဘဲ မနေခဲ့ဘူး။ ကျွန်မရဲ့အရှေ့မှာ အမြဲတမ်း ရပ်တည်ပေးခဲ့တယ်။ အကယ်၍ ဒီခံစားချက်က ရှင့်ကို ချည်နှောင်ထားတယ်ဆိုရင်၊ တကယ်တော့... "
တုန်းဖန်လျူလီက စကားအရှည်ကြီး ပြောလိုက်ပြီး မျက်လုံးများနီရဲနေကာ အင်္ကျီစွန်းကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားပြီး အောက်သို့ကြည့်လိုက် အထက်သို့ကြည့်လိုက်ဖြင့် မုန့်ချင်ကျိုး၏အမူအရာကို တိတ်တဆိတ် အကဲခတ်နေလေသည်။
သူ၏နောက်ဆုံး စကားစုတွင် ဆိုလိုချင်သည်မှာ… "တကယ်တော့ ရှင် ဒီလောက် ပင်ပန်းပြီးတော့ အလုပ်ကြိုးစားနေဖို့ မလိုပါဘူး။ ပစ္စုပ္ပန်ရွာကို ပြန်သွားပြီးတော့ ဘဝဟောင်းကို ဆက်နေလို့ရပါတယ်။ ကျွန်မတို့က လင်မယားတွေဖြစ်ပြီးတော့ အချင်းချင်း ချစ်ကြပေမယ့် လူတိုင်းမှာ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိကြတယ်လေ။ သူတစ်ပါးရဲ့ မျှော်မှန်းချက်တွေကို ဖယ်ရှားခွင့် ဘယ်သူ့မှာမှ မရှိဘူး။ လူတစ်ယောက်စီတိုင်းက ကိုယ်လိုချင်တဲ့ မျှော်မှန်းချက်ကို လိုက်စားတာက လုံးဝအဆင်ပြေပါတယ်။"
သို့သော်လည်း မုန့်ချင်ကျိုး၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်ကို သူ မြင်သောအခါ ဆက်၍ မပြောရဲတော့ပေ။
အတ္တကင်းမဲ့ဗုဒ္ဓက လက်များကို ယှက်ထားလိုက်ပြီး ပါးစပ်ကို တိတ်ဆိတ်စွာ ပိတ်ထားလိုက်သည်။
သူက တိုးတိုးလေး သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်။
နောက်ဆုံးတွင် မဟာကျင်းတိုင်းပြည်က ဤကစားပွဲကို အနိုင်ရရှိသွားခဲ့ပြီ ဖြစ်လေသည်။ မုန့်ချင်ကျိုး တောရိုင်းမြေသို့ ပြန်လည်ရောက်ရှိလာသည့်အခိုက်အတန့်တွင် ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့သည်။
သို့သော်လည်း အတ္တကင်းမဲ့ဗုဒ္ဓကို အနည်းငယ် အံ့အားသင့်စေသည်မှာ…
တုန်းဖန်လျူလီသည် သူ၏နည်းလမ်းများကို အစမှအဆုံးတိုင် သိရှိနေပြီး ၎င်းမှာ [ထင်ယောင်ထင်မှား ဂါထာမန္တန်]၏ အကျိုးသက်ရောက်မှုမှန်း သိပါလျက်နှင့် လုံးဝ ဝင်မနှောင့်ယှက်ခဲ့ပေ။
ဒါက...
မသိလိုက်ဘဲနဲ့ ဒီစုံတွဲလေးကို တွန်းအားတစ်ခု ပေးလိုက်သလို ဖြစ်သွားတာလား။
အတ္တကင်းမဲ့ဗုဒ္ဓက "အော်မီတော်ဖော်"ဟု တီးတိုးရေရွတ်လိုက်ပြီး မွန်းကျပ်နေသော စိတ်ပျက်မှု ခံစားချက်ကို ခံစားလိုက်ရသည်။
ဒီဘုန်းကြီးအိုရဲ့ အရည်မရအဖတ်မရပြောနေတာတွေ အားလုံးက အလကား ဖြစ်သွားတာပေါ့။
ဒီတော့ မင်းမှာ ဒီစကားတွေကိုပြောဖို့ သတ္တိမရှိခဲ့ဘူးပေါ့။ ပြီးတော့ [ဇန်တရားသွန်သင်ချက်များ] ကနေတစ်ဆင့်မှ အဲဒါတွေကို ဖော်ပြနိုင်ခဲ့တာပေါ့...
ဒါဆို မင်းက အမှန်တရားကိုပြောဖို့ အရက်ကို ဆင်ခြေတစ်ခုအနေနဲ့ သုံးနေတာလား။
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။"
မုန့်ချင်ကျိုးက ရှေ့သို့တိုးလာပြီး တုန်းဖန်လျူလီ၏မျက်လုံးများမှ မျက်ရည်များကို လက်ချောင်းများဖြင့် ညင်သာစွာ သုတ်ဖယ်ပေးလိုက်သည်။ သူ၏အပြုံးက ပုံမှန်ထက် ပို၍နူးညံ့နေကာ တိုးညင်းစွာ ပြောလိုက်သည်။
"ကိုယ်တောင့်တခဲ့တာက လွတ်လပ်ပေါ့ပါးတဲ့ ဘဝတစ်ခုပါ။ မင်းနဲ့ မတွေ့ခင်တုန်းက ဒီကမ္ဘာမှာ ကိုယ့်အတွက် မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေ မရှိခဲ့ဘူး။ ပြီးတော့ အနာဂတ်မှာ ဖြစ်လာမယ့် အရာများစွာကို ကိုယ် ကြိုမြင်နိုင်ခဲ့တယ်။"
"ကန့်သတ်ချက်တွေ ဒါမှမဟုတ် သံယောဇဉ်တွေ မရှိဘဲနဲ့ မှောင်မိုက်တဲ့ အနာဂတ်ကို ကြိုမြင်နိုင်တဲ့အခါ သဘာဝကျကျပဲ ကိုယ်က အဲဒီထဲမှာ မပါဝင်ချင်ခဲ့ဘူး။"
"ဒါပေမဲ့ မင်းနဲ့ တွေ့ပြီးတဲ့နောက်မှာတော့…"
"ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘူးဆိုတာ ကိုယ် သိခဲ့ရတယ်။ ဒီလောကကြီးမှာ ကိုယ့်အတွက် ကျောက်ဆူးချစရာတစ်ခု၊ အားကိုးစရာနေရာတစ်ခု၊ ပြီးတော့ မျှော်လင့်စရာတစ်ခု ရှိလာခဲ့ပြီ။"
"အတိတ်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကျင့်ကြံခဲ့တယ်။ ဒါပေမဲ့လည်း အဲဒါက လေထဲက ရဲတိုက်တစ်ခုလိုပဲ၊ စိတ်ကူးယဉ်ဆန်ပြီး အစစ်အမှန် မဟုတ်ခဲ့ဘူး။ အခုချိန်ကစပြီး မင်းကို ကာကွယ်ဖို့ ကိုယ် ကျင့်ကြံတော့မယ်။"
သူ အနည်းငယ် ရပ်တန့်သွား၏။
မုန့်ချင်ကျိုးက ဤကဲ့သို့သော စကားမျိုးများကို ပြောဆိုရာတွင် မကျွမ်းကျင်ခဲ့သော်လည်း တုန်းဖန်လျူလီ၏ ရင်တွင်းဖြစ် ဝန်ခံစကားကို ကြားလိုက်ရာတွင် သူ၏အသံမှာ မျက်ရည်များဖြင့် တုန်ရီနေပြီး ဂုဏ်သိက္ခာရှိသော ဧကရီမှာ ကူကယ်ရာမဲ့နေသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေကာ ဤအရာအားလုံးကို ဖြစ်စေခဲ့သူမှာ အခြားသူမဟုတ်ဘဲ သူကိုယ်တိုင်ပင် ဖြစ်နေသည်။
ဘယ်ယောကျ်ားက အဲဒါကို ခုခံနိုင်မှာလဲ။
မုန့်ချင်ကျိုး၏နှလုံးသားက အရည်ပျော်လုနီးပါး ဖြစ်သွားပြီး ကြင်နာယုယမှုများဖြင့် ပြည့်နှက်သွား၏။ သူက တုန်းဖန်လျူလီကို ဖက်ထားလိုက်ပြီး သူ့ပခုံးများနှင့် ကျောပြင်ကို ပွတ်သပ်ပေးလေသည်။ သူ၏ဆံပင်မှ မူးယစ်စေသောရနံ့ကို ရှူရှိုက်လိုက်ပြီး တစ်ဖက်လူကို သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားချင်သည့်အလား လက်မောင်းများသည် အလိုအလျောက် တင်းကျပ်သွားလေသည်။
တုန်းဖန်လျူလီ၏ နားထဲသို့ သူက တီးတိုး ပြောလိုက်သည်။
"ရည်မှန်းချက်တွေနဲ့ မျှော်မှန်းချက်တွေမရှိတဲ့ လူတစ်ယောက်ဟာ အသက်ရှင်နေတယ်လို့ ထင်ရပေမယ့်၊ သူ့ရဲ့ဝိညာဉ်က သေဆုံးနေပြီဖြစ်တဲ့ လမ်းလျှောက်နေတဲ့အလောင်းကောင်ပါပဲ။ ပျင်းရိမှုနဲ့ လေလွင့်နေမှုတွေက ထွက်ပြေးဖို့ ဆင်ခြေတွေသက်သက်ပါ။"
"မင်းရဲ့ မျှော်မှန်းချက်နဲ့ ကြီးကျယ်ခမ်းနားတဲ့ရည်မှန်းချက်က ကိုယ့်ကို တောက်လောင်နေတဲ့ ဝိညာဉ်တစ်ခု ပေးခဲ့တယ်။ မင်းက ကိုယ့်ကို ဘဝသစ်တစ်ခု ပေးခဲ့တာပါ။ မင်းနဲ့အတူ ဒီကြီးကျယ်တဲ့ ရည်ရွယ်ချက်ကို တည်ဆောက်ဖို့အတွက် ကိုယ် သေရမယ်ဆိုရင်တောင် ဆန္ဒရှိပါတယ်။"
"နောက်ဆုံးအနေနဲ့ ကိုယ် ပြောချင်တာက..."
"ဘယ်ယောကျ်ားက သူ့မိန်းမရဲ့ ထက်မြက်တဲ့အရည်အချင်းတွေကို ညည်းညူမှာလဲ။ မိန်းမရဲ့ အောင်မြင်မှုတွေက ခင်ပွန်းသည်ရဲ့ ဂုဏ်ယူစရာ အမှတ်တံဆိပ်တွေပဲလေ။"
"တကယ်လို့ မင်းသာ ဒီလိုအရူးအမူးအတွေးတွေ ထပ်တွေးရဲရင်တော့... "
သူ စကားပြောနေစဉ် အနည်းငယ် ရပ်တန့်သွား၏။
ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ သူ၏ရင်ခွင်ထဲတွင် မှီခိုနေသော တုန်းဖန်လျူလီက ရုတ်တရက် မျက်နှာနီရဲသွားပြီး သူ၏တင်ပါးပေါ်တွင် စမ်းနေသောလက်ကို အလျင်အမြန် တွန်းဖယ်လိုက်ကာ ချွဲနွဲ့စွာ ပြောလိုက်သည်။ "ဘုန်းကြီးအိုကြီး ကြည့်နေတယ်လေ။"
"ကိုယ် မထိန်းနိုင်လို့ပါ။ မထိန်းနိုင်လို့ပါ" မုန့်ချင်ကျိုးက ပြုံးလျက် ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။
"ရှင် အမှန်အတိုင်း ပြောနေတာလား။"
တုန်းဖန်လျူလီက သူ၏ရင်ဘတ်ကို လက်ညှိုးထိုးလိုက်သည်။ ၎င်းက မေးခွန်းတစ်ခု ဖြစ်သော်လည်း ဆောင်းဦးရာသီမှရေကဲ့သို့ ကြည်လင်နေသော သူ၏မျက်လုံးများသည် လုံးဝအရည်ပျော်သွားပြီဖြစ်ကာ ရှေ့မှ ယောကျ်ားကို ရစ်ပတ်ပြီး ပေါင်းစပ်သွားကာ ထာဝရခွဲခွာမည်မဟုတ်သော ရေကန်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
"သေချာတာပေါ့။"
"တကယ်လို့ ကိုယ့်ရဲ့လိပ်ပြာကို ဆန့်ကျင်ပြီးတော့ စကားတစ်ခွန်း ပြောမိရင် မိုးကြိုးပစ်ခံရပါစေ။" မုန့်ချင်ကျိုးက လေးနက်စွာ ကြေညာလိုက်ပြီး လက်သုံးချောင်း မြှောက်လိုက်သည်။
တုန်းဖန်လျူလီက မျက်လုံးများကို ကစားသလို လှိမ့်လိုက်ပြီး အပြစ်တင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဟွန့်။"
"ကောင်းကင်အတိဒုက္ခက ရှင့်ကို ထိရင်တောင် လုံးဝအဆင်ပြေနေမှာကို ကောင်းကင်မိုးကြိုးဆိုတာ ဘာများမို့လို့လဲ။"
မုန့်ချင်ကျိုးက အနေခက်စွာ ရယ်မောလိုက်သည်။ "ဆိုလိုရင်းကို နားလည်ဖို့ အဲဒါ လုံလောက်ပါတယ်။"
သူတို့နှစ်ဦး မျက်နှာချင်းဆိုင်လိုက်ကြပြီး၊ နဖူးချင်းထိကာ နှာခေါင်းချင်းနီးကပ်နေပြီး မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။
"ချင်ကျိုး။"
"ဟမ်။"
"တစ်ချိန်ချိန်ကျရင် သွားပြီးတော့ သံယောဇဉ်ကြိုး နှောင်ဖွဲ့ရအောင်။"
"အဲဒါ ဘာလဲ။"
"ရှေးဟောင်း ရိုးရာပုံပြင်တစ်ခုမှာ အချင်းချင်း နက်နက်ရှိုင်းရှိုင်း ချစ်ကြတဲ့ ချစ်သူတွေအကြောင်း ပြောထားတယ်။ ကောင်းကင်ဘုံအားလုံးနဲ့ မရေမတွက်နိုင်တဲ့လမ်းကြောင်းအားလုံးရဲ့ သက်သေခံမှုအောက်မှာ သူတို့တွေက လူဝင်စားခြင်း သံသရာမှာတောင် ဘယ်တော့မှ မခွဲခွာရမယ့် နှလုံးသားပေါင်းစည်းခြင်းဆိုတဲ့ ထာဝရ သံယောဇဉ်ကြိုးကို နှောင်ဖွဲ့ဖို့အတွက် သူတို့ရဲ့နှလုံးသားနဲ့ သွေးအနှစ်သာရတွေကို ကြိုးတစ်ချောင်းအနေနဲ့ အသုံးပြုကြတယ်တဲ့။"
"ဒီလိုအခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယုံနိုင်လို့လား။"
"ဟွန့်။ နောက်ဆုံးတော့ ရှင် သဘောပေါက်သွားပြီလို့ ကျွန်မ ထင်နေတာ။ ဒါပေမဲ့ ရှင်က တုံးမြဲတုံးနေတုန်းပဲ။"
"ဟေး၊ ဟေး၊ ကိုယ် မှားသွားပါတယ်... . တောရိုင်းမြေပေါင်းစည်းသွားတာနဲ့ ကိုယ်တို့ အဲဒီကို ချက်ချင်း သွားကြမယ်... ."
"ခစ်ခစ်။"
...
"အဟွတ် အဟွတ်။"
အတ္တကင်းမဲ့ဗုဒ္ဓက မျက်လုံးကိုမှိတ်ထားပြီး စိတ်တည်ငြိမ်စေသော ဂါထာများကို ရွတ်ဆိုနေလေသည်။ အချိန်အကြာကြီး ရွတ်ဆိုပြီးနောက် သူတို့နှစ်ဦးသည် ရပ်တန့်မည့်အရိပ်အယောင် လုံးဝမပြသဖြင့် သူတို့ကို သတိပေးရန် သူ မဟန့်တားနိုင်ဘဲ ချောင်းဆိုးလိုက်ရလေသည်။
တော်လောက်ပြီ။
ဒါက ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ဘူး။
ငါက ဇန်ကျင့်ကြံတာနဲ့ပဲ လူသေတစ်ယောက်လို့ မင်းတို့ တကယ် ထင်နေတာလား။ ကြည့်နေတဲ့သူတွေရဲ့ ခံစားချက်ကိုကော မင်းတို့ စဉ်းစားပေးဖူးရဲ့လား။
အသံကို ကြားလိုက်ရသောအခါ။
မုန့်ချင်ကျိုးက တုန်းဖန်လျူလီကို လွှတ်လိုက်ပြီး သူ့ဆီသို့ လှည့်လိုက်ရာ သူ၏ နွေးထွေးသော အပြုံးက တဖြည်းဖြည်း အေးစက်သွားပြီး ပြောလိုက်သည်။
"ဘယ်လိုလဲ။"
"အသက်နည်းနည်းလောက် ပိုရှင်ရတာကို မပျော်ဘူးလား။ ပြီးတော့ မနက်ခင်းမှာ မုန့်ပိုရဲ့ ပထမဆုံး စွပ်ပြုတ်ပန်းကန်ကိုသောက်ဖို့ အလျင်လိုနေတာလား။"
အတ္တကင်းမဲ့ဗုဒ္ဓက လှောင်ပြောင်မှုကိုလျစ်လျူရှုကာ ပုတီးစေ့များကို ပွတ်သပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း အနိုင်ရသွားပါပြီ။ တောရိုင်းမြေရဲ့ အာဏာရှင်နေရာက မဟာကျင်းဆီ ပြန်ရောက်သွားပြီ။"
"ဒါပေမဲ့ မထွက်သွားခင်မှာ ဓားသူတော်စင်ရဲ့စွမ်းရည်တွေကို ကိုယ်တိုင် တွေ့ကြုံခံစားကြည့်ချင်တယ်။ တိုက်ခိုက်ခွင့်တောင်မရဘဲ သေရမယ်ဆိုရင် နည်းနည်းတော့ မတရားသလို ဖြစ်နေလိမ့်မယ်။"
မုန့်ချင်ကျိုးက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"မှန်ပါတယ်။"
"ခင်ဗျားကို သုံးကွက် အခွင့်အရေး ပေးမယ်။ တကယ်လို့ နောက်ထပ်သုံးကွက် သုံးပြီးတော့ အဲဒီသုံးကွက်အတွင်းမှာ ခင်ဗျားကို ကျုပ် မသတ်နိုင်ဘူးဆိုရင် ခင်ဗျားရဲ့အသက်ကို ကျုပ် ချမ်းသာပေးမယ်။ အဲဒီအချိန်ကစပြီး ခင်ဗျား သွားချင်တဲ့နေရာတိုင်းကို သွားလို့ရပြီ။ ခင်ဗျားကို ထပ်ပြီး လိုက်မရှာတော့ဘူး။"
အတ္တကင်းမဲ့ဗုဒ္ဓက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒကာကြီး။"
မေးခွန်းထုတ်စရာ မရှိခဲ့ပေ။
အချိန်-နေရာလွတ် ဓားသူတော်စင် ပြန်လာနိုင်ခဲ့သည်ဆိုသော အချက်က နတ်ဘုရား (၅)ပါးသည် ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်နေရဖွယ်ရှိကြောင်းကို ဖော်ပြနေလေသည်။
ဒြပ်(၅)ပါးနတ်ဘုရားများပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ပါက ကောင်းကင်ထောက်တိုင်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသော အတ္တကင်းမဲ့ဗုဒ္ဓဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
သူက ကိုယ့်ကိုယ်ကိုယ် အလွန်သတိပြုမိလေသည်။
"ငါ တစ်သက်လုံး ဇန်ကို လေ့လာဖို့အတွက် မြှုပ်နှံထားခဲ့ပြီး အဲဒါရဲ့ စစ်မှန်တဲ့အဓိပ္ပာယ် (၁၀)ခုကို နားလည်သဘောပေါက်လာခဲ့တယ်။"
"ဒါပေမဲ့ မင်းက သုံးကွက်လို့ ပြောရင်လည်း သုံးကွက်ပေါ့။ ကျေးဇူးပြုပြီး သတိထားပါ။"
ထိုမျှပင်။
အတ္တကင်းမဲ့ဗုဒ္ဓက လက်များကို ပူးထားပြီးနောက် အောက်သို့ချလိုက်ရာ သူ၏အရှိန်အဝါသည် သိသိသာသာ ပြောင်းလဲသွားပြီး ကြင်နာပြီး ကရုဏာရှိသောမျက်လုံးများတွင် ထက်မြက်မှု အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။
...