အခန်း ၃၁၅
Vol. 22 Ch. 315
အပိုင်း(၃၁၅) ဆုချီးမြှင့်ခြင်းနှင့် အပိုင်စားပေးခြင်း၊ စနစ်ကိုပြုပြင်ပြောင်းလဲခြင်း
ယနေ့ကစ၍ မဟာကျင်းတိုင်းပြည်သည် မြေပြင်ကိုဖြတ်ကျော်ပြီး တောရိုင်းမြေကို ပေါင်းစည်းကာ အမြင့်မြတ်ဆုံးအဖြစ် အုပ်ချုပ်တော့မည် ဖြစ်ပေသည်။
နန်းသက်အမည်ကို ပြောင်းလဲခဲ့ပြီး သမိုင်းတွင် ခိုင်ဟွမ်ခေတ်၏ ပထမနှစ်အဖြစ် လူသိများသည်။
မဟာကျင်းတိုင်းပြည်ကို မဟာကျင်းအင်ပါယာတိုင်းပြည်ဟု အမည်ပြောင်းလဲခဲ့ပြီး ထိုအချိန်မှစ၍ နယ်မြေအားလုံးသည် ၎င်းထံ အညံ့ခံခဲ့ကြကာ ပြည်နယ်အသီးသီးက စစ်တပ်၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် အာဏာတို့ကို လွှဲပြောင်းပေးခဲ့ကြသည်။
ပေါင်းစည်းရေးစစ်ပွဲ အဆုံးသတ်ပြီးနောက် လက်အောက်ခံတိုင်းပြည်ပေါင်း (၃၀၀)အနက် (၁၀၀)ကျော်သာ ကျန်ရှိတော့သည်။ ကျန်ရှိသော တိုင်းပြည်ပေါင်း(၂၀၀)ကျော်မှာ ဖျက်ဆီးခံခဲ့ရပြီး သူတို့၏ ပြည်သူများ သေဆုံးခဲ့ရသည်။ မနည်းအသက်ရှင်ကျန်ရစ်ခဲ့သော ကျန်ရှိသည့်တိုင်းပြည်ပေါင်း(၁၀၀)ကျော်မှ ဧကရီျား နန်းဆင်းခဲ့ကြပြီး တိုင်းပြည်တံဆိပ်တုံးကို အရည်ကျိုကာ ရာထူးများမှ ထုတ်ပယ်ခံရပြီး သာမန်ပြည်သူများအဖြစ် လျှော့ချခံခဲ့ရသည်။ ကျန်ရှိနေသော အရည်အချင်းရှိသည့် အုပ်ချုပ်သူများနှင့် စစ်ဗိုလ်ချုပ်များက မဟာကျင်းတိုင်းပြည်၏ နန်းတွင်းသို့ ဝင်ရောက်ကာ အရာရှိများအဖြစ် အမှုထမ်းရန် ရွေးချယ်နိုင်သည်။
သုံးရက် ကြာပြီးနောက်။
ပျောက်ဆုံးနေသော ဧကရီနှင့် ဧကရာဇ်တို့က မြို့တော်သို့ ပြန်ရောက်ရှိလာကြပြီး နောက်တစ်နေ့တွင် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်ခဲ့သည်။
ဥပမာအားဖြင့် ငွေကြေးနှင့်အရေးအသားကို ပေါင်းစည်းခြင်း တရားဝင်ဘာသာစကားတစ်ခု သတ်မှတ်ခြင်းနှင့် တောရိုင်းမြေမှပြည်သူအားလုံးကို မဟာကျင်း၏တိုင်းပြည်သားများအဖြစ် သတ်မှတ်ကာ အနာဂတ်မျိုးဆက်များကို မဟာကျင်း၏သမိုင်းကိုသင်ယူစေခြင်း စသည်တို့ ဖြစ်သည်။
ရွှေရောင်နန်းတော်။
ဧကရီက ခမ်းနားထည်ဝါစွာ ထိုင်နေပြီး ဇာမဏီမျက်လုံးများက ခန်းမထဲရှိ အရာရှိများကို အကဲခတ် ကြည့်ရှုနေလေသည်။ သူတို့အထဲမှ အတော်များများမှာ မရင်းနှီးသောမျက်နှာများ ဖြစ်ကြသည်။ ဤသူများ အားလုံးသည် တိုင်းပြည်အသီးသီးမှ နန်းတွင်းသို့ အညံ့ခံခဲ့ကြသော နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ ဖြစ်ကြပြီး သူတို့ထဲမှ အချို့မှာ ထူးကဲသောပါရမီရှိသူများ ဖြစ်ကြသည်။
ပေါင်းစည်းပြီးနောက် ငါးရက် သို့မဟုတ် ခြောက်ရက်အတွင်း မဟာကျင်းတိုင်းပြည်၏ အလုံးစုံ တိုင်းပြည်အင်အား မြင့်တက်လာပြီး နံနက်ခင်းအလင်းနယ်ပယ်မှ ကျင့်ကြံသူ အရေအတွက်မှာ တစ်ဒါဇင်ကျော်မှ (၄၅)ဦးအထိ သိသိသာသာ တိုးလာခဲ့ကာ ဤအရေအတွက်မှာ တိုးလာနေဆဲ ဖြစ်သည်။
ထို့ပြင်။
တောရိုင်းမြေ၏ကံကြမ္မာများ ပေါင်းဆုံလာမှုနှင့်အတူ မဟာကျင်းတိုင်းပြည်၏ ပြည်သူ/သား အားလုံး၏ ကျင့်ကြံမှုအမြန်နှုန်းမှာ အလွန်မြန်ဆန်လာပြီး အဆင့်တက်ရန်အခက်အခဲမှာ လျော့ကျသွားကာ ခိုင်ဟွမ်ခေတ်၏ ပထမနှစ်နောက်ပိုင်း မွေးဖွားလာသော ကလေးများထဲတွင် ပါရမီရှင်များ ဖြစ်လာနိုင်ခြေ တိုးလာခဲ့သည်။
အကျိုးအမြတ်အများဆုံး ရရှိခဲ့သူများမှာ မဟာကျင်းတိုင်းပြည်နောက်သို့ အမြဲလိုက်ပါခဲ့သော ဝါရင့် အရာရှိများ ဖြစ်ကြသည်။ သူတို့သည်လည်း ကံကြမ္မာကောင်းများစွာ ရရှိခဲ့ကြပြီး သူတို့ထဲမှ အများအပြားသည် သူတို့၏အကန့်အသတ်များကို ဖောက်ထွင်းဝင်ရောက်ရန် တံခါးပိတ်ကျင့်ကြံသွားခဲ့ကြသည်။
"ပေါင်းစည်းရေးစစ်ပွဲက မင်းတို့ အားလုံးအပေါ်မှာ မူတည်တယ်။"
"အခု ပြာတွေငြိမ်ကျသွားပြီဆိုတော့ အကျိုးပြုခဲ့တဲ့သူတွေကို ဆုချီးမြှင့်ရမယ့် အချိန်ရောက်ပြီ။ ငါ့ရဲ့ အမိန့်တော်ကို နားထောင်ကြ။" ဧကရီက တည်ငြိမ်စွာ ပြောလိုက်သည်။
ချက်ချင်းပင်။
စုချင်ချိုးသည် ရှေ့သို့တိုးလာပြီး ဧကရာဇ်အမိန့်တော်ကိုကိုင်ဆောင်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
"မဟာကျင်းရဲ့ တိုင်းပြည်မဏ္ဍိုင် ရာထူးနှစ်ခုဟာ ပြောင်းလဲခြင်း မရှိပါဘူး။ ကျန်းစန်းဟိုင်နဲ့ ချင်းဖုန်းဟော်တို့ဟာ တိုင်းပြည်မဏ္ဍိုင်တွေအဖြစ်နဲ့ နယ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေ အားလုံးရဲ့ အကြီးအကဲတွေအဖြစ် ဆက်လက် အမှုထမ်းရပါမယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်တဲ့အထိ သူတို့ကို အရင်းအမြစ်တွေ အကန့်အသတ်မရှိ ခွဲဝေပေးပါမယ်။ ဒါပမေဲ့ အရင်းအမြစ်တွေကို သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုအတွက်ပဲ အသုံးပြုရမှာဖြစ်ပြီးတော့ သူတို့ရဲ့နောက်လိုက်တွေ ဒါမှမဟုတ် သူတို့ရဲ့မိသားစုတွေကို ချမ်းသာလာအောင် လုပ်ဖို့ အသုံးမပြုရပါဘူး။"
ကျန်းစန်းဟိုင်နှင့် ချင်းဖုန်းဟော်တို့က ကျောက်စိမ်းပြားများကို ကိုင်ဆောင်ကာ ဦးညွှတ်ပြီး တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။ "ကျေးဇူးတင်ပါတယ်၊ ဧကရီ။"
ယခင်က နန်းတွင်းတွင် အုပ်ချုပ်သူကို "ဧကရာဇ်"ဟု ခေါ်ဆိုကြပြီး ရိုသေစွာဖြင့် "အရှင်မင်းကြီး"ဟု ခေါ်ဆိုကြသည်။
သို့သော်လည်း အင်အားကြီးတိုင်းပြည်အဆင့်သို့ ရောက်ရှိပြီးနောက် ဧကရီသည် ဧကရီသာ ဖြစ်သည်။ သူ့ကို ဧကရာဇ် သို့မဟုတ် ဧကရီဟု ခေါ်ဆိုနိုင်သော်လည်း အရှင်မဟု မခေါ်ဆိုနိုင်ပေ။
စုချင်ချိုး ခေါင်းညိတ်လိုက်ပြီး ဆက်လက် ဖတ်ပြသည်။
"တိုင်းပြည်သက်တော်စောင့်တပ်ရဲ့ တပ်မှူးဟောင်း လင်းလုကို ပထမအဆင့် စစ်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ပြီးတော့ [ပျက်စီးကမ်းပါးဘုရင်]ဆိုတဲ့ ဘွဲ့နာမည်ကို ချီးမြှင့်ပါတယ်။ အရင်းအမြစ်အမျိုးမျိုးကို နောက်ပိုင်းမှာ သူ့ရဲ့ စံအိမ်ကို ပို့ပေးမှာဖြစ်ပြီးတော့ ဒီနေရာမှာ အသေးစိတ် မဖော်ပြတော့ပါဘူး။"
[ပျက်စီးကမ်းပါးဘုရင်]ဆိုသည်မှာ စစ်မြေပြင်တွင် လင်းလုသုံးခဲ့သော အစွမ်းအထက်ဆုံး ပညာရပ်မှ ရယူထားခြင်းဖြစ်ပြီး တစ်ချိန်က အရဟတ္တတစ်ပါးကို လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ ဧကရီ။" လင်းလုက တည်ငြိမ်စွာနေပြီး သူ၏လက်များကို ရှေ့တွင်ပူးကာ ဒူးထောက်လိုက်သည်။
စုချင်ချိုးက အမိန့်စာကိုတစ်ချက်ကြည့်ပြီး စည်းမျဉ်းများနှင့်အညီ ခေါင်းညိတ်ကာ ဖတ်ပြလိုက်သည်။
"စစ်ရေးဝန်ကြီး လျန်ချွီဟာ သူ့ရဲ့ တရားဝင်ရာထူးကို ဆက်လက်ထိန်းသိမ်းထားပြီး ကောင်းကင်အဆင့် ဝိညာဉ်ရတနာ (၁၀)ကျော်၊ ဧကရာဇ်ရဲ့ လက်ရေးမှတ်စုတစ်အုပ်နဲ့ ဧကရာဇ်အဆင့် လက်နက်တစ်ခုတို့ကို ရွေးချယ်ခွင့် ချီးမြှင့်ပါတယ်။"
"ဝန်ထမ်းရေးရာဝန်ကြီး..."
"လုပ်ငန်းရေးရာဝန်ကြီး..."
"တရားရေးဝန်ကြီး..."
ဝန်ကြီး(၆)ဦးစလုံး ရှေ့သို့ တိုးလာပြီး ကျေးဇူးတင်ကြောင်းဖော်ပြရန် ဒူးထောက်လိုက်ကြသည်။
"ပြီးတော့ ရှေးဟောင်းနတ်ဘုရားမြို့တော်ရဲ့ အရှင်သခင်ကို [ကျန်ကျန်းဘုရင်] ဘွဲ့နာမည်ကို ချီးမြှင့်ပြီး တိုင်းတစ်ပါးသားတွေရဲ့ဘုရင်အဖြစ် လုပ်ဆောင်ရပါမယ်။ သူ့ကို ရှေးဟောင်းနတ်ဘုရားမြို့တော်ကို စိတ်ကြိုက် ရွှေ့ပြောင်းခွင့် ပေးထားပါတယ်။ နယ်မြေကိုကာကွယ်တဲ့ ဘုရင်အနေနဲ့ သူက နယ်မြေကိုစစ်ဆေးဖို့ လိုအပ်ပြီး ဘယ်သူမှ သူ့ကို စုံစမ်းစစ်ဆေးဖို့ အခွင့်အရေး မရှိပါဘူး။"
"ပြီးတော့ ပုလဲပျောက်နယ်ပယ်က လမင်းမျိုးနွယ်စုကို ယခင်ဗုဒ္ဓတိုင်းပြည်မှာ မြေပိုင်ဆိုင်ခွင့် ချီးမြှင့်ပြီး မိုင်သန်းရာချီတဲ့ သဲကန္တာရကို အုပ်ချုပ်ဖို့နဲ့ ရာစုနှစ်တစ်ခုအတွင်း မိုးလေဝသ ဘေးအန္တရာယ်အမျိုးမျိုးကို ဖယ်ရှားဖို့ တာဝန်ပေးအပ်ပါတယ်။ လိုအပ်တဲ့အရင်းအမြစ်အားလုံးကို နန်းတွင်းကနေ ဖြန့်ဝေပေးပါမယ်။"
လမင်းမျိုးနွယ်စု၏ မြင့်မြတ်အပျိုစင်က ဒူးထောက်ကာ စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်ပြီး "ဧကရီ ထာဝရ အသက်ရှည်ပါစေ။ ဧကရာဇ် ထာဝရ အသက်ရှည်ပါစေ။" ဟု ထပ်ခါတလဲလဲ အော်ဟစ်နေလေသည်။
ဗုဒ္ဓတိုင်းပြည်၏နယ်မြေသည် မူလက လမင်းမျိုးနွယ်စုနှင့် သက်ဆိုင်လေသည်။ သို့သော်လည်း ကျယ်ပြောလှသော သဲကန္တာရကြီးက အလွန်ခြောက်သွေ့နေသဖြင့် မည်သည့်အုပ်စုကိုမဆို ခွဲဝေပေးရန် အဓိပ္ပာယ်မဲ့ပေလိမ့်မည်။ သေချာစွာ စဉ်းစားပြီးနောက် တစ်ခုတည်းသော ရွေးချယ်စရာမှာ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန်သာ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လမင်းမျိုးနွယ်စုသည် သဲကန္တာရတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်သဖြင့် ၎င်းကို စီမံခန့်ခွဲရန် ဖြေရှင်းနည်းတစ်ခု ရှိရမည်ဖြစ်သည်။
ချုံးမိန်က နှုတ်ခမ်းကို စေ့ထားရုံသာဖြစ်ပြီး သိပ်ဂရုမစိုက်ပေ။
သူက "ကျန်ကျန်းဘုရင်" သို့မဟုတ် "တိုင်းတစ်ပါးသားများ၏ဘုရင်" ကဲ့သို့သော ဘွဲ့များကို ဂရုမစိုက်။ ၎င်းတို့သည် ဗလာဖြစ်နေသောနာမည်များ သက်သက်သာ ဖြစ်သည်။
ဧကရာဇ်အမိန့်တော်တွင် သတင်းအချက်အလက် အများအပြား ပါဝင်လေသည်။
ဘွဲ့များချီးမြှင့်ခြင်းတွင် ပါဝင်သူအရေအတွက်မှာ အတော်လေး များပြားပြီး အတောင်ပံ(၆)ခုပါ တမန်တော်ကောင်မလေး လျန်ယွဲ့ကိုပင် လန်ယခရိုင်၏ မင်းသမီးအဖြစ် ဘွဲ့ချီးမြှင့်ခဲ့သည်။
နေမင်းအရှင်သခင်သည် တိုင်းပြည်အစောင့်အရှောက်သားရဲအဖြစ် ဆက်လက်၍ အမှုထမ်းနေပြီး ၎င်းအတွက် အထူးကောင်းကင်အစာသိုလှောင်ရုံတစ်ခုကိုပင် တည်ဆောက်ပေးကာ ကောင်းကင်အဆင့် သို့မဟုတ် ထိုထက်မြင့်သော ခွေးစာများကို အကန့်အသတ်မရှိ ထုတ်လုပ်ပေးခဲ့သည်။
ဝူတျဲနှင့် စုချင်ချိုးတို့သည် မည်သည့်ဆုလာဘ်မျှ မရရှိခဲ့ပေ။
အကြောင်းမှာ သူတို့ လုံးဝ မလိုအပ်၍ပင်။
သူတို့နှစ်ဦးက ဧကရာဇ်နဲ့ ဧကရီရဲ့ မိသားစုတွေလေ။ ဘာကို မလိုချင်တာများ ရှိလို့လဲ။
တခြားအရာတွေကို ဘေးဖယ်ထားလိုက်ဦး။
စုရုံးနေသောအရာရှိများသည် စုချင်ချိုး၏ခါးတွင် တွဲလွဲခိုနေသောဓားရှည်ကို စူးစိုက်ကြည့်နေကြပြီး ၎င်းမှာ သိသိသာသာပင် [ဧကရာဇ်အဆင့်] ဖြစ်နေသည်။ ဧကရာဇ်ကိုယ်တိုင်တောင်မှ ဧကရာဇ်အဆင့် ပုစဉ်းရင်ကွဲတေးသံဓား တစ်လက်သာ ပိုင်ဆိုင်ထားကြောင်း သတိပြုသင့်ပေသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနား ပြီးဆုံးသွားလေ၏။
စုချင်ချိုးက ရုတ်တရက် လေးနက်သွားပြီး အသက်ပြင်းပြင်းရှူကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"နောက်ဆုံးအနေနဲ့…"
"မဟာကျင်းတိုင်းပြည်ရဲ့ ဧကရာဇ် မုန့်ချင်ကျိုးဟာ တိုင်းပြည်ကို ဧကရီနဲ့ ပူးတွဲအုပ်ချုပ်ပါမယ်။ သူ့ရဲ့ အာဏာနဲ့အဆင့်အတန်းဟာ ဧကရီနဲ့တန်းတူ ဖြစ်ပါမယ်။"
"ဤအတိုင်း ဖြစ်စေ။"
ဝန်ကြီးများအားလုံး ပြုံးလိုက်ကြပြီး မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့ကြပေ။
အကယ်၍ ယနေ့ နန်းတွင်းတွင် ဧကရာဇ်အကြောင်းကို မဖော်ပြပါက အရာရှိများက ကန့်ကွက်မှုများ၊ သို့မဟုတ် ပုန်ကန်မှုတစ်ခုပင် ဖြစ်လာနိုင်သည်။
ဧကရာဇ်၏ဂုဏ်သတင်းသည် ဧကရီမထက် သာလွန်နေပြီး သူ့ကို ပြည်သူလူထုအတွက် အားထားစရာ မဏ္ဍိုင်တစ်ခု ဖြစ်လာစေခဲ့သည်။
ကောင်းကင်ယံကို လင်းလက်သွားစေပြီး နတ်ဘုရားများကို သတ်ဖြတ်သည့် မြင်ကွင်းသည် အလွန် မျက်စိကျိန်းမတတ် တောက်ပပြီး ဘုန်းကျက်သရေရှိလှကာ ရန်သူများအားလုံးကို သတ်ဖြတ်ပြီး တောရိုင်းမြေသို့ ပြန်လာသော ကယ်တင်ရှင်တစ်ဦးကဲ့သို့ ဖြစ်နေပြီး ထို့ကြောင့်ပင် လောကကြီးအပေါ် သူ၏အုပ်ချုပ်မှုကို တည်ထောင်နိုင်ခဲ့သည်။
တောရိုင်းမြေတစ်ခုလုံး တစ်လျှောက်တွင် မရေမတွက်နိုင်သော ဧကရာဇ်ရုပ်တုများကို စိုက်ထူထားပြီး ၎င်းတို့ထဲမှ အများစုမှာ ဧကရာဇ်နှင့် ဧကရီတို့ အတူတကွရှိနေပုံကို ပုံဖော်ထားခြင်း ဖြစ်သည်။
နတ်ဘုရားများကို သတ်ဖြတ်နိုင်စွမ်းရှိသော ဧကရာဇ်တစ်ပါးသည် မည်သည့်မသေမျိုး၊ နတ်ဘုရား၊ ဗုဒ္ဓ၊ သို့မဟုတ် နတ်ဆိုးထက်မဆို ပို၍ခမ်းနားကြီးကျယ်လေသည်။
"ဒါနဲ့ ဧကရာဇ်က ဘယ်မှာလဲ။ သူ နန်းတွင်းကို တရားဝင် မလာဘူးလား။" လက်အောက်ခံတိုင်းပြည်မှ အညံ့ခံခဲ့သော အရာရှိငယ်တစ်ဦးက သူ၏လုပ်ဖော်ကိုင်ဖက်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးက တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ဧကရာဇ်က တိုင်းပြည်ရေးကို မနှစ်သက်ဘူး၊။ ပြီးတော့ အခုချိန် သူက ပစ္စုပ္ပန်ရွာ ဒါမှမဟုတ် ထိုက်ကျိခန်းမမှာ နေပူဆာလှုံရင်း သူ့ခွေးလေးနဲ့ လမ်းလျှောက်နေလောက်တယ်။"
"ပစ္စုပ္ပန်ရွာ ဟုတ်လား။ အဲဒါ ဘယ်လိုနေရာမျိုးလဲ။" လူငယ်လေးက ပိုပိုပြီး နားမလည်နိုင် ဖြစ်လာသည်။
သူ၏လုပ်ဖော်ကိုင်ဖက်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး ပြောလိုက်သည်။ "မဟာကျင်းတိုင်းပြည်ရဲ့ စစ်မှန်တဲ့အာဏာ ဟိုချက်က တကယ်တော့ နန်းတွင်းမှာမဟုတ်ဘဲ ပစ္စုပ္ပန်ရွာမှာ ရှိတယ်ဆိုတာကို နောက်မှ မင်းသိလာလိမ့်မယ်။ အဲဒီနေရာကို ဝင်ခွင့်ရတဲ့သူတွေပဲ အာဏာဗဟိုချက်ကို တကယ် ရောက်သွားတယ်လို့ သတ်မှတ်လို့ရတယ်။"
"အဲဒီလိုမှမဟုတ်ရင် နန်းတွင်းမှာ မင်း ဘယ်လောက်ပဲ အောင်မြင်နေပါစေ ပစ္စုပ္ပန်ရွာမှာ အိမ်ထောင်စု စာရင်း မရှိသရွေ့တော မင်းကို တကယ်လေးစားမှာ မဟုတ်ဘူး။"
လူငယ်လေး၏မျက်လုံးက မျှော်လင့်ချက်များနှင့် တောင့်တမှုများဖြင့် ချက်ချင်း တောက်ပသွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ အမြင့်ဆုံးရည်မှန်းချက်က ပစ္စုပ္ပန်ရွာတွင် အိမ်ထောင်စုစာရင်းကို ချန်ခဲ့ပြီး ပစ္စုပ္ပန်ရွာသားတစ်ယောက် ဖြစ်လာရန်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်တော့သည်။
"ညီလာခံ သိမ်းတယ်။"
"မနက်ဖြန် စနစ်ပြုပြင်ပြောင်းလဲရေးတွေကို ဆွေးနွေးဖို့အတွက် အချိန်မှန်ညီလာခံ ကျင်းပမယ်။ အဲဒီမှာ ငွေကြေး၊ အရေးအသား၊ အတိုင်းအတာနဲ့ တွက်ချက်မှု၊ ပြီးတော့ သမိုင်းယဉ်ကျေးမှုတွေကို ပေါင်းစည်းမယ့် အစီအစဉ်တွေ ပါဝင်တယ်။ မင်းတို့ကို ကြိုတင်သတိပေးရရင် ဒါတွေကို ငါတို့ ပြင်ဆင်ဖို့ လိုတယ်။ မဟာကျင်း တရားစီရင်ရေးစနစ်အတွက် အစီအစဉ် တစ်ခု၊ စနစ်ကိုပေါင်းစည်းမယ့် အစီအစဉ်တစ်ခု၊ ဒေသအသီးသီးရဲ့ အပြင်အဆင်ကို ပြန်လည်ဖွဲ့စည်းပြီး ပြန်လည်စီစဉ်မယ့် အစီအစဉ် တစ်ခု၊ ပြီးတော့ အရာရှိတွေကို ရွေးချယ်မယ့် စနစ်ကို ပြန်လည်တည်ဆောက်မယ့် အစီအစဉ်တစ်ခု စသဖြင့်ပေါ့။"
"နန်းတော်ထဲကို လက်ဗလာနဲ့ မဝင်လာကြနဲ့။ လူတိုင်း စာရွက်စာတမ်းတစ်ခုကို တင်ပြရမယ်။ အဲဒါကို နန်းရင်းဝန်က ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပြီး အတည်ပြုပေးလိမ့်မယ်။"
...
"အမိန့်အတိုင်းပါ။"
...