← Chapters

အခန်း ၃၁၇

Vol. 22 Ch. 317

အခန်း ၃၁၇

Vol. 22 Ch. 317

အပိုင်း(၃၁၇) အန္တိမတာအို၊ ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းအဆင့်

အချိန်ကုန်လွန်သွားသည်နှင့်အမျှ မဟာကျင်းတိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုများသည် စနစ်တကျ ရှေ့ဆက်သွားခဲ့သည်။

ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ မိတ်ဆက်ခဲ့သည်။ အရာရှိများကို နေရာပြောင်းရွှေ့ ခန့်ထားခဲ့သည်။ ပေါင်းစည်းရေးစစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို ဖယ်ရှားရန် ပြည်သူများ အကျိုးခံစားခွင့်ရရှိစေမည့် မူဝါဒများစွာကို အကောင်အထည် ဖော်ဆောင်ခဲ့သည်။ နန်းတွင်းသည် တစ်နှစ်တာ အခွန်ကင်းလွတ်ခွင့်ကိုလည်း ကြေညာခဲ့သည်။

ရလဒ်အနေဖြင့် မဟာကျင်းတိုင်းပြည်သည် အလွန် တိုးတက်စည်ပင်လာပြီး ၎င်း၏ တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်နေကာ တိုင်းပြည်အင်အားသည် ကြောက်မက်ဖွယ်နှုန်းဖြင့် ကြီးထွားလာခဲ့သည်။

၎င်းတင် မကသေးပေ။

ကျင့်ကြံသူများစွာသည် နံနက်ခင်းအလင်းနယ်ပယ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ခဲ့ကြသည်။ လွန်ခဲ့သော (၇)ရက်က ဝူတျဲသည် တိုင်းပြည်တွင် (၄၉)ယောက်မြောက် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် စုချင်ချိုးသည် ထိုသတင်းဆိုးကို ရုတ်တရက် ကြားလိုက်ရပြီး တံခါးပိတ် ကျင့်ကြံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆဋ္ဌမမြောက်နေ့တွင် သူက လန်းဆန်းပြီး ခွန်အားများ ပြည့်ဝစွာဖြင့် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။ သူက ဓားတစ်လက်ကို ဆွဲထုတ်လိုက်ရာ ၎င်းသည် တောင်တန်းများနှင့် မြစ်များကို ဖြတ်သန်းကာ ဟိန်းသွားလေသည်။ သူသည်လည်း နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများ၏ အတန်းအစားသို့ဝင်သွားပြီး အယောက်(၅၀)မြောက် နံနက်ခင်းအလင်းနယ်ပယ်ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

သတ္တမမြောက်နေ့တွင် နေမင်းအရှင်သခင်က မြို့တော်မှ ပျောက်သွားခဲ့သည်။ ကောလာဟလများအရ တိုင်းပြည်အစောင့်အေရှာက်သားရဲသည် အဆင့်တက်ရန် အခွင့်အရေးကို အာရုံခံမိပြီး ကောင်းကင်ထောက်တိုင် နယ်ပယ်သို့ ရောက်ရှိရန် ရှေးဟောင်းနတ်ဘုရားသားရဲ၏သင်္ချိုင်းသို့ သွားရောက်ခဲ့သည်ဟု ဆိုကြသည်။

အဋ္ဌမမြောက်နေ့။

ဧကရီက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအခါ၊ ခွန်အားများပြည့်ဝနေပြီး ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းကာ သူရဲကောင်းဆန်ပြီး စိတ်အားထက်သန်သော အမူအရာကို ပြသနေပြီး ပိုမိုလှပကာ ဆွဲဆောင်မှု ရှိလာလေသည်။

နဝမမြောက်နေ့။

ထို့နောက် ဧကရာဇ်ပေါ်ထွက်လာသော်လည်း အစိမ်းရောင်အုတ်ကြွပ်များ မိုးထားသော အိမ်ငယ်လေး အထဲတွင် ပုန်းအောင်းနေပြီး လာသမျှ လူအားလုံးကို တွေ့ရန်ငြင်းဆန်ခဲ့သဖြင့် ရွာသားများ၏ သံသယကို ဖြစ်ပေါ်စေခဲ့သည်။

အစိမ်းရောင်အုတ်ကြွပ်များမိုးထားသော အိမ်ငယ်လေး၌။

မုန့်ချင်ကျိုးသည် ကျောက်ကပ်ကို အားဖြည့်ပေးပြီး စိတ်ကိုတည်ငြိမ်စေသော အံ့ဖွယ်ဆေးဖက်ဝင် အပင်များဖြင့် ပြည့်နှက်နေသည့် လက်ဖက်ရည်အိုး တစ်လုံးကို ကိုင်ထားလေသည်။

"ဘုန်းကြီးအို မထွက်သွားခင် သူက ငါတို့အတွက် ကောင်းတဲ့အရာအများကြီးကို ထားခဲ့တယ်။ ဗုဒ္ဓတိုင်းပြည်ရဲ့ အရင်းအမြစ်တွေဟာ မိသားစု(၅)ခုထဲက ဘယ်မိသားစုနဲ့မဆို ယှဉ်နိုင်တယ်။ ဒါမှမဟုတ် ပိုတောင် ကောင်းသေးတယ်။ အဲဒါတွေကို အရဟတ္တ(၁၈)ပါးနဲ့ ဗောဓိသတ္တ(၄)ပါးတို့က ထောင်ပေါင်းများစွာသော နှစ်တွေတစ်လျှောက် ခြိမ်းခြောက်ငွေညှစ်ပြီး ရှာဖွေထားတာ ဖြစ်လိမ့်မယ်။"

"လက်ဖက်ရည်ကို ကောင်းကင်အဆင့် ဆေးဖက်ဝင်အပင်တွေနဲ့ ဖျော်သောက်ရတာက တကယ့်ကို ဇိမ်ခံတာပဲ။"

ဇနီးဖြစ်သူက ညီလာခံတစ်ခုကျင်းပရန်သွားစဉ် မုန့်ချင်ကျိုးက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ပေါင်းစည်းရေးအစပိုင်းတွင် တောရိုင်းမြေတစ်ခုလုံးသည် ပြန်လည်တည်ဆောက်ရေးအတွက် အလွန်ပင် လိုအပ်နေခဲ့သည်။ အကယ်၍ ငါးပိကောင်၏ ကြိုးစားအားထုတ်မှုကို ဆုချီးမြှင့်ရန် မဟုတ်ပါက လျူလီသည် အိမ်တွင် တစ်ပတ်လုံးလုံး နေခဲ့မည် မဟုတ်ပေ။

ငြိမ်းချမ်းသော အချိန်ကာလများတွင် မဟာကျင်းတိုင်းပြည်က ဧကရီတစ်ပါးကို လိုအပ်ပြီး ဧကရာဇ်က အရေးမပါသကဲ့သို့ ဖြစ်လာကာ အများဆုံး အားထားစရာ မဏ္ဍိုင်တစ်ခုအနေဖြင့်သာ အမှုထမ်းလေသည်။ မဟာကျင်းတိုင်းပြည်တွင် ဤကဲ့သို့ မဏ္ဍိုင်တစ်ခု ရှိနေကြောင်းကို သိရခြင်းက စိတ်အေးချမ်းမှုများစွာကို ဖြစ်စေသည်။

သဘာဝကျကျပင်။ သူ့တွင် အားလပ်ချိန်နည်းနည်း ရှိခဲ့သည်။

ဤကာလအတွင်း စနစ်သတိပေးချက် အသံများသည် အဆက်မပြတ် ဝင်လာသော အလိမ်အညာ ဖုန်းခေါ်ဆိုမှုများနှင့် တူနေသော်လည်း ဇနီးဖြစ်သူနှင့် အလုပ်များနေသဖြင့် ၎င်းတို့ကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။

ယခုတွင် အားလပ်ချိန်နည်းနည်း ရပြီဖြစ်ရာ ၎င်းတို့ကို စစ်ဆေးရပေမည်။

[တွီ]

[မဟာကျင်းတိုင်းပြည်၏အင်အား မြင့်တက်လာပြီး ကောင်းကင်ဘုံသို့သွားရာလမ်း၏ တိုးတက်မှု အပိုဆုကြေး ၁၀%ကို ချီးမြှင့်လိုက်သည်]

[တွီ]

[မဟာကျင်းတိုင်းပြည်၏အင်အား မြင့်တက်လာပြီး ကောင်းကင်ဘုံသို့သွားရာလမ်း၏ တိုးတက်မှု အပိုဆုကြေး ၁၀%ကို ချီးမြှင့်လိုက်သည်]

[တွီ]

...

စာတို အများအပြား ဝင်လာပြီးနောက် စုစုပေါင်း ကောင်းကင်ဘုံသို့သွားရာလမ်း၏ တိုးတက်မှုက ၉၀%အထိရှိကာ ၎င်းမှာ အားလုံး မဟုတ်သေးပေ။

[တွီ]

[မဟာကျင်းတိုင်းပြည်သည် တောရိုင်းမြေကို ပေါင်းစည်းနိုင်ခဲ့ပြီးနောက် အမြင့်ဆုံးသောအောင်မြင်မှုကို ရရှိခဲ့ကာ အထူးအပိုဆုကြေး တစ်ခုကို အသက်သွင်းလိုက်သည်]

[ဆုကြေး(၁ ) - ကောင်းကင်ဘုံသို့သွားရာလမ်း၏ တိုးတက်မှု ၆၀%]

[ဆုကြေး(၂) - အချိန်-နေရာလွတ် ဓားအသိအရည်အသွေးကို [အန္တိမ]အဆင့်သို့ မြှင့်တင်လိုက်သည်]

"ဒီတစ်ကြိမ်မှာ ငါ့မိန်းမနဲ့ အချိန်တူတူ ကုန်ဆုံးနိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။"

"ကောင်းကင်ဘုံသို့သွားရာလမ်းရဲ့ စုစုပေါင်းတိုးတက်မှုက အခုဆို ၁၅၀% ဖြစ်နေပြီ၊ ပြီးတော့ နဂိုက တိုးတက်မှု ၂၀၀%နဲ့ ပေါင်းလိုက်ရင် လက်ရှိတိုးတက်မှုက အံ့သြဖွယ်ကောင်းတဲ့ ၃၅၀ ကို ရောက်နေပြီ။"

"တကယ်လို့ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းမယ်ဆိုရင် အခုချက်ချင်းပဲ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ။ အထွတ်အထိပ်ကို ရောက်ဖို့ ၅၀%ပဲ လိုတော့တယ်။"

မုန့်ချင်ကျိုး မေးစေ့ကိုပွတ်သပ်ကာ စိတ်ထဲတွင် တွေးလိုက်ပြီး စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်ကို မထိန်းနိုင်ခဲ့ပေ။

မဟာကျင်းတိုင်းပြည်က ၎င်း၏အကျိုးအမြတ်များကို ချေဖျက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းသည် တိုးတက်မှုကို ပိုမိုမြှင့်တင်နိုင်မည်ဟု ခန့်မှန်းရပြီး ထိုအချိန်တွင် နောက်ထပ်တိုးတက်မှု ၅၀%ကိုပင် ရရှိနိုင်သည်။

၎င်းမှာ ၄၀၀% ဖြစ်ပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်၏ အထွတ်အထိပ်ပင်။

"အချိန်-နေရာလွတ် ဓားအသိက [အန္တိမ]အဆင့်ကို ရောက်တဲ့အခါ ဒီကမ္ဘာရဲ့ အဆင့်သတ်မှတ်ချက် အရဆိုရင် [အန္တိမ] က အထွတ်အထိပ်ပဲ။"

"ဒါပေမဲ့ အဲဒီထက်ပိုတယ်လို့ ငါက ဘာလို့ ခံစားနေရတာလဲ။ အဲဒါ မျိုးဆက်ပြတ်တောက်သွားတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ငါက အဲဒီအဆင့်ကို မရောက်သေးလို့ သိခွင့်မရှိတာလည်း ဖြစ်နိုင်တယ်။"

တစ်ခဏမျှ ခန့်မှန်းပြီးနောက်တွင် မုန့်ချင်ကျိုးသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်မစဉ်းစားတော့ပေ။

ယခုတွင် အရေးအကြီးဆုံး အရာမှာ [အန္တိမ]နယ်ပယ်သို့ ဦးတည်စေသော အချိန်-နေရာလွတ် ဓားအသိကို နားလည်သဘောပေါက်ရန်နှင့် ၎င်းက မည်သည့် သဘာဝလွန်စွမ်းရည်များကို ပေးစွမ်းနိုင်သည်ကို ကြည့်ရှုရန် ဖြစ်သည်။

[နားလည်သဘောပေါက်ခြင်း ...]

[အန္တိမအဆင့် အချိန်-နေရာလွတ် ဓားတာအို]

[အချိန်ခရီးသွားခြင်း - လုံးဝထိန်းချုပ်မှုရှိပြီး အချိန်-နေရာလွတ် နိယာမများ၏ စစ်မှန်သောအရှင်သခင် ဖြစ်လာခြင်း။ (အသက်သွင်းရန်လိုအပ်ချက်များ - ကောင်းကင်နယ်ပယ် အထွတ်အထိပ်)]

[နောက်ဆုံးနာရီ - (၁၂)နာရီခွဲ ရှိပြီး တစ်ခုစီတိုင်းတွင် လက်ခံသူကိုယ်တိုင် တွေ့ကြုံခံစားရမည့် အမြင့်မြတ်ဆုံးတာအိုပညာရပ်များ ပါဝင်သည်။ (အသက်သွင်းရန် လိုအပ်ချက်များ- ကောင်းကင်ထောက်တိုင် နယ်ပယ်အထွတ်အထိပ်]

သဘောပေါက်သွားပြီ။

မုန့်ချင်ကျိုးက နက်ရှိုင်းသောတွေးတောမှုထဲ ကျရောက်သွားလေသည်။ သူ သတိပြန်ဝင်လာသောအခါ ပေါင်ကို ရိုက်လိုက်ပြီး ပက်လက်ကုလားထိုင်မှ ခုန်ထလုနီးပါး ဖြစ်သွားလေသည်။

ချီးပဲ။

လခွမ်းတဲ့မှ။ [အန္တိမ]အဆင့် အချိန်-နေရာလွတ် တာအိုနိယာမတစ်ခု ဆိုတဲ့အတိုင်းပဲ၊ ဒီသဘာဝလွန် စွမ်းအားနှစ်ခု... မဟုတ်ဘူး။ အဲဒါတွေကို သဘာဝလွန်စွမ်းအားတွေလို့ မခေါ်နိုင်တော့ဘူး။ အဲဒါတွေက နတ်ဘုရားတွေရဲ့စွမ်းအားထက် သာလွန်ပြီးတော့ အရာအားလုံးထက် သာလွန်တဲ့ အန္တိမစွမ်းအား တစ်ခုနဲ့ ပိုတူနေတယ်။

အချိန်-နေရာလွတ် တာအိုနိယာမတွေကို လုံးဝကျွမ်းကျင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

နှမြောစရာပဲ။

ဘယ်တစ်ခုကမှ အသက်သွင်းဖို့ အခြေအနေတွေနဲ့ မကိုက်ညီဘူး။ မျှော်လင့်ချက် နည်းနည်းပေးတဲ့ [နောက်ဆုံးနာရီ]ကလွဲရင်ပေါ့၊ ငါက ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ အထွတ်အထိပ်နဲ့ သိပ်မဝေးလို့ပဲလေ။

"ကျွတ်။"

"ဒါက လူတွေရဲ့စိတ်ဓာတ်ကို ကစားနေတာ မဟုတ်ဘူးလား။ ငါ့ကို ပြရုံပဲပြပြီးတော့ စားစရာ ဘာမှ မပေးဘူး။ ချီးပဲ။ အဲဒါက ငါ့ကို ရူးသွပ်အောင် လုပ်နေတာပဲ။"

မုန့်ချင်ကျိုးက ပူလောင်သောဒယ်အိုးပေါ်က ပုရွက်ဆိတ်တစ်ကောင်လို စိုးရိမ်ပူပန်နေပြီး နတ်ဘုရားများကို သွားရောက်နှိုးဆော်ကာ မဟာကျင်းတိုင်းပြည်၏စွမ်းအားကို မြှင့်တင်ရန်နှင့် ကောင်းကင်ထောက်တိုင်နယ်ပယ်၏ အထွတ်အထိပ်သို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိအောင် ကူညီပေးရန် အရန်များအဖြစ် လုပ်ဆောင်ပေးရန် တောင်းဆိုချင်နေလေသည်။

ဆူပွက်နေသောသွေးများက လျင်မြန်စွာ အေးစက်သွားလေသည်။

မုန့်ချင်ကျိုးသည် ရသေ့တစ်ပါးကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားပုံရပြီး တွန်းအား လုံးဝကင်းမဲ့နေကာ ကောယိုပုံစံ ပက်လက်လဲလျောင်းနေလေသည်။

ထားပါတော့။ အဲဒါကို ဖျက်ဆီးပစ်လိုက်တာပေါ့။

လက်ရှိတွင် မဟာကျင်းတိုင်းပြည်သည် အာဏာအထွတ်အထိပ်သို့ ရောက်ရှိနေပြီး တောရိုင်းမြေ တစ်ခုလုံးကို အုပ်ချုပ်နေလေသည်။ ကောင်းကင်ပြည်နယ်ကို ထပ်မံအောင်နိုင်ခြင်း၊ နတ်ဘုရားများကို ကျွန်ပြုခြင်း၊ သို့မဟုတ် ကောင်းကင်ကြည့်ဆောင်ကို ဖျက်ဆီးခြင်းများ မပြုလုပ်ပါက ခက်ခဲသောအခြေအနေ တစ်ခုတွင် ရှိနေလိမ့်မည်။

တစ်ခုစီတိုင်းက ငရဲတမျှ ခက်ခဲလှ၏။

သူတို့ထဲတွင် ကောင်းကင်ပြည်နယ် ဥပမာက အလွယ်ကူဆုံး ဖြစ်သင့်သော်လည်း ထိုသို့ဆိုသည့်တောင် ကောင်းကင်ပြည်နယ်ရှိ မျိုးနွယ်စု(၅)ခု၏ အခြေခံအုတ်မြစ်ကို လျှော့တွက်၍ မရပေ။

လီမိသားစုတစ်ခုတည်းကပင် လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားပြီး ကောင်းကင်နယ်ပယ်တွင် ရှိနေသည်ဟု သံသယရှိရသော အရေးမပါသည့်ပုဂ္ဂိုလ်လေး လီကျိရှန်းက တာဝန်ယူထားလေသည်။

အခြားမိသားစု(၄)ခုအကြောင်းကို ပြောရန်ပင် မလိုတော့ပေ။ သူတို့ကို တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း သူတို့၏အိမ်များထဲတွင် မည်သို့သောအရာများကို ဖုံးကွယ်ထားကြောင်း မည်သူမှ မသိနိုင်ပေ။

"ကျင့်ကြံတာကို စလုပ်တာပေါ့။၊ ငါ ဆက်ပြီးတော့ အပျင်းထူနေလို့ မရဘူး။"

"ငါ့ရဲ့ပါရမီကလည်း မဆိုးပါဘူး။ တိုးတက်မှုအမှတ်တွေ တိုးလာဖို့ မဟာကျင်းတိုင်းပြည်ရဲ့ခွန်အားကို အားကိုးနေဖို့ မလိုဘူး။ အတွင်းစကြဝဠာကမ္ဘာကို ပြီးပြည့်စုံအောင် လုပ်တာကနေ စလိုက်မ်။"

ဘဝတစ်သက်တာလုံး လူပျင်းတစ်ယောက် ဖြစ်ခဲ့သော မုန့်ချင်ကျိုးသည် နောက်ဆုံးတွင် ကိုယ်တိုင် ကျင့်ကြံခြင်း၏ ခက်ခဲသောအလုပ်ကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေသည်။

ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေသော်လည်း သူ၏ရှေ့တွင် တွဲလွဲခိုနေသော ဆီးသီးချဉ်ကို မြင်တွေ့ရခြင်းက သူ့ကို သဲကန္တာရထဲတွင် ရေငတ်သေလုဆဲဆဲ ခရီးသွားတစ်ယောက်ကဲ့သို့ ခံစားရစေပြီး ထိုအသီးကို ခူးဆွတ်ရန် စိတ်အားထက်သန်နေလေသည်။

...

...

ညနေခင်း။

တစ်နေ့တာ အလုပ်များကို ပြီးစီးပြီးနောက် တုန်းဖန်လျူလီသည် ရိုးရှင်းသော အဝတ်အစားများကို လဲဝတ်ကာ အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ အထဲသို့ ဝင်ရောက်သည်နှင့် ခြံထဲတွင် အနားယူသော ကုလားထိုင်ဆီသို့ တည့်တည့် ကြည့်လိုက်သော်လည်း... မည်သူမျှ မရှိပေ။

မဏ္ဍပ်ထဲ သို့မဟုတ် ရေကန်ဘေးတွင် မည်သူမှ မရှိပေ။

ထူးဆန်းတယ်။

ဒီငါးပိကောင်က အပျင်းပြေဖို့ အခု ငါးမမျှားနေဘူးလား။ ဒါမှမဟုတ် အိပ်ရေးဝအောင် အိပ်ဖို့အတွက် သူ့အခန်းထဲ ပြန်သွားတာလား။

တုန်းဖန်လျူလီက ငါးပိကောင် ပုံမှန်နေလေ့ရှိသော နေရာတိုင်းကို အလွယ်တကူ စစ်ဆေးကြည့် လိုက်သော်လည်း သေချာစွာ စစ်ဆေးပြီးနောက်တွင် မည်သူမျှ မရှိပေ။

နောက်ဆုံးတွင်။

မြေအောက်ခန်းရှိ သူ တူးဖော်ထားသော သီးသန့်ဂူလေးတစ်ခုထဲတွင် မုန့်ချင်ကျိုးသည် တင်ပလ္လင်ခွေ ထိုင်ကာ မျက်လုံးများကို မှိတ်ထားပြီး နက်နက်ရှိုင်းရှိုင်း တွေးတောနေသည်ကို တွေ့ရှိလိုက်ရသည်။

"ဟမ်။"

"နေက အနောက်ဘက်ကများ ထွက်လာတာများလား။"

"ဒီငါးပိကောင်က တကယ့်ကို ပထမဆုံးအကြိမ်အဖြစ် ကြိုးကြိုးစားစား စပြီးတော့ ကျင့်ကြံနေပါလား။" တုန်းဖန်လျူလီက အံ့သြစွာဖြင့် သူ့ကိုယ်သူ ပြောလိုက်သည်။

တင်ပလ္လင်ခွေထိုင်နေသော အနက်ရောင်ဝတ်လူငယ်က ဖြည်းဖြည်းချင်း သတိပြန်လည်လာပြီး ပြုံးလိုက်သည်။

"ကိုယ့်ကိုတွေ့ဖို့ ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ။ တစ်ခုခု ဖြစ်လို့လား။"

"အင်း။"

တုန်းဖန်လျူလီက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး တိုက်ရိုက် ပြောလိုက်သည်။

"ကျွန်မရဲ့ အတွင်းစကြဝဠာက ပြောင်းလဲသွားပြီ။ ပြီးတော့... တောရိုင်းမြေရဲ့ ကံကြမ္မာအရိပ်အယောင် တစ်ခုကို ထိန်းချုပ်ပြီးတော့ ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ပုံပဲ။”

…

All Chapters