အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း(၂၈၁)
ရိုက်ကူးရေးက မိနစ် ၂၀ လောက် နောက်ကျသွားတယ်။ ဒီလို နောက်ကျတာမျိုးက ခပ်ရိုးရိုးဖြစ်နေကျမို့ ဘယ်သူမှတော့ လန့်ပျာခတ်ပြီး ကသောင်းကနင်း ဖြစ်မနေကြပါဘူး။
“ဒီတစ်ခေါက်တော့ ဂဂျီဂဂျောင်လုပ်မယ့်သူ မပါလို့ တော်သေးတာပေါ့”
ဆူယောက ကော်ဖီလေး တစ်ငုံသောက်ရင်း စိတ်အေးလက်အေး မျက်နှာပေးနဲ့ ပြောလိုက်တယ်။ ဂျူဟယွန်းကလည်း ခေါင်းညိတ်ထောက်ခံတယ်။ ရိုက်ကွင်းတစ်ခုလုံးရဲ့ အရှိန်အဝါကို ထိန်းချုပ်မောင်းနှင်တာက လူအများစုဖြစ်တဲ့ ဝန်ထမ်းတွေ မဟုတ်ပါဘူး၊ လူနည်းစုဖြစ်တဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေသာ ဖြစ်တယ်။ အထူးသဖြင့် လူထုကြားထဲမှာ နာမည်ကြီးနေတဲ့ သရုပ်ဆောင်တစ်ယောက်ယောက်ကသာ စိတ်မရှည်ဘဲ မျက်နှာပျက်ပြလာပြီဆိုရင် ကွင်းထဲက လေထုက ချက်ချင်းဆိုသလို ပေါက်ကွဲလုမတတ် တင်းမာသွားတတ်တာမျိုးလေ။ တကယ်လို့ ဒါရိုက်တာကိုတောင် ဖိနှိပ်ထားနိုင်တဲ့ သရုပ်ဆောင်မျိုးသာ ပါလာရင်တော့ ရိုက်ကွင်းရဲ့ အခြေအနေက အဲဒီသရုပ်ဆောင်ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး အချိန်ပြည့် ပြောင်းလဲနေတော့တယ်။
“စီနီယာ ဂျူဂျင်း ရှိစဉ်တုန်းကဆို တော်တော်လေး ဆိုးတာဗျ။ ဒါရိုက်တာနဲ့ အမြဲတမ်း ရန်ဖြစ်ပြီး ရိုက်ကူးရေးကနေ ထွက်ပစ်လိုက်မယ် ဘာညာနဲ့ ဂျီကျတတ်တာ။ အဲဒီတုန်းက လက်ထောက်ဒါရိုက်တာဆိုရင် အသက်ရှင်တယ်ဆိုရုံတင် သီးခံပြီး မျိုသိပ်နေရတယ်လို့ ကျွန်တော့်ကို ပြောဖူးတယ်”
“အဲဒီကောလာဟလတွေကို ကျွန်မလည်း ကြားဖူးပါတယ်။ သူနဲ့ တစ်ခါမှ ဆုံပြီး အလုပ်မတွဲဖူးတော့ ကိုယ်တိုင်တော့ မမြင်ဖူးဘူးပေါ့”
ဇာတ်ညွှန်းစာအုပ်ကို ဂျူဟယွန်း ပိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ရိုက်ကူးရေးစင်မြင့်ဘက်ကနေ အိုကေဆိုတဲ့ အချက်ပြအမူအရာ လုပ်ပြလာပါတယ်။
“ဇာတ်တိုက်လေ့ကျင့်ဖို့ ပြင်ဆင်ထားပါလို့ ဒါရိုက်တာက ပြောခိုင်းလိုက်ပါတယ်” လို့ ထုတ်လုပ်ရေးအဖွဲ့က လူတစ်ယောက်က ပြေးလာပြီး ပြောတယ်။
သူမကလည်း အခြေအနေကို သိနေတာမို့ ခေါင်းညိတ်ပြပြီး ရိုက်ကွင်းထဲကို လျှောက်ဝင်သွားလိုက်တယ်။ ဧည့်ခန်းနဲ့ မီးဖိုချောင်အပြင်အဆင်ရဲ့ ဘေးဘက်မှာ သမီးနှစ်ယောက်အတွက် အခန်းနှစ်ခန်းကို ဖန်တီးထားတယ်။ ဆူယွန်းရဲ့ အခန်းကတော့ လှပတောက်ပြောင်နေပြီး ယိုဂျင်ရဲ့ အခန်းကတော့ သာမန်မိန်းကလေးတစ်ယောက်ရဲ့ အခန်းအတိုင်းပဲ ပြင်ဆင်ထားတယ်။
“ကဲ... ဒါဆို စလိုက်ကြရအောင်”
ဒါရိုက်တာ ဂျုန်ဂွန်က ဇာတ်ကွက်မှတ်တမ်းစာအုပ်ကို လက်ထဲကိုင်ပြီး အိမ်အပြင်အဆင်ရဲ့ အဝင်ဝမှာ ရပ်နေတယ်။ ဂျူဟယွန်းက သူမရဲ့ ပုခုံးပေါ်က စောင်ကို ဖယ်ပြီး ကုလားထိုင်ပေါ် တင်လိုက်ပြီးနောက် ဒါရိုက်တာရဲ့ ဘေးမှာ သွားရပ်လိုက်တယ်။
“အိုကေ... ဒါဆို ကင်မရာက ဟိုဘက်မှာ ရှိမယ်။ ဆူယော... မင်းရဲ့ လှုပ်ရှားမှုက ဒီလိုသွားမယ်။ အဝင်ဝကနေ စပြီး မီးဖိုချောင်မှာ ဆုံးမယ်၊ အဲဒါက တစ်ကတ်။ ပြီးရင် ကင်မရာကို ဒီဘက်ရွှေ့ပြီး မင်းတို့နှစ်ယောက်လုံး ပါတဲ့ တွဲဖက်ရိုက်ချက် သွားမယ်။ ပျော်ရွှင်စရာ မိသားစုပုံစံ ဖြစ်ရမှာပေမဲ့ ဇနီးသည်က အိမ်တွင်းအာဏာ စိုးမိုးထားတဲ့ ပုံစံမျိုး ပေါ်အောင် လုပ်ပေးပါ”
“ကျွန်မရဲ့ မိတ်ကပ်ကော ဘယ်လိုလဲဟင်” လို့ ဂျူဟယွန်းက သူမရဲ့ ခေါင်းကို ဘယ်ပြန်ညာပြန် လှည့်ရင်း မေးလိုက်တယ်။
“အလင်းပြန်ပြားရှေ့မှာ ခဏရပ်ကြည့်ပါဦး”
မီးပိုင်းဆိုင်ရာအဖွဲ့က ယူလာတဲ့ အလင်းပြန်ပြားရှေ့မှာ သူမ ရပ်လိုက်တယ်။ ဒါရိုက်တာက ခဏလောက် တွေးတောသလို အသံပြုပြီးမှ လက်နဲ့ အိုကေဆိုပြီး အချက်ပြလိုက်တယ်။
“ကောင်းပြီ။ ဒါက ဇာတ်ဝင်ခန်း အစောပိုင်းတွေထဲက တစ်ခုဆိုတော့ ဒီအတိုင်းပဲ ထားလိုက်ရအောင်။ နောက်ပိုင်း ရိုက်ချက်တွေကျမှ ပိုပြီး ရင့်မှောင်တဲ့ပုံစံ လုပ်မယ်။ အော်... ပြီးတော့... ဟေ့... လက်စွပ် ယူလာခဲ့ဦး”
ပစ္စည်းကိရိယာအဖွဲ့က လက်စွပ်တစ်ကွင်း ယူလာပေးတယ်။ အလယ်မှာ စိန်ပွင့်လေးတစ်ပွင့် ပါတဲ့ လက်စွပ်သေးသေးလေးပဲ။ သိပ်ပြီး ဟိတ်ဟန်ကြီးမနေပေမဲ့ တင့်တယ်ဆန်းပြားတဲ့ ခံစားမှုမျိုးတော့ ပေးတယ်။
“ဒီလက်စွပ်ကို ဝတ်ထားလိုက်ပါ”
“စပွန်ဆာပစ္စည်းလားဟင်”
“အေး ဟုတ်တယ်။ ဆူယွန်း... ယိုဂျင်... မင်းတို့လည်း ဒီဘက်လာခဲ့ဦး။ ဆူယွန်း... မင်းက ဒီနာရီကို ဝတ်ထား။ ယိုဂျင်... မင်းကတော့ ဒီခေါင်းစည်းကွင်းလေးနဲ့ ဆံပင်ကို စည်းထားလိုက်”
“ကျွန်တော့်အတွက်ကျ ဘာမှမရှိဘူးလား” လို့ ဆူယောက ပြုံးပြီး ပြောလိုက်တယ်။
ဒါရိုက်တာဆီကနေ “မင်းက ဝတ်စုံ ရထားပြီးပြီပဲ” ဆိုတဲ့ စကားတစ်ခွန်းပဲ ပြန်ရလိုက်တယ်။
စပွန်ဆာပစ္စည်းတွေရဲ့ အရေအတွက်က ဇာတ်ကားရဲ့ အနုပညာနောက်ခံ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲတတ်တယ်။ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ နာမည်ကြီး ဒါရိုက်တာတွေ ပါတဲ့ ဇာတ်ကားမျိုးဆိုရင်တော့ အကြီးအသေး စပွန်ဆာမျိုးစုံ ရတတ်တယ်။ ဘာပဲပြောပြော ဒါက စီးပွားရေးအလုပ် တစ်ခုပဲလေ။ ဂျူဟယွန်းက သူမရဲ့ လက်ချောင်းပေါ်က လက်စွပ်ကို ငုံ့ကြည့်လိုက်တယ်။
“ဒါက ကျောက်တုလားဟင်”
“မဟုတ်ဘူး... အစစ်ကြီးဗျ။ ဝမ် ရှစ်သန်းတန်တာမို့ သတိထားဦး။ ရိုက်ပြီးရင် ပြန်ပေးရမှာ”
“ဟူး”
ဂျူဟယွန်းက ပုခုံးလေး တွန့်ပြလိုက်တယ်။ အိမ်ထဲမှာ မုန့်တွေနဲ့ အဖျော်ယမကာတွေ ရှိနေတယ်။ အချို့က ဇာတ်လမ်းအရ တကယ်လိုအပ်လို့ ဆိုပေမဲ့ အများစုကတော့ စပွန်ဆာတွေကြောင့် ရှိနေတယ်။ အဲဒီမုန့်တွေရဲ့ တံဆိပ်တွေကို ဇာတ်ဝင်ခန်းကို အနှောင့်အယှက်မဖြစ်စေမယ့် နည်းလမ်းမျိုးနဲ့ ကင်မရာထဲမှာ ထင်ထင်းရှားရှား ပေါ်အောင် ပြသထားရတယ်။ တကယ်လို့ သိပ်ပြီး အကွက်ပေါ်လွန်းရင် ပရိသတ်တွေက အဲဒီပစ္စည်းအပေါ် မနှစ်မြို့စရာ စိတ်ကူးသွားတတ်တာမို့ အတတ်နိုင်ဆုံး သဘာဝကျကျ အလင်းအမှောင်အောက်မှာပဲ ပေါ်အောင် ရိုက်ကူးရတယ်။ သရုပ်ဆောင်သစ်တွေကတော့ ပစ္စည်းတွေကို ဘယ်လိုနေရာချထားရမလဲဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်ကြသေးပေမဲ့ ဂျူဟယွန်းလို လူမျိုးကတော့ အဲဒါတွေကို အရင်ဆုံး သတိပြုမိတတ်တယ်။
“ဆူယွန်းကတော့ ပြဿနာမရှိနိုင်ပါဘူး။ ယိုဂျင်”
“ဟုတ်ကဲ့”
“အခြေခံအတိုင်းပဲ လုပ်ပါ။ မင်းဆီကနေ လတ်ဆတ်တဲ့ အထက်တန်းကျောင်းသူတစ်ယောက်ရဲ့ ပုံစံမျိုးကို ငါ မျှော်လင့်ထားတာမို့ သိပ်ပြီးတော့လည်း စိတ်မလှုပ်ရှားပါနဲ့။ ဂျူဟယွန်းကို ‘အမေ’ လို့ ရံဖန်ရံခါ ခေါ်ကြည့်စမ်းပါဦး။ နှုတ်ကျိုးသွားအောင်လို့လေ”
“စိတ်ထဲ မှတ်ထားပါ့မယ်”
“ကောင်းပြီ။ ဇာတ်ကွက်ကို နောက်တစ်ခေါက်လောက် ပြန်ကြည့်ပြီးရင် ချက်ချင်းပဲ ဇာတ်တိုက်တာ စကြရအောင်”
နေ့ခင်းဘက် အလင်းရောင်ပုံစံမျိုး ရအောင် မီးအလင်းအမှောင်ကို ချိန်ညှိလိုက်ပြီး ကင်မရာကိုလည်း ရိုက်ကွင်းလမ်းကြောင်းပေါ် တင်လိုက်တယ်။ ကင်မရာဒါရိုက်တာက ထောင့်အမျိုးမျိုးကို အကြိမ်ကြိမ် စစ်ဆေးပြီးတဲ့နောက် အဆင်သင့်ဖြစ်ပြီဆိုတဲ့ အချက်ပြမှုကို လုပ်လိုက်တယ်။
ဆူယောက အရင်ဆုံး တံခါးကနေ ဝင်လာပြီး သူ့ရဲ့ စကားပြောတွေကို ပြောတယ်။ မီးဖိုချောင်ထဲမှာ ရှိနေတဲ့ ဂျူဟယွန်းကတော့ မုန်လာဥနီတွေကို လှီးဖြတ်နေတယ်။ ဇာတ်တိုက်လေ့ကျင့်တယ်ဆိုတာကလည်း အစစ်အမှန် ရိုက်ကူးရေးနဲ့ ဘာမှမခြားပါဘူး။ ဇာတ်တိုက်နေတုန်းမှာ အမှားအယွင်းတစ်ခုခု ဖြစ်သွားရင် အစစ်အမှန် ရိုက်ကူးရေးအထိ ပါသွားတတ်တာမျိုးမို့ပဲလေ။ သူမရဲ့ စိတ်ခံစားမှုကို သူမ ထိန်းချုပ်လိုက်တယ်။ ဒီနေရာမှာ ဖြစ်နေတဲ့ အခြေအနေကတော့ အလုပ်ကပြန်လာတဲ့ ခင်ပွန်းသည်အတွက် ညစာ ပြင်ဆင်ပေးနေတာ ဖြစ်ပေမဲ့ စိတ်ထဲမှာတော့ ယောက္ခမကြီးကြောင့် သိပ်ကို စိတ်တိုဒေါသထွက်နေရတဲ့ ပုံစံမျိုးပေါ့။ ဂျူဟယွန်းက သူမကိုယ်သူမ ပြန်သတိပေးနေမိတယ်။ ငါက ဘာလို့ ယောက္ခမကြီးကို ပြုစုစောင့်ရှောက်နေရမှာလဲ။ ငါ့လင်ယောက်ျားကကော ဘာတွေ တွေးနေတာလဲ။ လူကြီးတွေကို ပြုစုရတာ လွယ်ကူတယ်လို့ သူ ထင်နေတာလား။ မဟုတ်သေးပါဘူး... ပထမဆုံးအနေနဲ့ အဲဒီအဖိုးကြီးက အခုထိ မသေသေးဘူးလား။
သူမက ဇာတ်ကောင်ထဲကို စိတ်နှစ်လိုက်တာနဲ့အမျှ သူမရဲ့ လက်တွေကလည်း စိတ်ပျက်ဒေါသထွက်မှုတွေနဲ့ ပြည့်နှက်လာတယ်။ သူမ လှီးဖြတ်လိုက်တဲ့ မုန်လာဥနီတွေက ပုံသဏ္ဌာန်မမှန်တော့ဘူး။ အဲဒီအချိန်မှာပဲ သူမက ဇာတ်ကောင်ထဲကို ပိုပြီး စိတ်နှစ်ဝင်စားသွားပြီး စိတ်ခံစားမှုတွေ ပိုပြင်းထန်လာတယ်။
နောက်ဆုံးတော့ လည်စည်းကို ဖြည်ရင်း သူမဆီ လျှောက်လာတဲ့ ခင်ပွန်းသည်ကို သူမ မြင်လိုက်ရတယ်။ ဂျူဟယွန်းက စိတ်ထဲမှာ ဒေါသထွက်နေပေမဲ့ သူ့အပေါ် ချက်ချင်း စိတ်မဆိုးပြဘဲ လှိုက်လှိုက်လှဲလှဲပဲ ကြိုဆိုလိုက်တယ်။
“ပြန်လာပြီလား”
ဒီမှာတင်…
“ကောင်းတယ်။ ဒီအတိုင်းပဲ ဆက်သွားကြစို့။ စဉ်းတီတုံးပေါ် လှီးတဲ့အသံကို နောက်မှ သီးသန့် အသံသွင်းလို့ရတာမို့ အသံထွက်အောင် အတင်းလုပ်စရာမလိုဘူးနော်”
ဒါရိုက်တာဆီကနေ ပြန်လည်သုံးသပ်ချက်ကို ကြားလိုက်ရတဲ့အခါကျမှ ဂျူဟယွန်းက သက်ပြင်းအရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်တယ်။ သူမ ဓားကို ချလိုက်ပြီး သမီးနှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။ သူတို့က ဆိုဖာပေါ်မှာ တခိခိနဲ့ ရယ်မောနေကြတယ်။ ဆူယွန်းကတော့ သဘာဝကျကျ ရှိနေတယ်။ နုပျိုတဲ့ မျက်နှာလေး ရှိတာကြောင့် ကျောင်းဝတ်စုံ ဝတ်ထားတာတောင် ဘာမှ အမြင်မစိမ်းနေပါဘူး။ ယိုဂျင်လည်း ကောင်းကောင်း လုပ်နိုင်ရှာပါတယ်။ သူမရဲ့ လက်မောင်းက နည်းနည်း တောင့်တင်းနေသလို ထင်ရပေမဲ့ သိပ်ပြီးတော့ သိသာမနေပါဘူး။
သရုပ်ဆောင်မှု အတွေ့အကြုံရှိတဲ့ လူတွေနဲ့ အလုပ်လုပ်ရတာက စိတ်အေးရတယ်လို့ သူမ ခံစားလိုက်ရတယ်။ ပြဇာတ်တွေနဲ့ ရုပ်ရှင်တွေဆီ တန်းရောက်လာတဲ့ သရုပ်ဆောင်သစ်တွေ အများကြီး ရှိပေမဲ့ သူတို့ကို ကြည့်ရတာက သူမကို စိတ်ပျက်လက်ပျက် ဖြစ်စေတာမျိုးလေ။ သူတို့ရဲ့ အသံထွက်တွေက အဆင်မပြေလှသလို အများစုကလည်း ကင်မရာကို ဘယ်နေရာ ကြည့်ရမလဲဆိုတာကိုတောင် သေချာမသိကြပါဘူး။ သူတို့က ဘယ်လို နောက်ခံအင်အားတွေ ရှိလို့ ဇာတ်လမ်းတွဲတွေဆီ တန်းရောက်လာကြလဲဆိုတာ မသိပေမဲ့ သူတို့နဲ့ အလုပ်လုပ်ရတာက သူမကို အဆုံးမရှိ ပင်ပန်းစေတယ်။
တစ်ဖက်မှာလည်း ပြဇာတ်အတွေ့အကြုံ ရှိခဲ့တဲ့သူတွေကတော့ အခြေခံကို ပိုင်ပိုင်နိုင်နိုင် ရှိကြတယ်။ ပြဇာတ်တွေက မိုက်ခရိုဖုန်း သုံးခွင့်မရှိဘဲ မူရင်းအသံအစစ်နဲ့ပဲ လုပ်ဆောင်ရတာမို့ အသံထွက်ပိုင်းက အဲဒီလူတွေအတွက် ပြဿနာမရှိတာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ သူတို့က ခန္ဓာကိုယ်ကို ဘယ်လိုအသုံးချရမလဲဆိုတာကို ယေဘုယျအားဖြင့် သိကြတာမို့ ကင်မရာရှေ့မှာ တောင့်တောင့်ကြီး ဖြစ်မနေကြတာ အများစုပဲလေ။
ဒါရိုက်တာ ဂျုန်ဂွန်ရဲ့ ကတ်ဆိုတဲ့ အချက်ပြမှုအပြီးမှာတော့ ဂျူဟယွန်းက ယိုဂျင်ရဲ့ နောက်ကျောဘက်ကို သွားပြီး သူမရဲ့ ပုခုံးတွေကို သာသာလေး နှိပ်ပေးလိုက်တယ်။ ယိုဂျင်က လန့်ဖျပ်သွားပြီး လှည့်ကြည့်လာတယ်။
“မင်းက နည်းနည်း သိပ်တောင့်တင်းနေတယ်။ ခန္ဓာကိုယ်ကို နည်းနည်းလောက် လျှော့ချလိုက်ရင် ပိုကောင်းလိမ့်မယ်”
“အော်... ဟုတ်ကဲ့ပါ”
ယိုဂျင်က အသက်ကို ပြင်းပြင်းရှူသွင်းပြီးမှ ပြန်ထုတ်လိုက်တယ်။ သူမရဲ့ တောင့်တင်းနေတဲ့ ဘယ်ဘက်ပုခုံးက နည်းနည်းလေး လျော့ကျသွားတယ်။ ဂျူဟယွန်းက ခေါင်းညိတ်ပြပြီး ကောင်းကောင်း လုပ်နိုင်တယ်လို့ ပြောလိုက်တယ်။
“ကဲ ကဲ... ဖလင် စလှည့်ကြစို့။ အသံနဲ့ မီးအလင်းအမှောင်တွေ အဆင်ပြေတယ်။ ဒါကို တစ်ချက်တည်းနဲ့ အပြီးသတ်လိုက်ကြရအောင်”
ဒါရိုက်တာ ဂျုန်ဂွန်က စကားပြောရင်း လက်ခုပ်တီးလိုက်တယ်။
အစစ်အမှန် ရိုက်ကူးရမယ့် အချိန် ရောက်လာခဲ့ပါပြီ။
* * * * * * * * *
“ပင်ပန်းသွားပါပြီရှင်”
ယိုဂျင်က အရိုအသေပေးပြီး ဦးညွှတ်လိုက်တယ်။ သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ လူတိုင်းကို နှုတ်ဆက်တာက အဓိက သော့ချက်ပဲလေ။ ဘယ်လို လုပ်ငန်းခွင်မျိုးမှာမဆို ဒါက အတူတူပါပဲ။ နှုတ်ဆက်တတ်တဲ့လူကို ဘယ်သူမှ မမုန်းကြပေမဲ့ ဆန့်ကျင်ဘက်ကတော့ အမှန်ပဲပေါ့။ ရံဖန်ရံခါမှာ လူတွေကို နှုတ်မဆက်မိတာကြောင့် ပြဿနာတွေ ဖြစ်လာတတ်တာမျိုးလေ။
“ဒီနေ့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”
ဂျူဟယွန်းက သူမကို ချီးကျူးစကား ပြောတာကို ကြားလိုက်ရတဲ့အခါ ယိုဂျင်က သူမရဲ့ အပြုံးကို ဖုံးကွယ်မထားနိုင်တော့ပါဘူး။ သူမ လေးစားရတဲ့ မင်းသမီးတစ်ယောက်နဲ့အတူ ရိုက်ကူးခွင့်ရလို့ ပျော်နေရတဲ့အပြင် အခုလို ချီးကျူးခံရတာမို့ ပိုလို့တောင် ဝမ်းသာသွားတယ်။
“မင်းရဲ့ အသံထွက်က ကောင်းတယ်။ ငါ တောင် အံ့ဩသွားရတယ်”
“အဲဒါကတော့ ကျွန်မ ယုံကြည်မှုအရှိဆုံး အချက်တစ်ခုပါပဲ”
“ဒါက မင်းအတွက် ကောင်းတဲ့ လက်နက်တစ်ခုပဲ။ တကယ်တော့ ငါက အသံထွက်ကြောင့် တော်တော်လေး ဒုက္ခရောက်ခဲ့ဖူးတယ်”
“ဟုတ်လားဟင်”
ယိုဂျင်က အံ့ဩတကြီးနဲ့ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိတယ်။ ဂျူဟယွန်းက ပြဇာတ်တိုတစ်ခုကနေတစ်ဆင့် စူပါစတားတစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပြီး အဲဒီတုန်းက သူမက အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းခဲ့တာလေ။ သူမရဲ့ အနုပညာသက်တမ်းကို ခေတ္တရပ်နားထားပြီးမှ ပြန်လာတဲ့အချိန်မှာတောင် အပြစ်ပြောစရာမရှိတဲ့ သရုပ်ဆောင်မှုကို ပြသနိုင်ခဲ့ပြီး ဆုတံဆိပ်မျိုးစုံကို သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီလို လူမျိုးက တကယ်ပဲ အသံထွက်ကြောင့် ဒုက္ခရောက်ခဲ့ဖူးတယ်တဲ့လား။
“ဘာဖြစ်လို့လဲ”
“ကျွန်မက အမကြီးကို အပြစ်ပြောစရာမရှိတဲ့ စူပါအမျိုးသမီးတစ်ယောက်လို့ ထင်နေတာမို့လို့ပါ”
“မင်းပြောသလို ငါသာ ပြည့်စုံနေရင် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရမှာ မဟုတ်ဘူးပေါ့။ ငါ့ကိုယ်ငါ ပြန်ကြည့်ရင်တောင် အပြစ်အနာအဆာတွေ အများကြီး တွေ့နေရတုန်းပဲ။ အားလုံးထက် ဆိုးတာက ငါက နှုတ်ကြမ်းတာပဲ”
“ခစ်… ခစ် ခစ်”
“ငါ့လိုတော့ မနေပါနဲ့။ ပြောလိုက်တဲ့အချိန်မှာတော့ ရင်ထဲ လန်းဆန်းသွားသလို ရှိပေမဲ့ နောက်ဆက်တွဲ ခံစားရတာကတော့ ငရဲကျသလိုပဲ။ ဒီဘက်ခေတ်မှာ အင်တာနက်ပေါ်က မကောင်းတဲ့ မှတ်ချက်တွေကို မြင်ရတာကလည်း သိပ်လွယ်လွန်းတယ်လေ”
“ဒါပေမဲ့ ကျွန်မကတော့ အမကြီးလို သိက္ခာရှိရှိနဲ့ ဝင့်ဝင့်ကြွားကြွား နေချင်တာပါ”
“ငါကတော့ အားမပေးချင်ပေမဲ့ မင်းက အဲလိုပြောပေးတော့လည်း ကျေးဇူးတင်ရတာပေါ့”
ယိုဂျင်က ဂျူဟယွန်းနဲ့ ပိုပြီး ရင်းနှီးသွားပြီလို့ ခံစားလိုက်ရလို့ ပျော်နေမိတယ်။ သီးသန့် အပြင်လောကမှာလည်း ညီအစ်မတွေလိုမျိုး နေနိုင်ကြရင် ပိုကောင်းမှာပဲလို့ သူမ တွေးနေတယ်။
အဲဒီအချိန်မှာပဲ ဂျူဟယွန်းက ပင်ပန်းလှပြီလို့ ပြောရင်း ယိုဂျင်ရဲ့ ခေါင်းပေါ်ကို သူမရဲ့ မေးစေ့ တင်လိုက်တယ်။ ယိုဂျင်က ဂျူဟယွန်းကို တကယ်ပဲ အရပ်ရှည်တယ်လို့ ခံစားလိုက်ရတယ်။ ဆူယောက အရပ် ၁၈၀ စင်တီမီတာ ရှိတာဖြစ်ပြီး သူမက သူ့ဘေးမှာ ရပ်နေတဲ့အချိန်မှာတောင် သိပ်ပြီးတော့ ပုမနေပါဘူး။ ဒေါက်ဖိနပ် စီးထားတာကြောင့်လည်း ပါနိုင်ပေမဲ့ ဒေါက်ဖိနပ် မပါရင်တောင် ၁၇၀ စင်တီမီတာလောက်တော့ ရှိနိုင်တယ်။
“အဲဒါက မင်းကို အနှောင့်အယှက် ဖြစ်စေသလား”
“လုံးဝ မဖြစ်ပါဘူးရှင်”
“တကယ်လား။ မင်းက တက်ကြွရွှင်လန်းတာပဲ။ ငါ သဘောကျတယ်”
သူမရဲ့ ခေါင်းက နည်းနည်းတော့ နာကျင်သလို ခံစားရပေမဲ့ ဂျူဟယွန်းက သူမအပေါ် နွေးနွေးထွေးထွေး ဆက်ဆံနေတာမို့ အောင့်ခံထားဖို့ ဆုံးဖြတ်လိုက်တယ်။ သူမရဲ့ မန်နေဂျာကို ရှာဖို့ ရိုက်ကွင်းကနေ ထွက်ခါနီးမှာပဲ ဆူယွန်းက အမျိုးသားတစ်ယောက်နဲ့အတူ လျှောက်လာတာကို သူမ မြင်လိုက်ရတယ်။ ဆူယွန်းက ထိုအမျိုးသားရဲ့ လက်မောင်းကို မသိမသာ ဆွဲကိုင်လိုက်ပေမဲ့ ထိုအမျိုးသားကတော့ လန့်ဖျပ်သွားပြီး လက်ကို ချက်ချင်း ပြန်ရုန်းထွက်သွားတယ်။
“သူကတော့ အဲဒါကို မရိုးနိုင်သေးတဲ့ ပုံပဲ။ ယိုဂျင်”
“ရှင်”
“မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆိုတာ ဒီကမ္ဘာပေါ်က အမျိုးသားအားလုံးအပေါ် သက်ရောက်နိုင်တဲ့ သော့ချက်တစ်ခုပဲ။ တကယ်လို့ မင်းက အဲဒါကို အခွင့်ကောင်းယူပြီး သုံးမယ်လို့ ဆုံးဖြတ်ရင် အရာရာက သိပ်ကို လွယ်ကူသွားလိမ့်မယ်”
“....”
“မင်း ကြီးပြင်းလာပြီး ဒီလောကထဲမှာ တကယ်တမ်း အလုပ်လုပ်ရတဲ့အခါကျရင် ကိုရီးယားနိုင်ငံရဲ့ မြေပြင်က မိန်းကလေးတွေအပေါ် ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းပြီး ရက်စက်လဲဆိုတာ သိလာလိမ့်မယ်။ မင်း ဒုက္ခရောက်လိမ့်မယ်။ ပြီးတော့ ဆက်သွားရင်းနဲ့မှ မင်းရဲ့ ခန္ဓာကိုယ်ကို အသုံးချလိုက်ရင် မင်းရဲ့ ဘဝက ပိုပြီး လွယ်ကူသွားနိုင်မယ့် အခြေအနေမျိုးကို ကြုံရလိမ့်မယ်”
“ကျွန်မကတော့ ဘယ်တော့မှ အဲလိုမျိုး လုပ်မှာမဟုတ်ပါဘူး” လို့ ယိုဂျင်က ပြတ်ပြတ်သားသား ပြောလိုက်တယ်။
“ငါ အဲဒီစိတ်ဓာတ်ကို သဘောကျတယ်။ ဒါပေမဲ့ ရံဖန်ရံခါမှာ မင်းရဲ့ ငြင်းပယ်မှုတစ်ခုတည်းနဲ့တင် အဲဒီအတားအဆီးကို ကျော်လွှားဖို့ မလုံလောက်ဘူးလေ။ သူတို့က မင်းကို မူနေတာပဲလို့ ပြောကြလိမ့်မယ်။ တကယ်လို့ မင်းသာ အဲလို အခြေအနေမျိုးနဲ့ ကြုံလာရရင်...”
ဂျူဟယွန်းက နည်းနည်း လှည့်ထွက်လိုက်ပြီး လေဟာနယ်ထဲကို ဒူးနဲ့ တိုက်ပစ်လိုက်တဲ့ အမူအရာ လုပ်ပြတယ်။ ယိုဂျင်က ပြင်းထန်တဲ့ လေတိုးသံကို ကြားလိုက်ရတဲ့အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။
“မင်းက သူတို့ကို ဒီလိုမျိုး ပြန်ကန်ပစ်လိုက်ရမယ်။ အဲဒီနောက်ပိုင်း ကိစ္စတွေကိုတော့ ငါ တာဝန်ယူပေးမယ်”
သူတို့ အချင်းချင်း စကားပြောနေတုန်းမှာပဲ ထိုအမျိုးသားနဲ့ ဆူယွန်းက မျက်စိအောက်ကနေ ပျောက်ကွယ်သွားကြတယ်။ ယိုဂျင်က ဆူယွန်းဟာ တကယ်ပဲ ကောလာဟလတွေအတိုင်း မိန်းကလေးမျိုးပဲလို့ တွေးနေမိတယ်။
“ကျွန်မကတော့ လွယ်ကူတဲ့ ဘဝမျိုးနဲ့ မရှင်သန်ချင်ပါဘူး” လို့ ယိုဂျင်က ဆူယွန်းကို မျက်စိတစ်ဆုံး လိုက်ကြည့်ရင်း ပြောလိုက်တယ်။
အဲဒီအချိန်မှာပဲ ဂျူဟယွန်းက ယိုဂျင်ရဲ့ ခေါင်းပေါ်ကို သူမရဲ့ လက်တင်လိုက်ပြီး ခပ်ဖျော့ဖျော့လေး ပြုံးပြတယ်။
“အရာရာက အမြဲတမ်း အဲလိုမျိုးတော့ မဟုတ်ပါဘူး။ လွယ်ကူတဲ့ ဘဝဆိုတာမျိုးလည်း မရှိပါဘူး။ ကြည့်ရတာ လွယ်ကူတယ်လို့ ထင်ရတဲ့ ဘဝမျိုးတော့ ရှိနိုင်ပေမဲ့ သေချာ အနီးကပ် ကြည့်လိုက်ရင်တော့ အဲလိုမဟုတ်တာကို တွေ့ရလိမ့်မယ်”
ယိုဂျင်ရဲ့ ခေါင်းကို သာသာလေး ပုတ်ပေးရင်း ဂျူဟယွန်းက ဆက်ပြောတယ် -
“မင်း ဒီအမနဲ့အတူ တစ်ခုခု သွားစားချင်လား”
“သွားလို့ရမလားဟင်”
“မင်း မအားတာမျိုး မရှိရင်ပေါ့”
“ကျွန်မ မအားတာမျိုး မရှိပါဘူးရှင်”
“ဒါဆို သွားကြစို့။ ငါလည်း တခြား အစီအစဉ် မရှိဘူး။ ရံဖန်ရံခါမှာ ဂျူနီယာတွေနဲ့ ဒီလိုမျိုး စကားပြောရတာလည်း အဆင်ပြေပါတယ်”
ယိုဂျင်က အရှေ့ကနေ လျှောက်သွားတဲ့ ဂျူဟယွန်းရဲ့ နောက်ကနေ လိုက်သွားတယ်။ အဲဒီလို လိုက်သွားရင်းနဲ့ပဲ သူမရဲ့ မန်နေဂျာကို သူမ ဒီနေ့ စောစော ပြန်လို့ရပြီလို့ လှမ်းပြောလိုက်တယ်။
ဂျူဟယွန်းက မောင်းသူနေရာမှာ ထိုင်တယ်။ ယိုဂျင်က တံခါးကို ဂရုတစိုက် ဖွင့်ပြီး ဘေးက ခရီးသည်နေရာမှာ ထိုင်လိုက်တယ်။ သူမက ဂျူဟယွန်းရဲ့ မန်နေဂျာ ဘယ်ရောက်နေလဲဆိုတာကို တွေးပြီး သိချင်နေမိတယ်။
“ငါက အနီးအနား နေရာတွေဆိုရင် မန်နေဂျာမပါဘဲ သွားလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ငါက ကားမောင်းရတာကို သဘောကျလို့ပဲ”
ယိုဂျင်က ဂျူဟယွန်းက သူမရဲ့ စိတ်ကို ဖတ်မိသွားသလို ခံစားရတာကြောင့် ခပ်ဖျော့ဖျော့လေး ပြုံးလိုက်မိတယ်။
သပ်ရပ်လှပတဲ့ ကားအလှဆင်မှုတွေကို ဝေ့ဝဲကြည့်ရင်း ယိုဂျင်က ဒိုင်ခွက်ရဲ့ အပေါ်ဘက်မှာ ရှိနေတဲ့ ဓာတ်ပုံဘောင် သေးသေးလေးတစ်ခုကို မြင်လိုက်ရတယ်။ ဓာတ်ပုံထဲမှာတော့ ပိုပြီး နုပျိုတဲ့ပုံစံ ရှိနေတဲ့ ဂျူဟယွန်းနဲ့ သူမ မသိတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်။ သာမန်ဓာတ်ပုံတစ်ပုံပဲ ဖြစ်ပေမဲ့ ယိုဂျင်က ဘာကြောင့်ရယ်မသိ အဲဒီဓာတ်ပုံကနေ မျက်လုံး မလွှဲနိုင်အောင် ဖြစ်နေရတယ်။ ဂျူဟယွန်းကြောင့် မဟုတ်ဘဲ သူမရဲ့ ဘေးမှာ ခပ်ဖျော့ဖျော့လေး ပြုံးနေတဲ့ အမျိုးသမီးကြောင့်ပဲလေ။
“သူက ငါ့ကို သရုပ်ဆောင်တစ်ယောက် ဖြစ်လာအောင် ဖန်တီးပေးခဲ့တဲ့ အကြောင်းရင်းပဲ” လို့ ဂျူဟယွန်းက အဲဒီအချိန်မှာပဲ စကားစလာတယ်။
“အမကြီးကို သရုပ်ဆောင်တစ်ယောက် ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ အကြောင်းရင်း ဟုတ်လားဟင်”
“အေး ဟုတ်တယ်။ ငါက ဒီလူကို အားကျပြီးတော့မှ ငါ့ရဲ့ အိပ်မက်ကို ပျိုးထောင်ခဲ့တာ။ သူက ငါ တစ်ဦးတည်းသော လေးစားရတဲ့ လူဖြစ်သလို တစ်ချိန်တည်းမှာပဲ ငါ့ကို စိတ်ပျက်အားငယ်မှုတွေ ပေးခဲ့တဲ့ တစ်ဦးတည်းသော လူလည်း ဖြစ်တယ်။ ငါ မင်းကို ဘယ်သူမှ မပြည့်စုံဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ တကယ်တော့ ရှိပါတယ်။ သရုပ်ဆောင်မှုအပိုင်းမှာဆိုရင်တော့ ပြည့်စုံလွန်းတဲ့ လူတစ်ယောက် ရှိတယ်။ သူက သိပ်ကို ပြည့်စုံလွန်းလှတာမို့ ကောင်းကင်ဘုံရဲ့ မနာလိုမှုကိုတောင် ခံခဲ့ရတာပေါ့...”
ဓာတ်ပုံထဲက အမျိုးသမီးအကြောင်း ပြောနေတဲ့ ဂျူဟယွန်းရဲ့ မျက်လုံးတွေက သိပ်ကို ခါးသီးဝမ်းနည်းနေပုံရတာကြောင့် ယိုဂျင်က ဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ ဂျူဟယွန်းက ထုတ်မပြောပေမဲ့ ထိုအမျိုးသမီးဟာ ဒီကမ္ဘာလောကထဲမှာ မရှိတော့ဘူးဆိုတာကို ယိုဂျင်က အလိုလို သိလိုက်ရတယ်။
“သူနဲ့ တွေ့ဆုံခွင့်ရခဲ့တာက ငါ့ဘဝရဲ့ ကံကောင်းခြင်းတစ်ခု ဖြစ်ခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ ငါ့ကို တုပ်နှောင်ထားတဲ့ ပိုက်ကွန်တစ်ခုလည်း ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ သရုပ်ဆောင်မှုကို မြင်ဖူးပြီးတဲ့နောက်မှာ ငါ့ရဲ့ ကိုယ်ပိုင်သရုပ်ဆောင်မှုအပေါ် ဘယ်တော့မှ အားမရနိုင်တော့လို့ပဲ။ ဘယ်သူမဆို အဲလိုပဲ ခံစားရလိမ့်မယ်။ ဒီအမကတော့... အကောင်းဆုံးပါပဲ”
ဂျူဟယွန်းက ခေါင်းကို လှည့်ပြီး ပြုံးပြတယ်။ ယိုဂျင်က ဓာတ်ပုံထဲက အမျိုးသမီးကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်မိတယ်။ သူမ လေးစားရတဲ့ မင်းသမီးကြီးကတောင် အားကျရတဲ့ မင်းသမီးတစ်ယောက်။ သူမ ထိုလူကို တစ်ခါမှ မဆုံဖူးသလို နာမည်လည်း မသိပေမဲ့ ဘာကြောင့်ရယ်မသိ ထိုလူ့အပေါ် အားကျလေးစားတဲ့ စိတ်တွေ ဖြစ်ပေါ်လာရတယ်။ သူက ဘယ်လို သရုပ်ဆောင်မှုမျိုးကို လုပ်ခဲ့တာလဲ။ သူ အခြားလူတွေကို ပြသခဲ့တဲ့ စိတ်ခံစားမှု ကမ္ဘာကကော ဘယ်လိုမျိုးလဲ။
“ဂျောင်ဟဲဂျူ။ အဲဒါက သူ့နာရီပဲ။ သူက အကောင်းဆုံး နာမည်မဲ့ မင်းသမီးတစ်ယောက်ပဲ”
ဂျူဟယွန်းက မှန်ပြတင်းကို ချလိုက်တယ်။ ပြင်းထန်တဲ့ လေတိုက်နှုန်းက ဂျောင်ဟဲဂျူ ဆိုတဲ့ နာမည်ကို ကားထဲကနေ လွင့်စင်သွားစေတယ်။ ယိုဂျင်က ခဏလောက် တိတ်ဆိတ်သွားမိတယ်။ သူမ စိတ်ထဲကနေ ခဏတာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်နေမိတယ်။
* * * * * * * * *