← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း(၂၈၂)

လူတွေက ပုရွက်ဆိတ်လေးတွေလိုပဲ။ ဆူယွန်းက ပြတင်းမှန်မှာ လက်ကလေးထောက်ပြီး အောက်က လမ်းမတွေကို ငုံ့ကြည့်နေမိတယ်။ လမ်းလှည်းတဲ့လူတစ်ယောက် ဆွဲသွားတဲ့ အဝါရောင် အမှိုက်ပုံးကြီးကို ငေးကြည့်နေတုန်းမှာပဲ၊

“ဘာလုပ်နေတာလဲ”

အေးစက်နေတဲ့ လက်တစ်ဖက်က သူမရဲ့ ဆီးခုံအောက်နားဆီ လာထိတယ်။ လက်ဖဝါးတစ်ခုလုံးက အသားမာတွေနဲ့ ကြမ်းတမ်းနေတယ်။ ဗိုက်ကို ခဏလောက် ပွတ်သပ်ပြီးတဲ့နောက် အဲဒီလက်က ရင်ဘတ်ဆီ ဖြည်းဖြည်းချင်း တက်လာတယ်။ ဆူယွန်းက အဲဒီလက်ကို လှမ်းဖမ်းပြီး သူမကိုယ်ပေါ်ကနေ ဖယ်ချလိုက်တယ်။

“သွားရမယ့် အချိန် ရောက်ပြီ”

“အခုလား။ နောက်ထပ် ခဏလောက် ထပ်နေပါဦး”

“ငါ့မှာ လုပ်စရာ အလုပ်တွေ ရှိသေးတယ်”

ဆူယွန်းက ကုလားထိုင်ပေါ်မှာ အဝတ်လှန်းထားသလို တင်ထားတဲ့ ဘရာစီယာကို ကောက်ဝတ်လိုက်တယ်။

“ငါတို့ ဘယ်တော့ ထပ်ဆုံကြမလဲမသိဘူးနော်”

“ငါလည်း မသိဘူးလေ”

“ငါတို့ ဒီထက်ပိုပြီး မကြာခဏ ဆုံဖြစ်ရင် တော်တော်ကောင်းမှာပဲ”

“နင့်မှာ အတည်တကျ တွဲနေတဲ့လူ ရှိတယ်လို့ ငါ ကြားထားတာ။ ငါ ကြားတာ မှားလို့လား”

ဆူယွန်းက အပေါ်အင်္ကျီကို ဝတ်လိုက်ပြီး ဆံပင်တွေ ထွက်လာအောင် အင်္ကျီနောက်ဘက်ဆီ လက်လျှိုပြီး သပ်ချလိုက်တယ်။ ကုတင်ပေါ်က အမျိုးသားကတော့ ကြမ်းပြင်ပေါ် ကျနေတဲ့ စကတ်ကို ကောက်ပေးလာတယ်။

“သူက မိန်းမကောင်းတစ်ယောက်ပါ”

“ဒါဆိုရင်လည်း ပြီးတာပဲလေ။ ငါတို့ကြားထဲမှာကတော့ အလုပ်သဘော အရပဲ မဟုတ်လား”

“စည်းအတိအကျ စည်းခြားတတ်တဲ့ မိန်းကလေးတွေက သိပ်ပြီး ဆွဲဆောင်မှုမရှိပေမဲ့ နင်ကတော့ တစ်မျိုးလေးပဲ”

“အဲဒါကတော့ နင် အခုထိ ဆုံခဲ့တဲ့ မိန်းမတွေက စည်းကို အသေသေချာချာ မခြားတတ်ကြလို့ ဖြစ်လိမ့်မယ်”

ထိုအမျိုးသားက ဆူယွန်းရဲ့ လည်ပင်းကို ဖက်ပြီး နမ်းဖို့ ကြိုးစားလာတယ်။ ဆူယွန်းက နှုတ်ခမ်းနှစ်စုံကြားထဲကို သူမရဲ့ လက်ညှိုးလေး ခံလိုက်တယ်။

“ကုတင်ပေါ်က အလုပ်ကို ကုတင်အပြင်ဘက်အထိ ယူမလာပါနဲ့”

“နင်က အဲဒါကို အလုပ်တစ်ခုလို့ သတ်မှတ်တာလား”

ဆူယွန်းက ပြန်မဖြေဘဲ ပြုံးပြလိုက်တယ်။ ထိုအမျိုးသားက သက်ပြင်းချသလို ရယ်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တယ်။

“ငါ့အပြင် တခြား ဘယ်သူတွေနဲ့ ဆုံသေးလဲ”

“အမလေး... မိန်းကလေးတစ်ယောက်ကို အဲလိုမျိုး မေးရသလား။ မယဉ်ကျေးလိုက်တာ”

ဆူယွန်းက အိတ်ထဲကနေ မိတ်ကပ်ပစ္စည်းအချို့ ထုတ်ပြီး မှန်တင်ခုံပေါ် တင်လိုက်တယ်။ မျက်ခုံးမွှေး ဆွဲပြီး နှုတ်ခမ်းနီ ဆိုးလိုက်တယ်။ အဲဒီအချိန်မှာပဲ ထိုအမျိုးသား ရှိနေတဲ့ဘက်ကနေ မီးခြစ် ခြစ်လိုက်တဲ့ အသံ ထွက်လာတယ်။

“ငါ မင်္ဂလာဆောင်ပြီးသွားရင်တော့ နင် ငါနဲ့ ဆုံတော့မှာ မဟုတ်ဘူးမလား”

“ဇာတ်လမ်းတွဲတွေထဲကလို လမ်းလယ်ခေါင်မှာ တခြားမိန်းမရဲ့ ဆံပင်ကို ဆွဲတာမျိုးတော့ ငါ မလုပ်ချင်ဘူးနော်။ ငါက ဥပဒေလိုက်နာတဲ့ မိန်းကလေးလေ”

“ဟား... ဖြစ်ရလေ”

“နင်လည်း မကြာခင် မင်္ဂလာဆောင်ပြီး အိမ်လို့ ခေါ်ရမယ့် နေရာတစ်ခု ရှာသင့်ပြီနော် ပရိုဂျူဆာ။ ဘယ်လောက်အထိ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေဦးမှာလဲ”

“အေးပါ။ ဒီတစ်ခေါက် မိန်းကလေးက ကြင်နာတတ်တယ်၊ အားလုံးထက် သာတာက ငါ့ကို သဘောကျတယ်လေ”

“သူက နင့်ကို စွဲလန်းသွားတာလား”

“အဲလိုပဲ ထင်တာပဲ”

“ဒါဆိုရင်တော့ ကောင်းတာပေါ့”

ဆူယွန်းက အိတ်ကို လက်ကကိုင်ပြီး ထရပ်လိုက်တယ်။

“ဒါဆို ငါ အရင်သွားပြီနော်။ ဟိုတယ်အခန်းအပ်တဲ့ ကိစ္စကိုတော့ ရှင်းပေးခဲ့ပါဦး”

သူမ ဖိနပ်စီးပြီး တံခါးလက်ကိုင်ကို သာသာလေး ဆွဲဖွင့်လိုက်တဲ့အချိန်မှာပဲ ထိုအမျိုးသားက နောက်ကနေ သူမရဲ့ ပုခုံးတွေကို လာဖက်တယ်။

“နင်နဲ့ အတူတူ နေရရင်လည်း ကောင်းမှာပဲလို့ ငါ တွေးမိတယ်”

“နင်က လူဆိုးပဲ”

“သူက ကြင်နာတတ်တဲ့ မိန်းကလေး ဆိုပေမဲ့ ပျော်စရာတော့မကောင်းဘူး။ ကလေးတွေကိုတော့ ကောင်းကောင်း ပြုစုပျိုးထောင်ပေးနိုင်လိမ့်မယ်လို့ ထင်ရပေမဲ့ တစ်ချိန်တည်းမှာပဲ ငါ့ဘဝကို ပျင်းစရာကောင်းအောင် လုပ်ပစ်မယ့်ပုံစံမျိုး ခံစားရတယ်”

ဆူယွန်းက သက်ပြင်းချပြီး လှည့်ကြည့်လိုက်တယ်။ ထိုအမျိုးသားက ဖြဲဖြဲကြီး ပြုံးပြီး ရပ်နေတာမို့ သူမက သူ့ရဲ့ အရေးကြီးတဲ့ နေရာကို လှမ်းဆုပ်ကိုင်ပစ်လိုက်တယ်။ ထိုအမျိုးသားက ညည်းတွားရင်း နောက်ကို လန့်ဖျပ်ပြီး ဆုတ်သွားတယ်။

“ငါ့ကိုယ်ငါ မိန်းမသန့်တစ်ယောက်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး။ ငါက ညစ်ပတ်ပြီး ကောက်ကျစ်တဲ့မိန်းမပဲ။ လူတွေသာ ငါ့အကြောင်း သိသွားရင် ငါ့ကို ဆဲကြလိမ့်မယ်။ ဒါပေမဲ့လည်း ငါက စည်းကိုတော့ မကျော်ဘူး။ ငါတို့ ပျော်ခဲ့ကြတယ် မဟုတ်လား။ နင်က ငါ့အတွက် အားစိုက်ထုတ်ပေးခဲ့ပြီး ငါကလည်း ကုတင်ပေါ်မှာ နင့်အတွက် ဖင်ခါပြခဲ့တယ်။ ငါတို့ ပထမဆုံး ဆုံတုန်းကတည်းက ပြောထားပြီးသား မဟုတ်လား။ ဒီကြားထဲမှာ ဘယ်လို စိတ်ခံစားမှုကိုမှ မထည့်ကြေးဆိုတာလေ”

ဆူယွန်းက လက်ကို လွှတ်လိုက်တယ်။ ထိုအမျိုးသားက တောင့်တင်းနေတဲ့ မျက်နှာပေးနဲ့ နောက်ကို ဆုတ်သွားတယ်။

“တကယ်လို့ အဆင်ပြေမယ့်လူ ရှိရင်လည်း အဲဒီလူဆီကိုပဲ သွားပါ။ အလုပ်ကိစ္စထဲကို စိတ်ခံစားမှုတွေ ယူမလာပါနဲ့။ ကဲ... ဒါဆိုလည်း ပရိုဂျူဆာ။ အခုထိတော့ ပျော်စရာကောင်းခဲ့ပါတယ်။ ရိုက်ကွင်းမှာ တွေ့ရင်တော့ ကောင်းကောင်းမွန်မွန် နှုတ်ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်တာပဲ။ မင်္ဂလာဆောင် ဖိတ်ရင်တော့ ငါ လာခဲ့မယ်။ မဖိတ်ရင်လည်း... အဲဒါပဲပေါ့”

ဆူယွန်းက လက်ပြနှုတ်ဆက်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဓာတ်လှေကားဆီ လျှောက်သွားရင်းနဲ့ အိတ်ထဲက ဖုန်းကို ထုတ်လိုက်တယ်။ ပထမဆုံး အလုပ်အနေနဲ့ အဲဒီပရိုဂျူဆာနဲ့ ပြောထားတဲ့ မက်ဆေ့ခ်ျတွေကို ဖျက်ပစ်လိုက်တယ်။ သူနဲ့ ခန္ဓာကိုယ်ချင်း ပတ်သက်မှုကတော့ ပြီးဆုံးသွားပြီ ဖြစ်ပေမဲ့ အလုပ်သဘောအရ ပြန်ဆုံနိုင်တာမို့ ဖုန်းနံပါတ်ကိုတော့ ချန်ထားလိုက်တယ်။

“ကဲ... ဒါဆို ငါ ဘာဆက်လုပ်ရမလဲ”

လုပ်စရာ အလုပ်ရှိတယ်လို့ ပြောခဲ့ပေမဲ့ တကယ်တော့ နောက်ထပ် နှစ်ရက်လုံးလုံး သူမ အားနေတာလေ။ နောက်တစ်ပတ်ကစပြီး ဇာတ်လမ်းတွဲ ရိုက်ကူးရေး စပြီဆိုရင်တော့ အလုပ်ရှုပ်တော့မှာ ဖြစ်ပေမဲ့ အခုထိတော့ သိပ်ပြီး အလုပ်မရှိသေးပါဘူး။ နောက်ထပ် နှစ်ရက်လုံးလုံး ဘူဆန် ဘက်ကို တစ်ယောက်တည်း သွားရမလားလို့ တွေးမိပေမဲ့ ချက်ချင်းပဲ စိတ်ပြောင်းသွားတယ်။

သူမက သီချင်းလေး တညည်းညည်းနဲ့ ဂွန်ဆူဆီ ဖုန်းခေါ်လိုက်တယ်။

“ဟုတ်ကဲ့ပါ။ ဟောင်ဂွန်ဆူ ပြောနေပါတယ်ခင်ဗျာ”

“ဖုန်းမျက်နှာပြင်ပေါ်မှာ ငါ့နာမည် ပေါ်နေမှာပဲကို။ အဲလောက်ကြီး တောင့်တောင့်တည်းကြီး ပြန်ဖြေဖို့ မလိုပါဘူးနော်”

“ဟုတ်ကဲ့ပါ။ ဟောင်ဂွန်ဆူ ပြောနေပါတယ်ခင်ဗျာ”

“ဟင်း... နင်ကတော့ တကယ်ကို ရက်စက်တာပဲ။ ဒါနဲ့... မစ်စတာဂွန်ဆူ”

“ဘာကိစ္စရှိလို့လဲဗျာ”

“ဒိတ်လုပ်ဖို့ သွားကြမလား”

“ဟုတ်ကဲ့... သွားချင်ပေမဲ့ ကျွန်တော့်မှာ လုပ်စရာ အလုပ်တစ်ခု ရှိနေလို့ပါ”

“အဲဒီလုပ်စရာ အလုပ်ဆိုတာက လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်ကမှ ပေါ်လာတာလို့ ငါ တွေးမိတာက ငါ့အမှားပေါ့ ဟုတ်လား”

“တော်သေးတာပေါ့... အဲဒါက ကြိုတင်စီစဉ်ထားတဲ့ အလုပ်ပါ။ ချက်ချင်းကြီး ဆင်ခြေတွေ တွေးနေစရာမလိုတော့လို့ စိတ်အေးရတာပေါ့”

“အဲဒါက ဘာအလုပ်မို့လို့လဲ”

“ဒရိုင်ဘာ လုပ်ပေးရမှာ”

“ဘာ”

“သိတဲ့အတိုင်း ဆိုးလ်အပြင်ဘက်မှာ ရိုက်ကူးရေး ရှိတယ်လေ။ အဖိုးတန် သရုပ်ဆောင်တစ်ယောက်ကို ရိုက်ကွင်းအထိ လိုက်ပို့ရမယ့် အရေးကြီး တာဝန် ရှိနေလို့”

“အဖိုးတန် သရုပ်ဆောင် ဟုတ်လား။ အဖိုး မွန်ဂျောင် ကို ပြောတာလား”

“မဟုတ်ပါဘူး”

“ဒါဆို ဘယ်သူလဲ။ စီနီယာ ထယ်ဟို လား”

“မဟုတ်ဘူး”

“ဒါဆို ဘယ်သူလဲလို့။ အဲလောက်တော့ ပြောပြလို့ရတယ် မဟုတ်လား”

“မာရူး လေ”

“...နင်က သူ့ကို လိုက်ပို့ပေးနေတာလား”

“ဟုတ်တယ်။ သူ့အပေါ် အကြွေးတင်နေတာလေးလည်း ရှိသလို သူ့ဆီကနေ အတည်ပြုချင်တာလေး အချို့လည်း ရှိလို့ပါ”

“သူ့ကို ဂျူဝမ်ဆန် တောင်ဘက်ဆီ ပြန်ခေါ်သွားတာလား”

“အဲလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီပြည်နယ်ထဲမှာပဲ ရှိတဲ့ နေရာတစ်ခုပါ။ အော်... ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်။ အခုပဲ ထွက်ရတော့မှာမို့လို့”

“ခဏလေး စောင့်ဦး”

ဆူယွန်းက ဖုန်းကို တခြားလက်တစ်ဖက်ဆီ အမြန်ပြောင်းကိုင်ရင်း ကတိုက်ကရိုက် ဆက်ပြောလိုက်တယ်။

“နောက်ခန်းမှာ ထိုင်ခုံ အလွတ်တစ်ခုတော့ ရှိမှာပဲမလား”

“ဘာပြောလိုက်တာလဲ”

“နောက်ခန်းမှာ ထိုင်ခုံ အလွတ် ရှိရမယ်လို့ ပြောတာ”

“အဲဒါကတော့... မဟုတ်ပါဘူး။ ကျွန်တော်တို့ လေထုကိုပါ တင်သွားရမှာမို့လို့”

“ငါလည်း လိုက်ခဲ့မယ်”

“ဖုန်းချပြီနော်။ နောက်မှ တွေ့မယ်”

“ငါကတော့ လိုက်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ တကယ်လို့ နင် ငါ့ကို ခေါ်သွားရင် ငြိမ်ငြိမ်လေး လိုက်ခဲ့မယ်။ အဲလိုမဟုတ်ဘဲ ငါ့ကား ငါမောင်းပြီး ရိုက်ကွင်းမှာ လာတွေ့အောင် လုပ်ရင်တော့ တစ်နေ့လုံး နင့်အနားမှာ ကပ်တွယ်နေမှာနော်။ ဘာကို ရွေးမလဲ”

ဖုန်းထဲကနေ ဝေခွဲမရဖြစ်ပြီး ညည်းတွားလိုက်တဲ့ အသံ ထွက်လာတယ်။ အဲဒီအချိန်မှာပဲ ‘ကျွန်တော့်ကို ပေးပါဦး’ ဆိုတဲ့ တိုးတိုးလေး ပြောလိုက်တဲ့ အသံနဲ့အတူ ရှုပ်ရှုပ်ရှက်ရှက် အသံအချို့ ကြားလိုက်ရပြီးနောက် နားလည်နေကျ အသံအသစ်တစ်သံက စကားပြောလာတယ်။

“အဲဒီမှာ အစ်မအတွက် အကျိုးရှိမယ့်အရာ တစ်ခုမှ မရှိပါဘူး။ ဘာလို့ လိုက်ခဲ့ချင်နေရတာလဲ”

“မတွေ့ရတာ ကြာပြီနော် မာရူး။ ကလပ်လှုပ်ရှားမှုတွေကော ဘယ်လိုလဲ။ ငါကတော့ နောက်တစ်ပတ်ကစပြီး သွားတော့မှာမို့လို့ မျှော်လင့်ထားလိုက်နော်”

“စကားလမ်းကြောင်း လွှဲမပစ်ပါနဲ့။ အပန်းဖြေ လမ်းလျှောက်ထွက်ရုံနဲ့တင် သွားဖို့က နည်းနည်း ဝေးလွန်းတဲ့ နေရာမို့လို့ ဘာလို့ လိုက်ချင်နေရတာလဲလို့ မေးတာပါ”

“ဘာလို့လဲ ဟုတ်လား။ ဘာလို့လဲဆိုတော့ ငါ့မှာ လုပ်စရာ အလုပ်မရှိလို့ပဲ။ ပြီးတော့ အစ်ကိုဂွန်ဆူ ကလည်း သွားနေတာပဲ မဟုတ်လား။ ငါ ကြိုပြောထားမယ်နော်... ငါ့မှာလည်း ကားရှိတယ် သိလား။ ဘာပဲဖြစ်ဖြစ် ငါတို့ ရိုက်ကွင်းမှာ ဆုံကြမှာပဲလေ။ တကယ်လို့ နင်တို့ ငါ့ကို ဒီမှာ ထားခဲ့ရင် တစ်သက်လုံး လိုက်ပြီး နှောင့်ယှက်နေမှာနော်။ တခြားလူတွေရှေ့မှာ ဟာသတွေ လုပ်ပြရင် တော်တော် ပျော်စရာကောင်းမှာပဲ ဟုတ်တယ်မလား”

“အဲဒီအစား လူကြီးတစ်ယောက်လို ပြုမူနေထိုင်ကြည့်ဖို့ မစဉ်းစားဘူးလား။ ဒီဘက်ခေတ်မှာ ရင့်ကျက်တည်ငြိမ်တာက ခေတ်စားနေတယ်လို့ ကြားထားလို့”

“ငါက လူကြီးဖြစ်နေတာ ကြာလှပြီ။ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဖြစ်ခဲ့တာ”

ခဏလောက် တိတ်ဆိတ်သွားပြီးတဲ့နောက် ဆူဝမ် ဘူတာရုံဆီ လာခဲ့ဖို့ သူမကို အကြောင်းကြားလာတယ်။ ဆူယွန်းက ပြုံးရင်း ဓာတ်လှေကားစီးပြီး ပထမထပ် ဧည့်ခန်းမဆီ ဆင်းလာခဲ့တယ်။

* * * * * * * * *

“ဇာတ်ဝင်ခန်း တစ်ခန်းတည်းအတွက်နဲ့ ငါးနာရီလုံးလုံး ကားမောင်းရတယ်ဆိုတာမျိုးက သရုပ်ဆောင်သစ်တွေရဲ့ ဝမ်းနည်းစရာ အခြေအနေပါပဲလား”

မာရူးက နောက်ခန်းမှာ ထိုင်နေတဲ့ ဆူယွန်းကို လှည့်ကြည့်လိုက်တယ်။ သူမက ဖိနပ်ကို ချွတ်ထားပြီး ထိုင်ခုံနှစ်ခုလုံးပေါ်မှာ တစ်စောင်းကြီး လှဲလျောင်းနေတယ်။

“အဲဒီဒုက္ခထဲကို ဘယ်သူက လိုက်ခဲ့ပါလို့ ပြောလို့လဲ”

“ဒီလို လုပ်ရတာက ပျော်စရာကောင်းလို့ပါ။ မဟုတ်ဘူးလား အစ်ကိုဂွန်ဆူ”

“လုံးဝ မဟုတ်ပါဘူးဗျာ” လို့ ဂွန်ဆူက ကားမောင်းနှင်မှုကို နည်းနည်းလေး ချိန်ညှိရင်း ပြန်ဖြေလိုက်တယ်။ အဝေးပြေးလမ်းမပေါ် ရောက်တာ နှစ်နာရီလောက် ရှိပြီဖြစ်ပြီး ရောက်ဖို့က နောက်ထပ် နှစ်နာရီလောက် လိုသေးတယ်။

“ပျင်းစရာကောင်းလာပြီဆိုတော့ စကားဆက်ကစားနည်း ဆော့ကြမလား”

ဆူယွန်းက စကားစလိုက်တာနဲ့ ချက်ချင်းပဲ ဂွန်ဆူက ပြတင်းပေါက်တွေကို ဖွင့်ပစ်လိုက်တယ်။ ကားက တစ်နာရီကို ၁၂၀ ကီလိုမီတာနှုန်းနဲ့ မောင်းနေတာမို့ လေတိုက်သံက သိပ်ကို ကျယ်လွန်းလှပါတယ်။ ပြင်းထန်တဲ့ အသံတွေကြောင့် နောက်ခန်းကနေ အဆက်မပြတ် စကားပြောနေတဲ့ ဆူယွန်းလည်း အံ့အားသင့်ပြီး ဆွံ့အအကြီးနဲ့ ငြိမ်ကျသွားတယ်။

မာရူးက ဆူယွန်း မမြင်နိုင်မယ့် ထောင့်ကနေ လက်မ ထောင်ပြလိုက်တယ်။ လေတိုက်သံက ဘယ်လောက်ပဲ ကျယ်ပါစေဦးတော့ မိန်းကလေးတစ်ယောက်ရဲ့ စကားဖောင်ဖွဲ့သံလောက်တော့ မကျယ်နိုင်ပါဘူး။ လေတိုးသံတွေကြားထဲမှာ ခဏလောက် မောင်းနှင်ပြီးတဲ့နောက် ဂွန်ဆူက လမ်းဘေးနားနေစခန်းတစ်ခုဆီ ကားကို ချိုးကွေ့ဝင်လိုက်တယ်။

“ကျွန်တော် မနက်စာ မစားခဲ့ရတော့ ဗိုက်ဆာလာပြီ။ ဒီမှာပဲ နေ့လယ်စာ စားကြရအောင်”

ဂွန်ဆူက ကားပေါ်ကနေ ဆင်းသွားတယ်။ မာရူးလည်း သူ့နောက်ကနေ လိုက်ဆင်းသွားတယ်။ ရိုက်ကွင်းအကြောင်း ပြောရင်း နားနေစခန်း အဆောက်အအုံထဲကို သူတို့ ဝင်လာခဲ့ကြတယ်။ ဒီနေ့က ပိတ်ရက်ဖြစ်တာမို့ လူတွေ တော်တော်လေး စည်ကားနေတယ်။

“ကျွန်တော်ကတော့ တောင်ယာဟင်းသီးဟင်းရွက် ထမင်းသုပ်ပဲ စားမယ်”

“ကျွန်တော်လည်း အဲဒါပဲ စားမယ်”

“ခေါက်ဆွဲပြုတ်တစ်ပွဲပါ ထပ်မှာလိုက်ရမလား”

“ကောင်းတာပေါ့”

သူတို့ အော်ဒါမှာလိုက်ပြီး စားပွဲဝိုင်းလက်မှတ်ကို ယူလာခဲ့ကြတယ်။ စားပွဲတစ်ခုမှာ နေရာယူပြီး ခဏလောက် စောင့်နေတုန်းမှာပဲ အချက်ပြဘုတ်ပေါ်မှာ သူတို့ရဲ့ လက်မှတ်နံပါတ်လေး လင်းလာတယ်။ မာရူးက နေရာကနေ ထလိုက်ပြီး သန့်စင်ခန်းသွားနေတဲ့ ဂွန်ဆူရဲ့ ကိုယ်စား အစားအစာတွေကို သွားယူပေးလိုက်တယ်။

ဇွန်းကို ကိုင်ပြီး စားခါနီးမှာပဲ ပုခုံးကို လာကိုင်တဲ့ လက်တစ်ဖက်ကို သူ ခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်တဲ့အခါ ဘေ့စ်ဘောဦးထုပ် ဆောင်းပြီး နေကာမျက်မှန် တပ်ထားတဲ့ ဆူယွန်းကို မြင်လိုက်ရတယ်။

“...အစ်မက နာမည်ကြီး အနုပညာရှင်တစ်ယောက် ဟုတ်ကောဟုတ်ရဲ့လား”

“ဟုတ်တာပေါ့... နင် ဘယ်လိုပဲ ထင်ထင်လေ။ ဒါနဲ့ နင်တို့က ငါ့ကို တကယ်ပဲ မစောင့်ကြဘူးပေါ့ ဟုတ်လား။ ငါ့အတွက်ကော ဘယ်မှာလဲ”

“ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ စားရတာလေ”

“ဒါဆို အဲဒါက ဘာလဲ”

“ဒါက စီနီယာ ဂွန်ဆူ ရဲ့ ဟာလေ”

“တကယ်လား။ ကိုယ့်အစီအစဉ်နဲ့ကိုယ် စားရတယ် ဟုတ်လား”

ဆူယွန်းက ခပ်ပြုံးပြုံး လုပ်ပြီး စားစရာလင်ဗန်းကို သူမ ရှိတဲ့ဘက်ဆီ ဆွဲယူလိုက်တယ်။ ပျော်ရွှင်တဲ့ မျက်နှာပေးနဲ့ ဇွန်းကို ကိုင်ပြီး ထမင်းပန်းကန်ထဲက အရာတွေကို သမအောင် မွှေလိုက်ပြီးနောက် ဇွန်းအပြည့် ခပ်ပြီး စားပစ်လိုက်တယ်။ သန့်စင်ခန်းကနေ အခုမှ ပြန်လာတဲ့ ဂွန်ဆူက အခြေအနေကို မြင်သွားပြီး ဘာမှမဖြစ်သလိုမျိုး လက်မှတ်အရောင်းကောင်တာဆီ သွားပြီး နောက်ထပ်တစ်ပွဲ ထပ်မှာလိုက်တယ်။ ဂွန်ဆူက တောင်ယာဟင်းသီးဟင်းရွက် ထမင်းသုပ် လင်ဗန်းကို ကိုင်ပြီး ပြန်လာတာကို မြင်တော့ ဆူယွန်းက ‘ကောင်းကောင်း စားပါ့မယ်’ ဆိုပြီး ကျေးဇူးတင်စကား ပြောလိုက်တယ်။

သူတို့ စကားပြောရင်းနဲ့ပဲ အစားအစာတွေကို ဆက်စားနေကြတယ်။ အများအားဖြင့်တော့ ဆူယွန်းကပဲ စကားဖောင်ဖွဲ့နေတာ ဖြစ်ပြီး မာရူးကတော့ ရံဖန်ရံခါမှ ဂွန်ဆူကို သူ သိချင်တာလေးတွေ လှမ်းမေးတယ်။ အစားအသောက်တွေ စားပြီးခါနီးမှာပဲ မာရူးက ထူးဆန်းတဲ့ အခြေအနေတစ်ခုကို သတိပြုမိလိုက်တယ်။ သူတို့ကို ဝေခွဲမရတဲ့ ပုံစံမျိုးနဲ့ လှမ်းကြည့်နေတဲ့ အမျိုးသားအချို့ကို သူ တွေ့လိုက်ရတယ်။

“သူတို့ အစ်မကို မှတ်မိသွားကြပြီ ထင်တယ်”

“ငါ့ကိုလား”

“ဟုတ်ကဲ့”

ဆူယွန်းက နောက်ကို နည်းနည်း လှည့်ကြည့်လိုက်တယ်။ ထိုအမျိုးသားတွေက ချက်ချင်းပဲ မျက်နှာတွေ ဝင်းပသွားပြီး သူတို့ဆီ အမြန် လျှောက်လာကြတယ်။

“ဟို... ခွင့်လွှတ်ပါဗျာ။ မစ် ကင်ဆူယွန်း မဟုတ်လားဟင်”

အသက် ၂၀ ကျော်လောက် ရှိဦးမယ့် အမျိုးသား လေးယောက်ထဲက တစ်ယောက်က အားနာနာနဲ့ လှမ်းမေးလိုက်တယ်။ ဆူယွန်းရဲ့ မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံးတစ်ခု ပေါ်လာတာကို မာရူး မြင်လိုက်ရပြီး သူက တကယ်ပဲ မင်းသမီးတစ်ယောက်ပါပဲလို့ စိတ်ထဲကနေ တွေးမိလိုက်တယ်။ သူမက မင်းသမီး ပုံစံမျိုးဆီ ချက်ချင်း ပြောင်းလဲသွားနိုင်တာမျိုးလေ။

“အော်... ဟုတ်ကဲ့ပါ။ ကျွန်မ ဟုတ်ပါတယ်။ ကျွန်မကို သိလို့လားဟင်”

“ဝိုး... ကျွန်တော် ထင်တာ တကယ်မှန်တာပဲ။ အာ... ကျွန်တော်က မစ်ဆူယွန်း ရဲ့ ဖန်တစ်ယောက်ပါဗျာ။ ‘မိုးပြာရောင်’ ဇာတ်လမ်းတွဲကို တစ်ပိုင်းမှ မလွတ်တမ်း ကြည့်ခဲ့တာ”

“တကယ်လားဟင်”

ဆူယွန်းက ရှက်ပြုံးလေး ပြုံးရင်း သူမရဲ့ လက်ကို ရင်ဘတ်ပေါ်တင်ပြီး ကိုယ်ကို လှည့်လိုက်တယ်။ အဲဒီလို ရှက်ကိုးရှက်ကန်း အမူအရာလေးက ထိုအမျိုးသားတွေကို အလိုလို ပြုံးမိသွားစေတယ်။

မာရူးက ဂွန်ဆူကို ကြည့်ပြီး ပုခုံးတွန့်ပြလိုက်တယ်။ ဂွန်ဆူကလည်း သူ့ကို ပြန်ပြုံးပြတယ်။ ထိုအမျိုးသားလေးယောက် ဆူဆူညံညံ လုပ်နေကြတာကြောင့် အဆောက်အအုံထဲက တခြားလူတွေလည်း ဆူယွန်းရဲ့ ဘေးနားဆီ စုရုံးလာကြတယ်။

သူ့ရဲ့ ထမင်းလင်ဗန်းကို ပြန်အပ်ရင်း မာရူးက ပြောလိုက်တယ် -

“သူမက တကယ့် အနုပညာရှင်ပဲနော်။ လူတွေအများကြီး မှတ်မိကြတာပဲ”

“သူက အခုတလော နာမည်ကြီးနေတဲ့ မင်းသမီးတစ်ယောက် ဖြစ်နေလို့ပဲလေ။ သူမရဲ့ ဇာတ်လမ်းတွဲလေးကလည်း အောင်မြင်ခဲ့တယ်မဟုတ်လား။ ပြီးတော့ အမကြီးဂျူဟယွန်းနဲ့ အတူတူ ရိုက်နေတဲ့ ဇာတ်လမ်းတွဲ အသစ်လည်း ရှိသေးတယ်။ လူစိတ်ဝင်စားမှု အများကြီး ခံထားရတဲ့ ကိစ္စဆိုတော့ လူတွေ မှတ်မိကြတာက မဆန်းပါဘူး”

“အော်... လွန်ခဲ့တဲ့ ဆောင်းရာသီတုန်းက ရိုက်ရမှာ ဖြစ်ပေမဲ့ မတော်တဆမှုတစ်ခုကြောင့် နောက်ကျသွားတဲ့ ဇာတ်ကားကို ပြောတာလား”

“မင်းက အဲဒါကို သိလို့လား”

“ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆီကနေ ကြားဖူးတာ မှတ်မိနေလို့ပါ”

မာရူးက ယိုဂျင် ဆီကနေ အဲဒီအကြောင်း ကြားဖူးတာ ဖြစ်ပါတယ်။ သူမ မျှော်လင့်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခု နောက်ကျသွားလို့ စိတ်ပျက်နေရတဲ့အကြောင်း တစ်ခုခုကို ပြောခဲ့ဖူးတာမျိုးလေ။

“သူမ ကြည့်ရတာ အလုပ်ရှုပ်နေပုံရတော့ ကျွန်တော်တို့ပဲ အရင်သွားကြမလား”

“အဲလို လုပ်ချင်ပေမဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ကိစ္စတွေကို ကြောက်လို့ပါ။ သိတဲ့အတိုင်း သူမက ကြောက်ဖို့ကောင်းတဲ့ မိန်းမကြီးလေ”

“ဒါကတော့ ဟုတ်ပါတယ်။ အော်... စီနီယာ။ ကျွန်တော် ဒါကတော့ ကြုံလို့ မေးကြည့်တာ ဖြစ်ပေမဲ့ စီနီယာက သူမအပေါ် တကယ်ပဲ စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်”

“ငါ့မှာ အဲလောက်ကြီးအထိ အချိန်မပိုပါဘူးကွာ။ ဒီရက်ပိုင်း ငါ တကယ်ကို အလုပ်ရှုပ်နေတာ သိတယ်မလား။ နောက်ထပ် ရုပ်ရှင်အတွက် ပြင်ဆင်ရမယ်၊ အင်တာဗျူးအတွက် အချိန်ပေးရဦးမယ်၊ အဲဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးလေ”

“ဥက္ကဋ္ဌကြီးကတော့ စီနီယာ့ဆီကနေ အစွမ်းကုန် အသုံးချနေတဲ့ ပုံပဲ”

“မပြောပါနဲ့တော့ကွာ။ JA Production ကို ရောက်ကတည်းက ကျွန်တစ်ယောက်လိုကို အလုပ်လုပ်နေရတာ။ မကြာခင် မင်းလည်း ငါ့လို အခြေအနေမျိုး ကြုံရတော့မှာမို့လို့ ပြင်ဆင်ထားလိုက်ဦး။ စီနီယာ ဂျွန်မင်း ကတော့ သူ ပေးထားတဲ့ ပိုက်ဆံတွေနဲ့ တန်အောင် ပြန်ခိုင်းမှာ သေချာတယ်”

“အဲဒါကတော့ ကျွန်တော်လည်း သဘောတူပါတယ်။ အဲဒါထက် သူမက ဟောဒီမှာ ဘယ်လောက်အထိ ကြာဦးမှာလဲမသိဘူး။ အော်... ကျွန်တော်တို့လည်း အခုဆိုရင် တစ်အိုးတည်းစားသောက်နေကြတာပဲ မဟုတ်လား”

ဆူယွန်းကတော့ လက်မှတ်တောင်းနေတဲ့ လူတွေကြားထဲကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရရှာတယ်။ သူမက ရံဖန်ရံခါ အကူအညီတောင်းတဲ့ အချက်ပြမှုတွေ လုပ်နေပေမဲ့ မာရူးကော ဂွန်ဆူပါ အဲဒီလူအုပ်ကြီးထဲကို မတိုးချင်ကြပါဘူး။

“ကားထဲမှာပဲ သွားနားနေကြစို့။ သူမလည်း မကြာခင် ရောက်လာမှာပါ။ နာမည်ကြီး မင်းသမီးတစ်ယောက်ပဲဥစ္စာ”

“ဟုတ်ကဲ့”

မာရူးက စတိုးဆိုင်ထဲကနေ အအေး သုံးဗူး ဝယ်ပြီး ကားဆီ ပြန်လာခဲ့ကြတယ်။ ဂွန်ဆူနဲ့ သူက ဂွန်ဆော့ အကြောင်း ပြောရင်း မိနစ် ၂၀ လောက် အချိန်ဖြုန်းနေတုန်းမှာပဲ အဝေးကနေ ကားဆီကို ခြေထော့နဲ့ခြေထော့နဲ့ လျှောက်လာတဲ့ ဆူယွန်းကို မြင်လိုက်ရတယ်။ သူမက နောက်ဆုံးအကြိမ်အနေနဲ့ လိုက်လာတဲ့ ဖန်တွေကို နှုတ်ဆက်ပြီးမှ ကားထဲ ဝင်လာခဲ့တယ်။ ကားထဲ ရောက်တာနဲ့ ဆူယွန်းက အပေါ်အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီးကို ဖြည်လိုက်ပြီး လှဲချပစ်လိုက်တယ်။

“ငါတော့ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။ လူတွေနဲ့ မရင်းနှီးတဲ့ ပုံစံမျိုးပဲ နေခဲ့ရမှာ” လို့ သူမက လက်နဲ့ ယပ်ခတ်ရင်း ညည်းတွားလိုက်တယ်။

မာရူးက သူမဆီ အအေးဗူး လှမ်းပစ်ပေးလိုက်တယ်။

ဂွန်ဆူက ကားကို ပြန်မောင်းထွက်ခဲ့တယ်။ ရောက်ဖို့က နောက်ထပ် နှစ်နာရီလောက် လိုသေးတယ်။ သူတို့ ရောက်တဲ့အချိန်ဆိုရင် နေဝင်စပြုနေပြီ ဖြစ်မှာဖြစ်ပြီး အဲဒီအချိန်ကျမှ ရိုက်ကူးရေးက စမှာလေ။

မာရူးက လက်ချောင်းချင်း ယှက်ပြီး လက်မောင်းတွေကို ဆန့်တန်းလိုက်တယ်။ သူ့စိတ်ထဲမှာ အခုကတည်းက ရင်ခုန်စိတ်လှုပ်ရှားနေမိပြီ။ ဇက်ကြောထဲက တဖျတ်ဖျတ် ဖြစ်လာတဲ့ ခံစားမှုကြောင့် သူ အလိုလို ပြုံးမိသွားတယ်။

“ခဏလောက် အိပ်ထားလိုက်ဦး”

ဂွန်ဆူရဲ့ စကားကို ကြားရတော့ မာရူး မျက်လုံးတွေကို ပိတ်လိုက်တယ်။ ရိုက်ကူးရေးက ညနက်ပိုင်းအထိ ကြာသွားနိုင်တာမို့ အားအင်တွေကို ကြိုတင် ထိန်းသိမ်းထားတာက ပိုကောင်းလိမ့်မယ်လို့ ဂွန်ဆူက ပြောတယ်။

မျက်လုံးတွေကို ပိတ်ထားရင်းနဲ့ မာရူးက အဲဒီဇာတ်ဝင်ခန်းကို သူ့ရဲ့ စိတ်ကူးထဲမှာ နောက်တစ်ကြိမ် ပြန်လည် ပုံဖော်ကြည့်နေမိပါတယ်။

* * * * * * * * *

All Chapters