← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း(၂၈၃)

ဖြောင်း….

ကားတစ်ချက် ပြင်းပြင်းထန်ထန် လှုပ်ခါသွားမှုကြောင့် မာရူး လန့်နိုးလာခဲ့တယ်။ ရွှေဝါရောင် သမ်းနေတဲ့ မိုးကောင်းကင်ကြီးကို သူ ခေတ္တမျှ ငေးကြည့်နေပြီးမှ ခေါင်းကို ညာဘက်ဆီ လှည့်လိုက်တယ်။ အမေတွေရဲ့ လက်ကိုဆွဲပြီး အိမ်ပြန်နေကြတဲ့ ကလေးတွေကို သူ မြင်လိုက်ရတယ်။ ဒီနေ့က ထူးခြားတဲ့ နေ့တစ်နေ့မို့လို့လားတော့မသိဘူး၊ ကလေးတွေက လက်ထဲမှာ ပူဖောင်းကိုယ်စီနဲ့ပေါ့။ အဝေးပြေးလမ်းမကြီးပေါ်ကနေ အပြင်ကို ထွက်လာခဲ့ကြပြီ ထင်ရတယ်။

“နိုးပြီလား”

“ဟုတ်ကဲ့။ ကျွန်တော်တို့ ဘယ်ရောက်နေတာလဲဟင်။ ရောက်ပြီလား”

“ယောင်းဒေါ့ ထဲ ရောက်နေပြီ။ ရောက်ဖို့ နီးနေပါပြီ”

မာရူးက နာရီကို လှမ်းကြည့်လိုက်တယ်။ ညနေ ၅ နာရီ ၁၂ မိနစ် ရှိနေပြီပေါ့။ သူ အညောင်းပြေအောင် လည်ပင်းကို ဆန့်ထုတ်လိုက်မိတယ်။

“ဗိုက်ဆာနေပြီ မဟုတ်လား”

“ဟုတ်တယ်။ အခုမှ နိုးတာဆိုတော့”

“ရောက်ရင် တစ်ခုခု စားရမှာပါ။ ဒီတစ်ခေါက် စာချုပ်ချုပ်ထားတဲ့ ထမင်းကျွေးတဲ့အဖွဲ့က ဟင်းချက် တော်တော်ကောင်းတယ်ဗျ”

ဂွန်ဆူက ပြတင်းပေါက်ကို ဖွင့်ရင်း ပြုံးပြီး ပြောလိုက်တယ်။

“ယောင်းဒေါ့ လို့ ပြောတယ်နော်။ ဒါဆို ပင်လယ်နဲ့ နီးနေပြီပေါ့ ဟုတ်လား”

“ဟိုဘက်တောင်ကို ကျော်လိုက်ရင်ပဲ ပင်လယ်ကို မြင်ရလိမ့်မယ်”

“ဒါဆို ပင်လယ်ဇာတ်ဝင်ခန်းကိုလည်း ဒီမှာပဲ ရိုက်မှာပေါ့”

“ရိုက်ကွင်းတွေကို ခဏခဏ ပြောင်းနေလို့ မရဘူးလေ။ ဒါကြောင့် အဲဒီဇာတ်ဝင်ခန်းကိုလည်း ဒီမှာပဲ ရိုက်ဖို့ များပါတယ်။ နောက်နှစ်ရက်နေရင် အဖိုးကြီးက ငါ့ကို တူနဲ့ ထုသတ်မယ့် ဇာတ်ကွက်ပေါ့”

“ဟာဟား”

ဂွန်ဆူက လက်တစ်ဖက်နဲ့ ကားမောင်းကိုင်ရင်း ကျန်တဲ့လက်တစ်ဖက်နဲ့ သူ့ရဲ့ ပုခုံးကို သာသာလေး နှိပ်နေတယ်။ ငါးနာရီကျော်ကျော်လုံးလုံး ကားမောင်းလာခဲ့တာဆိုတော့ သူ ပင်ပန်းနေတာကလည်း သဘာဝကျပါတယ်။

“ကျွန်တော် မောင်းပေးရမလား”

“မောင်းချင်လို့လား” လို့ ဂွန်ဆူက စတီယာရင်ပေါ်ကနေ လက်တွေကို ဖယ်ရင်း မေးလိုက်တယ်။

မာရူးက ဘယ်ဘက်လက်နဲ့ စတီယာရင်ကို လှမ်းကိုင်လိုက်တယ်။ စတီယာရင်ရဲ့ သားရေအတွေ့အထိကို ခံစားရတာ တော်တော်လေး ကြာခဲ့ပြီလေ။ လူတွေ နေထိုင်တဲ့ ရပ်ကွက်ထဲ မဟုတ်တာကြောင့် လူတွေ ချက်ချင်း ထွက်လာမှာမျိုးကိုလည်း စိုးရိမ်စရာ မရှိပါဘူး။ သူတို့အရှေ့မှာ ရှိနေတာကတော့ အဆုံးမရှိ ကျယ်ပြန့်နေတဲ့ လယ်ကွင်းပြင်ကြီးတွေနဲ့ လမ်းဘေးမီးတိုင်တွေတင်ပဲပေါ့။ အရှေ့တည့်တည့် လမ်းမကြီးမို့လို့ မာရူးအနေနဲ့ စတီယာရင်ကို တည့်တည့်လေးပဲ ထိန်းထားဖို့ လိုတယ်။

ဒီမှာတင်၊

“ရူးနေကြတာလား။ နင်တို့နှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ” ဆူယွန်းက အိပ်ရာကနေ လန့်နိုးလာပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာပေးနဲ့ အော်ဟစ်လိုက်တယ်။

“အော်... ကားမောင်းနေတာလေ”

“ငါ နည်းနည်း ပင်ပန်းလာလို့ မာရူးက ငါ့ကိုယ်စား ကားမောင်းပေးနေတာပါ”

ဒီယောက်ျားနှစ်ယောက်က ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ် ပြောနေတာကြောင့် ဆူယွန်းလည်း လက်မြှောက်အရှုံးပေးသလို သက်ပြင်းချလိုက်မိတယ်။

ကားအရှိန် လျော့ကျသွားတယ်။ လယ်ကွင်းတွေနဲ့ နီးကပ်လာတာကြောင့် လမ်းကလည်း ကျဉ်းမြောင်းလာတယ်။ ကားတစ်စီးစာပဲ မဆိုစလောက် ဖြတ်သန်းနိုင်တဲ့ လမ်းကလေးပဲ။ မာရူးက ဂွန်ဆူကို လှမ်းကြည့်လိုက်တယ်။ အခုထိတော့ လမ်းက တည့်တည့်မို့လို့ စတီယာရင်ကို သိပ်ပြီး လှည့်စရာမလိုခဲ့ပေမဲ့ အခုလို ကျဉ်းမြောင်းတဲ့ လမ်းမျိုးကျတော့ ပိုပြီး အာရုံစိုက်ရမှာလေ။ ဂွန်ဆူက စတီယာရင်ကို ချက်ချင်း ပြန်ကိုင်လိမ့်မယ်လို့ သူ ထင်ထားပေမဲ့ ဂွန်ဆူကတော့ လက်ချောင်းချင်း ယှက်ပြီး ခေါင်းနောက်ပစ်ကာ လေချွန်နေလေရဲ့။

“တကယ်လို့ ကားမှောက်သွားရင် ဘယ်လိုလုပ်မလဲ”

“မှောက်ရင်လည်း မှောက်တယ်။ အဲဒါက ဆိုးတာမှ မဟုတ်တာ။ တကယ်တော့ ပျော်စရာတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရလို့ ငါတောင် မျှော်လင့်နေမိသေးတယ်”

အဲဒီစကားကို ကြားလိုက်ရတော့ ဆူယွန်းက ဂွန်ဆူ့ကို အခုချက်ချင်း ကားပြန်မောင်းပါတော့ဆိုပြီး အော်ဟစ်ပါတော့တယ်။ အဲဒီအချိန်မှာပဲ ကားက ရပ်မသွားဘဲ ကျဉ်းမြောင်းတဲ့ လမ်းထဲကို ဝင်သွားခဲ့ပြီပေါ့။ ဂွန်ဆူကတော့ ပြုံးပြုံးလေးနဲ့ ဂီယာတွေကိုပဲ ထိန်းချုပ်ပေးနေတယ်။

“ကျွန်တော် တကယ်ပဲ မောင်းလို့ရတာ သေချာလားဟင်”

“ရတာပေါ့”

အဲဒီလို တည်ငြိမ်လှတဲ့ အဖြေကို ကြားရတော့ မာရူးလည်း တခိခိ ရယ်ရင်း ဘယ်ဘက်လက်နဲ့ စတီယာရင်ကို အနည်းငယ်စီ ချိန်ညှိလိုက်တယ်။ သူက အတိတ်ဘဝတုန်းက သေလုမတတ် ကားမောင်းခဲ့ဖူးတာလေ။ လမ်းကို သေသေချာချာ ကြည့်ရင်း စတီယာရင်ကို သူ ထိန်းချုပ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ခြေထောက်ကလည်း စိတ်ကူးထဲက လီဗာနဲ့ ဘရိတ်တွေကို နင်းနေမိတယ်။ မိနစ်ငါးမိနစ်လောက် ကြာတော့ လမ်းက ပြန်ပြီး ကျယ်ပြန့်သွားခဲ့တယ်။

“ကံမကောင်းစွာပဲ ကားဆွဲတဲ့ကားကို ခေါ်စရာမလိုတော့ဘူးပေါ့” လို့ ဂွန်ဆူက စတီယာရင်ကို ပြန်ကိုင်ရင်း ပြောလိုက်တယ်။

ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ပြီး တစ်ချိန်လုံး စိုးရိမ်နေခဲ့တဲ့ ဆူယွန်းကတော့ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး တိတ်ဆိတ်သွားတယ်။ ဂွန်ဆူကို မီဆိုက လူရူးလို့ ခေါ်ခဲ့တာကို မာရူး ပြန်သတိရမိလိုက်တယ်။ သူက ရံဖန်ရံခါမှာ နားမလည်နိုင်တဲ့ ကိစ္စတွေကို လုပ်တတ်တယ်လို့ သူမက ပြောဖူးတာဖြစ်ပြီး အခု အခြေအနေကို မြင်လိုက်ရတော့ သူလည်း သဘောတူမိသွားတယ်။ ပါရမီရှင်တွေရဲ့ ခေါင်းထဲမှာ စိတ်ကူးတစ်ခုခု လွဲချော်နေတတ်တယ်လို့ ပြောကြတာရှိပြီး ရုပ်ရှင်လောကကို မုန်တိုင်းတစ်ခုလို သိမ်းပိုက်မယ့် ဂွန်ဆူကလည်း သာမန်လူတော့ မဟုတ်တာ သေချာပါတယ်။

“ဟိုဘက်မှာ လူတွေ စုနေကြပြီ ထင်တယ်”

သူတို့ အခု တောရွာလေးတစ်ရွာထဲကို ရောက်နေပြီဖြစ်ပြီး ဟောင်းနွမ်းနေတဲ့ အိမ်တန်းရှည်ကြီးတွေကို မြင်နေရတယ်။ အများစုကတော့ လူမနေတဲ့ အိမ်တွေပုံစံ ဖြစ်နေပေမဲ့ အိမ်တစ်အိမ်မှာတော့ မီးလင်းနေတယ်။ အဲဒီမီးရောင်အောက်မှာ လူတွေအများကြီး စုရုံးနေကြပြီး အများစုကတော့ အစားအသောက် စားနေကြတယ်။ သူတို့ဆီ ချဉ်းကပ်လာတဲ့ ကားကိုလည်း စိတ်ဝင်စားပုံမရကြဘဲ ကားဘက်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ကြဘဲ ဇွန်းကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတာပဲ။

ဂွန်ဆူက ပစ္စည်းကိရိယာတွေ တင်ထားတဲ့ ကားနဲ့ ခပ်လှမ်းလှမ်း နေရာတစ်ခုမှာ ကားကို ရပ်လိုက်တယ်။ မာရူးက တံခါးကို ဖွင့်ပြီး ကားပေါ်က ဆင်းလိုက်တယ်။ ပင်လယ်ကို မမြင်ရသေးပေမဲ့ လေထုထဲမှာ ပင်လယ်နံ့ကို ရနေသလို သူ ခံစားလိုက်ရတယ်။ နေဝင်တော့မယ့် ဘက်ရဲ့ ဆန့်ကျင်ဘက်ဆီကို သူ ကြည့်လိုက်ပြီး ရိုက်ကွင်းဘက်ဆီ လျှောက်သွားလိုက်တယ်။

“ရောက်လာပြီလား”

ဝန်ထမ်းတွေက ဂွန်ဆူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ အချို့ကတော့ ထရပ်ပြီး လက်ချင်းရိုက် နှုတ်ဆက်ရလောက်အောင်အထိ ရင်းနှီးတဲ့ ပုံစံမျိုးပေါ့။ အဲဒီအချိန်မှာပဲ ဆူယွန်းကတော့ သူတို့ကို ပြုံးပြပြီး အသာလေး ဖြတ်ကျော်သွားတယ်။ ဝန်ထမ်းတွေကလည်း ဆူယွန်းကို ခေါင်းညိတ်ရုံတင် နှုတ်ဆက်ကြတယ်။

“မင်းက နောက်နှစ်ရက်နေမှ လာရမှာ မဟုတ်ဘူးလား”

“စောစောလာတာ ပိုကောင်းပါတယ်။ ငါက သရုပ်ဆောင်ပိုင်း ညံ့တာမို့လို့ နောက်ကျရင် ပိုပြီး အမုန်းခံရလိမ့်မယ်”

“ငါတို့ရဲ့ အချစ်တော် သရုပ်ဆောင်ဟောင် က သရုပ်ဆောင် ညံ့တယ်လို့ ဘယ်သူက ပြောတာလဲ”

“ဒါရိုက်တာက ပြောတာလေ။ မင်းက အခု ငါ့ကိုယ်စား သူ့ကို လှမ်းပြောပေးမလို့လား”

“အာ... ကျွန်တော်ကတော့ ပိုက်ဆံ ဆက်ရှာရဦးမှာမို့လို့...”

သူတို့ ရယ်မောရင်းနဲ့ပဲ ဂွန်ဆူက မာရူးကို လက်လှမ်းပြလိုက်တယ်။ မာရူးက လျှောက်သွားပြီး ဂွန်ဆူ့ဘေးမှာ ရပ်လိုက်တယ်။

“သူက ငါ့ကုမ္ပဏီက အဖွဲ့ဝင်သစ်လေးလေ။ တော်တော်လေးလည်း ထက်မြက်တဲ့ ကောင်လေးမို့လို့ စောင့်ရှောက်ပေးကြပါဦး။ ဒီနေ့က သူ့အတွက် ပထမဆုံးနေ့မို့လို့ အမှားအယွင်း ရှိရင်လည်း ခွင့်လွှတ်ပေးကြပါဦးနော်။ မာရူး... သူတို့က မီးပိုင်းဆိုင်ရာအဖွဲ့က လူတွေလေ။ Illumination ဆိုတဲ့ ကုမ္ပဏီက ဒီနယ်ပယ်မှာတော့ တော်တော်လေး နာမည်ကြီးကြတယ်”

“မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော့်နာမည် ဟန်မာရူး ပါ”

မာရူးက ထိုအမျိုးသား သုံးယောက်ကို အရိုအသေပေး နှုတ်ဆက်လိုက်တယ်။ သူတို့ထဲမှာ အသက်အကြီးဆုံးပုံရတဲ့ အမျိုးသားက လက်လှမ်းပြီး နှုတ်ဆက်လာတယ်။

“တွေ့ရတာ ဝမ်းသာပါတယ်။ ဂွန်ဆူက ဒီလောက်အထိ စောင့်ရှောက်ပေးနေတာကို ကြည့်ရရင် မင်းက မျှော်လင့်ချက်ရှိတဲ့ သရုပ်ဆောင်သစ်တစ်ယောက် ဖြစ်လိမ့်မယ်။ ရိုက်ကွင်းတွေမှာ မကြာခဏ ဆုံချင်ပါသေးတယ်။ ငါ့နာမည်က ကင်ဂျင်ဟွမ် ပါ”

“ငါကတော့ ဟွမ်ဂျောင်ဂူ ပါ”

“ငါကတော့ အိုဂျီဟွန်း ပါ”

မာရူးက မီးပိုင်းဆိုင်ရာအဖွဲ့က လူသုံးယောက်လုံးကို မှတ်သားထားလိုက်တယ်။ ဘယ်လို ပတ်သက်မှုမျိုးမဆို တစ်ဖက်လူရဲ့ နာမည်ကို မှတ်မိခြင်းကနေ စတင်တာမျိုးလေ။ နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါ နာမည်ကို မမှတ်မိရင် မကောင်းတဲ့ ပုံရိပ် ဖြစ်သွားစေနိုင်တာမို့ သူ သတိထားရမယ်။

“ညစာကော စားပြီးပြီလား”

“ဒီမှာပဲ စားဖို့ စိတ်ကူးထားတာမို့ မစားရသေးပါဘူး”။ ဒီတစ်ခေါက် ရှုတင်ထမင်းက Flourish Food Truck က မဟုတ်လား”

“အေး ဟုတ်တယ်”

အသက်လတ်ပိုင်း အမျိုးသား ညွှန်ပြတဲ့ နေရာမှာ လူတွေ စုရုံးနေကြတယ်။

“သွားကြစို့ မာရူး”

မာရူးလည်း ဂွန်ဆူ့နောက်ကနေ ရှုတင်ထမင်းကျွေးတဲ့ ကားဆီ လိုက်သွားခဲ့တယ်။ တစ်ချိန်လုံး သူတို့နောက်က လိုက်လာတဲ့ ဆူယွန်းကတော့ မျက်စိအောက်ကနေ ပျောက်ကွယ်သွားခဲ့ပြီပေါ့။ သူမက သူ သတိရနေမယ့် လူမျိုး မဟုတ်တာကြောင့် မာရူးလည်း လိုက်မရှာတော့ပါဘူး။

စားဖိုမှူးထုပ် ဆောင်းထားတဲ့ အမျိုးသားတစ်ယောက်က သူတို့ကို ပြုံးပြီး နှုတ်ဆက်တယ်။ သူ့အရှေ့မှာတော့ အရသာရှိမယ့် ပုံစံရှိတဲ့ အစားအသောက်မျိုးစုံ ရှိနေတယ်။ မာရူးက ပန်းကန်ပြားအဝိုင်းတစ်ခုကို ယူပြီး အစားအစာတွေကို ထည့်လိုက်တယ်။ ကြည့်ရတာရော အနံ့ကော တကယ်ကို ကောင်းလွန်းလှပါတယ်။

ထိုင်ခုံအလွတ် မရှိတာကြောင့် မာရူးလည်း တခြားလူတွေလိုပဲ ကြမ်းပြင်ပေါ်မှာပဲ ထိုင်လိုက်တယ်။ သူက သစ်ပင်ကြီးတစ်ပင်ကို မှီထားရင်း ဂွန်ဆူ လာမယ့်အချိန်ကို စောင့်နေတယ်။

“နေရာကောင်းလေးပဲ” လို့ ဂွန်ဆူက ကြမ်းပြင်ပေါ် ထိုင်ရင်း ပြောလိုက်တယ်။

“ကောင်းကောင်း သုံးဆောင်ပါ ခင်ဗျာ”

“မင်းလည်း ကောင်းကောင်း စားနော်”

မာရူးက ဝက်အူချောင်းကြော်ကို တစ်ကိုက် ကိုက်လိုက်ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ်။ သရုပ်ဆောင်တွေကို ဘယ်နားမှာမှ ရှာမတွေ့တာကြောင့် သူတို့က တခြားနေရာတစ်ခုခုမှာ စားနေကြတာ ဖြစ်လိမ့်မယ်။ သူ့ရဲ့ ဘယ်ဘက်မှာ အပြာရောင် တဲတစ်တဲ ရှိနေပြီး သရုပ်ဆောင်တွေက အဲဒီထဲမှာ ရှိနေကြလိမ့်မယ်လို့ သူ ခန့်မှန်းလိုက်တယ်။

“မီးပိုင်းဆိုင်ရာအဖွဲ့မှာ လွန်ခဲ့တဲ့ တစ်ခေါက်က လူသုံးယောက်ပဲ ရှိတာလားဟင်” လို့ သူ အစားအသောက်တွေကို ဆက်စားရင်း မေးလိုက်တယ်။

ပတ်ဝန်းကျင်မှာ လေးလံမယ့် ပုံစံရှိတဲ့ မီးပိုင်းဆိုင်ရာကိရိယာတွေအများကြီး ရှိနေတယ်။ အဲဒီသုံးယောက်တည်းနဲ့တင် ဒီမီးပိုင်းဆိုင်ရာ ကိရိယာတွေကို အကုန် သယ်လာကြတာတဲ့လား။

“မဖြစ်နိုင်တာ။ ခုနက လူသုံးယောက်က အဖွဲ့ A လေ။ အဖွဲ့ B ကတော့ ဟိုဘက်မှာ ရှိတယ်။ ဟိုဘက်က ကားကို မြင်လား။ အဲဒါက မီးစက်ကားလေ။ သူ့ဘေးက ကားကတော့ မီးတွေကို အပေါ်ကို မြှင့်တင်ပေးမယ့် ကရိန်းကားပေါ့။ သူ့ဘေးက ကားကတော့ ကိရိယာတွေ တင်တဲ့ကားပေါ့။ အဲဒါတွေ အကုန်လုံးကို စုပေါင်းပြီး မီးပိုင်းဆိုင်ရာဌာနလို့ ခေါ်တာ”

“အော်... အဲလိုမျိုးကိုး”

“ဒါပေမဲ့ အဖွဲ့လို့ ခေါ်ကြပေမဲ့ အများစုကတော့ အချိန်ပိုင်း အငှားအလုပ်သမားတွေပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က မင်းမြင်ခဲ့တဲ့ လူသုံးယောက်က ရုပ်ရှင်ရိုက်ကူးဖို့အတွက် လူတွေကို ငှားရမ်းတာ ရုပ်ရှင်ပြီးသွားရင်တော့ သူတို့က လူစုခွဲလိုက်ကြတယ်။ အလုပ်က ပင်ပန်းလွန်းတာမို့ လမ်းတဝက်မှာတင် စွန့်လွှတ်သွားကြတဲ့လူတွေ အများကြီးပဲ။ ရိုက်ကွင်းတစ်ခုမှာ တွေ့ခဲ့တဲ့လူကို နောက်ထပ် ရိုက်ကွင်းတစ်ခုမှာ ထပ်တွေ့ရဖို့ဆိုတာ တော်တော်လေး ရှားပါတယ်”

စကားပြောပြီးတဲ့နောက် ဂွန်ဆူက ပျော်ရွှင်တဲ့ မျက်နှာပေးနဲ့ အစားအသောက်တွေကို ဆက်စားနေတယ်။

“ရုပ်ရှင်တစ်ကားတည်းအတွက်ကို လူတွေ အများကြီးပဲနော်”

တစ်ချက် ကြည့်လိုက်ရုံတင် အခုအချိန်မှာ လူတစ်ရာကျော်လောက် ညစာ စားနေကြတယ်။ ရယ်မောပြီး စကားပြောနေကြတဲ့ လူတွေ ရှိသလို တိတ်တိတ်ဆိတ်ဆိတ် စားနေကြတဲ့ လူတွေလည်း ရှိတယ်။ သူတို့ အားလုံးက တစ်နာရီ မိနစ် ၂၀ လောက်၊ ဒါမှမဟုတ် အလွန်ဆုံး နှစ်နာရီလောက်ပဲ ကြာမယ့် ရုပ်ရှင်တစ်ကားကို အပြီးသတ်ဖို့အတွက် ဒီနေရာမှာ စုရုံးနေကြတာလေ။

“ရုပ်ရှင်တွေမှာဆိုရင် အရှေ့က ပေါ်နေတဲ့လူတွေထက် အနောက်ကနေ လုပ်ဆောင်ပေးနေရတဲ့ လူတွေက ပိုများတာပေါ့” လို့ ဂွန်ဆူက ဇွန်းကို ချရင်း ပြောလိုက်တယ်။

“ရုပ်ရှင်တိုင်း မစတင်ခင် ပထမဆုံး လုပ်ရမယ့်အလုပ်ကတော့ ဝန်ထမ်းတွေနဲ့ အတူတူ အခုလိုမျိုး ထမင်းစားကြတာပဲ။ အဲဒီအခါကျမှ ကင်မရာအရှေ့မှာ ပေါ်လာမယ့်လူက ၃၀၊ ၄၀ လောက်ပဲ ရှိနိုင်ပေမဲ့ အနောက်ကွယ်မှာ လုပ်ဆောင်ပေးနေရတဲ့ လူတွေက အနည်းဆုံး ၁၀ ဆလောက် ပိုများတယ်ဆိုတာကို သဘောပေါက်သွားကြတာမျိုးလေ”

ဂွန်ဆူ့ရဲ့ မျက်နှာပေးက တည်ငြိမ်လှပါတယ်။ လမ်းလယ်ခေါင်မှာ မာရူးကို စတီယာရင် ပေးကိုင်ခဲ့တဲ့ နောက်ပြောင်တတ်တဲ့ ဂွန်ဆူနဲ့ အခုလို ကွဲပြားနေတာက အံ့ဩစရာတောင် ကောင်းနေတယ်။

“ရုပ်ရှင်သာ ပျက်စီးသွားရင် နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးဝံ့စရာပဲနော်”

“ဟင်း... မဟုတ်ပါဘူး။ ပုံမှန်အားဖြင့်တော့ ရုပ်ရှင် ရှုံးသွားရင်တောင် ဝန်ထမ်းတွေကတော့ အခြေအနေ မဆိုးကြပါဘူး။ ရုပ်ရှင် အောင်မြင်တာဖြစ်ဖြစ် ရှုံးတာဖြစ်ဖြစ် သူတို့ကတော့ သူတို့ရဲ့ လုပ်ခလစာကို ရကြတာပဲလေ။ ဒါပေမဲ့ ရံဖန်ရံခါမှာ မင်းအခုပြောသလိုမျိုး အကြီးအကျယ် ဖျက်ဆီးပစ်တတ်တဲ့ ထုတ်လုပ်သူမျိုးတွေ ရှိတတ်တယ်။ ဘတ်ဂျက်မရှိဘဲနဲ့ ရုပ်ရှင်တွေကို ရိုက်ကူးတတ်တဲ့ အမှိုက်လို လူမျိုးတွေပေါ့။ အဲဒီလို ကောင်တွေကြောင့်ပဲ မလိုလားအပ်ဘဲ အကြွေးတွေ တင်သွားကြတဲ့ လူတွေ အများကြီး ရှိတာ” လို့ ပြောပြီးနောက် ဂွန်ဆူက ခါးသီးတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်တယ်။

“ဒါကြောင့်မို့လို့ ငါတို့က ဒီရုပ်ရှင် အောင်မြင်အောင် အစွမ်းကုန် ကြိုးစားရမှာပေါ့။ အဲလို ဖြစ်ဖို့အတွက် ငါတို့က အစွမ်းကုန် ကြိုးစားရမယ်... မဟုတ်သေးပါဘူး၊ ဒီလူတွေ ဖန်တီးပေးထားတဲ့ စင်မြင့်ကြီး ပျက်စီးမသွားအောင် အကောင်းဆုံး သရုပ်ဆောင်မှုကို ပြသရမယ်။ အဲဒါက စာချုပ်ခတွေနဲ့ ရှင်သန်နေကြတဲ့ လူတွေရဲ့ တာဝန်ပဲလေ”

တာဝန်။

မာရူးက ခေါင်းညိတ်လိုက်တယ်။ တကယ်လို့ သူ့မှာ သာမန်ဇာတ်ကောင်နေရာလေးပဲ ရထားတာမို့လို့ ဆိုပြီး အလုပ်ကို ပေါ့ပေါ့ဆဆ လုပ်လိုက်ရင် အဲဒါက ဒီလူတွေအားလုံးအပေါ် မရိုမသေ ပြုမူရာ ရောက်သွားလိမ့်မယ်။ သူ လုပ်နိုင်သမျှထက်ကို အကောင်းဆုံး အဆင့်အတန်းတစ်ခု ဖြစ်အောင် သူ လုပ်ရမယ်။ ဒါက အထက်တန်းကျောင်းက သရုပ်ဆောင်ကလပ် မဟုတ်ဘဲ တကယ့် ပိုက်ဆံတွေ ပါဝင်ပတ်သက်နေတဲ့ ရုပ်ရှင်အစစ်အမှန်ကြီးလေ။ လူတွေက လုပ်ဆောင်မှု အဆင့်ဆင့်ထက် ရလဒ်ကိုပဲ တန်ဖိုးထားကြပြီး ကြိုးစားမှုထက် အောင်မြင်မှုကိုပဲ ကြည့်ကြတာမျိုးမို့ပဲ

ချယ်ရီခရမ်းချဉ်သီးလေးတွေနဲ့ အစားအသောက်ကို အဆုံးသတ်ခါနီးမှာပဲ တဲထဲကနေ လူတွေ ထွက်လာတာကို သူ မြင်လိုက်ရတယ်။ ဝန်ထမ်းတွေက ဖုန်းထဲက နာရီကို ကြည့်ပြီး အမှိုက်တွေကို စတင် သိမ်းဆည်းနေကြပြီပေါ့။

“ရိုက်ကူးရေးက ပြန်စတော့မယ့် ပုံပဲ။ ဒီဇာတ်ဝင်ခန်း ပြီးရင်တော့ မင်းရဲ့ အလှည့် ရောက်ပြီနော်”

“ဒါဆို ကျွန်တော် ဇာတ်ညွှန်းကို နောက်တစ်ခေါက်လောက် ပြန်ကြည့်လိုက်ဦးမယ်”

“ဇာတ်ညွှန်းထက်စာရင် Storyboardကို ကြည့်တာက ပိုကောင်းပါတယ်။ အဲဒီထဲမှာ ကင်မရာထောင့်တွေ ပါတာမို့လို့ မင်းအတွက် ပုံဖော်ရတာ ပိုပြီး လွယ်ကူလိမ့်မယ်။ ရိုက်ကူးနေတုန်းမှာ ဒါရိုက်တာက ရှင်းပြပေးမှာ ဖြစ်ပေမဲ့ မသိဘဲ နားထောင်တာနဲ့ သိပြီးမှ နားထောင်တာက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းလို့လေ”

“ဟုတ်ကဲ့ပါ”

ဂွန်ဆူ လှမ်းပေးလာတဲ့ Storyboardကို မာရူး လှန်လှောကြည့်လိုက်တယ်။ ရိုက်ကွင်းတစ်ခုလုံးလည်း ဆူညံသံတွေနဲ့ ပြည့်နှက်လာတယ်။

“ဟေ့... မျက်နှာပြင်ကို ပြန်ညှိရမယ်”

“ကရိန်းက လှုပ်နေတယ်”

“ကြိုးမဲ့မိုက်ကို ယူလာခဲ့”

“လူတိုင်းရဲ့ အဝတ်အစားတွေကို သေသေချာချာ စစ်ဆေးကြဦး”

နေရာအနှံ့ကနေ ဆူညံသံတွေ ကြားနေရပေမဲ့ ရှုပ်ပွနေတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ခဏလောက် ကြာတော့ ဆူညံသံတွေ ငြိမ်ကျသွားခဲ့တယ်။ အဲဒီနောက်မှာတော့ မီးလုံးတွေက တစ်လုံးချင်းစီ လင်းထိန်လာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း အနည်းငယ် ပိုပြီး လင်းထိန်သွားခဲ့တယ်။

“မစတင်ခင်မှာ သွားပြီး နှုတ်ဆက်လိုက်ဦးလေ”

ဂွန်ဆူက ဘောင်းဘီကို ပုတ်ရင်း ထရပ်လိုက်တယ်။ ဘယ်သူ့ကို သွားပြီး နှုတ်ဆက်ရမလဲဆိုတာက ရှင်းနေတာမို့ သူ ထပ်မမေးတော့ပါဘူး။ ဂွန်ဆူနဲ့အတူ တဲရှိရာဘက်ဆီ သူ လျှောက်သွားလိုက်တယ်။ အလုပ်ရှုပ်နေကြတဲ့ လူတွေကို ရှောင်ကွင်းရင်း တဲထဲကို သူ ခေါင်းပြူးကြည့်လိုက်တယ်။

အဖိုး မွန်ဂျောင် ကတော့ အိုးတစ်လုံး တင်ထားတဲ့ ဂတ်စ်မီးဖိုလေးရဲ့ ဘေးမှာ ထိုင်နေတယ်။ သူ့ဘေးနားမှာလည်း သရုပ်ဆောင်တွေ အများကြီး ရှိနေတယ်။

“ကျွန်တော် ရောက်ပါပြီ ဆရာ”

“အော်... ရောက်လာပြီလား”

မွန်ဂျောင် က ဇာတ်ညွှန်းစာအုပ်ကို ပိတ်ပြီး သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ မာရူးလည်း ဦးညွှတ်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။

“ကျွန်တော်လည်း ရောက်ပါပြီ အဘိုး”

“အေး အေး... နောက်ဆုံးတော့ မင်းကို ရိုက်ကွင်းမှာ တွေ့ရပြီပေါ့။ လာရတာ ပင်ပန်းသွားလား”

“ဆရာ... ကျွန်တော် တကယ်ပဲ ဝမ်းနည်းရပါတယ်။ သူ့ကို ဒီအထိ ကားမောင်းပြီး လိုက်ပို့ပေးခဲ့တာက ကျွန်တော်ပါ” လို့ ဂွန်ဆူက ခေါင်းခါရင်း ပြောလိုက်တယ်။

“ဟာဟား... ဟုတ်သားပဲ။ မင်း ပင်ပန်းသွားပြီ ထင်တယ် ဂွန်ဆူ။ မင်းတို့နှစ်ယောက်လုံး ညစာ စားပြီးကြပြီလား”

“ဟုတ်ကဲ့ စားပြီးပါပြီ”

မွန်ဂျောင် ရဲ့ နောက်မှာ ထိုင်နေကြတဲ့ သရုပ်ဆောင်တွေကိုလည်း မာရူး လှမ်းပြီး နှုတ်ဆက်လိုက်တယ်။ သူ တစ်ခါမှ မမြင်ဖူးသေးတဲ့ သရုပ်ဆောင်တွေလည်း ပါတယ်။ သူတို့က သာမန်ဇာတ်ကောင်နေရာ၊ ဒါမှမဟုတ် သူ့လိုပဲ အရံဇာတ်ကောင်နေရာတွေ ဖြစ်လိမ့်မယ်လို့ သူ ခန့်မှန်းလိုက်မိတယ်။

“ဇာတ်တိုက်လေ့ကျင့်ဖို့ ပြင်ဆင်ပေးကြပါဦး”

လူတစ်ယောက်က တဲထဲ ဝင်လာပြီး တိုးတိုးလေး လှမ်းပြောတယ်။ သရုပ်ဆောင်တွေအားလုံး ထရပ်လိုက်ကြတယ်။

“ကဲ... ဒါဆိုလည်း မာရူး။ နောက်မှ တွေ့ကြတာပေါ့”

“ဟုတ်ကဲ့ပါ အဘိုး”

“ဂွန်ဆူ... ငါ မှတ်မိသလောက်ဆိုရင် မင်းက သဘက်ခါမှ ရိုက်ရမှာ မဟုတ်ဘူးလား”

“ဟုတ်ပါတယ်။ နောက်နှစ်ရက်နေရင် ကျွန်တော် အဘိုးရဲ့ ထုသတ်တာကို ခံရတော့မှာလေ။ နည်းနည်းလောက် လျှော့ပေးပါဦးနော်”

“အော်... မရပါဘူး။ ငါ့ရဲ့ အင်အားတွေအကုန် သုံးရမှာပေါ့။ သဘာဝကျကျလေး သေပေးပါဦး ဟာဟား”

“ရက်စက်လိုက်တာဗျာ။ ကျွန်တော်က အဘိုးရဲ့ သားပဲဥစ္စာ”

မွန်ဂျောင် က ရယ်မောရင်းနဲ့ပဲ တဲထဲကနေ ထွက်သွားခဲ့တယ်။ မာရူးလည်း သူ့နောက်ကနေ ဂရုတစိုက် လိုက်သွားတယ်။ လမ်းမှာ ဆုံတဲ့ ဝန်ထမ်းအချို့ကိုလည်း သူ နှုတ်ဆက်လိုက်ပြီး မကြာခင်မှာပဲ ရိုက်ကူးရေးက စတင်ခဲ့ပါတော့တယ်။

မီးရောင်အောက်က မွန်ဂျောင် ကို ကြည့်ရင်း မာရူး တိတ်ဆိတ်သွားမိတယ်။ စက်ကိရိယာတွေရဲ့ သဲ့သဲ့အသံတွေကြားထဲကနေ ဒါရိုက်တာရဲ့ အချက်ပြသံကို သူ ကြားလိုက်ရတယ်။

“သနားစရာကောင်းလိုက်တာ... တကယ်ကို သနားစရာကောင်းလှချည်ရဲ့”

စိတ်ပျက်အားငယ်နေတဲ့ အသံတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့တယ်။

မာရူးလည်း အဲဒီနေရာရဲ့ လေထုကို ခံစားရင်း မွန်ဂျောင် ရဲ့ သရုပ်ဆောင်မှုအပေါ်ကိုပဲ အာရုံအပြည့် စူးစိုက်လိုက်ပါတော့တယ်။

* * * * * * * * *

All Chapters