အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း(၂၈၄)
မီးလုံးအောက်မှာ ပျံသန်းနေတဲ့ ပိုးဖလံလေးတစ်ကောင်က ဖြည်းဖြည်းချင်း အောက်ကို ကျလာတယ်။ သစ်ရွက်ခြောက်ကလေးတစ်ရွက်လိုပဲ၊ လေတစ်ချက်အဝှေ့မှာ အပေါ်ကို ပြန်လွင့်တက်သွားပြီးမှ ကင်မရာကိုင်ထားတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဆံပင်ပေါ်ကို တကျော့ပြန် ပြုတ်ကျသွားပြန်တယ်။ ကင်မရာဆရာက သူ့ခေါင်းပေါ် တစ်စုံတစ်ခု လာနားတာကို ခံစားမိမှာ သေချာပေမဲ့ ကင်မရာထဲကိုပဲ စိုက်ကြည့်မြဲ စိုက်ကြည့်နေတယ်။ သူ့ဆံပင်ပေါ် ကျနေတဲ့ ပိုးဖလံလေးက အတောင်ပံတွေကို တဖျတ်ဖျတ် ခတ်ပြီး အပေါ်ကို ပြန်ပျံတက်သွားတယ်။ မာရူးက ပိုးဖလံလေးဆီကနေ မျက်လုံးလွှဲပြီး သူ့အရှေ့တည့်တည့်ကို ကြည့်လိုက်တယ်။ မွန်ဂျောင် က ဒါရိုက်တာနဲ့ စကားပြောလို့ ပြီးသွားပြီး စက္ကူဂျုံဖတ်အစအနတွေ ရှိရာဆီကို ပြန်လျှောက်သွားတယ်။ သံလမ်းပေါ်က ကင်မရာကလည်း မွန်ဂျောင် နဲ့ အကွာအဝေး တစ်သမတ်တည်းဖြစ်အောင် လိုက်ပါသွားတယ်။ စက္ကူစုတ်တွေကြားထဲမှာ ရပ်နေတဲ့ မွန်ဂျောင် က သူ့အတွက် အချိန်နည်းနည်း ထပ်လိုသေးတယ်လို့ လက်ဟန်ခြေဟန် ပြလိုက်တယ်။ ဒါရိုက်တာက ခေါင်းညိတ်ပြတာကို မာရူး မြင်လိုက်ရတယ်။
ဒီတစ်ခေါက်တော့ အိုကေအချက်ပြချက် ရပါ့မလား။ မာရူး ကြည့်ရသလောက်တော့ ဒါရိုက်တာက သူရလိုက်တဲ့ ရိုက်ချက်အပေါ် သဘောကျနေတဲ့ ပုံပဲ။ ပြဿနာက မွန်ဂျောင် ကိုယ်တိုင်က အားမရသေးတယ်။
“ဒီနေ့လည်း တော်တော်နဲ့ ပြီးမှာ မဟုတ်ဘူးထင်တယ်”
“အင်းလေ... ဒါမျိုးက တစ်ခါနှစ်ခါတင် ဖြစ်ဖူးတာမှ မဟုတ်တာ”
“ငါ့ကို ချောကလက်တောင့်လေး တစ်ဗူးလောက် ပေးပါဦး။ သကြားဓာတ်တွေ လျော့နည်းလာပြီ”
“ညစာစားပြီးတာ ဘယ်လောက်မှတောင် မရှိသေးဘူးလေ။ ဘာလို့ အခုကတည်းက သကြားဓာတ်တွေ ကုန်ခမ်းနေရတာလဲ”
ဝန်ထမ်းတွေက မုန့်တွေနဲ့ အချိုရည်တွေကို ထုတ်စားနေကြပြီ။ ည ၁၀ နာရီကျော်နေပြီလေ။ မနက်ကတည်းက ရိုက်ကူးရေး စခဲ့တာဆိုတော့ အခုဆို အလုပ်လုပ်နေတာ ၁၂ နာရီကျော်သွားပြီပေါ့။
မာရူးက သူ့ဆီ လှမ်းပေးလာတဲ့ ချောကလက်တောင့်ကို လှမ်းယူလိုက်တယ်။ ဂွန်ဆူက ပေးတာ။
“ဒီတစ်ခေါက်ကတော့ နောက်ဆုံးအကြိမ် ဖြစ်ရမယ်”
“ဘာရဲ့ နောက်ဆုံးအကြိမ်လဲဟင်”
“ရိုက်ကူးရေးလေ။ ဒီတစ်ကတ်ပြီးရင်တော့ သူတို့ နောက်ဇာတ်ဝင်ခန်းတစ်ခုဆီ ကူးကြလိမ့်မယ်”
ဂွန်ဆူ့ရဲ့ အသံက ‘မနက်ဖြန်ကျရင် နေထွက်လာလိမ့်မယ်’ လို့ ပြောနေသလိုမျိုးပဲ။ ဒီစကားကို ပြောတဲ့အချိန်မှာ သူ့မှာ အပြည့်အဝ ယုံကြည်ချက် ရှိနေတယ်။ သူက ဘာကို အခြေခံပြီး ဒီလိုတွေးလိုက်တာပါလိမ့်။ မာရူးက သူ့အကွာအဝေး ၁၀ မီတာလောက်မှာ ရှိနေတဲ့ မွန်ဂျောင် ကို လှမ်းကြည့်လိုက်တယ်။ မွန်ဂျောင် က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်နေတာမို့ မာရူးအနေနဲ့ သူ့ဆီက ဘာခံစားချက်ကိုမှ ဖတ်လို့မရပါဘူး။ သူ ဒီဇာတ်ဝင်ခန်းကို လေးခေါက်လောက် ရိုက်ခဲ့တုန်းကနဲ့လည်း ဘာမှ ကွာခြားမနေပါဘူး။
“ကြည့်နေလိုက်” လို့ ဂွန်ဆူက ပြောတယ်။
‘ကြည့်နေလိုက်’ တဲ့ - မာရူးက ခေါင်းညိတ်လိုက်တယ်။ ပါရမီရှင် အချင်းချင်းပဲ သိနိုင်တဲ့ အချက်ပြမှုမျိုး ရှိလို့ ဖြစ်လိမ့်မယ်။ သာမန်လူတစ်ယောက်အနေနဲ့တော့ ဘယ်လိုပဲ ကြိုးစားပါစေဦးတော့ နားလည်နိုင်မှာ မဟုတ်တာမို့ မာရူးလည်း ဆက်ပြီး စောင့်ကြည့်နေတာကပဲ ပိုကောင်းလိမ့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူက ပါးစပ်ထဲမှာ ချောကလက်ရဲ့ ပျစ်ချွဲချွဲ ကာရမေလ် အရသာကို လျှာနဲ့လှိမ့်ရင်း မွန်ဂျောင် ကို စိုက်ကြည့်နေမိတယ်။
ဒီမှာတင် မွန်ဂျောင် က သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်လိုက်တယ်။ ဒါရိုက်တာက ဝန်ထမ်းတွေကို အချက်ပြလိုက်ပြီး အဲဒီနောက်မှာတော့ ဆလိတ်ပြားဆီကနေ ဖြောင်းဆိုတဲ့ အသံ ထွက်လာတယ်။ ကင်မရာက စရိုက်နေပြီဖြစ်ပြီး မွန်ဂျောင် ကလည်း သူ့ရဲ့ သရုပ်ဆောင်မှုကို စတင်လိုက်တယ်။ မာရူးက ရိုက်ကူးရေးလုပ်နေတဲ့ နေရာနဲ့ တော်တော်လေး လှမ်းတာကြောင့် မွန်ဂျောင် ရဲ့ အသံကို သေချာမကြားရပေမဲ့ သူ့ရဲ့ သနားစရာကောင်းတဲ့ မျက်နှာပေးနဲ့ လျှောက်လှမ်းပုံတွေကို ကြည့်ရုံတင်ပဲ အမူအရာတွေရဲ့ အနောက်ကွယ်က စိတ်ခံစားမှုကို အပြည့်အဝ နားလည်နိုင်ပါတယ်။
“တော်တော်လေး ရှည်တာပဲနော်”
“ဒါက ဖြတ်တောက်မှုမရှိဘဲ တောက်လျှောက်ရိုက်တဲ့ ဇာတ်ကွက်လေ။ နှစ်မိနစ်အပြည့် ရှည်တာ။ ကင်မရာက ငါ့ရဲ့ ခေါင်းနောက်ပိုင်းကို နှစ်မိနစ်အပြည့် လိုက်ရိုက်နေမယ်လို့ စိတ်ကူးကြည့်ရုံတင်ပဲ ရင်တုန်ဖို့ ကောင်းနေပြီ” လို့ ဂွန်ဆူက မာရူးကို ကြည့်ရင်း ပြောလိုက်တယ်။
“ဖြတ်တောက်မှု တစ်ချက်ကလေးမှမရှိဘဲ နှစ်မိနစ်အပြည့် တစ်ယောက်တည်း သရုပ်ဆောင်ရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ မင်း သိလား”
“အမှန်အတိုင်း ပြောရရင်တော့ မသိဘူး။ ဒီရုပ်ရှင်ရဲ့ ကြာချိန်နဲ့ ယှဉ်ကြည့်ရင် နှစ်မိနစ်ဆိုတာ တကယ့်ကို အရေးပါပေမဲ့ အဲဒီနှစ်မိနစ်ကို ဘယ်လို ဇာတ်ရှိန်အပြည့် ဖြည့်ရမလဲဆိုတဲ့ ခက်ခဲမှုကိုတော့ ကျွန်တော် သေချာ နားမလည်သေးဘူး”
နှစ်မိနစ်။ သာမန် နေ့စဉ်ဘဝမှာတော့ နှစ်မိနစ်ဆိုတာ ဘာမှ မရှည်လျားပါဘူး။ ကောင်းကင်ကြီးကို ငေးကြည့်နေရုံတင်ပဲ ကုန်ဆုံးသွားနိုင်တဲ့ အချိန်ကလေးပေါ့။ ဒါပေမဲ့ မိနစ် ၈၀ ပဲ ကြာမယ့် ရုပ်ရှင်တစ်ကားထဲက နှစ်မိနစ်ဆိုရင်တော့ အခြေအနေက လုံးဝ ဥဿုံ ကွဲပြားသွားပြီလေ။
“ရုပ်ရှင်ရိုက်ကူးရေးတွေနဲ့ ရင်းနှီးလာတဲ့အခါကျရင် နှစ်မိနစ်ဆိုတာ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိအောင် ခက်ခဲလဲဆိုတာ မင်း သိလာလိမ့်မယ်။ အကြောက်ရဆုံး ကိစ္စကတော့ တစ်မိနစ်နဲ့ ၅၈ စက္ကန့် ရောက်ခါမှ အမှားအယွင်း ဖြစ်သွားတာမျိုးပဲ။ အဲဒါက ဒီလို တောက်လျှောက်ရိုက်ချက်တွေရဲ့ ပျော်စရာအပိုင်းပေါ့။ အဲဒီနှစ်မိနစ်ကို အစကနေ ပြန်စရမှာလေ။ ဟူး... တွေးကြည့်ရုံတင် ခြောက်ခြားစရာပဲ”
ဂွန်ဆူက ကင်မရာရှေ့မှာ ရောက်နေတဲ့ လူက သူကိုယ်တိုင် ဖြစ်နေသလိုမျိုး ခေါင်းကို ခါယမ်းလိုက်တယ်။
မာရူးက မွန်ဂျောင် ရဲ့ ကျောပြင်ကို မျက်လုံးမလွှဲတမ်း လိုက်ကြည့်နေမိတယ်။
ခြေလှမ်းတွေ ယိမ်းထိုးနေတဲ့ မွန်ဂျောင် က နံရံတစ်ခုကို မှီလိုက်ပြီးနောက် အဲဒီနေရာမှာတင် လဲပြိုကျသွားတယ်။ လဲကျသွားပြီးတဲ့နောက် မွန်ဂျောင် က သူ့ရဲ့ မျက်လုံးနှစ်လုံးလုံးကို လက်နဲ့အုပ်ပြီး ငိုပါတော့တယ်။ တရှုံ့ရှုံ့နဲ့ သဲ့သဲ့ငိုသံလေးက လေထုထဲမှာ ပျံ့လွင့်လို့ပေါ့။ သူက နာကျင်နေတဲ့ လူတစ်ယောက်လို ကိုယ်ကို တွန့်လိပ်ထားပြီး ရင်ထဲ မသက်မသာဖြစ်စရာ အော့အန်သံမျိုးကို ပြုလုပ်လိုက်တယ်။ သပ်သပ်ရပ်ရပ် ပုံထားတဲ့ စက္ကူစုတ်တွေက မွန်ဂျောင် ရဲ့ ရုန်းကန်မှုကြောင့် လဲပြိုကျကုန်တယ်။ အဲဒီကြားထဲမှာတင် မွန်ဂျောင် က လူးလှိမ့်နေရှာတယ်။ သူက လူသားတွေရဲ့ အသံအိုးကနေ အသံထွက်မလာနိုင်တော့လောက်အောင်အထိ အကျယ်ကြီး ငိုကြွေးနေတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ပုံစံမျိုးကို ဖန်တီးနေပြီး အထီးကျန်စွာနဲ့ပဲ ရုန်းကန်နေတယ်။ လဲကျလိုက်၊ ထရပ်လိုက်၊ ပြီးတော့ ပြန်လဲကျသွားလိုက်နဲ့ပေါ့။ မွန်ဂျောင် က အတွင်းစိတ်ထဲကနေ အပိုင်းပိုင်းအစစ ပြိုလဲပျက်စီးနေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မှောင်ရီပျိုးစ အချိန်အောက်မှာ သူက ဝမ်းနည်းခြင်းနဲ့ အားငယ်ခြင်း လမ်းကြောင်းတစ်ခုကို ဖန်တီးနေပြီး နောက်ဆုံးမှာတော့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ်။ မှိန်ဖျော့ဖျော့ မီးရောင်အောက်မှာ မွန်ဂျောင် ရဲ့ မျက်နှာပေးက ရှုပ်ထွေးပြီး ဖော်ပြရခက်လွန်းလှပါတယ်။
သူ့မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေပေမဲ့ ကြည့်ရတာ ထက်မြက်လွန်းလှတယ်၊ ကွဲအက်နေတဲ့ ဖန်ခွက်စတစ်ခုလို ကြောက်စရာလည်း ကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းနေတယ်။ သူက စိတ်ဓာတ်ခိုင်မာမှုနဲ့ အားနည်းမှုကြားထဲမှာ ကူးလူးနေရင်း သူ့ရဲ့ စိတ်ခံစားမှု မတည်ငြိမ်ပုံကို ဖော်ပြနေပြီး စက္ကူစုတ်ပုံတွေကြားထဲကနေ တူသေးသေးလေးတစ်ချောင်းကို ရုတ်တရက် ကောက်ကိုင်လိုက်တယ်။ အဲဒါကို ခဏလောက် စိုက်ကြည့်ပြီးတဲ့နောက် မွန်ဂျောင် က တူကို သူ့ခေါင်းပေါ် မြှောက်လိုက်တယ်။
ဗုန်း၊ ဗုန်း၊ ဗုန်း။ ကျောက်ခင်းမထားတဲ့ လမ်းကလေးက ပြင်းထန်တဲ့ အသံတွေနဲ့အတူ ချိုင့်ခွက်တွေ ဖြစ်သွားတယ်။ တူနဲ့ အကြာကြီး ထုရိုက်ပြီးတဲ့နောက် မွန်ဂျောင် က ပြန်ပြီး ငိုကြွေးပြန်တယ်။ အဲဒါက နားထောင်နေရတဲ့ လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်တဲ့ သားရဲတိရစ္ဆာန်တစ်ကောင်ရဲ့ အော်ဟစ်ငိုကြွေးသံမျိုးပဲလေ။
ဝန်ထမ်းတွေအချင်းချင်း တိုးတိုးတိုးတိုး ပြောနေကြတဲ့ အသံတွေက လုံးဝဥဿုံ ငြိမ်သက်သွားခဲ့ပြီ။ လူတိုင်းက မွန်ဂျောင် ဆီကိုပဲ အာရုံစိုက်နေကြတယ်။ လူတိုင်းရဲ့ မျက်လုံးတွေက တူနဲ့ ပြင်းပြင်းထန်ထန် ထုရိုက်နေတဲ့ အမူအရာနောက်ကိုပဲ လိုက်ပါနေတာကို မာရူး မြင်နေရတယ်။ တစ်ချက်ကလေးမှ သွေဖည်မသွားဘဲ သိပ်ကို ငြိမ်သက်လွန်းလှပါတယ်။
အဲဒီလို ငြိမ်သက်ခြင်းကြားထဲမှာတင် မွန်ဂျောင် က သရုပ်ဆောင်မှုကို ဆက်လုပ်နေတယ်။ သူ့မျက်နှာပေါ်မှာ ရေဖြန်းထားသလိုမျိုး ချွေးတွေနဲ့ ရွှဲနစ်လို့ပေါ့။ တုန်ရင်နေတဲ့ လက်တွေထဲကနေ တူက ပြုတ်ကျသွားတယ်။ အချိန်တွေ ရပ်တန့်သွားသလိုမျိုး အရာအားလုံးက ငြိမ်သက်သွားခဲ့ပြီ။ အဲဒီလို ခြောက်ခြားစရာ ငြိမ်သက်မှုက နောက်ထပ် သုံးစက္ကန့်လောက် ဆက်ဖြစ်နေပြီးမှ မွန်ဂျောင် က သက်ပြင်းအရှည်ကြီး တစ်ချက်ချရင်း ထရပ်လိုက်တယ်။ ပြီးတော့ ဘာခံစားချက်မှမရှိတဲ့ မျက်လုံးတွေနဲ့ ပင်မကင်မရာထဲကို စိုက်ကြည့်လိုက်တယ်။
မွန်ဂျောင် ရဲ့ မျက်စိတစ်ဆုံး လမ်းကြောင်းထဲမှာ ရှိနေတဲ့ မာရူးကတော့ မွန်ဂျောင် ရဲ့ မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရတယ်။ ကင်မရာထဲမှာ ပေါ်လာမယ့် အဲဒီခြောက်ခြားစရာ အကြည့်က ပရိသတ်တွေကို ရင်သပ်ရှုမော ဖြစ်သွားစေလိမ့်မယ်လို့ သူ တွေးလိုက်မိတာပေါ့
“အိုကေ”
အဲဒီအသံက ဘယ်တုန်းကထက်မဆို ပိုပြီး တက်ကြွရွှင်လန်းနေပါတယ်။ အဲဒီအချိန်ကျမှပဲ မွန်ဂျောင် ရဲ့ အေးစက်နေတဲ့ မျက်နှာပေးက လျော့ကျသွားပြီး သက်ပြင်းအရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်တယ်။ မွန်ဂျောင် ရဲ့ မန်နေဂျာလို့ ထင်ရတဲ့ လူတစ်ယောက်က သူ့ဆီ အမြန်ပြေးသွားပြီး ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးပေးတယ်။ ရိုက်ကွင်းထဲက လူတိုင်းကလည်း လက်ခုပ်တီးလိုက်ကြတယ်။
မာရူးလည်း အတူတူပဲ လက်ခုပ်တီးလိုက်တယ်။ သူ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ စိတ်ခံစားမှုတွေက လက်ခုပ်သံတွေအဖြစ် ပြောင်းလဲသွားတာမျိုးလေ။ ဒါက ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကို ပြသခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်အပေါ် ထားရှိတဲ့ အရိုအသေပေးမှု တစ်ခုဖြစ်သလို အဲဒီလို သရုပ်ဆောင်မှုကို အကဲဖြတ်ဖို့အတွက် ဒါကပဲ တစ်ခုတည်းသော နည်းလမ်းဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ရတဲ့ လက်ခုပ်သံလည်း ဖြစ်ပါတယ်။
“ဟားဟား... သူက ဂျူနီယာတွေရဲ့ စိတ်ဓာတ်ကို တော်တော်လေး ချိုးနှိမ်ပစ်လိုက်တာပဲနော်” လို့ ဂွန်ဆူက လက်ခုပ်တီးရင်း ပြောလိုက်တယ်။
သူ့ရဲ့ မျက်လုံးထဲမှာ စိတ်အားထက်သန်မှုတွေကို မာရူး မြင်နေရတယ်။ မွန်ဂျောင် အပေါ် ထားတဲ့ လေးစားမှုကော၊ စိန်ခေါ်ချင်တဲ့ စိတ်ဓာတ်တွေပါ သူ့ရင်ထဲမှာ ဆူပွက်နေတာ ဖြစ်ရမယ်။ မာရူးလည်း သူ့ရဲ့ အတွင်းစိတ်ထဲမှာ အလားတူ ကိစ္စမျိုး ဖြစ်ပျက်နေတာကို သတိပြုမိလိုက်တယ်။ မိုးကုပ်စက်ဝိုင်းရဲ့ ဟိုးအလွန်မှာ ရှိနေတဲ့ မြင့်မြတ်လှတဲ့ အရာတစ်ခုခုကို သူ စတင်ပြီး တောင့်တမိလာတယ်။
“အခုမှ ပြန်တွေးကြည့်မိတာ... ဒီဇာတ်ဝင်ခန်းက ကျွန်တော့်ဇာတ်ဝင်ခန်းရဲ့ ကပ်လျက် အနောက်ကဟာပဲနော်” လို့ မာရူးက လေးစားအားကျမှုတွေထဲကနေ ရုတ်တရက် သတိပြန်ဝင်လာပြီး ပြောလိုက်တယ်။
ခုနက မွန်ဂျောင် သရုပ်ဆောင်သွားတဲ့ ဇာတ်ဝင်ခန်းက အဘိုးအိုက လူမိုက်လေးတွေဆီကနေ ရင့်ရင့်သီးသီး စကားတွေကို ကြားရပြီးတဲ့နောက် ချက်ချင်း ဖြစ်ပေါ်လာတဲ့ ဇာတ်ကွက် ဖြစ်ပါတယ်။
“ဒါက ငါတို့က လမ်းကြားထဲမှာ ရိုက်ရမှာဆိုတော့ လူတွေ ဖြတ်သန်းသွားလာနေရင် အဆင်မပြေဘူးလေ။ ဒါကြောင့်မို့လို့ အများစုကို ညဘက်ကျမှ ရိုက်ကြတာ။ ဇာတ်လမ်းတွဲရဲ့ အစီအစဉ်အတိုင်း အစဉ်လိုက် ရိုက်သွားနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ လက်တွေ့လောကက အဲလောက်အထိ မလွယ်ဘူးလေ။ ဝန်ထမ်းတွေက ဇာတ်လမ်းအစဉ်အတိုင်း ဖြစ်အောင် အစွမ်းကုန် ကြိုးစားကြပေမဲ့ အများစုကတော့ လက်တွေ့အခြေအနေက မပေးဘူးလေ။ ဒါကြောင့် ဇာတ်သိမ်းပိုင်းကို အရင်ရိုက်ပြီးမှ ဇာတ်အစပိုင်းကို ပြန်ရိုက်ရတာမျိုးတွေ အများကြီး ရှိတယ်လေ။ စိတ်ပျက်စရာ ကောင်းတယ်ဆိုပေမဲ့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဒါကပဲ ပရော်ဖက်ရှင်နယ် ဖြစ်ခြင်းရဲ့ သဘောပဲလေ"
“...သရုပ်ဆောင်တစ်ယောက် ဖြစ်ရတာ မလွယ်ကူပါလား”
မွန်ဂျောင် အနေနဲ့ ဆူပွက်နေတဲ့ စိတ်ခံစားမှုတွေကို မေ့ဖျောက်ပြီး အားနည်းတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ပုံစံမျိုးဆီ ပြန်သွားရမှာပေါ့။ အဲလိုလုပ်ဖို့က မလွယ်ကူတာ သေချာပါတယ်။ မွန်ဂျောင် က ကင်မရာဆီ ပြန်လာပြီး ရိုက်ချက်ကို ပြန်လည်စစ်ဆေးနေတယ်။ ဂွန်ဆူ ပြောခဲ့သလိုပါပဲ။ အဲဒါက နောက်ဆုံး ရိုက်ချက် ဖြစ်ပုံရတယ်။
“ဟေ့... ဟန်မာရူး၊ မင်း ဒီမှာ ရှိနေတာကိုး”
သူ့အနောက်ကနေ ထွက်လာတဲ့ အသံကို ကြားရတော့ မာရူး လှည့်ကြည့်လိုက်တယ်။ ဂျီဆော့က ပြုံးဖြဲဖြဲ မျက်နှာပေးနဲ့ သူ့ကို လက်လှမ်းပြနေတယ်။
“ငါ ရောက်နေတာ ကြာလှပြီ”
“တကယ်လား။ ဒါဆို ငါ ဘာလို့ မမြင်မိတာပါလိမ့်”
“ငါက ဝန်ထမ်းတွေနဲ့ အတူတူ ရှိနေခဲ့လို့လေ”
“အော်... အဲဒီမှာ ရှိနေတာကိုး။ အော်... စီနီယာ ဂွန်ဆူ။ မင်္ဂလာပါ ခင်ဗျာ”
ဂျီဆော့က ခါတိုင်းလိုပဲ တက်ကြွရွှင်လန်းနေတုန်းပဲ။ ဂျီဆော့ရဲ့ နှုတ်ဆက်မှုကို တုံ့ပြန်ပြီးတဲ့နောက် ဂွန်ဆူက ဆက်ပြောတယ် -
“မင်းတို့နှစ်ယောက် အတူတူ ဇာတ်တိုက်ထားကြဦးလေ။ နောက်ဇာတ်ဝင်ခန်းက မင်းတို့အလှည့် ရောက်ပြီလေ။ ငါ ဒါရိုက်တာကို သွားပြီး တစ်ခုခု မေးလိုက်ဦးမယ်”
မာရူးက ဂျီဆော့ကို နေရာပြောင်းကြရအောင်လို့ ပြောလိုက်တယ်။ ဝန်ထမ်းတွေ ကြားထဲမှာတော့ သွားပြီး ဇာတ်တိုက်လို့ မရဘူးလေ။ သူတို့ မာရူး ညစာ စားခဲ့တဲ့ သစ်ပင်ကြီး ရှိရာဘက်ဆီ ပြန်လာခဲ့ကြတယ်။
“ဝိုး... ဒါက တကယ့် ခံစားချက်မျိုးပဲနော်”
ဂျီဆော့က မီးလုံးတွေ လင်းထိန်နေတဲ့ ရိုက်ကွင်းကြီးကို စိတ်လှုပ်ရှားနေတဲ့ မျက်နှာနဲ့ လှမ်းကြည့်လိုက်တယ်။
“မင်း ဘယ်လို ရောက်လာတာလဲ”
“ငါလား။ အမေ ကားမောင်းပြီး လိုက်ပို့ပေးတာလေ”
“အန်တီက အခုထိ ရှိနေတုန်းပဲလား”
“အင်း ရှိတယ်”
“သွားပြီး နှုတ်ဆက်ရမှာပေါ့။ ဘယ်နားမှာလဲ”
“သူက ပင်ပန်းလို့ ဆိုပြီး ခေတ္တ သွားအိပ်နေတယ်လေ။ ငါက ကားဂိတ်ကနေ ဘတ်စ်ကားစီးပြီး ပြန်မယ်လို့ ပြောပေမဲ့ သူက စိုးရိမ်နေလို့တဲ့။ ဟင်း... ဘယ်သူမှ သူ့ကို တားလို့မရပါဘူး” လို့ ဂျီဆော့က ပြုံးပြီး ပြောလိုက်တယ်။
“အဲဒါထက်... မင်း ငါ့ဆီ ဖုန်းတစ်ခေါက်တောင် မဆက်ဘူး”
“ငါ့ထက် ပိုပြီး ကောင်းကောင်း လုပ်နိုင်တယ်လို့ ကြေညာထားတဲ့ လူတစ်ယောက်ကို ငါက ဘာသွားပြောရမှာလဲ။ ပြီးတော့ သတင်းမရှိတာကပဲ သတင်းကောင်းလေ” လို့ မာရူးက ပုခုံးတွန့်ပြရင်း ပြောလိုက်တယ်။
“မင်းကတော့ အမြဲတမ်း စကားကို လည်အောင် ပြောနိုင်တာပဲ။ အဲဒါထက်... မင်း စီနီယာ မွန်ဂျောင် သရုပ်ဆောင်တာကို မြင်လိုက်ရလား”
“မြင်တယ်။ ဒါပေမဲ့ မမြင်ခဲ့ရရင် ပိုကောင်းဦးမယ် ထင်တယ်။ အခု ငါ့ရဲ့ ယုံကြည်မှုတွေက လုံးဝ ဗုန်းဗုန်းလဲ ကျသွားပြီ”
“ငါလည်း အတူတူပဲ။ သူက တခြား အဆင့်အတန်းတစ်ခုမှာ ရှိနေတယ်ဆိုတာ သေချာပေါက် ခံစားရတယ် မဟုတ်လား”
“သူက အဆင့်အတန်း လုံးဝ ကွဲပြားတာလေ။ အခုမှပဲ သူနဲ့ တစ်ခန်းတည်းမှာ အတူတူ သရုပ်ဆောင်ရမှာက ဘယ်လောက်တောင် ဖိအားများလဲဆိုတာ သိတော့တယ်”
မာရူးက လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို ဖွင့်လိုက်တယ်။ သူ့မှာ စကားပြော နှစ်ခွန်းပဲ ရှိတယ်။ ရုပ်ရှင်ရဲ့ ဦးတည်ချက်ကတော့ ရိုးရှင်းပါတယ်။ သူက ခုံတန်းလျားပေါ်မှာ မူးပြီး လဲနေတဲ့ မွန်ဂျောင် ရဲ့ ဘေးနားဆီ ချဉ်းကပ်သွားပြီး သူ့ရဲ့ ပိုက်ဆံအိတ်ကို ခိုးယူရမှာ ဖြစ်တယ်။ အဲလို လုပ်နေတုန်းမှာပဲ မွန်ဂျောင် က နိုးလာမှာဖြစ်ပြီး သူက သူ့ရဲ့ စကားပြော နှစ်ခွန်းကို ပြောရုံတင်ပဲ။ အဲဒါပဲလေ။ သူ ကင်မရာဘောင်အပြင်ဘက်ကို ထွက်သွားပြီးတာနဲ့ လူမိုက်လေးရဲ့ ဇာတ်ကောင်က ရုပ်ရှင်ထဲမှာ နောက်ထပ် ပေါ်လာတော့မှာ မဟုတ်ပါဘူး။
“ဒါကြောင့်မို့လို့ ငါတို့ ကောင်းကောင်း လုပ်ရမှာပေါ့” လို့ ဂျီဆော့က ဇာတ်ညွှန်းကို ညွှန်ပြရင်း ပြောလိုက်တယ်။
“ငါ ပြန်ကြည့်လိုက်တော့ ငါတို့ အချင်းချင်း စကားပြောနေရမယ့် အပိုင်း ပါတယ်လေ။ ငါတို့ ဘာအကြောင်း ပြောကြရင် ကောင်းမလဲ”
“ဆိုင်ကယ် ခိုးခဲ့တဲ့ အကြောင်း ပြောကြရအောင်”
“မင်းမှာ ဆိုင်ကယ် ခိုးဖူးတဲ့ အတွေ့အကြုံ ရှိလို့လား” လို့ ဂျီဆော့က မျက်လုံးအဝိုင်းသားနဲ့ လှမ်းမေးတယ်။
မာရူးက ဂျီဆော့ရဲ့ ဇက်ကြောကို လှမ်းပုတ်လိုက်တယ်။
“တကယ်လို့ ဒါရိုက်တာက ငါတို့အတွက် ဘာမှ ကြိုတင်စဉ်းစားထားတာ မရှိရင်တော့ ငါက ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း စိတ်တိုလို့ ဆိုင်ကယ် တစ်စီး ခိုးခဲ့တယ်လို့ပဲ ပြောလိုက်မယ်။ ကျန်တဲ့အပိုင်းကိုတော့ မင်းပဲ တာဝန်ယူလိုက်တော့”
“ဒါဆို ငါတို့ ဟယ်အွန်ဒယ် ဘက်ကို မိန်းကလေးတွေ သွားရှာဖို့ သွားကြမယ့် ပုံစံမျိုး လုပ်ကြရအောင်”
“အဲဒါ ကောင်းတယ်။ အချိန်မတန်သေးတဲ့ ကလေးတစ်ယောက် ပြောမယ့် စကားမျိုးနဲ့ တူတယ်”
“ပြီးတော့ လူမိုက်လေးတွေ လုပ်မယ့် အမူအရာမျိုးနဲ့လည်း တူတာပေါ့”
“ကွင်းထဲ မဝင်ခင်မှာ စကားပြောတွေကို အရင် ဖန်တီးကြရအောင်။ အဲဒီနေရာကျမှ ချက်ချင်း ထလုပ်ဖို့ဆိုတာ မဖြစ်နိုင်လို့လေ”
မာရူးက ဇာတ်ညွှန်းစာအုပ်ထဲ ညှပ်ထားတဲ့ ဖောင်တိန်ကို ယူပြီး စကားပြောတွေကို စတင် ရေးသားလိုက်တယ်။ မူရင်းဝတ္ထုထဲမှာတော့ လူမိုက်လေးရဲ့ အသက်အရွယ်ကို ဘာမှ ဖော်ပြမထားတာမို့ မာရူးကော ဂျီဆော့ပါ အထက်တန်းကျောင်းသားတွေ ဖြစ်ကြတာကြောင့် အထက်တန်းကျောင်းသား အရွယ်လောက်ပဲလို့ သတ်မှတ်လိုက်တယ်။ ဇာတ်ကောင်ရဲ့ ယေဘုယျ ပုံစံကတော့ အသင့်အတင့် အကြမ်းဖက်တတ်ပြီး စည်းကမ်းတွေကို မုန်းတီးကာ အပျော်အပါးမက်တဲ့ ကျောင်းသား ပုံစံမျိုးပဲလေ။
“လူမိုက်လေးက ပိုက်ဆံအိတ်ကို ရှာဖို့ အဘိုးအိုရဲ့ ခန္ဓာကိုယ်ကို နေရာအနှံ့ လိုက်စမ်းနေတယ်။ ပိုက်ဆံအိတ်ကို လက်ထဲ ရလိုက်တာနဲ့ အပေါ်ကို မြှောက်ပြီး ပြုံးဖြဲဖြဲ လုပ်တယ်။ အဲဒီအပြုံးထဲမှာ ကလေးဆန်တဲ့ ပုံစံမျိုး ပေါ်နေတယ်။ အဲဒီအချိန်မှာပဲ အဘိုးအိုက နိုးလာခဲ့တယ်။ သူ့ဘေးနားက လူမိုက်လေးတွေကို ကြည့်ပြီး သူ့ကို လာကူညီတဲ့ လူတွေလို့ မှားယွင်း ထင်မှတ်သွားတယ်။ သူက စတင်ပြီး ပြုံးပြတယ်။ ကမ္ဘာလောကကြီးက အခုထိ နွေးထွေးနေတုန်းပဲလို့ သူ ခံစားလိုက်ရတာမျိုးပေါ့”
ဂျီဆော့က စာသားတွေကို အသံထွက်ပြီး ဖတ်လိုက်တယ်။
မာရူးက အတိတ်တုန်းက အဲဒီအပိုင်းကို အကြိမ်ကြိမ် ဖတ်ဖူးခဲ့ပေမဲ့ ဒီနေ့မှာတော့ စကားလုံးတွေက သူ့အတွက် သိပ်ကို စိမ်းသက်နေသလို ခံစားရတယ်။ သူ အမှားအယွင်း တစ်ခုခု လုပ်မိသွားမလားဆိုတဲ့ မကောင်းတဲ့ အတွေးတစ်ခုက ခေါင်းထဲ ဖြတ်ပြေးသွားတယ်။
“ဝိုး... ငါတော့ စိတ်လှုပ်ရှားလာပြီ”
ဂျီဆော့က အဲဒီနေရာမှာတင် ဟိုခုန်ဒီခုန် လုပ်နေတော့တယ်။ သူက ခါတိုင်းနဲ့ မတူတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ သူတောင်မှ အခုလိုမျိုး စိတ်လှုပ်ရှားတတ်တာပဲ ဖြစ်ရမယ်။
“ဇာတ်ကွက်က တိုလွန်းလို့ ပိုပြီးတော့တောင် ရင်တုန်ဖို့ ကောင်းနေသေးတယ်။ ရူးချင်စရာပဲ”
“စိတ်လှုပ်ရှားတယ်လို့ ခဏခဏ မပြောနဲ့စမ်းပါ။ ငါ့ကိုပါ လာပြီး စိတ်အနှောင့်အယှက် ဖြစ်စေတယ်”
“ဒါဆို ငါက ဘယ်လို ပြောရမှာလဲ။ မာရူး... မင်းမှာ စိတ်တည်ငြိမ်ဆေး ဘာညာ မပါဘူးလား။ အဲဒါတွေက တော်တော်လေး အစွမ်းထက်တယ်လို့ ကြားဖူးလို့”
“မင်းက ငယ်သေးတာမို့လို့ အဲဒါတွေ မလိုပါဘူး။ အဲဒီအစား ငါတို့ အတူတူ တစ်ခေါက်လောက် စမ်းကြည့်ကြရအောင်။ ငါတို့ချင်းပဲ ဖြစ်ဖြစ် ဇာတ်တိုက်ထားတာက ပိုကောင်းပါတယ်”
“အေး... ဒါဆိုလည်း လုပ်ကြတာပေါ့”
ဇာတ်ဝင်ခန်းက သိပ်ကို တိုတောင်းလှပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ အဲဒီတိုတောင်းတဲ့ အချိန်ကလေးထဲမှာ အရာအားလုံးကို အနှစ်ချုပ် ပြသရမှာ ဖြစ်တယ်။ ရုပ်ရှင်ထဲက သာမန် ဇာတ်ကွက်တစ်ခုပဲ ဆိုပေမဲ့ ရုပ်ရှင်ရဲ့ စီးဆင်းမှုကို ပြောင်းလဲပစ်မယ့် အချိန်ဖြစ်တာကြောင့် သူ ညံ့ဖူးတယ်ဆိုတဲ့ စကားမျိုးတော့ မကြားချင်ပါဘူး။
သူက လက်ခုပ်သံတွေ မရရှိရင်တောင် တခြားလူတွေကိုတော့ ဆွဲမချချင်ပါဘူး။
သူ လုပ်နိုင်သမျှထက်စာရင် အကောင်းဆုံး အဆင့်အတန်းတစ်ခု ဖြစ်အောင်ပေါ့။
“ပထမဆုံး တစ်ချက်တည်းနဲ့တင် အိုကေ ရသွားရင် တော်တော်ကောင်းမှာပဲနော်” လို့ ဂျီဆော့က အဲဒီအချိန်မှာပဲ စကားစလာတယ်။
“မဖြစ်နိုင်တာကိုတော့ စိတ်ကူးမယဉ်ပါနဲ့။ လက်တွေ့ကျကျပဲ တွေးကြရအောင် ဟုတ်ပြီလား”
“ဒါဆို ဘယ်နှခေါက်လောက်လဲဟင်”
“ငါးခေါက်အတွင်းမှာပဲ အပြီးသတ်ကြစို့”
“အဲဒါကလည်း လက်တွေ့မကျတာ အတူတူပါပဲ”
ဇာတ်ညွှန်းအတိုင်း သူတို့ရဲ့ ခေါင်းထဲမှာ ပုံဖော်နေကြတုန်းမှာပဲ ရိုက်ကွင်းတစ်ခုလုံးလည်း ပြန်ပြီး အလုပ်ရှုပ်လာပြန်တယ်။ စက်ကိရိယာအချို့ကို ပြန်လည်ပြင်ဆင်နေကြတယ်။ ဒါရိုက်တာနဲ့ စကားပြောနေတဲ့ ဂွန်ဆူက သူတို့ဆီ ပြန်လျှောက်လာပြီး ပြောလိုက်တယ် -
“အဆင်သင့်ဖြစ်ပြီလား ဘဲပေါက်လေးတို့”
* * * * * * * * *