← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း(၂၈၅)

“နောက်ထပ် ရိုက်ကွင်းဆီ ရွှေ့ကြမယ်"

လက်ထောက်ဒါရိုက်တာရဲ့ အော်ဟစ်အမိန့်ပေးသံနဲ့အတူ လူတိုင်း ကပျာကယာ လှုပ်ရှားကြတော့တယ်။ နောက်ထပ် ရိုက်ကူးမယ့်နေရာက သူတို့ရှိနေတဲ့နေရာကနေ ခြေကျင်လျှောက်ရင် ဆယ်မိနစ်လောက်သွားရတဲ့ ဆိုင်ခန်းတွေ စီတန်းနေတဲ့ လမ်းကလေးတစ်ခုလေ။ လမ်းက ကျဉ်းကျဉ်းကလေးမို့ ကားတွေ ဝင်လို့မရတာကြောင့် စက်ကိရိယာအားလုံးကို လက်နဲ့ပဲ သယ်ကြရတယ်။ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိတဲ့ လက်တွန်းလှည်းတွေထဲမှာ ပစ္စည်းမျိုးစုံကို အပြည့်ထည့်လို့ပေါ့။ ပစ္စည်းသယ်ဖို့ စတိုးဆိုင်က တွန်းလှည်းတွေကိုတောင် အသုံးပြုကြရတယ်။

“ကြည့်ရတာ စစ်ကြောင်းချီနေတာနဲ့တောင် တူနေပြီ” လို့ မာရူးက လူအုပ်ကြီးရဲ့ အနောက်ဆုံးကနေ လိုက်ရင်း ပြောလိုက်တယ်။ ည ၁၁ နာရီကျော်နေပြီလေ။ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့အခါ ဆိုးလ်မှာ မြင်ရလေ့မရှိတဲ့ ကြယ်တွေက စုံလင်လို့ပေါ့။ စစ်တပ်ထဲတုန်းက ညဘက် စစ်ကြောင်းချီရင်း နဂါးငွေ့တန်းဂလက်ဆီကြီးကို မြင်ခဲ့ရတာကို သူ ရုတ်တရက် သတိရသွားမိတယ်။

“ကင်မရာဒါရိုက်တာ... ဒီဘက်ကို လာခဲ့ဦး”

ဝဝတုတ်တုတ် ဒါရိုက်တာရဲ့ ညွှန်ကြားချက်အတိုင်း စက်ကိရိယာတွေက သူ့နေရာနဲ့သူ အံကျဖြစ်သွားကြတယ်။ ပိတ်ထားတဲ့ မီးလုံးတွေက တစ်လုံးချင်းစီ ပြန်လည်လင်းထိန်လာပြီး မှောင်မိုက်နေတဲ့ လမ်းကလေးကို ဖြာကျသွားတယ်။ ပီအာအဖွဲ့က လူတွေကတော့ လာရောက်ငေးကြည့်နေကြတဲ့ ဒေသခံရွာသားတွေကို လိုက်လံစကားပြောနေကြတယ်။

“ဒီမှာ ရုပ်ရှင်လာရိုက်နေကြတာလားဟင်”

“မသိပါဘူးအေ”

ဆူဆူညံညံ ဖြစ်နေတာကြောင့် ရွာသားတွေက ရိုက်ကွင်းဘက်ဆီ တရုန်းရုန်း ရောက်လာကြတယ်။ ဝန်ထမ်းအချို့ကလည်း သူတို့ဆီ လျှောက်သွားပြီး ရိုက်ကူးရေးလုပ်နေတဲ့ နေရာနားဆီ မချဉ်းကပ်ဖို့ လှမ်းပြောကြတယ်။

“ဓာတ်ပုံရိုက်လို့ မရဘူးလားဟင်”

“မရပါဘူးခင်ဗျာ”

အလယ်တန်းကျောင်းသူလေး ပုံစံရှိတဲ့ မိန်းကလေးတစ်ယောက်က နှမြောတသတသနဲ့ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။ ဝန်ထမ်းတွေက ဒေသခံတွေကို နားလည်ပေးဖို့ လိုက်ပြောနေတုန်းမှာပဲ လူတွေက ပိုပြီး တိုးပွားလာပြီး ကွင်းထဲကို ချောင်းကြည့်နေကြတယ်။ ဝန်ထမ်းတွေခမျာ လုပ်စရာ အလုပ်တွေ ပိုများလာရတယ်။ ညဘက်လေပြေက အေးစိမ့်နေပေမဲ့ ဝန်ထမ်းတွေရဲ့ လည်ပင်းမှာတော့ ချွေးစက်လေးတွေက စိုရွှဲလို့ပေါ့။

မာရူးက သူ့လက်ထဲက ရေသန့်ဗူးကို ဝန်ထမ်းတစ်ယောက်ဆီ လှမ်းပေးလိုက်တယ်။ အဲဒီဝန်ထမ်းက ကျေးဇူးတင်စကား ပြောပြီး လူတွေကို လိုက်လံတားဆီးဖို့ ပြန်သွားတယ်။

“လုံခြုံရေးက တစ်ပိုင်းပေါ့ကွာ... အဓိကကတော့ ဘယ်လို မတော်တဆမှုမျိုးမှ မဖြစ်စေဖို့ပဲ” လို့ ဂွန်ဆူက စကားဆိုတယ်။

မာရူးက ခေါင်းညိတ်ထောက်ခံလိုက်တယ်။ ဒီမှာရှိတဲ့ စက်ကိရိယာအများစုက လျှပ်စစ်နဲ့ သုံးတာမို့ ကြိုးတွေက မြေပြင်ပေါ်မှာ ရှုပ်ပွလို့လေ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ခြေထောက်နဲ့ ခလုတ်တိုက်မိရင် စက်တွေ လဲပြိုကျပြီး ဘေးနားကလူကို ပိမိသွားနိုင်တဲ့ အခြေအနေမျိုးပေါ့။ ဒါကြောင့်မို့လို့ လျှပ်စစ်ကြိုးတွေကိုပဲ သီးသန့်စောင့်ကြည့်ရတဲ့ ဝန်ထမ်းတွေတောင် ခေါ်ထားရတယ်။

“မီးတွေ အဆင်သင့်ဖြစ်ပြီလား”

“ဟုတ်ကဲ့... အဆင်သင့်ပါပဲ”

“အသံဖမ်းဆရာကော”

“သန့်စင်ခန်း သွားနေပါတယ်”

“တောက်... အဲဒီကောင်ပဲ ဖင်ပေါက်ပါလို့လားမသိဘူး။ အဲဒီက အငယ်ဆုံးကောင်... သွားခေါ်ချေစမ်း”

မာရူးက ညွှန်ကြားချက်တွေ ပေးနေတဲ့ လက်ထောက်ဒါရိုက်တာကို လှမ်းကြည့်လိုက်တယ်။ ဒါရိုက်တာက ဇာတ်ကွက်ကို ကြည့်ပြီး စဉ်းစားခန်း ဝင်နေချိန်မှာ လက်ထောက်ဒါရိုက်တာကတော့ အမိန့်တွေကို တစ်ရစပ် ပေးနေတယ်။

“ကြည့်ရတာ လက်ထောက်ဒါရိုက်တာက အလုပ်အရှုပ်ဆုံးပဲ”

“အင်းလေ... ပုံမှန်အားဖြင့်တော့ အသံချဲ့စက်ရဲ့ အောက်တည့်တည့်ကလူက အလုပ်အရှုပ်ဆုံးပဲ။ ဒါရိုက်တာက ပန်းချီဆရာဆိုရင် လက်ထောက်ဒါရိုက်တာက ဆေးတွေ၊ စုတ်တံတွေ၊ ပန်းချီကားချပ်တွေကို ပြင်ဆင်ပေးရတဲ့ လူမျိုးပေါ့။ ဒါရိုက်တာက အရာရာကို ကိုယ်တိုင်လုပ်တာမျိုး ရှိတတ်ပေမဲ့ အဲဒါက အလုပ်မတွင်ကျယ်ဘူးလေ”

ဖုန်းနဲ့ တစ်ယောက်ယောက်ကို လှမ်းခေါ်နေတဲ့ လက်ထောက်ဒါရိုက်တာက ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အနီရောင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားတဲ့ အမျိုးသားတစ်ယောက်ဆီ လျှောက်သွားတယ်။ သူက တော်တော်လေး စိတ်တိုဒေါသထွက်နေတဲ့ ပုံပဲ။

“ကြည့်ရတာ ရန်ဖြစ်တော့မယ့် ပုံပဲ”

“ဖြစ်နိုင်တယ်။ ရုပ်ရှင်တစ်ကား ဖန်တီးဖို့ဆိုတာ လူအများကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုတာမဟုတ်လား။ လူတွေအများကြီး ရှိတာကြောင့် အယူအဆတွေနဲ့ ပဋိပက္ခတွေကလည်း အများကြီးပဲလေ။ လူတိုင်းက ကိုယ့်ကဏ္ဍမှာ ကိုယ်က ကျွမ်းကျင်သူတွေမို့လို့ အချင်းချင်း သဘောထားကွဲလွဲတာမျိုးတွေ ခဏခဏ ဖြစ်တတ်တယ်။ ဥပမာအားဖြင့်... အသံအင်ဂျင်နီယာနဲ့ မီးစက်အင်ဂျင်နီယာလိုမျိုးလေ။ မီးစက်က သိပ်ကို ဆူညံတတ်တာဖြစ်ပြီး အသံအင်ဂျင်နီယာကတော့ အသံပိုင်းကို သိပ်ပြီး ထိခိုက်လွယ်တာ မဟုတ်လား။ အသံအင်ဂျင်နီယာအတွက်ကတော့ မီးစက်သံကြီးကို အမြဲတမ်း ကြားနေရတာက တကယ့် ငရဲပဲလေ”

“အဲဒါက ကုမ္ပဏီတစ်ခုတည်းက ဌာနအချင်းချင်း အဆင်မပြေကြတာနဲ့ အတူတူပဲ”

“နှိုင်းယှဉ်တာ တော်တော်လေး သဘာဝကျတယ်။ ဟုတ်တယ်... ရုပ်ရှင်ဆိုတာ ကုမ္ပဏီတစ်ခုလိုပဲ။ ငွေကြေးအမြောက်အမြား သုံးစွဲရတဲ့ ကုမ္ပဏီပေါ့။ ဒီမှာစုနေတဲ့ လူတွေအကုန်လုံးက အဲဒီငွေကြေးထဲကနေ လစာရဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြတာလေ။ လူတိုင်းက ကုမ္ပဏီကို အောင်မြင်စေချင်ကြပေမဲ့ ဌာနအချင်းချင်းကြားထဲမှာ ပဋိပက္ခတွေကတော့ အမြဲတမ်း ရှိနေမှာပဲ။ ဒါကြောင့်မို့လို့ ဒါရိုက်တာနဲ့ လက်ထောက်ဒါရိုက်တာရဲ့ တာဝန်က သိပ်ကို အရေးကြီးတယ်။ သူတို့က ကုမ္ပဏီတစ်ခုလုံးကို ဦးဆောင်မောင်းနှင်ရမယ့် လူတွေလေ”

“ဌာနအချင်းချင်းကြားက ပဋိပက္ခတွေ ဟုတ်လား”

ဦးထုပ်အနီနဲ့လူနဲ့ စကားပြောပြီးတဲ့နောက် လက်ထောက်ဒါရိုက်တာက လက်မ ထောင်ပြလိုက်တယ်။ သူ့ရဲ့ စိတ်တိုနေတဲ့ မျက်နှာကလည်း ပျောက်ကွယ်သွားခဲ့ပြီ။

“ဇာတ်တိုက်တာ စကြမယ်" လက်ထောက်ဒါရိုက်တာက အော်ဟစ်လိုက်တယ်။

ဂွန်ဆူက မာရူးရဲ့ ကျောကို ပုတ်ရင်း ကောင်းကောင်း လုပ်ခဲ့ဖို့ ပြောလိုက်တယ်။

မာရူးက ဂျီဆော့နဲ့အတူ လက်ထောက်ဒါရိုက်တာ ရှိရာဆီ လျှောက်သွားလိုက်တယ်။

‘ပူလိုက်တာ’

သူ့ဘေးနားတင် ရှိနေတဲ့ မီးလုံးကြီးဆီက အပူရှိန်က တကယ့်ကို ပြင်းထန်လှပါတယ်။ လက်ထောက်ဒါရိုက်တာရဲ့ ဘေးမှာတော့ လူတွေအများကြီး ရှိနေတယ်။ သူတို့က ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာပေးတွေနဲ့လေ။ ဖြတ်လျှောက်တွေပေါ့။

“ကဲ... ဒါဆို နားထောင်ကြပါဦး။ အခု ရိုက်ကူးရေး စတော့မယ်။ ကြိုပြောထားတဲ့အတိုင်း မင်းတို့က လမ်းမပေါ်မှာ အတတ်နိုင်ဆုံး သဘာဝကျကျ လမ်းလျှောက်ပေးရုံတင်ပဲ။ ပြီးတော့ ကျေးဇူးပြုပြီး... ငါ တောင်းပန်ပါတယ်... ကင်မရာကို တည့်တည့်ကြီး လှမ်းမကြည့်ပါနဲ့။ ကိုယ်ကိုလည်း တောင့်တောင့်ကြီး မလုပ်ထားပါနဲ့နော်။ လူတိုင်း ပင်ပန်းနေကြပြီဆိုတာ သိတာမို့လို့ ဒါကို မြန်မြန်အပြီးသတ်နိုင်အောင် ဝိုင်းကူညီပေးကြပါဦး။ မင်းတို့ ငါးယောက်က ဟိုဘက်လမ်းကနေ စပြီး လမ်းလျှောက်လာခဲ့ပါ။ ပြီးတော့ စုံတွဲကတော့ ဆိုင်းဘုတ်အရှေ့မှာ ရပ်နေပေးပါ။ ကဲ... လှုပ်ရှားကြစို့”

လက်ထောက်ဒါရိုက်တာက ဒါရိုက်တာရဲ့ ညွှန်ကြားချက်အတိုင်း ဖြတ်လှောက်တွေကို နေရာချပေးလိုက်တယ်။ ကင်မရာဒါရိုက်တာက ဗီဒီယိုဖမ်းယူမှုကို ကြည့်ပြီး အိုကေအချက်ပြချက် လုပ်ပြတယ်။ အဲဒီနောက်မှာတော့ မွန်ဂျောင် ပေါ်လာခဲ့တယ်။ သူက ခေတ္တနားနေခဲ့တဲ့ ပုံပဲ။

လမ်းကြားထဲက ခုံတန်းလျားဘေးမှာ အမှိုက်ပုံးတစ်ခု ချထားပြီး အမှိုက်အချို့ကိုလည်း ရှုပ်ပွအောင် လုပ်ထားတယ်။ ရှုပ်ပွနေတဲ့ လမ်းကြားလေးတစ်ခု အဆင်သင့်ဖြစ်သွားတဲ့အခါ မွန်ဂျောင် က ခုံတန်းလျားပေါ်မှာ လှဲလျောင်းလိုက်တယ်။

“အဆင်ပြေပါတယ်။ ဆရာ... ကျွန်တော်တို့ စလိုက်ကြမလားဟင်”

ဒါရိုက်တာက မွန်ဂျောင် ရဲ့ အရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ဇာတ်ကွက်ကို ရှင်းပြနေတယ်။ မာရူးနဲ့ ဂျီဆော့ကတော့ လမ်းကြားရဲ့ အလယ်လောက် ရောက်တဲ့အထိ လက်ထောက်ဒါရိုက်တာရဲ့ နောက်ကနေ လိုက်သွားကြတယ်။

“ဟိုဘက်က ဒါရိုက်တာကို မြင်လား”

“ဟုတ်ကဲ့... မြင်ပါတယ်”

“မင်းတို့က အဲဒီနေရာအထိ လမ်းလျှောက်သွားပြီး မင်းတို့ရဲ့ စကားပြောတွေကို ပြောရမယ်။ ကင်မရာကို စိတ်ထဲမထားဘဲ သရုပ်ဆောင် မွန်ဂျောင် ကိုပဲ အာရုံစိုက်ပြီး သရုပ်ဆောင်ပါ။ စကားပြောမပါတဲ့ မင်းတို့ သုံးယောက်ကတော့ ဒီနှစ်ယောက်ရဲ့ နောက်ကနေ လိုက်သွားရုံတင်ပဲ။ မျက်လုံးတွေက တခြား ထူးထူးဆန်းဆန်း နေရာတွေကို လှမ်းမကြည့်မိသရွေ့တော့ အဆင်ပြေမှာမို့လို့ အဲဒါကို သတိထားပါဦးနော် ဟုတ်ပြီလား”

လက်ထောက်ဒါရိုက်တာက ထိုနှစ်ယောက်ရဲ့ ပုခုံးကို ပုတ်ပေးပြီး နောက်ထပ် ဖြတ်လျှောက်တွေ ရှိရာဆီ လျှောက်သွားတယ်။ မာရူးက ဒီနေ့မှ ပထမဆုံး ဆုံဖူးတဲ့ လူသုံးယောက်ကို လှမ်းပြီး နှုတ်ဆက်လိုက်တယ်။ စောင့်နေတုန်းမှာ ခဏလောက် စကားပြောကြည့်လိုက်တော့ သူတို့က ဒီအနီးအနားက ကျောင်းသားတွေ ဖြစ်နေကြတယ်။ အသက်မွေးဝမ်းကျောင်း သရုပ်ဆောင်တွေ မဟုတ်ကြဘဲ လူကြီးအချို့က မိတ်ဆက်ပေးလို့ အလုပ်လာလုပ်ကြတာမျိုးလေ။

“မင်းတို့နှစ်ယောက်မှာ စကားပြော ပါလား”

“ကျွန်တော့်မှာ စကားပြော နှစ်ခွန်း ပါပါတယ်”

“အော်... ဟုတ်ကဲ့ပါ”

ထိုသုံးယောက်က ‘သိပ်မများပါဘူး’ ဆိုတဲ့ မျက်နှာပေးနဲ့ ခေါင်းညိတ်ပြကြတယ်။ ခုံတန်းလျားနားမှာ မွန်ဂျောင် နဲ့ စကားပြောနေတဲ့ ဒါရိုက်တာက သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လာတယ်။

“နားထောင်နော်... ငါတို့ ရိုက်ချက် နှစ်ချက် သွားမယ်။ မင်းတို့က အကျိုးမရှိတဲ့ အကြောင်းအရာတစ်ခုခုကို ပြောရင်း ဟိုဘက်ကို လမ်းလျှောက်သွားရမယ်။ ပြီးတော့ ဘေးပတ်ဝန်းကျင်ကို လူရိပ်လူခြေ စောင့်ကြည့်ရင်း ခုံတန်းလျားပေါ်မှာ လှဲနေတဲ့ အဘိုးအိုရဲ့ ခန္ဓာကိုယ်ကို စတင်စမ်းသပ်ရမယ်။ ကဲ... ငါ့နောက်က လိုက်ခဲ့ပြီး တစ်ခေါက်လောက် စမ်းကြည့်ရအောင်”

ဒါရိုက်တာက နောက်ပြန် လျှောက်လှမ်းရင်း သူတို့နှစ်ယောက်ကို သူ့ဆီ လျှောက်လာဖို့ အချက်ပြတယ်။ မာရူးက ဂျီဆော့ကို လှမ်းကြည့်လိုက်တယ်။ ဂျီဆော့က ပြုံးပြီး သူ့ကို ပြန်ကြည့်လာတယ်။

‘ကဲ... အခုက ဇာတ်တိုက်လေ့ကျင့်တာပဲ’

သူတို့ ကြိုတင်စီစဉ်ထားတဲ့ စကားပြောတွေကို ပြောရင်း စတင်လျှောက်လှမ်းခဲ့ကြတယ်။ သူ့နောက်က သုံးယောက်ကတော့ ဘာမှပြောစရာမလိုဘဲ အိတ်ကပ်ထဲ လက်နှိုက်ပြီး လိုက်ရုံတင်မို့လို့ ဇာတ်တိုက်နေစရာ မလိုပါဘူး။ မာရူးက သူ့ရဲ့ စကားပြောကို ပြောလိုက်တဲ့အခါ ဂျီဆော့ကလည်း သူ့ရဲ့ စကားပြောနဲ့ တုံ့ပြန်လာတယ်။ ဂျီဆော့ရဲ့ သိပ်ကို မာန်တက်နေတဲ့ လူမိုက် ပုံစံက အပြည့်အဝ ပေါ်ထွက်လို့ပေါ့။

ဒါက ကင်မရာထဲမှာ အသံအပြည့်အစုံ ပါမယ့် စကားပြောမျိုး မဟုတ်တာကြောင့် သူတို့ စကားပြောရတာ တော်တော်လေး စိတ်ပေါ့ပါးပါတယ်။ သူငယ်ချင်းအချင်းချင်း စကားပြောနေသလိုမျိုးပဲလေ။ ခုံတန်းလျားဆီ လျှောက်သွားရင်းနဲ့ မယဉ်ကျေးတဲ့ စကားလုံးအချို့ကိုတောင် အသုံးပြုလိုက်ကြသေးတယ်။

အဲဒီနေရာမှာ ဂျီဆော့က အရှေ့ကနေ သွားတယ်။ သူက မာရူးကို တစ်ချက် ကြည့်လိုက်ပြီးမှ မွန်ဂျောင် ရှိရာဆီ ညွှန်ပြလိုက်တယ်။ မာရူးက အနောက်က သုံးယောက်ကို လူရိပ်လူခြေ စောင့်ကြည့်ဖို့ အချက်ပြလိုက်ပြီး မွန်ဂျောင် ရဲ့ အိတ်ကပ်တွေကို စတင်နှိုက်ပါတော့တယ်။

“ကောင်းတယ်။ ခုနက အမူအရာက တော်တော်လေး ကောင်းတယ်ဗျာ။ မင်းတို့နှစ်ယောက် ဖန်တီးလိုက်တာလား”

“ဟုတ်ကဲ့ပါ”

“အစစ်အမှန် ရိုက်ကူးရေးကျရင်လည်း ဒီအတိုင်းပဲ လုပ်ပေးပါနော်။ ပြီးတော့ ပိုက်ဆံအိတ်ကို ရလိုက်တာနဲ့ ကင်မရာက အဘိုးအိုကို တစ်ချက် အရင်ပြပြီးမှ မင်းတို့ဆီ ရွှေ့လာလိမ့်မယ်။ အဲဒီအချိန်ကျမှ မင်းရဲ့ စကားပြောကို ပြောရမှာနော်။ လူမိုက် ၂ က ဘယ်သူလဲ”

“ကျွန်တော်ပါ ခင်ဗျာ” လို့ မာရူးက ပြောလိုက်တယ်။

“အော်... ဟုတ်သားပဲ။ မင်းကိုး။ မင်းနာမည်က... မာရူး။ ဟုတ်တယ်... မင်းက ဟန်မာရူး မဟုတ်လား။ ဒါရိုက်တာက မင်းအပေါ် မျှော်လင့်ချက် အများကြီး ထားတာမို့လို့ ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲ အစွမ်းကုန် လုပ်ပြပေးပါဦးနော်။ ကဲ... ဒါဆို အဆင်သင့် ပြင်ထားကြတော့။ ဒါကို မြန်မြန်အပြီးသတ်ပြီး သွားအိပ်ကြရအောင်”

လက်ထောက်ဒါရိုက်တာလည်း သူ့နေရာသူ ပြန်သွားဖို့ ညွှန်ကြားချက် ရလိုက်တယ်။

“ဟူး... အခုမှ အစစ်အမှန် စတော့မှာပဲ” လို့ ဂျီဆော့က စိတ်လှုပ်ရှားနေတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

မာရူးလည်း ပြုံးရင်း လက်တွေကို ခါယမ်းလိုက်တယ်။ ကင်မရာက သူ့အရှေ့တည့်တည့်မှာ ရှိနေတာမို့ စိတ်လှုပ်ရှားနေသမျှတွေက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီလေ။ ကင်မရာရှေ့မှာ ရောက်ရင် ဖြစ်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့သလောက် တုန်ရင်တာမျိုး တစ်ချက်ကလေးမှ မရှိပါဘူး။

“အမှားအယွင်း မလုပ်မိစေနဲ့နော်”

“ငါ့အတွက်တော့ စိတ်မပူပါနဲ့ကွာ” လို့ ဂျီဆော့က ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။

နောက်ဆုံးတော့ အဝေးကနေ ‘အဆင်သင့်ဖြစ်ပြီလား’ ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ‘ကင်မရာလှည့်’ ဆိုတဲ့ စကားပြီးတာနဲ့ ‘အက်ရှင်’ ဆိုတဲ့ အမိန့်သံ ထွက်လာတယ်။ လွန်ခဲ့တဲ့ မိနစ်သုံးဆယ်လောက်ကမှ အော်ဟစ်ငိုကြွေးနေခဲ့တဲ့ မွန်ဂျောင် က အခုဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ အားအင်တစ်ခုမှမရှိတော့တဲ့ အားနည်းလှတဲ့ အဘိုးအိုတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ မူးယိုင်နေတဲ့ ခြေလှမ်းတွေနဲ့ ခုံတန်းလျားဆီ လျှောက်သွားပြီးတဲ့နောက် ခုံတန်းလျားပေါ်ကို လဲပြိုကျသွားတယ်။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ပြီး ခပ်ဖျော့ဖျော့ ရယ်မောသံကိုလည်း ရံဖန်ရံခါ ကြားနေရတယ်။ မွန်ဂျောင် ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်ကူးနေတဲ့ ကင်မရာက မွန်ဂျောင် ရဲ့ ရင်ဘတ်အထက်ပိုင်းဆီကို ကပ်လာတယ်။ သူ့ရဲ့ မျက်နှာဆီကို ပိုပြီး နီးကပ်လာတာ ဖြစ်ရမယ်။

“ကတ်။ ကောင်းတယ်ဗျာ"

ပထမဆုံး ရိုက်ချက်မှာတင် အိုကေအချက်ပြချက် ကျလာခဲ့တယ်။ ကင်မရာက သူတို့ဆီ ချဉ်းကပ်လာတယ်။ ကင်မရာဒါရိုက်တာ၊ ကင်မရာလက်ထောက်၊ ပြီးတော့ လက်ထောက်ဒါရိုက်တာနဲ့ ဝန်ထမ်းအချို့က ဘေးချင်းယှဉ်ပြီး ရပ်နေကြတယ်။ ဒါရိုက်တာကတော့ အဝေးကနေ ပင်မမော်နီတာထဲကို စိုက်ကြည့်နေတယ်။

“မင်းတို့ အဆင်သင့်ဖြစ်ပြီလား”

လက်ထောက်ဒါရိုက်တာ ကိုင်ထားတဲ့ စကားပြောစက်ထဲကနေ ဒါရိုက်တာရဲ့ အသံ ထွက်လာတယ်။ မာရူးက ခေါင်းညိတ်ပြလိုက်ပြီး ဂျီဆော့ကတော့ တက်ကြွရွှင်လန်းစွာနဲ့ပဲ “ဟုတ်ကဲ့ပါ” လို့ ပြန်ဖြေလိုက်တယ်။

“အချက်ပြမှုကို လုပ်နိုင်ပြီ”

ဒါရိုက်တာရဲ့ မက်ဆေ့ခ်ျက အဲဒါနဲ့တင် ပြီးဆုံးသွားတယ်။ လက်ထောက်ဒါရိုက်တာက စကားပြောစက်ကို သူ့ပုခုံးက သိုင်းကြိုးပေါ်မှာ ချိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆလိတ်ပြားကို ကိုင်ထားတဲ့ လူက ကင်မရာအရှေ့မှာ လာရပ်တယ်။

“အဆင်သင့်” လို့ လက်ထောက်ဒါရိုက်တာက အချက်ပြလိုက်တယ်။

“35-dash-2-dash-1” လို့ ဝန်ထမ်းက ပြောရင်း သင်ပုန်းပြားကို ဖြောင်းခနဲ ရိုက်လိုက်တယ်။

အဲဒီနောက်မှာတော့ ကင်မရာဒါရိုက်တာက ပြောလိုက်တယ် -

“ကင်မရာ”

အဲဒီစကားနဲ့အတူ ကင်မရာတွေက စတင်ရိုက်ကူးနေပြီ။

မာရူးက သူ့ရဲ့ ပုခုံးတွေ တင်းကျပ်လာတာကို ခံစားလိုက်ရတယ်။ အလင်းရောင် တစ်ချက်ကလေးမှ ပြန်မဟပ်တဲ့ အမည်းရောင် ကင်မရာကြီးက သူ့ကို တစ်ကိုယ်လုံး ဝါးမြိုပစ်တော့မယ့်အတိုင်းပဲလေ။ ကင်မရာရဲ့ ဘေးတစ်ဖက်တစ်ချက်စီက မီးလုံးတွေကလည်း သူ့ရဲ့ စိတ်ကို အနှောင့်အယှက် ပေးနေတယ်။ မြေပြင်ပေါ်က လျှပ်စစ်ကြိုးတွေကတောင် သူ့ကို မွန်းကြပ်စေသလိုမျိုးပေါ့။

‘အက်ရှင်’ ဆိုတဲ့ စကားက ဘယ်အချိန်ကျမှ ထွက်လာမှာပါလိမ့်။ သူက လက်ထောက်ဒါရိုက်တာရဲ့ နှုတ်ခမ်းကိုပဲ စိုက်ကြည့်နေမိတယ်။

“အက်ရှင်”

နောက်ဆုံးတော့ အမိန့်သံ ကျလာခဲ့ပါပြီ။ အဲဒီအချိန်မှာပဲ မာရူးက သူ့အပေါ် တုပ်နှောင်ထားတဲ့ အတားအဆီးတွေအကုန်လုံး လွင့်စင်သွားသလို ခံစားလိုက်ရတယ်။ သူ့ရဲ့ အမြင်အာရုံက ရုတ်တရက် ပိုပြီး လင်းထိန်သွားခဲ့ပြီး လူတိုင်းရဲ့ မျက်နှာပေးတွေကို အထင်အရှား မြင်လိုက်ရတယ်။ ကင်မရာရဲ့ လည်ပတ်သံက သူ့ရဲ့ နားထဲမှာ သာယာနေပြီး အလင်းပြန်ပြားကလာတဲ့ မီးရောင်ကလည်း နွေးထွေးနေသလိုပဲလေ။ ဂျီဆော့ရဲ့ အသက်ရှူသံကတောင် ရင်းနှီးလှိုက်လှဲနေသလို ခံစားရတယ်။ မြေပြင်ပေါ်က လျှပ်စစ်ကြိုးတွေကလည်း ချစ်စရာကောင်းနေသလိုမျိုးပေါ့။

သူ တကယ့်ကို စိတ်လှုပ်ရှားတက်ကြွနေမိတယ်။ သူ့ရဲ့ ရင်ဘတ်၊ မဟုတ်သေးပါဘူး... သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက နှလုံးသားထဲမှာ လူပုလေးတွေ ဟိုခုန်ဒီခုန် လုပ်နေကြသလိုမျိုး တုန်ခါလာတယ်။ ဒါက စိတ်လှုပ်ရှားမှုကြောင့် ဖြစ်လာတဲ့ တုန်ရင်ခြင်းမျိုးနဲ့ လုံးဝ ဥဿုံ ကွဲပြားပါတယ်။ အဲဒီတုန်ခါမှုမှာ စည်းချက်ဝါးချက် ရှိနေပြီး သူ့ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုချင်းစီကို နိုးထစေတဲ့ ခေါင်းလောင်းသံတစ်ခုလိုပဲလေ။

ခဏကလေးအတွင်းမှာတော့ သူ ဘာအသံကိုမှ မကြားရတော့ပါဘူး။ ပျောက်ဆုံးသွားတဲ့ အသံတွေရဲ့ ကိုယ်စား သူ့ပတ်ဝန်းကျင်က မြင်ကွင်းတွေအကုန်လုံးက ပိုပြီးတော့ ထင်ထင်ရှားရှား ဖြစ်လာခဲ့တယ်။ အရောင်တွေက ပိုပြီး တောက်ပလာပြီး အရာရာက ပိုလို့တောင် ထက်မြက်လာတယ်။ ဟိန်းထွက်နေတဲ့ ‘အက်ရှင်’ ဆိုတဲ့ အသံကို မကြားရတော့တဲ့ အချိန်မှာပဲ မာရူးက မျက်လုံးတွေကို ဂျီဆော့ဆီ လှည့်လိုက်တယ်။

ဂျီဆော့က ယုံကြည်မှုအပြည့်နဲ့ မျက်နှာပေးနဲ့ စကားစလာတာပေါ့ -

“ငါ ပြောသားပဲ... အဲဒီဆိုင်ကယ်ကို ငါ အရင်ဦးထားတာလို့"

သူက အချိန်ကို အတိအကျ ချိန်ပြီး သူ့ရဲ့ စကားပြောကို ပြောလိုက်တာ ဖြစ်ပါတယ်။ တကယ်လို့ မာရူးသာ အဲဒါကို ပြန်ပြီး တုံ့ပြန်မှု မလုပ်နိုင်ရင် လူဖြစ်ရကျိုး နပ်တော့မှာ မဟုတ်ပါဘူး။

“ဒါက ငါ့အကြံလေ။ မင်းအတွက် အဲဒီဆိုင်ကယ်ကို ရှာပေးခဲ့တာက ငါကွ”

သူတို့က သဘာဝကျကျ လျှောက်လှမ်းနေကြတယ်။ လက်ထောက်ဒါရိုက်တာနဲ့ ကင်မရာဒါရိုက်တာက နောက်ကို ဆုတ်ပေးနေကြပေမဲ့ မာရူးကတော့ သူတို့ကို မမြင်တော့ပါဘူး။ ကင်မရာ ရှိနေတာကိုလည်း သူ့စိတ်ထဲမှာ မရှိတော့ပါဘူး။ သူ့ရဲ့ အကြည့်က ဝန်ထမ်းတွေရဲ့ အလွန် နေရာတစ်ခုဆီကိုပဲ ဦးတည်နေတယ်။ အခု သူ မြင်နေရတာကတော့ သူ့ရဲ့ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ ခုံတန်းလျားနဲ့ မွန်ဂျောင် တင်ပဲလေ။

သူတို့ ကြိုတင်စီစဉ်ထားတဲ့ စကားပြောတွေနဲ့ သရုပ်ဆောင်မှုကို စတင်လိုက်ကြတယ်။ မာရူးက ဂျီဆော့ရဲ့ ပုခုံးကို တိုက်လိုက်ပြီး မယဉ်ကျေးတဲ့ စကားလုံးတွေကို ပြောလိုက်တယ်။ သူ အလိုလို ပြုံးမိသွားပြီး စိတ်လှုပ်ရှားနေမိတယ်။ ကိုယ်နဲ့ စည်းချက်ဝါးချက် ညီတဲ့လူတစ်ယောက်နဲ့ အတူတူ သရုပ်ဆောင်ရတာက ဒီလို ခံစားချက်မျိုးကိုး။

မဟုတ်သေးပါဘူး... သူတို့က သိပ်ကို တော်လွန်းနေတာကြောင့် မာရူးအနေနဲ့ ဒါကို သရုပ်ဆောင်မှုတစ်ခုလို့တောင် မတွေးမိတော့ပါဘူး။ ဇာတ်တိုက်ရတဲ့ အချိန်က တိုတောင်းခဲ့ပြီး ကြီးမားတဲ့ ရလဒ်မျိုးကို မျှော်လင့်မထားခဲ့ပေမဲ့ ဘယ်လိုကြောင့်ရယ်မသိ သူတို့က အချိန်အကြာကြီး အတူတူ လေ့ကျင့်လာခဲ့ကြတဲ့ လူတွေလိုမျိုး စက်သွားတွေ တစ်ခုနဲ့တစ်ခု ကွက်တိအံဝင်ခွင်ကျ ဖြစ်နေသလိုပဲလေ။

ဂျီဆော့ရဲ့ မျက်နှာက သူ့ရဲ့ အမြင်အာရုံထဲမှာ အပြည့်အဝ ရှိနေတယ်။ ပြုံးနေတဲ့ မျက်လုံးတွေ၊ လှုပ်ရှားနေတဲ့ နှာခေါင်းနဲ့ နှုတ်ခမ်းတွေ။ သူက အေးအေးဆေးဆေး ရှိနေတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်လို သရုပ်ဆောင်နေတာပေါ့

သူ့ရဲ့ တွဲဖက်ဆီကနေ သူ နောက်ကျကျန်ခဲ့လို့ မဖြစ်ပါဘူး။ မာရူးက စိတ်လှုပ်ရှားစွာနဲ့ပဲ ဆက်လျှောက်ခဲ့တယ်။ ခဏကလေးအတွင်းမှာတော့ သူ့ခေါင်းထဲမှာ သူ စကားပြောနေတဲ့ ဂျီဆော့ကလွဲလို့ ဘာမှ ရှိမနေတော့ပါဘူး။ ဂျီဆော့က တစ်ခုခု ပြောလိုက်တိုင်း မာရူးက သဘာဝကျကျပဲ ပြန်လည်တုံ့ပြန်နေမိတယ်။ သူတို့ ကြိုတင်ဖန်တီးထားတဲ့ စကားပြောတွေကို ပြောရင်းနဲ့ပဲ ခုံတန်းလျားဆီ ရောက်လာခဲ့ကြတယ်။

သူ့ရဲ့ ဘယ်ဘက်မှာ ကင်မရာဒါရိုက်တာက အားလုံး အဆင်သင့် ပြင်ဆင်ပြီးသွားပြီဆိုတာကို အတည်ပြုလိုက်တဲ့ အချိန်မှာပဲ ဂျီဆော့က အဲဒီအချိန်ကို စောင့်နေခဲ့သလိုမျိုး သူ့ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။

“သူ တော်တော်လေး မူးနေတဲ့ ပုံပဲ”

သူတို့ ဒီအပိုင်းကို အကြိမ်ကြိမ် စမ်းသပ်ခဲ့ကြတာလေ။ မာရူးက လူမိုက်တစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ အနောက်က သုံးယောက်ကို အချက်ပြလိုက်တယ်။ ထိုသုံးယောက်ကလည်း ဘေးပတ်ဝန်းကျင်ကို စတင်စောင့်ကြည့်ကြတယ်။

ဂျီဆော့က မွန်ဂျောင် ရဲ့ အဝတ်အစားတွေကို စတင်နှိုက်ပါတော့တယ်။

“ဟေ့ အဘိုးကြီး... ဒီလို နေရာမျိုးမှာ အိပ်နေရင် သေသွားလိမ့်မယ်နော်"

ဂျီဆော့က ပြုံးဖြဲဖြဲနဲ့ ပြန်ထရပ်လိုက်တယ်။ သူက လက်ထဲမှာ ပိုက်ဆံအိတ်ကို ကိုင်ပြီး အဲဒီစကားကို ပြောလိုက်တယ်။ မာရူးလည်း အကောင်းစား အရာတစ်ခုခုကို ရလိုက်တဲ့ ပုံစံမျိုးနဲ့ အမူအရာ လုပ်ပြလိုက်တယ်။ သူ တကယ်ကို ပျော်နေမိတာလေ။ အဲဒီထဲက ပိုက်ဆံတွေကို ဘယ်လိုသုံးရမလဲဆိုတာကိုတောင် တွေးမိနေသေးတယ်။

“ကတ်။ အိုကေ"

ဖြတ်ဆိုတဲ့ အချက်ပြသံကို ကြားလိုက်ရတဲ့အခါ သူ လန့်ဖျပ်သွားမိတယ်။ အာ... အခုတော့ ပြီးသွားခဲ့ပြီပေါ့။ လက်ထောက်ဒါရိုက်တာက သူတို့ကို လမ်းလျှောက်ထွက်သွားဖို့ လက်လှမ်းပြတယ်။ မာရူးနဲ့ ဂျီဆော့က ခုံတန်းလျားဆီကနေ လျှောက်ထွက်လာခဲ့ကြတယ်။

“ငါတို့ ဒီအတိုင်းပဲ ဆက်သွားကြမယ်"

* * * * * * * * *

All Chapters