အခန်း ၂၈၆
Vol. 29 Ch. 286
အခန်း(၂၈၆)
မကြာခင်မှာပဲ မွန်ဂျောင် ရဲ့ သရုပ်ဆောင်မှုက စတင်ခဲ့ပါတယ်။ ကင်မရာက မွန်ဂျောင် ကို အပေါ်စီးကနေ ရိုက်ကူးနေတယ်။ ကြည့်ရတာ လူမိုက်လေးရဲ့ အမြင်အာရုံအတိုင်း ကင်မရာက လိုက်ရိုက်နေတဲ့ ပုံစံမျိုးပါပဲ။ မာရူးက မွန်ဂျောင် ရဲ့ သရုပ်ဆောင်မှုကို အနီးကပ် စောင့်ကြည့်နေမိတယ်။ အနီးကပ် မြင်လိုက်ရတဲ့ မွန်ဂျောင် ရဲ့ သရုပ်ဆောင်မှုကတော့ စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် မစွမ်းသာလောက်အောင်ပါပဲလား။
ခုနက သူတို့ချင်း အပြန်အလှန် ပြောခဲ့ကြတဲ့ အားပေးစကားတွေက ဒီမြင်ကွင်းရဲ့ အရှေ့မှာတော့ ဘာမှမဟုတ်သလို ဖျော့တော့သွားခဲ့ပြီပေါ့။ မာရူးက ဂျီဆော့ကို လှည့်ကြည့်လိုက်တယ်။ သူလည်း အလားတူ ကိစ္စမျိုးကို တွေးနေတဲ့ ပုံစံနဲ့ ခါးသီးတဲ့ အပြုံးတစ်ခုကို ပြုံးနေတယ်။ စကားပြောစက်ထဲ အသံပါသွားမှာ စိုးရိမ်လို့ ဘာစကားမှ ထုတ်မပြောကြပေမဲ့ အသံထွက်လို့သာ ရရင် မာရူးလည်း သက်ပြင်းအရှည်ကြီး တစ်ချက် ချပစ်လိုက်ချင်မိတယ်။ သူ ဒီထက်မက ပိုကောင်းအောင် လုပ်နိုင်ဦးမယ်လို့ တွေးနေမိတယ်။ ဒါပေမဲ့ အိုကေအချက်ပြချက်က ကျသွားခဲ့ပြီမို့လို့ သာမန်ဇာတ်ကောင်နေရာက ဖြစ်တဲ့ သူကတော့ အဲဒီဇာတ်ကွက်ကို ပြန်ရိုက်ပေးဖို့ တောင်းဆိုလို့ မရပါဘူး။
“ကောင်းကောင်း လုပ်နော်။ နင် ကောင်းကောင်းမလုပ်ရင် ငါ လိုက်ပြီး ကန့်ကွက်နေမှာ။ မင်းက ငါတကယ် လုပ်ချင်ခဲ့တဲ့ ဇာတ်ကောင်နေရာကို ယူထားတာမို့လို့ ကောင်းကောင်း လုပ်ပြရမယ်နော်”
ဂျီဆော့က ပြုံးရင်း မာရူးရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ်။ သူ အဲလိုမျိုး ထုတ်မပြောရင်တောင် မာရူး စိတ်ထဲကနေ သိနေတယ်။ သူက ဒီဇာတ်ဝင်ခန်းအတွက် အရာရာကို အဆင်သင့် ပြင်ဆင်ထားခဲ့တာလေ။ ဒီစကားပြော နှစ်ခွန်းကို ပြောဖို့အတွက်တင်ပဲ သူက ဒီရုပ်ရှင်ထဲမှာ ပါဝင်ပတ်သက်ခဲ့တာ မဟုတ်လား။ တကယ်လို့ အကောင်းဆုံး အဆင့်အတန်းတစ်ခု ဖြစ်အောင် မပြသနိုင်ရင်တော့ သူ အားမလိုအားမရဖြစ်ပြီး ရူးသွားနိုင်တယ်လေ။
အဲဒီအချိန်မှာပဲ ခုံတန်းလျားပေါ်မှာ လှဲနေတဲ့ မွန်ဂျောင် က ထရပ်လိုက်ပြီး သူ့ဆီ လျှောက်လာတယ်။ သူက နက်နဲတဲ့ မျက်လုံးတွေနဲ့ စကားဆိုလာတာပေါ့ -
“မင်း ဘယ်လိုမျိုးပဲ သရုပ်ဆောင်ပြပြ ငါက အကုန်လုံးကို တုံ့ပြန်ပေးမှာမို့လို့ မင်းလုပ်နိုင်သမျှ အကုန်လုံးကိုသာ ထုတ်ပြလိုက်စမ်းပါ။ မင်းကြောင့်မို့လို့ ငါ့ဘက်က အမှားအယွင်း ဖြစ်သွားအောင်အထိ မင်းရဲ့ စိတ်ခံစားမှုတွေအကုန်လုံးကို ငါ့ဆီ ရိုက်သွင်းပစ်လိုက်။ အသင့်အတင့် ပေါ့ပျက်ပျက် လုပ်တာမျိုးကိုတော့ ငါ သိပ်မုန်းတာ။ သဘောပေါက်လား မာရူး”
“ဟုတ်ကဲ့ပါ အဘိုး”
မွန်ဂျောင် က နူးညံ့တဲ့ အပြုံးလေးနဲ့ ခုံတန်းလျားပေါ် ပြန်ထိုင်လိုက်တယ်။ မာရူးက ခွန်အားတွေ ရရှိလိုက်တယ်။ သူ့ကို စိတ်ကြိုက်သာ လုပ်ဖို့ ပြောလိုက်တာလေ။ အခု ကျန်တော့တာကတော့ သူ့မှာ ရှိသမျှ အရာအားလုံးကို ထုတ်ပြဖို့ တင်ပဲပေါ့။
ဒီအဖိုးကြီးရဲ့ ဘဝနဲ့ ယှဉ်ကြည့်ရင် ငါ့ဘဝကတော့ အဆင်ပြေသေးပါလားဆိုတဲ့ သူ့ရဲ့ ညစ်ပတ်ပြီး ကောက်ကျစ်ပေမဲ့ ဖြူစင်နေသေးတဲ့ စိတ်ခံစားမှုတွေကို ဒီစကားပြော တစ်ခွန်းတည်းထဲမှာပဲ အစွမ်းကုန် ထည့်သွင်းရမှာ ဖြစ်တယ်။
မာရူးက အသက်ရှူနှုန်းကို ချိန်ညှိဖို့ မျက်လုံးတွေကို ပိတ်လိုက်တယ်။ နှလုံးခုန်နှုန်း နှေးသွားအောင် အသက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်တယ်။ စိတ်ထဲမှာ နည်းနည်းတော့ ပေါ့ပါးသွားသလို ခံစားရတယ်။ စိတ်တည်ငြိမ်သွားတဲ့ အခါကျမှပဲ အေးစိမ့်စိမ့် အပြုံးတစ်ခုကို ပြုံးဖို့ ပိုပြီး လွယ်ကူသွားခဲ့ပြီလေ။
အခု ကျန်တော့တာကတော့ သူ့ကိုယ်သူ မေ့ဖျောက်ထားဖို့ တင်ပဲပေါ့။ ဇာတ်ကောင်ထဲကိုပဲ စိတ်နှစ်ထားရမယ်။ သောက်ကျိုးနည်း လူမိုက်လေးတစ်ယောက် ဖြစ်သွားအောင်လို့လေ။ ဒီမှာရှိတဲ့ ဝန်ထမ်းတွေကိုတင်မကဘဲ ဖန်သားပြင်အရှေ့က ပရိသတ်တွေကိုပါ မျက်မှောင်ကြုတ်သွားစေလောက်အောင်အထိ သူ့ရဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေကို ဒီစကားပြောထဲ ထည့်ရမယ်။
‘စကားကို ဖြည်းဖြည်းချင်း ပြောရမလား။ ဟင့်အင်း... နည်းနည်း မြန်မြန် ပြောလိုက်တာက ပိုကောင်းလိမ့်မယ်။’
မာရူးက တစ်ချိန်လုံး လေ့ကျင့်လာခဲ့တဲ့ စကားပြောကို အဲဒီနေရာမှာတင် ချက်ချင်း ပြောင်းလဲပစ်လိုက်တယ်။ သူ့ရဲ့ မာနတွေကိုလည်း ချပစ်လိုက်တယ်။ သူ့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ဇာတ်ကောင်ရဲ့ ကိုယ်ပိုင်ဟန် ပေါ်ထွက်လာဖို့ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ ဇာတ်ကောင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ဖို့ကိုပဲ အာရုံစိုက်ရမှာ ဖြစ်တယ်။ သူက လောဘကြီးလို့ ရနိုင်ပေမဲ့ လောဘသိပ်ကြီးရင်တော့ အဆင်မပြေနိုင်ဘူးလေ။ မာရူးက သူ ဘာလုပ်နိုင်လဲ၊ ဘာမလုပ်နိုင်ဘူးလဲဆိုတာကို သေချာ သိနေတယ်။ သူက အဲဒီစည်းကလေးကို မဆိုစလောက်ပဲ ထိရုံတင် ထိရမယ်။ စည်းကျော်ပြီးတော့လည်း အလွန်အကျွံ မလုပ်မိရသလို၊ အားနည်းတဲ့ ပုံစံမျိုး ပေါ်သွားလောက်အောင်အထိလည်း လိုအပ်ချက် မရှိစေရဘူးပေါ့။
သူက အဲဒီနယ်စပ်စည်းကလေးပေါ်မှာပဲ ရပ်နေရမယ်။ ဇာတ်ကောင်ရဲ့ ကိုယ်ပိုင်ဟန် ဆိုတာကတော့ နောက်မှ လာမယ့် ကိစ္စလေ။
လက်ထောက်ဒါရိုက်တာက အဆင်သင့် ပြင်ထားဖို့ အချက်ပြလာတယ်။
မာရူးက သူ့မျက်နှာကို လက်နဲ့တစ်ချက် သပ်လိုက်ပြီးမှ မတ်မတ်ရပ်လိုက်တယ်။ ဂျီဆော့က သူ့ဘေးမှာ လာရပ်ပြီး ကျန်တဲ့ သုံးယောက်ကတော့ သူ့ကို ကျောပေးထားကြတယ်။ ခုံတန်းလျားပေါ်မှာ လှဲနေတဲ့ မွန်ဂျောင် ကို သူ လှမ်းကြည့်လိုက်မိတယ်။ အဘိုးအိုက သရုပ်ဆောင်မှု အခြေအနေထဲကို ပြန်ဝင်သွားပြီဖြစ်လို့ သူ့ရဲ့ မျက်လုံးတွေက တုန်ရင်လို့ပေါ့။ ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်နေတဲ့ အဘိုးအိုတစ်ယောက်ကို ကြည့်ရင်း သူ့စိတ်ထဲမှာ အလိုလို သနားစိတ်တွေ ဖြစ်ပေါ်လာပေမဲ့ မာရူးက အဲဒီစိတ်ခံစားမှုကို ချက်ချင်းပဲ သတ်ပစ်လိုက်တယ်။ အခုအချိန်မှာ သူ လိုအပ်နေတာက သနားစိတ် မဟုတ်ဘဲ အဲလို အားနည်းလှတဲ့ အဘိုးအိုတစ်ယောက်ကို နှိပ်စက်လိုက်ရလို့ ရလာမယ့် ကိုယ်ပိုင် စိတ်ကျေနပ်မှုမျိုးပဲလေ။
မွန်ဂျောင် ရဲ့ ရိုက်ချက် ပြီးသွားတဲ့နောက် ကင်မရာကို ပြန်လည်ပြင်ဆင်လိုက်ကြတယ်။ ဒီတစ်ခေါက် ကင်မရာကတော့ ပိုပြီး နိမ့်တဲ့ ထောင့်ကနေ ရိုက်ကူးမှာပေါ့။ အဘိုးအိုရဲ့ အမြင်အတိုင်း လူမိုက်လေးကို အောက်ကနေ အပေါ်ကို မော့ကြည့်ရိုက်မယ့် ပုံစံမျိုးလေ။ ဒါက ဒီဇာတ်ဝင်ခန်းရဲ့ နောက်ဆုံး ရိုက်ချက်ပဲ။ သူ့ရဲ့ စကားပြောကို ပြောပြီး လှည့်ထွက်သွားတာနဲ့ ဒီရုပ်ရှင်ထဲမှာ သူ့ရဲ့ လုပ်ဆောင်မှုက အဲဒါနဲ့တင် ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။
ဦးနှောက်မရှိတဲ့ အဖိုးကြီး။ သူ့အသက်အရွယ်ကြီးနဲ့ ဒီလို နေရာမျိုးမှာ ဘာလာလုပ်နေတာလဲ။ ဒီလို အချိန်မျိုးမှာမှ မူးပြီး လဲနေရတယ်လို့။ ဘဝကို ဖြုန်းတီးပစ်တာပဲ။ ဘာအဓိပ္ပာယ်မှ မရှိတဲ့ ဘဝကြီး။ ဘာပဲဖြစ်ဖြစ် သေတော့မှာ အတူတူ နင့်ရဲ့ ပိုက်ဆံအိတ်ကို ငါတို့ဆီပဲ လှူခဲ့လိုက်ပါတော့။ နင့်ရဲ့ ပိုက်ဆံတွေကို မျှော်လင့်ချက်ရှိတဲ့ လူငယ်တွေဆီ ပေးလိုက်တာက ပိုပြီး အဆင်မပြေဘူးလား။ မှိုတက်နေတဲ့ အဖိုးကြီးရဲ့။
သူ့ရဲ့ စိတ်ထဲမှာ အဲဒီစကားလုံးတွေကို အကြိမ်ကြိမ် ရွတ်ဆိုနေမိတယ်။ သူ့ရဲ့ နှုတ်ခမ်းတွေကလည်း အလိုလို လှုပ်ရှားလို့ပေါ့။ ကင်မရာက မလှည့်ရသေးပေမဲ့လည်း ဘာမှ ပြဿနာမရှိပါဘူး။
တကယ့်ကို ပေါ့ပျက်ပျက် အဖိုးကြီး။ သနားစရာကောင်းတဲ့ အဖိုးကြီး။ ရွံစရာကောင်းတဲ့ အဖိုးကြီး။
ဟဲခနဲ... မနှစ်မြို့စရာ အပြုံးတစ်ခုက သူ့နှုတ်ခမ်းဝကနေ ထွက်လာတယ်။ ဒါရိုက်တာက သူ့ကို စိုက်ကြည့်နေတာကို ခံစားမိပေမဲ့ သူ သိပ်ပြီး ဂရုမစိုက်တော့ပါဘူး။ တခြား စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခု ပေါ်လာတာနဲ့ သူ တည်ဆောက်ထားတဲ့ စိတ်ခံစားမှုတွေအကုန်လုံး ပြိုလဲသွားနိုင်တယ်ဆိုတာ သူ သိလို့ပဲလေ။ အခုအချိန်က ဇာတ်ကောင်ထဲကို အပြည့်အဝ စိတ်နှစ်ထားရမယ့် အချိန်ပဲ မဟုတ်လား။
“...ကောင်းတယ်။ ဒီအတိုင်းပဲ သွားကြစို့။ သင်ပုန်းပြားကို အကျယ်ကြီး မရိုက်ပါနဲ့နော်။ သူ့ကို အနှောင့်အယှက် မဖြစ်စေနဲ့။ အေး... ဒီအတိုင်းပဲ။ အဲဒီ မျက်နှာပေး၊ အဲဒီ မဲ့ရွဲ့နေတဲ့ နှုတ်ခမ်း... အဲအတိုင်းပဲ သွားမယ်”
ဒါရိုက်တာရဲ့ စကားတွေကို သူ့နားထဲ ကြားနေရပေမဲ့ သူ တစ်လုံးမှ နားမထောင်တော့ပါဘူး။ ဘယ်နားက ဝင်ပြီး ညာနားက ထွက်သွားတာမျိုးလေ။ သူ စောင့်ဆိုင်းနေတဲ့ အမိန့်စကားတစ်ခုကလွဲလို့ ကျန်တာတွေကို သူ အကုန်မေ့ဖျောက်ထားလိုက်တယ်။
သူ့နှုတ်ခမ်းဝကနေ ထွက်လာဖို့ အသင့်ဖြစ်နေတဲ့ စကားလုံးအချို့ကို သူ ခံစားလိုက်ရတယ်။ မဟုတ်သေးဘူး... အခု ထုတ်ပြောလို့ မဖြစ်သေးဘူး။ အဲဒီ စကားလုံး ကြားပြီးမှပဲ ပြောရမှာလေ။
“အက်ရှင်"
အဲဒီအမိန့်သံက တိုးတိုးကလေးပဲ ထွက်လာပါတယ်
မာရူးက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး မာန်တက်နေတဲ့ အကြည့်တွေနဲ့ ကင်မရာထဲကို စိုက်ကြည့်လိုက်တယ်။ မဟုတ်သေးပါဘူး... အတိအကျ ပြောရရင်တော့ ကင်မရာရဲ့ အနောက်ကွယ်မှာ လက်ပိုက်ပြီး ရပ်နေတဲ့ မွန်ဂျောင် ကို စိုက်ကြည့်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနေရာပဲလေ။ သူ့ရဲ့ စိတ်ခံစားမှု အစအနလေးတွေကို စုစည်းပြီး ထုတ်ပစ်ရမယ့် နေရာက အဲဒီနေရာပဲ မဟုတ်လား။ မွန်ဂျောင် က ခေါင်းကို အနည်းငယ် ညိတ်ပြတယ်။ မာရူးအတွက်တော့ အဲဒါက ဒါရိုက်တာရဲ့ အချက်ပြမှုတစ်ခုလိုပဲလေ။ ဒူးလေးကနေ လွတ်ထွက်သွားတဲ့ မြားတစ်စင်လိုပဲ၊ မာရူးက သူ့ရဲ့ မနှစ်မြို့စရာ အပြုံးပေါ်မှာတင် သူ့ခေါင်းထဲမှာ အကြိမ်ပေါင်းရာချီပြီး ရွတ်ဆိုခဲ့တဲ့ စကားပြောကို ထုတ်ပြောလိုက်ပါတော့တယ်။
စကားလုံးထုကြီးက သူ့ရဲ့ လည်ချောင်းကို ဖြတ်သန်းသွားခဲ့ပြီပေါ့။ အဲဒီစကားလုံးတွေကို သူ့ရဲ့ လျှာနဲ့ သွားတွေကြားထဲကနေ သတ်ပုံမှန်မှန်နဲ့ အသံထွက်အောင် အပြင်ကို ထုတ်ပစ်လိုက်တာမျိုးလေ။
အချိန်မတန်သေးဘဲ၊ အကြမ်းဖက်တတ်ကာ၊ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုတွေကို လိုက်ရှာနေတဲ့ လူမိုက်လေးတစ်ယောက်ရဲ့ စကားလုံးတွေပေါ့။
တစ်ကြိမ်တည်း ပြောလိုက်တဲ့ စကားလုံးရဲ့ အနှစ်ချုပ်က အကြိမ်ရာချီ ပြောလိုက်တဲ့ စကားလုံးရဲ့ အနှစ်ချုပ်နဲ့ ကွဲပြားတယ်ဆိုတာက သူ့ရဲ့ အတွင်းစိတ်ထဲမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒါဆိုရင် အခု သူ ပြောလိုက်တဲ့ စကားလုံးတွေအပေါ် သူ အားရကျေနပ်မှု ရှိရဲ့လား။
သူ ပြောလိုက်တဲ့ စကားလုံးတွေက သူ့နားထဲကို ပြန်ဝင်လာတယ်။ နားစည်ထဲကို ဝင်လာတဲ့ စကားလုံးတွေကို သူ စိတ်ထဲကနေ ပြန်လည်ခံစားကြည့်လိုက်တယ်။ သူက အလွယ်တကူ အားရကျေနပ်တတ်တဲ့လူ မဟုတ်ပေမဲ့ အခု သူ ပြောလိုက်တဲ့ စကားပြောကတော့ လက်ခံနိုင်တဲ့ အဆင့်တစ်ခုမှာ ရှိနေပါတယ်။ ဗီဒီယိုဖမ်းယူမှုကို ပြန်ကြည့်ရင်တောင် ရှက်နေစရာ မလိုတဲ့ အခြေအနေမျိုးပေါ့။
သူ ကင်မရာမှန်ဘီလူးကို ကြည့်ပြီး ပါးစပ်ကို ပိတ်လိုက်တယ်။ သူ့ရဲ့ စကားပြောကို သူ ပြောခဲ့တာလေ။ အမှားအယွင်း တစ်ချက်ကလေးမှ မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဦးနှောက်ဆိုတဲ့ စက်ရုံကြီးက လည်ပတ်မှု ရပ်တန့်သွားသလိုမျိုး သူ ငိုင်ကျသွားခဲ့တယ်။ သူ လှည့်ထွက်သွားရမယ်ဆိုတာကို မဆိုစလောက် သိနေပေမဲ့ စကားလုံးတွေအပေါ် စိတ်နှစ်လွန်းခဲ့တာကြောင့် အဲဒါကို မေ့သွားခဲ့တာမျိုးပေါ့။ ခုနက သူ ပြောလိုက်တဲ့ စကားလုံးတွေက သူ လုပ်နိုင်သမျှထဲမှာ အကောင်းဆုံးပဲလေ။ ဒီထက်မက လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့သလို၊ တကယ်လို့ ဒီဇာတ်ကွက်သာ အဆင်မပြေဖြစ်သွားရင် သူ့ရဲ့ အခြေအနေကို အရင်အတိုင်း ပြန်ဖြစ်အောင် လုပ်ဖို့ဆိုတာ တော်တော်လေး ခက်ခဲလိမ့်မယ်။ အဆင်မပြေတော့ဘူးလို့ သူ တွေးမိခါနီးမှာပဲ၊
“ရဲတွေကို သွားတိုင်ရင်တော့ မလွယ်ဘူးနော်... သဘောပေါက်လား”
ဂျီဆော့က ပိုက်ဆံအိတ်ကို လှမ်းပြရင်း မာရူးရဲ့ လက်မောင်းကို ဆွဲခေါ်သွားတယ်။ သူ့ကြောင့်မို့လို့ပဲ မာရူးလည်း သဘာဝကျကျ လှည့်ထွက်သွားနိုင်ခဲ့တယ်။ ခြေလှမ်းတွေကို မြေပြင်ပေါ်ကနေ ဖယ်ခွာလိုက်တဲ့ အခါကျမှ သူ ဘာဆက်လုပ်ရမလဲဆိုတာ သိတော့တယ်။ လှည့်ထွက်ရင်းနဲ့ မာရူးက ကင်မရာနဲ့ ခပ်လှမ်းလှမ်း နေရာဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။
တစ်ချိန်တည်းမှာပဲ ဒါရိုက်တာဆီကနေ ‘ကတ်’ ဆိုတဲ့ အော်ဟစ်သံကို သူ ကြားလိုက်ရတယ်။
“ငါ့ရဲ့ ကူညီမှုက တော်တော်လေး အဆင်ပြေသွားတယ် မဟုတ်လား” လို့ ဂျီဆော့က ပြုံးပြီး ပြောလိုက်တယ်။
“...အင်း... ကျေးဇူးပဲ” လို့ မာရူးက သက်ပြင်းချရင်း ပြောလိုက်တယ်။
တကယ်လို့ ဂျီဆော့သာ သူ့လက်မောင်းကို မဆွဲခဲ့ရင် သူက အဲဒီနေရာမှာ လူအလိုလို တောင့်တောင့်ကြီး ဖြစ်နေတော့မှာလေ။ အခြေအနေကို သတိပြုမိပြီး အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ပေးခဲ့တဲ့ ဂျီဆော့အပေါ် သူ ကျေးဇူးတင်မိပါတယ်။
ခန္ဓာကိုယ်ထဲက အားအင်တွေအကုန် လွင့်စင်သွားခဲ့ပြီပေါ့။ သူ အဲဒီနေရာမှာတင် လဲချပစ်လိုက်ပြီး လှည့်ကြည့်လိုက်တယ်။ မွန်ဂျောင် က ပြုံးဖြဲဖြဲ မျက်နှာပေးနဲ့ သူ့ကို ခေါင်းညိတ်ပြနေတာကို သူ မြင်လိုက်ရတယ်။
“ကောင်းတယ်ကွာ။ ငါတောင် မင်းလောက် ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး”
ဂျီဆော့က မာရူးရဲ့ ပုခုံးကို ဆုပ်ကိုင်လိုက်တယ်။ မာရူးက ပြုံးပြပြီး ပြန်ထရပ်လိုက်တယ်။
အဲဒါနဲ့တင် ဒီရုပ်ရှင်ထဲမှာ သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းက ပြီးဆုံးသွားခဲ့ပါပြီ။
* * * * * * * * *
ဂျုန်ဂွန်က ဗီဒီယိုကို ပြန်ရစ်ကြည့်နေတယ်။ ကင်မရာက ဒူးဆစ်အထိပဲ ရိုက်ရမှာ ဖြစ်ပေမဲ့ အခုက ပုခုံးအထိ ရိုက်ချက် ဖြစ်နေတယ်။ အဲဒီရိုက်ချက်ကို ယူခဲ့တဲ့ ကင်မရာဒါရိုက်တာက ဆေးလိပ်ကို ဖွာလိုက်ရင်း၊
“ဒီပုံစံက ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ငါ ထင်လို့လေ”
အဲဒီစကားကို ကြားရတော့ ဂျုန်ဂွန်က သူ့ရဲ့ မေးစေ့ကို သပ်လိုက်မိတယ်။
သူက ကင်မရာဒါရိုက်တာကို ကင်မရာကို ဒူးဆစ်နားမှာပဲ ဖိထားဖို့ ပြောခဲ့တာလေ။ ဘာလို့လဲဆိုတော့ မွန်ဂျောင် အနေနဲ့ လူမိုက်လေးတစ်ယောက်တည်းကိုတင်မကဘဲ ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံးကို လှမ်းကြည့်နေတဲ့ ပုံစံမျိုးက ပိုပြီး ဆီလျော်လို့ပဲ။ ဒါပေမဲ့ ကင်မရာဒါရိုက်တာက သူ့ရဲ့ ညွှန်ကြားချက်ကို မျက်ကွယ်ပြုပြီး မာရူးရဲ့ ရင်ဘတ်ပိုင်းအထိ ကပ်ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်
ပုံမှန်အားဖြင့်တော့ ဒါက ပြန်ရိုက်ရမယ့် ကိစ္စပေါ့။ သူ့ရဲ့ အစီအစဉ်ထဲမှာ မပါတာမို့လို့ အဲဒီရိုက်ချက်ကို အစစ်အမှန် ရုပ်ရှင်ထဲမှာ မသုံးချင်တာက သဘာဝကျပေမဲ့လည်း... မြင်ကွင်းအသစ်က သိပ်ကို တော်လွန်းနေတာကြောင့် ဖျက်ပစ်ဖို့က မရက်စက်နိုင်ပါဘူး။
“သူက တကယ့် လူတော်ပဲဗျာ။ သူ့ရဲ့ မျက်လုံးတွေကိုပဲ ကြည့်လိုက်ဦး။ သူက ကင်မရာရဲ့ အလွန်ကို လှမ်းကြည့်နေတာလေ။ သူ့မျက်လုံးထဲမှာ နက်နဲမှုတွေ ရှိတယ်။ သူက သရုပ်ဆောင်သစ်တစ်ယောက် ဟုတ်ကောဟုတ်ရဲ့လား”
ကင်မရာဒါရိုက်တာရဲ့ စကားကို ကြားရတော့ ဂျုန်ဂွန်လည်း ခေါင်းညိတ်လိုက်မိတယ်။ ဒါက ကောင်းတဲ့ ရိုက်ချက်တစ်ခုပဲလေ။ ဒီထက်မက ကောင်းတဲ့ ရိုက်ချက်မျိုးကို ယူနိုင်မယ်လို့ သူ့မှာ ယုံကြည်မှု မရှိပါဘူး။ အဲဒီသရုပ်ဆောင်ငယ်လေးကို နောက်တစ်ခေါက် ပြန်လုပ်ခိုင်းရင်တောင် အဲဒီလို မျက်လုံးမျိုးကို ထပ်ပြီး ဖန်တီးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါက ပြည့်စုံလွန်းတဲ့ အချိန်ကလေးပဲ မဟုတ်လား။ ကင်မရာဒါရိုက်တာက အမိန့်ကို မနာခံခဲ့ဘူးဆိုပေမဲ့ အဲဒီသရုပ်ဆောင်ငယ်လေး ပေးခဲ့တဲ့ အထင်အရှား ပုံရိပ်ကတော့ သိပ်ကို နက်နဲလှပါတယ်။
“အဲဒီအစား အပေါ်အောက် ရွှေ့ရိုက်တဲ့ ရိုက်ချက်မျိုးဆိုရင် ပိုကောင်းဦးမှာပေါ့”
“မင်းလည်း သိတဲ့အတိုင်း ပြန်ရိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလေ။ ဒီကောင်လေးက ငါတို့ ဘယ်လောက်ပဲ ပြန်လုပ်ခိုင်းပါစေဦးတော့ အဲဒီမျက်နှာပေးမျိုးကို ဘယ်တော့မှ ထပ်မလုပ်နိုင်တော့ဘူး”
“ဒါကြောင့်မို့လို့ ငါ နှမြောတသ ဖြစ်နေတယ်။ ဆေးလိပ်တစ်ဖွာလောက် ပေးစမ်းပါဦး”
ဂျုန်ဂွန်က ကင်မရာဒါရိုက်တာ သောက်နေတဲ့ ဆေးလိပ်ကို လှမ်းလုပြီး အဝကြီး ဖွာလိုက်တယ်။
“ငါလည်း တစ်ချက်လောက် ကြည့်လို့ရမလား” လို့ မွန်ဂျောင် က ရုတ်တရက် အနားကို ချဉ်းကပ်ရင်း စကားဆိုလာတယ်။
ဂျုန်ဂွန်က မော်နီတာကို ညွှန်ပြရင်း ကြည့်ပါလို့ ပြောလိုက်တယ်။ မွန်ဂျောင် က တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ ဗီဒီယိုဖမ်းယူမှုကို စိုက်ကြည့်နေတယ်။
“ငါတို့ ဒါနဲ့ပဲ သွားသင့်တယ်လို့ ထင်တယ်”
“ကျွန်တော်တို့လည်း အတွေးတူနေတယ် ဆရာ။ အဲဒါထက် ဆရာက အဲဒီကောင်လေးကို သင်ပေးခဲ့တာ မဟုတ်လားဟင်”
“ဟင့်အင်း... ငါ ဘာမှ မလုပ်ပေးရပါဘူး။ သူ့ကို ဘေးနားမှာ ခေါ်ပြီး အတူတူ လျှောက်သွားတာ နှစ်ခါသုံးခါလောက်ပဲ ရှိတာပါ”
“အဲဒါကိုပဲ သင်ပေးတယ်လို့ ခေါ်တာပေါ့ ဆရာ။ အဲဒီကောင်လေးက အဆင်ပြေမယ့် အလုပ်တစ်ခုခုနဲ့သာ ကြုံရရင် သေချာပေါက် အောင်မြင်လာလိမ့်မယ်”
“ဒါဆို မင်း သူ့ကို သဘောကျလို့လား”
“သာမန်ဇာတ်ကောင်နေရာအတွက်ဆိုရင်တော့ ဟုတ်တယ်။ သူက ငယ်လွန်းသေးတယ်လေ။ ကြည့်ရတာ လူကြီးတစ်ယောက်လို ခံစားရပေမဲ့ ကလေးဆန်တဲ့ ရုပ်ရည်ကြောင့် သူ ယူလို့ရမယ့် ဇာတ်ကောင်နေရာတွေက အကန့်အသတ် ရှိနေတုန်းပဲ။ ရုပ်ရှင်လောကမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ အဆင်ပြေမယ့် အခွင့်အရေးကို စောင့်ဆိုင်းနေရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူးပေါ့”
“အထက်တန်းကျောင်းသားတွေကလည်း တော်တော်လေး ကြီးပြင်းနေကြပါပြီကွာ”
“အင်း... ဒီဘက်ခေတ် ကလေးတွေက တော်တော်လေး မြန်မြန် ကြီးပြင်းလာကြတာဆိုတော့လည်း ဟုတ်တာပေါ့”
ဂျုန်ဂွန်က သောက်နေတဲ့ ဆေးလိပ်ကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး ဖိနပ်နဲ့ နင်းခြေဖျက်ဆီးပစ်လိုက်တယ်။ ကင်မရာဒါရိုက်တာက အဲဒါက သူ့ရဲ့ နောက်ဆုံးဆေးလိပ်ပါလို့ လှမ်းပြောပေမဲ့ ဂျုန်ဂွန်ကတော့ လျစ်လျူရှုထားလိုက်တယ်။
“ကဲ... ဒါဆိုလည်း။ ညနက်တဲ့အထိ အလုပ်လုပ်ပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပစ္စည်းတွေသိမ်းပြီး သွားအိပ်ကြစို့"
ဂျုန်ဂွန်က အကျယ်ကြီး အော်ပြောလိုက်တယ်။ သန်းခေါင်ယံတောင် ကျော်နေပြီလေ။
“အမှိုက်တစ်စမှ မကျန်ခဲ့အောင် သန့်ရှင်းရေးလုပ်ကြပါဦး။ ပြီးရင်တော့ နားနေဆောင်ဆီ သွားကြမယ်"
လက်ထောက်ဒါရိုက်တာရဲ့ စကားသံက ပတ်ဝန်းကျင်မှာ ဟိန်းထွက်လို့ပေါ့။
ဂျုန်ဂွန်က လန်းလန်းဆန်းဆန်းနဲ့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။ သူ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ ရိုက်ချက်တွေ ရလိုက်တာထက် ပိုပြီး အဆင်ပြေတာမျိုး မရှိတော့ဘူးလေ။ ပြန်ရောက်ရင်တော့ ဆိုဂျူလေး တစ်ခွက်လောက် သောက်ရမယ်လို့ သူ တွေးနေမိတယ်။
“ဒါရိုက်တာ... ဒီနေ့ညတော့ သောက်လို့ မရဘူးနော်”
လက်ထောက်ဒါရိုက်တာက အနားကို ချဉ်းကပ်လာပြီး ကြောက်စရာကောင်းတဲ့ မျက်နှာပေးနဲ့ လှမ်းပြောတယ်။ ဂျုန်ဂွန်က တောက်တစ်ချက်ခေါက်ပြီး နှုတ်ခမ်းကို မဲ့လိုက်တယ်။
“အေးပါ အေးပါ... သိပါတယ်ကွာ”
* * * * * * * * *
သူ အလုပ်အများကြီး မလုပ်ခဲ့ရဘူးဆိုပေမဲ့ တကယ့်ကို ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားရတယ်။ အနီးအနားက မူလတန်းကျောင်းလေးက သူတို့အတွက် ဒီနေ့ည နားခိုရမယ့် နေရာပေါ့။ အဲဒီမူလတန်းကျောင်းက ပိတ်ထားတာ ကြာပြီဖြစ်ပြီး ပြခန်းတစ်ခုအဖြစ် အသုံးပြုနေတာလေ။ ကိုယ်လက်သန့်စင်ဖို့ နေရာက သန့်စင်ခန်းပဲ ရှိတာမို့ ရေချိုးဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
“ကဲ... ဒီမှာ တစ်ရှူးအစိုလေးတွေ သုံးကြဦး”
မာရူးနဲ့ ဂျီဆော့က ဂွန်ဆူ့ဆီကနေ တစ်ရှူးအစိုတွေ ရလိုက်ကြတယ်။ မာရူးက စစ်တပ်ထဲတုန်းက အခြေအနေနဲ့ တူနေတယ်လို့ တွေးမိရင်း လည်ပင်းတဝိုက်ကို သုတ်လိုက်တယ်။
“မင်းတို့နှစ်ယောက်လုံး ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာဆိုရင် ပြုံးလို့ဗျာ”
“ဒါဆိုရင်တော့ တော်သေးတယ်။ ကျွန်တော် တော်တော်လေး စိုးရိမ်နေခဲ့တာ”
စောင်တွေကို ခင်းကျင်းရင်း မာရူးက စကားဆိုလိုက်တယ်။ အပြင်ဘက်ကနေ ပိုးကောင်လေးတွေရဲ့ အော်သံကို ကြားနေရတယ်။
“ပင်ပန်းနေကြပြီဖြစ်မှာမို့လို့ သွားအိပ်ကြတော့လေ။ ဒီနေ့ အလုပ်တွေအတွက် ကျေးဇူးပဲ”
“စီနီယာကမှ ပိုပြီး လုပ်ဆောင်ခဲ့ရတာပါ”
“အစ်ကိုကြီးလည်း ကောင်းကောင်း အိပ်ပါဦးနော်”
မာရူးက ဂျီဆော့ရဲ့ ဘေးမှာ လှဲလျောင်းလိုက်တယ်။ သစ်သားကြမ်းပြင်ဆီကနေ ဖယောင်းနံ့ကို သူ ရနေတယ်။ သူ့အတွက်တော့ လွမ်းဆွတ်စရာ ခံစားမှုမျိုးလေ။ မီးတွေ ပိတ်သွားခဲ့ပြီဖြစ်လို့ အလင်းရောင် တစ်ချက်ကလေးမှမရှိတဲ့ စာသင်ခန်းထဲမှာ ချက်ချင်းဆိုသလို မှောင်မိုက်သွားခဲ့ပြီပေါ့။ အပြင်ဘက်က ကြယ်ကလေးတွေကို ငေးကြည့်နေတုန်းမှာပဲ၊
“မင်း အိပ်ပြီလား” လို့ ဂျီဆော့က လှမ်းမေးတယ်။
“အိပ်ပြီလေ”
“ဒါဆို အိပ်နေရင်းနဲ့ပဲ ငါ့ကို ပြန်ဖြေဦး”
“ငါ အိပ်နေပြီလို့ ပြောသားပဲ”
မာရူးက ခေါင်းကို ကုတ်ရင်း ထထိုင်လိုက်တယ်။ ပင်ပန်းနေတယ်လို့ ခံစားရပေမဲ့ ဘာကြောင့်ရယ်မသိ အိပ်ချင်စိတ်တော့ မရှိသေးပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ရော စိတ်ပါ အစွမ်းကုန် ပင်ပန်းနေပြီလို့ ထင်ရပေမဲ့လည်း ဘာလို့ အိပ်မပျော်သေးတာပါလိမ့်။
“ဒီနေ့ ရိုက်ကူးရေးက ဘယ်လိုလဲ။ မင်းကော အားရကျေနပ်မှု ရှိရဲ့လား” လို့ ပြောရင်း ဂျီဆော့လည်း လိုက်ပြီး ထထိုင်တယ်။
“လောလောဆယ်တော့ နောင်တရစရာ မရှိပါဘူး။ ပြည့်စုံလွန်းနေတာမျိုး မဟုတ်ပေမဲ့ ငါ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်တာပဲ”
“ဘာလဲဟ... ငါက မင်းကို လာပြီး နှစ်သိမ့်ပေးမလို့ ဆရာလုပ်မယ့်ပညာတွေက သုံးစားလို့မရတော့ဘူးပေါ့”
“မင်းက ငါ့ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ပြောပြီးပြီပဲဥစ္စာ။ ငါ့ကို ဘာလာပြီး နှစ်သိမ့်ပေးဦးမလို့လဲ”
“ဒါဆို ငါ့ကိုပဲ ပြန်ပြီး နှစ်သိမ့်ပေးဦး။ ငါ တော်တော်လေး စိတ်မသက်မသာ ဖြစ်နေလို့”
မာရူးက ဂျီဆော့ရဲ့ မျက်နှာကို ဘေးတစောင်း လှမ်းကြည့်လိုက်တယ်
သူက ပြုံးနေပေမဲ့ ကြည့်ရတာ ဘာကြောင့်ရယ်မသိ ခါးသီးနေသလိုမျိုးလေ။
“မင်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ မင်းရဲ့ဇာတ်ကောင်နေရာကို ငါ မရခဲ့တာ ကံကောင်းတယ်လို့တောင် တွေးမိသွားရလောက်အောင်အထိပဲ”
ဂျီဆော့က ခေါင်းအုံးနဲ့ လှမ်းထုလိုက်တယ်။ ခေါင်းကို အရိုက်ခံလိုက်ရပေမဲ့ မာရူးကတော့ ပုခုံးပဲ တွန့်ပြလိုက်တယ်။
“အဲလောက်အထိ စိတ်မသက်မသာ ဖြစ်နေရင်လည်း ဒီထက်မက ပိုကောင်းအောင် လုပ်ခဲ့ရမှာပေါ့”
“ဟူး... မင်းကတော့ တကယ့်ကို မာန်တက်နေတာပဲ”
မာရူးက ဂျီဆော့ရဲ့ ပုခုံးကို ကိုင်ပြီး အတင်း လှဲချပစ်လိုက်တယ်။ ပြီးတော့ သူလည်း အတူတူ လှဲလျောင်းလိုက်တယ်။ ပြုံးနေတဲ့ ဂျီဆော့က ပါးစပ်ကို ပိတ်လိုက်တယ်။ မကြာခင်မှာပဲ ဂျီဆော့ဆီကနေ ပုံမှန်အတိုင်း တည်ငြိမ်တဲ့ အသက်ရှူသံ ထွက်လာတာကို မာရူး ကြားလိုက်ရတယ်။ အလွယ်တကူ အိပ်ပျော်သွားတဲ့ ဂျီဆော့ကို ကြည့်ရင်း မာရူး ခပ်ဖျော့ဖျော့လေး ပြုံးလိုက်မိတယ်။ ဒီကောင်ကတော့ တကယ်ကို ခန့်မှန်းရ ခက်တဲ့ကောင်ပဲလေ။
“ကျေးဇူးပဲ”
မာရူး မျက်လုံးတွေကို ပိတ်လိုက်တယ်။
ပိုးကောင်လေးတွေရဲ့ အော်သံကတော့ အခုထိ ကြားနေရတုန်းပဲပေါ့။ အဲဒီအသံတွေကြားထဲမှာ ဂျီဆော့ရဲ့ ရယ်မောသံလည်း ပါဝင်နေသလို ရှိပေမဲ့ မာရူးကတော့ ပြုံးရင်းနဲ့ပဲ မကြားချင်ယောင်ဆောင်ထားလိုက်ပါတော့တယ်။
* * * * * * * * *