အခန်း ၂၈၇
Vol. 29 Ch. 287
အခန်း(၂၈၇)
လေအေးတွေ တိုက်ခတ်လာတယ်။ မျက်နှာကို လေအေးတွေ လာပြီး ပွတ်သပ်သွားတဲ့ အခါကျမှ မာရူး မျက်လုံး ပွင့်လာခဲ့တယ်။ ပြတင်းပေါက်အပြင်ဘက်မှာတော့ နေမထွက်ခင် အရုဏ်ဦး မိုးကောင်းကင်ကြီးကို လှမ်းမြင်နေရတယ်။
‘ငါ ပြန်အိပ်လို့ ရတော့မှာ မဟုတ်ဘူး ထင်တယ်’
အေးစိမ့်နေတဲ့ သူ့ခန္ဓာကိုယ်က ဆက်ပြီး အိပ်စက်ဖို့ ငြင်းဆန်နေတယ်။ သူ ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို ပိုက်ထားလိုက်တယ်။ ဒီရွာလေးက တောင်နားမှာ ရှိတာမို့လို့ လေထုက တကယ့်ကို အေးစိမ့်လွန်းလှပါတယ်။ ဒီလို အေးစိမ့်နေတာက အနီးအနားက ပင်လယ်ကြောင့်လည်း ပါဝင်ပတ်သက်နေလို့ ဖြစ်လိမ့်မယ်။
သူ့ဘေးနားကို လှမ်းကြည့်လိုက်တော့ ဂျီဆော့က ဟောက်ပြီး အိပ်ပျော်နေတုန်းပဲ။ စောင်ကိုလည်း ကန်ထုတ်ထားတာမို့ ခြေထောက်နား ရောက်နေလေရဲ့။ မာရူးက ဂျီဆော့ကို စောင် ပြန်ခြုံပေးပြီးမှ အပြင်ကို ထွက်လာခဲ့တယ်။
စာသင်ခန်းတံခါးကို အသာလေး ဖွင့်ပြီး စင်္ကြံလမ်းထဲ ထွက်လာခဲ့ပြီးနောက် ဖုန်းကို ထုတ်လိုက်တယ်။ မနေ့ညတုန်းက ဖုန်းကို သေသေချာချာ စစ်ဆေးဖို့ အချိန်မရခဲ့လို့လေ။
“ဟူး”
ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ်ပဲ နေပါစေဆိုတဲ့ လူသားဆန်တဲ့ အတွေးအခေါ်နဲ့ ပြုစုပျိုးထောင်တတ်တဲ့ သူ့အမေက သူ့ဆီ မက်ဆေ့ခ်ျ သုံးစောင် ပို့ထားတယ်။ ရိုက်ကူးရေးအတွက် အဝေးကြီးကို သွားရမယ့် သားဖြစ်သူအတွက် စိုးရိမ်နေပုံရတယ်။ မာရူးက ဖုန်းထဲက နာရီကို ကြည့်လိုက်တယ်။ မနက် ၅ နာရီ ၅၄ မိနစ် ရှိနေပြီလေ။ ဖုန်းခေါ်ဖို့ကျတော့ စောလွန်းသေးတာမို့လို့ မက်ဆေ့ခ်ျပဲ ပြန်ပို့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်တုန်းကတော့ မက်ဆေ့ခ်ျပို့ရင် အီမိုဂျီလေးတွေ သုံးတတ်တဲ့ ချစ်စရာကောင်းတဲ့ သားလေး ဖြစ်ခဲ့ပေမဲ့ အသက်ကြီးလာတဲ့ အခါကျတော့ အဲလိုလုပ်ဖို့ စိတ်မပါတော့ပါဘူး။
“ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ အဆင်ပြေပြေ ရှိနေပါတယ်”
မက်ဆေ့ခ်ျ မပို့ခင်မှာ မာရူးက သက်ပြင်းတစ်ချက်ချပြီး ပြုံးနေတဲ့ အီမိုဂျီလေးတစ်ခု ထည့်လိုက်သေးတယ်။ ချစ်သူမိန်းကလေးဆီ မက်ဆေ့ခ်ျပို့ရင်တော့ အဆုံးမရှိ ချိုသာတဲ့ စကားလုံးတွေ သုံးနိုင်ပေမဲ့ မိဘတွေနဲ့ကျတော့ အဲလိုလုပ်ဖို့ ခက်ခဲလွန်းလှပါတယ်။ သူက တကယ့်ကို သားဆိုးတစ်ယောက်ပဲလို့ တွေးမိတယ်။
သူ့ဆီကို ဒေးမြောင် ဆီကနေလည်း မက်ဆေ့ခ်ျ ရောက်နေသေးတယ်။ သူ ကျေးဇူးတင်ကြောင်း ပြန်ပြောပြီး ကျောင်းကွင်းပြင်ထဲ ထွက်လာခဲ့တယ်။ ပတ်ဝန်းကျင်က လေထုက အေးစိမ့်နေတုန်းပဲ ဆိုပေမဲ့ စိတ်မချမ်းမြေ့စရာ အအေးမျိုးတော့ မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ လေကို သူ အဝ ရှူသွင်းလိုက်တယ်။ ခန္ဓာကိုယ်ထဲ ကျန်နေသေးတဲ့ အိပ်ချင်စိတ်တွေအကုန် ပျောက်ကွယ်သွားပြီး ခေါင်းထဲလည်း နည်းနည်း လန်းဆန်းသွားတယ်။
“စောစောစီးစီး နိုးနေတာပဲ”
သူ့အနောက်ကနေ အသံသြသြတစ်ခု ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တဲ့အခါ ဖိနပ်ကြိုးချည်နေတဲ့ အနီရောင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားတဲ့ အမျိုးသားတစ်ယောက်ကို မြင်လိုက်ရတယ်။ မနေ့တုန်းက လက်ထောက်ဒါရိုက်တာနဲ့ အချေအတင် ဖြစ်ခဲ့တဲ့ လူပဲလေ။
“အအေးဒဏ်ကြောင့် လန့်နိုးလာလို့ပါ”
“ဒီနေရာက နည်းနည်း အေးစိမ့်စိမ့် ရှိတယ်လေ”
ထိုအမျိုးသားက ဖိနပ်ကြိုး ချည်ပြီးတာနဲ့ ထရပ်လိုက်တယ်။ အရပ်က ၁၆၀ စင်တီမီတာလောက်ပဲ ရှိဦးမှာပေါ့။ ပွစုတ်စုတ် တီရှပ်နဲ့ အိတ်အဝိုင်းကို လွယ်ထားတဲ့ ထိုအမျိုးသားရဲ့ အရှေ့မှာတော့ ဧရာမ မိုက်ခရိုဖုန်းကြီး တစ်ခု ရှိနေတယ်။ မိုက်ကြိုးက အိတ်ထဲ ဝင်သွားတာကို ကြည့်ရရင် စက်ပစ္စည်းတွေက အိတ်ထဲမှာ ရှိနေကြမယ့် ပုံပဲ။
“တောရွာလေးတွေက မနက်ခင်းကို စောစောစီးစီး နိုးကြတယ်လို့ ပြောကြတယ်လေ။ ဘာလို့လဲဆိုတာ မင်း သိလား”
“သူတို့က အလုပ်ကြိုးစားတဲ့ လူတွေမို့လို့... အဲဒါကြောင့်တော့ မဟုတ်ဘူး ထင်တယ်နော်”
“အဲဒါလည်း ပါနိုင်ပေမဲ့ ပုံမှန်အားဖြင့်တော့ အဲလို မဟုတ်ဘူးလေ။ ဒီရွာမှာက မနက် ခုနစ်နာရီဆိုရင် ဈေးက စဖွင့်ပြီဖြစ်ပြီး လူတွေက အဲဒီအချိန်မှာ ဈေးဝယ်နေကြပြီ။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ ဒီရွာမှာ ရှိတဲ့ ဒေသခံတွေအကုန်လုံးက အသက်ကြီးတဲ့လူတွေချည်းပဲမို့လို့လေ။ လူငယ်တွေကတော့ သိပ်မရှိကြဘူး။ အကုန်လုံးက မြို့ပေါ်တွေကို ထွက်ပြေးကုန်ကြတယ်လေ။ လူကြီးတွေပဲ ကျန်ခဲ့တဲ့ ဒီရွာလေးမှာတော့ နာရီက စောစောစီးစီး လည်ပတ်နေတာပေါ့”
ထိုအမျိုးသားက နှာတစ်ချက်ရှုံ့ပြီး ခေါင်းမော့လိုက်တယ်။ မာရူးက ထိုအမျိုးသားက မိုက်ခရိုဖုန်းကို အပေါ်ကို မြှောက်လိုက်တာကို မြင်လိုက်ရတယ်။
“ရှူး...” လို့ ထိုအမျိုးသားက သူ့ရဲ့ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ရင်း စကားဆိုတယ်။ မာရူးလည်း တိတ်ဆိတ်သွားပြီး ထိုအမျိုးသားကိုပဲ စိုက်ကြည့်နေမိတယ်။ ထိုအမျိုးသားက မျက်လုံးတွေကို မှိတ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးမှ မိုက်ကို ချလိုက်ပြီး ကျောင်းဝင်းထဲက သစ်ပင်ကြီးတစ်ပင် ရှိရာဆီ လျှောက်သွားတယ်။
မာရူးလည်း သူ့နောက်ကနေ လိုက်သွားတယ်။
“မင်း ကြားရလား”
ထိုအမျိုးသားက သစ်ပင်ကို ကြည့်ရင်း မေးလိုက်တယ်။ မာရူးက ခပ်ဖျော့ဖျော့လေး ခေါင်းညိတ်ပြလိုက်တယ်။ ငှက်ငယ်လေးတစ်ကောင်ရဲ့ အော်မြည်သံလို့ ထင်ရတဲ့ စူးရှရှ အသံလေးတစ်ခုကို ကြားနေရတယ်။ ထိုအမျိုးသားက မိုက်ကို အပေါ်ကို မြှောက်လိုက်တယ်။ သီချင်းနားထောင်နေရသလိုမျိုး သူက ပြုံးပြီး ခေါင်းကို ငြိမ့်နေတယ်။
“အေး... အဲဒီအသံကို ပြောတာပဲ” လို့ ထိုအမျိုးသားက မိုက်ကို ချရင်း စကားဆိုတယ်။ ပြီးတော့ သူ့ရဲ့ အိတ်မှာ ချိတ်ထားတဲ့ ထူထဲတဲ့ နားကြပ်ကြီးကို ကောက်စွပ်လိုက်တယ်။ ခဏလောက် ဘာစကားမှ ထုတ်မပြောဘဲ နေပြီးမှ နားကြပ်ကို ချွတ်ပြီး ပြောလာတယ်။
“မင်းလည်း တစ်ချက်လောက် နားထောင်ကြည့်မလား”
မာရူးက နားကြပ်ကို လှမ်းယူလိုက်တယ်။ နူးညံ့တဲ့ နားကြပ်အဖုံးလေးက သူ့ရဲ့ နားအစုံကို ဖုံးအုပ်သွားတဲ့ အချိန်မှာပဲ ခပ်ဖျော့ဖျော့ အသံလိုင်းတစ်ခု ထွက်ပေါ်လာတယ်။ အဲဒါက ဘာလဲဆိုတာကို သူ စဉ်းစားရင်း အာရုံစိုက်လိုက်တဲ့ အခါကျမှ ပိုးကောင်လေးတွေရဲ့ အော်သံကို ကြားလိုက်ရတယ်။ မနက်ခင်း နှင်းခိုးမြူငွေ့တွေရဲ့ အထိအတွေ့နဲ့အတူ ပိုးကောင်လေးတွေရဲ့ သဲ့သဲ့အသံလေးတွေကို ကြားနေရတာမျိုးလေ။ မနက်ခင်း နှင်းခိုးမြူငွေ့ ရှိနေမှန်း ဘယ်လိုသိလဲလို့ မေးရင်တော့ အသံက စိုစွတ်နေတဲ့ ခံစားမှုမျိုး ပေးလို့ပဲလို့ ပြောရမှာပေါ့။
မာရူးက သူ့အရှေ့က အမျိုးသားကို လှမ်းကြည့်လိုက်တယ်။ သူကလည်း ဆက်ပြီး နားထောင်ကြည့်ပါဦးဆိုတဲ့ အမူအရာနဲ့ ပြန်ပြုံးပြတယ်။ ပြီးတော့ သူ့အိတ်ထဲက စက်ပစ္စည်းကို စတင် ထိန်းချုပ်လိုက်တယ်။ အဲဒီနောက်မှာတော့ ခုနက ဖမ်းယူထားတဲ့ ငှက်ကလေးရဲ့ အသံကို သူ ကြားလိုက်ရတယ်။ လေတိုက်သံ သဲ့သဲ့လေးတွေနဲ့အတူ သဲပွင့်လေးတွေ၊ ကျောက်ခဲလေးတွေ ကြေမွသွားတဲ့ အသံမျိုးတွေလည်း ပါတယ်။ ဒါက ကျောင်းတော်ကြီးရဲ့ အသံပဲလေ။ မျက်စိနဲ့ မမြင်ရရင်တောင် ဒီကျောင်းတော်ကြီးရဲ့ ပုံစံကို စိတ်ကူးထဲမှာ ပုံဖော်မိစေနိုင်တဲ့ အသံမျိုးပေါ့။
မာရူး နားကြပ်ကို ချွတ်လိုက်တယ်။ အသံရဲ့ အစအနလေးတွေက သူ့ရဲ့ နားထဲမှာ အခုထိ ကပ်ညှိနေတုန်းပဲ။
“မနေ့တုန်းက မင်း သရုပ်ဆောင်တာ တော်တော်ကောင်းတယ်။ ဘယ်သင်တန်းကျောင်းကလဲဟင်”
မာရူးက သင်တန်းကျောင်း မတက်ဖူးပါဘူးလို့ ပြောရင်း နားကြပ်ကို ပြန်ပေးလိုက်တယ်။
“တကယ်လား။ ထူးဆန်းလိုက်တာ။ အလုပ်စလုပ်တာ ဘယ်လောက်ရှိပြီလဲဟင်”
“တကယ်တမ်း စလုပ်ဖြစ်တာတော့ အခုဆို လအနည်းငယ်လောက်ပဲ ရှိပါသေးတယ်”
“လအနည်းငယ် ဟုတ်လား။ ဟူး... ဒါရိုက်တာ ချွဲ က ရိုက်ချက်တစ်ချက်တည်းနဲ့ ပြီးသွားတာ အကြောင်းရှိတာပဲ။ ဘယ်လိုလဲ... သရုပ်ဆောင်ရတာ ပျော်စရာကောင်းလား”
“ဟုတ်ကဲ့... ပျော်စရာကောင်းပါတယ်”
“ဒါဆိုရင်တော့ တော်သေးတယ်။ ကိုယ်မကြိုက်တဲ့ အလုပ်ကို လုပ်နေရတာထက် ပိုပြီး စိတ်ပျက်စရာကောင်းတာ မရှိတော့ဘူးလေ”
ထိုအမျိုးသားက ဘေ့စ်ဘောဦးထုပ်ကို နည်းနည်းလေး ပင့်တင်လိုက်ပြီးမှ ပြုံးပြုံးလေးနဲ့ ပြန်ဆောင်းလိုက်တယ်။
“ဦးက အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာ လားဟင်”
“ငါလား။ လောလောဆယ်တော့ အသံဖမ်းဆရာပေါ့။ နောက်ပိုင်း အချောသတ်တာတွေ စပြီဆိုရင်တော့ အသံပိုင်းဆိုင်ရာတွေကို စီစဉ်ရမယ့် လူမျိုးပေါ့”
“ဒါဆို မနက်စောစောစီးစီး ဒီမှာ ဘာလုပ်နေတာလဲ”
“ဘာလို့လဲဆိုတော့ ဒီရွာက မနက်ခင်းကို စောစော နိုးလို့လေ။ ပတ်ဝန်းကျင်ရဲ့ အသံတွေကို ဖမ်းယူဖို့အတွက် စောစော ထရတာပေါ့”
အသက်လေးဆယ်ကျော်လောက် ရှိဦးမယ့် ထိုအမျိုးသားက အိတ်ကပ်ထဲကနေ ချောကလက်တောင့် တစ်ဗူးထုတ်ပြီး စားလိုက်တယ်။
“စားမလား”
“ပေးရင်တော့ ကောင်းကောင်း သုံးဆောင်ပါ့မယ် ခင်ဗျာ”
“မင်းကတော့ အားနာရမှန်းကို မသိဘူးပဲ”
ချောကလက်တောင့်လေးတစ်ခု သူ့ဆီ လွင့်လာတယ်။
“ဒါနဲ့... ပတ်ဝန်းကျင်အသံ ဆိုတာက ဘာလဲဟင်”
“ပတ်ဝန်းကျင်အသံ ဆိုတာ ဘာလဲ ဟုတ်လား”
အဲဒီမေးခွန်းကို ကြားရတော့ ထိုအမျိုးသားက မာရူးကို မျက်လုံးမှိတ်ထားဖို့ ပြောတယ်။ မာရူးလည်း ပြောတဲ့အတိုင်း မျက်လုံးတွေကို ပိတ်ထားလိုက်တယ်။ ပြီးတော့ ဘာမှမလုပ်ဘဲ အဲဒီနေရာမှာတင် တစ်မိနစ်လောက် မတ်မတ်ရပ်နေမိတယ်။
“ဘာသံတွေ ကြားရလဲ”
“လေတိုက်သံရယ်၊ ကားဟွန်းသံ သဲ့သဲ့ရယ်၊ ပြီးတော့ ငှက်အော်သံလေးတွေ ကြားရပါတယ်”
“အဲဒါက ဒီနေရာမှာပဲ ကြားနိုင်တဲ့ အသံမျိုး ဟုတ်တယ်မလား”
“ဟုတ်ကဲ့ပါ”
“အဲဒါက ပတ်ဝန်းကျင်အသံပဲလေ။ သဘာဝတရားရဲ့ အသံတွေဖြစ်ပြီး ရံဖန်ရံခါမှာတော့ နေရာအနှံ့က ဆူညံသံတွေပေါ့။ အဲဒါက ရုပ်ရှင်ရဲ့ အခြေခံလည်း ဖြစ်တယ်လေ”
“ဒါဆို မနေ့ညက ကျွန်တော်တို့ ရိုက်ခဲ့တဲ့ လမ်းကြားထဲကို သွားမှာလား”
“အေး ဟုတ်တယ်။ ငါတို့မှာ ညဘက် ဇာတ်ဝင်ခန်းတင် ရှိတာမဟုတ်ဘဲ မနက်ခင်း ဇာတ်ဝင်ခန်းလည်း ရှိသေးတယ်လေ။ အခုကတည်းက အသံတွေကို ဖမ်းယူထားမှ နောက်ပိုင်း အချောသတ်တဲ့ အလုပ်တွေ လုပ်ရတာ ပိုပြီး လွယ်ကူသွားမှာပေါ့။ အသံဖန်တီးမှုတွေ လုပ်တဲ့အခါကျရင်လည်း ပိုပြီး အဆင်ပြေစေလိမ့်မယ်”
“အဲဒါက ဘာလဲ...”
“အသံအထူးပြုချက်တွေပေါ့ကွာ။ လုပ်ယူထားတဲ့ အသံတွေလို့ နားလည်ထားရင် ရပါတယ်။ ဒါနဲ့ နေပါဦး... မင်းက ဒီလို ကိစ္စတွေကို စိတ်ဝင်စားလို့လား။ အများစုကတော့ ‘ဟုတ်ကဲ့’ လို့ပဲ ပြန်ပြောပြီး လှည့်ထွက်သွားကြတာ များတယ်လေ”
“ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ထုတ်လုပ်ရေးအပိုင်းမှာ အလုပ်လုပ်ချင်နေလို့ပါ။ ဒါကြောင့် သူ့အတွက် အထောက်အကူ ဖြစ်မလားလို့ တွေးမိလို့ပါ” လို့ ဒေးမြောင် ကို တွေးရင်း မာရူးက စကားဆိုလိုက်တယ်။
“သူငယ်ချင်း ဟုတ်လား။ ဟေ့... ငါ မင်းကို သဘောကျလာပြီဗျာ။ ငါ့နောက်က လိုက်ခဲ့ပြီး ငါ ဘယ်လို အလုပ်လုပ်လဲဆိုတာ လိုက်ကြည့်ချင်လား”
“လိုက်လို့ရမလား”
“ရတာပေါ့... ဘာလို့မရရမှာလဲ။ ဒါပေမဲ့ ငါ့ရဲ့ ပစ္စည်းအချို့ကိုတော့ ဝိုင်းသယ်ပေးရမယ်နော်... ဟုတ်ပြီလား”
ထိုအမျိုးသားက ကျောင်းအဝင်ဝမှာ ရှိတဲ့ အမည်းရောင် သေတ္တာကြီးတစ်ခုဆီ ညွှန်ပြလိုက်တယ်။ ခဏကလေးအတွင်းမှာတော့ ထိုအမျိုးသားက ဒီကိစ္စအတွက်ပဲ သူ့ကို စကားလာပြောတာ ဖြစ်လိမ့်မယ်လို့ မာရူး တွေးလိုက်မိတယ်။ မာရူးက ပြုံးရင်း အမည်းရောင် သေတ္တာကြီးကို လှမ်းမလိုက်တယ်။ ဒီကမ္ဘာပေါ်မှာ အလကားရတဲ့အရာဆိုတာ မရှိဘူးလေ။
သေတ္တာကြီးကို လက်ကကိုင်ပြီး ထိုအမျိုးသားရဲ့ ဘေးမှာ သွားရပ်လိုက်တဲ့ အချိန်မှာပဲ သူက သေတ္တာရဲ့ အပေါ်ဘက်မှာ လိပ်စာကတ်တစ်ခု လာတင်ပေးတယ်။
“တကယ်လို့ မင်းရဲ့ အဲဒီသူငယ်ချင်းကသာ အောင်မြင်သွားခဲ့ရင် ဒါကို သူ့ကို ပေးလိုက်ပါ။ ပြီးတော့ စျေးကြီးပေမဲ့ တကယ့်ကို ပြောင်မြောက်တဲ့ အသံပိုင်းဆိုင်ရာ ဒီဇိုင်နာတစ်ယောက် ရှိတယ်လို့ ပြောလိုက်ဦးနော်။ ငါက စျေးမပေါပေမဲ့ အလုပ်ကိုတော့ အကောင်းဆုံး လုပ်ပေးတတ်တယ်။ ငါ့ကို ဒီနယ်ပယ်မှာ အဲလိုမျိုး လူသိကြတာပေါ့”
လိပ်စာကတ်ပေါ်က နာမည်ကတော့ မွန်းဂျောင်းထက် လို့ ရေးထားပြီး အပေါ်ဘက်မှာတော့ Studio Mလို့ ပါရှိတယ်။
“ကျွန်တော့်နာမည်ကတော့ ဟန်မာရူး ပါ။ ဝမ်းနည်းစရာကောင်းတာက ကျွန်တော့်မှာ လိပ်စာကတ် မရှိသေးလို့ပါ”
“အဲလိုလား။ ဒါဆို မင်းလည်း လှပတဲ့ လိပ်စာကတ်တစ်ခု ဖန်တီးပြီးတဲ့ အခါကျမှ ငါ့ကို ပေးပေါ့”
မွန်းဂျောင်းထက် က ခပ်ပြုံးပြုံး မျက်နှာပေးနဲ့ ကျောင်းဝင်းတံခါးကနေ ထွက်သွားခဲ့တယ်။ ရွာဘက်ဆီ လျှောက်သွားရင်းနဲ့ မွန်းဂျောင်းထက် က မာရူးကို သေတ္တာကို ဖွင့်ပြီး စင်ကို ထုတ်ဖို့ ပြောတယ်။ မာရူး သေတ္တာကို ဖွင့်လိုက်တဲ့အခါ ကင်မရာ သုံးချောင်းထောက်စင်နဲ့ တူတဲ့ မိုက်ခရိုဖုန်းစင်တစ်ခုကို တွေ့လိုက်ရတယ်။ မွန်းဂျောင်းထက် က စင်နဲ့ မိုက်ကို တပ်ဆင်ပြီးတဲ့နောက် မာရူးကို ခဏစောင့်ဖို့ အချက်ပြတယ်။ မကြာခင်မှာပဲ ကျောက်ခင်းမထားတဲ့ လမ်းမပေါ်ဆီ ထရက်တာတစ်စီး မောင်းနှင်လာခဲ့တယ်။
“မင်း သိလား။ ထရက်တာတွေက ကတ္တရာလမ်းပေါ်မှာဆိုရင် ဒီလို အသံမျိုး မထွက်ဘူးလေ။ အခုလိုမျိုး မနက်စောစောစီးစီး အသံအရင်းအမြစ်တွေကို ဖမ်းယူထားမှ ဖြစ်မှာ။ အဲလိုမဟုတ်ရင် နောက်ပိုင်းကျ ပြဿနာတွေ အများကြီး ကြုံရလိမ့်မယ်”
ထရက်တာ ဖြတ်သန်းသွားပြီးတဲ့နောက် မာရူးက စက်ကိရိယာတွေကို ပြန်လည်သိမ်းဆည်းလိုက်တယ်။
“မင်းက တော်တော်လေး လက်သွက်တာပဲ”
“ကျွန်တော်က ဒီမှာ လာသင်ယူနေတာဆိုတော့ ဒါက သဘာဝကျပါတယ်”
“ဟူး... မင်းက တကယ့်ကို သဘောကျစရာကောင်းတဲ့ ကောင်လေးပဲဗျာ။ ငါတို့ အသံတွေအကုန် ဖမ်းယူပြီးသွားရင် မင်းကို မနက်စာ ဝယ်ကျွေးပါ့မယ်”
သူတို့ ရွာရဲ့ ဈေးရှိရာဘက်ဆီ အမြန်လျှောက်သွားခဲ့ကြတယ်။ အဲဒီနေရာက မနေ့ညတုန်းက ရိုက်ကူးရေး လုပ်ခဲ့တဲ့ နေရာပဲလေ။ ညဘက် ဈေးရဲ့ ပုံစံက နေ့ခင်းဘက် ဈေးရဲ့ ပုံစံနဲ့ လုံးဝ ကွဲပြားလွန်းလှပါတယ်။
“လူတွေ တော်တော်လေး စည်ကားနေတာပဲ”
“ဒီနေ့က ငါးရက်တစ်ခေါက် ဖွင့်တဲ့ ဈေးနေ့လေ”
ဒါကြောင့်မို့လို့ သူတို့ အမြန်လာခဲ့ကြတယ်။ မနက်ခင်းရဲ့ အလုပ်ရှုပ်နေတဲ့ အသံမျိုးစုံကို နေရာအနှံ့ကနေ ကြားနေရတယ်။ ရွာအသေးလေး ဖြစ်ပေမဲ့ ငါးရက်တစ်ခေါက် ဖွင့်တဲ့ ဈေးနေ့မို့လို့ ထင်ရပါတယ်၊ တကယ့်ကို သက်ဝင်လှုပ်ရှားလို့ပေါ့။ မွန်းဂျောင်းထက် က မိုက်ကို ခေါင်းပေါ်မြှောက်ပြီး လူအုပ်ကြီးထဲကို တိုးဝင်သွားတယ်။ ပြီးတော့ စတင် အသံဖမ်းပါတော့တယ်။ နားကြပ်ကြီးတပ်ပြီး အာရုံစိုက်နေတဲ့ မွန်းဂျောင်းထက် ကို ကြည့်ရင်း သူက တကယ့် ပရော်ဖက်ရှင်နယ် တစ်ယောက်ပါပဲလို့ မာရူး စိတ်ထဲကနေ တွေးမိလိုက်တယ်။ မာရူးလည်း နားကို စွင့်ပြီး အသံတွေအပေါ် အာရုံစိုက်လိုက်တယ်။ လူတွေအများကြီး ရှုပ်ယှက်ခတ်နေတဲ့ တခြားဈေးတွေနဲ့ ကွဲပြားတဲ့ အသံမျိုးကို သူ ကြားလိုက်ရတယ်။ ဒီဈေးမှာပဲ ရှိနိုင်တဲ့ သီးသန့် အသံမျိုးလေးလေ။ စက္ကူစုတ်တွေ တင်ထားတဲ့ လက်တွန်းလှည်းတစ်စီး ဖြတ်သွားတဲ့ အခါကျမှ မွန်းဂျောင်းထက် က ငုံ့ပြီး ကတ္တရာလမ်းပေါ် လှည့်လည်သွားလာနေတဲ့ အသံကို ဖမ်းယူလိုက်တယ်။ အဲဒီလက်တွန်းလှည်းကို ဆွဲသွားတဲ့ အဘိုးအိုကို အနှောင့်အယှက် မဖြစ်စေမယ့် ပုံစံမျိုးနဲ့ အနောက်ကနေ တိတ်တိတ်ကလေး လိုက်သွားတယ်။ မိနစ်လောက် လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ သူက အားရကျေနပ်တဲ့ အပြုံးလေးနဲ့ ပြန်လာခဲ့တယ်။
“အစကတော့ တော်တော်ကောင်းတယ်။ တကယ်လို့ ရုပ်ရှင်ရိုက်နေတုန်းမှာ အဆင်ပြေတဲ့ အသံမျိုး မရရင်တောင် ဒါကို အစားထိုးပြီး သုံးလို့ရတယ်။ ကောင်းတယ်... ကောင်းတယ်။ အရာရာက အဆင်ပြေနေတာပဲ”
သူ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အပြုံးတစ်ခု ရှိနေတယ်။ ကိုယ့်အလုပ်ကို တကယ်တမ်း သဘောမကျရင် အဲဒီလို အပြုံးမျိုးက ပေါ်လာမှာ မဟုတ်ဘူးလေ။ မာရူးလည်း ပြုံးရင်း သူ့နောက်ကနေ လိုက်သွားခဲ့တယ်။
“ဒီတစ်ခေါက်တော့ ဟိုဘက်က ဟင်းရည်ထမင်းဆိုင်ဆီ သွားကြမယ်။ အိုးကြီးတွေထဲမှာ ဟင်းရည်တွေ ဆူပွက်နေတဲ့ အသံက ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင် မတူကြဘူးဆိုတာ မင်း သိလား”
မွန်းဂျောင်းထက် က တကယ့်ကို စိတ်လှုပ်ရှားနေတဲ့ ပုံပဲ။ သူက သိပ်ကို မြန်မြန် လှုပ်ရှားတာကြောင့် မာရူးလည်း သူ့နောက်ကနေ အမြန် ပြေးလိုက်သွားခဲ့ရတယ်။
* * * * * * * * *
“ဘယ်တွေ သွားနေတာလဲ” လို့ ဂျီဆော့က ခွေးပေါက်လေးတစ်ကောင်လို မျက်နှာပေးနဲ့ အနားကို ချဉ်းကပ်ရင်း မေးလိုက်တယ်။ ခွေးဝါးတဲ့ မုန့်တစ်ခုခု ပေးလိုက်ရင်တော့ ပါးစပ်ပိတ်သွားမလားမသိဘူး။ မာရူးက လမ်းလျှောက်ထွက်ခဲ့တာပါလို့ပဲ ပြန်ဖြေပြီး ထိုင်လိုက်တယ်။ သူက မွန်းဂျောင်းထက် နဲ့အတူ ရွာထဲမှာ နှစ်နာရီလောက် လှည့်လည်သွားလာခဲ့တာလေ။
“အခုပဲ အိမ်ပြန်တော့မလို့လား” လို့ ဂွန်ဆူက လှမ်းမေးတယ်။
လည်ပင်းမှာ တာဝါတစ်ခု ပတ်ထားတာကို ကြည့်ရရင် ကိုယ်လက်သန့်စင်ပြီးသွားတဲ့ ပုံပဲ။
“ဟုတ်ကဲ့။ ပထမဆုံး ဘတ်စ်ကားနဲ့ပဲ ပြန်တော့မယ်”
“ဘတ်စ်ကားနဲ့ဆိုရင် ဘယ်လောက်အထိ ကြာမလဲ”
“မနက် ၉ နာရီ ၄၀ မှာ ထွက်မှာ ဆူဝမ် ကို ညနေ ၅ နာရီလောက်မှ ရောက်မှာဆိုတော့... ခုနစ်နာရီလောက်တော့ ကြာလိမ့်မယ်”
“ဒါကတော့ တော်တော်လေး ခြောက်ခြားစရာပဲ”
ဂွန်ဆူက လမ်းမှာ သတိထားပြီး သွားဖို့ လှမ်းပြောရင်း အခန်းထဲကနေ ထွက်သွားခဲ့တယ်။
“အခုပဲ အိမ်ပြန်တော့မလို့လား”
“အင်း... ဟုတ်တယ်။ အခုကတည်းက သွားမှပဲ ညနေပိုင်းလောက် ရောက်မှာလေ။ မင်းကော”
“အမေက ညနေပိုင်းကျရင် လာကြိုလိမ့်မယ်”
“အကြာကြီး ကားမောင်းရမှာဆိုတော့ အန်တီလည်း တော်တော်လေး ပင်ပန်းရှာမှာပဲ”
“အင်းလေ... ငါကတော့ ကိုယ့်ဘာသာကိုယ် ပြန်မယ်လို့ ပြောပေမဲ့... ဟူး”
“သူက မင်း ဒုက္ခရောက်မှာ စိုးရိမ်လို့ ဖြစ်လိမ့်မယ်။ ဒါဆိုလည်း နောက်မှ တွေ့ကြတယ်။ ငါ အရင်သွားပြီနော်”
“လမ်းမှာ သတိထားပြီး သွားဦးနော်။ ပြီးတော့ ဖုန်းလည်း ရံဖန်ရံခါ ဆက်ဦး”
မာရူးက အဲလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ပြောရင်း လက်လှမ်းပြလိုက်တယ်။ စာသင်ခန်းထဲကနေ ထွက်ပြီးနောက် ဒုတိယထပ်ဆီကို လှေကားအတိုင်း တက်လာခဲ့တယ်။ အဘိုးက ဒုတိယထပ်က စာသင်ခန်းတစ်ခုမှာ နားခိုနေတာလေ။ တံခါးကို ဂရုတစိုက် ဖွင့်ပြီး အတွင်းထဲကို သူ ခေါင်းပြူးကြည့်လိုက်တယ်။ တီရှပ်ကို လိပ်တင်ပြီး အိပ်ပျော်နေတဲ့ ဒါရိုက်တာကို သူ မြင်လိုက်ရတယ်။ ဘေးနားမှာလည်း ဆိုဂျူပုလင်းတွေက ပြန့်ကျဲလို့၊ ညနက်တဲ့အထိ သောက်ခဲ့ကြမယ့် ပုံပဲ။ ဒါရိုက်တာကို မသောက်ပါနဲ့လို့ လှမ်းတားခဲ့တဲ့ လက်ထောက်ဒါရိုက်တာတောင် သူ့ဘေးနားမှာ အိပ်ပျော်နေလေရဲ့။
“ဟို... အဘိုး”
နံရံကိုမှီပြီး ဇာတ်ညွှန်းစာအုပ် ဖတ်နေတဲ့ မွန်ဂျောင် ရဲ့ ဘေးနားဆီ သူ ချဉ်းကပ်သွားလိုက်တယ်။
“အော်... အေး... မာရူး”
“ကျွန်တော် ပြန်တော့မလို့ပါ အဘိုး”
“အခုတင်ပဲ ပြန်တော့မလို့လား”
“ကျွန်တော့်ရဲ့ အလုပ်က ပြီးသွားပြီဆိုတော့ သွားရတော့မှာမို့လို့ပါ”
“အင်း... အဲဒါလည်း ဟုတ်တာပေါ့”
မွန်ဂျောင် က ခပ်ဖျော့ဖျော့လေး ရယ်မောလိုက်တယ်။
“မင်းရဲ့ ပထမဆုံး ရိုက်ကူးရေးကော ဘယ်လိုလဲ”
“စိတ်လည်း လှုပ်ရှားရသလို၊ စိုးရိမ်လည်း ရတယ်၊ ပြီးတော့ ယုံကြည်မှုလည်း နည်းနည်း ရခဲ့ပါတယ်။ နောင်တရစရာ တစ်ခုမှ မကျန်ခဲ့တာကိုပဲ ကံကောင်းတယ်လို့ တွေးမိတာပေါ့”
“အေး... အဲဒါဆိုရင်ပဲ လုံလောက်ပါပြီ။ မင်းက အခုဆိုရင် တော်တော်လေး ကောင်းကောင်း လုပ်နိုင်နေပြီဖြစ်လို့ ချက်ချင်းကြီး အလောတကြီး မလုပ်ဘဲ ဖြည်းဖြည်းချင်းပဲ လှမ်းသွားပါ။ လမ်းကြောင်းအမှားဆီ ခြေလှမ်းမလှမ်းမိအောင်တော့ သတိထားဦးနော်”
“ဟုတ်ကဲ့ပါ... စိတ်ထဲ မှတ်ထားပါ့မယ်”
“မနက်စာကော စားပြီးပြီလား”
“ကျွန်တော် စားပြီးပါပြီ အဘိုး။ အဘိုးကော စားပြီးပြီလား”
“ငါလည်း စားတော့မှာပါ။ ဟင်း... မင်းနဲ့ အတူတူ စားမလို့ စိတ်ကူးထားတာဖြစ်ပေမဲ့ အဆင်မပြေတော့ဘူးပေါ့”
“ရိုက်ကူးရေးတွေ ပြီးသွားရင် အဘိုးဆီ လာတွေ့ပါ့မယ် ခင်ဗျာ”
“အေး... ဒါဆိုလည်း အဲလို လုပ်ကြတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲ လူအချို့နဲ့ ဆုံပြီး အသားကင် စားကြရအောင်”
“ဟုတ်ကဲ့ပါ”
မွန်ဂျောင် က မာရူးရဲ့ ပုခုံးကို ပုတ်ပေးရင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ပြောလိုက်တယ်။ မာရူးလည်း နောက်ဆုံးအကြိမ်အနေနဲ့ နှုတ်ဆက်ပြီး စာသင်ခန်းထဲကနေ ထွက်လာခဲ့တယ်။ နှုတ်ဆက်ရမယ့် လူတွေကို အကုန် နှုတ်ဆက်ပြီးပြီမို့လို့ သွားရုံပဲ ကျန်တော့တယ်။
ကျောပိုးအိတ်ကို လွယ်ပြီး ကျောင်းအဆောက်အအုံထဲကနေ ထွက်လာခဲ့တယ်။ လူသူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ကျောင်းကွင်းပြင်ကြီးကို ကြည့်ရင်း မနေ့ညက ရိုက်ကူးရေး လုပ်ခဲ့တာတွေက လိမ်ညာမှုတစ်ခုလိုတောင် ခံစားရတယ်။ မာရူးက ခပ်ဖျော့ဖျော့လေး ပြုံးရင်း လျှောက်လှမ်းခဲ့တယ်။ သူက ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ပြီလေ။
ကျောင်းဝင်းတံခါးကနေ ထွက်ခါနီးမှာပဲ ကုန်းတက်အတိုင်း တက်လာတဲ့ အမည်းရောင် ဗန်ကားတစ်စီးကို သူ မြင်လိုက်ရတယ်။ လမ်းက ကျဉ်းလွန်းတာကြောင့် ဗန်ကားက အပေါ်အထိ တက်လာလို့ မရဘဲ ရပ်သွားခဲ့ပြီးနောက် ကားထဲကနေ လူတွေ ထွက်လာကြတယ်။ ကားထဲက ထွက်လာတဲ့ အမျိုးသားက မော်ဒယ်တစ်ယောက်လိုပဲ။ သူ ရိုက်ကူးရေးကွင်း ရှိရာဘက်ဆီ လျှောက်သွားတဲ့ ပုံစံကို ကြည့်ရရင် သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်နိုင်တယ်။
မာရူးက သူ့ဘေးကနေ ဖြတ်လျှောက်သွားတဲ့ ထိုအမျိုးသားကို စိုက်ကြည့်နေမိတယ်။ ထိုအမျိုးသားကလည်း မာရူးကို လှမ်းကြည့်တယ်။ ခဏကလေးအတွင်းမှာတော့ မာရူးက ထိုအမျိုးသားကို ရင်းနှီးနေသလို ခံစားရပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ အတိအကျ မတွေးမိပါဘူး။
“ဆွန်းဂျဲ ... ငါ ကားရပ်ပြီးရင် ချက်ချင်း လာခဲ့မယ်နော်။”
မောင်းသူနေရာကနေ တစ်ယောက်ယောက်က ခေါင်းထုတ်ပြီး အော်ပြောလိုက်တယ်။ ဆွန်းဂျဲ။ ဒါဆိုရင်တော့ ဒီအမျိုးသားက ဟန်ဘာဒါ သဘောကျတဲ့ အိုင်ဒေါအဖွဲ့ TTO ထဲက လူ ဖြစ်နေတယ်။ သူ့ကို လှမ်းကြည့်လိုက်တဲ့ ထိုအိုင်ဒေါက လန်းဆန်းတဲ့ အပြုံးလေးနဲ့ သူ့ကို နှုတ်ဆက်လာတယ်။ မာရူးလည်း ပြန်ပြီး နှုတ်ဆက်လိုက်တယ်။
“ဒီနေရာက ရိုက်ကူးရေးကွင်း ဟုတ်ပါသလား”
“ဟုတ်ကဲ့ပါ။ လူတွေအကုန်လုံး အနောက်ဘက်မှာ စုနေကြပါတယ်”
“နေရာမှန်ကို ရောက်လာတာပဲ တော်သေးတယ်။ လမ်းညွှန်စနစ်က သေချာ အလုပ်မလုပ်လို့လေ။ ဒါနဲ့... အစ်ကိုက ဒီနားမှာ နေတာလားဟင်”
“မဟုတ်ပါဘူး။ ကျွန်တော်က ရုပ်ရှင်ထဲမှာ အရံဇာတ်ကောင်နေရာကပါ အခု ကျွန်တော့်အပိုင်း ပြီးသွားလို့ အိမ်ပြန်တော့မလို့ပါ”
“တကယ်လား။ ကောင်းလိုက်တာ။ ကျွန်တော်လည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်ပတ်သက်ခွင့် ရထားလို့ပါ”
ထိုအိုင်ဒေါက ‘လမ်းမှာ သတိထားပြီး သွားဦးနော်’ လို့ ပြောပြီး ကုန်းတက်အတိုင်း ဆက်တက်သွားတယ်။ မာရူးက သူ့ရဲ့ ကျောပြင်ကို စိုက်ကြည့်နေပြီးမှ လှမ်းပြောလိုက်တာပေါ့ -
“ဟို... တဆိတ်လောက်ဗျာ။ တကယ်လို့ သိပ်ပြီး အခက်အခဲ မရှိရင် လက်မှတ်လေးတစ်ခုလောက် တောင်းလို့ရမလားဟင်”
“လက်မှတ် ဟုတ်လား။ အာ... ဟာဟား... ဟုတ်ကဲ့ ရတာပေါ့”
မာရူးက အိတ်ထဲကနေ မှတ်စုစာအုပ်နဲ့ ဖောင်တိန်ကို ထုတ်လိုက်တယ်။ ထိုအိုင်ဒေါက ပြုံးပြုံးလေးနဲ့ မှတ်စုစာအုပ်ကို လှမ်းယူလိုက်တယ်။
“နာမည်က ဘယ်လိုခေါ်လဲဟင်”
“ဟန်ဘာဒါ လို့ ခေါ်ပါတယ်”
“ဟန်ဘာဒါ ဟုတ်လား။ နာမည်လေးက လှလိုက်တာ”
“ကျွန်တော့် ညီမလေးရဲ့ နာမည်ပါ”
“အော်... ညီမလေးရဲ့ နာမည်ကိုး”
“ဟုတ်ကဲ့”
“ခဏလေး စောင့်ဦးနော်။”
ဆွန်းဂျဲ က လက်မှတ်ထိုးပေးလိုက်ပြီး ဘေးနားမှာ ဇာတ်ကောင်ရုပ်ပုံသေးသေးလေးတစ်ခုပါ ဆွဲပေးလိုက်သေးတယ်။ လက်မှတ်ကို တကယ့်ကို စိတ်ပါလက်ပါ ထိုးပေးထားတဲ့ ပုံစံမို့လို့ မာရူးလည်း စိတ်ထဲမှာ အဆင်ပြေသွားတယ်။ လက်မှတ်ကို ကြည့်ရုံတင်ပဲ အဲဒါကို သိနိုင်ပါတယ်
“ကျေးဇူးတင်ပါတယ် ခင်ဗျာ”
“TTO ကို သဘောကျပေးလို့ ကျေးဇူးတင်ပါတယ်လို့ ညီမလေးကိုလည်း လှမ်းပြောပေးပါဦးနော်”
“ဟုတ်ကဲ့ပါ။ ဒါဆို ရုပ်ရှင်မှာလည်း အဆင်ပြေပါစေကြောင်း ဆုတောင်းပေးပါတယ် ခင်ဗျာ”
“ကျေးဇူးပါဗျာ”
အိုင်ဒေါက လှည့်ထွက်သွားပြီး ကုန်းတက်အတိုင်း ပြန်တက်သွားခဲ့တယ်။
မာရူးက သူက တော်တော်လေး စိတ်သဘောထားကောင်းတဲ့ လူတစ်ယောက်ပဲလို့ တွေးမိလိုက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စူပါစတားဖြစ်လာတဲ့ လူတွေဆီမှာ ရှိတတ်တဲ့ မာန်မာနမျိုးလည်း တစ်ချက်ကလေးမှ မရှိပါဘူး။ သူက အဲဒီလို လူမျိုးတွေအပေါ် အမြင်စောင်းနေခဲ့တာ ဖြစ်လိမ့်မယ်လို့ မာရူး ပြန်တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအသက်အရွယ်နဲ့ အခုလိုမျိုး အောင်မြင်မှု ရထားတာဆိုတော့ သူတို့ကလည်း အလုပ်ကို တော်တော်လေး ကြိုးစားခဲ့ကြရမှာ သေချာပါတယ်။
“ဒါကတော့ တကယ့် လက်ဆောင်မွန်ပဲ”
မာရူးက ပျော်ရွှင်တက်ကြွပြီး ဝမ်းသာအားရဖြစ်နေမယ့် ညီမဖြစ်သူရဲ့ ပုံစံကို စိတ်ကူးထဲမှာ ပုံဖော်ရင်း လက်မှတ်ကို အိတ်ထဲ သေသေချာချာ ထည့်လိုက်တယ်။ လက်မှတ်ပေါ်မှာ စွန်းထင်သွားလို့ စိတ်ညစ်နေရှာတဲ့ သူမအနေနဲ့ ဒါကို မြင်ရင်တော့ ပြန်ပြီး ပျော်ရွှင်သွားမှာ သေချာပါတယ်။
‘ဟူး... အဲဒါထက် ခုနစ်နာရီလုံးလုံး ကားစီးရမှာကတော့...’
ရှေ့မှာ ကြုံတွေ့ရမယ့် အချိန်တွေကို တွေးမိပြီး မာရူး သက်ပြင်းတစ်ချက် ချလိုက်မိပါတော့တယ်။
* * * * * * * * *