အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း(၂၈၈)
ကျောင်းကို ခပ်နုနု အဝါဖျော့ရောင် သုတ်ထားတာပေါ့။ ဆွန်းဂျဲက ကျောင်းဝင်းကို တစ်ချက်ဝေ့ဝဲကြည့်ပြီးမှ အဆောက်အအုံထဲ လှမ်းဝင်ခဲ့တယ်။ မန်နေဂျာကို စောင့်နေဖို့ စိတ်ကူးထားပေမဲ့လည်း ကျောင်းကွင်းပြင်ထဲမှာတော့ တစ်ယောက်တည်း တောင့်တောင့်ကြီး မတ်တတ်ရပ်နေရတာက အဆင်မပြေလှဘူးလေ။ တံခါးကို ဖွင့်ဝင်လိုက်တဲ့အခါ စင်္ကြံလမ်းတွေထဲမှာ လူတွေ ဟိုဟိုဒီဒီ သွားလာနေကြတာကို သူ မြင်လိုက်ရတာပေါ့။
“အော်... ဆွန်းဂျဲ မဟုတ်လားဟင်”
ဆံပင်တိုတိုနဲ့ အမျိုးသမီးတစ်ယောက်က သူ့ဆီ ချဉ်းကပ်လာတယ်။ ဆွန်းဂျဲလည်း သူမကို သိနေတာမို့ ချက်ချင်းပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်လိုက်တာပေါ့။
“မင်္ဂလာပါ ခင်ဗျာ”
“ရှုတင်က နေ့ခင်းပိုင်းမှ ရိုက်ရမှာလေ။ တော်တော်လေး စောစော ရောက်လာတာပဲ”
“ဒီနေ့က တခြား အစီအစဉ် မရှိတာနဲ့ စောစောလာခဲ့တာပါ။ ရိုက်ကွင်းကိုလည်း ကြိုပြီး ကြည့်ချင်တာနဲ့လေ”
“အော်... အဲလိုလား”
ခဏလေး စောင့်ဦးနော် - လို့ သူမက ပြောပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ်။ သူမက ဆွန်းဂျဲ သရုပ်ဆောင်ရွေးချယ်ရေး ဒါရိုက်တာနဲ့ ဆုံတုန်းက တွေ့ခဲ့ရတဲ့ အမျိုးသမီးပဲလေ။ သရုပ်ဆောင်တွေရဲ့ မန်နေဂျာတွေနဲ့ ချိတ်ဆက်ပြီး ရိုက်ကူးရေး အချိန်ဇယားတွေကို စီစဉ်ပေးရတဲ့ လူတွေထဲက တစ်ယောက်ပေါ့။
“ဒီဘက်ကို ကြွပါဦးရှင်”
သူမရဲ့ နောက်ကနေ လိုက်သွားရင်း ဟာလာဟင်းလင်း ဖြစ်နေတဲ့ စာသင်ခန်းတစ်ခုထဲ ရောက်လာခဲ့တယ်။ သူ နေရာမှာ ထိုင်ပြီး ခဏလောက် စောင့်နေတုန်းမှာပဲ မန်နေဂျာနဲ့ အဲဒီအမျိုးသမီးက ပြန်ဝင်လာကြတာပေါ့။
“မင်းကလည်း ငါ့ကို စောင့်ရမှာကို”
“တောင်းပန်ပါတယ် အစ်ကိုရာ။ ကျွန်တော် ကျောင်းကွင်းပြင်ထဲမှာ ရပ်နေတာကို လူတွေက ဝိုင်းပြီး စိုက်ကြည့်နေကြတာမို့လို့ ဆက်ရပ်နေဖို့ အဆင်မပြေလို့ပါ”
သူက မန်နေဂျာ ဒေါင်ဝူး ကို ပြုံးပြပြီးမှ အဲဒီအမျိုးသမီးဘက်ကို လှည့်ကြည့်လိုက်တယ်။
“လောလောဆယ် ဒါလေး သောက်ထားလိုက်ပါဦးနော်။ ဒီအထိ လာရတာ တော်တော်လေး ပင်ပန်းသွားပြီ ထင်တယ်”
အဲဒီအမျိုးသမီးက ဆွန်းဂျဲ နဲ့ ဒေါင်ဝူး ဆီ အဖျော်ယမကာဗူး တစ်ဗူးစီ လှမ်းပေးလာတယ်။ သူတို့ အချိုရည်သောက်ရင်း စကားဖောင်ဖွဲ့ဖြစ်ကြတာပေါ့။ ဆွန်းဂျဲ ရဲ့ သရုပ်ဆောင်မှုကို မျှော်လင့်နေကြကြောင်း၊ ဒီမှာ ရှိတဲ့လူတွေ အများစုက သူ့ရဲ့ ဖန်တွေဖြစ်ကြကြောင်း၊ အပြင်မှာ မြင်ရတာက ပိုပြီး ချောမောခန့်ညားကြောင်း စတဲ့ စကားတွေကို ပြောနေကြတာလေ။ အဲဒီအချိန်မှာပဲ တစ်ယောက်ယောက်က စာသင်ခန်းထဲကို လှမ်းဝင်လာတယ်။ ဗိုက်ပူပူနဲ့ အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်ပြီး ဆွန်းဂျဲ အနေနဲ့ ထိုသူဟာ ဒါရိုက်တာဖြစ်မှန်း ချက်ချင်း သိလိုက်တာပေါ့။
“မင်္ဂလာပါ ဒါရိုက်တာ”
“အာ... ဟုတ်သားပဲ။ ဆွန်းဂျဲ မဟုတ်လား”
“ဟုတ်ကဲ့ပါ။ သရုပ်ဆောင်သစ် ဆွန်းဂျဲ ပါ ခင်ဗျာ”
“အေး အေး... ကောင်းပြီ။ မင်းရဲ့ ရိုက်ကူးရေးက ဒီနေ့ မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဒါဆို နေ့ခင်းပိုင်းကျမှ တွေ့ကြတာပေါ့။ ငါ မျှော်လင့်နေပါ့မယ်။ ဒါနဲ့ နေပါဦး... မင်းက တကယ်ကို ရုပ်ချောတာပဲနော်။ မိန်းကလေးတွေကြားထဲမှာ တော်တော်လေး ရေပန်းစားမှာပဲ”
ဒါရိုက်တာက လက်ဆွဲနှုတ်ဆက်ပြီးတာနဲ့ ထွက်သွားခဲ့တယ်။ ဆွန်းဂျဲ က သူ့ကို ပြုံးပြလိုက်ပေမဲ့ စိတ်ထဲမှာတော့ ခါးသီးနေတယ်။ ဒါရိုက်တာက သူ့ကို တွေ့ဖို့ ဒီအထိ လာခဲ့ပြီး သရုပ်ဆောင်မှုကို မျှော်လင့်နေပါတယ်လို့ ပြောသွားပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ စိတ်ဝင်စားပုံ မရတာက ဆန့်ကျင်ဘက် ဖြစ်နေလို့ပဲလေ။ သူ့ကုမ္ပဏီက ဥက္ကဋ္ဌကြီးက ဒီရုပ်ရှင်ထဲမှာ ပိုက်ဆံအမြောက်အမြား ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာကို ဆွန်းဂျဲ သိနေတာပေါ့။ တကယ်လို့ သူ့မှာ TTO ဆိုတဲ့ နာမည်အရှိန်အဝါသာ မရှိရင် ဒါရိုက်တာကို အခုလိုမျိုး နှုတ်ဆက်ခွင့် ရပါ့မလား။ မဖြစ်နိုင်တာ။ ပုံမှန်အားဖြင့်တော့ သာမန်ဇာတ်ကောင်နေရာက လူတွေကို ဒါရိုက်တာတွေက နှုတ်ဆက်ဖို့နေနေသာသာ နာမည်ကိုတောင် မှတ်မိကြတာ မဟုတ်ဘူးလေ။
“ကျွန်မတို့ ညနေ ၇ နာရီကျရင် ရိုက်ကူးရေး စပါမယ်။ အဲဒီအချိန်အထိတော့ ကိုယ့်သဘောနဲ့ကိုယ် ဟိုဟိုဒီဒီ သွားလို့ရပါတယ်နော်။ သရုပ်ဆောင်တွေကတော့ ဒုတိယထပ်မှာ ရှိနေကြတယ်။ တကယ်လို့ အဆင်မပြေတာမျိုး ရှိရင်လည်း ကျွန်မကို လှမ်းခေါ်လိုက်ပါဦး။ ဒါဆို ကျွန်မကို ခွင့်ပြုပါဦးနော်”
အဲဒီအမျိုးသမီးက ထရပ်လိုက်တယ်။ ဆွန်းဂျဲ က လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပြီး နေရာမှာ ပြန်ထိုင်လိုက်တာပေါ့။
“ဝိုး... ကြည့်ရတာ သူတို့ မင်းအပေါ် မျှော်လင့်ချက် အများကြီး ထားတဲ့ ပုံပဲနော် ဆွန်းဂျဲ။ ဒါရိုက်တာကိုယ်တိုင်တောင် မင်းကို လာတွေ့တာဆိုတော့လေ”
“ဟင့်အင်း... အဲလိုတော့ မဟုတ်ဘူး ထင်တယ် အစ်ကိုရာ”
“တကယ်လား”
သူက ငါ့အပေါ် မျှော်လင့်ချက်ရှိလို့ လာတာမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုအတွက် လာပြီး ကျေးဇူးတင်စကား ပြောတာတင်ပဲလေ - လို့ စိတ်ထဲက စကားလုံးတွေကို ဆွန်းဂျဲ မျိုသိပ်လိုက်တယ်။ မန်နေဂျာ ဒေါင်ဝူး က လူကောင်းတစ်ယောက် ဆိုပေမဲ့ တခြားလူတွေရဲ့ စိတ်ခံစားမှုကို အကဲခတ်တဲ့နေရာမှာတော့ သိပ်ပြီး မထက်မြက်လှပါဘူး။ TTO က တခြားအဖွဲ့ဝင်တွေလည်း ဒေါင်ဝူး နဲ့ စကားပြောရတာ နည်းနည်း စိတ်မသက်မသာ ဖြစ်ရတယ်ဆိုတာကို ဆွန်းဂျဲ နဲ့ သဘောထား တူကြတာမျိုးလေ။
“အစ်ကို တော်တော်လေး ပင်ပန်းနေပြီ ထင်တယ်။ ဒီမှာ စောင်ရှိတာမို့လို့ ခဏလောက် အိပ်လိုက်ဦးလေ”
“ငါ အဆင်ပြေပါတယ်ကွာ။ ကော်ဖီလေး သောက်လိုက်ရင်ပဲ အဆင်ပြေသွားမှာပါ”
အဲလို ပြောနေပေမဲ့လည်း ကြည့်ရတာ တကယ့်ကို ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံမျိုးပေါ့။ ဆွန်းဂျဲ က ကြမ်းပြင်ပေါ်မှာ စောင်ကို ခင်းကျင်းလိုက်ပြီး ဒေါင်ဝူး ကို အတင်း လှဲချပစ်လိုက်တယ်။
“တစ်ညလုံး ကားမောင်းလာပြီးတဲ့နောက် ကော်ဖီသောက်ရုံတင်ပဲ ရရင်တော့ ဘယ်သူမှ အိပ်စရာ မလိုတော့ဘူးပေါ့။ လောလောဆယ်တော့ အိပ်ထားလိုက်ပါဦး။ လိုအပ်ရင် ကျွန်တော် လှမ်းနှိုးလိုက်ပါ့မယ်”
ကျွန်တော် အဆင်ပြေပါတယ်လို့ ပြောနေတဲ့ ဒေါင်ဝူး က မိနစ်ပိုင်းကလေးအတွင်းမှာတင် အိပ်ပျော်သွားခဲ့ပြီ။ ဆွန်းဂျဲ က သူ့ကို ခဏလောက် စောင့်ကြည့်နေပြီးမှ စာသင်ခန်းထဲကနေ ထွက်လာခဲ့တယ်။ နောက်ဆုံးတော့ ရုပ်ရှင်ရိုက်ကွင်းဆီ ရောက်လာခဲ့ပြီ ဆိုပေမဲ့ စိတ်ထဲမှာတော့ ထင်ထားသလောက် သိပ်ပြီး မပျော်ရွှင်နိုင်ပါဘူး။
‘ဒါမျိုး ဖြစ်လာလိမ့်မယ်ဆိုတာ ငါ ကြိုသိနေခဲ့တာပဲ မဟုတ်လား။’
သူ့ကို ကြည့်တဲ့ လူတွေရဲ့ တုံ့ပြန်မှုက သုံးမျိုး ရှိတာပေါ့။ ပထမတစ်မျိုးကတော့ သူ့ကို လုံးဝ မမှတ်မိကြဘဲ ဒီအတိုင်း ဖြတ်လျှောက်သွားတဲ့ လူတွေ၊ ဒုတိယတစ်မျိုးကတော့ မှတ်မိသွားပြီး ကောင်းကောင်းမွန်မွန် နှုတ်ဆက်ကြတဲ့ လူတွေ၊ တတိယတစ်မျိုးကတော့ ဘယ်သူလဲဆိုတာ သိနေတာတောင် ထူးထူးဆန်းဆန်း အကြည့်တွေနဲ့ စိုက်ကြည့်တတ်တဲ့ လူတွေပေါ့။ အများစုကတော့ အဲဒီ တတိယအုပ်စုထဲက လူတွေချည်းပါပဲ။ လူတွေရဲ့ စိုက်ကြည့်နေတဲ့ အကြည့်တွေက ဆူးတွေလိုမျိုး သူ့ကို ထိုးဆွနေသလို ခံစားရတာပေါ့။ အရှေ့မှာတော့ ပြုံးပြနေကြပေမဲ့ လှည့်ထွက်သွားတာနဲ့ ချက်ချင်း တောက်တစ်ချက် ခေါက်ပစ်လိုက်တဲ့ လူတွေလည်း ရှိတာပဲ။ လူတွေရဲ့ တောက်ခေါက်သံကို ကြားရတဲ့အခါ ဆွန်းဂျဲ အနေနဲ့ သွားပြီး ရန်ဖြစ်ပစ်လိုက်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာပေမဲ့ သူ လုပ်နိုင်တာကတော့ အဲဒီလူတွေကို ပြုံးပြုံးလေးပဲ ပြန်ကြည့်နေဖို့ တင်ပဲလေ။
သူ့အပေါ် အခုလိုမျိုး ခွဲခြားဆက်ဆံတာတွေ မလုပ်ကြပါနဲ့၊ အဲဒီလို အကြည့်မျိုးတွေနဲ့ မကြည့်ကြပါနဲ့လို့ သူ သွားပြီး အော်ဟစ်လို့ မရပါဘူး။ သူ့မှာ အဲဒီလို လုပ်ပိုင်ခွင့် မရှိလို့ပဲလေ။ ဇာတ်လမ်းတွဲလောကထဲမှာ အိုင်ဒေါတွေ နေရာယူလာကြပြီ ဆိုပေမဲ့ အကဲဖြတ်မှုတွေကတော့ လုံးဝ မကောင်းပါဘူး။ အခြေအနေက အဲလိုမျိုး ဖြစ်နေတာမို့လို့ ကိုယ့်ရဲ့ အရည်အချင်းကို သေချာ မပြသနိုင်သေးဘဲနဲ့ သူ့ကို လေးစားပေးဖို့ တောင်းဆိုနေတာက ပေါ့ပျက်ပျက်နိုင်လွန်းပြီး ကောက်ကျစ်ရာ ရောက်လိမ့်မယ်လို့ ဆွန်းဂျဲ တွေးလိုက်မိတယ်။
သူက နာမည်ကြီး အိုင်ဒေါတစ်ယောက်အနေနဲ့ မဟုတ်ဘဲ သူ့ရဲ့ အရည်အချင်းတွေနဲ့တင် ဒီကလူတွေရဲ့ အသိအမှတ်ပြုမှုကို ရယူချင်တာပေါ့။ အိုင်ဒေါတွေက သရုပ်ဆောင်ပိုင်း ညံ့ဖျင်းတတ်ကြတယ်ဆိုတဲ့ အမြင်စောင်းမှုတွေကို သူ ဖျက်ဆီးပစ်ချင်ပြီး လိုအပ်ချက်ကြောင့်သာ အိုင်ဒေါ ဖြစ်လာခဲ့ရတဲ့ မျှော်လင့်ချက်ရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ရှိပါတယ်ဆိုတာကို ပြောပြချင်တာလေ။
‘အခုအချိန်မှာတော့ သူတို့က ငါ့ရဲ့ ရုပ်ရည်ကိုပဲ တန်ဖိုးထားနေကြသေးတာ ဖြစ်ပေမဲ့ ဒါက ငါ့အရည်အချင်းရဲ့ အကန့်အသတ် မဟုတ်ဘူးဆိုတာကို ပြသရမှာပေါ့။’
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးတဲ့နောက် ဆွန်းဂျဲ က လက်သီးကို တစ်ချက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဒါက သူ့အတွက်တော့ အလေ့အထတစ်ခုလိုမျိုး ဖြစ်နေပြီလေ။ စိတ်လှုပ်ရှားနေသမျှတွေကို ဖျောက်ဖျက်ပစ်လိုက်ပြီး စိတ်အေးလက်အေး အပြုံးတစ်ခုကို ဖန်တီးလိုက်တာပေါ့။ သူက ဒီအတိုင်း ထိုင်ပြီး စောင့်ဆိုင်းနေလို့ မရပါဘူး။ ပထမဆုံး လှုပ်ရှားတဲ့လူကသာ ကိုယ့်ရဲ့ ပုံရိပ်ကို ကိုယ်တိုင် ဖန်တီးနိုင်တာမျိုးမို့ပဲလေ။
သူ ချက်ချင်းပဲ ဒုတိယထပ်ဆီ တက်လာခဲ့တယ်။ လမ်းမှာ ဆုံသမျှ လူတိုင်းကိုလည်း အရိုအသေပေး နှုတ်ဆက်လိုက်တာပေါ့။ ရုပ်မြင်သံကြား နယ်ပယ်ထဲက သံမဏိစည်းကမ်းတွေထဲက တစ်ခုကတော့ လမ်းမှာ ဆုံသမျှ လူတိုင်းကို နှုတ်ဆက်ရမယ်ဆိုတာပဲလေ။ ဂျူနီယာတွေကို နှုတ်ဆက်ရတာကလည်း ရှက်နေစရာ မလိုပါဘူး။ တကယ်တော့ အဲဒါက ပျော်စရာ ဇာတ်ကွက်တစ်ခု ဖြစ်လာနိုင်သလို ဂျူနီယာတွေအပေါ်မှာလည်း ကောင်းတဲ့ ပုံရိပ် ဖြစ်သွားစေနိုင်လို့ပဲ။ ဒါကြောင့်မို့လို့ နှုတ်ဆက်တာ များတာက ဘယ်တော့မှ မဆိုးပါဘူး။
သူက ပြန်လည်နှုတ်ဆက်ရင်း လက်မှတ်တောင်းသမျှ အရာအားလုံးကိုလည်း လက်ခံပေးရင်းနဲ့ ဒုတိယထပ်ဆီ တက်လာခဲ့တာပေါ့။ အလုပ်ရှုပ်နေတဲ့ ပထမထပ်နဲ့ မတူဘဲ ဒုတိယထပ်ကတော့ တကယ့်ကို တိတ်ဆိတ်လွန်းလှပါတယ်။ စာသင်ခန်းတစ်ခုထဲကနေ စကားပြောသံတွေကို ကြားလိုက်ရတယ်။ စိတ်တိုဒေါသထွက်နေတဲ့ အသံတစ်ခုနဲ့ တည်ငြိမ်လှတဲ့ အသံတစ်ခုပေါ့။ သရုပ်ဆောင်တွေက ဇာတ်ညွှန်းစာအုပ်ကို အတူတူ ဖတ်နေကြတာ ဖြစ်မှန်း ဆွန်းဂျဲ ချက်ချင်း ရိပ်မိလိုက်တာပေါ့။
သူ ဇာတ်ညွှန်းဖတ်နေကြတဲ့ စာသင်ခန်းတံခါးကို ဂရုတစိုက် ဖွင့်ကြည့်လိုက်တယ်။ အတွင်းထဲမှာတော့ တွေ့ဆုံပွဲတုန်းက တွေ့ခဲ့ရတဲ့ သရုပ်ဆောင်တွေ ရှိနေကြတာပေါ့။
“အော်... မင်းက...”
ငွေရောင်ဆံပင်တွေ အများကြီး ရှိနေတဲ့ သရုပ်ဆောင်ကြီးတစ်ယောက်က မျက်မှောင်ကြုတ်ရင်း စကားဆိုလာတယ်။ ဆွန်းဂျဲ က သရုပ်ဆောင်တွေကို ယဉ်ယဉ်ကျေးကျေးပဲ နှုတ်ဆက်လိုက်တာပေါ့။
“ကျွန်တော်က သရုပ်ဆောင်သစ် ဆွန်းဂျဲ ပါ ခင်ဗျာ။ လူကြီးမင်းတို့ကို လာပြီး နှုတ်ဆက်တာပါ”
သူ နှုတ်ဆက်လိုက်တဲ့ အချိန်မှာပဲ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။ ဆွန်းဂျဲ က မဆိုစလောက်လေးပဲ ပြုံးပြလိုက်မိတာပေါ့။ ဒီနေရာက လေထုက သိပ်ကို လေးလံလွန်းလှပါတယ်။
တစ်ယောက်ယောက်က မကျေမနပ်နဲ့ ချောင်းဟန့်လိုက်တဲ့ အသံ ထွက်လာတယ်။ ဆွန်းဂျဲ က သူ့ရဲ့ မျက်နှာပေးကို ထိန်းချုပ်ဖို့အတွက် နှုတ်ခမ်းတွေကို တင်းကျပ်ထားလိုက်တာပေါ့။ သူတို့က ဝန်ထမ်းတွေထက်စာရင် ပိုပြီး တဲ့တိုးဆန်လှတယ်။ ဒီလို ကိစ္စတွေကို ကြုံဖူးတာမို့လို့ စိတ်မလှုပ်ရှားတော့ဘူးလို့ ထင်ထားခဲ့ပေမဲ့ သူ တကယ်ပဲ မှားသွားခဲ့တာ ဖြစ်ပါတယ်။ သူက လူတွေ့စစ်ဆေးမှု ခံနေရသလိုမျိုး တစ်ကိုယ်လုံး တုန်ရင်နေတာပေါ့။ သရုပ်ဆောင်တွေက သူ့အပေါ် မုန်းတီးတဲ့ အကြည့်တွေနဲ့ ကြည့်လာမှာကို ကြောက်တာကြောင့် မြေပြင်ပေါ်ကိုပဲ ငုံ့ကြည့်နေမိတယ်။
ဆွန်းဂျဲ က ဇာတ်လမ်းတွဲ သုံးခုလောက် ရိုက်ဖူးခဲ့တာလေ။ နာမည်မဲ့ အရံဇာတ်ကောင်ကနေ စတင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ အပြင်မှာ အများကြီး ပေါ်ထွက်ရတဲ့ ဇာတ်ပို့ နေရာကို ရရှိခဲ့တာပေါ့။ ဇာတ်လမ်းတွဲတွေမှာ အိုင်ဒေါတွေ အများကြီး ပါဝင်လာကြပြီး အကဲဖြတ်မှုတွေကလည်း အဲလောက်ကြီး မဆိုးလှပါဘူး။ အတိအကျ ပြောရရင်တော့ မကောင်းဘူး ဆိုပေမဲ့ ဘယ်သူမှ အဲဒါကို အထင်အရှား ထုတ်မပြောကြတာမျိုးလေ။ အပြန်အလှန် အကျိုးပြုတဲ့ ပတ်သက်မှုတစ်ခု ဖြစ်ပေါ်နေတာ သေချာပါတယ်။ အိုင်ဒေါတွေ ပါတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ကြည့်ရှုနှုန်းက ၅ ရာခိုင်နှုန်းလောက် မြင့်တက်လာကတည်းက ထုတ်လုပ်သူတွေက အိုင်ဒေါတွေကို ထည့်သွင်းတာက ပုံမှန်လိုမျိုး ဖြစ်လာခဲ့တာပေါ့။ အိမ်ရှင်မတွေ အများကြီး သဘောကျတဲ့ မနက်ခင်း ဇာတ်လမ်းတွဲတွေမှာဆိုရင် အိုင်ဒေါတွေကို ထည့်သွင်းဖို့အတွက်တင်ပဲ ဘာအဓိပ္ပာယ်မှ မရှိတဲ့ ဇာတ်ကောင်နေရာတွေကို ဖန်တီးပေးကြတာမျိုးလေ။
‘ဒီနေရာကတော့ ကွဲပြားခြားနားတယ်’
ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေ။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုကနေတစ်ဆင့် အလုပ်တစ်ခုကို ဖန်တီးရတယ်ဆိုတဲ့ အချက်မှာ တူညီကြပေမဲ့ သူတို့ကြားထဲမှာတော့ မမြင်နိုင်တဲ့ နံရံကြီးတစ်ခု ရှိနေသလိုမျိုးပါပဲ။ ထိပ်တန်း သရုပ်ဆောင်တွေက ဇာတ်လမ်းတွဲတွေ မရိုက်ကြဘူးဆိုတာက ဒီနယ်ပယ်ထဲမှာ နာမည်ကြီးတဲ့ စကားတစ်ခုပဲလေ။ အဲဒါက ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ မာနကို ကိုယ်စားပြုတာမျိုးပေါ့။
ဒါက ဇာတ်လမ်းတွဲတွေတုန်းက သူ ကြုံခဲ့ရတဲ့ မနှစ်မြို့စရာ ကိစ္စတွေနဲ့ ကွဲပြားသလို ခံစားရတယ်။ သူ သိပ်ကို ပေါ့ဆသွားခဲ့တာပဲ။ ရုပ်ရှင်လောကဆိုတာ အိုင်ဒေါတွေ မဖျက်ဆီးနိုင်သေးတဲ့ သန့်စင်တဲ့ နေရာတစ်ခုလိုမျိုးလေ။ အဲဒီလို နေရာမျိုးဆီ အိုင်ဒေါတစ်ယောက် ရောက်လာတာဆိုတော့ သရုပ်ဆောင်တွေက ဘယ်လို တွေးကြပါ့မလဲ။
ဒါတင်မကဘဲ ဒီရုပ်ရှင်က လူစိတ်ဝင်စားမှု အများကြီးနဲ့ ကူညီမှုတွေ ရထားတာ ဆိုပေမဲ့ ပင်မမီဒီယာတွေထဲမှာ မပါဝင်တဲ့ အင်ဒီးရုပ်ရှင်တစ်ခုနဲ့ ပိုပြီး နီးစပ်ပါတယ်။ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားတဲ့ ဒီရုပ်ရှင်ကို အင်ဒီးရုပ်ရှင်တစ်ခုနဲ့ နှိုင်းယှဉ်ရတာက ဟာသတစ်ခုလို ဖြစ်နေပေမဲ့ လူမှုအဖွဲ့အစည်းရဲ့ မှောင်မိုက်တဲ့ အပိုင်းတွေကိုပဲ ဖော်ပြထားတာမို့ စီးပွားရေးဇာတ်ကားတစ်ခုအနေနဲ့ ပုံဖော်ဖို့ကတော့ တော်တော်လေး ခက်ခဲတာ အမှန်ပါပဲ။
အဲဒီလို နေရာမျိုးဆီ အိုင်ဒေါတစ်ယောက်က လာပြီး နေရာလုချင်နေတာဆိုတော့ သူတို့ သဘောမကျတာက မဆန်းပါဘူး။ ဆွန်းဂျဲ က သူ့မျက်နှာတစ်ခုလုံး ပူထူလာတာကို ခံစားလိုက်ရတယ်။ ပရိသတ်တွေအပေါ် စိတ်ပျက်ခဲ့ဖူးတာ ကြာပြီဖြစ်လို့ သူတို့အပေါ် ထားတဲ့ စိတ်ကူးယဉ်မှုတွေက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေမဲ့ ဒီနယ်ပယ်ထဲက သရုပ်ဆောင်တွေအပေါ် ထားတဲ့ လေးစားမှုကိုတော့ သူ မစွန့်လွှတ်ခဲ့ပါဘူး။
ဒီမှာထိုင်နေတဲ့ လူတွေက လွယ်ကူတဲ့ လမ်းကြောင်းကို မရွေးချယ်ဘဲ သရုပ်ဆောင်မှုတစ်ခုတည်းနဲ့တင် ရှေ့ဆက်နေကြတဲ့ လူတွေလေ။ သူတို့က သူ့အပေါ် ဘယ်လို ဝေဖန်တိုက်ခိုက်မှုတွေပဲ လုပ်ပါစေဦးတော့ အကုန်လုံးကို လက်ခံဖို့ သူ စိတ်ပိုင်းဖြတ်ထားလိုက်တယ်။
“ဆိုးလ်ကနေ လာခဲ့တာလား”
အဲဒီအသံက အိုမင်းပြီး သြသြကြီး ဖြစ်နေပေမဲ့ ခွန်အားတစ်ခုတော့ ပါရှိတယ်။ သူ့ကုမ္ပဏီက ဥက္ကဋ္ဌကြီးနဲ့အတူ သွားပြီး နှုတ်ဆက်ဖူးတဲ့ မွန်ဂျောင် က သူ့ကို နူးညံ့တဲ့ အပြုံးလေးနဲ့ လှမ်းကြည့်နေတာပေါ့။
“ဟု... ဟုတ်ကဲ့ပါ ခင်ဗျာ”
“မင်း တော်တော်လေး ပင်ပန်းနေပြီ ထင်တယ်။ ဟင်း... ငါတို့လည်း ခဏလောက် နားကြမလား”
မွန်ဂျောင် က ဖြည်းဖြည်းချင်း ထရပ်ပြီး စကားဆိုလိုက်တယ်။ တခြား သရုပ်ဆောင်တွေကလည်း ခေါင်းညိတ်ထောက်ခံကြတာပေါ့။
“မင်းနာမည်က ဆွန်းဂျဲ ဟုတ်တယ်မလား”
“ဟုတ်ကဲ့ပါ။ ကျွန်တော် ဆွန်းဂျဲ ပါ ခင်ဗျာ”
“ဘယ်လိုလဲ။ ငါတို့ အပြင်ဘက်မှာ လမ်းလျှောက်ထွက်ကြမလား”
မွန်ဂျောင် က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ခြေလှမ်းနှေးနှေးလေးတွေနဲ့ စာသင်ခန်းထဲကနေ ထွက်သွားခဲ့တယ်။ ဆွန်းဂျဲ လည်း စာသင်ခန်းထဲက ကျန်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဦးညွှတ်နှုတ်ဆက်ပြီးမှ မွန်ဂျောင် ရဲ့ နောက်ကနေ လိုက်ထွက်လာခဲ့တာပေါ့။ ထိုနှစ်ယောက် ပထမထပ်ဆီ ဆင်းလာတဲ့ အချိန်မှာပဲ ဝန်ထမ်းအများကြီးက မွန်ဂျောင် ကို လှမ်းပြီး နှုတ်ဆက်ကြတယ်။ အံ့ဩစရာကောင်းတာကတော့ မွန်ဂျောင် က အဲဒီလူတွေရဲ့ နာမည်တွေကို တစ်ယောက်ချင်းစီ လိုက်ခေါ်နေတာပဲလေ။
မနေ့ညက မအေးဘူးလား။ ထမင်းကော စားပြီးပြီလား။ မင်း သားလေးရဲ့ ဖျားတာကော ဘယ်လိုလဲဟင်။
အဲဒီလူတွေရဲ့ အသေးစိတ် အခြေအနေလေးတွေကိုပါ သူက မှတ်မိနေတာကို မြင်တော့ ဆွန်းဂျဲ စိတ်ထဲမှာ အကြီးအကျယ် ရိုက်ခတ်သွားတယ်။။ စံပြသရုပ်ဆောင်တစ်ယောက်က သူ့အရှေ့တည့်တည့်မှာ ရှိနေတာမျိုးလေ။
ဆွန်းဂျဲ က ဝန်ထမ်းတစ်ယောက် လှမ်းပေးလာတဲ့ ကော်ဖီခွက်ကို ကိုင်ပြီး မွန်ဂျောင် ရဲ့ နောက်ကနေ ကျောင်းကွင်းပြင်ထဲ ထွက်လာခဲ့တယ်။
“ဒီနေရာက မူလကတော့ ဒေသခံတွေအတွက် မူလတန်းကျောင်းလေး ဖြစ်ခဲ့ပေမဲ့ အခုတော့ ကလေးတွေ မရှိတော့တာမို့လို့ ပိတ်ထားတာ ကြာပြီလေ”
ဆွန်းဂျဲ က မွန်ဂျောင် ရဲ့ နောက်ကနေ လိုက်ရင်း ခေါင်းညိတ်လိုက်မိတယ်။ ကွင်းပြင်ကြီးရဲ့ မြင်ကွင်း၊ ကျောင်းနောက်ကွယ်က တောင်တန်းကြီး၊ ပြီးတော့ တိတ်ဆိတ်လှတဲ့ ရွာကလေးပေါ့။ မွန်ဂျောင် က အဲဒီအရာတွေကို တိုးတိုးကလေး ပြောပြနေတာ ဖြစ်ပါတယ်။ ဆွန်းဂျဲ အနေနဲ့ သူ ဘာလို့ အဲလိုပြောပြနေလဲဆိုတာ မသိပေမဲ့ ချက်ချင်းပဲ အကြောင်းရင်းကို စိတ်ထဲမထားတော့ဘဲ စိုက်ပြီး နားထောင်နေမိတာပေါ့။
သူ့နောက်ကနေ ခဏလောက် လိုက်သွားပြီးတဲ့နောက် ဆွန်းဂျဲ ခေါင်းမော့ကြည့်လိုက်တယ်။ သူ့အရှေ့မှာတော့ သစ်ပင်ကြီးတစ်ပင် ရှိနေတာပေါ့။ မွန်ဂျောင် က သစ်ရိပ်အောက်မှာ ထိုင်လိုက်တယ်။
“ထိုင်လေ”
“ဟုတ်ကဲ့”
သူ စိတ်လှုပ်ရှားစွာနဲ့ပဲ မွန်ဂျောင် ရဲ့ ဘေးမှာ ထိုင်လိုက်တာပေါ့။ လေတစ်ချက် တိုက်ခတ်လာတယ်။ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ကွင်းပြင်ကြီးက သူ့ကို အထီးကျန်တဲ့ ခံစားမှုမျိုးပေးပေမဲ့ ဆွန်းဂျဲ အနေနဲ့ အဲဒါကို ခံစားနေဖို့ အချိန်မရှိပါဘူး။ စူပါစတားကြီးတစ်ယောက်က သူ့ဘေးနားတင် ရှိနေတာမို့လို့ မျက်လုံး လွှဲဖို့တောင် မရဲပါဘူး။
“အမြဲတမ်း အဲလိုမျိုးကြီး ပြုံးနေရတာ မပင်ပန်းဘူးလား”
“ဟု... ဗျာ”
“ငါ ဒါကို ပြောတာလေ။” မွန်ဂျောင် က စကားပြောရင်း သူ့ရဲ့ နှုတ်ခမ်းကို ညွှန်ပြလိုက်တယ်။ အဲဒီအခါကျမှ ဆွန်းဂျဲ လည်း သူ့မျက်နှာပေါ်က အပေါ်ယံ အပြုံးကို သတိပြုမိတော့တာပေါ့။ သူ့လက်တွေမှာ အသားမာတွေ တက်နေသလိုမျိုးပဲ သူ့မျက်နှာပေါ်မှာလည်း အပြုံးတစ်ခုက အမြဲတမ်း ကပ်ညှိနေတာလေ။ သူ့ရဲ့ စိတ်ထဲကနေ အလိုလို ဖန်တီးလိုက်တဲ့ အပြုံးက အခုဆိုရင်တော့ မျက်နှာဖုံးတစ်ခုလိုမျိုး ဖြစ်နေခဲ့ပါပြီ။ သူက စိတ်ထဲကနေ တကူးတက မပြုံးရင်တောင် မျက်နှာပေါ်မှာ အပြုံးတစ်ခုက အမြဲ ရှိနေတာမျိုးပေါ့။ အဲဒါက အိုင်ဒေါတစ်ယောက် ဖြစ်ခြင်းရဲ့ သဘောပဲလေ။
“မင်း သိလား... သရုပ်ဆောင်တွေကတော့ အလိမ်အညာ မပြုံးကြဘူးလေ။ သူတို့ ပြုံးရင် တကယ် ပျော်လို့ဖြစ်ပြီး၊ သူတို့ ငိုရင် တကယ် ဝမ်းနည်းလို့ပဲ။ ဒါကြောင့်မို့လို့ စိတ်ထဲကနေ တကယ်မပျော်ရင် နောက်ကို အဲလိုမျိုး မပြုံးပါနဲ့တော့။ ကြည့်ရတာ သနားစရာ ကောင်းလွန်းလို့ပါ”
အဲဒီစကားလုံးတွေက ဆွန်းဂျဲ ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခဲ့တယ်။ သူ့ရဲ့ နှုတ်ခမ်းတွေကလည်း တုန်ရင်လို့ပေါ့။ မျက်နှာပေါ်က အပြုံးကို အတင်းအဓမ္မ ဖယ်ရှားပစ်ဖို့ဆိုတာက အဆင်မပြေလှသလို ခက်ခဲလွန်းလှပါတယ်။ သူက အဆင်မပြေတဲ့ ‘ဘာခံစားချက်မှမရှိတဲ့’ မျက်နှာပေးမျိုးကို လုပ်လိုက်ရတာပေါ့။ သူ နောက်ဆုံးအကြိမ် အဲလို မျက်နှာပေးမျိုး ဘယ်တုန်းက လုပ်ခဲ့လဲဆိုတာတောင် မမှတ်မိတော့ပါဘူး။
“အခုမှပဲ လူတစ်ယောက်နဲ့ ပိုတူသွားတော့တယ်။ ငါ မင်းနဲ့ ပထမဆုံး ဆုံတုန်းကတည်းက မင်းရဲ့ မျက်နှာပေးကို ကြည့်ရတာ တော်တော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရတာ။ မင်းက သဘာဝကျကျ သရုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ မျက်နှာပေါ်မှာတော့ အလိမ်အညာတွေချည်း ရေးထားသလိုမျိုး ဖြစ်နေလို့လေ”
“...တောင်းပန်ပါတယ် ခင်ဗျာ”
“ပင်ပန်းလား….. အိုင်ဒေါ ဖြစ်ရတာ ဘာညာပေါ့ကွာ... အဲဒါက ဖြစ်ရတာ တော်တော်လေး ပင်ပန်းလား”
“ဟင့်အင်း... တစ်ချက်ကလေးမှ မပင်ပန်းပါဘူး ခင်ဗျာ”
“ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ မင်း သိလား... ငါကတော့ သရုပ်ဆောင်တစ်ယောက် ဖြစ်ရတာ တကယ်ကို ပင်ပန်းတယ်လို့ ခံစားရတယ်။ ရံဖန်ရံခါမှာ သိပ်ပင်ပန်းလွန်းလို့ ထွက်ပြေးချင်တဲ့ စိတ်တွေတောင် ဖြစ်ပေါ်လာတာမျိုးလေ။ မနေ့တုန်းကလည်း ငါ အဲလို ခံစားခဲ့ရတယ်။ ချွေးတွေ တသွင်သွင် ကျအောင် လုပ်ခဲ့ရတာလေ။ ငါက ရူးနေတဲ့လူ မဟုတ်ပေမဲ့ အတင်း ငိုရတယ်၊ ပြီးတော့ ပြုံးရတယ်၊ အဲဒီနောက်မှာ ဒေါသထွက်ပြရပြန်တယ်။ အဲဒါကို မပင်ပန်းဘူးလို့တော့ ငါ မပြောနိုင်ဘူးလေ”
မွန်ဂျောင် ရဲ့ မျက်လုံးတွေက တည်ငြိမ်လှပါတယ်။ အဲဒီမျက်လုံးတွေကို ကြည့်ပြီး ဆွန်းဂျဲ လိမ်ညာစကား မပြောရဲတော့ပါဘူး။
“ကျွန်တော်... ထုံးစံတစ်ခုလို ဖြစ်နေလို့ပါ။ ပင်ပန်းတာတွေ၊ နာကျင်တာတွေ အားလုံးကိုပေါ့။ ပင်ပန်းတယ် ဆိုပေမဲ့လည်း လူတွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားတာမို့လို့ ကျွန်တော် အဆင်ပြေပါတယ်”
“မင်းကတော့ ပြန်ဖြစ်ပြန်ပြီ”
“ဗျာ...”
သူက မွန်ဂျောင် ကို အံ့ဩတကြီးနဲ့ ပြန်ကြည့်လိုက်တာပေါ့
“ငါ ဒါကို ပြောတာလေ။ အကျင့်တစ်ခုလိုမျိုး ပြန်ပေါ်လာပြန်ပြီ” လို့ မွန်ဂျောင် က ထပ်မံပြီး သူ့ရဲ့ နှုတ်ခမ်းကို ညွှန်ပြလိုက်တယ်။ ဆွန်းဂျဲ အလိုလို သူ့လက်ကို နှုတ်ခမ်းပေါ် တင်လိုက်မိတာပေါ့။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ရှိနေတာ အမှန်ပါပဲ။ သူက အမှန်အတိုင်း ပြောလိုက်တယ်လို့ ထင်ထားပေမဲ့ သူ့ကိုယ်သူ မသိလိုက်ဘဲ အလွှာတစ်ခုကို ဖြတ်သန်းသွားခဲ့တာမျိုးလေ။ စကားလုံးတွေကို သတိထားတာကပဲ သူ့အတွက် အကျင့်တစ်ခုလို ဖြစ်နေလို့ ဖြစ်လိမ့်မယ်။ ဆွန်းဂျဲ ခေါင်းကို ငုံ့ချလိုက်မိတယ်။ သူ တကယ်ကို အားနာမိတာပေါ့။
အဲဒီအချိန်မှာပဲ ကြမ်းတမ်းတဲ့ လက်တစ်ဖက်က သူ့ရဲ့ ဇက်ကြောဆီ လာထိတယ်။
“မင်း ငါနဲ့အတူတူ လမ်းလျှောက်ထွက်ဖို့ စိတ်ကူးရှိလား”
* * * * * * * * *