အခန်း ၂၈၉
Vol. 29 Ch. 289
အခန်း(၂၈၉)
တောင်က တကယ်တော့ ဆွန်းဂျဲ ထင်ထားခဲ့တာထက် အများကြီး ပိုပြီး ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်။ သူ့ရဲ့ ရုပ်ပုံသဏ္ဌာန်ကို ကြည့်ပြီး ခန့်မှန်းခဲ့တဲ့ ခက်ခဲမှု အဆင့်အတန်းက တကယ့်ကို တခြားစီ ဖြစ်နေတာပေါ့။ လမ်းတွေကလည်း လူသူဖြတ်သန်းသွားလာတဲ့ အရိပ်အယောင် တစ်ချက်ကလေးမှမရှိဘဲ ကြမ်းတမ်းလွန်းလှတယ်။ တကယ်လို့ သူက အားကစားဖိနပ် မဟုတ်ဘဲ သာမန်ဖိနပ်သာ စွတ်လာခဲ့ရင်တော့ အလွယ်တကူ ပင်ပန်းနွမ်းနယ်သွားမှာ သေချာပါတယ်။
“ဒီလိုမျိုး တောင်ပေါ်တက်ရတာက တကယ့်ကို စိတ်ချမ်းမြေ့စရာပဲ”
မွန်ဂျောင် က တစ်ချက်ကလေးမှ အဆင်မပြေတာမျိုးမရှိဘဲ တောင်ပေါ်ကို ဖြည်းဖြည်းချင်း တက်သွားတာကို မြင်တော့ ဆွန်းဂျဲ အံ့ဩမှင်တက်မိသွားရတာပေါ့။ အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီဖြစ်တဲ့ အဘိုးအိုတစ်ယောက်က သူ့ထက်တောင် ပိုပြီး အားအင်တွေ ပြည့်နှက်နေလေရဲ့။ တောင်တွေအများကြီးကို သိမ်းပိုက်ခဲ့ဖူးတဲ့ ပရော်ဖက်ရှင်နယ် တောင်တက်သမားတစ်ယောက်လိုပဲ မွန်ဂျောင် က တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ တောင်ပေါ်ကို လျှောက်လှမ်းသွားတယ်။ ဆွန်းဂျဲ ကတော့ သူ့နောက်ကနေ လိုက်နိုင်အောင် သွားတွေကို ကျစ်ကျစ်ပါအောင် စိထားရတာပေါ့။ သူ နောက်ကျကျန်မနေခဲ့ချင်ပါဘူး။ အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရပေမဲ့လည်း ဇွတ်အတင်းပဲ ရှေ့ကို တိုးလျှောက်ခဲ့တယ်။ ဒါက ပြေးစက်ပေါ်မှာ ပြေးရတဲ့ ပင်ပန်းတာမျိုးနဲ့ လုံးဝကို ကွဲပြားတယ်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ကိုယ်သူ တောင်ပေါ်ကို အတင်းဆွဲတင်နေရသလိုမျိုး ခံစားရတယ်။
“ပြီးခဲ့တဲ့တစ်ခေါက်က ဒီနေရာကို ကြိုပြီး လာကြည့်တုန်းကတည်းက ငါ ဒီနေရာလေးကို သိပ်သဘောကျသွားတာ”
“ဟု... ဟုတ်လား ဆရာ”
“ပင်ပန်းနေပြီလား”
“ဟင့်အင်း... မပင်ပန်းပါဘူး ခင်ဗျာ”
ဆွန်းဂျဲ က လက်ဖမိုးနဲ့ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။
“နည်းနည်းလောက်ပဲ အောင့်ခံထားလိုက်ဦး... ရောက်တော့မှာပါ”
ဒီနေရာက နည်းနည်း ချောတတ်တယ်နော် - လို့ မွန်ဂျောင် က သစ်မြစ်တစ်ခုဆီ ညွှန်ပြရင်း စကားဆိုတယ်။ ဆွန်းဂျဲ က အကွက်ဆန်းအကွက် ပါတဲ့ အင်္ကျီကို ချွတ်ပစ်လိုက်တာပေါ့။ သူ့ရဲ့ ချွေးတွေဆီကို လေပြေ လာတိုက်ခတ်သွားတဲ့ အခါကျမှပဲ စိတ်ထဲ နည်းနည်း ပေါ့ပါးသွားတော့တယ်။
ဘယ်အချိန်ကစလို့လဲမသိဘူး... သူ ဘာဖြစ်လို့ ဒီတောင်ကို တက်နေရတာလဲဆိုတဲ့ မေးခွန်းကို သူ ဆက်ပြီး မတွေးတော့ပါဘူး။ ဘာမှမစဉ်းစားဘဲ ဒီအတိုင်းပဲ ဇွတ်တက်ခဲ့တာလေ။ အဲလို တက်ရင်းနဲ့ မွန်ဂျောင် ရဲ့ ကျောပြင်ကို သူ စိုက်ကြည့်နေမိတယ်။ အဲဒီလိုနဲ့ ဆယ်မိနစ်လောက် ကြာသွားတဲ့ အခါမှာတော့ ထူးထူးဆန်းဆန်း သူ့ရဲ့ အသက်ရှူသံက တည်ငြိမ်သွားခဲ့ပြီး ပတ်ဝန်းကျင် မြင်ကွင်းတွေကို ငေးကြည့်နိုင်လာခဲ့ပြီပေါ့။ ခရမ်းရောင် ပန်းကလေးတွေက သူ့ရဲ့ အမြင်အာရုံထဲမှာ ပြည့်နှက်လို့။ ဆွန်းဂျဲ အနေနဲ့ သူ ဘယ်အချိန်ကတည်းက ဒီလိုနေရာမျိုးကို ရောက်နေတာပါလိမ့်လို့ တွေးမိသွားရတယ်။ သူ နောက်ကို ပြန်လှည့်ကြည့်လိုက်တာပေါ့။ တောင်ပေါ်က ပန်းကလေးတွေက တောင်အောက်ခြေအထိ လှပစွာ ပွင့်လန်းနေကြတာလေ။ အစကတည်းက လမ်းတောက်လျှောက်မှာ ပန်းတွေ ရှိနေခဲ့တာ ဆိုပေမဲ့ သူကတော့ အဲဒါတွေကို တစ်ချက်ကလေးမှ သတိမပြုမိဘဲ ဇွတ်အတင်းပဲ တက်လာခဲ့တာ မဟုတ်လား။
“ရောက်ပြီ”
အဲဒီအသံကို ကြားရတော့ ဆွန်းဂျဲ အရှေ့ကို ပြန်လှည့်ကြည့်လိုက်တယ်။ မွန်ဂျောင် က တောင်ထိပ်ပေါ်ကနေ သူ့ကို လာခဲ့ပါဦးဆိုပြီး လက်လှမ်းပြနေတာပေါ့။ သူ သက်ပြင်းအရှည်ကြီး တစ်ချက်ချပြီးမှ တောင်ထိပ်ပေါ်ဆီ အပြင်းအထန် တက်သွားလိုက်တယ်။
မကြာခင်မှာပဲ သူ မွန်ဂျောင် ရဲ့ ဘေးနားမှာ လာရပ်လိုက်တာပေါ့။
တောင်ပေါ်တက်လာတဲ့ လမ်းကြောင်းတွေနဲ့ မတူဘဲ တောင်ထိပ်မှာတော့ မိုးကောင်းကင်ကြီးကို ကာကွယ်ထားမယ့် သစ်ပင်ကြီးတွေ တစ်ပင်မှ ရှိမနေပါဘူး။ အဲဒီအချက်ကြောင့်ပဲ ဟိုးအဝေးကြီးအထိ သူ လှမ်းမြင်နေရတာလေ။ ကြည်လင်နေတဲ့ မိုးကောင်းကင်ကြီးကို ခဏလောက် ငေးကြည့်ပြီးတဲ့နောက် သူ့ရဲ့ အကြည့်ကို ဟိုးအဝေးက ရွာကလေးဆီ လွှဲလိုက်တယ်။ အိမ်တွေကို ဟိုတစ်စဒီတစ်စနဲ့ ဘာအစီအစဉ်မှမရှိဘဲ ဆောက်ထားတဲ့ တောရွာလေးတစ်ရွာ ဖြစ်လိမ့်မယ်လို့ သူ ထင်ထားခဲ့ပေမဲ့ အခုလို အဝေးကနေ လှမ်းကြည့်လိုက်ရတဲ့ အခါကျမှပဲ တကယ်တော့ အိမ်တွေက တစ်အိမ်နဲ့တစ်အိမ် စနစ်တကျ နေရာကွက်လပ် ချထားပြီး သေသေချာချာ ပြင်ဆင်ထားတာကို မြင်လိုက်ရတာပေါ့။ တောင်နဲ့ ပိုပြီး နီးကပ်တဲ့ နေရာဆီ လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ သူတို့ စတင်ထွက်ခွာခဲ့တဲ့ ကျောင်းကို မြင်လိုက်ရတယ်။ ဟာလာဟင်းလင်း ဖြစ်နေခဲ့တဲ့ ကျောင်းကွင်းပြင်ကြီးထဲမှာတော့ အခုဆိုရင် လူတွေ ပိုပြီး စည်ကားလို့ပေါ့။
“ခွင့်ပြုပါဦး” လို့ သူ့နောက်ကျောဘက်ကနေ မွန်ဂျောင် က ရုတ်တရက် စကားဆိုလာတယ်။
ဆွန်းဂျဲ က ဘာကိစ္စပါလိမ့်ဆိုပြီး အံ့ဩတကြီးနဲ့ လှည့်ကြည့်လိုက်တာပေါ့။ သင်္ချိုင်းဂူ နှစ်ဂူကို သူ မြင်လိုက်ရတယ်။ အဲဒီအခါကျမှပဲ ဆွန်းဂျဲ အနေနဲ့ ဘာဖြစ်လို့ ဒီပတ်ဝန်းကျင်မှာ သစ်ပင်တွေ ရှိမနေရတာလဲဆိုတာကို သဘောပေါက်သွားတော့တယ်။ ဒါက သင်္ချိုင်းမြေ ဖြစ်နေလို့ပဲလေ။ ဆွန်းဂျဲ လည်း လက်နှစ်ဖက်ကို ယှက်ပြီး အရိုအသေပေး နှုတ်ဆက်လိုက်တာပေါ့။
“မင်း သိလား... လူတွေက ဘာဖြစ်လို့ တောင်တွေကို သဘောကျကြလဲဆိုတာ”
“ကျွန်တော် ကြားဖူးသလောက်ကတော့... စိတ်ထဲက အပူအပင်တွေကို ဖျောက်ဖျက်ပစ်နိုင်လို့ တဲ့...”
မွန်ဂျောင် က ပြုံးရင်း ခေါင်းညိတ်ပြတယ်။
“စိတ်ထဲမှာ အပူအပင်တွေ ပြည့်နေတဲ့ လူတွေက အခုလိုမျိုး တောင်ပေါ်ကို တက်လာကြတာပေါ့။ တစ်နည်းအားဖြင့် ပြောရရင်တော့ ထွက်ပြေးတာမျိုးပေါ့ကွာ။ သူတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ဘူး ဆိုပေမဲ့ အဲဒီအပူအပင်တွေကိုတော့ ခေတ္တ ရပ်တန့်ထားနိုင်တာမျိုးလေ။ ကိုယ်က အလုပ်ရှုပ်နေတဲ့ အချိန်မျိုးမှာ စိုးရိမ်ပူပန်နေဖို့ ဘယ်မှာ အချိန်ပို ရှိပါ့မလဲ။ မင်းကော အဲလို မထင်ဘူးလား”
မွန်ဂျောင် က နေရာမှာ ထိုင်လိုက်ပြီး သူ့ဘေးနားက နေရာကို သာသာလေး ပုတ်ပြတယ်။ ဆွန်းဂျဲ လည်း ချက်ချင်းပဲ ဘေးနားမှာ ဝင်ထိုင်လိုက်တာပေါ့။
“ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက် ဖြစ်လာတာက ကောင်းတဲ့ ကိစ္စဆိုပေမဲ့ တစ်ဖက်မှာလည်း တကယ့်ကို ပင်ပန်းနွမ်းနယ်ရတဲ့ အလုပ်တစ်ခုပဲလေ။ ငါက အသက်အရွယ်ကြီးနေပြီ ဖြစ်လို့ အိုင်ဒေါတွေအကြောင်း သိပ်ပြီး နားမလည်ပေမဲ့ မင်းတို့လို လူမျိုးတွေက လူတွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားကြတယ်ဆိုတာတော့ ငါ သိတာပေါ့”
“လူတွေရဲ့ အချစ် ဟုတ်လားဟင်...” လို့ ဆွန်းဂျဲ က စကားဆိုလိုက်တယ်။
သူက ပြည်သူတွေရဲ့ အာရုံစိုက်မှုကို အများကြီး ရရှိထားတယ်ဆိုတာကို သေချာ သိနေတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ ဘယ်နေရာကိုပဲ သွားသွား အဲဒီနေရာမှာ ကင်မရာတစ်လုံး ရှိနေတတ်သလို သူ့ကို လက်ဆွဲနှုတ်ဆက်ချင်တဲ့ လက်တွေကလည်း အမြဲ ရှိနေတာမျိုးလေ။ ဒါပေမဲ့ အဲဒါက တကယ်ပဲ အချစ် ဟုတ်ပါသလား။
“ကျွန်တော်ကတော့ လူတွေရဲ့ အချစ်ကို တကယ်ပဲ ရရှိထားရဲ့လားဆိုတာ သေချာ မသိပါဘူး ခင်ဗျာ”
“ဘာဖြစ်လို့ အဲလို တွေးရတာလဲ”
“အစပိုင်းမှာတော့ ကျွန်တော်လည်း အဲဒါကို အချစ်လို့ ထင်ထားခဲ့တာပေါ့။ ဒါပေမဲ့ မကြာခင်ကစလို့ ကျွန်တော် နည်းနည်း ကြောက်လာတယ်။ ဖန်တွေ နည်းနည်းပဲ ရှိတုန်းကတော့ သူတို့က ကျွန်တော်တို့ကို အမြဲတမ်း ကောင်းတဲ့ စကားတွေပဲ ပြောပေးကြတာလေ။ ကြိုးစားပါဦး၊ အမြဲတမ်း အားပေးနေပါတယ်၊ ဂုဏ်ယူပါတယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ နာမည်ကြီးလာတဲ့ အခါကျတော့ ကောင်းတဲ့ စကားတွေထက် မကောင်းတဲ့ စကားတွေကို ပိုပြီး ကြားလာရတယ်။ ကျွန်တော် သိပါတယ်... လူတိုင်းရဲ့ အချစ်ကို ရရှိထားတဲ့ အနုပညာရှင်ဆိုတာ မရှိဘူးဆိုတာလေ။ အဲဒါကို ရင်ဆိုင်ဖို့ ကျွန်တော် ပြင်ဆင်ထားခဲ့ပေမဲ့လည်း အဲဒီအခြေအနေတွေက တနေ့တခြား ပိုပြီး ပြင်းထန်လာတာမို့လို့ ကျွန်တော် လန့်ဖျပ်ပြီး နောက်ဆုတ်မိသွားတယ်။ လွန်ခဲ့တဲ့ အချိန်အနည်းငယ်တုန်းကဆိုရင် ကျွန်တော်တို့ အဖွဲ့ထဲက အသက်အကြီးဆုံး အစ်ကိုကြီးက အဆိပ်ခတ်ခံရမယ့် အခြေအနေမျိုးအထိတောင် ကြုံခဲ့ရတာဗျ။ အဲဒီဖြစ်ရပ်ပြီးတဲ့နောက်မှာတော့ ကျေးဇူးတင်ရမယ့် ပြည်သူတွေက ကျွန်တော့်အတွက်တော့ ပိုပြီး ကြောက်စရာကောင်းတဲ့ လူတွေ ဖြစ်လာခဲ့ရတယ်”
အဲဒီဖြစ်ရပ်ပြီးတဲ့နောက်မှာ ဆွန်းဂျဲ အနေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ရမယ့် လူတွေအဖြစ် မမြင်တော့ဘဲ သူ အသုံးချလို့ရမယ့် ကိရိယာတစ်ခုလိုပဲ မြင်လာခဲ့တော့တယ်။ ဖန်တွေ ပို့တဲ့စာကို ပြန်စာ မရေးမိရုံတင်ပဲ ရှိသေးတာကို အဆိပ်ခတ်ဖို့အထိ ကြိုးစားခဲ့တဲ့ ဖန်တစ်ယောက်ကို သူက ဘယ်လိုနည်းနဲ့ လှိုက်လှိုက်လဲလဲ ချစ်နိုင်ပါ့မလဲ။ တကယ်လို့ အဲဒီလို ကိစ္စမျိုးကိုမှ အချစ်လို့ ခေါ်မယ်ဆိုရင်တော့ စိတ်မချမ်းမြေ့စရာ ဖြစ်ရပ်ကတောင် ပေးကမ်းစွန့်ကြဲမှု ဖြစ်သွားမှာပေါ့။
“မင်း စိတ်ထဲမှာ ပြောစရာ စကားတွေ အများကြီး ကျန်သေးတဲ့ ပုံပဲမို့လို့ စိတ်ကြိုက်သာ ပြောပါ။ ငါကတော့ နားထောင်ပေးမယ့် လူတစ်ယောက်အနေနဲ့ ရှိနေမှာပါ” လို့ မွန်ဂျောင် က ဟိုးအဝေးဆီကို ကြည့်ရင်း စကားဆိုတယ်။
ဆွန်းဂျဲ က နှုတ်ခမ်းကို တစ်ချက် ကိုက်လိုက်ပြီးမှ သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ စကားတွေကို ထုတ်ပြောလိုက်တာပေါ့ - ပြည်သူတွေက သရုပ်ဆောင်မှု အရည်အချင်းအပေါ် စိတ်ဝင်စားမှုမရှိကြဘဲ နာမည်ကြီးတဲ့ လူတွေကိုပဲ ကြည့်ချင်ကြတာပါလို့လေ။
“ကျွန်တော် ငယ်ငယ်တုန်းက အတူတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ လူတစ်ယောက် ရှိတယ်ဗျ။ သူက သရုပ်ဆောင်ပိုင်းမှာ တကယ့်ကို ပြောင်မြောက်တဲ့လူဖြစ်ပြီး ပတ်ဝန်းကျင်က လူတိုင်းကလည်း သူ အောင်မြင်လာလိမ့်မယ်ဆိုတာကို မသေချာဘဲ မနေခဲ့ကြပါဘူး။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် တနေ့မှာ သူ့ကို ပြန်ဆုံတဲ့ အခါကျတော့ သူက ဇာတ်ကားပြီးဆုံးတဲ့ မှတ်တမ်းစာရင်းမှာတောင် နာမည်မကျန်ခဲ့တဲ့ သာမန် အရံဇာတ်ကောင် နေရာလေးနဲ့တင် မဆိုစလောက်လေးပဲ ရုန်းကန်နေရရှာတယ်ဗျ။ အဲဒီအချိန်ကျမှပဲ ပြည်သူတွေက သရုပ်ဆောင်ကောင်းတဲ့လူကို ကြည့်ချင်ကြတာ မဟုတ်ဘဲ သူတို့ သဘောကျတဲ့ လူ သရုပ်ဆောင်တာကိုပဲ ကြည့်ချင်ကြတာပါလားဆိုတာ ကျွန်တော် ခံစားလိုက်ရတယ်”
ဆွန်းဂျဲ က အဲဒီအချိန်ကို ပြန်တွေးမိရင်း ခါးသီးတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်မိတာပေါ့။
“အမှန်အတိုင်း ပြောရရင်တော့ သူ့ကို ပြန်ဆုံတဲ့အချိန်မှာ ကျွန်တော် ပျော်မိသွားတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အောင်မြင်နေပြီလေ။ ကျွန်တော်က အိုင်ဒေါတစ်ယောက်အနေနဲ့ အပြင်မှာ အများကြီး ပေါ်ထွက်ရတဲ့ ဇာတ်ပို့ နေရာကို ရထားတာ မဟုတ်လား။ သူ မရောက်နိုင်တဲ့ နေရာတစ်ခုဆီ ရောက်နေတာမို့လို့ ကျွန်တော့်ကိုယ်ကျွန်တော် ပိုပြီး မြင့်မြတ်တယ်လို့ ခံစားလိုက်ရတာဗျ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တကယ့်ကို ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားရပြန်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရပါစေဦးတော့ အဲဒါတွေအကုန်လုံးက ကျွန်တော် အန်ဆုန်ဂျေး ဆိုတဲ့ အိုင်ဒေါဖြစ်နေလို့ ရလာတာမျိုးမို့လို့ပဲလေ”
ဆွန်းဂျဲ က အဲဒီစကားကို ပြောပြီး မြေပြင်ပေါ်ကို ငုံ့ကြည့်လိုက်တယ်။
“ဒါကြောင့်မို့လို့ပဲ ကျွန်တော် ဒီရုပ်ရှင်ရဲ့ လူတွေ့စစ်ဆေးမှုကို လာရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အမြင်စောင်းမှုတွေထဲကနေ ရုန်းထွက်ချင်လို့ပေါ့။ လူတွေ့စစ်ဆေးမှု အောင်မြင်တယ်ဆိုတဲ့ အကြောင်းကြားစာကို ရတုန်းကတော့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှု ရှိခဲ့တာပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ အချိန်အနည်းငယ်တုန်းကမှ ကျွန်တော် ဒီရုပ်ရှင်မှာ ပါဝင်ခွင့်ရတာက ကုမ္ပဏီအချင်းချင်း ကြိုတင်သဘောတူညီချက်အရ သတ်မှတ်ပြီးသား ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်ဗျ။ နောက်ထပ် ရက်အနည်းငယ် ကြာရင်တော့ အန်ဆုန်ဂျေး က သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရုပ်ရှင်ထဲမှာ ပါဝင်ခွင့်ရခဲ့တာပါဆိုတဲ့ သတင်းတွေက နေရာအနှံ့ ပေါ်ထွက်လာတော့မှာလေ။ အဲဒါကို သိလိုက်ရတဲ့ အချိန်တုန်းကတော့ ကျွန်တော် ရှက်လွန်းလို့ ခေါင်းတောင် မမော့ရဲခဲ့ဘူးဗျာ။ ဒါပေမဲ့ ရက်အနည်းငယ် ကြာသွားတဲ့ အခါကျတော့လည်း စိတ်ထဲ နည်းနည်း ပြန်သက်သာသွားပြန်တယ်။ အဲဒီအချိန်ကျမှပဲ ကျွန်တော် ပြန်ပြီး ကြောက်လာတာဗျ... ပြည်သူတွေကို ကြောက်တာ မဟုတ်ဘဲ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြောက်မိတာ။ ဩော်... ငါက ဒီလိုမျိုးနဲ့ပဲ တဖြည်းဖြည်း တုံးအလာတာပါလား၊ ငါ့ကိုယ်ငါ ကိရိယာတစ်ခုလိုပဲ ဖန်တီးမိနေတာပါလား ဆိုတာလေ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ငါ့ရဲ့ အရည်အချင်းက အဓိက မဟုတ်ဘဲ ကင်မရာအရှေ့မှာ ပေါ်ထွက်နေရုံတင်ပဲ ရှိရင် အဆင်ပြေတာပဲဆိုတဲ့ အတွေးမျိုးအထိတောင် ဖြစ်ပေါ်လာမိတယ်...” လို့ ပြောပြီးတဲ့နောက် ဆွန်းဂျဲ တိတ်ဆိတ်သွားခဲ့တယ်။
သူက ပတ်ဝန်းကျင်ရဲ့ လေထုကြောင့် စိတ်ထဲ ရှိနေတဲ့ စကားတွေကို အလွန်အကျွံ ထုတ်ပြောမိသွားတာ ဖြစ်ရမယ်။
“သရုပ်ဆောင်တစ်ယောက်အနေနဲ့ ငွေကြေးကိစ္စတွေထဲကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးကွာ။ မဟုတ်သေးပါဘူး... သရုပ်ဆောင်တင် မဟုတ်ပါဘူး။ ဒီကမ္ဘာပေါ်မှာ ငွေကြေးထဲကနေ လွတ်မြောက်နိုင်တဲ့လူ ဘယ်သူ ရှိပါ့မလဲ။ ငါတို့လို လူမျိုးကို လူတွေက သဘောကျပေးကြပြီး လာပြီး ခေါ်ယူနေကြတာကိုတင်ပဲ ကျေးဇူးတင်ရမှာပေါ့”
“...ဆရာက အဲဒီကိစ္စအပေါ် ဒေါသ မထွက်ဘူးလားဟင်”
“ဒေါသထွက်တယ် ဟုတ်လား”
“ဟုတ်ကဲ့ပါ”
“ငါက ဘာဖြစ်လို့ ဒေါသထွက်ရမှာလဲဟင်”
“ကျွန်တော့်ထက် ပိုပြီး တော်တဲ့လူတွေ အများကြီး ရှိနေမှာ သေချာပေမဲ့ ကျွန်တော်လို ကလေးတစ်ယောက်က ဒီရုပ်ရှင်ထဲမှာ ပါဝင်ခွင့်ရခဲ့လို့လေ”
အဲဒီစကားကို ကြားလိုက်ရတော့ မွန်ဂျောင် က တဟားဟားနဲ့ ရယ်မောလိုက်တာပေါ့။
“ကိုယ့်ကိုယ်ကိုယ် အဲလောက်အထိတော့ နှိမ့်ချမထားပါနဲ့ကွာ”
“ဗျာ...”
“မင်း ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူကို သိလားဟင်”
“ကျွန်တော် သိသလောက်ကတော့ ဥက္ကဋ္ဌ လီဂျွန်မင်း ပါ ခင်ဗျာ”
“အေး ဟုတ်တယ်။ သူက အရာရာကို အဓိက တာဝန်ယူထားတဲ့ လူလေ။ သရုပ်ဆောင်တွေကို ရွေးချယ်တာကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ပဲပေါ့။ ပြီးတော့ သူက ပိုက်ဆံတစ်ခုတည်းအတွက်နဲ့တင် အရည်အချင်းမရှိတဲ့ သရုပ်ဆောင်မျိုးကို သူ့အလုပ်ထဲ ထည့်မယ့် သနားစရာကောင်းတဲ့ လူမျိုး မဟုတ်ဘူးလေ။ တကယ်လို့ မင်းကို ရွေးချယ်ခဲ့တာဆိုရင် အဲဒါက မင်းမှာ မင်းရဲ့ ဇာတ်ကောင်နေရာနဲ့ အံဝင်ခွင်ကျဖြစ်မယ့် အရည်အချင်း ရှိလို့ပဲ ဖြစ်လိမ့်မယ်။ ပိုက်ဆံဆိုတာကတော့ ဒုတိယအချက်ပေါ့ကွာ။ သူက အရည်အချင်း မရှိတဲ့လူကို သက်ညှာပေးမယ့် လူမျိုး မဟုတ်ဘူးလေ”
“....”
“ပြီးတော့... သရုပ်ဆောင်တွေက မင်းကို ကောင်းကောင်းမွန်မွန် မနှုတ်ဆက်ကြလို့ ဆိုပြီး မင်း စိတ်အားငယ်နေတဲ့ ပုံပဲ။ အဲဒါက မင်း အိုင်ဒေါဖြစ်နေလို့ မဟုတ်ပါဘူးကွာ”
“ဒါဆို ဘာဖြစ်လို့လဲဟင်...”
“သူတို့ ပင်ပန်းနေကြလို့လေ”
“ဟု... ပင်ပန်းနေကြလို့ ဟုတ်လားဟင်”
“သူတို့ ညနက်တဲ့အထိ သောက်ထားကြတာလေ။ မင်း ဝင်လာတဲ့ အချိန်က သူတို့ ဇာတ်ညွှန်းစာအုပ်ကို ဖတ်ရင်း လည်ပင်းတဝိုက်ကို အညောင်းပြေအောင် လုပ်နေကြတဲ့ အချိန်ကလေးတင်ပဲ။ မင်းအပေါ် မကောင်းတဲ့ စိတ်ဓာတ် ထားရှိကြလို့ မဟုတ်ပါဘူး။ အမှန်တော့ မင်းကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ဖို့အတွက် အားအင် မရှိကြလို့ ဖြစ်လိမ့်မယ်”
“ဒါဆို ခုနက ချောင်းဟန့်သံက...”
“အဲဒီကောင်က လည်ချောင်းနာနေလို့ ဖြစ်မှာပေါ့”
မွန်ဂျောင် က ဆွန်းဂျဲ ရဲ့ ပုခုံးကို ပုတ်ပေးရင်း နေရာကနေ ထရပ်လိုက်တယ်။
“ဟိုမှာ စုနေကြတဲ့ လူတွေအကုန်လုံးက အရူးတွေချည်းပဲကွ။ အများစုကတော့ အလုပ်အကိုင် မတည်ငြိမ်တာမျိုး ရှိနေတာတောင် သရုပ်ဆောင်ရတာကို သဘောကျလို့တင်ပဲ ဒီလောကထဲကို ဇွတ်အတင်း ဝင်လာကြတဲ့ လူတွေလေ။ သူတို့က အဲလို လူမျိုးတွေမို့လို့ အတူတူ သရုပ်ဆောင်ရမယ့် လူအပေါ် အကြောင်းပြချက်မရှိဘဲ အမြင်စောင်းနေမှာ မဟုတ်ပါဘူး။ အမှန်တော့ အဲဒီလူတွေကို အမြဲတမ်း အားပေးနေကြမယ့် လူတွေပါ။ ငါ့လိုမျိုးပေါ့ကွာ”
မွန်ဂျောင် က တောင်ပေါ်တက်တုန်းကလိုပဲ စိတ်အေးလက်အေး ခြေလှမ်းတွေနဲ့ တောင်အောက်ဆီ ဖြည်းဖြည်းချင်း ပြန်ဆင်းသွားခဲ့တယ်။ ဆွန်းဂျဲ ကတော့ ရှုပ်ထွေးနေတဲ့ စိတ်ခံစားမှုတွေနဲ့အတူ ထရပ်လိုက်တာပေါ့။ အဲဒီအချိန်မှာပဲ တကယ့်ကို အေးစိမ့်စိမ့်နိုင်လှတဲ့ စကားသံတစ်ခု သူ့ရဲ့ နားထဲကို ဝင်လာခဲ့ပြန်တယ်။
“ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ မင်း အစစ်အမှန် ရိုက်ကူးရေးကျရင် မင်းရဲ့ အရည်အချင်းကို သေချာ မပြသနိုင်ဘူးဆိုရင်တော့ ချက်ချင်းဆိုသလို မျက်နှာလွှဲခြင်း ခံရလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျေးဇူးပြုပြီး... ကောင်းကောင်း လုပ်ပေးပါဦး။ ဒီမှာရှိတဲ့ လူတွေက အတော်ဆုံးတွေထဲက အတော်ဆုံး လူတွေချည်းပဲ။ တကယ်လို့ မင်းရဲ့ စိတ်ဓာတ်က လူအချို့ရဲ့ အကြည့်လေးတွေကြောင့်တင် ယိမ်းထိုးသွားမယ်ဆိုရင်တော့ ဒီမှာ ရှေ့ဆက်ဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်။ မင်းထက် ငယ်တဲ့ကလေးတွေတောင် ဒီမှာ ဓားသွားတွေကို အစွမ်းကုန် သွေးနေကြတာလေ။ တကယ်လို့ အရည်အချင်း မရှိဘူးဆိုရင်တော့ မင်းရဲ့ ဇာတ်ကောင်နေရာကို ဆုံးရှုံးသွားလိမ့်မယ်။ မင်းနဲ့အတူတူ အလုပ်မလုပ်နိုင်ဘူးလို့ အရင်ဆုံး ပြောမယ့်လူက ငါကိုယ်တိုင် ဖြစ်လာလိမ့်မယ်နော်”
အခုထိတော့ တကယ့်ကို ကြင်နာတတ်တဲ့ လူကြီးတစ်ယောက်လို ရှိနေခဲ့တဲ့ မွန်ဂျောင် က အခုလိုမျိုး ထက်မြက်လှတဲ့ စကားလုံးတွေကို ပြောလိုက်တာ ဖြစ်ပါတယ်။ ဆွန်းဂျဲ က သူ့ရဲ့ ကျောထဲမှာ တုန်လှုပ်ခြောက်ခြားစရာ အအေးဓာတ်တစ်ခု ဖြတ်ပြေးသွားသလို ခံစားလိုက်ရတာပေါ့။
“ကလေးဆန်တဲ့ ညည်းတွားသံတွေကိုတော့ ပထမဆုံးနေ့မှာတင်ပဲ လက်ခံပေးမှာနော်။ ဘာပဲဖြစ်ဖြစ် ဒီနေရာက အပျော်တမ်းသမားတွေအတွက် နေရာမှ မဟုတ်တာ။ ငါတို့က ရလဒ်ကို ပြသဖို့အတွက် ဒီမှာ ရှိနေကြတာ”
ဆွန်းဂျဲ က တံတွေးကို မျိုချလိုက်မိတယ်။ သူ ဒီကို မလာခင်တုန်းက ဥက္ကဋ္ဌကြီး သူ့ကို ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားတာပေါ့။ ဒီတစ်ခေါက်တော့ အမှားအယွင်း မလုပ်မိစေနဲ့ဆိုတဲ့ စကားလေ။ သူမက အဲလို စကားမျိုးကို အမြဲတမ်း ပြောတတ်တာ ဖြစ်ပေမဲ့ ဒီတစ်ခေါက် သူမရဲ့ တည်ငြိမ်လှတဲ့ အသံကို ကြည့်ရတာ ဒီနေရာမှာတော့ သူမရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တင် အဆင်မပြေနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ တကယ်လို့ သူ ကောင်းကောင်း မလုပ်နိုင်ရင် ဇာတ်ကောင်နေရာကို ဆုံးရှုံးသွားရလိမ့်မယ်။ ဒါက သတိပေးချက် မဟုတ်ဘဲ အပြီးသတ် ကြေညာချက်တစ်ခုပဲလေ။
“တခြားလူတွေ ကိုယ့်ကို ဘယ်လိုကြည့်ကြလဲဆိုတာကို တွေးပြီး ကိုယ့်ရဲ့ အခြေအနေအတွက် စိုးရိမ်ပူပန်နေဖို့ အချိန်ပို ရှိနေသေးရင်တော့ သရုပ်ဆောင်ခြင်းရဲ့ အခြေခံ သဘောတရားတွေကို အစကနေ ပြန်ပြီး စဉ်းစားကြည့်တာက ပိုကောင်းလိမ့်မယ်။ ပထမဆုံးအနေနဲ့ မင်းမျက်နှာပေါ်က မျက်နှာဖုံးကို ပြန်ပြင်ပြီး မင်းရဲ့ စိတ်ခံစားမှုတွေအပေါ် ရိုးသားအောင် လုပ်ကြည့်ပါဦး။ တကယ်လို့ မင်းက သရုပ်ဆောင်အစစ်အမှန်ကြီး ဖြစ်တယ်ဆိုရင်တော့ ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြင်ဖို့ သိပ်ပြီး အချိန်အကြာကြီး လိုမှာမဟုတ်ပါဘူး။ အဲလိုမဟုတ်ရင်တော့ ဒီနေ့ ရိုက်ကူးရေးကွင်းမှာ မင်း ကြားရမယ့် တစ်ခုတည်းသော စကားက ‘နောက်တစ်ခေါက်’ ဒါမှမဟုတ် ‘သူ့ကို ထုတ်ပစ်လိုက်’ ဆိုတာပဲ ဖြစ်လိမ့်မယ်”
သူ့အရှေ့က လူက ကလေးတစ်ယောက်ရဲ့ အပူအပင်တွေကို နားထောင်ပေးမယ့် အဘိုးအိုတစ်ယောက် မဟုတ်ဘဲ သူ့အလုပ်အပေါ် အပြည့်အဝ တာဝန်ယူထားတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ ဆွန်းဂျဲ အနေနဲ့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေက ဘယ်လောက်တောင် သနားစရာကောင်းပြီး အဓိပ္ပာယ်မရှိလှလဲဆိုတာကို သဘောပေါက်သွားတော့တယ်။ ပြည်သူတွေ ဟုတ်လား။ နာမည်ကြီးတာ ဟုတ်လား။ အဲဒါတွေက ဒုတိယအချက်တွေ တင်ပဲလေ။ အခုအချိန်မှာတော့ သူ့ရဲ့ သရုပ်ဆောင်မှုအပေါ်မှာပဲ အရာအားလုံးကို ပုံအောထားရမှာ ဖြစ်တယ်။ ရိုက်ကူးရေးဆိုတာ တခြား ကိစ္စတွေကို တွေးနေလောက်အောင်အထိ ပေါ့ပျက်ပျက်နိုင်လွန်းတဲ့ နေရာမဟုတ်ဘူးဆိုတာကို မွန်ဂျောင် က သူ့ကို သင်ကြားပေးနေတာမျိုးပေါ့။
“ကျွန်တော် ဒီရုပ်ရှင်ကို မပျက်စီးစေချင်ပါဘူး ခင်ဗျာ” လို့ ဆွန်းဂျဲ က လေးနက်လှတဲ့ မျက်နှာပေးနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆိုလည်း အောက်ကို ပြန်ဆင်းကြစို့”
မွန်ဂျောင် က ကြင်နာတတ်တဲ့ လူကြီးတစ်ယောက်အဖြစ် ပြန်ပြောင်းသွားခဲ့ပြန်ပြီပေါ့။
* * * * * * * * *
“စီနီယာ... ဟိုကောင်လေးကို သွားပြီး ဆူလိုက်တာလား” လို့ ဂျုန်ဂွန်က အဝေးက ဆွန်းဂျဲ ဆီကို ညွှန်ပြရင်း လှမ်းမေးတယ်။
“ဘာဖြစ်လို့ အဲလို မေးရတာလဲဟင်”
“အာ... ခုနတုန်းက အဲဒီကလေးက မလိုလားအပ်တဲ့ အတွေးတွေနဲ့ ခေါင်းရှုပ်နေတဲ့ ပုံစံ ဖြစ်နေပေမဲ့ အခုတော့ သူ့ရဲ့ မျက်လုံးတွေက တကယ့်ကို ကြည်လင်တောက်ပနေလို့လေ”
ဂျုန်ဂွန်ရဲ့ စကားကို ကြားရတော့ မွန်ဂျောင် က တဟားဟားနဲ့ ရယ်မောလိုက်တာပေါ့
“သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ပြနိုင်အောင် စကားအနည်းငယ် ပြောပြလိုက်ရုံတင်ပါပဲကွာ”
“ကျွန်တော် ထင်သားပဲ။ ဆရာက ကျွန်တော် ဘာတွေးနေလဲဆိုတာကို ဘယ်လိုမျိုး အမြဲတမ်း သိနေပြီး ကျွန်တော် လုပ်ချင်တဲ့ ကိစ္စကို ကြိုပြီး လုပ်ပေးနိုင်ရတာလဲ။ ကျွန်တော် ဆရာ့ကို တကယ်ပဲ ချစ်ပြီး လေးစားပါတယ် စီနီယာ”
ဂျုန်ဂွန်က စကားပြောရင်း သူ့ဘေးနားဆီ အတင်း ကပ်လာတာပေါ့
“မင်း အသက်အရွယ်ကြီးနေပြီဖြစ်လို့ နည်းနည်းလောက် ရင့်ကျက်တည်ငြိမ်အောင် မနေဘူးလား။ ကလေးလည်း မဟုတ်ဘဲနဲ့”
“ပြန်ဖြစ်ပြန်ပြီဗျာ။ အာ... အဲဒါထက် အဲဒီကလေး... ဟို... မာရူး။ ဟန်မာရူး ဟုတ်တယ်။ သူ အိမ်ပြန်သွားပြီလား”
“ပြန်သွားပြီလေ”
“တကယ့်ကို မယဉ်ကျေးတဲ့ ကောင်လေးပဲ။ သူ ကောင်းကောင်း လုပ်နိုင်ခဲ့လို့ ငါက လာပြီး ချီးကျူးမလို့ စိတ်ကူးထားတာကို နှုတ်တောင်မဆက်ဘဲ ထွက်ပြေးသွားတာတဲ့လား”
“မူးပြီး အိပ်ပျော်နေတဲ့ လူကို သူက ဘယ်လိုနည်းနဲ့ လာ နှုတ်ဆက်ရမှာလဲ။ သူ မနက်ခင်းမှာ လာခဲ့သေးတယ်... ဒါပေမဲ့ ငါပဲ သူ့ကို ပြန်ခိုင်းလိုက်တာ”
“ဩော်... အဲလိုကိုး”
“ဒါနဲ့ နေပါဦး... မင်းက မာရူးကို ဘာကိစ္စ ရှိလို့လဲဟင်”
“အော်... ကင်မရာဒါရိုက်တာနဲ့ သိတဲ့ ထုတ်လုပ်သူတစ်ယောက်က ဇာတ်လမ်းတွဲ အသစ်တစ်ခု စတော့မလို့လေ။ အထက်တန်းကျောင်းသား အရွယ်တွေကို လိုက်ရှာနေကြတာမို့လို့ ကျွန်တော်က သူ့ကို လမ်းညွှန်ပေးမလို့ စိတ်ကူးထားတာ”
“မင်းကလား။ တစ်ယောက်ယောက်ကို လမ်းညွှန်ပေးတယ် ဟုတ်လား။ မင်း ဘာဖြစ်သွားတာလဲ။ ထုတ်လုပ်သူတွေက အဲဒီလို ကိစ္စမျိုးကို သဘောမကျကြလို့ မင်းက ဒါမျိုး လုပ်ရတာကို သိပ်မုန်းတာ မဟုတ်လား”
“အခွင့်အရေး ရှိတုန်းလေး သူ့ကို ကျွန်တော့်အပေါ် အကြွေးတင်အောင် လုပ်ထားရမှာပေါ့။ အဲဒီအခါကျမှ နောက်ပိုင်း ကျွန်တော်အသုံးချချင်တဲ့ အချိန်ကျရင် အဆင်ပြေမှာလေ။ မျှော်လင့်ချက်ရှိတဲ့ လူငယ်တစ်ယောက်အပေါ် ရင်းနှီးမြှုပ်နှံမှု လုပ်တယ်လို့ပဲ သတ်မှတ်လိုက်ပါ။ ပြီးတော့... အဲဒီလို ကောင်လေးမျိုးကို ဘယ်သူမှ မုန်းမှာ မဟုတ်ဘူးလို့လည်း ထင်လို့လေ”
“ဟင်း... ဖြစ်ရလေ”
“သူက အစ်ကိုကြီးဂျွန်မင်းရဲ့ ကုမ္ပဏီအောက်က မဟုတ်လားဟင်”
“အေး ဟုတ်တယ်”
“နောက်ပိုင်းကျရင် သူ့ဆီ ဖုန်းတစ်ခေါက်လောက် ဆက်ရဦးမယ်။ အဲဒါထက်... သူက ရုပ်ရှင်ရဲ့ ထုတ်လုပ်သူလို့ ပြောပေမဲ့ ကွင်းထဲမှာ တစ်ခါမှ မျက်နှာ လာမပြဘူးနော်။ ပုံမှန်ဆိုရင် ထုတ်လုပ်သူတစ်ယောက်က အခု ကျွန်တော် လုပ်နေတဲ့ ကိစ္စတွေကို လိုက်လုပ်ရမှာ မဟုတ်ဘူးလား”
“မင်း ငါ့ကို အဲလို လာပြောလည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ”
“ကျွန်တော်က ဆရာနဲ့ အတူတူ သူ့အကြောင်း မကောင်းပြောချင်လို့ပါဗျာ။ ဆရာလည်း ကျွန်တော် ဘာကို ဆိုလိုလဲဆိုတာ သိနေတာပဲကို”
မွန်ဂျောင် က တဟားဟားနဲ့ ရယ်မောနေတဲ့ ဂျုန်ဂွန် ဆီ မာရူးရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်တယ်။ အခုလို အခွင့်အရေးမျိုးက မာရူး အနေနဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့အတွက် ပိုပြီး လွယ်ကူစေလိမ့်မယ်လေ။
‘အတွေ့အကြုံတွေ အများကြီး ရှိလာတာကပဲ မင်းရဲ့ အမြင်အာရုံကို ပိုပြီး ကျယ်ပြန့်စေလိမ့်မယ်။’
မွန်ဂျောင် က မာရူးရဲ့ တည်ငြိမ်လှတဲ့ မျက်နှာပေးကို ပြန်တွေးမိရင်း ပျော်ရွှင်တဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပါတော့တယ်။
* * * * * * * * *