← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း(၂၉၀)

“နင်က ငါ့ဆီ ဖုန်းတစ်ခေါက်တောင် လှမ်းမဆက်ရလောက်အောင် ဖြစ်ရတာလဲဟင်”

“အခုပဲ ဆက်နေတယ်လေ။ ထမင်းကော စားပြီးပြီလား”

“နင်ကတော့ ဒါကိုပဲ အမြဲတမ်း စိတ်ဝင်စားနေတာပေါ့ ဟုတ်လား”

“အဲဒါက မင်း ကျန်းမာသန်စွမ်းနေတယ်ဆိုတဲ့ သဘောပဲလေ” လို့ မာရူးက ဘေးနားကနေ ဖြတ်ပြေးသွားတဲ့ လမ်းဘေးအကာအရံတွေကို ငေးကြည့်ရင်း ပြောလိုက်တယ်။

“အခုထိ ဇာတ်တိုက်လေ့ကျင့်နေတုန်းပဲလား”

“အေးပေါ့။ အခု ငါ့မှာ ဂျူနီယာတွေ ရှိနေပြီလေ။ ဒီနှစ်မှာလည်း အကောင်းစား ဆုကြီးကို ထပ်ပြီး သိမ်းပိုက်နိုင်အောင် ငါ့ရဲ့ ဂျူနီယာတွေကို သေသေချာချာ သင်ပေးရဦးမယ်။ ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင်ဆုကိုလည်း လိုချင်သေးတာ”

“မင်းကတော့ လောဘကြီးလိုက်တာ။ ဒီတစ်ခေါက်သာ မြောင်ဟွာ အထက်တန်းကျောင်းက နိုင်ရင် သုံးနှစ်ဆက်တိုက် ဖြစ်သွားမှာ မဟုတ်ဘူးလား”

“ဟင့်အင်း... လေးနှစ်ဆက်တိုက် ဖြစ်မှာ”

“ဒါဆိုရင်တော့ ကိုယ်တို့ဆီကို လွှဲပေးဖို့ အချိန်တန်ပြီနော်။ အပြန်အလှန် အကျိုးပြုတဲ့ ပတ်သက်မှုမျိုးလေး လုပ်ကြတာပေါ့”

“လုံးဝ မဖြစ်နိုင်တာ”

“ရက်စက်လိုက်တာဗျာ”

“အဲလောက်အထိ လိုချင်နေရင် ငါတို့ဆီကနေ အနိုင်ယူပြီး ယူသွားလေ”

ဖုန်းထဲကနေ တခစ်ခစ်နဲ့ ရယ်မောလိုက်တဲ့ အသံ ထွက်လာတယ်။ မာရူးက သူမရဲ့ မျက်နှာပေါ်မှာ အားရကျေနပ်တဲ့ ပြုံးဖြဲဖြဲ အမူအရာလေး ရှိနေလိမ့်မယ်လို့ စိတ်ကူးထဲမှာ ပုံဖော်မိရင်း ပြုံးလိုက်တာပေါ့။

“ဒါဆို မင်းက ကြားရက်တွေမှာ အချိန် လုံးဝ မရဘူးပေါ့ ဟုတ်လား”

“အင်း မရဘူး။ တောင်းပန်ပါတယ်နော်”

“တောင်းပန်နေစရာ မလိုပါဘူးကွာ။ ပိတ်ရက်ကော ဘယ်လိုလဲဟင်”

“စနေနေ့ဆိုရင်တော့ ရနိုင်ပါတယ်”

“ဒါဆို အဲဒီနေ့ကျမှ တွေ့ကြတာပေါ့။ ကိုယ်တို့က ကျောင်းသားတွေ ဖြစ်ကြတာတောင် တစ်ယောက်နဲ့တစ်ယောက် ဆုံရတာ သိပ်နည်းလွန်းတယ်လို့ မထင်ဘူးလား”

“အင်းလေ... မနေ့တုန်းကဆိုရင် ဆုံနိုင်မှာ ဖြစ်ပေမဲ့ တစ်ယောက်ယောက်က ရုပ်ရှင်ရိုက်ဖို့ ဆိုပြီး တခြားနေရာတစ်ခုဆီ ဇွတ်အတင်း သွားခဲ့လို့လေ”

“...အေးပါ... ကိုယ့်အပြစ်ပါဗျာ”

“ဒါနဲ့ ဘယ်လိုလဲဟင်။ ကောင်းကောင်းမွန်မွန် ရိုက်နိုင်ခဲ့ရဲ့လား”

“ကိုယ် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်တာပဲ”

“နင့်အသံက ယုံကြည်မှု သိပ်မရှိသလိုပဲနော်။ နင့်ရဲ့ ဇာတ်ကွက်တွေအကုန် ဖျက်ပစ် မခံရတာတော့ သေချာရဲ့လား”

“အဲလိုမျိုး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရမှာပေါ့”

အဝေးပြေး ဘတ်စ်ကားက အရှိန်လျော့သွားပြီး လမ်းဘေးနားနေစခန်းတစ်ခုဆီ ချိုးကွေ့ဝင်လိုက်တယ်။ ကားဒရိုင်ဘာက လူတွေကို သန့်စင်ခန်း သွားနိုင်ပါတယ်လို့ လှမ်းပြောရင်း ကားပေါ်က ဆင်းသွားတာပေါ့။

“နင် အခု ဘတ်စ်ကားပေါ်မှာလား”

“အင်း ဟုတ်တယ်။ အခု ဆူဝမ် ကို ပြန်တက်လာတာလေ”

“ဘယ်အချိန်လောက် ရောက်မလဲ”

“ရောက်ဖို့က နောက်ထပ် သုံးနာရီလောက် လိုသေးတယ် ထင်တယ်။ ညနေ ၆ နာရီမတိုင်ခင်တော့ အိမ်ပြန်ရောက်မှာပါ”

“ပင်ပန်းနေပြီ မဟုတ်လား”

“ငြိမ်ငြိမ်လေး ထိုင်နေရုံတင်ပဲဥစ္စာ။ အဲဒါထက်... မင်းသွားရတော့မယ် မဟုတ်လားဟင်။ စကားသံအချို့ ကြားနေရသလိုပဲ”

“အေး ဟုတ်တယ်။ ငါတို့ လေ့ကျင့်တာ ပြန်စတော့မှာမို့လို့ သွားရတော့မယ်”

“သတိထားဦးနော်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး။ ရေများများသောက်ဖို့လည်း မမေ့နဲ့ဦးနော်”

“အေးပါ အေးပါ... သိပါတယ်။ ငါ့အတွက် စိတ်မပူဘဲ နင့်ကိုယ်နင်ပဲ စိုးရိမ်ပူပန်ပေးပါဦး။ ပြီးတော့... ပထမဆုံးအကြိမ် အနုပညာလောကထဲ ရောက်သွားတာကိုလည်း ဂုဏ်ယူပါတယ်နော်။ ရုပ်ရှင်ထွက်လာတဲ့ အခါကျရင် အတူတူ သွားကြည့်ကြတာပေါ့”

“ကောင်းပါပြီ”

“ဒါဆို ဖုန်းချလိုက်တော့မယ်နော်”

“မင်း အရင်ချလေ”

ခဏလောက် တိတ်ဆိတ်သွားပြီးတဲ့နောက် ဖုန်းက ချက်ချင်းဆိုသလို ပြတ်တောက်သွားခဲ့တယ်။ မာရူးက ထရပ်ရင်း လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တာပေါ့။ သူ ဘတ်စ်ကားပေါ်က ဆင်းပြီး နားနေစခန်းထဲက စတိုးဆိုင်ထဲ ဝင်လာခဲ့တယ်။ နေ့လယ်စာအဖြစ် မုန့်နဲ့ နို့တစ်ဗူး ဝယ်ပြီး ကားပေါ် ပြန်တက်လာခဲ့တာပေါ့

“ထွက်ပါတော့မယ်။ အတူပါလာတဲ့ လူတွေ ရှိမရှိ သေသေချာချာ စစ်ဆေးပေးကြပါဦး”

ဘတ်စ်ကားက နားနေစခန်းကနေ ထွက်ခွာပြီး အဝေးပြေးလမ်းမကြီးပေါ် ပြန်ဝင်လာခဲ့တယ်။ မြင်ကွင်းတွေက ခါတိုင်းလိုပဲ တသမတ်တည်းမို့လို့ တကယ့်ကို ပျင်းစရာကောင်းတဲ့ ကားစီးခြင်းပါပဲလား။ သူက မုန့်ခွံကို ခေါက်ရင်း ပြတင်းပေါက်အပြင်ဘက်က ဖြတ်ပြေးသွားတဲ့ ကားတွေကို ငေးကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဖုန်းက မြည်လာတာပေါ့။ သူ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး နာမည်ကို စစ်ဆေးလိုက်တယ်။ နာမည်က ကင်ဒေါင်ဝုခ် လို့ ပေါ်နေတာလေ။ တကယ့်ကို စိမ်းသက်နေတဲ့ နာမည်တစ်ခုမို့လို့ သူ့ခေါင်းထဲ ချက်ချင်း မပေါ်လာပါဘူး။ သူ ဖုန်းခေါ်ဆိုမှုကို လက်ခံဖို့အတွက် လက်မနဲ့ ဖုန်းခလုတ်ကို ဖိနှိပ်ခါနီးကျမှပဲ ဇာတ်ညွှန်းဖတ်ပွဲတုန်းက တွေ့ခဲ့ရတဲ့ အနုပညာသတင်းထောက် ဖြစ်မှန်း သတိရသွားတော့တယ်။

“မင်္ဂလာပါ ခင်ဗျာ”

“ဟုတ်ကဲ့... မစ္စတာဟန်မာရူးရဲ့ ဖုန်း ဟုတ်ပါသလား”

“ဟုတ်ပါတယ် သတင်းထောက်ကြီး”

“အာ... အေး ဟုတ်တယ်။ ခင်ဗျားရဲ့ အသံက တော်တော်လေး ရင့်ကျက်တည်ငြိမ်နေတာမို့လို့ ဖုန်းနံပါတ် မှားသွားပြီလားလို့တောင် တွေးမိသွားတာ။ အခု ဘယ်နားမှာလဲ”

“ဆူဝမ် ကို ပြန်မယ့် ဘတ်စ်ကားပေါ်မှာပါ”

“တောက်... ကျွန်တော်တို့ လွဲသွားကြတာပဲ”

“လွဲသွားကြတယ် ဟုတ်လား”

“ကျွန်တော်က အခု အလုပ်ကိစ္စ ရှိလို့ ယောင်းဒေါ့ ဘက်ကို ကားမောင်းပြီး သွားနေတာလေ”

“အော်... အလုပ်ကိစ္စ ဟုတ်လား။ ဒါဆို ရုပ်ရှင်နဲ့ ပတ်သက်လို့လား”

“အေး ဟုတ်တယ်။ အော်... ပြီးတော့ ခင်ဗျားက လွန်ခဲ့တဲ့ အချိန်တုန်းက ဘာဖြစ်လို့ ကျွန်တော့်ကို ထုတ်မပြောခဲ့တာလဲ”

“အဲဒီတုန်းက…. ဘာကို ပြောတာလဲ”

“မသိချင်ယောင်ဆောင်မနေပါနဲ့ဗျာ။ ကျွန်တော်က သတင်းတွေ လိုက်စုဖို့အတွက် ယောင်းဒေါ့ ကို သွားနေတာလေ။ ခင်ဗျားတို့ ဥက္ကဋ္ဌကြီးနဲ့လည်း စကားပြောပြီးသွားပြီ”

“ဩော်... အဲလိုကိုး”

“အဲလိုကိုး ဟုတ်လား။ အဲဒီတုန်းကလည်း ကျွန်တော် ဒါကို ခံစားခဲ့ရတာ ဖြစ်ပေမဲ့ ခင်ဗျားက တကယ်ကို မလွယ်တဲ့ ကောင်လေးပဲ။ ခင်ဗျားက JA အောက်က ဖြစ်နေတာကို ကျွန်တော့်ကို တစ်ချက်ကလေးတောင် ထုတ်မပြောခဲ့ဘူးနော်။ နည်းနည်းတော့ စိတ်မကောင်းဖြစ်ရတယ် သိလား”

“အာ... အဲဒါကတော့ ကျွန်တော် ပြောဖို့ မလိုအပ်ဘူးလို့ ထင်လို့ပါ။ ဒါနဲ့ ဥက္ကဋ္ဌကြီးနဲ့ စကားပြောပြီးပြီဆိုတာက ဘာကို ဆိုလိုတာလဲ”

“ကျွန်တော်တို့ အချင်းချင်း အပြန်အလှန် ကူညီပေးကြဖို့ ပြောတာလေ။ ဒါပေမဲ့ ခင်ဗျားတို့ ဥက္ကဋ္ဌကြီးကတော့ တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ လူပဲဗျာ။ သူက အရင်ဆုံး ကျွန်တော်ရဲ့ အရည်အချင်းတွေကို တိတ်တိတ်ကလေး လိုက်စုံစမ်းပြီးတော့မှ ကျွန်တော့်ကို တိတ်တိတ်ကလေး စမ်းသပ်ခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ့ကို သဘောကျပါတယ်”

ဒေါင်ဝုခ် က အဲဒီဖြစ်ရပ်အကြောင်း ပြောရင်း ရယ်မောလိုက်တယ်။

* * * * * * * * *

“ဟင်း... ဒီတစ်ခေါက်တော့ ကျွန်တော် အကြီးအကျယ် အရှုံးပေးလိုက်ရတဲ့ ပုံပဲ။ ကျွန်တော်ကတော့ အကောင်းစား ငါးကြီးတစ်ကောင်ကို မိပြီလို့ ထင်ထားခဲ့တာဖြစ်ပေမဲ့ တကယ်တော့ လူကို ဖမ်းဖို့အတွက် ချထားတဲ့ ငါးစာ ဖြစ်နေတာကိုး” လို့ ဒေါင်ဝုခ် က သူ့အရှေ့မှာ ရှိနေတဲ့ လီဂျွန်မင်း ကို ကြည့်ရင်း စကားဆိုလိုက်တယ်။

“အလုပ်ရှင်တစ်ယောက်အနေနဲ့ အလုပ်အတူတူလုပ်မယ့် လူတစ်ယောက်ရဲ့ အရည်အချင်းကို လိုက်ပြီး စုံစမ်းစစ်ဆေးတာက သဘာဝကျပါတယ် မဟုတ်လား” လို့ ဂျွန်မင်း က ဒါက သဘာဝကျပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ဖြေလိုက်တာပေါ့။

ဒေါင်ဝုခ် က လွန်ခဲ့တဲ့ အချိန်တုန်းက ယူဆူအီ လို့ ခေါ်တဲ့ လူငယ်လေးအကြောင်း ပြန်တွေးမိရင်း ခါးသီးတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်မိတယ်။

အဲဒီလူငယ်လေးက သူ့ကို သွယ်ဝိုက်ပြီး ပြောပြခဲ့တဲ့ အချက်အလက်တွေက တကယ်တော့ ငါးစာသက်သက်ပဲလေ။ JA Productions က အကြီးအကျယ် လှုပ်ရှားဖို့ ပြင်ဆင်နေပါတယ်ဆိုတဲ့ သက်သေအထောက်အထားက အနုပညာနယ်ပယ်ထဲမှာတော့ တကယ့်ကို ကြီးမားတဲ့ သတင်းခေါင်းစဉ်တစ်ခု ဖြစ်တာမို့ သတင်းဌာနတွေမှာ အလုပ်လုပ်နေတဲ့ လူတွေအတွက်တော့ တကယ့်ကို တန်ဖိုးရှိလှပါတယ်။

ဒေါင်ဝုခ် က အဲဒီအချက်အလက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ စဉ်းစားခန်း ဝင်ခဲ့တာပေါ့။ တကယ်လို့ JA က ရှယ်ယာတွေကို စာရင်းသွင်းဖို့ ပြင်ဆင်နေတာဆိုရင်တော့ ဝယ်ယူမယ့်လူတွေကို စုစည်းဖို့အတွက် ကြိုတင်ကြေညာချက် ထွက်လာမှာ ဖြစ်တာမို့လို့ ဒါက သိပ်ပြီး ထူးခြားတဲ့ သတင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါင်ဝုခ် ကတော့ JA အနေနဲ့ အဲလောက်ကြီး အလောတကြီး လုပ်မှာမဟုတ်ဘူးလို့ ယူဆထားတယ်။ မဟုတ်သေးပါဘူး... အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ JA က ရှယ်ယာစာရင်းသွင်းဖို့ သတ်မှတ်ချက်တွေကို မပြည့်မီသေးတာ ဖြစ်လို့ သူတို့က ရှယ်ယာစာရင်းမသွင်းဘဲ ဆက်ရှိနေဦးမယ်လို့ သူ ယုံကြည်ထားတာပေါ့။ အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ဒီသတင်းအချက်အလက်တွေက စာရင်းမသွင်းရသေးတဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတဲ့ လူတွေအတွက်ပဲ တန်ဖိုးရှိလိမ့်မယ်ဆိုတာပဲလေ။ စာရင်းမသွင်းရသေးဘူး ဆိုပေမဲ့လည်း စျေးကွက်ရဲ့ သဘောတရားအတိုင်း ဖြစ်ပေါ်နေတာမို့လို့ တကယ်လို့ JA ကသာ ကုမ္ပဏီရဲ့ အရွယ်အစားကို ပိုပြီး ကြီးမားအောင် လုပ်ချင်တယ်လို့ ဆုံးဖြတ်ရင် JA ရဲ့ ရှယ်ယာစျေးနှုန်းတွေက မြင့်တက်လာတော့မှာ မဟုတ်လား။

လောလောဆယ်တော့ JA ရဲ့ ရှယ်ယာစျေးနှုန်းတွေက နေရာအလိုက် ကွဲပြားပေမဲ့ ပုံမှန်အားဖြင့် ဝမ် ၂၀၀၀ ဝန်းကျင်လောက်မှာ အရောင်းအဝယ် ဖြစ်နေတာပေါ့။ ရုပ်ရှင်ထုတ်လုပ်မယ့် သတင်းတွေ အင်တာနက်ပေါ် မပြန့်ခင်တုန်းကတော့ ဝမ် ၁၈၀၀ ဝန်းကျင်လောက်ပဲ ရှိခဲ့တာလေ။ အဲဒီလို အခြေအနေမျိုးမှာမှ တကယ်လို့ သူတို့က မျှော်လင့်ချက်ရှိတဲ့ သရုပ်ဆောင်အချို့ကို ခေါ်ယူလိုက်ပြီဆိုတဲ့ သတင်းသာ ပျံ့နှံ့သွားရင် ဘာဖြစ်သွားမလဲ။ အနုပညာလောကထဲမှာ ‘လီဂျွန်မင်း’ ဆိုတဲ့ နာမည်ရဲ့ အရှိန်အဝါက မသေးလှတာမို့ ရှယ်ယာစျေးနှုန်းတွေက သေချာပေါက် မြင့်တက်လာမှာပဲလေ။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်ကတော့ အဲဒီသတင်းအချက်အလက်တွေကို ဘယ်အချိန်ကျမှ ထုတ်ပြန်ရမလဲဆိုတာပဲပေါ့။ ဒေါင်ဝုခ် က သေသေချာချာ စဉ်းစားခန်း ဝင်ခဲ့တယ်။ ဒါက သူ့ရဲ့ ဟာလာဟင်းလင်း ဖြစ်နေတဲ့ အိတ်ကပ်ကို ပြန်ပြီး ဖြည့်တင်းပေးနိုင်မယ့် တန်ဖိုးရှိလှတဲ့ အချက်အလက် ဖြစ်တာမို့လို့ အလောတကြီး ထုတ်ပြန်ဖို့ စိတ်ကူးမရှိပါဘူး။ သူ ဘာလုပ်ရမလဲဆိုတာ တွေးနေတုန်းမှာပဲ ဖုန်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

တခြားလူလည်း မဟုတ်ပါဘူး... ဂျွန်မင်း ဆီကနေ လာတာ။

ဒါက တကယ့်ကို ထူးဆန်းလှသလို တစ်ချိန်တည်းမှာပဲ အချိန်ကိုက် ဖြစ်နေတာကြောင့် ဒေါင်ဝုခ် လည်း သူ့ကို သွားတွေ့ဖို့ အဆင်သင့် ပြင်ဆင်ထားလိုက်ရတယ်။ နှုတ်ဆက်စကားတွေ ပြောပြီးတဲ့နောက် ဂျွန်မင်း က တခြား ဟိတ်ဟန်တွေ မလုပ်ဘဲ ဘာဖြစ်လို့ အခုထိ တိတ်ဆိတ်နေရတာလဲလို့ တိုက်ရိုက်ပဲ လှမ်းမေးပါတော့တယ်။ သူက မသိချင်ယောင်ဆောင်ဖို့ ကြိုးစားခဲ့သေးပေမဲ့ ဂျွန်မင်း က အရာရာကို သိနေတဲ့ ပုံစံမျိုးနဲ့ ယူဆူအီ ရဲ့ အကြောင်းကိုပါ ထည့်ပြောလိုက်တဲ့ အခါကျမှပဲ သူ့ရဲ့ စိတ်ကူးတွေကို အကုန် ဖွင့်ပြောလိုက်ရတော့တာပေါ့။ အဲဒီအချိန်ကျမှပဲ သူ အဲဒီကလေးနဲ့ ဆုံခဲ့ရတာက အစကတည်းက ကြိုတင်စီစဉ်ထားတဲ့ ကိစ္စဖြစ်ပြီး သူ့အရှေ့မှာ ရှိနေတဲ့ အမျိုးသားက ဖန်တီးခဲ့တာ ဖြစ်မှန်း သူ သိလိုက်ရတော့တယ်

“တကယ်လို့ မင်းသာ ချက်ချင်းရမယ့် အကျိုးအမြတ်တွေအတွက် ဆိုပြီး မင်း စုံစမ်းထားတဲ့ အချက်အလက်တွေကို တခြားလူတွေဆီ သွားရောင်းဖို့ ဆုံးဖြတ်ခဲ့ရင်တော့ ငါ မင်းကို လုံးဝ ဥဿုံ လျစ်လျူရှုထားလိုက်မှာ။ ငါတို့က ရှယ်ယာစာရင်းသွင်းတာကို နောက်မှ လုပ်လို့ရတာလေ ရှယ်ယာစျေးနှုန်းတွေကလည်း မကြာခင်မှာပဲ ပြန်ပြီး ကျဆင်းသွားမှာ ဖြစ်လို့ပဲ”

“ကျွန်တော့်ရဲ့ အိတ်ကပ် အခြေအနေက အခုလောလောဆယ် သိပ်မကောင်းလှတာမို့လို့ ဒါကို စျေးကြီးကြီးနဲ့ ဘယ်လိုရောင်းရမလဲဆိုတာပဲ တွေးနေမိတာပါ”

“ဒါကြောင့်မို့လို့ပဲ ငါ မင်းကို သဘောကျတာပေါ့။ သတင်းထောက်တစ်ယောက်အနေနဲ့ အမှန်တရားကို ရှာဖွေဖို့က အရေးကြီးတယ် ဆိုပေမဲ့ သတင်းကို ဘယ်အချိန်မှာ ထုတ်ပြန်ရမလဲဆိုတာ သိဖို့ကလည်း တူတူပဲ အရေးကြီးတာ မဟုတ်လား”

ဂျွန်မင်း က လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်ရင်း စကားဆိုတယ်။ ဒေါင်ဝုခ် လည်း ကော်ဖီကို သောက်လိုက်တယ်။ သူက အခြေအနေ အားလုံးကို ရိပ်မိသွားပြီ ဆိုပေမဲ့ ဂျွန်မင်း ပြောနေတဲ့ စကားတွေကိုတော့ အပြည့်အဝ နားမလည်သေးပါဘူး။ သူ ကော်ဖီခွက်ကို ချလိုက်ပြီးမှ ပြောလိုက်တယ်၊

“ဒါပေမဲ့ ခုနက မင်း ပြောသွားတဲ့ စကားထဲမှာ ထူးဆန်းတာတစ်ခု ပါနေတယ်နော်”

“ဘာကို ပြောတာလဲ”

“အလုပ်အတူတူလုပ်မယ့် စီးပွားရေးမိတ်ဖက်တစ်ယောက်ရဲ့ အရည်အချင်းကို စုံစမ်းတာလို့ ပြောတယ်လေ။ အဲဒါက ဘာကို ဆိုလိုတာလဲ”

“ပြောတဲ့အတိုင်းပဲလေ။ မင်း အပြင်းအထန် ကြိုးစားပြီး စုံစမ်းထားတဲ့ အချက်အလက်တွေအတိုင်းပဲ ငါ့ကုမ္ပဏီက အခုဆိုရင် အပြင်ဘက် လှုပ်ရှားမှုတွေကို စတင်တော့မှာ။ အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ငါတို့အကြောင်း သတင်းတွေ ရေးပေးမယ့်လူနဲ့ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ပေးမယ့် လူတွေကို လိုက်ရှာရတော့မယ်ဆိုတဲ့ သဘောပဲလေ”

“မင်း ပြောချင်တာက...”

“မင်း အခု လုပ်နေတဲ့ ကုမ္ပဏီက Mint News မဟုတ်လား။ အဲဒီမှာ လစာ ဘယ်လောက်ရလဲဟင်”

ဒေါင်ဝုခ် က ဂျွန်မင်း က သူ့ရဲ့ လစာပမာဏကို လှမ်းမေးတဲ့အခါကျတော့ ဒေါသထွက်မယ့်အစား အံ့ဩမှင်တက်မိသွားရတယ်။ ဒါက စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတစ်ခုလိုမျိုးပဲလေ။

“မင်း ဘယ်လို ထင်လို့လဲ”

“မင်း အရင်တုန်းက အများပြည်သူဆိုင်ရာ မီဒီယာတစ်ခုမှာ လုပ်ခဲ့တုန်းက ရခဲ့တဲ့ လစာထက်တော့ နည်းမှာ သေချာပါတယ်။ မင်း အခု နေတဲ့နေရာက တစ်လကို ဝမ် သုံးသိန်း ပေးရပြီး စပေါ်ငွေက ဝမ် ဆယ်သန်း ရှိတယ်ဆိုတဲ့ အချက်အလက်အပေါ် အခြေခံပြီး ပြောတာလေ။ လူတစ်ယောက်တည်း နေဖို့အတွက်ဆိုရင်တော့ လုံလောက်ပါတယ် ဆိုပေမဲ့ နေ့တိုင်း အလုပ်ဆင်းရတာ မပင်ပန်းဘူးလားဟင်။ မြေအောက်ဘူတာရုံနဲ့လည်း နည်းနည်း ဝေးလွန်းတယ်လေ”

“ဟင်း... မင်းက အဲဒါတွေကို ဘယ်အချိန်ကတည်းက စုံစမ်းထားတာလဲ”

“မင်းက ငါတို့အကြောင်း စုံစမ်းနေတာဆိုတော့ ငါတို့လည်း ငြိမ်ငြိမ်လေး ထိုင်နေလို့ မရဘူးလေ”

ဒေါင်ဝုခ် က ခါးသီးတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်မိတာပေါ့။

“နှစ်ဆ ဆိုရင်ကော ဘယ်လိုလဲ”

“ဗျာ...”

“အလုပ်ရဲ့ ပုံစံကတော့ မင်း အခု လုပ်နေတဲ့ အလုပ်နဲ့ သိပ်ပြီး ကွဲပြားမှာ မဟုတ်ပါဘူး။ မင်းက ငါ့ကုမ္ပဏီအောက်က သရုပ်ဆောင်တွေရဲ့ အင်တာဗျူးတွေကိုပဲ သီးသန့် လုပ်ဆောင်ပေးရုံတင်ပဲ။ အဲဒါက ငါတို့ သတင်းတွေအတွက် လုပ်ဆောင်မယ့် နည်းလမ်းပဲလေ။ တကယ်လို့ JA နဲ့ ပတ်သက်တဲ့ သတင်းတွေကို လိုချင်ရင် ကင်ဒေါင်ဝုခ် ဆီကိုပဲ သွားပါ... ဆိုတဲ့ ပုံစံမျိုးပေါ့ကွာ”

“အဲဒါတင်ပဲလား... ပြီးတော့ ကျွန်တော့်ရဲ့ လောလောဆယ် နှစ်ချုပ်လစာထက် နှစ်ဆ ရမယ် ဟုတ်လားဟင်”

“အေး ဟုတ်တယ်။ အော်... ပြီးတော့ ကုမ္ပဏီနဲ့ နီးတဲ့ နေရာမှာ နေစရာ နေရာတစ်ခုလည်း စီစဉ်ပေးမှာ ဖြစ်သလို အလုပ်အတွက် ကားတစ်စီးလည်း ပေးမှာပါ။ ဆီဖိုးကိုလည်း ကုမ္ပဏီက တာဝန်ယူပေးမှာ ဖြစ်ပြီး နေ့စဉ် သုံးနပ်လုံးကိုလည်း ကုမ္ပဏီမှာပဲ စားလို့ရတယ်လေ။ ဒီက အစားအသောက်တွေက တော်တော်လေး ကောင်းတာမို့လို့ မင်း စိတ်ပျက်ရမှာ မဟုတ်ပါဘူး”

ဂျွန်မင်း က အိတ်ထဲကနေ စာချုပ်စာတမ်းတစ်ခု ထုတ်လိုက်တယ်။ ဒေါင်ဝုခ် ကတော့ အံ့ဩမှင်တက်ရင်းနဲ့ပဲ သူ့ရဲ့ လုပ်ဆောင်မှုတွေကို စိုက်ကြည့်နေမိတာပေါ့။

“ငါက အကောင်းဆုံး အဆင့်အတန်းတစ်ခု ဖြစ်အောင် လုပ်နိုင်မယ့် လူတွေနဲ့ပဲ အလုပ်တွဲလုပ်တာလေ။ မင်းကတော့ သတင်းထောက် ကင်... မင်းရဲ့ အရည်အချင်းကို အသေအချာ သက်သေပြခဲ့ပြီးသားပဲ မဟုတ်လား။ အော်... ငါက မကြာခင်က ဖြစ်ရပ်ကို ပြောတာ မဟုတ်ဘူးနော်။ မင်း အရင်တုန်းက ပြည်သူ့ရုပ်သံလိုင်းမှာ လုပ်ခဲ့တုန်းက အတွေ့အကြုံတွေကို ပြောတာ။ တကယ်လို့ မင်းရဲ့ အာရုံခံစားမှုတွေသာ တုံးအသွားပြီဆိုရင်တော့ တခြားလူတွေကို လိုက်ရှာဖို့ စိတ်ကူးထားတာ ဖြစ်ပေမဲ့ မင်းကတော့ တစ်ချက်ကလေးမှ တုံးမသွားခဲ့ပါဘူး”

ဂျွန်မင်း က ဒေါင်ဝုခ် ဖတ်နိုင်အောင် စာချုပ်စာတမ်းကို စားပွဲပေါ်မှာ ၁၈၀ ဒီဂရီ လှည့်ပေးလိုက်တယ်။ သူ့ရဲ့ သပ်ရပ်လှပတဲ့ လှုပ်ရှားမှုတွေကို ကြည့်ရုံတင်ပဲ ဒါမျိုးကို တစ်ခါနှစ်ခါ လုပ်ဖူးတာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

“မင်းရဲ့ အလုပ်အတွက် ထိုက်တန်တဲ့ ဆက်ဆံမှုကို ရယူဖို့ အချိန်တန်ပြီနော်။ မင်းကော အဲလို မထင်ဘူးလား သတင်းထောက် ကင်”

“ထိုက်တန်တဲ့ ဆက်ဆံမှု ဟုတ်လား။ အဲဒီစကားကို မကြားရတာ တော်တော်လေး ကြာခဲ့ပြီပဲ”

ခပ်ဖျော့ဖျော့လေး ပြုံးနေတဲ့ ဂျွန်မင်း ကို ကြည့်ရင်း ဒေါင်ဝုခ် က ခေါင်းကို ခါယမ်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဖုန်းကို ထုတ်လိုက်တာပေါ့။ သူက အခြား သတင်းဌာနတွေက သတင်းတွေကိုပဲ အမြဲ ကော်ပီကူးခိုင်းတတ်တဲ့ သူ့ရဲ့ ကုမ္ပဏီဟောင်းက ဥက္ကဋ္ဌကြီးဆီ ဖုန်းခေါ်လိုက်တယ်။

“ဥက္ကဋ္ဌကြီး... မဟုတ်သေးပါဘူး... အစ်ကိုကြီးဒေါ့ဘဲ။ ကျွန်တော့်ရဲ့ စားပွဲခုံ ပထမဆုံး အံဆွဲထဲမှာ နှုတ်ထွက်စာ ရှိတယ်နော်။ ဟင့်အင်း... စိတ်မဆိုးဘဲ ကျွန်တော့်စကားကို အရင် နားထောင်ပါဦး။ အစ်ကိုကြီးက ကျွန်တော့်ကို ပိုက်ဆံ မဆိုစလောက်လေးပဲ ပေးခဲ့တာဆိုတော့ ဒီလောက်တော့ လုပ်လို့ရတယ် မဟုတ်လားဟင်။ ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးပါဦးနော်။ အလုပ်ကနေ ထွက်တဲ့ ပိုက်ဆံတွေကိုလည်း ကျွန်တော့် အကောင့်ထဲ ထည့်ပေးလိုက်ပါ။ အလုပ်လွှဲပြောင်းပေးဖို့ ကိစ္စကတော့ ကျွန်တော့်ဘေးမှာ ထိုင်တဲ့ ကလေးကိုပဲ ခိုင်းလိုက်ပါတော့။ နောက်ဆို အစ်ကိုကြီးနဲ့ လုံးဝ မဆုံရပါစေနဲ့တော့”

သူ ဖုန်းချလိုက်ပြီးတဲ့နောက် အရှေ့က ဖောင်တိန်ကို ကိုင်ပြီး စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်ပါတော့တယ်။

* * * * * * * * *

“သဘောပေါက်လား။ ကျွန်တော်တို့ အခုဆိုရင် အိုးတူအိမ်တူ စားသောက်ကြမယ့် မိသားစုတွေ ဖြစ်သွားကြပြီလေ”

“ဟင်း... ဒါဆိုရင်တော့ ဥက္ကဋ္ဌကြီးက အစွမ်းကုန် လုပ်ဆောင်ခဲ့တာပေါ့”

“ကျွန်တော်လည်း အဲအတိုင်းပဲ ပြောတာလေ”

“ဘာပဲဖြစ်ဖြစ် ဂုဏ်ယူပါတယ်။ ခင်ဗျားရဲ့ လစာက ရုတ်တရက်ကြီး နှစ်ဆ မြင့်တက်သွားတာဆိုတော့လေ”

“ကျွန်တော် တကယ်ကို ပျော်နေတာဗျာ။ ခင်ဗျားနဲ့ ဆုံပြီးတဲ့နောက်ပိုင်း အရာရာက အဆင်ပြေနေသလို ခံစားရလို့ အစားအသောက် ဝယ်ကျွေးမလို့ စိတ်ကူးထားတာ ဖြစ်ပေမဲ့ ခင်ဗျားက အခုအချိန်မှ အိမ်ပြန်နေရတယ်လို့”

“ဆိုးလ် ရောက်တဲ့ အခါကျမှပဲ တစ်ခေါက် ဝယ်ကျွေးပါတော့”

“အေးပါ အေးပါ... ဟုတ်ပြီလား”

“ဒါဆို နောက်ပိုင်းကျရင် ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းတွေအကုန်လုံးက အစ်ကို့ဆီကနေပဲ ဖြတ်သန်းသွားတော့မှာပေါ့နော်”

“အေး ဟုတ်တယ်။ ပြီးတော့ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးတယ်။ ကျွန်တော်တို့ရဲ့ အချစ်တော် ဥက္ကဋ္ဌ လီ က အရာရရာကို ပြင်ဆင်နေတာလေ။ သူက မဂ္ဂဇင်းတစ်ခု ထုတ်ဖို့ ပြင်နေတယ်လို့ ပြောတယ်”

“မဂ္ဂဇင်း”

“အနုပညာလောကရဲ့ သတင်းတွေကို ဖော်ပြမယ့် မဂ္ဂဇင်းလေ။ အခြေခံကတော့ အမျိုးသမီး မဂ္ဂဇင်း ပုံစံမျိုး ဖြစ်ပြီး အပေါ်ဘက်မှာတော့ ဖက်ရှင်ပိုင်းကို ထည့်သွင်းမှာပေါ့။ အဲဒီမှာလည်း ကျွန်တော်ကပဲ အယ်ဒီတာချုပ် အဖြစ် တာဝန်ယူရမှာလေ”

“ဒါဆို အစ်ကို့အတွက် လုပ်စရာ အလုပ်တွေ ပိုများလာတာပေါ့”

“အခုမှ အစောပိုင်း အဆင့်ပဲ ရှိသေးတာမို့လို့ လိုက်ပြီး စုံစမ်းရမယ့် ကိစ္စတွေ အများကြီးပဲလေ။ ဒါနဲ့ စကားမစပ်... ခင်ဗျားက စာရေးဆရာ ဂွတ်ဂျွန် နဲ့ ရင်းနှီးတယ်လို့ ကြားထားလို့ပါ”

“အဲဒါကို ဘယ်လိုမျိုး သိသွားတာလဲ”

“ဥက္ကဋ္ဌကြီးဆီကနေ သိတာလေ”

“ဟင်း... ဖြစ်ရလေ”

“ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော်နဲ့ သူ့ကြားထဲမှာ လမ်းညွှန်ပေးမယ့် လူတစ်ယောက်အဖြစ် လုပ်ပေးစေချင်လို့ပါ။ မဂ္ဂဇင်းဆိုတာ ကဏ္ဍစုံ ပါရမှာ မဟုတ်လား။ ပြီးတော့ ဂွတ်ဂျွန် ကလည်း ဒီရက်ပိုင်း တော်တော်လေး လူကြိုက်များပြီး ရေပန်းစားနေတာမို့လို့လေ”

“အာ... အဲဒီအစ်ကိုကြီးက ဒီလို ကိစ္စတွေကို စိတ်ဝင်စားမလားတော့ ကျွန်တော် သေချာ မသိဘူးနော်”

“ဘယ်သူသိမှာလဲ။ သူက စိတ်ကူးမယဉ်ဖူးတဲ့ အဲဒီလို ကိစ္စမျိုးကို သဘောကျသွားတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”

“ကောင်းပါပြီ။ ကျွန်တော် သူ့ကို တစ်ချက်လောက် လှမ်းမေးကြည့်ပါ့မယ်။ ဒါပေမဲ့ သိပ်တော့ မျှော်လင့်မထားပါနဲ့နော်။ သူက သူ့ရဲ့ ကိုယ်ပိုင်စာတွေကို ရေးဖို့အတွက်တောင် အချိန်မလောက်မင ဖြစ်နေတဲ့ လူမျိုးမို့လို့ပါ”

“ဘာမှ မလုပ်ရသေးခင်မှာတင် အဆိုးမြင်မနေစမ်းပါနဲ့။ ရလဒ်ကို မမျှော်လင့်ခင်မှာ ပထမဆုံး စမ်းသပ်ကြည့်ဖို့ လိုတာ မဟုတ်လား။ အော်... ဟုတ်သားပဲ။ ရိုက်ကူးရေးကွင်းထဲမှာ တခြား သတင်းထောက်တွေ ဘာညာ ရှိနေသေးလား”

“မရှိပါဘူး ခင်ဗျာ။ ကျွန်တော် ရောက်တဲ့အချိန်တုန်းကတော့ ရုပ်ရှင်အတွက် သုံးတဲ့ ကင်မရာတွေကလွဲလို့ တခြား ကင်မရာတွေကို ဘာမှ မမြင်မိပါဘူး”

“တကယ်လား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး လူတွေ တရုန်းရုန်း ရောက်လာကြတော့မှာပဲ။ ဟေ့... လောလောဆယ် ဖုန်းချလိုက်တော့မယ်နော် ဟုတ်ပြီလား။ လမ်းမှာ သတိထားပြီး သွားဦး။ နောက်မှ တွေ့ကြတာပေါ့”

“ဟုတ်ကဲ့ပါ။ အစ်ကိုလည်း ကားမောင်းရတာ သတိထားပါဦးနော်”

အဲဒီဖုန်းခေါ်ဆိုမှုက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပါတယ်။ မာရူးက သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိတာပေါ့။ ကြည့်ရတာ ဥက္ကဋ္ဌ လီဂျွန်မင်း က သူ မသိနိုင်တဲ့ နေရာအနှံ့မှာ ကိစ္စရပ်တွေ အများကြီးကို ပြင်ဆင်နေတဲ့ ပုံပဲလေ။ အဲဒီလို နည်းလမ်းမျိုးနဲ့ပဲ ရုပ်ရှင်လောကကို စိုးမိုးမယ့် ဂွန်ဆူ ရဲ့ အခြေခံ အရှိန်အဝါနဲ့ ပြဇာတ်လောကကို သိမ်းပိုက်မယ့် ဂန်ဟွမ် ရဲ့ ခွန်အားတွေက ဖြစ်ပေါ်လာတာ ဖြစ်ရမယ်။

‘အခုကတည်းက သူတို့နဲ့ ပူးပေါင်းထားရင်တော့ ဘဝကို အဆင်ပြေပြေ ရှင်သန်နိုင်မှာ သေချာပါတယ်။’

မာရူးက အားရကျေနပ်တဲ့ အပြုံးလေးနဲ့ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်ပါတော့တယ်။

* * * * * * * * *

All Chapters