← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း(၂၉၅)

မာရူးက ပိတ်ရက်တုန်းက ကြည့်ခဲ့တဲ့ TV အစီအစဉ်တစ်ခုအကြောင်း ပြောရင်း ရှေ့ကို လျှောက်သွားတယ်။ ဂျူဟယွန်းက လျှောက်နေရာကနေ ရပ်လိုက်ပြီး စကားစပြောတယ်၊

"ဟေ့၊ ငါ့ကို မေးစရာတစ်ခုခု ရှိနေတာလား"

"အဲလောက်တောင် သိသာသွားလား"

မာရူးရဲ့ မျက်နှာပေါ်မှာ အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာတယ်။

"ထူးဆန်းနေတာကိုး၊ နင်က ရုတ်တရက်ကြီး ငါတို့က ရင်းနှီးတဲ့သူတွေလိုမျိုး လာလုပ်ပြနေတာလေ။ ဇာတ်ညွှန်းဖတ်တုန်းကတော့ နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းပဲ ငြိမ့်ပြခဲ့ပြီးတော့။ ဘယ်သူမဆို တစ်ခုခု ထူးဆန်းနေတယ်ဆိုတာ ရိပ်မိမှာပေါ့"

"လူတိုင်း အဲလို မတွေးပါဘူးဗျာ။ တချို့လူတွေကျတော့လည်း တခြားသူတွေအပေါ် ဆက်ဆံတဲ့ပုံစံကို မပြောင်းလဲချင်လို့ ရှောင်သွားကြတာမျိုးတွေ အများကြီးပဲလေ"

မာရူးက ပြန်ပြီး လျှောက်သွားပြန်တယ်။

သူတို့က လမ်းမကြီးကနေ ထွက်လာပြီး စီးပွားရေးလုပ်ငန်းသုံး အဆောက်အဦးတွေ အများကြီးရှိတဲ့ လမ်းကြားကျဉ်းကျဉ်းလေးတစ်ခုထဲ ဝင်လာခဲ့ကြတယ်။ လမ်းထဲမှာ ကျောင်းသားတွေနဲ့ ပြည့်နှက်နေတာပဲ။ သူမက ဆံပင်ကို စည်းထားပြီး ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားတာကြောင့် ဘယ်သူမှ သူမ ဘယ်သူလဲဆိုတာ မမှတ်မိကြဘူး။ အမှန်တော့ လူတွေက အနုပညာရှင်တွေကို ပုံမှန်ဆို သိပ်မမှတ်မိကြပါဘူး။ ကင်မရာထောင့်၊ မီးအလင်းအမှောင်နဲ့ မိတ်ကပ်တွေကြောင့် ဖန်တီးထားတဲ့ ပုံရိပ်ကို အနည်းငယ်လောက် ပြောင်းလဲလိုက်ရုံနဲ့တင် လုံးဝ မတူညီတဲ့ လူတစ်ယောက် ဖြစ်သွားတာလေ၊ ဒါကြောင့် သာမန်အဝတ်အစားတွေ ဝတ်ပြီး ဦးထုပ်တစ်လုံး ဆောင်းထားလိုက်ရုံနဲ့တင် လူအများစုကို လှည့်စားဖို့ လုံလောက်နေတယ်။

ဂျူဟယွန်းက မာရူးရဲ့ ဘေးနားမှာ ရဲရဲဝံ့ဝံ့ လျှောက်လာခဲ့တယ်။

"ဒါနဲ့၊ ခုနက ကိစ္စက ဘာလဲ"

ဂျူဟယွန်း မြင်ဖူးသမျှ မာရူးဆိုတာက ဆင်ခြင်တုံတရားရှိပြီး ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း မြင်တတ်တဲ့ ကောင်လေးတစ်ယောက်ပဲ။ အဲဒီလို ကောင်လေးက သူ့ရဲ့ အမူအရာကို ပြောင်းလဲပြီး သူမဆီကို နွေးနွေးထွေးထွေး ချဉ်းကပ်လာခဲ့တယ်။ သူ့မှာ အကူအညီတောင်းစရာ ရှိတယ်ဆိုတာကို ထည့်တွက်ရင်တောင်မှ ဘာလို့ အဲလိုမျိုး လာလုပ်ပြနေရတာလဲ။

"ကျွန်တော် အစ်မကို ကောင်းကောင်း မသိသေးလို့ပါ စီနီယာ"

"ငါ့ကို ကောင်းကောင်း မသိသေးလို့ ဟုတ်လား"

"ဟုတ်တယ်။ အဲဒီနေ့က ကျောင်းလှေကားပေါ်မှာ ကျွန်တော်တို့ ပြောခဲ့တဲ့ စကားတွေကို ကြည့်ရင် အစ်မက စည်းစနစ်ကျတဲ့ ခံယူချက်ရှိတဲ့သူတစ်ယောက်ပဲ။ တစ်ချိန်တည်းမှာပဲ မတွေ့ဖူးသေးတဲ့ လူငယ်တွေကို အကြံဉာဏ်ပေးနိုင်လောက်အောင် ကြင်နာတတ်သေးတယ်။ ဒါပေမဲ့ မီဒီယာတွေက ဖော်ပြတဲ့ အစ်မရဲ့ ပုံစံကကျတော့ အရမ်းကွာခြားနေတယ်။ အခုထိတောင် အစ်မနာမည်ကို ရှာလိုက်ရင် ပထမဆုံး ပေါ်လာတဲ့ ဆက်စပ်စကားလုံးက 'ပြတ်ပြတ်သားသား ပြောဆိုတတ်သူ' တဲ့။ ပြီးတော့ လူတွေက အန်းဂျူဟယွန်းရဲ့ မိုက်တဲ့ ပုံရိပ်ကို သဘောကျကြတယ်။ အင်တာနက်ကနေ စုံစမ်းရသလောက်ဆိုရင် အစ်မက လူထုအခမ်းအနားတွေမှာတောင် စိတ်ထဲရှိတာကို ကောက်ခါငင်ခါ ပြောတတ်တဲ့သူပဲ။ ကောင်းတဲ့ဘက်က ပြောရရင်တော့ ဘာကိုမှ မမှုတာပေါ့၊ ဒါပေမဲ့ မကောင်းတဲ့ဘက်က ကြည့်ရင်တော့ အဲဒါကြောင့်ပဲ မာန်တက်နေသလို ဖြစ်နေတာ။ ဒါပေမဲ့ တနေ့ကပွဲမှာ အစ်မကို တွေ့တုန်းကကျတော့ ကျွန်တော့်သူငယ်ချင်းကို အစ်မရဲ့ ဖုန်းနံပါတ် ပေးပြီး စနောက်ဖို့အထိ ကြင်နာပြခဲ့ပြန်ရော။ ကွာခြားချက်က အရမ်းကြီးနေတော့ ကျွန်တော့်ဘက်က စမ်းသပ်ကြည့်ဖို့ လိုအပ်တယ်လို့ ခံစားလိုက်ရတာပါ"

မာရူးက ဘယ်ဘက်ကို ကွေ့လိုက်တယ်။ လမ်းက ဘားတွေနဲ့ ပြည့်နေတဲ့ လမ်းကနေ အသားကင်ရောင်းတဲ့ ဆိုင်တွေ ပြည့်နေတဲ့ လမ်းတစ်ခုဆီ ပြောင်းသွားတယ်။ ဝင်လုဆဲဆဲ နေမင်းကြီးနဲ့ အသားကင်နံ့တွေ။ ဒါက အရမ်းကို ရိုးရှင်းတဲ့ အစားအသောက်လမ်းကြားလေးတစ်ခုပေါ့။

ဂျူဟယွန်းက မာရူးရဲ့ စကားတွေကို ကြားတော့ ခေါင်းငြိမ့်လိုက်တယ်။

"အဲဒါနဲ့ပဲ"

"ကျွန်တော်တို့ မကြာခဏ မဆုံဖြစ်ခဲ့ကြပေမဲ့ ဆုံမိတဲ့ အကြိမ်တိုင်းမှာ ခံစားရတဲ့ အထင်အမြင်က ကွဲပြားနေတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျွန်တော် ပြောင်းလဲကြည့်လိုက်တာ။ အစ်မက ဘယ်လို ချဉ်းကပ်မှုမျိုးကို ပိုသဘောကျလဲဆိုတာ စမ်းသပ်ကြည့်တာပါ"

"ငါက ဘယ်လို ချဉ်းကပ်မှုမျိုးကို ပိုသဘောကျလဲ ဟုတ်လား"

ဂျူဟယွန်း လျှောက်နေရာကနေ ရပ်လိုက်တယ်။ 'သဘောကျတယ်' ဆိုတဲ့ စကားလုံးက လူအချင်းချင်းကြားမှာ သုံးနိုင်တာ သေချာပါတယ်။ လူမှုဆက်ဆံရေးကို စီးပွားရေးအထိ တိုးချဲ့တဲ့အခါမှာ သဘောကျနှစ်သက်မှုက အရေးကြီးတဲ့ အညွှန်းကိန်းတစ်ခုပဲလေ။ ကျွန်တော် သူနဲ့ အလုပ်လုပ်ရတာကို ပိုသဘောကျတယ်၊ ကျွန်မ သူ အလုပ်လုပ်ပုံကို ကြိုက်တယ် - ဒါတွေက လူသားတို့ စီးပွားရေးရဲ့ အခြေခံတွေပဲ။ ဒါပေမဲ့ ထူးဆန်းနေတာက အဲဒီစကားလုံးတွေက အထက်တန်းကျောင်းသားတစ်ယောက်ဆီက ထွက်လာတာ ဖြစ်နေလို့ပဲ။

"ကျွန်တော်လည်း အစ်မအကြောင်း ဘာမှမသိသေးတာပဲလေ။ ရေငတ်တဲ့သူက ရေတွင်းတူးရတယ်။ ကျွန်တော်တို့ နောက်နောင်လည်း ပိုပြီး ဆုံဖြစ်လာနိုင်သေးတော့ အစ်မအကြောင်းကို သိထားသင့်တယ် မဟုတ်ဘူးလား"

"အင်း... အဲဒီလိုမျိုး ချဉ်းကပ်လာတဲ့ ကောင်လေးကို ဘယ်သူက ကြိုက်မှာလဲ"

"အစ်မလည်း အဲလို ထင်လား။ ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ ရှုံးနိမ့်သွားတဲ့ပုံပဲ"

မာရူးက ဘာမှ မဖြစ်ခဲ့သလိုမျိုး လေသံနဲ့ ပြောလိုက်တယ်။

"ဒါဆိုရင် နင်က အရင်က ပုံစံအတိုင်းပဲ ပြန်သွားတော့မှာလား"

"အဲဒါက အစ်မအတွက် ပိုပြီး သက်သောင့်သက်သာ ဖြစ်စေမယ်ဆိုရင်ပေါ့"

"ဟေ့၊ နင်က လူတွေကို အလိုလိုက်ရတာ တော်တော်ကျွမ်းတာပဲ။ နင်က ပိုပြီး မာနကြီးတဲ့သူလို့ ငါ ထင်ခဲ့တာ"

"ကျွန်တော်ကလား။ မဖြစ်နိုင်တာ။ ကျွန်တော်က ဘယ်အချိန်မဆို ခေါင်းငုံ့ဖို့ အသင့်ပဲ။ ကျွန်တော့် ဒူးတွေကလည်း တန်ဖိုးနည်းပါတယ်ဗျာ"

"ဒါက ငါ့ရဲ့ ပထမဆုံး အထင်အမြင်နဲ့တော့ ကွာခြားနေတယ်"

"ကျွန်တော်က အဲလောက်တောင် မာနကြီးပုံပေါက်နေလို့လား"

"နင့်ရဲ့ ရုပ်သွင်ပြင်ကိုက မာနကြီးမယ့်ပုံစံပဲ။ ဒါပေမဲ့ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို စိတ်ဓာတ်မျိုး ရှိနေရင် ဘဝက ပင်ပန်းလိမ့်မယ် သိရဲ့လား။ ငယ်တုန်းရွယ်တုန်းမှာ ရိုးရိုးရှင်းရှင်းလေး နေတာက ပိုမကောင်းဘူးလား။ ဆိုလိုတာက လူတွေကို စမ်းသပ်တာတို့၊ သူတို့ သဘောကျသလို လိုက်ပြီး အလိုလိုက်တာတို့က နောက်မှ လုပ်လည်း ရတာပဲကို"

"ဒါက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလေ။ လူကြီးဖြစ်သွားတာတောင် အဲဒါကို မလုပ်နိုင်တဲ့ လူတွေ အများကြီး ရှိတာပဲ"

"နင်က အဲဒါကို ငါ့ကို ပြောနေတာလား"

အဲဒီစကားကို ကြားတော့ မာရူးက ခေါင်းကို လှည့်ကြည့်ပြီး မျက်ခုံးကို ကုတ်လိုက်တယ်။ သူ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့တယ်။ ဂျူဟယွန်းကလည်း ဘာမှမပြောဘဲ သူ့နောက်ကပဲ လိုက်လာခဲ့တယ်။ ဒီနေရာက ဈေးသက်သာတဲ့ စားသောက်ဆိုင်တွေ ရှိတာမို့လို့ ရှေ့ကို ဆက်သွားလေလေ ကျောင်းသားတွေကို ပိုပြီး တွေ့ရလေလေပဲ။

မာရူးနောက်က လိုက်လာရင်းနဲ့ ဂျူဟယွန်းက တစ်ခါက ကြုံဖူးသလိုလို ခံစားချက်မျိုး ဖြစ်လာတယ်။ ဒီနေရာကို သူတို့ အရင်က ဖြတ်သွားဖူးတယ်လို့ သူမ ထင်လိုက်မိတာ။ ပိုပြီး စဉ်းစားကြည့်လိုက်တော့ ဒါက စိတ်ကူးယဉ်နေတာ မဟုတ်ဘူး။ သူတို့ ဒီနေရာကို တကယ်ပဲ လမ်းလျှောက် ဖြတ်သွားခဲ့ဖူးတာပဲ။

ဂျူဟယွန်းက မာရူးကို ကြည့်လိုက်တယ်။ သူ သွားမယ့်နေရာကို မေ့သွားတာလား။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ မာရူးက သူမရဲ့ မျက်လုံးတွေကို တည့်တည့် စိုက်ကြည့်နေတာကို သူမ မြင်လိုက်ရတယ်။ ရုတ်တရက်ကြီး စိုက်ကြည့်လာတာကြောင့် ဂျူဟယွန်းက ခေါင်းကို စောင်းလိုက်မိတယ်။

"ကျွန်တော်တို့ ဆုံတုန်းက အစ်မမှာ တစ်ခုခု ဖြစ်နေတာလားလို့ ကျွန်တော် မေးခဲ့တယ် မဟုတ်လား"

"အင်း"

"ပြီးတော့ ကျွန်တော်က နွေးနွေးထွေးထွေး ဆက်ဆံပြတော့ အစ်မက အဲဒါက ကျွန်တော်နဲ့မလိုက်ဖူးလို့ ပြောခဲ့တယ်လေ"

"ပြောခဲ့တယ်လေ"

"ကျွန်တော် ဘာလို့ အဲလို လုပ်ခဲ့တယ်လို့ အစ်မ ထင်လဲ"

မာရူးက ဘေးဘက်ကို ညွှန်ပြလိုက်တယ်။ သူ ညွှန်ပြနေတာက အလှကုန်ပစ္စည်းဆိုင်တစ်ခုပဲ၊ အဲဒီဆိုင်က စားပွဲတစ်ခုကို အပြင်ထုတ်ပြီး လမ်းဘေးမှာ သူတို့ ပစ္စည်းတွေကို ရောင်းနေတာ။ မာရူး ညွှန်ပြနေတာက အဲဒီစားပွဲပေါ်က မှန်ကိုပဲ။ ဂျူဟယွန်းက သူမတို့ လက်ဖမိုးပေါ်မှာ နှုတ်ခမ်းနီတွေကို စမ်းသပ်နေကြတဲ့ ကျောင်းသူလေးတွေကို ဖြတ်ကျော်ပြီး မှန်ထဲကို ကြည့်လိုက်တယ်။

"အို... မတွန်းနဲ့... အာ၊ ဘာမှ မဟုတ်တော့ဘူး"

"ဆ ဆောရီးနော်"

ဂျူဟယွန်းက သူတို့ကို တိုက်မိသွားတာကြောင့် မိန်းကလေးတွေက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်ကြပေမဲ့ သူမရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါမှာတော့ တောင်းပန်လိုက်ကြတယ်။

ဂျူဟယွန်းက စားပွဲကို တာဝန်ယူထားတဲ့ ဝန်ထမ်းကို ကြည့်ဖို့ ခေါင်းမော့လိုက်တယ်။ သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံမိတဲ့အခါမှာ ဝန်ထမ်းက နောက်ကို တွန့်သွားခဲ့တယ်။

ဂျူဟယွန်းက မှန်ထဲကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်တယ်။ ကြောက်စရာကောင်းတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးတစ်ယောက်က အထဲကနေ သူမကို ပြန်ပြီး စိုက်ကြည့်နေတာပဲ။ ဘေ့စ်ဘောဦးထုပ်ရဲ့ အရိပ်နဲ့ သူမ ခံစားနေရတဲ့ ဒေါသကြောင့် ကျဉ်းမြောင်းနေတဲ့ မျက်လုံးတွေက သူမကို ဒီထက်ပိုပြီး စိတ်ဆိုးနေတဲ့ပုံစံမျိုး ဖြစ်အောင် မလုပ်နိုင်တော့ဘူး။ သူမ အဲဒါကို သတိမထားမိခဲ့ဘူး။ မင်းသမီးတစ်ယောက်အနေနဲ့ သူမ ဘယ်လို မျက်နှာပေးမျိုး လုပ်နေလဲဆိုတာကိုတောင် သူမ ကိုယ်တိုင် မသိခဲ့ဘူး။ အစမှာတော့ သူမ ရှက်သွားခဲ့ပြီး ဒီလို အမူအရာမျိုး လုပ်နေရတဲ့ အကြောင်းရင်းကို သိသွားတဲ့အခါမှာတော့ အရှက်ရသွားခဲ့တယ်။

ဂျူဟယွန်းက ကိုယ်ကို လှည့်လိုက်ရင်း အလကားနေရင်း ပြုံးလိုက်မိတယ်။ သူမ အဲဒါကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူမရဲ့ စိတ်ထဲက နက်နက်ရှိုင်းရှိုင်း ခံစားချက်တွေကတော့ အဲလို မထင်ပုံပဲ။ သူမ ကားနဲ့ ဒီနေရာကို ရောက်လာတဲ့ အချိန်အထိ၊ သူမကို ရိုင်းရိုင်းစိုင်းစိုင်း မျက်လုံးတွေနဲ့ ကြည့်ခဲ့တဲ့ ဥက္ကဋ္ဌအကြောင်းကို စဉ်းစားနေခဲ့တာ။ အဲဒီဥက္ကဋ္ဌရဲ့ မျက်နှာက သူမရဲ့ အတိတ်က လူသားတစ်ယောက်ကို အမှတ်ရစေပြီး၊ အတိတ်က အဲဒီလူက သူမရဲ့ ခြေထောက်တွေကို ပွတ်သပ်ရင်း ရိုင်းရိုင်းစိုင်းစိုင်း စပ်ဖြဲဖြဲပြုံး ပြုံးခဲ့တာလေ။ အရှက်ရခဲ့တဲ့ နေ့ရက်တွေက သူမဆီမှာ ပြန်ပြီး ထင်ထင်ရှားရှား ဖြစ်လာခဲ့ပြီး၊ ဂျူဟယွန်းက စိတ်ပျက်မှုတွေနဲ့ အပြည့်ဖြစ်နေတဲ့ ကားကို စီးပြီး ဒီနေရာကို ရောက်လာခဲ့တာ။

သူမ အဲဒါကို အပြည့်အဝ ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ထင်ခဲ့တာ။ သူမ ထွက်မပြေးခဲ့ဘူးလို့ ယုံကြည်ခဲ့သလို၊ အဲဒီလူတွေကိုလည်း လုံးဝ အထင်သေးခဲ့တာ။ မဟုတ်ဘူး၊ သူမ နိုင်ခဲ့ပြီလို့တောင် ထင်ခဲ့တာ။ အဲဒီ ရွံစရာကောင်းတဲ့ လူနဲ့ နောက်ထပ် ပတ်သက်စရာ မလိုတော့သလို၊ အကယ်၍သာ ကြုံလာခဲ့ရင်လည်း အဲဒီလိုလူမျိုးကို သူ့ဘဝမှာ ဒီလိုအရာမျိုး ဘယ်တော့မှ ထပ်မစဉ်းစားရဲတော့အောင် လုပ်ပစ်နိုင်တဲ့ ယုံကြည်ချက်လည်း သူမမှာ ရှိနေခဲ့တယ်။ အတိတ်ဆိုတာ အတိတ်ပဲလေ။ သူမက အရင်လို အားမနည်းတော့တာမို့လို့ အဆင်ပြေပါတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မှန်ထဲက အမျိုးသမီးမှာတော့ ရက်စက်တဲ့ မျက်လုံးတွေ ရှိနေခဲ့တယ်။

တကယ်ပဲ သန်မာတဲ့သူတွေကတော့ ရယ်မောပြီး ပြုံးနိုင်ကြတယ်။ အဲဒါက သူတို့ဆီ ရောက်လာမယ့် ဘယ်လို အန္တရာယ်မျိုးမဆို သူတို့ကို ဒုက္ခမပေးနိုင်ဘူးဆိုတာ သူတို့ သိနေကြလို့ပဲ။ ဒါပေမဲ့ အားနည်းတဲ့သူတွေကတော့ ဟောင်ကြတယ်။ သူတို့က အန္တရာယ်တွေ သူတို့ဆီ ရောက်မလာပါစေနဲ့လို့ ဆုတောင်းရင်း ဟောင်ကြတာ။ မှန်ထဲက အမျိုးသမီးကတော့ သူမရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့အတွက် သတိကြီးကြီးနဲ့ စောင့်ကြည့်နေခဲ့တာပဲ။ ဒါက အဆိုးဆုံး မျက်နှာပေးမျိုးပဲ။

ဂျူဟယွန်းက သူမရဲ့ ဦးထုပ်ကို အောက်ကို ဖိချလိုက်တယ်။

"ငါတို့ နောက်တစ်ပတ်လောက် ထပ်လမ်းလျှောက်ကြဦးမလား"

"...."

"လျှောက်သင့်တယ် ထင်တယ်"

ဒါကြောင့်ပဲ သူက လမ်းတွေကို ပတ်ပြီး သွားနေခဲ့တာကိုး။ ဂျူဟယွန်း သက်ပြင်းချလိုက်တယ်။ အကယ်၍ သူမရဲ့ လက်ရှိ အခြေအနေနဲ့သာ မောင်လေးနဲ့ တွေ့ခဲ့ရင်၊ သူမက သူ့ကို စိတ်မချမ်းမြေ့စရာ အတွေ့အကြုံမျိုး ထပ်ပြီး ပေးမိဦးမှာပဲ။ သူ့ကို သူမရဲ့ အားနည်းတဲ့ အသွင်အပြင်ကို တစ်ကြိမ် ပြသခဲ့တာနဲ့တင် လုံလောက်နေပါပြီ။

မာရူးက အနီးနားက အလိုအလျောက် အရောင်းစက်ထဲကနေ အားကစားဖျော်ရည်တစ်ဘူး ဝယ်လိုက်တယ်။

"ငါက အရမ်း ရွံစရာကောင်းတဲ့ မျက်နှာပေးမျိုး လုပ်နေခဲ့တာပဲ။ လူတွေ ငါ့ ကို မမှတ်မိကြတာ မဆန်းပါဘူး"

ဂျူဟယွန်းက အားကစားဖျော်ရည်ကို သောက်ရင်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်တဲ့ အပြုံးမျိုး ပြုံးလိုက်တယ်။ အရောင်းစက် ဘေးနားမှာ ဘာမှမပြောဘဲ မတ်တတ်ရပ်နေတဲ့ မာရူးက စကားပြောလာတယ်၊

"ဘန်ဂျူး က လူကောင်းလေးတစ်ယောက်ပါ။ သူက သူ့အမေကို ထူးဆန်းတဲ့ မိစ္ဆာကောင်ကြီးလိုမျိုး သရုပ်ဖော်တတ်ပေမဲ့ လူတွေက တကယ်သာ မုန်းနေရင် တခြားသူအကြောင်းကို ဘယ်တော့မှတောင် ပြောမှာမဟုတ်ဘူး။ သူက သူ့အမကို ချစ်တဲ့ မောင်ကောင်းတစ်ယောက်ပါ။ သူက ဘာပြဿနာမှမရှိတဲ့ ဂျူနီယာကောင်းတစ်ယောက်လို့ ကျွန်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေ့ သူ့ဆီကနေ ထူးဆန်းတဲ့ အချက်တစ်ခုကို တွေ့လိုက်ရတယ်။ သူက ဘယ်လို အချိန်မျိုးမှာမဆို အရမ်းကို တက်ကြွလွန်းနေတယ်။ အဲဒါက တော်တော် ထူးဆန်းတာပဲ။ သူက စိတ်ဓာတ်ကျလို့ မဖြစ်ဘူးလို့ တွေးနေတဲ့အတိုင်းပဲ။ အဲလို ပြောရရင်တော့၊ သူ အသံကို မလျှော့နိုင်တာကလည်း ဒါနဲ့ ပတ်သက်နေလိမ့်မယ် ထင်တယ်"

မာရူးက သူ့ရဲ့ ဖျော်ရည်ကို တစ်ငုံတည်းနဲ့ ကုန်အောင် သောက်လိုက်ပြီး ဘူးခွံကို လက်နဲ့ ခြေပစ်လိုက်တယ်။

"ဒါပေမဲ့ ဒီနေ့ အစ်မရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါမှာတော့ အကြောင်းရင်းကို ကျွန်တော် သိသွားပြီ ထင်တယ်။ အမှန်တော့ ကျွန်တော် အစ်မကို ဒီနေရာကို ခေါ်ခဲ့တဲ့ အကြောင်းရင်းက အချက်နှစ်ချက်ကြောင့်ပါ။ တစ်ခုကတော့ စီနီယာတစ်ယောက်အနေနဲ့ ဂျူနီယာတွေကို သရုပ်ဆောင်တဲ့ အခါမှာ သုံးရမယ့် အကြံဉာဏ်လေးတွေနဲ့ နည်းလမ်းတွေကို သင်ပေးစေချင်တာ၊ ပြီးတော့ နောက်တစ်ခုကတော့ - ဒါက ရိုင်းရာကျရင်လည်း ခွင့်လွှတ်ပါ - ဘန်ဂျူး နဲ့ ပတ်သက်ပြီး အစ်မနဲ့ စကားပြောချင်လို့ပါ"

ဂျူဟယွန်းက နံရံကို မှီလိုက်ပြီး အအေးဘူးကို ငုံ့ကြည့်လိုက်တယ်။ ဘူးထဲက ဖျော်ရည်တွေ လှိုင်းထနေတာကို သူမ မြင်နေရတယ်။ အဲဒီဖျော်ရည်ကို အကြာကြီး စိုက်ကြည့်နေမိတဲ့အခါမှာတော့ အဲဒီအပေါက်ထဲမှာ ရွံစရာကောင်းတဲ့ အပြုံးနဲ့ လူသားကို သူမ မြင်လိုက်ရတယ်။ သူမက ချက်ချင်းပဲ ဘူးကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး သူမရဲ့ ဖိနပ်နဲ့ တက်နင်းပစ်လိုက်တယ်။ သူမ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်တော့မှ စိတ်ထဲမှာ နည်းနည်း သက်သာသွားခဲ့တယ်။

"သူ အဲဒီလို ဖြစ်နေရတာဆိုရင်၊ အဲဒါက ငါ့ကြောင့်ပဲ ဖြစ်လိမ့်မယ်"

"ဟင်၊ ကျွန်တော် တွေးမိတာတော့ ရှိပါတယ်၊ ဒါပေမဲ့ အစ်မက တစ်ခုခုကို သိနေတာပဲကိုး"

"သိတယ်။ ဟာ... ဒါက ငါ့ဘက်က ဂရုမစိုက်မိတာကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒီတုန်းက ငါက ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ဖို့ အလုပ်ရှုပ်နေခဲ့တာ။ ပြီးတော့ ဘန်ဂျူး က၊ အဲဒီကောင်လေးက အရမ်း အားကိုးရတယ်။ သူက ငယ်ငယ်ကတည်းက အရာအားလုံးကို လုပ်ခဲ့တာ၊ ပြီးတော့ ငါ့ရှေ့မှာလည်း ဘယ်တော့မှ မငိုခဲ့ဘူး။ သူက မူလတန်း တက်ကတည်းက ချက်ပြုတ်တာကော၊ အဝတ်လျှော်တာကော လုပ်နိုင်ခဲ့တာ၊ ပြီးတော့ အိမ်စာအတွက်လည်း ငါ့ဆီ ဘယ်တော့မှ လာမမေးဖူးဘူး။ အလယ်တန်း ရောက်ပြီးတဲ့နောက်မှာတော့ သူက ပြည့်စုံတဲ့ လူပျိုကြီးတစ်ယောက် ဖြစ်လာခဲ့တာ။ သူက အဲလိုမျိုး ဖြစ်နေခဲ့တာမို့လို့ ငါ့ရဲ့ စိတ်ထဲက ထောင့်တစ်ခုမှာတော့ စိတ်သက်သာရာရသွားခဲ့တာ ဖြစ်နိုင်တယ်။ အာ... သူ အဆင်ပြေပါတယ်။ သူဘာသာသူ ကောင်းကောင်း လုပ်နိုင်မှာပါ ဆိုပြီးတော့ပေါ့"

နာမည်မရှိတဲ့ အဲဒီဥက္ကဋ္ဌက သူမရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ခဲ့ပြီး၊ သူမက သေဖို့အထိ ဆုံးဖြတ်ချက်ချပြီး သူ့ရဲ့ လက်တွေကို ခါချခဲ့တဲ့ အဲဒီနေ့တုန်းက၊ သူမရဲ့ မောင်လေးက သူမရဲ့ ဝိညာဉ်တစ်ဝက်လောက် လွင့်စင်နေတဲ့ အခြေအနေမျိုးကို မြင်ခဲ့တာလေ။ အဲဒီကောင်လေးက ပိတ်ထားတဲ့ သူမရဲ့ တံခါးရှေ့မှာ တိတ်တိတ်ဆိတ်ဆိတ် ငိုနေခဲ့တာ။ သူက တစ်ညလုံး အဲဒီနေရာမှာ မတ်တတ်ရပ်နေခဲ့တယ်။ အဲဒီအချိန်တုန်းက သူမက နံရံကို ခေါင်းနဲ့ ဆောင့်ခဲ့ပြီး၊ အဲဒီ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံကို မေ့ပစ်ဖို့အတွက်ကော၊ ရှေ့ဆက်ရမယ့် လမ်းအသစ်ကို ရှာဖွေဖို့အတွက်ပါ ကျန်တဲ့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး အချိန်တွေကို ကုန်လွန်စေခဲ့တာ။

သူမက နောက်နောင်မှာ ဘယ်တော့မှ ထပ်ပြီး နာကျင်ရမှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချရင်း ပြန်ပြီး မတ်တတ်ရပ်ခဲ့တယ်။ အခုအချိန်မှာတော့ အဲဒါက လက်တွေ့ဘဝကနေ ထွက်ပြေးတဲ့ သူမရဲ့ နည်းလမ်းတစ်ခုပဲဆိုတာ သိလိုက်ရပေမဲ့ အရေးမကြီးပါဘူး။ ဒီနေရာမှာ အရေးကြီးတာက သူမရဲ့ မောင်လေးပဲ။ အဲဒီ ကြောက်စရာကောင်းတဲ့ အချိန်တုန်းက သူ တကယ်ပဲ အဆင်ပြေခဲ့ရဲ့လား။

မနက် ရောက်တဲ့အခါမှာတော့ သူမရဲ့ မောင်လေးက ပိုပြီး တောက်ပတဲ့ မျက်နှာပေး၊ ပိုပြီး တက်ကြွတဲ့ အသံနဲ့ မနက်ခင်းကို စတင်ပေးခဲ့တယ်။ သူ အဲလို လုပ်ပြနေတာကို မြင်တော့ သူမက စိတ်အေးသွားပြီး အဲဒါကို သိပ်မစဉ်းစားဘဲ ပုံမှန်အတိုင်းပဲ နေ့ရက်တွေကို ဖြတ်သန်းခဲ့တာ။ ဒါပေမဲ့ သူက အဲဒီတုန်းက မူလတန်းကျောင်းသားလေးပဲ ရှိသေးတာလေ။ သူ တကယ်ပဲ ဘာဆိုးကျိုးမှ မရှိဘဲနဲ့ အဲဒီညကို ဖြတ်သန်းနိုင်ခဲ့ပါ့မလား။

ဘန်ဂျူး က အဲဒီနေ့တုန်းက တကယ်ပဲ အဆင်ပြေခဲ့ရဲ့လား။

တကယ်ပဲလား။

"ဒါကြောင့်မို့လို့ နင်က ငါတို့အပေါ်ကို ဒီလောက်တောင် ဂရုစိုက်ပေးနေတာလား။ တော်တော် ကြင်နာတတ်တာပဲ"

"အာ... ရိုးရိုးသားသား ပြောရရင်တော့ ဘန်ဂျူး က သရုပ်ဆောင်တာကို ကောင်းကောင်း လုပ်ဖို့ လိုအပ်နေလို့ပါ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ဒီတစ်ကြိမ်မှာ အကောင်းဆုံးဆုကို လိုချင်နေတာ။ ဒါကြောင့် ကျွန်တော်တို့ ဘန်ဂျူး ကို ပြုပြင်ပေးရမယ်။ ကျွန်တော်တို့ဆီမှာ လူတစ်ယောက် လိုအပ်နေတိုင်း အဲဒီပန်းတိုင်ကို ရောက်ဖို့က ခြေတစ်လှမ်း ပိုပြီး ဝေးသွားမှာလေ"

"ဒါဆိုရင် နင်က တခြားသူရဲ့ မိသားစုအရေးထက် နင့်ရဲ့ အမှတ်တွေအတွက် ပိုပြီး စိတ်ပူနေတာပေါ့"

"နှစ်ခုလုံးအတွက် စိတ်ပူနေတာလို့ အစ်မက ပြောပေးရင်တော့ ကျေးဇူးတင်မိမှာပါ"

"ဟေ့၊ နင်က တော်တော်လေး အေးစက်တဲ့ ကောင်လေးပဲ"

"အကျိုးအမြတ်ကိုပဲ လိုက်စားနေလို့ စိတ်အေးလက်အေး နေနိုင်တဲ့ လူဆိုတာ လူညံ့တွေပဲ ရှိတာပါ။ အဲဒါထက်၊ ကျွန်တော်တို့ သွားကြတော့မလား။ ကျွန်တော်တို့ အကြိမ်အများကြီး ပတ်ပြီး လမ်းလျှောက်နေခဲ့တာ ကြာပြီလေ။ အစ်မ အဆင်ပြေရင်တော့ တကယ်ပဲ သွားသင့်ပြီ ထင်တယ်"

"ဟူး... ငါ့ မျက်နှာ ဘယ်လိုနေလဲ။ ကြောက်စရာကောင်းနေတုန်းပဲလား"

"ဟင့်အင်း၊ လှပါတယ်"

"ဒီထက် ပိုကောင်းတဲ့ အလိမ်အညာမျိုးကို မစဉ်းစားတတ်တော့ဘူးလား"

"ပုံမှန်ဆိုရင်တော့ ကျွန်တော် လိမ်ပြောတာ တော်ပါတယ်၊ ဒါပေမဲ့ ဒီနေ့တော့ ဘာကြောင့်လဲမသိဘူး အလုပ်မဖြစ်ဘူး"

ဂျူဟယွန်းက ကိုယ်ကို မတ်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူထုတ်လိုက်တယ်။ သူမ စိတ်ထဲကနေ သတိမထားမိဘဲ အမြဲတမ်း ရှောင်လွှဲနေခဲ့တဲ့ တကယ်ကို အရေးကြီးတဲ့ ပြဿနာကို ရင်ဆိုင်ရမယ့် အချိန်ရောက်ပြီ ထင်တယ်။ အခု ပြန်စဉ်းစားကြည့်တော့ သူမ မောင်လေးနဲ့ သေသေချာချာ စကားပြောဖူးတာမျိုး မရှိသလောက်ပဲ။ အမြဲတမ်း ရှောင်လွှဲနေခဲ့တာက သူမ ကိုယ်တိုင်လည်း ဖြစ်နိုင်တာပဲ။ စကားတွေ ဆက်ပြီး ပြောနေမိရင် အဲဒီနေ့က အဖြစ်အပျက်တွေ ပေါ်လာမှာ စိုးလို့ သူမ ထွက်ပြေးနေခဲ့တာ ဖြစ်ရမယ်။

"ဒီနေ့ ကိစ္စတွေ ပြီးသွားရင် စကားပြောကြတာပေါ့"

"ကောင်းပါပြီ"

မာရူးက ပြုံးရင်း ပြောလိုက်တယ်။ ဂျူဟယွန်းကလည်း လိုက်ပြီး ပြုံးလိုက်မိတယ်။ ဒီကောင်လေးက တကယ်ပဲ ဘာကောင်လေးလဲ။ အင်း... သာမန်လူတစ်ယောက်ဆိုရင်တော့ ဟဲဂျူ လိုမျိုး စကားလုံးတွေကို ပြောမှာမဟုတ်တာ သေချာပါတယ်။

"ဟေ့၊ နင် ဂျောင်ဟဲဂျူ ဆိုတာ ဘယ်သူလဲ သိလား"

"ဘယ်သူလဲ ခင်ဗျာ"

"မသိရင်လည်း ရပါတယ်"

ဂျူဟယွန်းက မာရူးရဲ့ ကျောကို တွန်းလိုက်ရင်း လမ်းပြဖို့ ပြောလိုက်တယ်။

* * * * * * * * *

All Chapters