အခန်း ၂၉၆
Vol. 30 Ch. 296
အခန်း(၂၉၆)
ဆန်းဒဝစ်မုန့်နှစ်ချပ်ကြားထဲမှာ ဆလတ်ရွက်တွေနဲ့ ခရမ်းချဉ်သီးတွေကို လှမ်းမြင်နေရတယ်။ အတော်လေးများသားပဲလို့ တွေးရင်း မာရူးက တစ်ကိုက် ကိုက်လိုက်တယ်။ ဂျွတ်ကနဲ ဝါးလို့ကောင်းတဲ့ ခံစားချက်ကတော့ တကယ်အဆင်ပြေပေမဲ့ အရသာက သိပ်ပြီးရိုးလွန်းနေတော့ ဘာအရသာမှ သိပ်မရှိသလိုပဲ။ လက်ထဲက ဆန်းဒဝစ်ကို စားရင်း သူက ဂျူဟယွန်းကို လှမ်းကြည့်လိုက်တယ်။
"ဒါကြောင့် နောက်ဆုံးတော့ အကဲခတ်တတ်တဲ့ စွမ်းရည်ရော၊ သရုပ်ဖော်ပြသနိုင်တဲ့ စွမ်းရည်ရော နှစ်ခုစလုံးက အရေးကြီးတာပေါ့"
ဂျူဟယွန်းရဲ့ စကားတွေကို အာရုံစိုက်နေကြတဲ့ ကျောင်းသားတွေအားလုံး ခေါင်းငြိတ်လိုက်ကြတယ်။ သူ စကားပြောလာတာ တစ်နာရီလောက် ရှိနေပြီဖြစ်ပေမဲ့ ပြောနေတဲ့ ဂျူဟယွန်းရော၊ ကလပ်အသင်းသားတွေပါ အံ့ဩစရာကောင်းလောက်အောင် အာရုံစူးစိုက်ထားကြပြီး လမ်းကြောင်းလည်း မလွဲသွားကြဘူး။ ဂျူဟယွန်းက မင်းသား၊ မင်းသမီးတစ်ယောက် ဖြစ်ရတာ ဘယ်လိုမျိုးလဲဆိုတာနဲ့ သရုပ်ဆောင်တယ်ဆိုတာ ဘာလဲဆိုတာကို သူ့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေအပေါ် အခြေခံပြီး ရှင်းပြနေခဲ့တယ်။
အသက်ဝင်လှတဲ့ အတွေ့အကြုံတွေကို နားထောင်ရင်းနဲ့ နောက်ထပ် မိနစ်သုံးဆယ် ထပ်ကုန်သွားပြန်တယ်။ ဂျူဟယွန်းက "မင်းတို့ လေ့ကျင့်သလောက် ပြန်ရလိမ့်မယ်" ဆိုတဲ့ စကားနဲ့ သူ့ရဲ့ စကားပြောခြင်းကို နိဂုံးချုပ်လိုက်တယ်။ သက်ပြင်းအရှည်ကြီးတစ်ချက် ချပြီး ကုလားထိုင်ပေါ်ကို မှီချလိုက်တဲ့ အချိန်မှာပဲ ကဖေးဆိုင်ထဲက လူတစ်ယောက်က သူ့ဆီကို တိုးတိုးလေး ကပ်လာခဲ့တယ်။
"အရေးကြီးတဲ့ကိစ္စဆွေးနွေးနေကျတာကို စောင့်နေတာပါဗျာ။ ဟို... အားနာပေမဲ့ ခင်ဗျားနဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလားခင်ဗျာ"
သူ့ကို မှတ်မိသွားတဲ့ ဂျူဟယွန်းရဲ့ ဖန်တစ်ယောက် ဖြစ်နေတာပဲ။ အဲဒီ လှုပ်လှုပ်ရွရွ ဖြစ်သွားမှုကြောင့် ကဖေးဆိုင်ထဲက လူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဝိုင်းအုံလာကြတယ်။ ဂျူဟယွန်းကတော့ လန့်ဖျပ်သွားခြင်းမရှိဘဲ သူတို့နဲ့အတူ ဓာတ်ပုံတွဲရိုက်ပေးပြီး အော်တိုဂရပ်လက်မှတ်တွေ ထိုးပေးရင်း ပြုံးပြုံးရွှင်ရွှင်ပဲ တုံ့ပြန်ပေးခဲ့တယ်။
ဒီအတောအတွင်းမှာ မာရူးကတော့ ကောင်တာဆီ သွားပြီး ပါဆယ်ထုတ်ဖို့ သောက်စရာတချို့ မှာလိုက်တယ်။
"သူက အန်းဂျူဟယွန်း မဟုတ်လား"
"ဟုတ်ပါတယ်"
"အလိုလေး..."
ဆိုင်ရှင်ကိုယ်တိုင်တောင် လက်မှတ်ရဖို့ ကောင်တာကနေ ထွက်လာခဲ့တယ်။ တစ်အုန်းအုန်း ဖြစ်သွားပြီးတဲ့နောက်မှာတော့ သူတို့တစ်စုဟာ ဆိုင်ရှင်ရဲ့ လိုက်လံပို့ဆောင်မှုနဲ့အတူ ကဖေးဆိုင်ထဲကနေ ထွက်လာခဲ့ကြတယ်။
"အန်းဘန်ဂျူး၊ ငါနဲ့ စကားခဏပြောရအောင်" လို့ ဂျူဟယွန်းက ဘန်ဂျူးကို ပြောလိုက်တယ်။
"အခုချက်ချင်းလား"
ဘန်ဂျူးက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေပုံရတာမို့ မာရူးက သူ့ကျောကို တွန်းပေးလိုက်တယ်။
"သွားလေ၊ အခု လေ့ကျင့်တာလည်း ပြီးသွားပြီပဲဟာ"
ဘန်ဂျူးက သူအရင် သွားတော့မယ့်အကြောင်း အားလုံးကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး ဂျူဟယွန်းနဲ့အတူ ထွက်သွားတော့တယ်။
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ သိမ်းကြစို့၊ မင်းတို့လည်း အိမ်ပြန်ကြတော့လေ"
"ပင်ပန်းသွားပါပြီ"
"ကျွန်တော်တို့ သွားပြီနော်"
ဂျီယွန်းနဲ့ အာရမ်က လက်ချင်းချိတ်ပြီး အတူတူ လျှောက်သွားကြသလို၊ ဒိုဝူးကလည်း သူ့စက်ဘီးနဲ့ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တယ်။
"သတိထားသွားဦးနော်"
"မင်းလည်း အတူတူပဲ၊ မာရူး"
ဒေးမြောင်နဲ့ မာရူးတို့လည်း လေ့ကျင့်မှုအကြောင်းကို နည်းနည်းပါးပါး ထပ်ပြောပြီးနောက် လမ်းခွဲလိုက်ကြတယ်။
ဂျူဟယွန်းနဲ့ တွေ့ဆုံခဲ့ပြီးနောက် အချိန်တော်တော်ကြာသွားပြီမို့ ကောင်းကင်ကြီးက တော်တော်လေး မှောင်နေပြီ။ လမ်းမတွေပေါ်မှာ ဆိုင်းဘုတ်မီးရောင်တွေနဲ့ စားစရာအနံ့အသက်မျိုးစုံ လှိုင်နေခဲ့တယ်။ မာရူးဟာ ရင်နှီးနေတဲ့ ညဉ့်ဦးယံလေထုကြောင့် စိတ်ထဲမှာ အနည်းငယ် လွတ်လပ်ပေါ့ပါးသွားတယ်။
ကျောင်းသားတွေ အများကြီးရှိနေတဲ့ ဖိနပ်ဆိုင်တစ်ဆိုင်ကို ဖြတ်လျှောက်သွားတုန်းမှာပဲ သူ့ဖုန်းက မြည်လာတယ်။ ဆက်တဲ့သူက ဂျွန်မင်း ဖြစ်နေတယ်။
"ဟုတ်ကဲ့၊ အစ်ကိုကြီး"
“မင်း အခု ဘယ်နားမှာလဲ”
"ဆူဝမ်မှာပါ"
“ဆူဝမ် ဘူတာရုံနဲ့ ဝေးလား”
"မဝေးပါဘူး၊ ဘတ်စ်ကားစီးရင် မိနစ်ပိုင်းအတွင်း ရောက်နိုင်ပါတယ်"
“ဒါဆို ဆူဝမ် ဘူတာရုံကို လာခဲ့၊ အဲဒီမှာ တစ်ယောက်ယောက် စောင့်နေလိမ့်မယ်”
"တစ်ယောက်ယောက် ဟုတ်လားခင်ဗျာ"
“သူက မင်းကို အသေးစိတ် ပြောပြလိမ့်မယ်။ ပြီးတော့ မင်းဆီ ဖုန်းတစ်ကော လာလိမ့်ဦးမယ်၊ ကိုင်ဖို့ မမေ့နဲ့ဦး”
ဂျွန်မင်းက ပြောပြီးတာနဲ့ ဖုန်းကို ချက်ချင်း ချပစ်လိုက်တယ်။ ဖုန်းနောက်ခံကနေ သီချင်းသံ တစ်ဘုန်းဘုန်း ကြားနေရတော့ သူ ဘယ်ရောက်နေလဲဆိုတာ မာရူး ခန့်မှန်းလို့မရဘူး။ လူကြီးတွေ သွားတဲ့ဆိုင်လား၊ ဒါမှမဟုတ် နိုက်ကလပ်လား။ လောလောလောလောနဲ့ သွားဖို့ပြောနေပုံရတာမို့ ဘာကိစ္စလဲဆိုတာတောင် သူ မမေးလိုက်ရဘူး။ မာရူးကတော့ နည်းနည်း ဝေခွဲမရဖြစ်ရင်းနဲ့ပဲ ဘတ်စ်ကားပေါ် တက်ခဲ့လိုက်တယ်။ သူက အနောက်ဘက်က လွတ်နေတဲ့ ခုံတစ်ခုံမှာ ထိုင်ပြီး ဖုန်းကို ကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ ဂျွန်မင်း ပြောခဲ့သလို သူ့ဖုန်းက မြည်လာခဲ့တယ်။
"ဟယ်လို"
“ဟန်မာရူး ရဲ့ ဖုန်းလားခင်ဗျာ”
"ဟုတ်ပါတယ်၊ ကျွန်တော် ဟန်မာရူး ပါ"
“ဪ၊ ဟုတ်ကဲ့။ အစ်ကိုကြီးဆီက ဖုန်းရပြီးပြီ မဟုတ်လား”
"ရပါပြီ၊ ဒါပေမဲ့ ဘာကိစ္စလဲဆိုတာ သေချာမကြားလိုက်ရလို့၊ ဘာကိစ္စများလဲခင်ဗျာ"
ကွက်တိပါပဲ၊ ရှေ့နားမှာ ဆူဝမ် ဘူတာရုံကို လှမ်းမြင်လိုက်ရတယ်။ ဘဲလ်သံ မြည်လာပြီးတဲ့နောက် လူတွေအားလုံး ထရပ်ကြတယ်။ ကားတစ်စီးလုံး ပြည့်ညှပ်နေတာမို့ မာရူးအနေနဲ့ ဖုန်းပြောရင်း ထရပ်လို့ရတဲ့ အခြေအနေ မဟုတ်ဘူး။ သူက တစ်ဖက်လူကို ချက်ချင်း ပြန်ဆက်လိုက်မယ်လို့ ပြောပြီး ဖုန်းချကာ ထရပ်လိုက်တယ်။ ဘတ်စ်ကားက ဆူဝမ် ဘူတာရုံကို ဆိုက်ရောက်လို့ အနောက်တံခါး ပွင့်သွားတဲ့အခါမှာတော့ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။
"ဟေ့... အရင်ဆင်းပါရစေဦးမှ တက်ကြပါဗျ"
"ဒီလူတွေကတော့ တကယ့်ကို စိတ်စောလွန်းတယ်"
ရုံးဆင်းချိန်ဖြစ်နေတာမို့ ဘတ်စ်ကားက ရှေ့ပေါက်ရော နောက်ပေါက်ကပါ လူတွေကို အန်ထုတ်နေသလို၊ တက်မယ့်လူတွေကလည်း ရှေ့ရောနောက်ပါ တိုးဝှေ့တက်နေကြတယ်။ အလုအယက် တက်ဖို့ ကြိုးစားနေကြတဲ့ လူအုပ်ကြီးကြားထဲကနေ မာရူး ခက်ခက်ခဲခဲ တိုးဝှေ့ပြီး ကားပေါ်က ဆင်းခဲ့ရတယ်။ အိမ်ကို စောစောပြန်ပြီး အနားယူချင်ကြတာကတော့ ကိုယ်ချင်းစာစရာ ဖြစ်ပေမဲ့ ဒီလို အတင်းတိုးလို့ တစ်ယောက်ယောက် ဒဏ်ရာရသွားရင် ဘယ်သူ့ကို သွားအပြစ်တင်ရမလဲ။
လူတွေ အပြည့်နဲ့ ထွက်ခွာသွားတဲ့ ဘတ်စ်ကားကြီးကို ငေးကြည့်ရင်း မာရူးက စောစောက ဖုန်းနံပါတ်ကို ပြန်နှိပ်လိုက်တယ်။
“ဆူဝမ် ဘူတာရုံကို ရောက်ပြီလားခင်ဗျာ”
"ဟုတ်ကဲ့၊ အရှေ့တည့်တည့်မှာ ရောက်နေပါပြီ"
“အားနာပေမဲ့ လက်ကလေး တစ်ချက်လောက် ဝှေ့ပြပေးလို့ ရမလား”
မာရူးက ဆူဝမ် ဘူတာရုံအရှေ့က လူကူးမြင်းကျားအောက်မှာ ရပ်ပြီး ခေါင်းပေါ်လက်မြှောက်ကာ ဝှေ့ပြလိုက်တယ်။ အဲဒီလို လုပ်လိုက်တော့ ဘေးနားမှာ ရပ်ထားတဲ့ ကားတစ်စီးက ဟွန်းတစ်ချက် တီးလိုက်ပြီး သူ့ဆီကို မောင်းကပ်လာတယ်။ အနက်ရောင် လက်ဆပ်စ် ကားလတ်တစ်စီး ဖြစ်နေတာပဲ။
"မစ္စတာ ဟန်မာရူး လားခင်ဗျာ" ကားပေါ်က ဆင်းလာတဲ့ လူက ပြုံးပြုံးရွှင်ရွှင်နဲ့ မေးလိုက်တယ်။ အသက် နှစ်ဆယ်လယ်ပိုင်းလောက် ရှိပုံရတဲ့ ထိုလူက ဂျင်းဘောင်းဘီနဲ့ ဟူဒီအင်္ကျီကို ဝတ်ထားတယ်။
"ဟုတ်ပါတယ်၊ ကျွန်တော် ဟန်မာရူး ပါ"
"မှန်သွားပြီပဲ၊ အနားက ကဖေးဆိုင်တစ်ဆိုင်ကို အရင်သွားကြမလား" ထိုလူက ပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း ပြောလိုက်တယ်။
"ဒါပေမဲ့ ဒီမှာ ကားရပ်ထားလို့ မရဘူးလေ"
"ဗျာ"
"ဒီနေရာက ယာဉ်စည်းကမ်း ဖမ်းတာက နောက်ပြောင်နေတာ မဟုတ်ဘူးနော်။ ကားရပ်ပြီး မိနစ်သုံးဆယ်ဆိုတာနဲ့ ဒဏ်ကြေးဖြတ်ပိုင်း အကပ်ခံရမှာ၊ ကံမကောင်းရင်တော့ ကားပါ အဆွဲခံရလိမ့်မယ်" မာရူးက ကားကို ညွှန်ပြရင်း ပြောလိုက်တယ်။ ဆူဝမ် ဘူတာရုံအရှေ့က လမ်းအခြေအနေက လမ်းပြင်နေတာကြောင့် တော်တော်လေး ရှုပ်ထွေးနေတာ၊ လမ်းရှစ်လမ်းထဲက သုံးလမ်းကို ပိတ်ပြီး ပြင်နေတာလေ။ အဲဒါကြောင့်ပဲ ဒီနေရာမှာ စည်းကမ်းမဲ့ ရပ်ထားတဲ့ ကားတွေကို ချက်ချင်း အဆွဲခံရတာ များတယ်။
"ဒါဆို ဘယ်လိုလုပ်ရမလဲ" သူက ဘာလို့ သူ့ကို လာမေးနေတာလဲလို့ မာရူး တွေးမိသွားတယ်။ နည်းနည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတဲ့ ထိုလူကို သူက ပြန်ဖြေလိုက်တယ်။
"ဟိုးဘက်ကို နည်းနည်း ထပ်မောင်းသွားရင်တော့ နေရာအလွတ် ရှိလိမ့်မယ်၊ အဲဒီကို သွားရအောင်"
"သွားကြမလား"
ထိုလူက ပြုံးလိုက်ပြီး ကားထဲ ပြန်ဝင်သွားတယ်။ မာရူးလည်း ဘေးနားက ခုံမှာ ဝင်ထိုင်လိုက်တယ်။ လေအေးပေးစက်ထဲက အနံ့က တော်တော်လေး စူးနေတာမို့ ကားအသစ် ဖြစ်ပုံရတယ်။
"မှန်တံခါးလေးတွေ ဖွင့်လိုက်ပါရစေဦး"
ထိုလူက လေအေးပေးစက်ကို ပိတ်ပြီး မှန်တံခါးကို ဖွင့်လိုက်တယ်။ ဘူတာရုံကို ကျော်ပြီးတဲ့နောက် ကားက ညာဘက်ကို ကွေ့ဝင်သွားခဲ့တယ်။ အဲဒီနေရာက စီးပွားရေးဇုန်နဲ့ တော်တော်လေး လှမ်းတာကြောင့် လမ်းရှင်းပြီး သွားလို့လာလို့ ပိုကောင်းတယ်။
"ဟိုနေရာလေး အဆင်ပြေမယ့်ပုံပဲ" ထိုလူက ညာဘက်က ကဖေးဆိုင်တစ်ဆိုင်ကို ညွှန်ပြရင်း ပြောတယ်။ သူ ကားရပ်ဖို့ နေရာရှာနေတုန်းမှာ မာရူးက ဂီယာဘောက်စ် ဘေးနားမှာ ရှိနေတဲ့ မုန့်အစအနကို လှမ်းကြည့်နေမိတယ်။ မုန့်ရဲ့ မျက်နှာပြင်က တစ်ကိုက် ကိုက်ပြီး ပစ်ထားတာ ကြာပြီဖြစ်တဲ့ပုံစံမျိုးနဲ့ ခြောက်ကပ်နေတာပဲ။ အဲဒီဘေးမှာတော့ သောက်တောင် မသောက်ရသေးတဲ့ ပဲနို့ဘူးတစ်ဘူး ရှိနေတယ်။
"ညစာ စားပြီးပြီလားခင်ဗျာ"
"ဗျာ... အာ... မစားရသေးပါဘူး" ထိုလူက ကသိကအောက်နဲ့ ပြုံးလိုက်တယ်။
"ကဖေးဆိုင်ထက်စာရင် ဟိုဘက်က ကုတ်ဘတ်ဆိုင်ကို သွားရင်ကော။ စကားပြောရတာ ပိုအဆင်ပြေမယ် ထင်တယ်"
"သွားကြမလား"
ထိုလူ့မျက်နှာက သိသိသာသာကို လင်းခနဲ ဖြစ်သွားတယ်။ အလုပ်လုပ်နေတုန်းမှာ အနည်းဆုံးတော့ ထမင်းဝအောင် စားသင့်တယ်လို့ တွေးပြီး မာရူးက ထိုလူ့ကို သနားသလို ကြည့်မိသွားတယ်။ ကားပေါ်က ဆင်းပြီးတဲ့နောက် သူတို့နှစ်ယောက်လုံး ဘေးနားမှာ ဧရာမ အိုးကြီးတစ်လုံး တဒေါက်ဒေါက် ဆူပွက်နေတဲ့ ဆိုင်အဝင်ဝထဲကို ဝင်လာခဲ့ကြတယ်။ ဒီဆိုင်က ဆိုင်းဘုတ်ကလည်း ဟောင်းနွမ်းနေပြီး ဆူဝမ် နဲ့လည်း တော်တော်လေး လှမ်းတဲ့နေရာမှာ ရှိတာမို့ လူသိပ်ရှိမှာမဟုတ်ဘူးလို့ မာရူး ထင်ထားခဲ့ပေမဲ့ မမျှော်လင့်ဘဲ ဖောက်သည်တွေ အတော်လေး များနေတာကို တွေ့လိုက်ရတယ်။
"ဒုတိယထပ်မှာ စားပွဲအလွတ် ရှိပါတယ်ခင်ဗျာ"
သူတို့က ဆိုင်ဝန်ထမ်းတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့အတူ ဒုတိယထပ်ကို တက်လာခဲ့ကြတယ်။ ပြတင်းပေါက်နားမှာ ထိုင်လိုက်တဲ့အချိန်မှာပဲ အဒေါ်ကြီးတစ်ယောက်က ရေပတ်ဝတ်တွေနဲ့ ရေဘူးတစ်ဘူးကို ချက်ချင်း လာချပေးတယ်။
"ကျွန်မတို့ဆိုင်မှာ ဆောလုံထန် တစ်မျိုးပဲ ရပါတယ်ရှင်။ နှစ်ပွဲ ပေးရမလား"
"ဟုတ်ကဲ့၊ နှစ်ပွဲ ပေးပါ"
ထိုလူက စကားပြောရမှာကို တတ်နိုင်သမျှ အားနာနေပုံရတာမို့ မာရူးကပဲ ကိုယ်စား ပြန်ဖြေပေးလိုက်တယ်။ ထိုလူက ရေခွက်ထဲ ရေငှဲ့ပြီး မာရူးကို ကမ်းပေးတယ်။ ကိုယ့်ထက် အသက်ကြီးတဲ့သူက ကိုယ့်ကို အောက်ကျို့ပြီး ပြုမူနေတာမို့ မာရူး စိတ်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရတယ်။ မာရူးက ထိုလူ့လက်ထဲက ရေကန်တော့အိုးကို လှမ်းယူလိုက်ပြီး ထိုလူ့အတွက် ပြန်ငှဲ့ပေးလိုက်တယ်။
"ကျေးဇူးပါပဲဗျာ"
ထိုလူက ရေကို ခပ်မြန်မြန် မော့သောက်လိုက်တယ်။ သောက်ပြီးတဲ့နောက် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ရင်း
"အား... ဟုတ်သားပဲ၊ အခု ဒီလို လုပ်နေရမယ့် အချိန် မဟုတ်ဘူး"
"ဟို... မလောပါနဲ့၊ ထမင်းစားပြီးမှ အေးအေးဆေးဆေး ပြောလည်း ရပါတယ်။ တကယ်လို့ အလုပ်မရှုပ်ဘူးဆိုရင်ပေါ့လေ"
"ကျွန်တော့်မှာ အချိန်တွေ အများကြီး ရှိပါတယ်ဗျာ။ ကျွန်တော်က မောင်ရင်ပဲ..."
"ကျွန်တော်က အဆင်ပြေပါတယ်။ ဒါထက် ကျွန်တော် ခင်ဗျားနာမည်ကို မသိရသေးဘူးနော်"
"အား... ဟုတ်သားပဲ"
ထိုလူက သူ့ရင်ဘတ်အိတ်ကပ်ကို ကပျာကယာ နှိုက်ရှာပေမဲ့ တစ်ခုခုကို သတိရသွားပုံရပြီး အိတ်ထဲကို လက်လှမ်းလိုက်ပြန်တယ်။ သူက တကယ့်ကို ပျာပျာသလဲ ဖြစ်နေတာပဲ။
"ရော့... ဒီမှာပါ"
သူက လက်နှစ်ဖက်နဲ့ နာမည်ကတ်ပြားတစ်ခုကို ကမ်းပေးလာတယ်။ နာမည်ကတ် ဟုတ်လား။ မာရူးလည်း နာမည်ကတ်ကို လက်နှစ်ဖက်နဲ့ လှမ်းယူလိုက်တယ်။ သူ့မျက်လုံးထဲ ပထမဆုံး ဝင်လာတာကတော့ 'JA Production' ဆိုတဲ့ စာလုံးတွေပဲ။ ဒါဆို သူက ကုမ္ပဏီတူကပေါ့။ သူ့နာမည်က လီဗြောင်ချန်း ဖြစ်ပြီး ဖုန်းနံပါတ်လည်း ပါဝင်နေတယ်။
"ကျွန်တော့်နာမည်က လီဗြောင်ချန်း ပါဗျာ၊ ဒီနေ့ကစပြီး မောင်ရင့်ရဲ့ မန်နေဂျာအဖြစ် တာဝန်ယူရမှာပါ။ မောင်ရင့်ရဲ့ တောင်းဆိုချက်တွေ၊ အခက်အခဲတွေနဲ့ အချိန်ဇယားတွေကို ကျွန်တော် အတတ်နိုင်ဆုံး အမြန်ဆုံး ဖြေရှင်းပေးသွားမှာပါ"
အဲဒီအချိန်မှာပဲ သူတို့မှာထားတဲ့ ဆောလုံထန် ရောက်လာခဲ့တယ်။ လီဗြောင်ချန်း က အစားအစာတွေကို ကြည့်ပြီး မျက်လုံးတွေ ဝေဒါးနေရှာတယ်။
"ဟို... အရင်စားလိုက်ပါဦး"
"ဒါဆိုလည်း အားမနာတော့ဘူးနော်"
သူက ဇွန်းနဲ့ အဝကြီး ခတ်စားတော့တယ်။ ဒီနေ့အတွက် ဒါဟာ ပထမဆုံး ထမင်းတစ်လုပ် ဖြစ်နေသလိုမျိုး အသက်တောင် မရှူတမ်း စစားနေတာပဲ။ ရှေ့မှာ ရှိသမျှ အရာအားလုံးကို သောက်ချပစ်နေသလိုမျိုးပါပဲ။ မာရူးကတော့ ကတ်ကူဒီ အရည်ကို ဟင်းရည်ထဲ နည်းနည်းလောင်းထည့်ပြီး သမအောင် မွှေလိုက်တယ်။ ပျစ်ပျစ်နဲ့ ပူပူနွေးနွေး ဟင်းရည်က သူ့အကြိုက် ကွက်တိပဲ။ ညစာကို ဆန်းဒဝစ်ပဲ စားထားခဲ့လို့ ထင်ပါရဲ့၊ သူလည်း ဗိုက်ဆာလာတာမို့ လီဗြောင်ချန်း ကို ဂရုမစိုက်အားဘဲ အားရပါးရ စားလိုက်မိတယ်။
"ဟူး... ကောင်းလိုက်တာဗျာ"
လီဗြောင်ချန်း က ကျေနပ်အားရတဲ့ အပြုံးမျိုးနဲ့ ပြုံးလိုက်တယ်။ မာရူးလည်း ဇွန်းကို ချလိုက်ပြီး
"ထမင်းကောင်းကောင်းမစားရတာ ကြာလို့ ခေါင်းတွေတောင် မူးနေတာ၊ အခုမှပဲ လူက လန်းသွားတော့တယ်"
"အလုပ်တွေ သိပ်ရှုပ်နေပုံရတယ်နော်"
"ဟုတ်ပါပတ်ဗျာ၊ ဒီနေ့က ဒီအလုပ်ကို စလုပ်တဲ့ ပထမဆုံးနေ့ဆိုတော့ အရာအားလုံးက အသစ်အဆန်းတွေ ဖြစ်နေတာလေ။ မူလကတော့ ကျွန်တော်လည်း သရုပ်ဆောင်ဖြစ်ချင်ခဲ့တာ၊ ဒါပေမဲ့ အရည်အချင်း မပြည့်မီလို့ ထင်ပါရဲ့၊ အဆင်မပြေခဲ့ဘူး။ မိဘတွေက စိတ်ပူနေကြတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေမိရင်းနဲ့ မတော်တဆ မန်နေဂျာ ဖြစ်လာတာပါ။ အာ... ဆောရီးဗျာ၊ ရုတ်တရက်ကြီး ပျင်းစရာကောင်းတဲ့ အကြောင်းတွေ ပြောမိသွားပြီ"
ဟားဟား... လီဗြောင်ချန်း က ကသိကအောက် ရယ်ရင်း သူ့ခေါင်းကို ကုတ်လိုက်တယ်။ သူ့အသက်အရွယ်အပိုင်းအခြားက လူတွေ ရုန်းကန်ရခက်ခဲတယ်ဆိုတာ မာရူး သိတာမို့ ဒီလူက အဲဒီအကြောင်းကို ပြုံးပြုံးရွှင်ရွှင် ပြောနိုင်တာကို သူ သဘောကျမိသွားတယ်။
"ဪ... ဟုတ်သားပဲ၊ ဒီနေ့ လာရတဲ့ အဓိကအကြောင်းရင်းက မောင်ရင့်ကို နှုတ်ဆက်ဖို့နဲ့ ရင်းနှီးအောင် လုပ်ဖို့ ဖြစ်ပေမဲ့ ကျွန်တော်တို့ လုပ်စရာ ရှိတာလေးလည်း ရှိသေးတယ်"
"လုပ်စရာ ရှိတာ ဟုတ်လားခင်ဗျာ"
"ဟုတ်ကဲ့၊ အစ်ကိုကြီးဆီက ကြားပြီးပြီလားတော့ မသိဘူး၊ ဇာတ်လမ်းတွဲ တစ်ခုကလေ..."
"ဟုတ်ကဲ့၊ ကြားဖူးပါတယ်၊ တော်တော်နဲ့ အကြောင်းပြန်မလာတော့ ပျက်သွားပြီလို့ ထင်နေတာ"
"တကယ်တော့ အဲဒီအတွက် နက်ဖြန် အချိန်ဇယား ထွက်လာလို့ပါ" လီဗြောင်ချန်း က အိတ်ထဲကနေ ပစ္စည်းတစ်ခုကို သေသေချာချာ ထုတ်ယူလိုက်တယ်။ အဲဒါကတော့ A4 စာရွက်အထပ်လိုက်ကြီးပဲ။ အပေါ်ဆုံးမှာတော့ 'လူငယ်မျိုးဆက်' လို့ ရေးထားတယ်။ "သိတယ် မဟုတ်လား၊ မနေ့ကတင် စပြီး ထုတ်လွှင့်နေတဲ့ လူငယ်ဇာတ်လမ်းတွဲလေ"
"ဟင့်အင်း၊ ကျွန်တော် တီဗီ သိပ်မကြည့်ဖြစ်ဘူးဗျ"
မာရူးရဲ့ အဖြေကို ကြားတော့ လီဗြောင်ချန်း က မျက်တောင် တဖျတ်ဖျတ် ခတ်သွားရှာတယ်။ ခဏလောက် ကြောင်အမ်းအမ်း စိုက်ကြည့်နေပြီးတဲ့နောက်မှာတော့ စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားရင်း ကသိကအောက် ရယ်လိုက်ပြန်တယ်။ တီဗီမကြည့်ဘူးဆိုတာက ဒီလောက်တောင် အံ့ဩစရာ ကောင်းလို့လား။
"ဟု... ဟုတ်ပါတယ်၊ ခုတလော တီဗီမှာ ကြည့်စရာလည်း သိပ်မရှိပါဘူးလေ။ အဲ... ဘာပဲဖြစ်ဖြစ် ဒါက KBS ကနေ လွှင့်တဲ့ ဇာတ်လမ်းတွဲပဲ၊ အခု အပိုင်း ၃ စနေပြီ။ အပိုင်း ၁ တုန်းက သရုပ်ဆောင်တွေက သိပ်တော်ကြတော့ ဒီဇာတ်လမ်းတွဲက အောင်မြင်ကျော်ကြားဖို့အတွက် လမ်းစတစ်ခုလို ဖြစ်နေတာပေါ့"
"ဪ... ဟုတ်ကဲ့" မာရူး တစ်ခုခုကို သတိရသွားတယ်။ ဒါ သူ့ညီမလေးက သူ့ကို ကြည့်ဖို့ ညွှန်းထားတဲ့ ဇာတ်လမ်းတွဲတွေထဲက တစ်ခုပဲ။
"ပြီးတော့ မောင်ရင်က နက်ဖြန် အဲဒီထဲမှာ ဇာတ်ရံအဖြစ် ပါဝင်ရမှာပါ"
"ဗျာ... ကျွန်တော်လား" အလှည့်ကျတာကတော့ မာရူး အံ့ဩရမယ့် အလှည့်ပဲ။ အခုမှ ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲဆိုရင် သရုပ်ဆောင်စာရင်းတွေ အားလုံး သတ်မှတ်ပြီးသား ဖြစ်ရမှာလေ။ ဒါကို ရုတ်တရက်ကြီး သူက အခန်းကဏ္ဍတစ်ခု ရလာတယ် ဟုတ်လား။
"ဟို... အဲဒါကတော့..." လီဗြောင်ချန်း က မာရူးရဲ့ မျက်လုံးချင်း မဆိုင်ဘဲ ရှောင်ဖယ်ရင်း တုံ့ဆိုင်းနေတယ်။ သူက မကောင်းတဲ့ အကြောင်းအရာတွေကို ပြောရမှာ မကြိုက်တဲ့ လူစားမျိုးပဲ။ ဒီလိုလူတွေက မုသားစကားကိုလည်း အလွယ်တကူ မပြောတတ်ကြဘူး။ မာရူးက ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းရင်း တချို့ကို စဉ်းစားလိုက်ပြီး အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုကိုပဲ ထုတ်ပြောလိုက်တယ်။
"ကျွန်တော်က လူစားထိုး ဝင်ရမှာပေါ့၊ ဟုတ်လား"
"အာ... ဟုတ်ကဲ့၊ အဲဒီလိုပါပဲ။ ကျွန်တော် အကြမ်းဖျင်း ကြည့်လိုက်ရသလောက်တော့ မောင်ရင့်ရဲ့ အခန်းက တခြားလူတွေ ရန်ဖြစ်နေတာကို ဝင်တားရင်းနဲ့ တစ်ချက် အရိုက်ခံရမှာပါ။ စကားပြောခန်း နည်းနည်းလည်း ပါတယ်နော်" လီဗြောင်ချန်း က ဇာတ်ညွှန်းကို လှန်လှောရင်း ပြောပြတယ်။ ညွှန်ကြားချက်ထဲမှာတော့ 'အရိုက်ခံရပြီးနောက် စိုက်ကြည့်ရန်' လို့ ရေးထားတာပဲ။ မာရူး ခေါင်းငြိတ်လိုက်မိတယ်။ သူ့ရဲ့ အရင်ဘဝတုန်းက ရိုက်ကွင်းမန်နေဂျာ လုပ်ခဲ့စဉ်က ဒီလိုအရာတွေက ရိုးအိနေပြီလေ။ တေဟတ်ရို မှာ အလကားနေတဲ့ သရုပ်ဆောင်တွေ အများကြီး ရှိပြီး ဒါရိုက်တာတွေက သူတို့ကို ဈေးပေါပေါနဲ့ လူစားထိုး သရုပ်ဆောင်ခိုင်းလေ့ ရှိကြတယ်။
'ကွဲပြားတာတစ်ခု ရှိရင်တော့ ဒါ ဂျွန်မင်း က ငါ့ကို ထည့်ပေးလိုက်တာပေါ့လေ။' ဇာတ်လမ်းတွဲ ဒါရိုက်တာတစ်ယောက်က ရုတ်တရက်ကြီး 'ငါ ဟန်မာရူး ဆိုတဲ့ ကောင်လေးကို ထည့်ရမယ်' လို့ တွေးစရာ အကြောင်းမရှိဘူး။ ဒါ ဂျွန်မင်း က အခွင့်အရေးကို ဖမ်းဆုပ်ပြီး မာရူးကို အဲဒီ လွတ်နေတဲ့ နေရာထဲ ထိုးထည့်လိုက်တာ နေမှာပဲ။ သူက ဒါရိုက်တာနဲ့ ရင်းနှီးရင်တော့ ဒါက အေးဆေး လုပ်နိုင်တဲ့ အလုပ်ပဲ။ အဓိကဇာတ်ဆောင်နေရာလည်း မဟုတ်တာမို့ ကြီးကြီးမားမား ပြဿနာရှိမှာ မဟုတ်ပါဘူး။
အဲဒီလို စဉ်းစားနေတုန်းမှာပဲ မာရူးက ဇာတ်ညွှန်းကို ဖတ်နေတဲ့ လီဗြောင်ချန်း ရဲ့ မျက်လုံးတွေကို လှမ်းမြင်လိုက်ရတယ်။ ချစ်သူဟောင်းကို လွမ်းဆွတ်တမ်းတနေတဲ့ မျက်လုံးမျိုးနဲ့ တူလှတယ်။ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိပ်မက်ကို စွန့်လွှတ်ပြီး မန်နေဂျာ လုပ်နေရတဲ့သူမို့ ဒါက ကိုယ်ချင်းစာစရာပါပဲ။
"... ဪ... ဖတ်လို့ ပြီးပြီလားခင်ဗျာ"
"ဟုတ်ကဲ့၊ ပြီးပါပြီ"
"ဒီ... ဒီလို ဖြစ်သွားတာပါ။ ဒါပေမဲ့ ရိုက်ကူးရေးက မနက်ပိုင်းဆိုတော့ ကျောင်းခွင့်တိုင်ရလိမ့်မယ်... အဆင်ပြေပါ့မလား မသိဘူး"
"တစ်ဝက်လောက်ဆို အဆင်ပြေပါတယ်၊ နည်းနည်းပါးပါး ပျက်ရုံနဲ့ ဘာမှ ပြဿနာမရှိပါဘူး"
"အာ... ဟုတ်ကဲ့ပါ"
"ဒါပေမဲ့ ကျွန်တော် အကူအညီတစ်ခု တောင်းချင်တယ်"
"ဟုတ်ကဲ့၊ ရပါတယ်၊ ပြောပါဗျာ"
"ကျွန်တော့်ကို အဲဒီလောက်ကြီး ယဉ်ကျေးမနေပါနဲ့။ နောင်ကျရင် ကျွန်တော်တို့ ခဏခဏ တွေ့ရဦးမှာပဲဟာ"
"ဗျာ... အဲ... အဲဒီလို လုပ်ရမလား"
"ဟုတ်တယ်လေ၊ ကျွန်တော်လည်း ခင်ဗျားကို အစ်ကိုလို့ပဲ ခေါ်မယ်"
"ဒါဆိုရင်တော့ ကျွန်တော့်အတွက် ပိုအဆင်ပြေတယ်။ ဟား... ဟားဟား"
သူ့ခေါင်းကို ကုတ်နေတုန်းမှာပဲ လီဗြောင်ချန်း က တုန်ခနဲ ဖြစ်သွားပြီး အိတ်ကပ်ထဲကို လက်နှိုက်လိုက်တယ်။ ဖုန်းလာနေပုံရတာပဲ။
"ခဏလေးနော် မောင်ရင်... အာ... မဟုတ်ဘူးလေ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဆူအီ။ အာ... ဟုတ်ကဲ့၊ အချိန်ဇယားကို စစ်ဆေးပြီး ချက်ချင်း ပြန်ဆက်လိုက်ပါ့မယ် ခင်ဗျာ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ စိတ်ချလက်ချ နားနေပါဗျာ"
ဖုန်းချပြီးတဲ့နောက် လီဗြောင်ချန်း က သက်ပြင်းချလိုက်တယ်။
"အလုပ်ရှုပ်နေပုံရတယ်နော်"
"ဟုတ်ကဲ့... အာ... ဟုတ်တယ်၊ ငါက လူတစ်ယောက်တည်းအတွက် မန်နေဂျာ လုပ်နေရတာ မဟုတ်လို့လေ"
"လူအများကြီးကို တာဝန်ယူထားရတာလား"
"အင်း၊ တကယ့်သရုပ်ဆောင်တွေထက် အလုပ်နည်းတဲ့ ကျောင်းသားတွေကို တာဝန်ယူထားရတာ။ ဒါပေမဲ့ JA ထဲမှာ ကျောင်းသား သရုပ်ဆောင်တွေ အတော်လေး များတယ်နော်။ မောင်ရင့်လိုမျိုး ကျောင်းတက်ရင်း သရုပ်ဆောင်နေတဲ့သူတွေ အများကြီးပဲ ရှိတာ"
"ဟုတ်လား၊ ကုမ္ပဏီထဲမှာ ကျွန်တော့်အရွယ်တွေ ဘယ်လောက်ရှိလဲဆိုတာ မသိခဲ့ဘူး။ ဒါဆို စောစောက ဆူအီ ဆိုတဲ့သူကလည်း ကျွန်တော်နဲ့ အသက်တူတူပဲပေါ့"
"အင်း၊ သူလည်း အထက်တန်းကျောင်းသားပဲ။ ဒါပေမဲ့ သူက နည်းနည်း ဂျီးများတယ်၊ ဒါမှမဟုတ် အလုပ်နဲ့ ပုဂ္ဂိုလ်ရေးကို အပြတ် ဖြတ်ထားတတ်တယ်လို့ ပြောရမလားပဲ။ သူ့အနားမှာ စိတ်ပေါ့ပေါ့ပါးပါး နေဖို့က နည်းနည်း ကြောက်ဖို့ကောင်းတယ်"
လီဗြောင်ချန်း က ခပ်မှိန်မှိန်လေး ပြုံးလိုက်တယ်။ မာရူးက ထိုလူ့ခံစားချက်ကို နားလည်တယ်။ မန်နေဂျာတွေဆိုတာ သူတို့ တာဝန်ယူထားရတဲ့သူတွေနဲ့ ယှဉ်ရင် လုံးဝကို အားနည်းတဲ့သူတွေလေ။ တာဝန်ယူရတဲ့သူက ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေရင် ပိုပြီးတော့တောင် သိမ်ငယ်စိတ် ဝင်ရသေးတယ်။ 'ဒီကလေးက သူ့အသက်အရွယ်နဲ့ သန်းချီရှာနေတဲ့အချိန်မှာ ငါကတော့ ကားဂီယာတံကို ကိုင်ပြီး မောင်းပေးနေရတုန်းပဲ' ဆိုတဲ့ အခြေခံ အတွေးမျိုးပေါ့။ အလင်းရောင် ပိုလင်းလေ၊ အရိပ်က ပိုမှောင်လေဆိုတာမျိုးကတော့ တားဆီးလို့ မရနိုင်ပါဘူး။
"ကျွန်တော့်အနားမှာတော့ အေးအေးဆေးဆေး နေပါ၊ ကျွန်တော်တို့ နှစ်ယောက်စလုံး ရုန်းကန်နေကြရတာပဲဟာ"
"ကျေးဇူးပါပဲဗျာ။ ဟူး... တကယ်တော့ မောင်ရင်က ကဖေးဆိုင်ထက် ဒီကို လာကြစို့လို့ ပြောတုန်းက ငါ တကယ်ကို ငိုချင်မတတ် ဝမ်းသာသွားတာ၊ တကယ့်ကို ကျေးဇူးတင်ပါတယ်"
ဒီလူ့ရဲ့ အပြုံးက တကယ့်ကို ကြည့်လို့ကောင်းပါတယ်။ တကယ်လို့ ဒီလူသာ သူ့ရဲ့ မန်နေဂျာ ဖြစ်လာရင် ရင်းရင်းနှီးနှီး နေလို့ အဆင်ပြေမယ်လို့ မာရူး ခံစားလိုက်ရတယ်။
"ထကြမလား၊ ကျွန်တော် သွားရတော့မယ်"
"ဒါဆိုလည်း သွားကြတာပေါ့"
လီဗြောင်ချန်း က သူ့ခွက်ထဲက ရေကို ကုန်အောင်သောက်ပြီး ထရပ်လိုက်တယ်။
'ဒါနဲ့ နေပါဦး... မန်နေဂျာတွေက နာမည်ကတ် ဆောင်တတ်ကြလို့လား' မာရူးက သူ့ပိုက်ဆံအိတ်ထဲက နာမည်ကတ်ကို စဉ်းစားနေမိတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အစ်ကိုကြီးက လုပ်ပေးထားတာလည်း ဖြစ်နိုင်တာပဲ။
ဆိုင်ထဲကနေ ထွက်လာပြီးနောက် မာရူးက လီဗြောင်ချန်း ရဲ့ ကားနဲ့ ဆူဝမ် ဘူတာရုံအထိ လိုက်လာခဲ့တယ်။ သူက အိမ်အထိ လိုက်ပို့မယ့်ပုံစံ ဖြစ်နေပေမဲ့ တော်တော်လေး ပင်ပန်းနေပုံရတာမို့ မာရူးကပဲ သူ့ကို ပြန်လွှတ်ချင်နေမိတယ်။
"ဒါဆို အစ်ကိုလည်း ပြန်တော့လေ၊ ပြီးတော့ အိပ်ရေးဝဝ အိပ်ဦးနော်။ ငိုက်နေတုန်း ကားမမောင်းပါနဲ့ဦး"
"ကောင်းပါပြီ၊ မောင်ရင်လည်း သတိထားသွားဦးနော်"
မှန်တင်ပြီး ထွက်ခွာတော့မယ့် လီဗြောင်ချန်း က မှန်ကို ပြန်ချလိုက်ရင်း
"နောင်ကျရင်လည်း ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦးနော်"
"ဟုတ်ကဲ့ပါ"
လီဗြောင်ချန်း က ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဝှေ့ပြလိုက်တော့တယ်။
* * * * * * * * *