အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း(၂၉၇)
“ညမိုးချုပ်မှ အနှောင့်အယှက်ပေးမိတာ အားနာပါတယ်ဗျာ”
“ရပါတယ်၊ အဲဒါထက် နောက်ခါလည်း ဒီလိုခဏခဏ ပျက်ကွက်ဖို့ရှိနေရင် မပျက်ခင်တစ်ရက်မှ လာမပြောပါနဲ့။ ခွင့်တိုင်စာရွက်စာတမ်းတွေကို တစ်ခါတည်း စုပြီးသာ ပို့ထားလိုက်ပါ။ အဲဒါမှ ကျွန်တော့်အတွက်လည်း အလုပ်ရှုပ်သက်သာမှာ။ ကဲ... ကောင်းကောင်း အနားယူလိုက်ဦးလေ”
ဖုန်းချပြီးနောက် ဟန်မာရူးက ကုတင်ပေါ်လှဲချလိုက်ရင်း ဇာတ်ညွှန်းကို လှမ်းကြည့်လိုက်တယ်။ သူ့ရဲ့ စကားပြောခန်းက ရိုးရိုးလေးပါပဲ။ ‘ဟေ့ ဟေ့ တော်ကြတော့’ လို့ အော်ရမယ်၊ ပြီးရင် အရိုက်ခံရမယ်ပေါ့။ သိတယ်မလား၊ ရန်ပွဲကြားထဲ ညှပ်ပြီး နှစ်ဖက်လုံးရဲ့ ထုထိုက်ထောင်းထိုက်တာကို ခံရတဲ့ ကောင်မျိုးလေ။ သူ မနက်ဖြန် သရုပ်ဆောင်ရမယ့် ‘ကျောင်းသား ၁’ ဆိုတာ အဲဒီလို အခန်းကဏ္ဍမျိုး ဖြစ်နေတယ်။
ကျောင်းသားအချင်းချင်း ချကြတဲ့ ရန်ပွဲဆိုတော့ ဆန်းပြားတဲ့ အက်ရှင်တွေလည်း ပါမှာမဟုတ်ပါဘူး။ ယောင်ချာချာနဲ့ ဝင်လာတဲ့ လက်သီးတစ်ချက်လောက် အမိအရ ခံလိုက်ရုံနဲ့တင် ပွဲက ပြီးသွားလောက်တယ်။ သူ သရုပ်ဆောင်ရမယ့် အခန်းရဲ့ ရှေ့က အခန်းရော နောက်က အခန်းအပါအဝင် ဇာတ်ညွှန်းတစ်ခုလုံးကို ငါးခေါက်လောက် အစအဆုံး ဖတ်ကြည့်လိုက်တယ်။ ဇာတ်လမ်းရဲ့ စီးဆင်းမှုကို အကဲခတ်နေဖို့လည်း အဓိပ္ပာယ်မရှိသလို၊ သီးသန့် လေ့ကျင့်နေဖို့လည်း အကြောင်းမရှိပါဘူး။ အရံလူဆိုတာ အရံလူလိုပဲ နေရမှာလေ။ သူ့လို အရံလူတစ်ယောက်ကမှ လူအများ စိတ်ဝင်စားအောင် လုပ်ချင်နေရင် အဲဒါက ပိုပြီး ပြဿနာတက်စရာ ဖြစ်လာလိမ့်မယ်။ သူ လုပ်ရမှာက ရိုက်ချက်တစ်ချက် မိသွားမယ်၊ ကြမ်းပြင်ပေါ် လိမ့်ပတ်သွားမယ်၊ ပြီးရင် အခန်းထဲက ထွက်သွားရုံပဲ။ ဒါပါပဲ။ ဇာတ်လမ်းတွဲတွေက ရုပ်ရှင်တွေနဲ့ ပင်ကိုယ်စရိုက်ချင်း မတူတာကြောင့် ဒီအလုပ်ထဲ သူ့ရဲ့ ခွန်အားတွေကို အားသွန်ခွန်စိုက် ထည့်နေဖို့ မလိုဘူးလို့ တွေးမိတယ်။
မာရူးက ဇာတ်ညွှန်းကို စာရေးစားပွဲပေါ် တင်ထားခဲ့ပြီး သူ့အခန်းထဲကနေ ထွက်လာခဲ့တယ်။
တီဗီကို တစ်ယောက်တည်း ကြည့်နေတဲ့ ဟန်ဘာဒါက လန့်ဖျပ်သွားပြီး ရီမုဒ်ကို တစ်နေရာရာမှာ ဝှက်လိုက်တယ်။ တီဗီမှာ လာနေတာက TTO အစီအစဉ် ဖြစ်နေတယ်။
“ငါ လုမလို့ မဟုတ်ပါဘူးဟ”
“ပြီးရင် အစ်ကိုက သတင်းပြောင်းကြည့်ဦးမှာမလား။ ညီမကို အထင်သေးနေတာလား”
“နင်က ငါ့အပေါ် ယုံကြည်မှု တော်တော်နည်းတာပဲကိုး။ လူအချင်းချင်း ပိုပြီး ယုံကြည်ပေးသင့်တယ်လေ။ အဲဒါထက် ရီမုဒ် ခဏပေးစမ်းပါဦး”
“ဝေးသေးတယ်”
ဘာဒါက တခိခိရယ်ရင်း ရီမုဒ်ကို ဆိုဖာအောက်ထဲ ထိုးထည့်ကာ အပေါ်ကနေ ဖိထိုင်လိုက်တယ်။ တီဗီခလုတ်ကနေတင် လိုင်းပြောင်းလို့ရတယ်ဆိုတာကို သတိပေးချင်စိတ် ပေါက်လာပေမယ့် မာရူးတစ်ယောက် စိတ်လျှော့လိုက်တယ်။
“မေမေကော”
“ဒီနေ့ နောက်ဆုံးဆင်းရတဲ့ အလှည့်လေ။ ၁၁ နာရီလောက်မှ ပြန်ရောက်မှာ”
“ဖေဖေကော”
“အချိန်ပိုဆင်းရတယ်၊ အသေးစိတ်တော့ မသိဘူး၊ စက်တစ်လုံး ပျက်သွားလို့ ထင်တယ်ပဲ။ ဒီည အိမ်ပြန်လာမှာ မဟုတ်ဘူး”
“ဟူး... အဲဒီစက်ရုံကတော့ တကယ့်ကို ကံကောင်းခြင်းတွေနဲ့ လွဲချော်နေတာပဲ”
တီဗီကို ခဏလောက် အတူကြည့်နေရင်း မာရူးက သူ့ညီမကို လှမ်းမေးလိုက်တယ်။
“စားစရာ တစ်ခုခု ရှိလား”
စောစောက ဟင်းရည် သောက်ထားလို့ ပြည့်အင့်နေတဲ့ သူ့ဗိုက်က အခုတော့ ပြန်ပြီး ဟာလာဟင်းလင်း ဖြစ်နေပြီလေ။
“ဗီရိုထဲမှာ အသင့်စား ခေါက်ဆွဲခြောက်ရှိတယ်။ ညီမဟာပဲ၊ ဒါပေမယ့် ပေးစားမယ်။ တစ်လုပ်ပဲနော်”
ဘာဒါက သူမကိုယ်တိုင်တော့ ထမချက်ပေးနိုင်ဘူးလို့ အပိုဆောင်းပြောလိုက်တာကြောင့် မာရူးက ခေါင်းခါလိုက်ရင်း မီးဖိုချောင်ဆီ လျှောက်သွားခဲ့တယ်။ သူမ ပြောတာနဲ့မတူဘဲ ဗီရိုထဲမှာ ခေါက်ဆွဲခြောက် နှစ်ထုပ် တောင်ရှိနေတာပဲ။ အဲဒါက ပင်လယ်စာအစပ် ခေါက်ဆွဲခြောက် ဖြစ်ပေမယ့် အရသာကတော့ ပင်လယ်စာအစပ် ခေါက်ဆွဲ အရသာနဲ့ လုံးဝမတူပါဘူး။
သူက အလူမီနီယံ အိုးအသေးတစ်လုံးကို ထုတ်လိုက်ပြီး ရေထည့်ကာ တည်လိုက်တယ်။ ရေဆူမယ့်အချိန်ကို စောင့်ရင်း ဧည့်ခန်းထဲမှာ တီဗီပြန်ကြည့်နေမိတယ်။ ရိုက်ကွင်းတုန်းက တွေ့ခဲ့ရတဲ့ ဆွန်းဂျဲ ဆိုတဲ့ လူကို တီဗီထဲမှာ မြင်လိုက်ရတယ်။ သူက မိတ်ကပ်တွေ ပြင်ဆင်ထားပြီး စင်ပေါ်မှာကျတော့ တခြားလူတစ်ယောက်လို လုံးဝ ပြောင်းလဲနေတာပဲ။
‘အဆိုတော်လည်း ဟုတ်တယ်၊ တစ်ချိန်တည်းမှာ မင်းသားလည်း လုပ်တာပေါ့’
ကန်ဂန်ဟွမ် ပြောခဲ့တဲ့ စကားတွေကို သူ ပြန်သတိရမိတယ်။ တကယ်လို့ လူကြိုက်နည်းလို့ ရှုံးနိမ့်သွားရင် စိတ်သက်သာရာရအောင် ဖျောင်းဖျလို့ရပေမယ့်၊ ကိုယ့်ရဲ့ အရည်အချင်းကြောင့်မို့လို့ ထုတ်ခံလိုက်ရရင်တော့ ဘာမှ ဆင်ခြေပေးပိုင်ခွင့် မရှိတော့ဘူးဆိုတာလေ။
အိုင်ဒေါတွေဆိုတာ ဖျော်ဖြေရေးလောကရဲ့ သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းမှာပါ ခြေစုံပစ် ဝင်ရောက်နေကြတဲ့ သူတွေ ဖြစ်နေတယ်။ အရင်တုန်းကတော့ သူတို့ဟာ နာမည်ကြီးမှုကိုပဲ အသုံးချပြီး ဇာတ်လမ်းတွဲတွေမှာ နေရာရခဲ့ကြပေမယ့်၊ ခုရက်ပိုင်းမှာတော့ လူရွေးပွဲတွေကနေတစ်ဆင့် တရားမျှတစွာနဲ့ နေရာတွေကို သိမ်းပိုက်လာနိုင်ကြပြီလို့ ပြောကြတယ်။ သူတို့လည်း ပိုပြီး ကျွမ်းကျင်လာကြပြီပေါ့။ အိုင်ဒေါတွေဟာ ‘အစုံရ’ ဖျော်ဖြေရေးသမားတွေလို့ ခေါ်ဆိုဖို့ ပိုပြီး သင့်တော်လာနေတယ်။
ဒါဆို ဆွန်းဂျဲရဲ့ သရုပ်ဆောင်မှုကကော ဘယ်လိုရှိလဲ။ သူက မာရူးအပေါ် ကောင်းမွန်တဲ့ အထင်အမြင်တစ်ခု ချန်ထားခဲ့နိုင်တာကြောင့် သူ့ရဲ့ သရုပ်ဆောင် အရည်အချင်းကို မာရူး စိတ်ဝင်စားမိသွားတယ်။ သူ့ဘေးနားက သရုပ်ဆောင်တွေဆီကကော ချီးကျူးစကားတွေ ကြားရမလား၊ ဝေဖန်သံတွေ ကြားရမလားဆိုတာ သူ သိချင်နေမိတယ်။
“ဟေ့၊ အိုးထဲက ရေတွေ ပွက်ပွက်ဆူနေပြီ မဟုတ်ဘူးလား”
“လာပြီ၊ လာပြီ”
သူက ဆူပွက်နေတဲ့ ရေနွေးအိုးထဲကို ခေါက်ဆွဲဖတ်တွေနဲ့ ဟင်းခတ်မှုန့်တွေ ပစ်ထည့်လိုက်ပြီး တူနဲ့ မွှေလိုက်တယ်။ သူက အိစက်ညက်ညောတဲ့ ခေါက်ဆွဲဖတ်ထက် အနည်းငယ် တင်းတင်းလေးဖြစ်နေတာကို ပိုကြိုက်တာကြောင့် ခေါက်ဆွဲဖတ်တွေကို အထက်အောက် အကြိမ်ကြိမ် မြှောက်တင်ပေးနေပြီး အလယ်တည့်တည့်မှာ ကြက်ဥတစ်လုံးကိုလည်း ဖောက်ထည့်လိုက်သေးတယ်။ မွှေးကြိုင်တဲ့ အနံ့အသက်တွေ ပါဝင်နေတဲ့ ရေနွေးငွေ့တွေဆီ သူ့နှာခေါင်းကို တိုးကပ်လိုက်မိတယ်။ ညဘက်မှာ စားရတဲ့ ခေါက်ဆွဲခြောက်က ကမ္ဘာပေါ်က ဘယ်အစားအစာထက်မဆို ပိုပြီး အရသာရှိတယ်။
“ကြက်ဥအနှစ်ကို သွားမခွဲနဲ့နော်” လို့ သူ့ညီမက ဧည့်ခန်းထဲကနေ အော်ပြောလိုက်တယ်။
သူ့ကို အပိုင်စား သုံးနေတယ်လို့ ခံစားလိုက်ရတာကြောင့် မာရူးက ကြက်ဥအနှစ်ကို ခွဲပစ်လိုက်ရင်း ပြုံးလိုက်မိတယ်။ နောက်ကျိသွားတဲ့ ဟင်းရည်ကို အားရကျေနပ်စွာ ကြည့်လိုက်ပြီး အိုးကို လင်ဗန်းပေါ် တင်လိုက်တယ်။ ဆိုဖာပေါ်ကနေ မျက်လုံးလေးတွေ အရောင်တောက်ပြီး လှမ်းကြည့်နေတဲ့ ဘာဒါကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ချက်ချင်းပဲ သူ့အခန်းထဲ ဝင်ကာ တံခါးကို ဂျက်ထိုး ပိတ်ပစ်လိုက်တယ်။
“ဟေ့လူ”
တံခါးကို ပိတ်ထားနိုင်တာက တကယ့်ကို ဝမ်းမြောက်စရာ ကိစ္စပါပဲ။ တံခါးကို လက်နဲ့ တဒုန်းဒုန်း ထုနေတဲ့ ညီမဖြစ်သူကို ဂရုမစိုက်တော့ဘဲ သူ ကွန်ပျူတာ ခလုတ်ကို ဖွင့်လိုက်တယ်။
အင်တာနက် ဘရောင်ဇာကို ဖွင့်ပြီး သူ့ရဲ့ ဘလော့ဂ်ဆီ သွားလိုက်တယ်။ သူ့ဘလော့ဂ်က ကျွမ်းကျင်တဲ့ စာသားမျိုးတွေ မရှိတဲ့ ဘလော့ဂ်အသေးလေးတစ်ခုမို့ လူအများကြီး လာမကြည့်ကြပါဘူး။ သူကတော့ များသောအားဖြင့် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ စင်မြင့်ထက်က အကြောင်းအရာတွေ ဒါမှမဟုတ် သရုပ်ဆောင်တွေအကြောင်းကိုပဲ တင်လေ့ရှိတယ်။ တခြားလူတွေကို သူ ပြောပြနိုင်သမျှ အကြောင်းအရာတွေနဲ့ သူ့ရဲ့ ဗဟုသုတ ဘောင်အတွင်းမှာ ရှိနေတာတွေကိုပဲ ရေးသားတာ ဖြစ်ပါတယ်။ နေ့စဉ်မှတ်တမ်းတစ်ခုနဲ့ နှိုင်းယှဉ်ရင်လည်း ရနိုင်တယ်။
သူက မန်နေဂျာတွေအကြောင်းကို ဖြည်းဖြည်းချင်း စာရိုက်ပြီး စရေးလိုက်တယ်။ ရေးနေတုန်းမှာပဲ သူ့ရဲ့ အတိတ်ဟောင်းကို ပြန်သတိရမိတာကြောင့် စာသားတွေက တော်တော်လေး ရှည်လျားသွားခဲ့တယ်။ ကိုယ်တိုင် တာဝန်ယူထားရတဲ့သူက လူထုကြားထဲ နာမည်ကြီးလာပြီး တန်ဖိုးတွေ အဆမတန် မြင့်တက်သွားချိန်မှာ၊ မိမိရဲ့ တန်ဖိုးကတော့ ဒီအတိုင်း အေးခဲရပ်တန့်နေရတဲ့ သနားစရာ အဖြစ်မှန်မျိုးပေါ့။ အစပိုင်းမှာ အိုပါး လို့ နွေးနွေးထွေးထွေး ခေါ်ခဲ့ကြတဲ့ ကလေးတွေက ခဏတာပဲ ခေါ်ကြပြီး နောက်ပိုင်းမှာတော့ အလုပ်ကိစ္စတွေအတွက် သူတို့ကို အော်ဟစ်ငေါက်ငမ်းလာကြပုံတွေ၊ အထက်လူကြီးတွေဆီက ဆူပူကြိမ်းမောင်းခံရ၊ သူတို့ရဲ့ ကြယ်ပွင့်တွေဆီက အထင်သေးခံရပြီး ဖန်တွေရဲ့ လည်ပင်းညှစ် အင်္ကျီကော်လာ ဆွဲတာကိုတောင် ခံရပုံတွေကို ရေးမိသွားတယ်။
“မင်းလည်း အဲဒီလိုမျိုး မဖြစ်ပါစေနဲ့၊ ငါလည်း အဲဒီလိုမျိုး မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်...”
မာရူးက သူ ရေးထားတဲ့ နောက်ဆုံးစာသားကို အသံထွက်ပြီး ဖတ်လိုက်တယ်။
အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေးမျိုး ရှိနေတာက ပိုမကောင်းဘူးလား။ ကိုယ့်ရဲ့ နားနဲ့ မျက်စိလို ဖြစ်လာမယ့်သူကို မကောင်းမွန်စွာ ဆက်ဆံတာထက် ကောင်းကောင်းမွန်စွာ ဆက်ဆံတာက ပိုပြီး သင့်တော်တယ်။ အပြုံးလှလှလေး ရှိတဲ့ ဗြောင်ချန်းကို မာရူး ပြန်တွေးမိတယ်။ သူ အလုပ် စလုပ်ခါစ အချိန်တွေကို ပြန်သတိရမိတာကြောင့် သူ့ကို ပိုပြီး စောင့်ရှောက်ပေးချင်တဲ့ စိတ် ပေါက်လာမိတယ်။
သူ ကွန်ပျူတာကို ပိတ်လိုက်ပြီး ခေါက်ဆွဲခြောက် အိုးအလွတ်ကို ကိုင်ကာ အခန်းထဲက ထွက်လာခဲ့တယ်။ ဘာဒါက သူမကိုယ်တိုင် ချက်ထားတဲ့ ခေါက်ဆွဲအိုးကို စားနေလေရဲ့။
“အစ်ကို တော်တော် ရက်စက်တယ်”
“နင် အရင်ဆုံး ငါ့ကို တစ်ခွက်လောက် ချက်ပေးပြီးမှ အဲဒီလို ပြောပါလား”
“တော်ပြီ၊ ညီမလည်း ချက်တတ်တာပဲ”
“အေးပါ၊ ကောင်းတာပေါ့”
သူက သာမန်ကာလျှံကာ ကိစ္စတွေကို ပြောရင်း အိုးကို ဆေးကြောလိုက်တယ်။ ဒီလို သာမန် စကားစမြည် ပြောဆိုရတာတွေက သူ့အတွက် တကယ့်ကို အဖိုးတန်လှပါတယ်။ တကယ်လို့ ဒါက သူ့ရဲ့ အရင်ဘဝတုန်းကဆိုရင် ဘာစကားမှတောင် ပြောဖြစ်မှာ မဟုတ်ဘူး။ သူတို့ကြားက တိတ်ဆိတ်ခြင်း တံတိုင်းကြီးက ကြီးပြင်းလာတဲ့အခါမှာတော့ စိတ်မဝင်စားခြင်း တံတိုင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့တာလေ။
“မုန့်စားဦးမလား”
“ရှိလို့လား”
သူ့ညီမက စောစောက စိတ်ဆိုးနေတာ ဘာမှမရှိခဲ့သလိုမျိုး ချက်ချင်း ပြုံးပြလိုက်တယ်။ သူမ ငယ်ငယ်တုန်းက ချိုချဉ်ပေးတဲ့ သူစိမ်းတွေနောက်ကို လိုက်မသွားဖို့ မိခင်ဖြစ်သူက အကြိမ်ကြိမ် သတိပေးခဲ့ဖူးပုံရပါတယ်။
မာရူးက အာလူးကြော်တစ်ထုပ်ကို လှမ်းပစ်ပေးလိုက်ပြီး သူ့အခန်းထဲ ပြန်ဝင်လာခဲ့တယ်။ တံခါးနောက်ကနေ အထုပ်ဖောက်လိုက်တဲ့ အသံကို ကြားနေရတယ်။ တဂျွတ်ဂျွတ် ဝါးစားနေတဲ့ အသံတွေကို နားထောင်ရင်း မာရူးက သူ ဖတ်လက်စ ဝတ္ထုစာအုပ်ကို လှန်လိုက်တယ်။
* * * * * * * * *
ချိန်းထားတဲ့ အချိန်က မနက် ၁၀ နာရီ ဖြစ်ပါတယ်။ သူ အိပ်ရာထဲ လူးလိမ့်နေတုန်း မိခင်ဖြစ်သူက သူ့ဆီလာပြီး နှိုးတာကြောင့် မာရူးက သူ့မှာ ရိုက်ကွင်းရှိတယ်လို့ ပြောလိုက်တယ်။
“ကျောင်းကကော”
“ပျက်ရမှာပေါ့”
“ကျောင်းကို ဒီအတိုင်းပဲ ပျက်လို့ရလို့လား”
“ရပါတယ်၊ တက်ရမယ့် ရက်ပြည့်ရင် ဘွဲ့ရတာပဲဥစ္စာ။ ဒါကြောင့် သားအတွက် စိတ်မပူဘဲ အလုပ်သာ သွားပါ အန်တီလီရေ”
သူ့အခန်းထဲမှာ ခဏလောက် လမ်းလျှောက်နေပြီးနောက် မိခင်ဖြစ်သူက ‘အမေ စိတ်ပူအောင် သိပ်မလုပ်နဲ့ဦး’ လို့ ပြောပြီး ထွက်သွားခဲ့တယ်။ သူမက မနေ့ကလည်း နောက်ဆုံးအဆိုင်း ဆင်းရပြီး မနက်ဖြန်ကျတော့လည်း ပထမဆုံးအဆိုင်း ပြန်ဆင်းရမှာလေ။ သူ ကြားရသလောက်တော့ သူမ အလုပ်လုပ်နေတဲ့ စတိုးဆိုင်ကြီးက အလုပ်သမားသမဂ္ဂဟာ ယာယီအလုပ်ခန့်ထားမှု ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သပိတ်မှောက်နေကြတာကြောင့် ကောင်တာမှာ ထိုင်မယ့်လူတွေ တော်တော်လေး လျော့နည်းသွားပြီး ရလဒ်အနေနဲ့ သူ့မိခင် ပိုပြီး အလုပ်ရှုပ်သွားရတာ ဖြစ်ပါတယ်။ ဘယ်ခေတ်ဘယ်အခါပဲဖြစ်ဖြစ် အမြဲတမ်းအလုပ်မဟုတ်တဲ့ ကိစ္စရပ်တွေကတော့ ပြဿနာတစ်ခု ဖြစ်နေမြဲပါပဲ။
မိခင်ဖြစ်သူ အလုပ်ရှုပ်နေတာကြောင့် ဘာဒါရဲ့ မနက်စာကို မိခင်ကိုယ်စား မာရူးကပဲ တာဝန်ယူ ပြင်ဆင်ပေးခဲ့တယ်။ ညက ချက်ထားတဲ့ ဟင်းရည်ကို ပြန်နွှေလိုက်ပြီး သူ့ညီမကို နှိုးလိုက်တယ်။ သူမက အိပ်ချင်မူးတူး မျက်နှာကြီးနဲ့ ထွက်လာပြီး စားသောက်တော့တာပဲ။
“ကျောင်းသုံးစာအုပ်တွေကော”
“ယူပြီးပြီ”
“အိမ်စာကော”
“အားလုံး လုပ်ပြီးပြီလို့ ပြောနေတာကို”
“မေ့ကျန်ခဲ့တာ ရှိမရှိ ပြန်စစ်ဦး။ ပုံနှိပ်စာရွက်တွေ ဘာတွေ ရှိသေးလား”
“မရှိဘူး”
“အိမ်ပြန်မနောက်ကျစေနဲ့၊ ထူးထူးဆန်းဆန်း နေရာတွေကိုလည်း မသွားနဲ့၊ နောက်ကျမယ်ဆိုရင်လည်း ဖုန်းဆက်ဦး။ ဟုတ်ပြီလား”
“အမလေး... အမေ့ထက်တောင် ဆိုးနေပါဦးမယ်”
သူမ တံခါးကနေ ထွက်သွားချိန်မှာ ကားတွေကို သတိထားဖို့ မှာကြားပြီးမှပဲ သူ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့တယ်။ အတိတ်ဘဝတုန်းက သူ့သမီးကိုလည်း သူ ဒီလိုပဲ ပြောခဲ့ဖူးတာကြောင့် လူတွေဟာ အသက်ကြီးလာလေလေ ကမ္ဘာကြီးရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အစိတ်အပိုင်းတွေကို ပိုသိလာလေလေမို့ ပွစိပွစိ ပိုပြောလာကြတာ ထင်ပါရဲ့။ သူ့ရဲ့ ပွစိပွစိ ပြောဆိုမှုတွေက သူမကို ဒီကမ္ဘာကြီးထဲမှာ ပိုပြီး အဆင်ပြေပြေ နေထိုင်သွားစေနိုင်မယ်ဆိုရင်တော့ သူ ဘယ်အချိန်မဆို ပွစိပွစိ ပြောဖို့ အသင့်ရှိနေပါတယ်။
သူက အေးစက်သွားတဲ့ ဟင်းရည်နဲ့ ထမင်းအနည်းငယ်ကို မနက်စာအဖြစ် စားလိုက်တယ်။ နာရီကို လှမ်းကြည့်လိုက်တော့ နာရီလက်တံက ရှစ်နာရီကို ညွှန်ပြနေတာ တွေ့ရတယ်။
“ဒါဆို တစ်နာရီလောက် လိုသေးတာပေါ့”
သူက အသင့်ဖျော် ကော်ဖီတစ်ခွက် ဖျော်လိုက်ပြီး တီဗီဖွင့်လိုက်တယ်။ ကမ္ဘာကြီးကတော့ ထုံးစံအတိုင်းပဲ အလုပ်ရှုပ်နေကြတယ်။ တီဗီထဲမှာ ယာဉ်ကြောတွေ ပိတ်ဆို့ ငြိမ်သက်နေတာကို ကြည့်ရင်း သူ ကျောင်းသားတစ်ယောက် ဖြစ်နေရတာကိုပဲ တကယ့်ကို ဝမ်းသာမိတော့တယ်။ အလုပ်သွားချိန်မှာ ယာဉ်ကြောပိတ်ဆို့တာထက် စိတ်ပျက်စရာကောင်းတာ ဘာမှမရှိဘူးလေ။ သတင်းကြည့်ဖို့ လိုင်းပြောင်းနေတုန်း RBS သတင်းတစ်ခုမှာ အနုပညာရှင် ဖြစ်ချင်သူတွေကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးခိုင်းတဲ့အကြောင်း ပြောနေတာကို တွေ့လိုက်ရတယ်။ အဓိက ဇာတ်လမ်းကတော့ လူတွေဟာ အနုပညာလောကထဲ ပွဲထုတ်ပေးမယ်လို့ စည်းရုံးပြီး အနုပညာရှင် ဖြစ်ချင်သူတွေကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးဖို့ ဖိအားပေး ခြိမ်းခြောက်နေကြတာ ဖြစ်ပါတယ်။ အဲဒီသတင်းက သိပ်တော့ မရှည်ပါဘူး။ အရာအားလုံးက ရှင်းလင်းလွန်းနေတာ ဖြစ်စေ၊ ဒါမှမဟုတ် သက်သေအထောက်အထား လုံးဝ မရှိတာ ဖြစ်စေပေါ့။
သူ အသက်ငယ်ငယ် ရှိစဉ်တုန်းကတော့ ဒီလို သတင်းမျိုးတွေကို ကြည့်ပြီး ဒေါသထွက်ခဲ့ဖူးတယ်။ အဲဒီလို အမျိုးသားတွေကို အမှိုက်တွေလို့ သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် အမှိုက်ဖြစ်တဲ့နေရာမှာ ယောက်ျား မိန်းမ ခွဲခြားနေတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားပြီးတဲ့နောက်မှာတော့ သူ အလျင်စလို ကောက်ချက်မချမိအောင် ကြိုးစားခဲ့တယ်။ သူက ပထမဆုံးအနေနဲ့ သူကိုယ်တိုင် မြင်တွေ့ ကြုံတွေ့ခဲ့ရတာတွေကိုပဲ ယုံကြည်ပြီး၊ ဒုတိယအနေနဲ့ကျတော့ သက်သေပြနိုင်တဲ့ အရာတွေကိုပဲ ယုံကြည်တာ ဖြစ်ပါတယ်။
နောက်ရက်အနည်းငယ်ကြာရင် တခြားသတင်းတစ်ခု ထပ်တက်လာဦးမှာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ပြီးတော့ အဲဒီအချိန်ကျရင် ကျူးလွန်သူနဲ့ ခံရသူက နေရာချင်း ပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်။
‘သွားဖို့ အချိန်တန်ပြီပဲ’
မာရူးက သူ့အိတ်ကို ယူပြီး အိမ်ကနေ ထွက်လာခဲ့တယ်။ သူက ဆူဝမ် ဘူတာရုံမှာ တွေ့ဖို့ ချိန်းထားတာ ဖြစ်ပါတယ်။ ဆူဝမ် ဘူတာရုံဆီ ဘတ်စကားစီးလာခဲ့ပြီး ရင်းနှီးနေတဲ့ အနက်ရောင် ကားတစ်စီးကို မြင်လိုက်ရတယ်။ သူ ကားနားကို တိုးသွားပြီး တံခါးကို ခေါက်လိုက်တယ်။
“အိုး... မာရူး၊ လာ လာ ဝင်ထိုင်”
သူ ကားထဲ ဝင်ထိုင်လိုက်တယ်။ ဗြောင်ချန်းက စတိုးဆိုင်ကနေ ဝယ်လာပုံရတဲ့ ဆန်းဒဝစ်တစ်ခုကို စားနေလေရဲ့။
“အစ်ကို မနက်စာကို ကောင်းကောင်းမွန်ွန် စားသင့်တယ်ဗျ”
“ငါလည်း စားချင်တာပေါ့၊ ဒါပေမယ့် အိမ်မှာ ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်နိုင်တဲ့ အခြေအနေမျိုး မဟုတ်လို့လေ။ တစ်လုပ်လောက် စားဦးမလား”
“ကျွန်တော် မနက်စာ စားခဲ့ပြီးပြီ”
“တကယ်လား၊ ဒါဆိုရင်တော့ အခုပဲ ထွက်ကြစို့”
“အစ်ကို အဲဒါကို အရင်ဆုံး ကုန်အောင် စားလိုက်ပါဦး။ အချိန်တွေ အများကြီး လိုသေးတာပဲ မဟုတ်ဘူးလား”
“ဒါလည်း ဟုတ်တာပဲ”
ဗြောင်ချန်းက ခေါင်းညိတ်လိုက်ပြီး ဆန်းဒဝစ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကို သူ့ပါးစပ်ထဲ အတင်းထိုးထည့်လိုက်တယ်။ မာရူးအနေနဲ့ သူ့ကို ဖြည်းဖြည်းချင်း စားဖို့ ပြောခဲ့သင့်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူက အပြုံးပါးပါးလေးနဲ့ မှန်ပြတင်းကို ဖွင့်လိုက်တယ်။ ရာသီဥတုက တော်တော်လေး ပူအိုက်လှပါတယ်။ ဇူလိုင်လအစမှာတင် နေရောင်က ဒီလောက်အထိ စူးရှနေရင် ဩဂုတ်လထဲမှာ ဘယ်လိုဖြစ်မလဲဆိုတာ သူ မတွေးရဲအောင် ဖြစ်မိတယ်။ သူက ကိုယ်ကို အေးစိမ့်သွားအောင် အင်္ကျီရင်ဘတ်ကို တခါခါ လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်နောက်ကို မျက်စိကစားကြည့်နေမိတုန်း၊
“ဖူး... စားလို့ ပြီးပြီ”
“ဖြည်းဖြည်းစားလည်း ရတာကို”
“ငါတို့မှာ လိုက်နာရမယ့် အချိန်ဇယားရှိတယ်လေ၊ ဒါကြောင့် အဲဒီလို လုပ်လို့မရဘူး။ ထိုင်ခုံခါးပတ် ပတ်လိုက်ဦး”
ဗြောင်ချန်းက ကားစက်နှိုးပြီး မောင်းထွက်ခဲ့တယ်။
“ကျွန်တော်တို့ ဘယ်သွားကြမလဲ”
“ဆိုးလ် မြို့၊ အပ်ဂူဂျွန်ဒုံ မှာရှိတဲ့ ဆန်ဂမ် အထက်တန်းကျောင်းလေ။ အထက်တန်းကျောင်းလို့သာ ပြောတာ၊ တက္ကသိုလ်ကျောင်းဝန်းကြီးလိုမျိုး အကြီးကြီးပဲ။ အဲဒါ ချမ်းသာတဲ့ မိသားစုက ကလေးတွေ တက်တဲ့ကျောင်းလို့ ကြားတယ်”
“ကဲ... သူတို့က ဆိုးလ်မှာ နေကြတာဆိုတော့ အများစုထက်စာရင် အခြေအနေ ပိုကောင်းကြတာပေါ့”
“ဒါလည်း ဟုတ်တာပဲ။ အား... ငါလည်း ဆိုးလ်မှာ နေချင်လိုက်တာ”
“အစ်ကို အခု ဘယ်မှာ နေလဲ”
“ငါလား၊ ငါလည်း ဆိုးလ်မှာပဲ နေတယ်။ ဒါပေမယ့် အဲဒါက စာမေးပွဲဖြေမယ့်သူတွေ နေတဲ့ အခန်းကျဉ်းလေးလေ”
“ဒါဆို နိုလျန်ဂျင် မှာလား”
“မဟုတ်ဘူး၊ အဲဒီမှာ မဟုတ်ဘူး”
“အဲဒီက လူနေမှုဘဝက ဘယ်လိုရှိလဲ”
“မပြောပါနဲ့တော့ဗျာ။ ငါ လှဲချလိုက်ရင် ငါ့ဘေးနားမှာ ပိုးဟပ်တစ်ကောင်တောင် လှဲဖို့ နေရာမရှိဘူး။ အခန်းတစ်ခုလုံး ပြည့်ကျပ်နေတာက ဘယ်လိုမျိုးလဲဆိုတာ မင်း ကြုံဖူးသွားလိမ့်မယ်”
ဗြောင်ချန်းက တဟားဟားရယ်ရင်း ကားမောင်းနေတယ်။
“အစ်ကို ပိုက်ဆံတွေ အများကြီး ရှာပြီး တိုက်တာတွေ ဆောက်ရမယ်”
“အေးပါ၊ အဲဒီလို ဖြစ်ပါစေလို့ ဆုတောင်းရတာပေါ့”
“လစဉ် အိမ်ငှားခရရင်း ခရီးတွေ ထွက်နေရတာက ကိုရီးယားမှာရှိတဲ့ လူတိုင်းရဲ့ အိပ်မက် မဟုတ်ဘူးလား”
“ဟာဟာ... အဲဒါက အိပ်မက် သေးလွန်းမနေဘူးလား”
“အဲဒီ အိပ်မက်အသေးလေးကို ရည်မှန်းထားတဲ့သူ ဘယ်နှယောက်ရှိမယ် ထင်လဲ။ ကျွန်တော်ထင်တာတော့ လူဦးရေ သန်း ၄၀ လောက် ရှိမယ် ထင်တယ်”
“အင်း... ဟုတ်သားပဲ၊ ငါလည်း အဲဒီထဲက တစ်ယောက်အပါအဝင် ဖြစ်မယ် ထင်တယ်။ ဒါပေမယ့် ဟေ့လူ၊ မင်းရဲ့ အသက်အရွယ်နဲ့ဆို ဒီထက်မက ပိုပြီး ကြီးကျယ်တဲ့ အိပ်မက်တွေ မက်သင့်တယ်လေ”
“ဘာမျိုးလဲ၊ သမ္မတ ဖြစ်ရမယ်လို့လား”
“အဲဒါ ကောင်းတယ်”
“ဒါပေမယ့် ဒီကမ္ဘာကြီးက ဂန်နမ် မှာ မြေပိုင်ရှင်ဖြစ်တဲ့သူက သမ္မတထက် ပိုပြီး ကောင်းကောင်းမွန်ွန် နေထိုင်နိုင်တဲ့ နေရာမျိုးလေ”
“မင်းက ဘာလို့ ဒီလောက်တောင် အဆိုးမြင်နေရတာလဲ”
“ဘာလဲ၊ အစ်ကိုကကော ဂန်နမ် မှာ မြေပိုင်ရှင် မဖြစ်ချင်ဘူးလား”
“မဟားဒရား ဖြစ်ချင်တာပေါ့”
မာရူးရော ဗြောင်ချန်းပါ အားရကျေနပ်စွာ ပြုံးလိုက်ကြတယ်။
အသက်ငယ်ငယ်တုန်းကတော့ ယောက်ျားလေး အများစုဟာ သမ္မတကြီး ဒါမှမဟုတ် ကြီးကျယ်တဲ့ သိပ္ပံပညာရှင်ကြီး ဖြစ်ချင်ကြပြီး၊ အဲဒီထက် နည်းနည်းလေး ပိုကြီးလာတဲ့အခါမှာတော့ မီးသတ်သမား ဒါမှမဟုတ် ရဲသား ဖြစ်ချင်ကြပြန်တယ်။ အသက် ပိုကြီးလာတဲ့အခါမှာတော့ သူတို့ရဲ့ အိပ်မက်ဟာ ကောင်းမွန်တဲ့ တက္ကသိုလ်တစ်ခုခုကို တက်ရောက်နိုင်ဖို့အဖြစ် ပြောင်းလဲသွားတတ်ပြီး၊ တက္ကသိုလ်တက်နေစဉ် အချိန်မှာတော့ ကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခု ရရှိဖို့ ဖြစ်လာတတ်တယ်။ အိပ်မက်နဲ့ အသက်အရွယ်ဟာ ပြောင်းပြန်အချိုးကျနေတယ်။
အဲဒီလိုမျိုးပဲ သာမန် အရပ်သားတစ်ယောက်ရဲ့ အိပ်မက်ဟာ ဂန်နမ်က မြေပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့အဖြစ် ပြောင်းလဲသွားတတ်တယ်။ အဲဒါက လောကီဆန္ဒသက်သက်ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တာ ဘာမှမရှိပေမယ့်၊ တခြားလူတွေဆီကနေ လစဉ် အိမ်ငှားခ ပိုက်ဆံရနေတာက ဘာထက်မဆို ပိုပြီး လှပတယ်လို့ မာရူး အမှန်အတိုင်း တွေးမိပါတယ်။ ချမ်းသာတဲ့ မြေပိုင်ရှင်တစ်ယောက်၊ အဲဒါ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
“ဒါပေမယ့် ကျွန်တော်ထင်တာတော့ ဂန်နမ်က ချမ်းသာတဲ့ မြေပိုင်ရှင်ဖြစ်ဖို့ဆိုတာ အိပ်မက် ကြီးလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါက ရှေ့နေ ဒါမှမဟုတ် တရားသူကြီး ဖြစ်ဖို့ထက်တောင် ပိုပြီး ခက်ခဲဦးမယ်”
“အခုလို ပြန်တွေးကြည့်တော့လည်း မင်းပြောတာ ဟုတ်သားပဲ”
“သမ္မတ ဖြစ်ဖို့ထက်တောင် ပိုပြီး ခက်ခဲဦးမလား မသိဘူး”
“အေးဗျာ၊ အဲဒါကတော့ သေချာသလောက်ပဲ”
သူတို့နှစ်ယောက်ဟာ ဟာသတွေပြောလိုက် အတည်အတံ့တွေဆွေးနွေးလိုက်နဲ့ပဲ မကြာခင်မှာ ချိန်းထားတဲ့ နေရာကို ရောက်ရှိလာခဲ့တယ်။ ကျောင်းကစားကွင်းထဲမှာ အားကစားဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူတွေနဲ့ ပြည့်နှက်နေတဲ့ ဆန်ဂမ် အထက်တန်းကျောင်းကို သူတို့ ရောက်ရှိသွားကြပြီ ဖြစ်ပါတယ်။
* * * * * * * * *