← Chapters

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း(၂၉၈)

ကျောင်းဝင်းတံခါးကြီးတွေက ပါသီနွန်ဗိမာန်တော်က တိုင်လုံးကြီးတွေကို ဖြုတ်ယူလာသလားအောက်မေ့ရအောင် ခန့်ညားထည်ဝါလွန်းလှတယ်။ ဗြောင်ချန်းက ဒီကျောင်းဟာ တက္ကသိုလ်ကျောင်းဝင်းတစ်ခုနီးပါး ကျယ်ဝန်းတဲ့အကြောင်း တစ်ခုခုပြောနေပေမယ့် အမှန်တကယ်လည်း ကျောင်းဝင်းတံခါးကြီးတစ်ခုတည်းတင် တခြားကျောင်းတွေနဲ့ လုံးဝကွဲပြားခြားနားနေတာပေါ့။ ဗြောင်ချန်းက တံခါးဝကို ဖြတ်မောင်းတော့မယ့်အချိန်မှာပဲ ကျောင်းစောင့်ရုံးခန်းထဲကနေ လူတစ်ယောက် ထွက်လာတယ်။ အပြာရောင် လုံခြုံရေးဝန်ထမ်း ယူနီဖောင်းဝတ်ထားတဲ့ လူတစ်ယောက်က မောင်းသူနေရာဆီကို လျှောက်လာခဲ့တယ်။

"ဘယ်ကလာတာလဲဗျ" လို့ အဲဒီလူက ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။

ဇာတ်လမ်းတွဲရိုက်ကူးရေးအတွက် လာတာဖြစ်ကြောင်း ဗြောင်ချန်း က ပြန်ပြောပြလိုက်တယ်။

"ကားကို ကျောင်းအနောက်ဘက်မှာ ပါကင်ထိုးပေးပါဗျ။ တခြားနေရာမှာ ထိုးရင် ပြဿနာရှိနိုင်လို့ အတတ်နိုင်ဆုံး အထဲဘက် ခပ်နက်နက်အထိ ဝင်ထိုးပေးနော်။ ရုပ်မြင်သံကြားဌာနက လူတွေရဲ့ ကားဘေးနားမှာ ကပ်ထိုးထားရင် ပိုကောင်းမယ်။ ရမလားဗျ"

"ဟုတ်ကဲ့၊ အဲဒီလိုပဲ လုပ်လိုက်ပါ့မယ်"

အဲဒီနောက်မှာတော့ အဲဒီလူက လုံခြုံရေးဦးထုပ်ကို တစ်ချက်ကိုင်ပြပြီး သူတို့ကို လိုက်ပို့ပေးရှာတယ်။

"ဟူး... တစ်မျိုးကြီး ရင်တုန်ဖို့ကောင်းသားပဲ"

"ကျောင်းတော်တော်များများရဲ့ ကျောင်းတံခါးဝမှာ ကျောင်းစောင့်ရုံးခန်း ရှိတတ်ကြလားဟင်"

"အင်း... ငါတက်ခဲ့တဲ့ကျောင်းမှာတော့ သေချာပေါက် မရှိခဲ့ဘူး"

"ကျွန်တော့်ကျောင်းမှာလည်း မရှိဘူး"

ဗြောင်ချန်းက ကျောင်းကွင်းပြင်အစွန်းအတိုင်း ဖြည်းဖြည်းချင်း မောင်းနှင်ရင်း ကျောင်းရဲ့ အနောက်ဘက်ဆီကို ထွက်လာခဲ့တယ်။

"ဝါး... ဒီနေရာကြီးက အကြီးကြီးပဲ"

ကျောင်းအဆောက်အအုံရဲ့ ကွယ်ရာမှာ ရှိနေတဲ့ ကားပါကင်ကွင်းပြင်ကြီးနဲ့ နောက်ထပ် ကျောင်းကွင်းပြင်တစ်ခုကို မြင်လိုက်ရတဲ့အခါ မာရူးတောင် အနည်းငယ် မှင်တက်သွားမိတယ်။ ကျောင်းတစ်ကျောင်းတည်းမှာ ကွင်းပြင်နှစ်ခုတောင်လား။ ဝင်ပေါက်နားက ကွင်းပြင်မှာတော့ မြက်ခင်းပြင်တွေနဲ့ ဘောလုံးဂိုးတိုင်တွေ ရှိပေမယ့် အနောက်ဘက်က ကွင်းပြင်မှာတော့ ပြေးခုန်ပစ် အားကစားအတွက် ပြေးလမ်းတွေ ရှိနေတာပေါ့။ ဒါတင်မကသေးဘဲ အပြင်ဘက် ပတ်ပတ်လည်မှာ တင်းနစ်ကွင်း၊ ဘတ်စကတ်ဘောကွင်းနဲ့ ဖူဆယ်ဘောလုံးကွင်းတွေလည်း ရှိနေသေးတယ်။

"ဒီနေရာကို ဧရာမဖောင်ဒေးရှင်းကြီး တစ်ခုခုကများ လည်ပတ်နေတာ ထင်တယ်"

"ဒီနေရာကြီးက တကယ့်ကို မယုံနိုင်စရာပဲ"

ဗြောင်ချန်းက စိုးရိမ်တုန်လှုပ်နေတဲ့ လေသံနဲ့ ပြောလိုက်တယ်။ မာရူးက ဘာဖြစ်လို့လဲဆိုပြီး ဗြောင်ချန်း ကြည့်နေတဲ့နေရာဆီကို လှမ်းကြည့်လိုက်မိတယ်။ ကားပါကင်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ကားတွေ ရှိနေပြီး အဲဒီကားတွေ အားလုံးက အဆင့်မြင့် ဆီဒန်ကား အကောင်းစားကြီးတွေချည်းပဲ။ ဘယ်ဘက်မှာတော့ ပြည်တွင်းဖြစ် ကားတွေဖြစ်ပြီး ညာဘက်မှာတော့ နိုင်ငံခြားဖြစ် ကားတွေပေါ့။ ကြည့်ရတာ ကားကို အစုတ်အပြဲ အစစ်အမှန်လေး တစ်ချက်လောက် ခြစ်မိရုံနဲ့တင် သာမန်လူတစ်ယောက်ရဲ့ လစာနဲ့ မလောက်ငှနိုင်တဲ့ ပုံစံမျိုး။ ကားဘီးတွေကအစ အကောင်းစားတွေမှန်း သိသာလွန်းလှတာမို့ မာရူးမှာ ကြည့်ရင်းနဲ့တင် အလိုလို ရယ်ချင်စိတ်ပေါက်လာမိတယ်။

"ဆရာတစ်ယောက်ရဲ့ လစာနဲ့ ဘယ်လိုမှ မဝယ်နိုင်တဲ့ ကားတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ"

"ငါက ဘယ်လိုသိမှာလဲ။ ဟေ့... ဟိုကောင်ကို ကြည့်စမ်း။ အမိုးဖွင့်လို့ရတဲ့ စပေါ့်စ်ကား မဟုတ်လား"

"ဝါး... အဲဒါကြီးက အိမ်တစ်လုံးစာလောက် သေချာပေါက် တန်မှာပဲ"

ကျောင်းစောင့်က သူတို့ကို ကားကို အတွင်းဘက်ဆုံးမှာ ဘာလို့ ထိုးခိုင်းလဲဆိုတဲ့ အကြောင်းရင်းကို သူတို့ အခုမှပဲ သဘောပေါက်သွားကြတယ်။ ဆရာတွေက ဒီလိုကားမျိုးတွေကို မောင်းနှင်မှာ မဟုတ်တာ သေချာသလောက် ရှိနေတော့ ဒါတွေက ဒီကျောင်းက ကျောင်းသားတွေရဲ့ မိဘတွေပိုင်တဲ့ ကားတွေပဲ ဖြစ်ရမယ်။ မိဘဆုံဆည်းပွဲ တစ်ခုခု ရှိနေလို့များလား။ ဘာပဲဖြစ်ဖြစ် ဒီမှာ ပြသထားတဲ့ မတူကွဲပြားလွန်းတဲ့ ချမ်းသာကြွယ်ဝမှု အတိုင်းအတာကြီးကို ကြည့်ပြီး မာရူးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။

"ဟိုမှာပဲ"

သက်ပြင်းချရင်းနဲ့ပဲ ဗြောင်ဆူက ဈေးကြီးတဲ့ ကားတန်းကြီးထဲကနေထွက်ပြီး ကားပေါ်မှာ RBS လိုဂို ပါတဲ့ ကားတစ်စီးရဲ့ ဘေးနားမှာ ပါကင်ထိုးလိုက်တယ်။ လူတွေက ပြင်ဆင်စရာရှိတာတွေကို အလောတကြီး ပြင်ဆင်နေကြတာမို့ အလုပ်ရှုပ်နေကြတာပေါ့။ ပခုံးပေါ်မှာ သေတ္တာတွေ ထမ်းထားတဲ့ လူတွေက ကျောင်းအထဲဘက် တစ်နေရာဆီကို ဦးတည်သွားနေကြတယ်။ သူတို့ဘေးမှာတော့ လက်ထဲမှာ ကျောင်းဝတ်စုံတွေ ကိုင်ထားတဲ့ အမျိုးသမီးအချို့က နောက်ကနေ လိုက်သွားကြတယ်။ အဲဒီအမျိုးသမီးတွေကတော့ ညှိနှိုင်းရေးအဖွဲ့က ဖြစ်ပုံရတယ်။

"ရိုက်ကူးရေးက ဘယ်အချိန် စမှာလဲ"

"အင်း... အစီအစဉ်အရဆိုရင်တော့ ၁၂ နာရီပေါ့။ ဒါပေမယ့် အဲဒီအချိန်အတိအကျကြီးတော့ စဖြစ်မှာ မဟုတ်ဘူး။ ငါ ဒီလိုအချိန်ပိုင်းအလုပ်မျိုးတွေ လုပ်ဖူးတဲ့ အတွေ့အကြုံအရဆိုရင် အမြဲတမ်း စောင့်ရတာချည်းပဲ"

အဲဒီအချိန်မှာပဲ ဗြောင်ချန်းရဲ့ ဖုန်း မြည်လာခဲ့တယ်။ သူ ဖုန်းပြောနေတုန်းမှာ မာရူးက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေမိတယ်။ လက်ထဲမှာ စကားပြောစက်ကို ကိုင်ပြီး အမိန့်ပေးနေတဲ့ လူတစ်ယောက်ကို သူ တွေ့လိုက်ရတယ်။ သူကတော့ ဒါရိုက်တာ ဒါမှမဟုတ် လက်ထောက်ဒါရိုက်တာ ဖြစ်နိုင်တာပေါ့။

"ဖြတ်လျှောက်တွေ... အကုန်လုံး စုပေးကြပါဦး"

ဆံပင်အတိုကို ခေါင်းပေါ်မှာ စုချည်ထားတဲ့ အမျိုးသမီးတစ်ယောက်က အသံချဲ့စက်အဖြစ် ကတော့ကိရိယာတစ်ခုကို သုံးပြီး အော်ပြောလိုက်တယ်။ မာရူးက ဗြောင်ချန်းရဲ့ ပခုံးကို ပုတ်ပြီး လူတွေ စုဝေးနေတဲ့နေရာကို ညွှန်ပြလိုက်တယ်။ ဗြောင်ချန်းက ဖုန်းစပီကာကို လက်နဲ့အုပ်ပြီး သူ့ကို သွားလိုက်ဖို့ ပြောရှာတယ်။

မာရူးက ကျောင်းကွင်းပြင်နှစ်ခုကြားက ကျောင်းအဆောက်အအုံကို ဖြတ်ပြီး သေသပ်လှပစွာ ပုံဖော်ထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်လာခဲ့ရာကနေ အဓိက အဆောက်အအုံနဲ့ ယှဉ်ရင် ပိုသေးငယ်တဲ့ အဆောက်အအုံတစ်ခုဆီ ရောက်လာခဲ့တယ်။ အဲဒီအဆောက်အအုံက ကျောင်းတံခါးဝကနေ လှမ်းကြည့်ရင် မမြင်ရတဲ့ နေရာမျိုးပေါ့။ အရှေ့ဘက် နံရံတစ်ခုလုံးကို ပြတင်းမှန်တွေနဲ့ ဖုံးအုပ်ထားတဲ့ အားကစားရုံ အဆောက်အအုံကြီးပဲ။ အင်း... ဒီလိုကျောင်းမျိုးတွေလည်း တကယ်ပဲ ရှိနေတာပဲကိုး။

"ကိုယ်နဲ့ တော်မယ့် အားကစားဝတ်စုံကို ရှာပြီး လဲလိုက်ကြပါနော်"

အနီရောင် ကတော့ကိုင်ထားတဲ့ အမျိုးသမီးက အားကစားဝတ်စုံတွေကို ညွှန်ပြရင်း ပြောလိုက်တယ်။ သူမနဲ့အတူ ရောက်လာတဲ့လူက ဆယ်ယောက်လောက် ရှိတာပေါ့။ သူတို့အားလုံးက အဝတ်အစားပုံထဲမှာ လိုက်ရှာကြပြီး အားကစားရုံထဲက အိမ်သာဆီကို သွားပြီး အဝတ်လဲကြတယ်။ မာရူးလည်း သူ့အတွက် အနေတော်ဖြစ်မယ့် အားကစားဝတ်စုံတစ်ခုကို လဲဝတ်လိုက်တယ်။ သူတို့ သေသေချာချာ လျှော်ဖွတ်ထားပုံရတာမို့ ဘာအနံ့အသက်မှ ရှိမနေဘူး။

"လောလောဆယ်တော့ အဓိက အဆောက်အအုံထဲမှာ ရိုက်ကူးရေး လုပ်နေကြတယ်။ အဲဒါပြီးရင်တော့ အားကစားရုံထဲမှာ ဘတ်စကတ်ဘော ကစားတဲ့ အခန်းကို ရိုက်ကူးမယ်။ အခုအချိန်မှာ ကျောင်းသားတွေ စာသင်နေကြတုန်းမို့ သူတို့ကို အနှောင့်အယှက် မဖြစ်စေနဲ့နော်။ အတတ်နိုင်ဆုံး ဒီဘက်အခြမ်းမှာပဲ လှုပ်ရှားပေးကြပါ။ ပြီးတော့ ဒီနေရာမှာ ဆေးလိပ်သောက်ဖို့ လုံးဝ တားမြစ်ထားတာမို့ ဆေးလိပ် မသောက်ကြပါနဲ့။ ဆေးလိပ်သောက်ရင်း မိသွားရင် ကျွန်မ တာဝန်မယူဘူးနော်။ ရိုက်ကူးရေး မစခင်အထိတော့ ခဏလောက် စောင့်ပေးကြပါဦး"

"ဟုတ်ကဲ့ပါ"

နောက်ခံလူတွေက တည်ငြိမ်တဲ့ လေသံတွေနဲ့ ပြန်ဖြေကြတယ်။ သူတို့က ငယ်ရွယ်တဲ့ပုံစံ ပေါက်နေကြပေမယ့် အားလုံးက အသက် ၂၀ ကျော် အရွယ်တွေချည်းပဲ ဖြစ်ပုံရတယ်။ အမျိုးသမီး ထွက်သွားပြီးတဲ့နောက်မှာတော့ လူတွေက အရိပ်ရတဲ့နေရာတစ်ခုအောက်မှာ စုဝေးနေကြတယ်။ သူတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားကြပေမယ့် လုပ်ဆောင်တဲ့ ပုံစံကတော့ အတူတူပဲ၊ အဲဒါကတော့ ငေးတေးတေး လုပ်နေကြတာပဲ။ အချို့လူတွေက စာအုပ်ထုတ်ဖတ်ကြပေမယ့် မကြာခင်မှာပဲ အဲဒီစာအုပ်တွေက စာအုပ်အစား ခေါင်းအုံးတွေ ဖြစ်သွားကြပြန်တယ်။ မာရူးလည်း အမ်ပီသရီး ပလေယာလေးကို ထုတ်လိုက်တယ်။ သူလည်း ဒီအချိန်လေးကို အသာအယာပဲ ခံစားနေဖို့ ဆုံးဖြတ်လိုက်တာပေါ့။

လူတွေက ဘိလပ်မြေကြမ်းပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် လှဲလျောင်းနေကြတယ်။ သူတို့ ဒီလိုနေရင်လည်း အလုပ်သမားခ ရနေဦးမှာပဲ မဟုတ်လား။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ အချိန်ပိုင်းအလုပ်တစ်ခုပဲ။

"အားလုံး မတ်တတ်ရပ်ကြစမ်း"

ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် မာရူး မျက်လုံးပွင့်လာခဲ့တယ်။ နေရောင်ခြည်ရဲ့ အရှေ့တည့်တည့်မှာ လူတစ်ယောက် မတ်တတ်ရပ်နေတယ်။ သူက အနက်ရောင် လက်ပြတ်အင်္ကျီကို ဝတ်ထားပြီး ခေါင်းမှာ ပုဝါတစ်ထည်ကို စည်းထားတာပေါ့။ သူက ဖြတ်လျှောက်တွေကို ထက်မြက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။

"ဒီနေရာက လူတွေ လျှောက်ရမယ့် လမ်းဗျ။ ဘယ်သူက ခင်ဗျားတို့ကို လှဲနေလို့ ရတယ်လို့ ပြောလဲဟင်။ စောင့်ရမှာဆိုရင်လည်း ထိုင်ပြီး စောင့်ကြစမ်း"

သူ့စကားကို ကြားလိုက်ရတဲ့အခါ ဖြတ်လျှောက်သရုပ်ဆောင် အချို့က စစ်တပ်ထဲကို ခုမှ ရောက်ခါစ စစ်သားသစ်ကလေးတွေလို ဆတ်ခနဲ ထထိုင်ကြပြီး ကျန်တဲ့လူတွေကတော့ သူ့ကို ပိုပြီး ဒေါသ မထွက်စေချင်တာမို့ ဖြည်းဖြည်းချင်းပဲ ထထိုင်ကြတယ်။

"တောက်... ဒါကြောင့်မို့လို့ လူကို ဖြစ်သလို ရွေးလို့မရတာ"

ညည်းညူပြီးတဲ့နောက်မှာတော့ အဲဒီလူ ထွက်သွားခဲ့တယ်။

"သူက ဘယ်သူကြီးလဲ"

"သူက အဖွဲ့ခေါင်းဆောင်လေ။ မင်း ဒီအလုပ်ကို လုပ်တာ ဒါပထမဆုံးအကြိမ်လား"

"ဟုတ်ကဲ့"

"မင်း ဒီအလုပ်ကို အကြာကြီး လုပ်ဖို့ စိတ်မကူးထားရင်တော့ သူ့ကို လျစ်လျူရှုထားလို့ ရပါတယ်။ ဒါပေမယ့် အကြာကြီး လုပ်ချင်တယ်ဆိုရင်တော့ သူ့ကို လုံးဝ ဒေါသ မထွက်စေနဲ့နော်။ သူက ဖြတ်လျှောက်နေရာတွေအတွက် ဘယ်သရုပ်ဆောင်တွေကို ရွေးရမလဲဆိုတာ ဆုံးဖြတ်ပေးတဲ့လူပဲ"

"အာ... ဟုတ်ကဲ့ပါ"

မာရူးက ဘေးနားက စကားပြောသံတွေကို ကြားညှပ်ပြီးမှ အဲဒီလူရဲ့ အထောက်အထားကို သိလိုက်ရတယ်။ အဖွဲ့ခေါင်းဆောင်ပေါ့။ ဘယ်လို လုပ်ငန်းခွင်မှာမဆို စီမံခန့်ခွဲရတဲ့ အဆင့်ရှိတဲ့ လူတွေကတော့ တစ်နည်းမဟုတ် တစ်နည်း ရှိနေတတ်ကြတာမို့ ဖြတ်လျှောက်သရုပ်ဆောင်တွေအတွက် ဒီလိုလူ ရှိနေတာကလည်း သိပ်တော့ မဆန်းပါဘူး။

"သူက တော်တော်လေး ဂျီကျတတ်တဲ့လူဗျ။ သူ ဖြတ်လျှောက်သရုပ်ဆောင်အဖြစ် ၈ နှစ်လောက် လုပ်ခဲ့ပြီးမှ အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးသွားတာလို့ ကြားဖူးတယ်။ သူက ဒီအလုပ်ရဲ့ ဆင်းရဲဒုက္ခတွေကို ကောင်းကောင်းသိတဲ့လူဆိုပေမယ့် ငါတို့ကိုတော့ ဘယ်တော့မှ ဂရုမစိုက်ဘူး"

"ဒါကတော့ မကောင်းဘူးပဲ"

"ဒါပေမယ့်လည်း ငါတို့က ဘာလုပ်နိုင်မှာလဲ။ သူက ဒီပတ်ဝန်းကျင်မှာ အဆက်အသွယ်တွေ အများကြီးရှိတော့ ငါတို့က သူ့မျက်နှာသာပေးတာကို ခံရအောင် နေရမှာပဲ။ သူ့ဆီကနေတစ်ဆင့် အလုပ်ရနိုင်တဲ့နေရာ သုံးနေရာလောက် ရှိတယ်။ သူ ငါ့ကို ဆဲဆိုတာတွေ အများကြီး လုပ်တတ်ပေမယ့် ငါ့ကို အလုပ်ပေးနေတဲ့အတွက် သူ့ကို ကျေးဇူးတင်ရဦးမှာပဲ"

"အကိုလည်း ပင်ပန်းမှာပဲနော်။ ဒီအလုပ်ကို လုပ်တာ ကြာပြီလားဟင်"

"ငါလား။ ငါအခုဆို သုံးနှစ်ထဲ ရောက်နေပြီ ထင်တယ်။ ငါက မူလကတော့ သရုပ်ဆောင်ဖြစ်ချင်တဲ့သူပေါ့၊ ဒါပေမယ့် လူရွေးပွဲတွေ တစ်ခုမှ မအောင်ခဲ့ဘူး။ ကုမ္ပဏီတစ်ခုခုမှာလည်း အဆက်အသွယ် မရှိဘူးလေ"

အဲဒီလူက စကားပြောတာ ပြေပြစ်သွက်လက်လှတာမို့ လူတွေက သူ့ဘေးနားမှာ စုဝေးလာကြတယ်။ မာရူးလည်း နားကြပ်ကို ချွတ်လိုက်ပြီး အဲဒီအုပ်စုနဲ့အတူ ဝင်ထိုင်လိုက်တယ်။

"ဒီနေ့က ကျွန်တော် ဒီအလုပ်ကို လုပ်တာ ပထမဆုံးအကြိမ်မို့လို့ပါ၊ အလုပ်က ခက်လား" လို့ သေသပ်တဲ့ ဆံပင်ကေနဲ့ လူတစ်ယောက်က မေးလိုက်တယ်။ အာရုံစိုက်ခြင်း ခံနေရတဲ့ လူက အသာအယာ ညည်းညူလိုက်ရင်း

"တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ ဒါပေမယ့် အခုလိုမျိုး ငါတို့က ဖြတ်လျှောက်အဖြစ်ပဲ နေရတဲ့ အခန်းတွေ၊ တစ်နည်းပြောရရင် လူအုပ်စုအခန်းတွေကတော့ လွယ်ပါတယ်။ အချိန်အများစုမှာတော့ ငေးတေးတေး လုပ်နေရင်းနဲ့တင် ပြီးသွားတာပဲ။ အဖွဲ့ခေါင်းဆောင်ကလည်း အဲဒီလိုအချိန်မျိုးမှာ ဘာမှ သိပ်မပြောတတ်ဘူး"

"ဒါဆိုရင် ကျွန်တော်တို့ ဒီနေ့လည်း ဒီအတိုင်း ငြိမ်ငြိမ်လေး ရပ်နေရုံပဲပေါ့"

"ဖြစ်နိုင်တာပေါ့။ ငါ့မှာ ဇာတ်ညွှန်းမရှိတော့ အဲဒီလောက်အထိတော့ အများကြီး မသိဘူး"

"ကျွန်တော်တို့က ဇာတ်ညွှန်း မရဘူးလားဟင်"

"မရဘူးလေ။ ဖြတ်လျှောက်သရုပ်ဆောင်တွေက ဇာတ်ညွှန်းလိုမျိုး အရာတွေကို မရကြဘူး။ တစ်ခါတလေ စကားပြောရမယ့် အခန်းတွေ ရှိတတ်ပေမယ့် အဲဒီလိုမျိုးဆိုရင် အဖွဲ့ခေါင်းဆောင်က ငါတို့ကို ကြိုပြောလိမ့်မယ်"

"အော်... ဒါဆိုရင်တော့ ဟုတ်ပြီ"

အဲဒီလူက စိတ်ကောင်းရှိရှိနဲ့ ရှင်းပြပေးရှာတယ်။ မာရူးက သူ့ရဲ့ အိတ်ကို ခဏလောက် လှမ်းကြည့်လိုက်မိတယ်။ သူ့အိတ်ထဲမှာ ဇာတ်ညွှန်း ရှိနေပေမယ့်လည်း အပြင်ကို ထုတ်ပြဖို့ မလိုတာမို့ ငြိမ်ငြိမ်လေးပဲ နေလိုက်တယ်။

"အကိုကော တကယ့်သရုပ်ဆောင်တွေနဲ့ အတူတူ သရုပ်ဆောင်ဖူးလားဟင်" လို့ မျက်မှန်တပ်ထားတဲ့ လူတစ်ယောက်က ရုတ်တရက် မေးလိုက်ပြန်တယ်။

"အင်း... သရုပ်ဆောင်ဖူးတာပေါ့။ အနည်းငယ်တော့ ရှိခဲ့ဖူးတယ်။ ဒါက အချိန်ပိုင်းအလုပ်တစ်ခု ဆိုပေမယ့်လည်း မင်းရဲ့ အတွေ့အကြုံကတော့ အရေးပါတယ်လေ။ သိတယ်မလား၊ အဓိကဇာတ်ကောင်က ကုမ္ပဏီအကြီးကြီးတစ်ခုဆီ သွားပြီး သူ့ရဲ့ ဆင်းရဲမွဲတေမှုအကြောင်း သွားပြောတဲ့အခါ လုံခြုံရေးဝန်ထမ်းက 'မင်း ဒီနေရာမှာ ဒီလိုလုပ်လို့ မရဘူး' လို့ ပြောရမယ့် အခန်းမျိုးတွေပေါ့။ ငါ အဲဒီလို အခန်းအချို့မှာ ပါခဲ့ဖူးတယ်။ အများကြီးတော့ မဟုတ်ပေမယ့် မင်းရဲ့ သရုပ်ဆောင်မှု သက်တမ်းအတွက်တော့ အထောက်အကူ ဖြစ်စေပါတယ်။ အဲဒီလို အခန်းမျိုးတွေအတွက်ဆိုရင် ကင်မရာကိုကော၊ တခြားသရုပ်ဆောင်တွေနဲ့ စည်းချက်ညီဖို့ပါ ဂရုစိုက်ရတာပေါ့"

မာရူးက ရှင်းပြနေတဲ့ အဲဒီလူကို ကြည့်နေမိတယ်။ သူက သူ့ရဲ့ အလုပ်အပေါ်မှာ သေချာပေါက် ဂုဏ်ယူနေတဲ့ ပုံစံမျိုးပဲ။ ဒီလိုလူမျိုးတွေက ဘာပဲလုပ်လုပ် သေချာပေါက် အောင်မြင်ကြမှာပဲ မဟုတ်လား။

"နောက်ဆုံးတော့လည်း ဒါက အချိန်ပိုင်းအလုပ်တစ်ခုပါပဲဟာ"

အဲဒီအချိန်မှာပဲ အုပ်စုနဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ လူတစ်ယောက်က စကားဖြတ်ပြောလိုက်တယ်။ သူက လူတွေကို သိပ်ပြီး သတိပြုမိစေတဲ့ ပုံစံမျိုး မရှိဘဲ လူတွေရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတဲ့အခါမှာတော့ ချက်ချင်းပဲ ဂဏာမငြိမ် ဖြစ်သွားရှာတယ်။ တခြားလူတွေကတော့ သူ့အကြောင်းကို တိုးတိုးတိုးတိုးနဲ့ စပြီး ပြောနေကြပြီ။

"မင်း ပြောတာ မှန်ပါတယ်။ ဒါက အချိန်ပိုင်းအလုပ်တစ်ခုမျှသာပါပဲ။ ငါ ပြောတာက မင်းတို့ကို အနှောင့်အယှက် ဖြစ်သွားစေရင် စိတ်မရှိပါနဲ့နော်။ ငါ အခုလိုမျိုး လူတွေရဲ့ အာရုံစိုက်မှုကို မခံရတာ ကြာပြီမို့လို့ပါ၊ ဟာဟာ"

အဲဒီလူက ပြုံးပြလိုက်ပြီး စကားကို ရပ်လိုက်တယ်။ အခြေအနေကြီးက ပျက်စီးသွားပြီမို့လို့ လူတွေလည်း လူစုခွဲလိုက်ကြတာပေါ့။ ခုနက စကားတွေအားလုံးက မဟုတ်ခဲ့သလိုမျိုးပဲ။ ပျင်းရိငြီးငွေ့စရာ ကောင်းတဲ့ အခြေအနေကြီးက ထပ်ပြီး ပေါ်လာပြန်တယ်။ မာရူးက ခါးသက်သက် အပြုံးမျိုး ပြုံးနေတဲ့ အဲဒီလူကို ကြည့်နေမိတယ်။ သူက သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ ပြင်ဆင်နေတာလို့ ပြောခဲ့တာပဲ။ အခုလိုမျိုး အချိန်ပိုင်းအလုပ်တွေကို လုပ်နေတာကလည်း အတွေ့အကြုံ အချို့ကို ရချင်လို့ ဖြစ်ရမယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေက ဖြစ်သလိုမျိုး လျစ်လျူရှုခြင်း ခံလိုက်ရတာမို့ သူ ဒေါသထွက်ရင်တောင် သိပ်တော့ မဆန်းပါဘူး။

သူတို့ ပြောလေ့ရှိကြတာကတော့ သတိမထားဘဲ ပစ်လိုက်တဲ့ ကျောက်ခဲတစ်လုံးက ဖားတစ်ကောင်ကို သေစေနိုင်တယ် တဲ့။ ခုနက အခြေအနေကို ဖျက်ဆီးလိုက်တဲ့လူကလည်း သူ့ရဲ့ စကားတွေကို အဲဒီလို ရည်ရွယ်ချက်မျိုးနဲ့ ပြောခဲ့တာ မဟုတ်လောက်ပါဘူး။ သူက ပူပြင်းတဲ့ ရာသီဥတုကြောင့် စုပြုံနေတဲ့ စိတ်ဖိစီးမှုတွေနဲ့ စောင့်ဆိုင်းရတဲ့ အချိန်တွေ ရှည်လျားလာတာကြောင့်သာ ဒီလိုမျိုး ပြောမိသွားတာ ဖြစ်ရမယ်။ သက်သေအနေနဲ့ကတော့ သူက တောင်းပန်တဲ့ မျက်နှာပေးနဲ့ အောက်ကို ငုံ့ကြည့်နေတာပဲ။

သူ တောင်းပန်လိုက်ရင် ပိုကောင်းလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်း သိနေမှာ သေချာသလောက် ရှိပေမယ့် တစ်ခုခုကို သိနေဖို့ဆိုတာက လက်တွေ့ လုပ်ဆောင်ဖို့ထက် အများကြီး ပိုပြီး လွယ်ကူတာပေါ့။

"နန်းတွင်းဇာတ်လမ်းတွဲလိုမျိုး အရာတွေက ပိုပြီး ခက်ခဲမှာ မဟုတ်လားဟင်"

မာရူးက ခပ်လှမ်းလှမ်းကို ငေးကြည့်နေတဲ့ အဲဒီလူရဲ့ အနားဆီကို ချဉ်းကပ်သွားပြီး မေးလိုက်တယ်။ အဲဒီလူက သူ့ရဲ့ အလုပ်အပေါ်မှာ အစွမ်းကုန် ကြိုးစားနေတဲ့အချိန်မှာ အဲဒီလို သတိမထားဘဲ ပြောလိုက်တဲ့ စကားတွေကြောင့် စိတ်ဒဏ်ရာ ရသွားမှာကို သူ ခံစားမိတာကြောင့် သူ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်တာပဲ။

"ဘာ... ဘာပြောလိုက်တာလဲ"

"သိတယ်မလား၊ နန်းတွင်းဇာတ်လမ်းတွဲတွေမှာဆိုရင် အဝတ်အစားတွေကအစ လေးလံတဲ့ ပုံစံမျိုး ရှိတယ်လေ။ ကိုယ်ကြိုက်တဲ့ အဝတ်အစားကို ဖြစ်သလို ဝတ်လို့ရတဲ့ ခေတ်သစ်ဇာတ်လမ်းတွဲတွေနဲ့ မတူဘူးပေါ့"

"အဲဒါတော့ မှန်တယ်"

ရုတ်တရက် သူ့အနားကို ချဉ်းကပ်လာတဲ့ အထက်တန်းကျောင်းသားလေးကို အဲဒီလူက ကြင်နာတဲ့ အပြုံးမျိုး ပြသရှာတယ်။ အဲဒီလူက ထူးထူးခြားခြား ချောမောလှပနေတာမျိုး မဟုတ်သလို ထင်ရှားတဲ့ မျက်နှာအသွင်အပြင်မျိုး ရှိမနေပေမယ့် သူ့အပေါ်မှာတော့ ကောင်းမွန်တဲ့ ခံစားမှုမျိုး ရစေတယ်။ ဒါက သူ့မျက်နှာပေါ်မှာ ရှိနေတဲ့ သဘာဝကျတဲ့ အပြုံးကြောင့်လည်း ဖြစ်နိုင်တာပေါ့။

"စစ်သားဝတ်စုံဆိုရင် တကယ်ကို ပူလောင်လွန်းလှတာဗျ။ အဲဒါကို ဝတ်ပြီး နေရောင်အောက်မှာ နာရီအနည်းငယ်လောက် စောင့်ရတာကတော့ ငရဲကျနေသလိုပဲ"

"ဒါပေမယ့် အလုပ်သမားခကတော့ အတူတူပဲ မဟုတ်လားဟင်"

"အဲဒီလိုမျိုးဆိုရင် သူတို့က တစ်ခါတလေ ပိုပေးတတ်ကြပါတယ်။ ဒါပေမယ့်လည်း လူအများစုကတော့ နန်းတွင်းဇာတ်လမ်းတွဲတွေကို ရှောင်ကြတာများတယ်။ တစ်ခါတလေကျတော့လည်း အဲဒါနဲ့ ပြောင်းပြန်ပေါ့၊ ဆောင်းတွင်းမှာ အဝတ်အစား ပါးပါးလေး တစ်ထည်တည်း ဝတ်ပြီး နာရီပေါင်းများစွာ စောင့်ရတတ်ပြန်ရော။ ပြီးတော့ ငါတို့ ဆီကို အိတ်ဆောင်အပူပေးစက်လေး ရောက်လာခါမှပဲ ရိုက်ကူးရေး စတော့မယ်လို့ သူတို့က ပြောကြတာ။ အဲဒါက လူကို ရူးသွားစေနိုင်တယ်ဗျာ။ အဓိက သရုပ်ဆောင်တွေကတော့ အပူပေးစက် အကြီးကြီးရဲ့ ဘေးမှာ နေခွင့်ရကြပေမယ့် ငါတို့ကတော့... အင်း... ကိုယ့်ဘာသာကိုယ်ပဲ ရှာရတာပေါ့။ ဒါပေမယ့် ဖြတ်လျှောက်သရုပ်ဆောင်တွေကို ဂရုစိုက်ပေးတဲ့ အဖွဲ့မျိုးကို တွေ့ရင်တော့ အများကြီး ပိုပြီး လွယ်ကူသွားတာပေါ့။ အဲဒီလိုလူတွေက မင်းကို အစားအသောက်လည်း ကောင်းကောင်း ကျွေးတတ်ကြသေးတယ်။ ဒါနဲ့ နေပါဦး၊ ငါ မင်းကို ရိုးရိုးပဲ ပြောနေမိတာ၊ မင်းက ငါ့ထက် တကယ်ပဲ ငယ်တာ မဟုတ်လား"

"ကျွန်တော် အထက်တန်း ဒုတိယနှစ်ပါခင်ဗျာ"

"တကယ်လား။ မင်းကို ကြည့်ရတာ ငယ်မယ့်ပုံ ပေါက်နေပေမယ့် ဒီလောက်အထိ ငယ်လိမ့်မယ်လို့ ငါ မတွေးမိဘူး။ ဒါနဲ့ နေပါဦး၊ မင်းက အထက်တန်းကျောင်းသားလား"

အဲဒီလူက သူ့ကို ဝေခွဲမရတဲ့ ပုံစံနဲ့ ကြည့်နေတုန်းမှာပဲ မာရူးက ဝန်ထမ်းတွေဆီကို ညွှန်ပြလိုက်တယ်။ အဲဒီလူလည်း မာရူးရဲ့ လက်ညှိုးနောက်ကို လိုက်ကြည့်လိုက်တာပေါ့။

"အဖွဲ့ခေါင်းဆောင် လာနေပြီ"

"အာ... ရိုက်ကူးရေး စတော့မယ့်ပုံပဲ"

နောက်ခံသရုပ်ဆောင်တွေရဲ့ အဖွဲ့ခေါင်းဆောင်က လူတွေကို လှမ်းအော်ပြောလိုက်တယ်။

"ထကြစမ်း။ အခု စတော့မယ်။ အားကစားရုံထဲမှာ ကျောင်းသားတွေ ရှိနေတာမို့ လမ်းညွှန်ချက်တွေကို လိုက်နာကြပါ၊ ဘာမတော်တဆမှုမှ မဖြစ်စေနဲ့။ ငါတို့က ဘတ်စကတ်ဘောကွင်းရဲ့ ဘေးကနေ အားပေးရမယ့် အခန်းကို ရိုက်ကူးမှာ။ ဘာမှ ခက်ခဲတာ မရှိတာမို့ လမ်းညွှန်ချက်တွေအတိုင်းပဲ လုပ်ကြ၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ"

အဲဒီအချိန်မှာပဲ အဓိက အဆောက်အအုံဘက်ကနေ ရုန်းရင်းဆန်ခတ် ဖြစ်သံအချို့ ထွက်ပေါ်လာခဲ့တယ်။ မိန်းကလေးတွေရဲ့ အော်ဟစ်သံတွေကို အဝေးကြီးကနေတင် လှမ်းကြားနေရတာပေါ့။ အားပေးသံတွေ ကြားထဲကနေ ချောမောလှပတဲ့ ကောင်လေး၊ ကောင်မလေး အုပ်စုတစ်စု ထွက်ပေါ်လာခဲ့တယ်။

"ပစ္စည်းကိရိယာတွေကို ရွှေ့ကြ။ ကျောင်းသားတွေနဲ့ ဘာမတော်တဆမှုမှ မဖြစ်စေဖို့ ဂရုစိုက်ကြပါဦး။ သူတို့ ဒဏ်ရာရတာမျိုး ဖြစ်သွားရင် ကိစ္စက အကြီးကြီး ဖြစ်သွားမှာမို့လို့ လေးလံတဲ့ ပစ္စည်းတွေနဲ့ ကေဘယ်ကြိုးတွေကို သတိထားကြပါ"

ဒါရိုက်တာ ဖြစ်ပုံရတဲ့ လူတစ်ယောက်က သရုပ်ဆောင်တွေနဲ့အတူ အားကစားရုံထဲကို လျှောက်ဝင်လာခဲ့တယ်။ သူတို့နောက်ကနေ မန်နေဂျာတွေ၊ ညှိနှိုင်းရေးမှူးတွေနဲ့ မိတ်ကပ်ပညာရှင်တွေက ရှင်ဘုရင်ရဲ့ နောက်ကနေ လိုက်ပါလာတဲ့ အခြွေအရံတွေလိုမျိုး အုပ်စုလိုက်ကြီး ဝင်လာကြတာပေါ့။

"အဲဒါကတော့ တကယ့်ကို ထူးခြားတဲ့ ဆက်ဆံမှုပဲ..." လို့ မာရူးက တိုးတိုးလေး ပြောလိုက်မိတယ်။

"သူတို့ကတော့ အထူးဆက်ဆံမှုကို ခံရမှာပေါ့။ သူတို့က ငါတို့ထက် အဆပေါင်းများစွာ ပိုပြီး အလုပ်သမားခ ရကြတာကိုး"

"အဆပေါင်းများစွာ ဟုတ်လား။ အဆပေါင်း ရာနဲ့ချီပြီးလို့ ပြောတာ နေမှာပါ"

အဲဒီလူရဲ့ မျက်လုံးတွေထဲမှာတော့ မနာလိုစိတ်နဲ့ နောင်တရမှုတွေ ရောပြွမ်းနေတာကို မြင်တွေ့ရတယ်။ ဂန်ဟွမ်ကလည်း အခုလိုမျိုး လူတွေအတွက် စိုးရိမ်နေခဲ့တာ ဖြစ်ရမယ်။ သူတို့မှာ အလုပ်အကိုင်တွေ ရှားပါးလာနေပြီလေ။ အခုခေတ်က ကြိုးစားအားထုတ်မှုက ရလဒ်နဲ့ ထပ်တူမကျတော့တဲ့ ခေတ်ကြီး ဖြစ်နေပြီကိုး။

"ဖြတ်လျှောက်သရုပ်ဆောင်တွေ... ငါ့နောက်ကို လိုက်ခဲ့ကြ"

အဖွဲ့ခေါင်းဆောင်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ မာရူးက သူ့ရဲ့ အိတ်ကို ကောက်ကိုင်ပြီး လှုပ်ရှားလိုက်တော့တယ်။

'ငါတို့ကို ကြည့်ရတာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို အတင်းမောင်းသွင်းခြင်း ခံနေရတဲ့ နေ့စားအလုပ်သမားတွေလိုပဲ'

ဘာပဲဖြစ်ဖြစ် အဖွဲ့ခေါင်းဆောင်ဖြစ်ဖြစ်၊ အလုပ်သမားခေါင်းဆောင်ဖြစ်ဖြစ်၊ သူတို့ကတော့ အတူတူပါပဲလေ။

* * * * * * * * *

All Chapters