← Chapters

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း(၂၉၉)

လေထုက လန်းဆန်းလို့နေတယ်။ သူတို့မသိတဲ့တစ်နေရာရာမှာ အဲယားကွန်းက သူ့အလုပ်သူ ကောင်းကောင်းလုပ်နေပုံရတာပေါ့။ ဝင်ပေါက်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ ဒုတိယထပ်နဲ့ တတိယထပ်ကို တက်မယ့် လှေကားတွေရှိပြီး အရှေ့တည့်တည့်မှာတော့ 'Passion' လို့ စာလုံးကြီးကြီးရေးထားတဲ့ မှန်တံခါးတစ်ချပ်ရှိတယ်။ အဲဒီမှန်တံခါးကတစ်ဆင့် ကြည့်လိုက်တော့ ရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေကြတဲ့ လူတချို့ကို မာရူး မြင်လိုက်ရတယ်။ ကျောင်းသားတချို့ ဘော်လီဘောလုံး ကစားနေတာကိုလည်း တွေ့ရတာပေါ့။ ကြည့်ရတာ သူတို့ စာသင်ချိန်တော့ မဟုတ်ပုံရဘူး။ ဇာတ်လမ်းတွဲရိုက်တာကို ကူညီဖို့ ရောက်နေကြတဲ့ပုံပဲ။

"ကျောင်းသားတို့၊ ခဏလောက် စောင့်ပေးကြပါဦး"

ဝန်ထမ်းတွေကို အော်ဟစ်ညွှန်ကြားနေတဲ့ ဒါရိုက်တာက ကျောင်းသားတွေကိုကျတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောရှာတယ်။ သူက သူ့လက်အောက်ငယ်သား မဟုတ်တဲ့လူတွေအပေါ်ဆိုရင်တော့ ကြင်နာတတ်တဲ့ လူစားမျိုးလေ။

ကျောင်းသားတွေက ညွှန်ကြားချက်အတိုင်း လိုက်နာနေကြရင်းနဲ့တောင် တစ်ဖက်မှာ လေ့ကျင့်နေကြတဲ့ ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်တွေ သူတို့ဘက်လှည့်ကြည့်လာအောင် အော်ခေါ်နေကြသေးတယ်။ သရုပ်ဆောင်တချို့က သူတို့ကို လက်လှမ်းပြလိုက်တဲ့အခါမှာတော့ အားကစားရုံတစ်ခုလုံး ဟိန်းထွက်သွားမတတ် အော်ဟစ်အားပေးသံတွေ ဆူညံသွားတော့တာပေါ့။

"ဆောရီးပါကွာ၊ ခဏလေး ထပ်စောင့်ပေးကြပါဦးနော်"

"ဝူမင်းအိုပါး။ ချစ်တယ်နော်"

"အိုပါးက တကယ်ကို ချစ်ဖို့ကောင်းလွန်းတယ်"

ဒုတိယထပ် ဝရန်တာကနေ အော်ဟစ်နေကြတဲ့ မိန်းကလေးတွေကို မာရူး လှမ်းကြည့်လိုက်တယ်။ ဒါ အန္တရာယ်မများဘူးလား။ မိန်းကလေးတစ်ယောက် လက်ရန်းပေါ်ကနေ ပြုတ်မကျသွားအောင် ဆရာတွေမှာ လာတားရသေးတယ်။ ဆရာတွေ ဆူပူကြိမ်းမောင်းနေတဲ့ ကြားကတည်းက အဲဒီမိန်းကလေးတွေက ကွင်းထဲက သရုပ်ဆောင်တွေကို ခိုးခိုးကြည့်နေကြတုန်းပဲ။ သူတို့က သရုပ်ဆောင်တွေကို တကယ်ပဲ အရူးအမူး ကြိုက်ကြပုံရတာပေါ့။

ပထမထပ်ရဲ့ ညာဘက် ဘတ်စကတ်ဘောကွင်းထဲမှာ သရုပ်ဆောင်တွေ ဇာတ်တိုက်လေ့ကျင့်နေကြတုန်း ဇာတ်ရံတွေကတော့ ပြန်ပြီး စောင့်ဆိုင်းနေကြရပြန်တယ်။ အဲဒီလိုစောင့်နေတုန်းမှာ ကျောင်းသားတချို့က သူတို့ဆီ ချဉ်းကပ်လာကြတယ်။ ဒီမှာထိုင်နေတဲ့လူတွေက ဘာလူတွေလဲဆိုတာ သူတို့ စိတ်ဝင်စားနေကြတဲ့ပုံပဲ။

"ဘာလုပ်နေကြတာလဲဟင်"

"စောင့်နေကြတာလေ"

"ဇာတ်လမ်းတွဲထဲမှာ ပါမလို့လား"

"ခဏတဖြုတ်လောက်ပဲ ပါမှာပါ"

"အော်... ဟုတ်ကဲ့"

မိန်းကလေးတွေက အကြာကြီးမနေကြပါဘူး။ စိတ်ဝင်စားမှု လျော့သွားပုံရပြီး သူတို့အုပ်စုဆီပဲ ပြန်သွားကြတော့တယ်။

"ငါတို့ ရောက်နေတာ တစ်နာရီကျော်သွားပြီ၊ ဘာမှတောင် မစရသေးဘူး"

"ဟုတ်ပ"

လူတွေက ပြင်ဆင်နေတုန်းပဲရှိသေးတဲ့ အဓိကရိုက်ကွင်းကြီးကို ပျင်းရိပျင်းတွဲနဲ့ ငေးကြည့်နေကြတယ်။ အဲဒီအချိန်မှာ မာရူးဆီ ဖုန်းဝင်လာတာမို့လို့ အုပ်စုထဲကနေ ခဏလောက် ခွဲထွက်လာခဲ့လိုက်တယ်။

“ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား”

"အစ်ကိုပြောတဲ့အတိုင်းပဲ စောင့်နေရတုန်းပေါ့"

“ငါ ထင်သားပဲ။ အော်... ငါ အလုပ်ကိစ္စကြောင့် ကုမ္ပဏီကို သွားရဦးမှာမို့လို့၊ တစ်ခုခုလိုရင် ဖုန်းဆက်လိုက်နော်”

"ကျွန်တော့်အတွက် စိတ်မပူဘဲ အစ်ကို့အလုပ်သာ အစ်ကိုလုပ်ပါ။ ကျွန်တော် ဘတ်စကားနဲ့ပဲ အိမ်ပြန်လိုက်ပါ့မယ်"

“ဘယ်ဖြစ်မလဲကွာ၊ ငါက မင်းရဲ့ မန်နေဂျာပဲဟာကို”

"ဒါက နှစ်ယောက်လုံးအတွက် ပိုအဆင်ပြေပါတယ်။ အလုပ်ကိစ္စပြီးလို့ အချိန်ပိုရရင်လည်း အစားအသောက် ကောင်းကောင်းလေးတစ်ခုခု စားလိုက်ဦးလေ။ ကျွန်တော် ဘတ်စကားနဲ့၊ မဟုတ်ပါဘူး... တက္ကစီနဲ့ပဲ ပြန်လိုက်ပါ့မယ်။ ပြေစာတင်လိုက်ရင် သွားလာစရိတ် ပြန်ရမှာပဲမလား"

“ဟား... မင်းက ဒါမျိုးတွေကိုပါ အတော်နှံ့စပ်နေတာပဲ။ မင်းက ကုမ္ပဏီမှာ အလုပ်လုပ်ရင်တောင် အရှုံးခံမယ့်လူစားမျိုး မဟုတ်ဘူးပဲ”

"ဟုတ်တယ်၊ ကျွန်တော်ကတော့ အလကားနေရင်း အရှုံးပေါ်မှာမျိုးကို လုံးဝမကြိုက်ဘူး။ ဘာပဲဖြစ်ဖြစ် အစ်ကို့အလုပ်ကိုသာ ပုံမှန်အတိုင်း လုပ်စရာရှိတာလုပ်ပါ။ ကျွန်တော်ကတော့ နည်းနည်း ထပ်စောင့်ရဦးမယ် ထင်တယ်"

“အေးအေး၊ ကြိုးစားစမ်းပါဦး။ အော်... ဒါနဲ့၊ အဲဒီက ဒါရိုက်တာက ဒါရိုက်တာ ချွဲဂျုန်ဂွန်နဲ့ သိကျွမ်းတဲ့သူ တဲ့။ ပြီးတော့ မင်း ဒီထဲမှာ ပါခွင့်ရတာလည်း ဒါရိုက်တာချွဲရဲ့ အကြံပြုချက်ကြောင့်လို့ ကြားတယ်နော်”

"တကယ်ကြီးလား"

ဒါက တကယ်ကို မထင်မှတ်ထားတဲ့အချက်ပဲ။ လီဂျွန်မင်းကပဲ သူ့ကို ဒီနေရာထဲ ထည့်ပေးလိုက်တာလို့ သူ သဘာဝကျကျ တွေးထားခဲ့တာလေ။ လွန်ခဲ့တဲ့တစ်လက ရုပ်ရှင်ရိုက်ကွင်းမှာ တွေ့ခဲ့ရတဲ့ ဂျုန်ဂွန်ရဲ့ မျက်နှာကို သူ ပြန်သတိရမိသွားတယ်။ သူက မာရူးကို အမြင်သဘောကျသွားလို့များလား။ ဒါမှမဟုတ် တခြားအကြောင်းပြချက် တစ်ခုခုကြောင့်လား။ အဲဒီအကြောင်းကို ခဏလောက် တွေးကြည့်ပြီးနောက် မာရူးက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်တယ်။ သူက ဇာတ်ရံတစ်ယောက်ပဲဟာ။ ဘာအကြောင်းပြချက် ထူးထူးခြားခြား ရှိနေမှာမို့လို့လဲ။ တစ်ယောက်ယောက်က အကြံပြုခိုင်းလို့ သူ့နာမည်ကို ဒီအတိုင်းပဲ လွှတ်ခနဲ ပြောလိုက်တာလည်း ဖြစ်နိုင်တာပဲ။ ဖုန်းချလိုက်ပြီးနောက် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ အဖွဲ့ခေါင်းဆောင်ကို မာရူး ပြုံးပြလိုက်ရင်း အုပ်စုထဲ ပြန်ဝင်လာခဲ့တယ်။

"ကဲ... အားလုံး အဆင်သင့်ပဲလား။ ရိုက်ကူးရေး စတော့မယ်။ တစ်ခါတည်းနဲ့ အပြတ်ရိုက်ကြမယ်နော်"

ကြည့်ရှုနေကြတဲ့ ကျောင်းသားတွေကို ဘတ်စကတ်ဘောကွင်းရဲ့ ပတ်ပတ်လည်မှာ နေရာချလိုက်တယ်။ တချို့က အော်ဟစ်အားပေးကြပြီး တချို့ကတော့ အချင်းချင်း စကားပြောနေကြတာပေါ့။ ဒါရိုက်တာ အလိုရှိတာကတော့ အတတ်နိုင်ဆုံး သဘာဝကျနေဖို့ပဲ။

ကင်မရာ စရိုက်တာာနဲ့ သရုပ်ဆောင်တွေက သူတို့အခန်းကို စသရုပ်ဆောင်ကြတော့တယ်။ အရပ်ရှည်ရှည် သရုပ်ဆောင်တစ်ယောက်က ဘောလုံးကို ပုတ်ပြီး တစ်ဖက်လူရဲ့ ဧရိယာထဲကို အရှိန်နဲ့ ထိုးဖောက်ဝင်ရောက်သွားပြီးတော့ Lay-up shot သွင်းလိုက်တယ်။ ဘောလုံးက သူ့လက်ထဲကနေ ထွက်သွားပြီး ဘုတ်ပြားကို တစ်ချက်ထိပြီးတော့ ကွင်းထဲကို တည့်တည့်ဝင်သွားမလို့ ဖြစ်ခဲ့ပေမယ့် စိတ်မကောင်းစရာပဲ၊ လွဲချော်ပြီး လွင့်ထွက်သွားခဲ့တယ်။

"ကောင်းတယ်၊ ကောင်းတယ်။ နောက်တစ်ခေါက်။ ဒီအတိုင်းလေးပဲ နောက်တစ်ခေါက် ထပ်လုပ်ရအောင်"

ဒါရိုက်တာက ထပ်ပြီး ညွှန်ကြားချက်ပေးလိုက်တော့ လူတွေက အော်ဟစ်အားပေးကြပြန်တယ်။ ကျောင်းသားတွေကတော့ စာသင်ခန်းထဲမှာ စာသင်နေရတာထက်စာရင် ဒီလို တစ်ခုခုလုပ်နေရတာကို ပိုသဘောကျနေကြတဲ့ပုံပဲ။ ဒါကြောင့် တူညီတဲ့အခန်းကိုပဲ ထပ်ခါတလဲလဲ ရိုက်နေရတာတောင် သူတို့ကတော့ အားရပါးရ အော်ဟစ်အားပေးနေကြတုန်းပဲ။ ဒီတစ်ကြိမ်မှာတော့ ဘောလုံး ဝင်သွားခဲ့တယ်။ ဘောလုံးပစ်လိုက်တဲ့ အနေအထားကို ကြည့်ရသလောက်တော့ အဲဒီသရုပ်ဆောင်က ဘတ်စကတ်ဘောကို ပုံမှန် ကစားလေ့ရှိတဲ့သူ ထင်ပါရဲ့။

"ကောင်းပြီ။ နောက်တစ်ခု၊ လီဂျင်နဲ့ ယွန်ရင်။ ကြက်တောင်ရိုက်တဲ့အခန်း"

ဆက်တိုက်ရိုက်ရမယ့် အခန်းတွေအတွက် စကားပြောခန်းတွေ မရှိတာကို ကြည့်ရင် ဒါက သိပ်ပြီး အရေးပါတဲ့ အစိတ်အပိုင်းတော့ မဟုတ်ပုံရဘူး။ အရေးကြီးတဲ့ အခန်းတွေကြားထဲမှာ ညှပ်မယ့် သာမန်အခန်းတွေကိုပဲ ရိုက်နေတာ နေမှာပါ။ ဒီတစ်ခါတော့ ယောက်ျားလေးတွေက အားရပါးရ အော်ဟစ်အားပေးကြတော့တယ်။

"သူတို့က တော်တော်လေး အကောင်သေးသေးလေးတွေပဲနော်။ တီဗီထဲမှာကျတော့ အရပ်ရှည်သလိုလိုနဲ့"

"အိုင်ဒေါအများစုက လူကောင်သေးကြတာပဲလေ။ ဒါပေမဲ့ အချိုးအစား ပြေပြစ်တော့ စကရင်ပေါ်မှာ အရပ်ရှည်သလို ပေါ်နေတာပေါ့"

ဇာတ်ရံတွေအတွက်တော့ စောင့်ဆိုင်းရုံကလွဲလို့ ဘာမှလုပ်စရာမရှိတာမို့ စကားစမြည်ပြောရတာကပဲ တစ်ခုတည်းသော ပျော်စရာဖြစ်နေတယ်။ သရုပ်ဆောင်ဖို့ ကြိုးစားနေတဲ့သူအပြင် ဒီလိုမျိုး အချိန်ပိုင်းအလုပ် လုပ်ဖူးတဲ့ အတွေ့အကြုံရှိတဲ့လူတွေလည်း အများကြီးရှိနေတာမို့လို့ သူတို့ပြောတာတွေကို နားထောင်ရင်း အချိန်ကုန်ခံနေကြတာပေါ့။

"သူတို့ကို တခြားတစ်နေရာရာမှာ တွေ့ခဲ့ရရင် ပိုကောင်းမှာပဲ..." လို့ လူတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်တယ်။

သူတို့အရှေ့တည့်တည့်မှာ နာမည်ကြီးအနုပညာရှင်တစ်ယောက် ရှိနေပေမယ့် သူတို့ကတော့ လုံးဝကို ကွဲပြားခြားနားတဲ့ ကမ္ဘာတစ်ခုမှာ နေထိုင်နေကြတဲ့ လူတွေပဲလေ။ တိရစ္ဆာန်ရုံထဲက ခြင်္သေ့တွေကို ခဏခဏ ကြည့်ဖူးလာတဲ့အခါ ခြင်္သေ့အပေါ် စိတ်မဝင်စားတော့သလိုမျိုးပါပဲ။ အနုပညာရှင်တွေကို ဒီလိုမျိုး အကြာကြီး စိုက်ကြည့်နေရတဲ့အခါ သူတို့အပေါ်မှာလည်း ဘာမှ မထူးဆန်းတော့သလို ခံစားရတာပေါ့။ ဒါတင်မကသေးဘူး၊ သူတို့က ဒီနေရာကို လာကြည့်တာ မဟုတ်ဘဲ ပိုက်ဆံလာရှာကြတာလေ။ အဖွဲ့ခေါင်းဆောင်က သူတို့ကို အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်နေတုန်းမှာပဲ သူတို့ရဲ့ စောင့်ဆိုင်းရမယ့်အချိန်ကလည်း အတိုင်းအဆမရှိ ကြာမြင့်လို့နေတယ်။ သူတို့မှာတော့ ကျောင်းသားတွေလို အနုပညာရှင်တွေကို မြင်ရရုံနဲ့ မပျော်နိုင်ကြရှာဘူး။

"ကတ်။ နောက်တစ်ခန်း"

ရိုက်ကူးရေးက တော်တော်လေး မြန်မြန်ဆန်ဆန်ပဲ တိုးတက်သွားတယ်။ အရှိန်အဟုန်ကတော့ ရုပ်ရှင်ရိုက်ကွင်းနဲ့ လုံးဝကို ကွဲပြားခြားနားနေတာပေါ့။ လောလောဆယ် စကားပြောခန်းတွေ မရှိလို့လည်း ဖြစ်နိုင်ပေမယ့် အဆင်ပြေသွားတဲ့ အခန်းတွေကိုတော့ ဒုတိယအကြိမ် ထပ်မရိုက်ကြတော့ဘူး။ လူတွေက စက်ပစ္စည်းတွေကို ရွှေ့ပြောင်းဖို့ စလုပ်ကြတယ်။ အသံအကျယ်ကြီးထွက်တဲ့ အလေးစား စက်ပစ္စည်းတွေကို ရွှေ့ပြောင်းပြီးသွားတဲ့အခါမှာတော့ အဖွဲ့ခေါင်းဆောင်က သူတို့ကို အချက်ပြလိုက်တယ်။

"ဒီကို ကြည့်ကြစမ်း။ ကျောင်းသားတွေက နှစ်ဖွဲ့ကွဲပြီးတော့ ဒီအခန်းထဲမှာ စတင်ပြီး ရန်ဖြစ်ကြလိမ့်မယ်။ သိပ်ပြီး ဆန်းပြားတဲ့ လှုပ်ရှားမှုမျိုးတွေ ဘာမှမပါဝင်တာမို့လို့ မစိုးရိမ်ကြနဲ့ဦး။ ကဲ... မင်းကနေ မင်းအထိက အဖွဲ့ A၊ ကျန်တဲ့လူတွေကတော့ အဖွဲ့ B ဖြစ်မယ်"

အဲဒီအချိန်မှာပဲ အနီရောင် ကန်တော့ချွန်ကိုင်ထားတဲ့ အမျိုးသမီး ရောက်လာခဲ့တယ်။

"ဟန်မာရူး ဆိုတာ ဘယ်သူလဲ"

မာရူးက သူ့ရဲ့ ညာဘက်လက်ကို မြှောက်ပြလိုက်တယ်။ အမျိုးသမီးက သူ့ကို လာခဲ့ဖို့ လက်ဟန်ခြေဟန်နဲ့ လှမ်းခေါ်တယ်။

"မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ။ ငါတို့ မင်းကို လိုက်ရှာနေတာ"

"ကျွန်တော်က ဇာတ်ရံအဖြစ် ပါရမှာမို့လို့လေ"

"မင်းပြောတာ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ လုံးဝကြီးတော့ မဟုတ်သေးဘူး။ မင်းရဲ့ အခန်းက ဘာလဲဆိုတာ မင်းသိတယ်မလား"

"ဟုတ်ကဲ့။ အရိုက်ခံရမယ့် အခန်းပါ"

အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီးနောက် မာရူးကို ခဏလောက် ခေါ်သွားဦးမယ်ဆိုတဲ့အကြောင်း အဖွဲ့ခေါင်းဆောင်ကို ပြောလိုက်တယ်။ သူက အမျိုးသမီးရဲ့နောက်ကို လိုက်သွားရင်း အားကစားရုံရဲ့ ထောင့်တစ်နေရာကို ရောက်သွားခဲ့တာပေါ့။

"နားချိန်ရတယ်လို့ပဲ သဘောထားပြီး အေးအေးဆေးဆေး ထိုင်နေလိုက်ဦး။ သူတို့ ရန်ဖြစ်ကြပြီဆိုတာနဲ့ မင်းက သရုပ်ဆောင်တွေကို စိုးရိမ်တကြီးနဲ့ စပြီး လှမ်းကြည့်ပေးရုံပဲ"

"ကျွန်တော်တို့က 'ဘာလုပ်ကြမလဲ' ဆိုတဲ့ စကားမျိုးတွေ ပြောဖို့ လိုဦးမလားဟင်"

"'ဘာလုပ်ကြမလဲ' တို့၊ 'ဆရာတွေကို သွားခေါ်ရမလား' တို့လိုမျိုး စကားတွေကို ပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့"

ဒါရိုက်တာက ကျောင်းသားတွေကို ရှင်းပြနေပြီး သူ့ဘေးမှာတော့ သရုပ်ဆောင်တွေက နောက်ရိုက်မယ့် အခန်းကို လေ့ကျင့်နေကြတယ်။ ကြည့်ရတာ လက်သီးနဲ့ ထိုးတာ၊ ရှောင်တာတွေကို ရိုက်မယ့်အခန်း ထင်ပါရဲ့။

"ငါ မင်းတို့ကို ပြောသားပဲ၊ အဲဒါ မဟုတ်ဘူးလို့။ သေသေချာချာ ကြည့်စမ်း။ ကင်မရာက မင်းတို့ရဲ့ ညာဘက်ခြမ်းကနေ ရိုက်မှာ။ ဒါဆိုရင် အဲဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ။ မင်းတို့ရဲ့ ညာဘက်ခြမ်းက ဖရိန်ထဲမှာ ပေါ်နေလိမ့်မယ် ဟုတ်လား။ တကယ်လို့ မင်းက တစ်ဖက်လူရဲ့ ကော်လံစကို ဆွဲကိုင်ပြီး လက်သီးကို ဒီလိုမျိုး လွှဲလိုက်ရင် ကင်မရာထဲမှာ မင်း တကယ်ထိုးတာ မဟုတ်ဘူးဆိုတာ မိသွားလိမ့်မယ်"

မေးစေ့ ချွန်ချွန်နဲ့ လူတစ်ယောက်က သရုပ်ဆောင်နှစ်ယောက်ကို ရှင်းပြနေတယ်။ သရုပ်ဆောင်နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုကို သူ သဘောမကျပုံရပြီး မျက်မှောင်ကြီး ကြုတ်လို့နေတာပေါ့။

"ငါ နောက်တစ်ခေါက် ထပ်ပြမယ်။ မင်းတို့ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး ပေါ်လွင်အောင် လုပ်စမ်းပါ။ တင်းတင်းကျပ်ကျပ်ကြီး ဆွဲကိုင်ထားဖို့ မလိုပေမယ့် မင်းက လက်မောင်းကို ယောင်တောင်တောင်ကြီး လွှဲလိုက်ရင် ကြည့်ရတာ သိပ်ကို ရုပ်ဆိုးသွားလိမ့်မယ်။ ပြီးတော့ လက်မောင်းတစ်ခုတည်းကိုပဲ မသုံးနဲ့။ ခါးကိုပါ သုံးစမ်း။ ဒါမှသာ ကြည့်တဲ့လူတွေက အဲဒီလက်သီးနောက်မှာ အားပါသွားတယ်ဆိုတာကို သိမှာပေါ့။ ကဲ... ငါ့ကို ကြည့်စမ်း"

ဖြောင့်တန်းတဲ့ လက်သီးတစ်ချက်က သရုပ်ဆောင်တစ်ယောက်ရဲ့ နှာခေါင်းနားကနေ ဖြတ်သန်းသွားခဲ့တယ်။ အနောက်ကနေ စိုက်ကြည့်နေတဲ့ မာရူးအဖို့တော့ အဲဒီလက်သီးက မျက်နှာတည့်တည့်ကို တကယ် ဝင်သွားသလိုမျိုးတောင် ခံစားလိုက်ရတာပေါ့။ ဒါက စောစောက အိုင်ဒေါကောင်လေးရဲ့ လက်သီးနဲ့တော့ လုံးဝကို ကွဲပြားခြားနားလွန်းတယ်။

အဲဒီလူက အားရကျေနပ်ပုံမပေါ်ပေမယ့် သရုပ်ဆောင်တွေကိုတော့ အကြာကြီး မျက်မှောင်မကြုတ်ပါဘူး။ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ဖို့ သူတို့ကို အားပေးရှာတယ်။

"ဒါရိုက်တာကင်။ သူက အရိုက်ခံရမယ့်သူပါ"

အမျိုးသမီးက မာရူးကို မိတ်ဆက်ပေးလိုက်တယ်။ မာရူးက နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းကို အသာလေး ညိတ်ပြလိုက်တာပေါ့။

"လောလောဆယ်တော့ မင်းတို့နှစ်ယောက် အဲဒီအခန်းကို ကိုယ့်ဘာသာကိုယ်ပဲ အရင်လေ့ကျင့်ထားကြဦး။ မင်းတို့နှစ်ယောက်လုံးက အရည်အချင်းရှိကြတဲ့သူတွေပဲဆိုတော့ နည်းနည်းလောက် လေ့ကျင့်လိုက်ရင် ငါ ဘာကို ဆိုလိုတယ်ဆိုတာ သဘောပေါက်သွားမှာပါ။ ဒါမျိုးကို လုပ်နေတာမှတော့ တီဗီပေါ်မှာ ကြည့်ကောင်းနေဖို့ လိုတာပေါ့၊ မဟုတ်ဘူးလား"

ဒါရိုက်တာကင်က စကားပြောပြီးနောက် လှည့်ထွက်သွားခဲ့တယ်။ သူက မာရူးဆီကို နှစ်လှမ်းလောက် လှမ်းလာပြီးတော့ သူ့ကို အထက်အောက် စုန်ဆန် ကြည့်လိုက်သေးတယ်။

"ဟူး... ဒီနေ့ မင်းလုပ်ရမယ့်အလုပ်က ဟိုဘက်ကကောင် ပစ်လိုက်မယ့် လက်သီးချက်ကို ခံရဖို့ပဲ။ ဒါရိုက်တာက ဇာတ်တိုက်တဲ့အချိန်ကျရင် အသေးစိတ်ကို ထပ်ပြောပြလိမ့်မယ်"

"ကျွန်တော် အတိအကျ ဘာလုပ်ဖို့ လိုမလဲခင်ဗျာ"

မာရူးက သူ့လိုပဲ လူကောင်အချိုးအစား တူညီတဲ့ ဒါရိုက်တာကင်ကို လှမ်းမေးလိုက်တယ်။ သူက ဒီနေရာကို ကစားဖို့ လာတာ မဟုတ်တာမို့လို့ အလုပ်ကို သေသေချာချာ လုပ်ရမှာလေ။ သူ့အလုပ်ကို သေသေချာချာ လုပ်နိုင်ဖို့ဆိုရင် သူ ဘာလုပ်နေရလဲဆိုတာကို သိနေဖို့ လိုတယ်။ ဒါရိုက်တာကင်ရဲ့ ရှင်းပြချက်က သူ့အတွက် မလုံလောက်သေးတာမို့လို့ သူ ထပ်မေးလိုက်တာပေါ့။

"မင်းက အရိုက်ခံရသလိုမျိုး ဟန်ဆောင်ရမှာလေ"

"ဘယ်နေရာကို အရိုက်ခံရမှာလဲခင်ဗျာ"

"မျက်နှာကိုပေါ့။ မင်းက သူတို့ ရန်ဖြစ်နေတာကို ဝင်ဆွဲဖို့ ကြိုးစားနေတုန်းမှာ လက်ပြန်ရိုက်ချက် အထိခံရမှာ"

"နောက်လှည့်ရိုက်ချက် ပုံစံမျိုးပေါ့ ဟုတ်လား"

"ဟားဟား... အဲလိုမျိုး ခေါ်ရင်လည်း ရတာပေါ့လေ"

ဒါရိုက်တာကင်ရဲ့ မျက်လုံးတွေက လေ့ကျင့်နေကြတဲ့ သရုပ်ဆောင်နှစ်ယောက်ဆီ ရောက်နေတယ်။ သူတို့က အရင်ကထက်စာရင် ပိုကောင်းလာပြီဆိုပေမယ့် အခုထိတော့ သိပ်ပြီး သတိကြီးလွန်းနေကြတုန်းပဲ။ ဒါရိုက်တာကင်က သူတို့ရဲ့ လက်သီးချက်တွေကို လုံးဝ သဘောမကျပုံရဘူး။

"လှုပ်ရှားမှုအခန်းတစ်ခုကို ဆယ်မိနစ်အတွင်း ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ" လို့ ဒါရိုက်တာကင်က သူ့ဘာသာသူ ရေရွတ်လိုက်တယ်။

မာရူးကတော့ သူ့ဆီကနေ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မျက်နှာရိပ်မျက်နှာကဲကို ဖတ်လိုက်နိုင်တာပေါ့။

သူက ရုပ်ရှင်လောကထဲမှာ စတန့်သမားတွေကို ဘယ်လို ဆက်ဆံတတ်ကြလဲဆိုတာ ကောင်းကောင်းသိထားခဲ့တာလေ။ သူတို့က သရုပ်ဆောင်တွေရဲ့ မျက်နှာဖုံးကို စွပ်ပြီး သူတို့အစား လှုပ်ရှားမှုတွေကို လုပ်ပေးကြရပေမယ့် လူတွေက သူတို့ကို သရုပ်ဆောင် လို့ မခေါ်ကြဘူး။ သူတို့ကို ဝန်ထမ်း အဖြစ်ပဲ သတ်မှတ်ကြတာ။ ပြီးတော့ ဒါရိုက်တာကင် ခုနက ပြောလိုက်တဲ့ စကားလုံးတွေကပဲ ဒါရိုက်တာတွေအနေနဲ့ ဒီလို လှုပ်ရှားမှုအခန်းတွေကို ဘယ်လောက်တောင် အထင်သေးတတ်ကြလဲဆိုတာ မာရူးအတွက် ပြောပြဖို့ လုံလောက်နေခဲ့ပါပြီ။

"နောက်ဆယ်မိနစ်နေရင် ဇာတ်တိုက်တာ စတော့မယ်။ အဲဒီအချိန်အထိ နားနေကြပါဦး"

အနီရောင် ကန်တော့ချွန်ကိုင်ထားတဲ့ အမျိုးသမီးက အော်ပြောလိုက်တယ်။ သရုပ်ဆောင်တွေက တခြားသရုပ်ဆောင်တွေနဲ့အတူ နားနေကြပြီး ဝန်ထမ်းတွေကတော့ တခြားဝန်ထမ်းတွေနဲ့အတူ နားနေကြတာပေါ့။

"ဆောရီးပဲကွာ၊ ငါတို့မှာ အချိန်သိပ်မရှိတော့လို့ အခုပဲ ရှင်းပြချက်ကို လုပ်လိုက်ရအောင်"

"ဟုတ်ကဲ့"

ဒါရိုက်တာကင်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် မာရူးကို သူ့လက်မောင်းကို လာဆွဲကြည့်ဖို့ ပြောတယ်။ မာရူးက သူပြောတဲ့အတိုင်းပဲ သူ့ရဲ့ လက်မောင်းကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်လိုက်တာပေါ့။

"ဇာတ်တိုက်တဲ့အချိန်မှာလည်း ဒီအတိုင်းပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ အဲဒီကလေးက သူသင်ထားတာကို လုပ်မယ်ဆိုရင် သူက ဒီလိုမျိုး လှုပ်ရှားလိမ့်မယ်"

ဒါရိုက်တာကင်က သူ့လက်မောင်းကို အရှေ့ဘက်ကို အားပြင်းပြင်းနဲ့ ဆွဲပစ်လိုက်တယ်။ မာရူးက သူ့လက်မောင်းထဲကို အားထည့်မထားတာမို့လို့ သူ့ကိုယ်ကြီး အရှေ့ကို ပါသွားခဲ့တာပေါ့။ သူ ကိုယ်ဟန်ချက် ပြန်ထိန်းပြီး ပြန်ရုန်းဖို့ ကြိုးစားလိုက်တဲ့အချိန်မှာ ဒါရိုက်တာကင်က သူ့လက်မောင်းကို ထပ်ပြီး ခါထုတ်ပစ်လိုက်ပြန်တယ်။ သူ ဘာလုပ်ရမယ်ဆိုတာကို အပြောမခံရသေးတာမို့ မာရူးက သူ့ရဲ့ ကိုယ်အလေးချိန်ဗဟိုချက်ကို အောက်ချလိုက်ပြီး လက်မောင်းကို အောက်ဘက်ကို ဆွဲချရင်း ဒါရိုက်တာကင်ရဲ့ ကိုယ်ပေါ်ကို တိုးကပ်လိုက်တယ်။ ဒါက လက်ဝှေ့ထဲက အနီးကပ်ဖက်ထားတဲ့လှုပ်ရှားမှုမျိုးပဲလေ။

'ငါ ဘယ်အချိန်မှာ အရိုက်ခံရမှာလဲ'

သူက အဲဒီမေးခွန်းကို ရင်ထဲမှာ ထားရင်း ဒါရိုက်တာကို လှမ်းကြည့်လိုက်တယ်။

"ဟေ့... မင်း အားကစား လုပ်ဖူးလား"

"ဟုတ်ကဲ့။ အဖေ့ကြောင့် လက်ဝှေ့ နည်းနည်း လုပ်ဖူးပါတယ်"

"တကယ်ကြီးလား"

ဒါရိုက်တာကင်ရဲ့ မျက်နှာက အရင်ကထက်စာရင် သိသိသာသာကို လင်းပွင့်သွားတော့တယ်။ မာရူးမှာ လက်ဝှေ့အတွေ့အကြုံ ရှိနေတာက သူ့အတွက် တကယ်ကို အဆင်ပြေသွားပုံရတာပေါ့။ သူက ရဲဘော်ရဲဘက်တစ်ယောက်ကို ရှာတွေ့သွားသလိုမျိုး မာရူးရဲ့ ပုခုံးကိုတောင် လှမ်းဖက်လိုက်သေးတယ်။

"မင်းရဲ့ အနေအထားက ကောင်းသားပဲ။ မင်းအဖေက အားကစားကို သဘောကျပုံရတယ်နော်"

"ဟုတ်ကဲ့။ သူက ငယ်ငယ်တုန်းက လက်ဝှေ့သမားတစ်ယောက်ပါ။ ပရိုအဖြစ်တော့ ပွဲမထွက်ခဲ့ရဖူးဘူးပေါ့လေ"

"လက်ဝှေ့... ဟုတ်လား။ လက်ဝှေ့က ကောင်းပါတယ်။ ခုနောက်ပိုင်းတော့ လူကြိုက်နည်းလာလို့ ပွဲသိပ်မရှိတော့ပေမယ့် ငါတို့ခေတ်တုန်းကတော့ လက်ဝှေ့က အောင်မြင်ခဲ့တာပေါ့"

ဒါရိုက်တာကင်က အဲဒီနေရာမှာတင် ဘယ်ညာယိမ်းရှောင် လှုပ်ရှားမှုကို စလုပ်ပြတော့တယ်။ သူက ရတနာတစ်ခုကို ရှာတွေ့သွားတဲ့ ကလေးတစ်ယောက်လို ဖြစ်နေတာပေါ့။

"ဟေ့... မင်း လက်သီးတွေကို ကြောက်တတ်လား"

"ကျွန်တော်က လက်သီးထက် ပိုက်ဆံကို ပိုကြောက်တာပါ"

"အခုမှပဲ မင်းက တစ်ခုခုကို သိတော့တယ်။ ဒါက လွယ်သွားပြီ။ ငါ မင်းကို နှစ်ခါ ခါထုတ်ဖို့ ကြိုးစားခဲ့တယ်၊ ဟုတ်တယ်မလား"

"ဟုတ်ကဲ့"

"ပထမတစ်ကြိမ်ကို တောင့်ခံထားပြီး ဒုတိယအကြိမ်မှာ အရိုက်ခံလိုက်။ ဇာတ်တိုက်တဲ့အချိန်ကျရင် မင်းမျက်နှာကို ဘယ်ဘက်ကို လှည့်ပေးရမလဲဆိုတာ ငါပြောပြမှာမို့လို့ အဲဒါကိုတော့ စိတ်မပူနဲ့ဦး"

မာရူးက ခေါင်းညိတ်ပြီး သဘောပေါက်ကြောင်း ပြောလိုက်တဲ့အချိန်မှာပဲ လက်သီးတစ်ချက်က သူ့မျက်နှာဆီ ပျံဝင်လာခဲ့တယ်။ ဒါက ရုတ်တရက် ပစ်လိုက်တဲ့ လက်သီးချက် ဖြစ်ပေမယ့် မာရူးကတော့ တုံ့ပြန်နိုင်ခဲ့တာပေါ့။ သူက ကာကွယ်ဖို့အတွက် သူ့ရဲ့ လက်မောင်းနှစ်ဖက်ကို မြှောက်လိုက်ပြီး ကိုယ်ကို ဘေးဘက်ကို လွှဲလိုက်ကာ လက်သီးကို ပုခုံးနဲ့ ပိတ်ကာလိုက်တယ်။ လက်သီးက မထိခင်လေးတင် ရပ်တန့်သွားခဲ့တာပေါ့။

"မင်း လက်ဝှေ့ သင်ခဲ့ဖူးတာ တကယ်ပဲ"

ဒါရိုက်တာကင်က ပြုံးလိုက်ပြီး သူ့လက်သီးကို ဖြန့်လိုက်ကာ မာရူးရဲ့ ပုခုံးကို ပုတ်ပေးရှာတယ်။ မာရူးလည်း သူ့ရဲ့ အနေအထားကို လျှော့ချလိုက်ပြီး ပြန်ပြုံးပြလိုက်တာပေါ့။

"ကဲ... အားလုံးပဲ။ ဇာတ်တိုက်တာ စတော့မယ်"

ခဏလောက် နားပြီးနောက် ဇာတ်တိုက်တာကို ချက်ချင်းပဲ စတင်လိုက်ကြတယ်။ ဒါရိုက်တာကင်က သူတို့ရဲ့ ရန်ပွဲအခန်းကို လေ့ကျင့်နေကြတဲ့ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရှေ့မှာ ရပ်နေတယ်။ ဒီတစ်ကြိမ်မှာတော့ ဇာတ်ရံတွေပါ ပါဝင်လာခဲ့ကြတာပေါ့။ ဒါက အဓိကဇာတ်ကောင်နှစ်ယောက် ရန်ဖြစ်နေတာကို သူတို့က ဝင်ဆွဲဖို့ ကြိုးစားရမယ့် လူစုလူဝေးအခန်းပဲလေ။ ကျောင်းသားတွေကိုတော့ အပြင်ဘက် ပတ်ပတ်လည်မှာ နေရာချထားပြီး သရုပ်ဆောင်တွေကိုတော့ တကယ်ပဲ ရန်ပွဲဖြစ်ပွားမယ့် အတွင်းဘက်မှာ နေရာချထားတယ်။

"ဒီကို ကြည့်ကြစမ်း။ မင်းတို့နှစ်ယောက်က အချင်းချင်း သိပ်ပြီး သဘောမကျကြတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်။ စာသင်ခန်းထဲမှာ စကားများရာကနေ အရှိန်မြင့်လာပြီး မင်း ကြိုက်နေတဲ့ မိန်းကလေးကို ဒီကောင့်ဆီကနေ လုဖို့ ကြိုးစားနေတာကို မြင်လိုက်ရတဲ့အချိန်မှာ ရန်ပွဲက စဖြစ်သွားတာပေါ့။ ဟုတ်ပြီလား။ တင်းမာတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်လာပြီး မင်းတို့နှစ်ယောက် ရန်စဖြစ်ကြမယ်။ ကဲ... ဒါဆိုရင် ငါတို့ရဲ့ မင်းသမီးတွေကတော့ ရန်ပွဲကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေရမှာဖြစ်ပြီး မင်းတို့နှစ်ယောက်ကတော့ အချင်းချင်း ကော်လံစတွေကို ဆွဲကိုင်ပြီး စိုက်ကြည့်နေကြရမယ်။ ဟုတ်ပြီလား"

သူက အဓိကသရုပ်ဆောင်တွေကို သူတို့ ဘာလုပ်ရမလဲဆိုတာ ပြောပြပြီးနောက် ဇာတ်ရံတွေကိုပါ လိုက်လံရှင်းပြတော့တယ်။ ရှင်းပြချက် ပြီးသွားတဲ့အခါမှာတော့ ဒါရိုက်တာက အဓိကဇာတ်ကောင်နှစ်ယောက်အပြင် မာရူးကိုပါ လှမ်းခေါ်လိုက်တာပေါ့။

"ဟေ့... မင်းက ဒီနေရာမှာ သူ့လက်မောင်းကို ဆွဲထား။ ပြီးတော့ ဝူမင်း... မင်းက သူ့လက်မောင်းကို အားပြင်းပြင်းနဲ့ ခါထုတ်ဖို့ ကြိုးစားစမ်း"

အဲဒီနောက် သူတို့နှစ်ယောက်က ဒါရိုက်တာကင် ပြောပြထားတဲ့အတိုင်း လုပ်ကြတော့တယ်။ မာရူးက လက်မောင်းကို တစ်ကြိမ် တောင့်ခံထားရမှာဖြစ်ပြီး ဒုတိယအကြိမ် ခါထုတ်တဲ့အချိန်မှာ အရိုက်ခံရမှာလေ။ သူက သရုပ်ဆောင် ဝူမင်းနဲ့အတူ အဲဒီလှုပ်ရှားမှုကို ဇာတ်တိုက်ကြည့်တယ်။ သူက တခြားလူရဲ့ မျက်နှာကို ရိုက်ရမှာကို ကြောက်နေပုံရပြီး ရိုက်တဲ့နေရာမှာ တော်တော်လေး ယောင်တောင်တောင် ဖြစ်နေတာပေါ့။

"ဟို... ကျွန်တော် အရိုက်ခံရတာ အဆင်ပြေတာမို့လို့ အားအပြည့်နဲ့သာ လုပ်ပါဗျာ။ အန္တရာယ်များတယ်လို့ ထင်ရင် ကျွန်တော့်ဘာသာ ကျွန်တော် ရှောင်လိုက်ပါ့မယ်" လို့ မာရူးက ဝူမင်းကို ပြောလိုက်တယ်။

"တကယ်ကြီး အဆင်ပြေပါ့မလားဟင်"

"ဟုတ်ကဲ့။ အဆင်ပြေပါတယ်"

"ကောင်းပြီ၊ ဒါဆိုရင် ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"

ဒါရိုက်တာက သူ့လက်ကို မြှောက်လိုက်ပြီး ရိုက်ကူးရေး စတော့မယ့်အကြောင်း အားလုံးကို အော်ပြောလိုက်တော့တယ်။

မာရူးက သူ့ရဲ့ လည်ပင်းကို ဘေးဘက်ကို တစ်ချက် လွှဲလိုက်ပြီးနောက် သူ့နေရာမှာ အသင့် အနေအထားနဲ့ ပိတ်ရပ်နေလိုက်ပါတော့တယ်။

* * * * * * * * *

All Chapters