← Chapters

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း(၃၀၀)

"ဘွန်းမိုက်က ဖရိန်ထဲ ဝင်နေတယ်"

ဂျီကျလွန်းတဲ့ စကားသံကို ကြားလိုက်ရတာနဲ့ ဘွန်းမိုက်ကို ကိုင်ထားတဲ့လူက မိုက်ခရိုဖုန်းကို အပေါ်ဘက်ကို ပျာပျာသလဲ မြှောက်လိုက်တယ်။

"မင်းကလည်း အပေါ်ကို အရမ်းမြှောက်လိုက်ပြန်ပြီ။ အသံက ဘာမှ ဖမ်းလို့မရတော့ဘူး"

"ဟုတ်ကဲ့"

ဘွန်းမိုက်ကို ကိုင်ထားတဲ့သူက အပေါ်လည်း မကျလွန်း၊ အောက်လည်း မကျလွန်းတဲ့ အနေအထားတစ်ခုကို ရှာဖို့ ကြိုးစားနေရပြန်တာပေါ့။ အသံပိုင်းဆိုင်ရာ ဒါရိုက်တာလို့ ထင်ရတဲ့လူက ဘွန်းမိုက်ကို ကိုင်ထားတဲ့ လူငယ်လေးရဲ့ နားနား ကပ်ပြီးတော့ အားပေးစကားတွေ တိုးတိုးကလေး ပြောနေပုံရတယ်။

"ကျောင်းသားတွေ တစ်ယောက်မှ ဒဏ်ရာမရစေနဲ့ဦးနော်။ ကဲ... ဒါဆိုရင် အားလုံးပဲ အသင့်ပြင်ကြတော့"

မာရူးက မေးစေ့ကို အတွင်းဘက်ကို အသာလေး ဆွဲသွင်းလိုက်ရင်း သူ့ဘေးမှာရှိတဲ့ ဝူမင်းကို လှမ်းကြည့်လိုက်တယ်။ ဒီအခန်းရဲ့ ဇာတ်ညွှန်းကတော့ ရိုးရိုးလေးပဲလေ။ ဝူမင်းက တစ်ဖက်က သရုပ်ဆောင်ဆီကို အရှိန်နဲ့ ပြေးဝင်ဖို့ ကြိုးစားရမှာဖြစ်ပြီး မာရူးကတော့ သူ့ကို မဝင်ဖြစ်အောင် အနောက်ကနေ လှမ်းဆွဲထားရုံပဲ။ သူတို့ ဒါကို တစ်ခေါက် ဇာတ်တိုက်ဖူးပြီးသားမို့လို့ သူ့အတွက်တော့ ဘာမှ ခက်ခက်ခဲခဲ ရှိမနေပါဘူး။

"ပြင်ဆင်၊ စောင့်ဆိုင်း၊ အချက်ပြ"

အချက်ပြလိုက်တာနဲ့တစ်ပြိုင်နက် ဝူမင်းက အရှေ့ကို ဝုန်းခနဲ ပြေးဝင်သွားတော့တယ်။ မာရူးလည်း သူ့နောက်ကို အမှီ လိုက်သွားလိုက်တယ်။ သူက ရောင်ပြန်ပြားကနေ ဖြာထွက်လာတဲ့ အလင်းတန်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဝူမင်းရဲ့ ညာဘက်ခြမ်းမှာ နေရာယူလိုက်တယ်။ ဒီထောင့်ကနေ ကြည့်ရင်တော့ သူ့မျက်နှာကို ကင်မရာထဲမှာ မြင်ရမှာ မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူက တစ်ချက် အရိုက်ခံရပြီး လဲကျသွားရမယ့် ဇာတ်ရံတစ်ယောက်ပဲဟာ၊ သူ့မျက်နှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဂရုစိုက်နေစရာ မလိုပါဘူး။

"မင်း အဲဒီစကားကို နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း"

"ဘာလဲ၊ မင်း မကြားလိုက်လို့လား"

"မကြားဘူးကွာ။ ဒါကြောင့် နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်းလို့ ပြောနေတာ။"

သူက အော်ဟစ်သံနဲ့အတူ အရှေ့ကို ခြေလှမ်းကျဲကြီး လှမ်းလိုက်တဲ့ ဝူမင်းရဲ့ ခြေလှမ်းတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုက်ညှိလိုက်တယ်။ ဝူမင်းရဲ့ လက်မောင်းကို အတတ်နိုင်ဆုံး သဘာဝကျကျ လှမ်းဆွဲနိုင်ဖို့ဆိုရင် သူ့ဘေးနားမှာ ကပ်နေဖို့ လိုတာကိုး။ တစ်ဖက်က သရုပ်ဆောင်ကလည်း ဝူမင်းဆီကို တိုးကပ်လာခဲ့တယ်။ သူတို့နှစ်ယောက်က လက်တစ်ကမ်းအကွာအဝေးကို ရောက်လို့နေပြီ။ ကင်မရာက ရန်ဖြစ်နေတဲ့ လူနှစ်ယောက်လုံးကို ဖရိန်ရဲ့ ဘယ်ညာ ဘေးတစ်ဖက်တစ်ချက်စီမှာ ပေါ်နေအောင် ရိုက်ကူးနေတာမို့ ဇာတ်ရံတွေကတော့ ကင်မရာကို မကွယ်စေဘဲ သူတို့ကို ဝင်ဆွဲဖို့ ကြိုးစားကြရတာပေါ့။ အခြေအနေက တဖြည်းဖြည်းနဲ့ ပိုပြီး တင်းမာလာတဲ့အချိန်မှာ ဝူမင်းက သူ့လက်ကို မြှောက်လိုက်တယ်။

အခုပဲ - မာရူးက ဝူမင်းရဲ့ လက်ကို လှမ်းဆွဲလိုက်တာပေါ့။ တကယ်လို့ သူက အားပြင်းပြင်းနဲ့ ဆွဲလိုက်ရင် ဝူမင်း လန့်သွားနိုင်တာမို့လို့ သူ့ရဲ့ လက်ထဲကို အားသိပ်မထည့်ထားဘူး။

"ဟေ့လူ၊ လွှတ်စမ်းပါ"

"မင်း တကယ်ကို ဒီလိုမျိုး မလုပ်သင့်ဘူးလေ"

သူက ဒီနေ့အတွက် သူ့ရဲ့ တစ်ခုတည်းသော စကားပြောခန်းကို ပြောလိုက်ရင်း ဝူမင်းရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်တယ်။ ဝူမင်းကလည်း သူတို့ လေ့ကျင့်ထားတဲ့အတိုင်း သူ့လက်မောင်းကို ခါထုတ်ဖို့ ကြိုးစားတာပေါ့။ မာရူးက လေ့ကျင့်စဉ်တုန်းကအတိုင်း အဲဒီလက်မောင်းကို သူ့ရဲ့ ရင်ဘတ်ဆီကို ဆွဲယူလိုက်တယ်။ ဝူမင်းရဲ့ လက်ဖမိုးက သူ့မျက်နှာနားကို တော်တော်လေး နီးကပ်လာခဲ့တာပေါ့။ အခုဆိုရင် သူက နောက်တစ်ကြိမ် ခါထုတ်တဲ့အချိန်ကျမှ တစ်ချက် အရိုက်ခံလိုက်ရုံပဲ။

"တောက်... ငါ မင်းကို လွှတ်လို့ ပြောနေတယ်မလား။"

ဝူမင်းက သူ့လက်မောင်းကို လွှဲပစ်လိုက်တယ်။ ဒါက သူတို့ သဘောတူထားတဲ့အတိုင်းပဲလေ။ ပြဿနာက ဝူမင်းက မာရူးကို ခါထုတ်တဲ့နေရာမှာ တော်တော်လေး ယောင်တောင်တောင်ကြီး ဖြစ်နေတာပဲ။ မာရူးက မျက်နှာကို အရိုက်ခံရမှာ ဖြစ်ပေမယ့် ဝူမင်းက သူ့လက်မောင်းကို အောက်ဘက်ကို လွှဲချနေတာကိုး။ မာရူးမှာတော့ သူတို့တွေ အဲဒီလောက်အထိ ဇာတ်တိုက်ခဲ့ရတာတွေက ဘာအတွက်လဲလို့ တောင် တွေးမိသွားတယ်။ ဒီခဏတာ အချိန်တိုကလေးအတွင်းမှာ ဘာလုပ်ရမလဲဆိုတာကို သူ စဉ်းစားလိုက်ပြီးတော့ ဇာတ်လမ်းအတိုင်းပဲ အနောက်ကို လဲကျပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ မာရူးက ဖင်ထိုင်ရက်လဲကျသွားပြီး သူ့ကိုယ်သူ လိပ်သလိုမျိုး ကျုံ့ထားရင်း မျက်နှာကို လက်နဲ့ အုပ်ထားလိုက်တယ်။ ဒါဆိုရင် ကတ် အချက်ပြသံ ထွက်လာဖို့ လုံလောက်ပါ့မလား။ မလုံလောက်လောက်ဘူးလို့ သူ တွေးနေမိတာပေါ့။

"ကတ်" ဟု သူ့ရဲ့ မျှော်လင့်ချက်တွေနဲ့ ဆန့်ကျင်ဘက် အချက်ပြသံ ထွက်ပေါ်လာခဲ့တယ်။

"အဆင်ပြေရဲ့လား"

ဝူမင်းက စိုးရိမ်တကြီး မျက်နှာနဲ့ သူ့ဆီ ချဉ်းကပ်လာခဲ့တယ်။ မာရူးက ခေါင်းညိတ်ပြလိုက်ပြီး ဝူမင်း ကမ်းပေးတဲ့ လက်ကို လှမ်းဆွဲလိုက်တာပေါ့။ သိပ်ပြီးတော့ မနာကျင်ပေမယ့် ပြဿနာက ဒါရိုက်တာက ဒီအခန်းကို လက်ခံပါ့မလား ဆိုတာပဲလေ။ ဝူမင်းရဲ့ မျက်နှာကလည်း ကြည့်လို့ သိပ်မကောင်းလှဘူး။ ပြီးတော့ သူ စိုးရိမ်ခဲ့တဲ့အတိုင်းပဲ ဒါရိုက်တာဆီကနေ စိတ်ပျက်စရာ စကားသံတွေ ထွက်ပေါ်လာတော့တယ်။

"နောက်တစ်ခေါက် ထပ်ရိုက်ရအောင်"

ငါ ထင်သားပဲ - မာရူးက သူ့နေရာကို တိုးတိုးတိတ်တိတ်ပဲ ပြန်သွားလိုက်တယ်။ ဒါတွေကို အစအဆုံး စောင့်ကြည့်နေတဲ့ ဒါရိုက်တာကင်က ဝူမင်းဆီကို လျှောက်သွားပြီး စကားပြောနေတာပေါ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစမ်းပါ၊ လက်မောင်းကို ပိုပြီး အားရပါးရ လွှဲပစ်စမ်းပါ - ဆိုပြီး အဲဒီလို စကားမျိုးတွေ ပြောနေတာ ဖြစ်မှာပါ။

"ဒီကို လာဦး"

သူက နာကျင်နေတဲ့ ဖင်ကို ပွတ်နေတုန်းမှာပဲ ဒါရိုက်တာက သူ့ကို လာခဲ့ဖို့ လက်ဟန်ခြေဟန်ပြလိုက်တယ်။

"မင်းက အစ်ကိုဂျုန်ဂွန် ပြောနေတဲ့လူပေါ့။ တော်သားပဲ။ မင်းက ဒီလို လှုပ်ရှားမှုအခန်းတွေကို သီးသန့် သင်ထားတာမျိုး ရှိလား"

"မရှိပါဘူးခင်ဗျာ"

"တကယ်ကြီးလား။ ကြည့်ရတာ မင်းက တော်တော်လေး သန်မာတဲ့ ကောင်လေးပဲ ထင်တယ်။ မနာဘူးလား။ ကြည့်ရတာ နာမယ့်ပုံပဲကို"

"ကျွန်တော် ခံနိုင်ရည် ရှိပါတယ်"

"တကယ့် လူကြမ်းလေးပဲ။ ငါတို့ ဒါကို နောက်တစ်ခေါက် ထပ်ရိုက်မယ်၊ ခုနက မင်းလုပ်ခဲ့တဲ့အတိုင်းပဲ လုပ်နော်"

ဒါရိုက်တာက သူ့လက်ချောင်းတွေကို တောက်ခေါက်လိုက်ရင်း 'စောင့်ဆိုင်း' လို့ အော်ပြောလိုက်တယ်။ သရုပ်ဆောင်တွေက သူတို့နေရာမှာ ပြန်ပြီး အသင့်ပြင်ကြပြီး ကျောင်းသားတွေကလည်း စကတ်ချ်ဘုတ်ပေါ်မှာ ရေးထားတဲ့အတိုင်း အော်ဟစ်အားပေးကြပြန်တယ်။ မာရူးက ဝူမင်းရဲ့ အနောက်မှာ ထပ်ပြီး မတ်တတ်ရပ်လိုက်တာပေါ့။ ဝူမင်းရဲ့ မျက်နှာအမူအရာက နည်းနည်း တင်းမာလို့နေတယ်။ ဒါရိုက်တာဆီကနေ အဆူခံလိုက်ရလို့များလားလို့ မာရူး တွေးနေမိတယ်။

"ပြီးခဲ့တဲ့တစ်ခေါက်က ကောင်းတယ်၊ ဒီတစ်ခါတော့ ပိုကောင်းအောင် လုပ်ကြမယ်နော်။ ပြင်ဆင်၊ အချက်ပြ"

အချိန်တွေကို အနောက်ပြန်လှည့်လိုက်သလိုမျိုး အတိအကျ တူညီတဲ့ အခြေအနေတစ်ခု ထပ်ပြီး ဖြစ်ပေါ်လာပြန်တယ်။ အဓိက သရုပ်ဆောင်နှစ်ယောက်က အချင်းချင်း တိုးကပ်လာကြပြီး အတိအကျ တူညီတဲ့ စကားလုံးတွေကိုပဲ ပြောကြတာပေါ့။ မာရူးက အချိန်ကိုက်ပဲ ဝူမင်းရဲ့ လက်မောင်းကို ထပ်ပြီး လှမ်းဆွဲလိုက်တယ်။ မာရူးကို ပထမအကြိမ် ခါထုတ်ဖို့ ကြိုးစားတာကတော့ လုံးဝကို ပြည့်စုံသွားခဲ့တယ်။ အခုဆိုရင် သူက မာရူးကို တကယ်ပဲ ခါထုတ်ရတော့မှာလေ။

ဝူမင်းက သူ့လက်မောင်းကို အပြင်ဘက်ကို လွှဲပစ်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာပဲ မာရူးနဲ့ ဝူမင်းတို့ မျက်လုံးချင်း ဆုံသွားခဲ့ကြတယ်။ မာရူးရဲ့ မျက်နှာဆီကို ဦးတည်လာရမယ့် အဲဒီလက်က ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ဆံပင်တွေကိုပဲ ဝဲခနဲ ဖြတ်သန်းသွားခဲ့တာပေါ့။ မာရူးက လဲကျဖို့ အဆင်သင့် ပြင်လိုက်ပေမယ့် ဒါရိုက်တာရဲ့ ကတ် ဆိုတဲ့ အချက်ပြသံက ပိုပြီး မြန်မြန်ဆန်ဆန် ကျလာခဲ့တယ်။

"ဝူမင်း။ မင်း စိုးရိမ်နေတာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ကင်မရာကိုလည်း ထည့်တွက်ဦးလေ။ ပြီးတော့ မင်းရဲ့ မျက်နှာကြီးက ဘာဖြစ်နေတာလဲ။ မင်း သရုပ်ဆောင်နေရတဲ့ ချာဂျင် ဆိုတဲ့ ဇာတ်ကောင်က နောက်ဆက်တွဲ အကျိုးဆက်တွေကို ထည့်တွက်တတ်တဲ့ ကောင် မဟုတ်ဘူး။ အဲဒီလိုကောင်မျိုးက ဒေါသအလျောက် သူ့လက်မောင်းကို လွှဲပစ်နေတာဆိုတော့ မင်းရဲ့ မျက်နှာမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေရင် ကြည့်ရတာ ထူးဆန်းနေမှာပေါ့။ ငါက မင်းကို ဆူနေတာ မဟုတ်ပါဘူး။ မင်း ဒါထက် ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ပြောနေတာ။ ငါပြောတာ သဘောပေါက်ရဲ့လား"

"ဟု... ဟုတ်ကဲ့ပါ"

လန့်ဖျပ်သွားပြီး လှည့်ထွက်သွားတဲ့ ဝူမင်းကို ကြည့်ရင်း ဒါရိုက်တာက မျက်မှောင်ကြုတ်လိုက်တယ်။ ပြောစရာတွေ အများကြီး ရှိနေပေမယ့် ထုတ်မပြောနိုင်တဲ့လူနဲ့ မိမိရဲ့ အတွေးတွေကို လက်တွေ့မှာ အကောင်အထည် မဖော်နိုင်တဲ့ လူနှစ်ယောက်ကြားက နှုတ်ဆိတ်ခြင်း တံတိုင်းကြီးက တော်တော်လေးကို ထူထဲနေပုံရတာပေါ့။

"ကဲ... ဒါဆိုရင် နောက်တစ်ခေါက်"

ဒါရိုက်တာက ဘာစိတ်ခံစားမှုမှ မရှိတဲ့ မျက်နှာနဲ့ ကင်မရာအရှေ့မှာ မတ်တတ်ရပ်လိုက်တယ်။ ရိုက်ကွင်းရဲ့ ပတ်ဝန်းကျင် အခြေအနေကတော့ လုံးဝကို အောက်ခြေအထိ ထိုးကျသွားခဲ့ပြီလေ။ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေကြတဲ့ ကျောင်းသားတွေတောင် အချင်းချင်း တိုးတိုးတိတ်တိတ် ကုန်းတိုက်နေကြတော့တယ်။

တခြား သရုပ်ဆောင်တွေက ဝူမင်းဆီ ချဉ်းကပ်သွားပြီး သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားကြပေမယ့် သူ့ခမျာတော့ ဘာမှ သက်သာရာရသွားတဲ့ ပုံစံမျိုး မရှိရှာဘူး။

"ဟိုမှာ ကြည့်စမ်း၊ သူ နောက်တစ်ခါ ဖြစ်ပြန်ပြီ။ သူ လူတိုင်းကို အချိန်ဆွဲအောင် လုပ်နေတာ ဒါ ပထမဆုံးအကြိမ်လည်း မဟုတ်ဘူးမလား"

"ဟုတ်ပ။ သူက ငါတို့အားလုံးကို ရူးသွားအောင် လုပ်နေတာပဲ။ သူက လူတိုင်းကို ဒုက္ခပေးနေတယ်ဆိုတာကိုများ ထည့်မတွေးဘူးလား မသိဘူး။ တကယ်လို့ သူ အချိန်ဆွဲခဲ့တဲ့ အခေါက်တွေကိုသာ ပေါင်းလိုက်ရင် ဇာတ်လမ်းတစ်တွဲစာလောက်တောင် ရိုက်လို့ရမှာ"

"သူက တချို့အချိန်တွေမှာတော့ ကောင်းကောင်းလုပ်နိုင်ပါတယ်၊ ဒါပေမဲ့ အမှားတစ်ခုခု လုပ်မိတိုင်း ဒီလိုမျိုးကြီး ဖြစ်နေတော့ ဒါရိုက်တာအတွက်လည်း တော်တော်လေး ခက်ခဲမှာပဲ။ ငါတို့မှာ ကြော်ငြာတွေလည်း ဘာမှဝင်မလာတော့ ရိုက်ကူးရေး ဘတ်ဂျက်က ကုန်တော့မယ့် အခြေအနေ ရောက်နေပြီ။ ဒါကို သူက အဓိကဇာတ်ကောင်မို့လို့ ငါတို့က ပိုက်ဆံပေးနေရသေးတယ်"

ဝန်ထမ်းတွေ အချင်းချင်း ကုန်းတိုက်နေကြတဲ့ စကားသံတွေကို ကြားလိုက်ရတယ်။ ဝန်ထမ်းတွေကြားထဲမှာ ဝူမင်းရဲ့ ပုံရိပ်က သိပ်ပြီး ကောင်းလှတဲ့ပုံ မပေါ်ပါဘူး။ ရောင်ပြန်ပြားတွေကို အနောက်မှာ ပြန်ပြီး နေရာချလိုက်ကြပြီး မီးတွေလည်း လင်းလာခဲ့ပြန်တယ်။

"ဟို... ခဏလောက် စောင့်ပေးပါဦး"

ဝူမင်းက သူ့လက်ကို မြှောက်လိုက်တယ်။ သူ့မျက်နှာမှာတော့ ချွေးတွေ ရွှဲလို့နေတာပေါ့။ မိတ်ကပ်ဆရာမက ခပ်သုတ်သုတ် ရောက်လာပြီး သူ့ရဲ့ ချွေးတွေကို သုတ်ပေးရင်း မိတ်ကပ်တွေကို ပြန်ပြင်ပေးရှာတယ်။

အားကစားရုံထဲမှာ ချွေးတွေ အလွယ်တကူ ခြောက်သွားနိုင်လောက်အောင် အေးစိမ့်နေတာကို ကြည့်ရင် သူက စိုးရိမ်စိတ်ကြောင့် ချွေးတွေ ထွက်နေတာ ဖြစ်ရမယ်။ ဝူမင်းက တောင်းပန်စကား ပြောလိုက်ပြီး သူ့နေရာမှာ ပြန်ပြီး နေရာယူလိုက်တယ်။ ဒါရိုက်တာက သူ့ရဲ့ လက်မောင်းနှစ်ဖက်ကို ပိုက်ထားတာပေါ့။ ကြည့်ရတာ ဒါက နောက်ဆုံးအကြိမ်ပဲ ဆိုတဲ့ သဘောမျိုး ပြနေတာ ထင်ပါရဲ့။

"ဟို... အစ်ကို"

အချက်ပြသံ မကျလာခင်လေးတင် မာရူးက ဝူမင်းကို လှမ်းပြောလိုက်တယ်။ ဝူမင်းက သူ့ခေါင်းကို အသာလေး လှည့်ကြည့်လာတာပေါ့။

"ကျွန်တော့်ကို တကယ်ပဲ ရိုက်ပစ်လိုက်ပါ"

"ဘာပြောတယ်"

"အစ်ကို ဒီလိုမျိုးကြီး ဖြစ်နေရင် ဒါက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ ကျွန်တော်က အဆင်သင့် ပြင်ထားမှာမို့လို့ ဒဏ်ရာရမှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော့်ကို တကယ် ရိုက်ပစ်လိုက်မယ်ဆိုတဲ့ စိတ်နဲ့သာ လက်မောင်းကို လွှဲပစ်လိုက်ပါ။ တကယ်လို့ အစ်ကိုက စိုးရိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေရင် ငါတို့ ဘာမှ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူးလေ"

"...."

"ကျွန်တော့်အတွက် စိတ်ပူနေတာထက်စာရင် ဒီအခန်းကို ဒီနေရာမှာတင် အပြတ်ဖြတ်ပစ်ဖို့ကိုပဲ တွေးစမ်းပါ။ အလွန်ဆုံး ဖြစ်လှရင် နှာခေါင်းသွေး ယိုရုံပဲရှိမှာပါ၊ အဲဒါကို ကျွန်တော် အဆင်ပြေတယ်။ ကျွန်တော်တို့ ဒီလိုမျိုးကြီး အချိန်ဆွဲနေရင် ဒါရိုက်တာလည်း ကြိုက်မှာ မဟုတ်ဘူး ထင်တယ်။ ဘယ်လိုလဲ"

"ကောင်းပြီ၊ ငါ ကြိုးစားကြည့်ပါ့မယ်"

ဝူမင်းက သူ့ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်တယ်။ အဲဒီအချိန်မှာပဲ ဒါရိုက်တာက အချက်ပြ လို့ အော်ပြောလိုက်တာပေါ့။ ဒါက တတိယအကြိမ်မြောက် ရိုက်ကူးရေးပဲလေ။ အရှိန်အဟုန်ကတော့ ပြီးခဲ့တဲ့ နှစ်ခေါက်ထက်စာရင် ပိုပြီး မြန်ဆန်နေသလိုမျိုး ခံစားရတယ်။ ဒါပေမဲ့ ဒါက သိပ်ပြီးတော့ စိတ်အနှောင့်အယှက် ဖြစ်စရာတော့ မဟုတ်ပါဘူး။ ဒါရိုက်တာက တိုးတိုးတိတ်တိတ်ပဲ နေနေတာကို ကြည့်ရင် ဒါက သိပ်ပြီး ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပုံရတာပေါ့။

သရုပ်ဆောင်နှစ်ယောက်က ရန်ပွဲထဲကို ထပ်ပြီး ဝင်ရောက်သွားကြပြန်တယ်။ မာရူးက သူ ဘယ်အချိန်မှာ စပြီး သရုပ်ဆောင်ရမလဲဆိုတဲ့ အချိန်ကို ချိန်ဆရင်း စကားပြောတွေကို နားထောင်နေမိတယ်။ ဒီနေရာမှာ အကြာကြီး နေနေလို့လည်း သူ့ကို ပိုက်ဆံ ပိုပေးမှာ မဟုတ်တာမို့လို့ ဒီအလုပ်ကို အတတ်နိုင်ဆုံး စောစောစီးစီး အပြတ်ဖြတ်ပစ်ချင်တာပေါ့။

ဝူမင်းရဲ့ လက်မောင်း လှုပ်ရှားသွားတာနဲ့တစ်ပြိုင်နက် မာရူးက သူ့လက်မောင်းကို လက်နှစ်ဖက်နဲ့ လှမ်းဆွဲလိုက်တယ်။ ပြီးခဲ့တဲ့ အခေါက်တွေတုန်းကလည်း ဒီနေရာအထိတော့ အဆင်ပြေခဲ့တာပဲလေ။ ဝူမင်းက သူ့ကို အားပြင်းပြင်းနဲ့ ခါထုတ်ဖို့ ကြိုးစားတယ်။ ဒီတစ်ကြိမ်မှာတော့ သူ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်တဲ့ပုံပဲ။ အဲဒီနောက်မှာတော့ မာရူးရဲ့ ခေါင်းကို ရိုက်ရမယ့် အချိန် ရောက်လာခဲ့ပြီ။ ဝူမင်းက မာရူးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူ့လက်မောင်းကို ခါထုတ်ပစ်လိုက်တယ်။ သူက အရင်ကထက်စာရင် သူ့လက်မောင်းထဲကို အား ပိုထည့်ထားတာကတော့ သေချာပါတယ်။ သို့ပေမဲ့ ဒီတစ်ခါလည်း လမ်းကြောင်းက ပြဿနာ ဖြစ်နေပြန်တာပေါ့။ မာရူးရဲ့ မျက်နှာဆီကို ဦးတည်လာရမယ့်အစား ဟာလာဟင်းလင်း ဖြစ်နေတဲ့ လေထုထဲကိုပဲ ဦးတည်နေတာကိုး။

ဒါကို တစ်နည်းနည်းနဲ့ မျှော်လင့်ထားခဲ့တာမို့လို့ မာရူးက ဝူမင်းရဲ့ လက်မောင်းကို ဆွဲကိုင်ထားတုန်းပဲရှိသေးတဲ့ သူ့ရဲ့ ဘယ်ဘက်လက်မောင်းကို သူ့ဘက်ကို ဆွဲယူလိုက်တယ်။ ဝူမင်း တကယ်ကို တုန်လှုပ်ချောက်ချားသွားတာကို သူ မြင်လိုက်ရတာပေါ့။ အမူအရာ ကောင်းသားပဲ - ဟု တွေးလိုက်ရင်း သူ့ဆီ ပြံဝင်လာတဲ့ လက်ဆီကို သူ့ရဲ့ နဖူးနဲ့ တိုးကပ်လိုက်တယ်။ လက်ဝှေ့နည်းပြကတော့ သာမန် နဖူးတစ်ခုဟာ လေ့ကျင့်မထားတဲ့ လက်သီးတစ်ချက်ထက် ပိုပြီး မာကျောတယ်လို့ ပြောဖူးတာပဲ။ ဒါလေးနဲ့တော့ သူ့မှာ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး။

'ဖုန်း' ဆိုတဲ့ ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ မာရူးက ကြမ်းပြင်ပေါ်ကို လဲကျသွားတော့တယ်။ အသံက မျှော်လင့်ထားတာထက်တောင် ပိုပြီး ကျယ်လောင်နေသေးတာပေါ့။ အဲဒီအသံကြောင့်ပဲ ပတ်ပတ်လည်မှာ မတ်တတ်ရပ်နေကြတဲ့ ကျောင်းသားတွေက သူ့အတွက် တကယ်ကို စိုးရိမ်တကြီးနဲ့ လှမ်းကြည့်နေကြတာကို မာရူး မြင်လိုက်ရတယ်။ သူ တကယ်ပဲ ဒဏ်ရာရသွားပြီလားဆိုပြီး တွေးနေကြတဲ့ပုံမျိုးပဲလေ။ မာရူး စိတ်သက်သာရာ ရသွားခဲ့တယ်။ ဒါဆိုရင်တော့ အိုကေ အချက်ပြသံ ရဖို့ သေချာသလောက် ရှိသွားပြီလေ။

"ကောင်းတယ်"

ဒါရိုက်တာက 'ကတ်' လို့ အော်ပြောလိုက်ပြီး အားရကျေနပ်တဲ့ အပြုံးနဲ့ ပြုံးလိုက်တော့တယ်။ မာရူးက သူ့ဆီ ချဉ်းကပ်လာတဲ့ ဝူမင်းကို ကြည့်ပြီး အဆင်ပြေတဲ့အကြောင်း ပြောလိုက်တာပေါ့။

"ဆောရီးပါကွာ။ ငါ မင်းကို ဒီလောက်အထိ အားပြင်းပြင်းနဲ့ ရိုက်မိဖို့ အစီအစဉ် မရှိပါဘူး"

"ကျွန်တော်ကိုယ်တိုင်က ဆွဲလိုက်တာမို့လို့ အဲဒါကို သိပ်ပြီး စိတ်မပူပါနဲ့ဦး"

မာရူးက သူ့ရဲ့ ဖင်ကို ဖုန်ခါလိုက်ရင်း မတ်တတ်ရပ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ရိုက်ကူးရေးကတော့ ပြီးသွားခဲ့ပြီလေ။ သူ့အတွက် နောက်ထပ် ပါဝင်ရမယ့် အခန်းတွေလည်း မရှိတော့တာမို့လို့ သူ ဒီအတိုင်းပဲ လှည့်ထွက်သွားရင် အဆင်ပြေမလားလို့ တွေးနေမိတယ်။ အိမ်ပြန်ရောက်ရင်တော့ ရေနွေးပူပူလေးနဲ့ ရေချိုးလိုက်ရရင် ကောင်းမှာပဲလို့ သူ တွေးလိုက်တာပေါ့။ သူ ဘာမှ အများကြီး မလုပ်ခဲ့ရပေမယ့် ဘာကြောင့်လဲမသိ၊ တော်တော်လေး ပင်ပန်းနေသလို ခံစားနေရတာကိုး။ ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်မှာတော့ ရေနွေးပူပူက အကောင်းဆုံးပဲလေ။

"ဝါး... ဒါက တကယ်ကို ကောင်းသွားတာပဲ"

ဒါရိုက်တာကင်က အနောက်ကနေ သူ့ဆီ လျှောက်လာပြီး သူ့ရဲ့ ပုခုံးပေါ် လက်တင်ရင်း ပြောရှာတယ်။

"အသံကလည်း တကယ်ကို ကောင်းသွားတာ။ ဒါပေမဲ့ နာတော့ နာမှာပဲနော်။ မင်းက ဒဏ်ရာမရအောင် တိုးတိုးတိတ်တိတ်လေး ထောင့်လေး ဘာလေး ညှိလိုက်ရမှာကို"

"တကယ်လို့ အဲဒါကို ကင်မရာထဲမှာ မိသွားရင် ကြည့်ရတာ ထူးဆန်းနေမှာမို့လို့ ကျွန်တော် မလုပ်ခဲ့တာပါ။ ဟို... ဒါနဲ့၊ ဇာတ်ရံတွေက သူတို့အခန်း ပြီးသွားရင် အိမ်ပြန်လို့ရပြီလား ခင်ဗျာ"

"အဲဒါကတော့ ဇာတ်ရံတွေရဲ့ အဖွဲ့ခေါင်းဆောင် ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တာပေါ့။ လူတွေကို ပြန်လွှတ်မလား၊ ဒါမှမဟုတ် ညဉ့်နက်တဲ့အထိ ခေါ်ထားမလားဆိုတာကို သူကပဲ ဆုံးဖြတ်တာလေ"

"အော်... ဟုတ်ကဲ့။ ဒါပေမဲ့ ကျွန်တော်တို့က အပိုစရိတ် ဘာမှမရဘူး၊ ဟုတ်တယ်မလား"

"ရတာပေါ့။ အများကြီးတောင် ရသေးတယ်။ တကယ်လို့ မင်းက ၄ နာရီမတိုင်ခင် အိမ်ပြန်ရရင်တော့ နေ့လယ်စာ စရိတ်အပါအဝင် ဝမ် ၄ သောင်းပဲ ရမှာ ဖြစ်ပေမယ့် ညဉ့်နက်တဲ့အထိ နေရရင်တော့ ဝမ် ၁ သိန်းအထိ ရတာ။ ဒါကြောင့်လည်း တချို့လူတွေက ဘာအခန်းမှ ပါဝင်ရခြင်း မရှိတာတောင် အဖွဲ့ခေါင်းဆောင်နဲ့ မျက်နှာလိုမျက်နှာရလုပ်ပြီး ညဉ့်နက်တဲ့အထိ နေကြတာပေါ့"

"ဝမ် ၁ သိန်းတောင်လား။ တော်တော်များတာပဲ"

"ဘာလို့လဲဆိုတော့ အဲဒီလောက်အထိ အလုပ်က ပင်ပန်းတာကိုး။ ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်စောင့်နေရတာကလည်း မထင်မှတ်ထားဘဲ တော်တော်လေး ခက်ခဲလွန်းတယ်လေ"

မာရူးက နောက်ထပ် အခန်းတစ်ခုကို ရိုက်ကူးနေကြတဲ့ ရိုက်ကွင်းကြီးကို လှမ်းကြည့်လိုက်တယ်။ စောင့်ဆိုင်းနေရတဲ့ အချိန်တုန်းက သူ စကားပြောခဲ့တဲ့ ဇာတ်ရံတွေက အခု သူတို့အခန်းကို သရုပ်ဆောင်နေကြတာပေါ့။ သို့ပေမဲ့ သူတို့ လုပ်ရမယ့် တစ်ခုတည်းသော သရုပ်ဆောင်မှု ကတော့ တုန်လှုပ်ချောက်ချားနေတဲ့ ကျောင်းသားတစ်ယောက်လိုမျိုး ဟန်ဆောင်ရတာပဲလေ။ သရုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ လူငယ်လေးကတော့ အတွေ့အကြုံ ရှိလို့ပဲလားမသိ၊ အားလုံးထဲမှာ အတတ်နိုင်ဆုံး သဘာဝအကျဆုံး ဖြစ်နေတာပေါ့။

"ဒါရိုက်တာလည်း တော်တော်လေး ဒေါသထွက်နေမှာပဲ။ အဓိက သရုပ်ဆောင်တွေထက် တော်တဲ့လူတွေက နေရာတိုင်းမှာ ရှိနေတာကို၊ သူတို့က အဲဒီကလေးလို လူမျိုးကိုမှ ရွေးပြီး သုံးနေရတာကိုး"

"ကဲ... သူတို့ကပဲ ကြည့်ရှုနှုန်းတွေကို ယူဆောင်ပေးနိုင်တာဆိုတော့လည်း ဘာမှတတ်နိုင်ဘူးလေ"

ဒါရိုက်တာကင်က 'ဒီကောင်လေးက ဘာကောင်လေးလဲ' ဆိုတဲ့ အတွေးမျိုးနဲ့ မာရူးကို အထက်အောက် စုန်ဆန် ကြည့်လိုက်သေးတယ်။ မာရူးက သူ့ကို ပြုံးပြလိုက်ပြီးနောက် အုပ်စုထဲကနေ ခွဲထွက်လာခဲ့တာပေါ့။ ရိုက်ကူးရေးကတော့ ခဏလောက်အထိ ဆက်ပြီး ရှိနေတုန်းပဲ။

"အားလုံးပဲ... ပင်ပန်းသွားကြပါပြီဗျာ"

အားကစားရုံထဲက အခန်းကတော့ ဒါရိုက်တာက အဓိက သရုပ်ဆောင်တွေရဲ့ ပုခုံးကို ပုတ်ပေးရင်းနဲ့ပဲ ပြီးဆုံးသွားခဲ့တော့တယ်။ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေကြတဲ့ ကျောင်းသားတွေလည်း တော်တော်လေး ပင်ပန်းနွမ်းနယ်နေကြတဲ့ပုံပဲ။ ဒါကလည်း မထင်မှတ်ထားစရာတော့ မဟုတ်ပါဘူး၊ တူညီတဲ့ အခန်းကိုပဲ အခေါက်ခေါက်အခါခါ ရိုက်ခဲ့ရတာကိုး။

"မင်းရဲ့ သရုပ်ဆောင်မှုက တစ်ရက်ထက်တစ်ရက် ပိုကောင်းလာတာပဲ။ နောက်ကျရင် မင်းက ငါ့ကိုတောင် အဖက်လုပ်မှာ မဟုတ်တော့ဘူး ထင်တယ်"

"ဘယ်ကသာ၊ မဖြစ်နိုင်တာဗျာ။ ကျွန်တော်တို့ အစ်ကို့အပေါ် ဘယ်လောက်တောင် လေးစားရလဲဆိုတာ အစ်ကိုလည်း သိသားပဲဥစ္စာ"

"ဟုတ်ပါတယ်ဗျာ"

ဒါရိုက်တာက အိုင်ဒေါတွေရဲ့ ဝိုင်းရံခြင်းကို ခံထားရရင်း သွားဖြဲပြီး ပြုံးပြနေရှာတယ်။ ရိုက်ကူးရေးလုပ်နေတုန်းက ပြသခဲ့တဲ့ တင်းမာတဲ့ မျက်နှာကြီးက လိမ်ညာနေသလိုမျိုးပါပဲ။ နောက်ထပ် ရိုက်ကူးရေးအတွက် ပတ်ဝန်းကျင် အခြေအနေကို ပိုကောင်းအောင် လုပ်ဖို့ ကြိုးစားနေရတဲ့ သူ့ရဲ့ ကြိုးစားမှုတွေကတော့ တကယ်ကို မျက်ရည်ကျချင်စရာ ကောင်းလှတာပေါ့။

ဒါရိုက်တာက လူတိုင်းထက် ပိုပြီး အထက်စီးက နေရမှာ မဟုတ်ဘူးလား။ ဒါက တကယ်ကို ထူးဆန်းနေသလိုမျိုး ခံစားရတယ်။ ဒါရိုက်တာနဲ့ အိုင်ဒေါတွေရဲ့ အပြုံးတွေထဲမှာ အနည်းငယ် အထင်သေးတဲ့ အရိပ်အယောင်တွေကို မြင်တွေ့နိုင်တာပေါ့။ တီဗီမီဒီယာလောကထဲက အာဏာစက်တွေကတော့ တစ်ခါတလေကျရင် တကယ်ကို နားလည်ရ ခက်ခဲလွန်းလှတယ်။

"ဒါရိုက်တာလီ"

"ဟားဟား... ဒါရိုက်တာချွဲ။ ရောက်လာပြီကိုး"

ဒါရိုက်တာက အားကစားရုံထဲကို ခုနတင် ဝင်လာတဲ့ လူတစ်ယောက်ကို လှမ်းနှုတ်ဆက်လိုက်တယ်။ သူ့ရဲ့ လည်ပင်းမှာတော့ တီဗီအသံလွှင့်ဌာနက ဝန်ထမ်းဖြစ်ကြောင်း သက်သေပြနေတဲ့ ကတ်ပြားတစ်ခု ချိတ်ဆွဲထားတာပေါ့။ အခုမှ မာရူး ပြန်တွေးမိတာကတော့ ဝန်ထမ်းတွေကြားထဲမှာလည်း ဝန်ထမ်းကတ်ပြား ရှိတဲ့လူနဲ့ မရှိတဲ့လူဆိုပြီး ကွဲပြားနေတာပဲလေ။

"ရိုက်ကူးရေးက အဆင်ပြေရဲ့လား"

"ပြေပါတယ်ဗျာ။ ဒါနဲ့ ဘာကိစ္စများ ရှိလို့ လာခဲ့တာလဲ"

"ကျွန်တော်က ကူညီဖို့ လာခဲ့တာပါ။ ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးဌာနက အစ်ကို့ကို ဘေးကနေ ကူညီပေးဖို့ ကျွန်တော့်ကို ခဏခဏ လာပြောနေလို့လေ"

"ဟားဟား... အော်... အဲလိုလား"

အဲဒီအထိ စကားပြောပြီးနောက် သူတို့နှစ်ယောက်လုံးက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီး ဒေါင့်တစ်နေရာကို လျှောက်သွားကြတော့တယ်။ မဟုတ်ဘူး၊ အတိအကျ ပြောရရင်တော့ မာရူး မြင်လိုက်ရသလောက်တော့ အဲဒီလူနှစ်ယောက်ကြားထဲမှာ စိတ်မသက်မသာ ဖြစ်နေရတဲ့သူက ဒါရိုက်တာလီ လို့ လူသိများတဲ့ ဒါရိုက်တာပဲ ဖြစ်ပြီး၊ အသစ်ရောက်လာတဲ့ ဒါရိုက်တာချွဲကတော့ သူ့အိမ်သူ့ရာလိုမျိုး သက်တောင့်သက်သာ ရှိနေတာပေါ့။

သူတို့ နေရာချင်း လဲတော့မယ်လို့ တွေးလိုက်တဲ့ အချိန်မှာပဲ ရိုက်ကူးရေး အစီအစဉ်ထဲကို ပုဆိန်နဲ့ ပစ်ပေါက်လိုက်သလိုမျိုး အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့ပြန်တယ်။ ဇာတ်ရံတွေကို ထပ်ပြီး စောင့်ဆိုင်းခိုင်းပြန်တာပေါ့။ သူက ဇာတ်ရံတွေဆီကို ချဉ်းကပ်သွားတဲ့ အခါမှာတော့ သူတို့က သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ လှမ်းနှုတ်ဆက်ကြတယ်။

"မင်း ခုနက တော်တော်လေး အားပြင်းပြင်းနဲ့ အရိုက်ခံလိုက်ရတာပဲ"

"မင်း ဒါရိုက်တာနဲ့ စကားပြောနေတာ ငါ မြင်လိုက်တယ်။ သူ့ကို သိလို့လား"

ရုတ်တရက် ထွက်ပေါ်လာတဲ့ မေးခွန်းကို ကြားလိုက်ရတာမို့ မာရူးက သူ သိတဲ့လူတစ်ယောက်ကြောင့် ဒီနေရာကို ရောက်နေတာ ဖြစ်ကြောင်း ပြန်ပြောလိုက်တာပေါ့။ သရုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ လူကတော့ သူ့ရဲ့ ပါးစပ်ကို ဟလိုက်ပြီး

"ဒဏ်ရာမရဘူးလား။ ကြည့်ရတာ မင်းရဲ့ မြီးညှောင့်ရိုးပေါ်ကို လဲကျသွားတဲ့ပုံပဲကို"

"ကျွန်တော် ကိုယ်ကို နည်းနည်း လွှဲလိုက်လို့ အဆင်ပြေပါတယ်"

"ဒါဆိုရင်တော့ ကောင်းတာပေါ့။ မင်း ဒဏ်ရာရသွားရင် ဘာမှ ကောင်းမှာ မဟုတ်ဘူးလေ။ ပိုပြီး သတိထားရမယ်"

"ဟုတ်ကဲ့ပါ။ ဒါနဲ့ အဲဒီလူက ဘယ်သူလဲဆိုတာ အစ်ကို သိလား" လို့ မာရူးက ဒါရိုက်တာချွဲကို ညွှန်ပြရင်း လှမ်းမေးလိုက်တယ်။ အဲဒီလူက သူ့ခေါင်းကို ညိတ်ပြရင်း

"သူကတော့ တီဗီအသံလွှင့်ဌာနက ဒါရိုက်တာ ဖြစ်မှာပေါ့။ ကြည့်ရတာ လာပြီး ခြေရှုပ်တာ နေမှာပါ"

"ခြေရှုပ်တယ် ဟုတ်လား"

"ဒီဇာတ်လမ်းတွဲက အပြင်ကနေ အပ်နှံထားတဲ့ ဇာတ်လမ်းတွဲလေ။ အပြင်ကအပ်နှံထားတယ်လို့ ခေါ်ပေမယ့်လည်း တီဗီအသံလွှင့်ဌာနက သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ စက်ပစ္စည်းတွေကို ငှားရမ်းပေးထားတာဆိုတော့ အသံလွှင့်ဌာနက လူတွေကို လုံးဝ ဥပေက္ခာပြုထားလို့ မရဘူးလေ။ ဒါကြောင့်လည်း အသံလွှင့်ဌာနက လူတွေက လာပြီး ခြေရှုပ်တတ်ကြတာက သဘာဝပဲ။ ငါလည်း သေသေချာချာတော့ မသိပါဘူး။ ဒီအတိုင်း ဟိုနားဒီနားက ကြားဖြတ် နားထောင်ခဲ့တာပဲ ရှိတာ"

"အော်... ဟုတ်ကဲ့"

ဒါဆိုရင် သူတို့က အလုပ်တွေကို အပြင်ကို အပ်နှံတတ်တဲ့ ဧရာမ ကုမ္ပဏီကြီးနဲ့ အဓိက ကန်ထရိုက်စနစ်နဲ့ အလုပ်လုပ်ရတဲ့ ကုမ္ပဏီငယ်လေးတွေလိုမျိုး ပုံစံမျိုးပေါ့ ဟုတ်လား။

ဒါရိုက်တာချွဲလိုပဲ ဒါရိုက်တာ'ဆိုတဲ့ ရာထူးချင်း တူတူပဲရှိတဲ့ ဒါရိုက်တာလီက ဘာဖြစ်လို့ သူ့အရှေ့မှာ ကျုံ့ကျုံ့လေး ဖြစ်နေရလဲဆိုတာကို မာရူး ချက်ချင်းပဲ သဘောပေါက်သွားတော့တာပေါ့။

* * * * * * * * *

All Chapters