အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) - ဓားသိုင်းနှင့် လက်သီးသိုင်း (၁)
"ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ... ဘာတွေဖြစ်သွားတာလဲ..."
"ပျံလွှားဓားမြှောင်... ပျံလွှားဓားမြှောင်ပဲ..."
"ဘယ်လိုလုပ်ပြီးတော့လဲ... အဲဒီပျံလွှားဓားမြှောင်က အဲဒီလူရဲ့လည်ပင်းဆီကို ဘယ်လိုရောက်သွားလဲဆိုတာ ဘယ်သူမြင်လိုက်ကြလား..."
ဤမြင်ကွင်းက ထိုနေရာရှိ လူတိုင်းအပေါ် သက်ရောက်မှုမှာ ကျန်းရှန်တောက်က ဓားကိုကိုင်ကာ လူသတ်ခဲ့စဉ်ကထက်ပင် မနည်းလှချေ။
အမှန်တကယ်ပင် လွန်ခဲ့သည့်စက္ကန့်ပိုင်းက ထိုကောင်းကင်မိစ္ဆာဂိုဏ်းမှ ပညာရှင်သည် တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ဖုံးလွှမ်းနေပြီး မိစ္ဆာစွမ်းအားများ ကောင်းကင်သို့ ထိုးတက်နေခဲ့ခြင်း ဖြစ်ပေသည်။
နောက်ထပ် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားတော့မည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြ၏။
သို့သော် ဤ'ညဧကရာဇ်'က လက်ကို ခပ်ဖွဖွလေးသာ ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုလူက အသက်ပျောက်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ချူချင်းက လွန့်ရှန်ဓားကို ချိုးဖျက်ခဲ့စဉ်ကထက်ပင် ယခုမြင်ကွင်းက ပိုမိုဆန်းကြယ်လွန်းလှပေသည်။
မည်သို့သော ပျံလွှားဓားမြှောင်ပစ်နည်းက ဤမျှအဆင့်အထိ စွမ်းဆောင်နိုင်ပါသနည်း။
တစ်ခဏအတွင်း လူတိုင်းက ဆက်၍ပင် မတွေးရဲကြတော့ဘဲ ဆက်တွေးမိပါက မိမိတို့၏ လည်ပင်းများ အေးစိမ့်လာကာ ထိုနေရာတွင် ပျံလွှားဓားမြှောင်တစ်စင်း ရောက်ရှိနေသကဲ့သို့ ခံစားရလေသည်။
ချူချင်းသည် ထိုနေရာရှိ လူများအပေါ်သို့ အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် ထိုပျံလွှားဓားမြှောင်ကို ပြန်လည်ကောက်ယူခြင်း မပြုတော့ဘဲ ခြေလှမ်းတစ်ချက်ပြောင်းလဲကာ လေပေါ်သို့ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဝေးရာသို့ ပျံသန်းထွက်ခွာသွားတော့၏။
"ဟင်..."
ဖန်းထျန်းရွေ့သည် ပါးစပ်ကိုဟလိုက်ပြီး သူ့ကိုလှမ်းခေါ်ရန် ကြံရွယ်လိုက်မိသည်။
သို့သော် ချူချင်း၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ သက်ပြင်းရှည်ကြီးတစ်ချက်သာ ချနိုင်တော့၏။
"ဒီလို ထိပ်တန်းပညာရှင်မျိုးနဲ့ ဆုံတွေ့ခွင့်မရခဲ့တာ... တကယ်ကို နှမြောစရာကောင်းလှတယ်..."
ထိုနေရာရှိ လူအားလုံးမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ဆွံ့အသွားကြလေသည်။
ထိုစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။
"ဒါနဲ့... ကျိုရွှမ်နတ်သိုင်းရဲ့ သံပေချပ်ရော ဘယ်ရောက်သွားလဲ..."
ဤမေးခွန်းထွက်ပေါ်လာသည်နှင့် လူအများအပြား၏ မျက်လုံးများမှာ နီရဲလာကြတော့သည်။
မှန်ပေသည်။ ကျိုရွှမ်နတ်သိုင်း၏ သံပေချပ် ဘယ်မှာနည်း။
ယခင်က ကျိုရွှမ်နတ်သိုင်းသည် အကြောင်းရင်းမရှိဘဲ ပေါ်ထွက်လာခဲ့သဖြင့် လုယက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရ၏။
ထို့နောက်တွင် ကျန်းရှန်တောက်က လွန့်ရှန်ဓားကို ကိုင်ဆောင်ကာ လူအားလုံးကို သတ်ဖြတ်ရန် ကြံစည်မှုကြောင့် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
သို့သော် ထိုအချိန်အထိ ကျိုရွှမ်နတ်သိုင်းကို လုယူသည့်ကိစ္စမှာ ငြိမ်သက်သွားခြင်း မရှိသေးပေ။
ချူချင်းက ကျန်းရှန်တောက်ကို သတ်ဖြတ်ပြီး လူတိုင်း၏ ရှေ့မှောက်တွင် လွန့်ရှန်ဓားကို ချိုးဖျက်ရန် ကြိုးစားသည့်အချိန်အထိပင် ဖြစ်သည်။
လွန့်ရှန်ဓား၏ ဓားမြည်သံက ထိုနေရာရှိ လူတိုင်း၏ နားစည်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သဖြင့် သူတို့မှာ အခြားအရာများကို အာရုံမစိုက်နိုင်တော့ခြင်း ဖြစ်ပေသည်။
ယခုအခါ အရာအားလုံး ပြီးဆုံးသွားပြီးနောက် ကျိုရွှမ်နတ်သိုင်းအကြောင်းကို ပြန်လည်ပြောဆိုကြသောအခါမှ ထိုအရာ မည်သို့ဖြစ်သွားသည်ကို မည်သူမျှ မသိရှိကြတော့ကြောင်း သတိပြုမိသွားကြ၏။
ချက်ချင်းပင် လူတစ်စုသည် ကျိုရွှမ်နတ်သိုင်းကို ရှာဖွေရန်အတွက် ရှင်တောက်အန်းဂိုဏ်းမှ ထွက်ခွာသွားကြလေသည်။
ရှင်တောက်အန်းဂိုဏ်းက ယနေ့တွင် ထျန်းရှာရီဖင်ညီလာခံကို ကျင်းပရခြင်းမှာ လွန့်ရှန်ဓားကို အသုံးပြု၍ ဂုဏ်သတင်းကျော်စောစေရန်အတွက် ဖြစ်ပေသည်။
မူလက ညီလာခံမပြီးမချင်း မည်သူမျှ ထွက်ခွာခွင့်မရှိဟု သတ်မှတ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် သူရရှိခဲ့သည့်နည်းလမ်းမှာ အတုအယောင်ဖြစ်နေပြီး ဂုဏ်သတင်းမကျော်စောနိုင်ခဲ့သည့်အပြင် ဓားရုပ်သေးအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် သနားစရာကောင်းသောနိဂုံးနှင့် ရင်ဆိုင်ခဲ့ရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ယခုအခါ ကျန်းရှန်တောက် မရှိတော့သည့်အပြင် လော့ချန်နှင့် ချီကွမ်းမှာလည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။
ကျန်ရှိနေသော ပညာရှင်အချို့ ရှိနေသေးသော်လည်း ယခုအချိန်တွင် အင်အားစုစည်းနိုင်ခြင်း မရှိကြတော့ပေ။
ထိုလူများ ထွက်ခွာလိုကြသဖြင့် ရှင်တောက်အန်းဂိုဏ်းမှ လူများလည်း မတားဆီးရဲကြတော့ချေ။
လူအုပ်ကြီးမှာ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာသွားကြရာ အလွန်စည်ကားလှသော ထျန်းရှာရီဖင်ညီလာခံကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားတော့၏။
ချူချင်းသည် ဝမ်ရိုနှင့် အခြားလူများကို ပြန်လည်ရှာဖွေတွေ့ရှိချိန်တွင် ဤနေရာ၌ အေးအေးဆေးဆေး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ပို၍ပင် စည်ကားနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
"ဘာတွေဖြစ်နေတာလဲ..."
ချူချင်းသည် ပျန်းချန်ကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။
ပျန်းချန်သည် သူပြန်ရောက်လာသည်ကို မြင်သောအခါ ထူးဆန်းသော အကြည့်များဖြင့် သူ့ကို သေချာစိုက်ကြည့်နေလေသည်။
တိုက်ပွဲကြီးတစ်ပွဲအပြီးတွင် ကောင်းကင်မိစ္ဆာဂိုဏ်းမှ ပညာရှင်တစ်ဦးကိုလည်း လွယ်လွယ်ကူကူပင် သတ်ဖြတ်ခဲ့သေး၏။
ယခုအချိန်အထိ ပုံမှန်အတိုင်းပင် မျက်နှာမပျက်၊ အမောမဖောက်ဘဲ ရှိနေသေးရာ ဤမျှစွမ်းဆောင်နိုင်စွမ်းမျိုးကို မည်သူက ယှဉ်နိုင်ပါမည်နည်း။
‘ဒါက တတိယဂိုဏ်းတူညီလေးရဲ့ ဂျစ်ကန်ကန် ညီလေးတစ်ယောက် ဘယ်ဟုတ်တော့မလဲ... ဒါက တတိယဂိုဏ်းတူညီလေး အားကိုးထိုက်တဲ့ အရှိန်အဝါကြီးမားသူတစ်ယောက်ပဲ ဖြစ်ရမယ်…’
သူက ပြုံးလိုက်ပြီး ချူချင်းကို ရှင်းပြလေသည်။
“စောစောက ဖေးယွန်းတောင်ကြားရဲ့အကြီးအကဲ ဟော်ဝမ်ကျင့်က အဲဒီဝတ်ရုံနက်ဝတ်ဆင်ထားတဲ့လူရဲ့ တိုက်ခိုက်မှုကို ခံရပြီး ဒဏ်ရာရသွားတုန်းက မင်း ကယ်တင်ပေးခဲ့တယ်မလား..."
"ဒါပေမဲ့ ထိန်းထောင်းဂေဟာက တပည့်တစ်ယောက်က ဖေးယွန်းတောင်ကြားနဲ့ ရန်ငြိုးရှိနေလို့ ဟော်ဝမ်ကျင့် ဒဏ်ရာပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး နောက်ကျောကို ဓားနဲ့ထိုးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
"ဟော်ဝမ်ကျင့်က အရင်ထဲက ဒဏ်ရာပြင်းထန်နေတာဆိုတော့ မခံနိုင်တော့ဘဲ အခုလေးတင်ပဲ အသက်ထွက်သွားပြီ..."
"အစောပိုင်းတုန်းက ကျန်းရှန်တောက်ရဲ့ ဖိအားက အရမ်းပြင်းထန်နေတော့ သူတို့တွေ အာရုံမစိုက်နိုင်ခဲ့ကြဘူး..."
"အခုတော့ ကျန်းရှန်တောက်နဲ့ အဲဒီဖေးဝူကျိလည်း သေသွားပြီဆိုတော့ သူတို့တွေ တရားမျှတမှု စတောင်းဆိုနေကြပြီလေ..."
ချူချင်းသည် သူ့ကို သက်ပြင်းချကာ ကြည့်လိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော မော့တူရှင်းကို ညွှန်ပြလိုက်၏။
"ကျုပ်က သူ့ကို ဘာဖြစ်တာလဲလို့ မေးနေတာ..."
ဖေးယွန်းတောင်ကြားနှင့် ထိန်းထောင်းဂေဟာတို့၏ ရန်ငြိုးက သူနှင့် မည်သို့သက်ဆိုင်ပါသနည်း။
"ဪ..."
ပျန်းချန်က သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်၏။
"သူက အရမ်းနုံလွန်းလို့... သတိလစ်အောင် ရိုက်ထားလိုက်တာ ပိုအဆင်ပြေသွားတာပေါ့..."
ချူချင်းက ခေါင်းညိတ်လိုက်သည်။
"ဘာမှမရှိတော့ရင် သွားကြစို့..."
"ဒီလောက်လူများနေတာကို ဝင်မပါတော့ဘူးလား..."
ပျန်းချန်က မေးလိုက်၏။
"စိတ်မဝင်စားဘူး..."
ချူချင်းသည် ဤဂိုဏ်းများအကြား အာဏာလုပွဲများကို စိတ်ဝင်စားခြင်း မရှိသည်မှာ အမှန်ပင် ဖြစ်ပေသည်။
ထိုစဉ်က ထျန်းဝူမြို့၏ အခြေအနေမှာ မတူညီခဲ့ပေ။ သူ့အိမ်မှာ ထိုနေရာတွင် ရှိနေခဲ့ပြီး အရာအားလုံးက သူနှင့် တိုက်ရိုက်ပတ်သက်နေခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူက လျစ်လျူရှုထားရန် အကြောင်းပြချက် မရှိခဲ့ပေ။
ယခုမူ အခြားသူများ၏ အရေးကိစ္စသာဖြစ်ရာ အဘယ်ကြောင့် စိတ်ပူနေရပါမည်နည်း။
ထို့ထက်မက သူသည် တစ်ကြိမ်တည်းဖြင့် တာဝန်နှစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့သဖြင့် တည်းခိုခန်းသို့ အမြန်ပြန်ကာ သိုင်းသေတ္တာများကို ဖွင့်ရန် စိတ်စောနေခဲ့ခြင်း ဖြစ်ပေသည်။
ဤနေရာတွင် အချိန်ဖြုန်းနေရန် အချိန်မရှိချေ။
ပျန်းချန်က နှုတ်ခမ်းစေ့လိုက်ပြီး မော့တူရှင်းကို ကျောပိုးလိုက်၏။
ချူချင်းသည် ဝမ်ရိုကို ခေါ်ဆောင်ကာ သူ၏နောက်တွင် ဂိုဏ်းတူအစ်ကိုနှစ်ဦး လိုက်ပါလျက် ရှင်တောက်အန်းဂိုဏ်းမှ ရဲရဲဝံ့ဝံ့ပင် ထွက်ခွာလာခဲ့ကြတော့သည်။
နောက်သို့ ပြန်လည်ကြည့်ရှုလိုက်သောအခါ ဤမြို့တော်ကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါနေဆဲ ဖြစ်ပေသည်။
သို့သော် ချူချင်းမှာမူ ၎င်းသည် ပြိုလဲပျက်စီးသွားတော့မည့် ပုံရိပ်ကို မြင်တွေ့နေရသကဲ့သို့ ခံစားနေရ၏။
"ကျန်းရှန်တောက်က ကျန်းဟူလောကမှာ နှစ်ပေါင်းလေးဆယ်လုံးလုံး စိုးမိုးခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဒီလိုနိဂုံးမျိုးနဲ့ ရင်ဆိုင်သွားရတာပဲ..."
ပျန်းချန်က ခပ်ဖွဖွ သက်ပြင်းချလိုက်၏။
"ကျန်းဟူလောကရဲ့ လှိုင်းတံပိုးတွေကတော့ တကယ်ကို ကြောက်စရာကောင်းလှတယ်..."
ချူချင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး စကားမပြောရသေးမီမှာပင် မြင်းခွာသံများကို ကြားလိုက်ရလေသည်။
ခေါင်းမော့ကြည့်လိုက်သောအခါ မြင်းဖြူတစ်ကောင်သည် ခြေလှမ်းကျဲကျဲဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးလွှားလာသည်ကို မြင်လိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်း သူတို့ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
မြင်းပေါ်ရှိ ချောင်ချိုးဖူသည် အလျင်အမြန်ပင် တားဆီးလိုက်ရာ ထိုမြင်းဖြူသည် ရှေ့ခြေနှစ်ဖက်ကို မြှောက်တက်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည်ကျဆင်းလာကာ နှာမှုတ်သံ ပြင်းပြင်းတစ်ချက်ပြုလုပ်လျက် ချူချင်းတို့အုပ်စု၏ ရှေ့တွင် တည်ငြိမ်စွာ ရပ်တန့်သွားတော့၏။
"အစ်ကိုသုံး..."
ချောင်ချိုးဖူသည် မြင်းပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလိုက်၏။
"မင်းတို့ပုံစံကို ကြည့်ရတာ... ထျန်းရှာရီဖင်ညီလာခံက ပြီးသွားပြီလား..."
"ချောင်သိုင်းသမားကြီးက ဘယ်ကို သွားနေခဲ့တာလဲ..."
ချူချင်းသည် သူ့ကို နှစ်ချက်ကြည့်လိုက်ပြီး မေးမြန်းလိုက်၏။
"ဘာလို့ တစ်ကိုယ်လုံး ပင်ပန်းနေသလို ဖြစ်နေရတာလဲ..."
"အစ်ကိုသုံးကို ရယ်စရာဖြစ်စေခဲ့ပြီ..."
ချောင်ချိုးဖူက သက်ပြင်းချကာ ပြုံးလိုက်၏။
"အရင်နှစ်ရက်က ငါ မိတ်ဆွေဟောင်းနှစ်ယောက်ကို သွားရှာခဲ့ပေမဲ့ ရုတ်တရက် သတင်းတစ်ခုပဲ ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
"ဒါကြောင့် သူတို့နဲ့အတူ ရှင်တောက်မြို့ကနေ ထွက်ခွာသွားခဲ့တာ..."
"ဒါပေမဲ့ အဲဒီသတင်းက အမှားဖြစ်နေလိမ့်မယ်လို့ ပိုတောင်မထင်ထားခဲ့ဘူး... ငါတို့ကို အလဟသ ခရီးပန်းစေခဲ့တာပဲ..."
"ထျန်းရှာရီဖင်ညီလာခံကို အမီပြန်လာနိုင်မယ်လို့ ထင်ထားခဲ့ပေမဲ့... ခြေတစ်လှမ်း နောက်ကျသွားခဲ့ရပြန်ပြီ..."
"အော်..."
ချူချင်းက ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။
"မင်းရဲ့ မိတ်ဆွေဟောင်းနှစ်ယောက်ရော ဘယ်မှာလဲ..."
"မြို့ထဲကို ဝင်ပြီးကတည်းက လမ်းခွဲသွားခဲ့ကြပြီ..."
ချောင်ချိုးဖူက စိတ်ပျက်လက်ပျက် ပြုံးလိုက်၏။
"သူတို့အကြောင်းကို မပြောတော့ပါဘူး... ဒါနဲ့ ထျန်းရှာရီဖင်ညီလာခံမှာ ဘာတွေ ထူးထူးခြားခြား ဖြစ်ပျက်ခဲ့လို့လဲ..."
ဤနေရာမှာ စကားပြောရန် သင့်တော်သော နေရာမဟုတ်သဖြင့် အားလုံးက ဖူယွန်းတည်းခိုခန်းသို့သာ ပြန်လာခဲ့ကြလေသည်။
အခန်းထဲသို့ ရောက်ရှိသောအခါ စားပွဲတစ်လုံးစာသေရည်နှင့် ဟင်းလျာများကို ပြင်ဆင်ခိုင်းလိုက်၏။
နေ့တစ်ဝက်မျှ အချိန်ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ အားလုံးလည်း ဗိုက်ဆာနေကြပြီ ဖြစ်သည်။
သေရည်ခွက်များ အပြန်အလှန် လဲလှယ်သောက်သုံးရင်း ချူချင်းနှင့် ပျန်းချန်တို့က ထျန်းရှာရီဖင်ညီလာခံတွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ရှင်းပြလိုက်ကြတော့သည်။