← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂) - ဓားသိုင်းနှင့် လက်သီးသိုင်း (၂)

ချောင်ချိုးဖူတစ်ယောက် နားထောင်ရင်း အံ့အားသင့်သွားရ၏။

"ချင်းရှီးရွာကိစ္စက တကယ်တော့ ကျန်းရှန်တောက်ကြောင့် ဖြစ်နေတာကိုး..."

"ဒီနှစ်တွေတစ်လျှောက် ရှင်တောက်အန်းဂိုဏ်းရဲ့ နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအားလုံးက ဒီအကြောင်းကြောင့် ဖြစ်လာခဲ့တာပဲ..."

"တကယ်ကို ခွင့်မလွှတ်နိုင်စရာပဲ..."

"အဲဒီလွန့်ရှန်ဓားက ချင်းရှီးရွာမှာ ရှိနေတုန်းကတည်းက သာမန်မဟုတ်ဘူးဆိုတာ ငါ ခံစားမိခဲ့တယ်... ဒါပေမဲ့ အဲဒီဝတ်ရုံနက်ဝတ်ဆင်ထားတဲ့လူက ဒီလောက်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"ကျန်းရှန်တောက်အတွင်းအားနဲ့ လွန့်ရှန်ဓားကို သုံးနေတာကိုသာ အဲဒီလူ တားမပေးခဲ့ဘူးဆိုရင် ဒီနေ့ ရှင်တောက်အန်းဂိုဏ်းမှာ သွေးချောင်းစီးသွားမှာ အသေအချာပဲ..."

"အဲဒီဝတ်ရုံနက်နဲ့လူကို ကျန်းဟူလောကမှာ ညဧကရာဇ်လို့ ခေါ်ကြတယ်..."

ပျန်းချန်က ပြောရင်း ချူချင်းကို ခိုးကြည့်လိုက်၏။

"သူက လူသတ်သမားတစ်ယောက်လို့ ကြားတယ်..."

ချူချင်းသည် တိတ်ဆိတ်စွာပင် သေရည်တစ်ခွက်ကို သောက်လိုက်ပြီး ပျန်းချန်ကြည့်နေသည့် အကြည့်မှာ အလွန်ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။

သို့သော် အနည်းငယ်မျှ စဉ်းစားလိုက်သည်နှင့် ဤထူးဆန်းမှုမှာ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူနားလည်သွားခဲ့သည်။

သူမည်သို့ပင်ဖုံးကွယ်ထားပါစေ ဝမ်ရို၏ နှာခေါင်းကိုမူ လှည့်စားနိုင်မည် မဟုတ်ပေ။

ပျန်းချန်သည် အလွန်ဉာဏ်ကောင်းသူဖြစ်ရာ ဝမ်ရိုက မည်သို့ပင် ဖြေဆိုပါစေ သူက အဖြေကို ခန့်မှန်းနိုင်လိမ့်မည် ဖြစ်၏။

ထို့အပြင် 'ညဧကရာဇ်' ပေါ်လာသည်နှင့် မိမိက ပျောက်ကွယ်သွားခဲ့သည်။

ဤအချက်နှစ်ခုကို ပေါင်းစပ်လိုက်ပါက အဖြေကို ခန့်မှန်းရန် မခက်ခဲတော့ပေ။

"သူက လူသတ်သမားတစ်ယောက်ဆိုရင်တောင် သူရဲကောင်းတစ်ယောက်ပဲ ဖြစ်ရမယ်..."

ချောင်ချိုးဖူက ပြောလိုက်၏။

“ထျန်းဝူမြို့မှာ ရှိနေတုန်းကလည်း ဒီလူက လက်ဦးမှုယူပြီး မိစ္ဆာလမ်းစဉ်က ပညာရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးတယ်လို့ ကြားတယ်..."

"တကယ်ကို ငါတို့ရဲ့ သူရဲကောင်းပဲ..."

ထိုစဉ် ရုတ်တရက် ဝုန်းခနဲအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မော့တူရှင်းသည် ရုတ်တရက် မတ်တတ်ရပ်လိုက်၏။

သူ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေပြီး လေးနက်စွာ ပြောလိုက်လေသည်။

"ငါ သူ့ကို ရှာရမယ်..."

"ဘယ်သူ့ကိုလဲ..."

အားလုံးမှာ သူ၏ လုပ်ရပ်ကြောင့် ဆွံ့အသွားကြ၏။

"ညဧကရာဇ်..."

မော့တူရှင်း၏ အသံထဲတွင် ငြင်းပယ်ရန်မရှိသော ပြတ်သားမှုများ ပါဝင်နေပေသည်။

ချောင်ချိုးဖူသည် မော့တူရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူ၏ အရှိန်အဝါမှာ အလွန်ပင် မြင့်မားလှကာ ဆရာသခင်တစ်ဦး၏ ဟန်ပန်မျိုး ရှိနေသည်ဟု ခံစားလိုက်ရ၏။

သို့သော် သူက ညဧကရာဇ်ကို အဘယ်ကြောင့် ရှာဖွေလိုရခြင်း ဖြစ်သည်ကိုမူ မသိရှိပေ။

ပျန်းချန်က တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

"မင်း သူ့ကို ရှာပြီး ဘာလုပ်မလို့လဲ..."

"ဟွန်း..."

မော့တူရှင်းက အေးစက်စွာ ပြုံးလိုက်၏။

"ဓားသမားတစ်ယောက်က နောက်ထပ် ဓားသမားတစ်ယောက်ကို ရှာတယ်ဆိုတာ... သေချာပေါက် ဓားချင်းယှဉ်ပြိုင်ဖို့အတွက်ပဲပေါ့..."

ပျန်းချန်၏ မျက်လုံးများထဲတွင် 'ထင်သားပဲ'ဟူသော အကြည့်များ ပြည့်နှက်သွားပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ဂိုဏ်းတူအစ်ကိုကြီး... မင်း နားလိုက်ပါဦး..."

ချူချင်းသည်လည်း ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး မိမိ၏ သရုပ်မှန်ကို ပျန်းချန်းတစ်ဦးတည်း ရိပ်မိသွားခြင်းမှာ အလွန်ကံကောင်းသည်ဟု တွေးတောနေမိ၏။

အကယ်၍ ဤမော့တူရှင်းသာ သိရှိသွားခဲ့ပါက ကိစ္စရပ်များမှာ အလွန်ပင် ရှုပ်ထွေးသွားပေလိမ့်မည်။

"ငါ မပင်ပန်းပါဘူး..."

မော့တူရှင်းက အေးဆေးစွာပင် ပြောလိုက်ပြီး ဖြည်းညင်းစွာ ပြန်လည်ထိုင်လိုက်၏။

"တစ်နေ့နေ့မှာ ငါနဲ့သူ့ကြားမှာ သေချာပေါက် တိုက်ပွဲတစ်ပွဲ ဖြစ်လာရမယ်..."

ချောင်ချိုးဖူသည် သူ့အပေါ် လေးစားမှုများ တိုးပွားသွားခဲ့ရသည်။

"မော့အစ်ကိုက နာမည်ကြီးဂိုဏ်းက ဖြစ်တာကြောင့် ဓားသိုင်းက အရမ်းထူးချွန်မှာ သေချာပါတယ်... ငါလည်း မင်းတို့နှစ်ယောက်ရဲ့ အထွတ်အထိပ်တိုက်ပွဲကို အရမ်းမျှော်လင့်နေပါတယ်..."

"ချောင်သိုင်းသမားကြီး... မင်းလည်း အရမ်းကြီး မမျှော်လင့်ထားပါနဲ့ဦး..."

ပျန်းချန်က တိုးညင်းစွာပင် ဖျောင်းဖျလိုက်၏။

မော့တူရှင်းက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် 'နွေရာသီပိုးကောင်က ရေခဲအကြောင်းကို မသိနိုင်ဘူး' ဟူသော အဓိပ္ပာယ်များ ပြည့်နှက်နေကာ ဆက်လက်၍ အရက်သောက်ကာ ဟင်းလျာများကိုသာ စားသုံးနေပြီး စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။

စားပွဲဝိုင်းတွင် အဓိက စကားပြောနေကြသူများမှာ ပျန်းချန်နှင့် ချောင်ချိုးဖူတို့သာ ဖြစ်ကြ၏။

ထိုလူနှစ်ဦးသည် 'ညဧကရာဇ်'အကြောင်းကို အမျိုးမျိုး ဆွေးနွေးနေကြရာ ချူချင်းမှာမူ မိမိကိုယ်တိုင် ကြွားဝါနေသကဲ့သို့ ခံစားနေရသဖြင့် ဤထမင်းစားပွဲမှာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းလှပေသည်။

နောက်ဆုံးတွင် ချူချင်းသည် စိတ်လွင့်မျောနေခဲ့ပြီး ထိုလူနှစ်ဦး မည်သို့ပင် ဆွေးနွေးနေပါစေ ဂရုမစိုက်တော့ဘဲ ထမင်းစားပွဲကိုသာ အပြီးသတ်လိုက်တော့၏။

တစ်စုံတစ်ခုကို ကတိပြုလိုက်သကဲ့သို့ပင် ချူချင်းသည် ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်လိုက်ပြီးနောက် သူ့အခန်းသို့ ပြန်လာခဲ့လေသည်။

ကုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး သူ၏ အာရုံစိုက်မှုအားလုံးကို စနစ်မျက်နှာပြင်ပေါ်သို့ ပို့ဆောင်လိုက်၏။

[မဖွင့်ရသေးသော သိုင်းပညာရတနာသေတ္တာ နှစ်လုံး ရှိနေပါသည်... ဖွင့်လှစ်မည်လား...]

ချူချင်းသည် ဤအချက်ပေးစာကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် သူ့ပါးကို ခပ်ဖွဖွပုတ်လိုက်ကာ ရေဆေးစင်သို့ သွားရောက်၍ သူ၏ လက်များကို သေချာစွာ ဆေးကြောလိုက်၏။

ထို့နောက် ကုတင်ပေါ်သို့ ပြန်လည်ရောက်ရှိလာကာ တိုးညင်းစွာ ပြောလိုက်လေသည်။

"ဖွင့်မယ်..."

[ဖွင့်လှစ်ခြင်း အောင်မြင်ပါသည်... ဓားသိုင်းပညာ ရရှိပါသည် - ရွှေကျီးကန်းဓားသိုင်း...]

ချူချင်းသည် မျက်တောင်ခတ်လိုက်မိ၏။ ရွှေကျီးကန်းဓားသိုင်းလော။

ဤဓားသိုင်းမှာ အားနည်းသည်မဟုတ်ဘဲ တိုက်ကွက်များမှာ အလွန်ပင် ဆန်းကြယ်လှကာ သွေးဓားမသိုင်းနှင့် လမ်းစဉ်ချင်း တူညီခြင်း မရှိပေ။

သွေးဓားမသိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခြင်းကို အဓိကထားပြီး မိစ္ဆာလမ်းစဉ်ဟု ပြောနိုင်ပေသည်။

ဓားချက်တိုင်းမှာ မထင်မှတ်ထားသော နေရာများမှ ထွက်ပေါ်လာသဖြင့် ကာကွယ်ရန် အလွန်ခက်ခဲလှ၏။

ချူချင်းသည် အမြန်ဓားသိုင်း၏ အရှိန်အဝါကို အသုံးပြု၍ ဤဓားသိုင်းကို အသုံးပြုခဲ့ရာ ဓားချက်မှာ မြန်ဆန်ရက်စက်လှသဖြင့် ခန့်မှန်းရန် ခက်ခဲလှပေသည်။

သို့သော် ဤရွှေကျီးကန်းဓားသိုင်းမှာမူ ဖြောင့်မတ်သော လမ်းစဉ်ဖြစ်ပြီး တိုက်ကွက်တိုင်းမှာ ဆန်းကြယ်လှကာ နည်းဗျူဟာဖြင့် အနိုင်ယူပြီး ကျွမ်းကျင်မှုဖြင့် ဖိနှိပ်ခြင်း ဖြစ်ပေသည်။

"မဆိုးပါဘူး..."

ချူချင်းသည် မိမိ၏ လက်ကို ဆေးကြောခဲ့ရခြင်းမှာ အလဟသ မဖြစ်ခဲ့ဟု ခံစားလိုက်ရပြီး ဒုတိယမြောက် အချက်ပေးစာမှာလည်း မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိလာခဲ့၏။

[ဖွင့်လှစ်ခြင်း အောင်မြင်ပါသည်... လက်သီးသိုင်းပညာ ရရှိပါသည် - ကောင်းကင်နှင်းခဲလက်သီးသိုင်း...]

ဤစာလုံးများကို မြင်လိုက်ရသောအခါ ချူချင်းသည် မိမိကိုယ်မိမိ အမြင်မှားသွားသည်ဟုပင် ထင်မှတ်လိုက်မိ၏။

ရွှေကျီးကန်းဓားသိုင်း၏ တိုက်ကွက်များနှင့် ကောင်းကင်နှင်းခဲလက်သီးသိုင်း၏ ကျင့်စဉ်များမှာ သူ၏ စိတ်ထဲသို့ စီးဝင်လာပြီးနောက်မှသာ သူ အမြင်မမှားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တော့သည်။

တကယ်ကို ကောင်းကင်နှင်းခဲလက်သီးသိုင်းပင် ဖြစ်ပေသည်။

'ဒီသိုင်းပညာက... နည်းနည်းတော့ အစွမ်းထက်လွန်းနေတာ မဟုတ်ဘူးလား...'

စိတ်ကူးများ လှုပ်ရှားသွားသည်နှင့် ခန္ဓာကိုယ်အတွင်း၌ အေးစိမ့်သော နှင်းခဲအငွေ့အသက်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းမှာ မင်ယွိကျမ်းစာအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။

ချူချင်းသည် စိတ်လှုပ်ရှားသွားပြီး တင်ပျဥ်ခွေထိုင်ကာ မင်ယွိကျမ်းစာကို လည်ပတ်စေလျက် ထိုနှင်းခဲအငွေ့အသက်များကို စုပ်ယူလိုက်၏။

အေးစိမ့်သော အငွေ့အသက်များမှာ ချူချင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တစ်ခဏအတွင်း သူထိုင်နေသော ကုတင်၊ ကြမ်းပြင်၊ စားပွဲပေါ်ရှိ ရေနွေးကန်နှင့် ရေနွေးခွက်များပေါ်တွင် နှင်းခဲများ ဖုံးလွှမ်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် ဤအကူအညီကြောင့် မူလက ကျင့်ကြံရန် အလွန်နှေးကွေးလှသော မင်ယွိကျမ်းစာမှာ ရုတ်တရက် အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့လေသည်။

ချူချင်းသည် တစ်‌နေ့လည်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး နေဝင်ချိန်သို့ ရောက်ရှိသောအခါ တစ်ခန်းလုံးမှာ ရေခဲတိုက်တစ်ခုကဲ့သို့ အေးစိမ့်သွားခဲ့ပြီ ဖြစ်၏။

တံခါးရှေ့မှ ဖြတ်သန်းသွားသော လူများပင် ဤအခန်းမှာ အဘယ်ကြောင့် ဤမျှအေးစိမ့်နေရသနည်းဟု အံ့အားသင့်နေကြရသည်။

ဤအခန်းထဲတွင် ရေခဲတုံးအမြောက်အမြား သိုလှောင်ထားသလားဟုပင် သံသယဝင်နေကြ၏။

ထိုအချိန်တွင် ချူချင်း၏ အသက်ရှူသံနှင့်အတူ အတွင်းအားများ လည်ပတ်သွားပြီး ပတ်ဝန်းကျင်ရှိ ဖုံးလွှမ်းနေသော နှင်းခဲများမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။

နောက်ဆုံးတွင် ချူချင်း၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး မည်သည့်ခြေရာလက်ရာမျှ မကျန်ရှိတော့ပေ။

ချူချင်းသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း အခန်းထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ လင်းထိန်သွားပြီးနောက် ချက်ချင်းပင် ပြန်လည်မှောင်မိုက်သွားတော့၏။

သူက သက်ပြင်းခပ်ဖွဖွတစ်ချက် ချလိုက်လေသည်။

"ဒီကောင်းကင်နှင်းခဲလက်သီးသိုင်းကြောင့် ငါ မင်ယွိကျမ်းစာကို နဝမမြောက်အဆင့်အထိ ကျင့်ကြံအောင်မြင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"ဒီတစ်နေ့လည်လုံး ကျင့်ကြံလိုက်တာက ငါ့ရဲ့ နှစ်ပေါင်းများစွာ အားထုတ်မှုကို ကျော်လွန်သွားခဲ့ပြီပဲ..."

ကုတင်ပေါ်မှ ဆင်းလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားကြည့်လိုက်ရာ ချူချင်းသည် အလွန်ပင် စိတ်ကျေနပ်သွားခဲ့ရ၏။

ကောင်းကင်နှင်းခဲလက်သီးသိုင်းသည် လက်သီးသိုင်းဖြင့် နှင်းခဲအငွေ့အသက်များကို စုဆောင်းခြင်းဖြစ်ပြီး ကျင့်ကြံမှုနည်းလမ်းနှင့် အသုံးပြုမှုနည်းဗျူဟာ နှစ်မျိုးလုံး ပါဝင်ပေသည်။

မင်ယွိကျမ်းစာနှင့် ပေါင်းစပ်ပြီးနောက် နှစ်ခုလုံးမှာ အလွန်လိုက်ဖက်လှပြီး တစ်ခုနှင့်တစ်ခု ခွဲခြား၍မရတော့ပေ။

၎င်းကို အသုံးပြု၍ ကောင်းကင်နှင်းခဲလက်သီးသိုင်းကို ထုတ်ဖော်ပါက စွမ်းအားမှာ ပိုမိုပြင်းထန်လာမည်မှာ အသေအချာပင် ဖြစ်၏။

သို့သော် ဤသိုင်းပညာမှာ အလွန်ပင် အစွမ်းထက်လှသဖြင့် စနစ်က ဤမျှကောင်းမွန်သော ဆုလာဘ်ကို ပေးအပ်လိမ့်မည်ဟု ချူချင်းပင် မယုံကြည်နိုင်ဘဲ ရှိနေရသည်။

'ဒါက... ငါ လက်ဆေးလိုက်လို့ ဖြစ်နိုင်မလား...'

ချူချင်းသည် ခေါင်းကုတ်လိုက်ပြီး အဖြေကို ဆက်လက်မရှာဖွေတော့ပေ။

စနစ်၏ အကြောင်းအရာများကို မည်သို့သော အကြောင်းပြချက်ဖြင့် ရှင်းပြနိုင်ပါမည်နည်း။

ယခုအခါ ဤမျှအထိ တိုးတက်လာခဲ့ပြီဖြစ်ရာ နျဲ့ကျင့်ထိုင်ကို ရင်ဆိုင်ရန်အတွက် ပိုမိုယုံကြည်မှု ရှိလာခဲ့ပြီ ဖြစ်၏။

'ဝမ်ရိုကို အိမ်ပြန်ပို့ပြီးရင်...'

စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် တံခါးရှေ့သို့ ခြေသံများ ရောက်ရှိလာပြီးနောက် ဒေါက်ဒေါက်ဟူသော တံခါးခေါက်သံနှစ်ချက် ထွက်ပေါ်လာခဲ့သည်။

ချူချင်းသည် တံခါးဝသို့ သွားရောက်ကာ တံခါးဖွင့်လိုက်ရာ ပျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် မျက်စိမှိတ်ပြနေသည်ကို မြင်လိုက်ရ၏။

"သွားကြစို့..."

"ဘယ်ကိုလဲ..."

ချူချင်းက အံ့အားသင့်သွား၏။

"ဘယ်ကို သွားမှာလဲ..."

ပျန်းချန်က ပို၍ပင် အံ့အားသင့်သွားကာ ပြောလိုက်၏။

"ထျန်းရှန်းမျှော်စင်ကိုလေ... ငါတို့ ပြောထားပြီးသား မဟုတ်ဘူးလား..."

"ဟင်..."

ချူချင်းသည် ပျန်းချန်ပြောခဲ့ဖူးသော ရှင်တောက်မြို့အတွင်းရှိ ထျန်းရှန်းမျှော်စင်မှာ ပြည့်တန်ဆာအိမ်တစ်ခု ဖြစ်ကြောင်း မှတ်မိနေသေး၏။

သူသည် ထျန်းရှန်းမျှော်စင်သို့ သွားရောက်ကာ အတွေ့အကြုံသစ် ရှာဖွေရန် စိတ်မရှိပေ။

သို့သော် မည်သည့်အချိန်တွင် တူတူသွားမည်ကို သဘောတူခဲ့ပါသနည်း။

ချူချင်း၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်နေမှုကို မြင်သောအခါ ပျန်းချန်က ပြောလိုက်ရတော့သည်။

"အစောပိုင်းတုန်းက ဝိုင်းထဲမှာ ငါတို့တွေ ချောင်သိုင်းသမားကြီးနဲ့ ဒီည ထျန်းရှန်းမျှော်စင်ကို သွားပြီး ပျော်ပါးကြဖို့ ချိန်းထားပြီးသားလေ..."

"..."

ချူချင်းသည် တစ်ခဏမျှ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့ရ၏။ ချောင်ချိုးဖူကဲ့သို့ ဖြောင့်မတ်တည်ကြည်ပုံရသော လူတစ်ယောက်ကပင် ပြည့်တန်ဆာအိမ်သို့ လိုက်ပါရန် သဘောတူခဲ့လိမ့်မည်ဟု မထင်ထားခဲ့မိချေ။

ယခုအခါ သူသည် ပိုင်ကောက နေ့စဉ် မိန်းကလေးများ၏ ရင်စည်းအင်္ကျီများကို လိုက်လံခိုးယူနေခြင်းမှာ လီဟန်ကွမ်း၏ သွေးထိုးမှုကြောင့်လော သို့မဟုတ် ဤချောင်ချိုးဖူကိုယ်တိုင်က သင်ကြားပေးခဲ့ခြင်းကြောင့်လောဟု ပြင်းထန်စွာ သံသယဝင်လာခဲ့တော့သည်။

All Chapters