← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) - အလှမယ် (၁)

ချူချင်းသည် ဤကိစ္စအပေါ် အချိန်အကြာကြီး တွေးတောမနေတော့ပေ။ ယခင်က ကတိပေးထားဖူးသည့်အပြင် သူကိုယ်တိုင်လည်း လောကအမြင် ကျယ်ချင်နေခဲ့သဖြင့် ဖြစ်လေသည်။

ထို့ကြောင့် ပျန်းချန်နှင့် ချက်ချင်းပင် သဘောတူညီမှု ရရှိသွားတော့၏။

သူသည် ပျန်းချန်အား ခေတ္တစောင့်ဆိုင်းရန် ပြောကြားပြီးနောက် အခန်းထဲသို့ဝင်ကာ လက်နက်ကို ယူဆောင်ပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်လေသည်။

သို့သော် သူတို့နှစ်ဦး လှေကားထိပ်သို့ပင် မရောက်သေးမီ တံခါးဖွင့်သံတစ်ချက်နှင့်အတူ ဝမ်ရိုသည် အခန်းထဲမှထွက်လာပြီး ခံစားချက်မဲ့သော မျက်လုံးများဖြင့် သူတို့နှစ်ဦးအား ကြည့်လိုက်၏။

"အစ်ကိုတို့ ဘယ်သွားမလို့လဲ..."

သူမ၏စကားသံ ဆုံးသွားသည်နှင့် ချူချင်းအား စိုက်ကြည့်ကာ ထပ်မံပြောကြားလိုက်ပြန်သည်။

"အစ်ကိုသုံး... အစ်ကို့ဆီက အနံ့က ထပ်ပြောင်းသွားပြန်ပြီ... ဆီးနှင်းတွေရဲ့ အနံ့နဲ့ အရမ်းတူတယ်..."

"မင်း နှာခေါင်းက တကယ်ကို အနံ့ခံကောင်းတာပဲ..."

ချူချင်းက ချောင်းတစ်ချက်ဟန့်လိုက်သည်။

"ငါနဲ့ မင်းရဲ့ဂိုဏ်းတူအစ်ကိုလတ် အပြင်ခဏပတ်လျှောက်မလို့..."

"ကျွန်မလည်း လိုက်ခဲ့မယ်..."

ဝမ်ရိုက အေးစက်စွာ ပြောလိုက်၏။

ပျန်းချန်နှင့် ချူချင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲမှ နမိတ်မကောင်းသည်ကို ခံစားလိုက်ကြရသည်။

မိန်းကလေးတစ်ယောက်ကို ခေါ်ပြီး ပြည့်တန်ဆာအိမ် သွားလည်ရမည်လော။ ဤသို့သောကိစ္စမျိုးက မသင့်တော်ပေ။

ပျန်းချန်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

"ဂိုဏ်းတူညီမလေး... မင်း ဒီနေ့ အရမ်းပင်ပန်းနေပြီမလို့ အခန်းထဲမှာပဲ ကောင်းကောင်းအနားယူလိုက်ပါ... ငါတို့က အပြင်မှာ ခဏပတ်လျှောက်ပြီး ချက်ချင်းပြန်လာခဲ့ပါ့မယ်..."

"ထျန်းရှန်းမျှော်စင်ကို သွားလည်မလို့လား... ဂိုဏ်းတူအစ်ကိုလတ်က မေ့သွားတာလား... ဒီနေ့ ရှင်တို့ ချိန်းဆိုကြတုန်းက ကျွန်မလည်း ဘေးမှာ ရှိနေခဲ့တာလေ..."

ဝမ်ရိုက ပျန်းချန်အား စွေကြည့်လိုက်ရာ လျှို့ဝှက်ချက်ပေါ်သွားသော ပျန်းချန်၏ မျက်နှာအိုကြီးမှာ ချက်ချင်းပင် နီရဲသွားတော့၏။

သူသည် အလျင်အမြန်ပင် ဆင်ခြေပေးလိုက်လေသည်။

"ငါတို့က လောကအမြင်ကျယ်အောင် သွားကြည့်ရုံတင်ပါ... အဲဒီလို ပျော်ပါးဖို့ စိတ်ကူးမရှိပါဘူး..."

"ဒါဆိုရင် ကျွန်မကို ခေါ်သွားလည်း အစ်ကိုတို့ လောကအမြင်ကျယ်ဖို့အတွက် အနှောင့်အယှက် မဖြစ်လောက်ပါဘူးနော်..."

ဝမ်ရိုက အေးစက်စွာ ပြုံးလိုက်၏။

"ဒါမှမဟုတ် ဂိုဏ်းတူအစ်ကိုလတ်က တစ်ခုခုလုပ်ဖို့ ကြံစည်နေတာလား... ကျွန်မ နောက်ကလိုက်လာရင် အကြံအစည် ပျက်စီးသွားမှာ စိုးရိမ်နေတာလား..."

"ဒါက..."

ပျန်းချန်သည် တစ်ခဏမျှ ဆွံ့အသွားပြီး ချူချင်းထံသို့သာ အကူအညီတောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်ရတော့သည်။

ချူချင်း၏ တည်ငြိမ်အေးဆေးသော မျက်နှာထားကို မြင်လိုက်ရသဖြင့် သူ၏ရင်ထဲတွင် အနည်းငယ် သက်သာရာရသွားပြီး ချူချင်းအနေဖြင့် ဝမ်ရိုအား ဖျောင်းဖျနိုင်လိမ့်မည်ဟု မျှော်လင့်လိုက်မိ၏။

ထင်သည့်အတိုင်းပင် ချူချင်းက အေးအေးဆေးဆေး ပြောလိုက်လေသည်။

"ဒါဆိုလည်း အတူတူသွားကြတာပေါ့..."

ပျန်းချန်က ခေါင်းကို အဆက်မပြတ် ညိတ်လိုက်၏။

"ဟုတ်တယ်... အတူတူ... အင်..."

စကားပင်မဆုံးသေးမီ ပျန်းချန်သည် အခြေအနေကို သဘောပေါက်သွားပြီး ဆွံ့အမှင်တက်သွားတော့သည်။

အဘယ်ကြောင့် အတူတူသွားရန် သဘောတူလိုက်ရသနည်း။

ဝမ်ရိုသည် ပျန်းချန်အား စကားပြောခွင့်မပေးတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်၏။

"ကျွန်မကို ခဏစောင့်... အဝတ်အစား သွားလဲလိုက်ဦးမယ်..."

"ကျွန်မကိုထားခဲ့ဖို့ မကြံနဲ့... ကျွန်မ အစ်ကိုတို့ကို ရှာနိုင်တယ်နော်..."

ပြောပြီးသည်နှင့် သူမသည် လှည့်ထွက်သွားကာ အခန်းထဲသို့ ပြန်ဝင်သွားပြီး တံခါးကို ဂျောက်ခနဲမြည်အောင် ပိတ်လိုက်လေသည်။

ပျန်းချန်သည် မျှော်လင့်ချက်မဲ့နေသော မျက်နှာဖြင့် ချူချင်းအား ကြည့်လိုက်၏။

"မင်းက ဘာလို့ သဘောတူလိုက်ရတာလဲ..."

"လောကအမြင်ကျယ်အောင်လို့လေ..."

ချူချင်းက ဆက်လက်ပြောကြားလိုက်သည်။

"ဝမ်ရိုက မိန်းကလေးတစ်ယောက်ပဲ... သူလည်း အဲဒီလိုနေရာမျိုးကို မြင်ဖူးထားသင့်တယ်... ပြည့်တန်ဆာအိမ်ထဲ ရောက်သွားတဲ့ အမျိုးသားတွေရဲ့ ရုပ်ဆိုးလှတဲ့ မျက်နှာဖုံးတွေကို မြင်ဖူးမှ..."

"နောင်ကျရင် သူများရဲ့ အချိုသတ်စကားတွေကြားမှာ လွယ်လွယ်နဲ့ အရူးလုပ်မခံရမှာ..."

"လူတစ်ယောက်က အလှည့်စားခံရတော့မယ့်အချိန်ကျရင် တစ်ဖက်လူက လိမ်နေမှန်း သိသိကြီးနဲ့တောင် စိတ်လိုလက်ရ အလိမ်ခံတတ်ကြတာပဲ..."

"ဒါက အတွေ့အကြုံ များတာ နည်းတာနဲ့ မဆိုင်ဘူး..."

ပျန်းချန်သည် ချူချင်း၏ အယူအဆအပေါ် သဘောမတူနိုင်ပေ။

ချူချင်းက စပ်စုလိုသောစိတ်ဖြင့် မေးလိုက်၏။

"အစ်ကိုပျန်းက အလိမ်ခံဖူးလို့လား..."

ပျန်းချန်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်လေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ချူချင်းသည် ဤစကားကို သံသယဝင်မိသော်လည်း ဆက်လက်ငြင်းခုံမနေတော့ပေ။

"ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် လောကအမြင်ကျယ်အောင် သွားကြည့်ရုံပဲကို... သူမ လိုက်လာလည်း ဘာမှမဖြစ်ပါဘူး..."

"တကယ်လို့ အစ်ကိုပျန်းက မိန်းကလေးတစ်ယောက်ယောက်အပေါ် တကယ်ပဲ စိတ်ဝင်စားသွားခဲ့ရင် ကျွန်တော် ဝမ်ရိုကို တတ်နိုင်သမျှ ဝေးဝေးကို ဆွဲခေါ်သွားပေးပါ့မယ်..."

"အစ်ကိုပျန်းရဲ့ ပျော်ပါးမှုကို လုံးဝ မနှောင့်ယှက်စေရဘူး..."

"ဒါဆိုရင် ကျွန်တော်က ကျေးဇူးတင်စကားတောင် ပြောရဦးမှာလား..."

"အားနာနေဖို့ မလိုပါဘူး..."

တစ်ခဏအတွင်း သူတို့နှစ်ဦးလုံး စကားဆွံ့အသွားကြလေသည်။

ဝမ်ရိုသည် သူတို့အား အကြာကြီး စောင့်ဆိုင်းစေခြင်းမရှိဘဲ မကြာမီပင် အမျိုးသားဝတ်စုံလဲလှယ်ကာ အခန်းထဲမှ ထွက်လာခဲ့၏။

သူမသည် လမင်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားကာ ဦးခေါင်းထက်တွင် စိမ်းပြာရောင် ကျောက်စိမ်းဆံထိုးကို ဆင်မြန်းထားသဖြင့် တကယ့်ကို ချောမောခန့်ညားသော သခင်လေးတစ်ဦးနှင့် တူလှပေသည်။

သို့သော် နှုတ်ခမ်းထက်တွင် ကပ်ထားသော နှုတ်ခမ်းမွေးအတုလေးနှစ်ခုကြောင့် အနည်းငယ် ရယ်စရာကောင်းနေချေသည်။

ထို့အပြင် ဝမ်ရို၏ ကိုယ်လုံးကိုယ်ပေါက်မှာ အရမ်းကောင်းမွန်လှသဖြင့် အမျိုးသားဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ရင်ဘတ်မှာ သိသိသာသာပင် ထွက်ပေါ်နေသေး၏။

ချူချင်းသည် သူမအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ရို၏ မျက်နှာထံသို့ အကြည့်ရွှေ့လိုက်လေသည်။

ထိုအခါ ဝမ်ရိုသည်လည်း သူ့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားစဉ် ဝမ်ရိုက မေးလိုက်သည်။

"တစ်ခုခု သိသာနေသေးလား..."

"တကယ်လို့ မတတ်နိုင်ရင်တော့ မင်းရဲ့ ရင်အုပ်ကြွက်သားတွေက အရမ်းထွားနေတာလို့ပဲ ပြောလိုက်ပေါ့..."

ချူချင်းက ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေကြားလိုက်၏။

ပျန်းချန်သည် ဆွံ့အမှင်တက်သွားတော့၏။ ဤသည်က မည်သို့သော စကားမျိုး‌လော။

ဂိုဏ်းတူညီမလေးနှင့် ချူချင်းတို့သည် နေ့တိုင်း ဤကဲ့သို့ စကားပြောကြသလော။

ဝမ်ရိုက ခေါင်းညိတ်လိုက်၏။

"ရတာပေါ့..."

ပျန်းချန်သည် ဆက်သည်းမခံနိုင်တော့ဟု ခံစားလိုက်ရသည်။

"တော်ပြီ တော်ပြီ... သွားကြစို့..."

သူတို့သုံးဦး လှေကားပေါ်မှ ဆင်းလာသောအခါ တည်းခိုခန်းတံခါးဝတွင် ဓားတစ်စင်းကို ကိုင်ဆောင်ကာ မတ်တတ်ရပ်နေသော လူတစ်ဦးကို တွေ့လိုက်ရ၏။ ညလေညင်းသည် သူ၏ဝတ်ရုံစများနှင့် ဆံပင်များကို တိုက်ခတ်နေသဖြင့် တကယ့်ကို ခန့်ညားထည်ဝါလှပေသည်။

ခြေသံများကို ကြားလိုက်ရသဖြင့် ထိုလူက လှည့်ကြည့်လိုက်ရာ မော့တူရှင်း ဖြစ်နေချေသည်။ သူသည် ဓားကို ရင်ခွင်ပိုက်ကာ ရပ်နေပြီး အေးစက်စွာ ပြောလိုက်၏။

"သွားကြစို့..."

ပြောပြီးသည်နှင့် သူသည် ရှေ့ဆုံးမှဦးဆောင်ကာ ထွက်ခွာသွားလေသည်။ သူ၏မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ မပြသော်လည်း သူ၏ အလျင်စလို ဖြစ်နေသည့်ပုံစံမှာ ပေါ်လွင်နေချေသည်။

ချူချင်းသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

'သူတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက အပြင်ပန်း တည်ငြိမ်ပြီး အတွင်းစိတ် ကလိကလိဖြစ်နေတဲ့ လူစားမျိုးပဲ...'

ချောင်ချိုးဖူနှင့် ချိန်းဆိုထားသောနေရာမှာ ထျန်းရှန်းမျှော်စင်၏ တံခါးဝဖြစ်သော်လည်း ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် သူတို့ ပိုင်ကောကို ဦးစွာမြင်လိုက်ရခြင်း ဖြစ်လေသည်။

၎င်းသည် ထျန်းရှန်းမျှော်စင်၏ တံခါးဝတွင် တံခါးစောင့်နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေပြီး ခွာများဖြင့် မြေကြီးကိုယက်ကာ တစ်ခါတစ်ရံ နှာမှုတ်သံများ ပြုလုပ်နေ၏။

၎င်း၏ဘေးတွင် မိန်းကလေးအချို့ ဝိုင်းရံနေကြပြီး တစ်ခါတစ်ရံ ၎င်းအား ပွတ်သပ်ပေးနေကြချေသည်။

ချောင်ချိုးဖူသည် လမ်းဘေးတွင် တစ်ဦးတည်း ရပ်နေပြီး ပျင်းရိငြီးငွေ့စွာဖြင့် ကြည့်နေလေသည်။

ချူချင်းတို့အဖွဲ့ ပေါ်လာသည်အထိ စောင့်ဆိုင်းပြီးနောက် သူသည် စိတ်အားတက်ကြွသွားပြီး ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် သူတို့အနီးသို့ လျှောက်လာကာ လက်အုပ်ချီ၍ ပြောလိုက်၏။

"အားလုံး ရောက်လာကြပြီပဲ..."

"ချောင်သိုင်းသမားကြီး..."

ပျန်းချန်သည်လည်း လက်အုပ်ချီကာ ချောင်ချိုးဖူအား နှုတ်ဆက်လိုက်၏။

"အကြာကြီး စောင့်ခိုင်းမိလိုက်ပြီ..."

"မပြောပါနဲ့... မပြောပါနဲ့..."

ချောင်ချိုးဖူက လက်ဝှေ့ယမ်းလိုက်ရာ ပျန်းချန်က စကားစလိုက်လေသည်။

"သွားကြစို့... သွားကြစို့... ငါတို့ အထဲဝင်ရအောင်..."

"ခဏလေး..."

ချောင်ချိုးဖူက အလျင်အမြန် တားဆီးလိုက်၏။

"ညီလေးပျန်း... ငါတို့ တကယ်ပဲ အထဲဝင်ကြမလို့လား... အမှန်အတိုင်းပြောရရင် ဒီနေ့ ငါအရမ်းမူးသွားလို့ ပြောမိတာပါ... အခု ပြန်စဉ်းစားကြည့်တော့ ငါတို့ ဒီလိုနေရာမျိုးကို ဇွတ်တိုးဝင်သွားတာက... မသင့်တော်ဘူး ထင်တယ်..."

ပျန်းချန်က ချောင်ချိုးဖူအား အံ့သြတကြီး ကြည့်လိုက်၏။

"အစ်ကိုချောင်က အိမ်ထောင်ကျပြီးပြီလား..."

"မကျသေးပါဘူး..."

ချောင်ချိုးဖူက အလျင်အမြန် ခေါင်းခါလိုက်လေသည်။

"ဒါဆို စေ့စပ်ထားတဲ့လူ ရှိလို့လား..."

"မရှိပါဘူး..."

"ဒါမှမဟုတ် စိတ်ဝင်စားနေတဲ့ မိန်းကလေး ရှိနေလို့လား..."

"လုံးဝ မရှိပါဘူး..."

ချောင်ချိုးဖူက ပြောလိုက်၏။

"ငါက လောကအနှံ့ ခြေဆန့်နေတဲ့သူပဲ... ဘယ်လိုလုပ် အဲဒီလိုတွယ်တာမှုတွေ ရှိမှာလဲ..."

"ဒါဆိုရင်လည်း... အိမ်ထောင်လည်းမရှိ... စေ့စပ်ထားတာလည်းမရှိ... စိတ်ဝင်စားတဲ့ မိန်းကလေးလည်းမရှိဘဲနဲ့..."

"ကျွန်တော်တို့ ဒီကိုလာတာ ဘာများ မသင့်တော်စရာ ရှိလို့လဲ..."

ပျန်းချန်သည် ဇဝေဇဝါဖြစ်သွားတော့၏။

ချူချင်းသည် ဤစကားများကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိ၏။ သူပြောပုံအရဆိုလျှင် သူကိုယ်တိုင် ဤနေရာသို့ လာရောက်ခြင်းမှာ အမှန်တကယ်ပင် မသင့်တော်သကဲ့သို့ ဖြစ်နေချေသည်။

သူသည် ဘေးသို့စောင်းငဲ့ကြည့်လိုက်ရာ ဝမ်ရိုသည် စာရွက်ပေါ်တွင် အသည်းအသန် စာရေးနေသည်ကို တွေ့လိုက်ရ၏။

သူ တစ်ခဏမျှ အံ့အားသင့်သွားရလေသည်။

All Chapters