အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) - အလှမယ် (၂)
"မင်း ဘာလုပ်နေတာလဲ..."
ဝမ်ရိုက စာရေးနေရင်း ခေါင်းပင်မဖော်ဘဲ ပြောလိုက်၏။
"ဂိုဏ်းတူအစ်ကိုလတ်ရဲ့ စကားတွေကို မှတ်ထားတာ... နောင်ကျရင် ဆရာ့ကို တွေ့တဲ့အခါ ဂိုဏ်းတူအစ်ကိုလတ်ရဲ့ စကားတွေက သင့်တော်ရဲ့လားဆိုတာကို ကြည့်ခိုင်းမလို့..."
ချူချင်းသည် သူ၏နောက်ကွယ်မှ အခြေအနေကို သတိမထားမိသေးသော ပျန်းချန်အားကြည့်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိ၏။ ချွေ့ပုနူ၏ စိတ်ရှည်သည်းခံနိုင်စွမ်းမှာ မည်မျှအထိ ရှိမည်ကို သူမခန့်မှန်းနိုင်တော့ပေ။
ထို့နောက် သူက လွှဲမေးလိုက်လေသည်။
"မင်းရဲ့ စုတ်တံနဲ့ စက္ကူတွေက ဘယ်ကရတာလဲ..."
"ကောက်ရတာ..."
ဝမ်ရို၏ အဖြေမှာ ယခင်အတိုင်းပင် တိုတုတ်ပြတ်သားလှပေသည်။
ချူချင်းသည် စိတ်ထဲမှ တိတ်တဆိတ် လက်မထောင်ပြလိုက်မိ၏။ ဤမိန်းကလေးသည် တကယ်ကို ငွေစုတတ်လှပေသည်။ ကောက်ရသမျှကို အသုံးပြုတတ်သဖြင့် သာမန်လူများနှင့် မတူချေ။
ချောင်ချိုးဖူသည် ပျန်းချန်၏ ဖျောင်းဖျမှုကို လျင်မြန်စွာပင် လက်ခံလိုက်သော်လည်း ရှေ့ဆုံးမှဦးဆောင်သွားသူမှာ မော့တူရှင်း ဖြစ်နေသေး၏။
သူသည် တစ်စုံတစ်ဦးက သူ့ထက်ဦးအောင် လုယူသွားမည်ကို စိုးရိမ်နေသကဲ့သို့ ရှေ့ဆုံးမှ အပြေးအလွှားသွားနေချေသည်။
သို့သော် တံခါးဝသို့ ရောက်ရှိသွားပြီး ခရီးဦးကြိုပြုနေကြသော မိန်းကလေးများကို မြင်လိုက်ရသောအခါ သူသည် ယခင်ကဲ့သို့ပင် အေးစက်တည်ငြိမ်သောပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး ထိုမိန်းကလေးများကို မျက်စိထဲပင် ထည့်မထားသကဲ့သို့ ပြုမူလိုက်လေသည်။
"သခင်လေးတို့... အထဲကိုကြွပါဦး..."
"အို... တကယ့်ကို ချောမောလှပတဲ့ သခင်လေးတွေပဲ..."
"ဓားတွေ လှံတွေလည်း ပါလာသေးတယ်... ကျွန်မတို့ကိုတော့ မသတ်ပါနဲ့နော်..."
သူတို့ တံခါးဝသို့ ဝင်လိုက်သည်နှင့် မိန်းကလေးများ၏ စူးရှသော အသံများမှာ နားထဲသို့ တိုးဝင်လာတော့၏။
ချူချင်းသည် သက်ပြင်းအသာချလိုက်ပြီး ဤနေရာသည် တကယ့်ကို ပြည့်တန်ဆာအိမ်ပီသလှသည်ဟု စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
လေထုထဲတွင် မွှေးပျံ့သောရနံ့များ ပျံ့လွင့်နေပြီး မိန်းကလေးများ၏ ဝတ်စုံများမှာ သပ်ရပ်လှပသော်လည်း ပါးလွှာလွန်းသဖြင့် ခန္ဓာကိုယ်အလှတရားများမှာ ရိပ်ဖမ်းသံဖမ်း ပေါ်လွင်နေချေသည်။
သူမြင်တွေ့သမျှ နေရာတိုင်းတွင် ပျိုပျိုမေများ၏ အလှတရားများမှာ စုံလင်လှသဖြင့် တကယ့်ကို မျက်စိပသာဒ ဖြစ်ရပေသည်။
သက်လတ်ပိုင်းအရွယ် အိမ်တော်ထိန်းအမျိုးသမီးကြီးတစ်ဦးက သူတို့အား လာရောက်ကြိုဆိုပြီး ဒုတိယထပ်သို့ ခေါ်ဆောင်သွားလေသည်။
ချူချင်းသည် ယနေ့ ထျန်းရှန်းမျှော်စင်အတွင်း၌ ဧည့်သည်များ အရမ်းများပြားနေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားရ၏။
နေ့ခင်းဘက်တွင် ရှင်တောက်အန်း၌ ဤမျှကြီးမားသော ကိစ္စရပ်ကြီး ဖြစ်ပွားခဲ့သော်လည်း ညဘက်တွင် ဤပြည့်တန်ဆာအိမ်က ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ခြင်းမှာ တကယ့်ကို ထူးဆန်းလှပေသည်။
ယခုကဲ့သို့ ဧည့်သည်များစည်ကားနေခြင်းကို ကြည့်လျှင် သူတို့သည် ရှင်တောက်မြို့၏ ဘေးအန္တရာယ်ကို စိုးစဉ်းမျှ စိတ်ထဲမထားကြသလော။
သို့သော် ထိုအမျိုးသမီးကြီးနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ချူချင်းသည် အခြေအနေကို နားလည်သွားတော့၏။
ပထမအချက်မှာ ယနေ့ည ထျန်းရှန်းမျှော်စင်၏ အသုံးစရိတ်အားလုံးကို တစ်ဝက်ဈေးဖြင့် လျှော့ပေးထားခြင်း ဖြစ်လေသည်။
၎င်းသည် တကယ့်ကို အကြီးအကျယ် ဈေးလျှော့ပေးထားသည့် အခြေအနေ ဖြစ်ချေသည်။
ဒုတိယအချက်မှာ ယနေ့ညတွင် ထျန်းရှန်းမျှော်စင်၏ ထိပ်တန်းအလှမယ် လင်ဖေးသည် ခင်ပွန်းရွေးချယ်မည် ဖြစ်လေသည်။
သို့သော် ခင်ပွန်းရွေးချယ်သည်ဟူသည်မှာ နားဝင်ချိုအောင် ပြောဆိုခြင်းသာ ဖြစ်၏။
အမှန်တကယ်တွင်မူ သူမအား ရောင်းချခြင်းသာ ဖြစ်ပြီး ဈေးအမြင့်ဆုံးပေးနိုင်သူက ရရှိမည် ဖြစ်ချေသည်။
ဤကိစ္စ၏ အဓိကအကြောင်းရင်းမှာ ရှင်တောက်အန်း၏ အခြေအနေမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီး နောင်အနာဂတ်ကို မခန့်မှန်းနိုင်တော့သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် ဤထိပ်တန်းအလှမယ်အား ရောင်းချကာ ငွေအမြောက်အမြား ရှာဖွေပြီးနောက် ပစ္စည်းများသိမ်းဆည်း၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြခြင်း ဖြစ်၏။
သို့မှသာ သိုင်းလောက၏ ရှုပ်ထွေးမှုများကြားထဲသို့ ညပ်ပါမသွားမည် ဖြစ်သည်။
ဒုတိယထပ်ရှိ သီးသန့်ခန်းများမှာ လက်ရန်းများအနီးတွင် တည်ရှိသဖြင့် မိတ်ဆွေများ စုဝေးကာ သောက်စားစကားပြောနိုင်သကဲ့သို့ ပထမထပ်ရှိ မိန်းကလေးများကိုလည်း လှမ်းမျှော်ကြည့်ရှုနိုင်ပြီး သဘောကျပါက တိုက်ရိုက်ခေါ်ယူနိုင်ချေသည်။
အကယ်၍ အမှန်တကယ်ပင် တစ်ခုခု ပြုလုပ်လိုပါက သီးသန့်အခန်းများသို့ သွားရောက်ရန် လိုအပ်ပေသည်။
တတိယထပ်နှင့် နောက်ဖေးခြံဝင်းထဲတွင် ဤအတွက် အခန်းအမြောက်အမြား ပြင်ဆင်ထားရှိလေသည်။
အပေါ်ထပ်မှ သာယာညုတုတု အသံများမှာလည်း သဲ့သဲ့မျှ ထွက်ပေါ်နေသဖြင့် သေချာနားထောင်မိပါက မျက်နှာပူစရာ ကောင်းလှပေသည်။
ပျန်းချန်သည် ထိုအမျိုးသမီးကြီးနှင့် စကားအနည်းငယ်ပြောဆိုကာ သေရည်နှင့် ဟင်းပွဲများကို မှာယူလိုက်၏။
သို့သော် မိန်းကလေးများကိုမူ ရှာခိုင်းခြင်း မရှိပေ။ သူသည် ဦးစွာကြည့်ကြည့်ပြီးမှ သဘောကျသော မိန်းကလေးရှိပါက ရွေးချယ်မည်ဟု ပြောကြားလိုက်လေသည်။
ထိုအမျိုးသမီးကြီးသည် နားလည်သဘောပေါက်သည့် မျက်နှာထားဖြင့် ဆုတ်ခွာသွားပြီး ခေတ္တမျှအကြာတွင် သေရည်နှင့် ဟင်းပွဲများ ရောက်ရှိလာတော့၏။
ချူချင်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ယနေ့ညတွင် သိုင်းလောကသား ဧည့်သည် အနည်းငယ်သာ ရှိပြီး အများစုမှာ ရှင်တောက်မြို့မှ ဒေသခံများနှင့် ဖြတ်သန်းသွားလာနေကြသော ကုန်သည်များ ဖြစ်သည်ကို တွေ့လိုက်ရ၏။
သူတို့သည် အောက်ထပ်တွင် စုဝေးနေကြပြီး ထိပ်တန်းအလှမယ်၏ ခင်ပွန်းရွေးချယ်ပွဲကို စောင့်ဆိုင်းနေကြချေသည်။
သူ သတိမထားမိသေးမီ အနီးအနားက လူတစ်ဦး၏ တိုးညင်းသော စကားသံကို ကြားလိုက်ရ၏။
"ဒီသတင်းက တကယ်ဟုတ်လို့လား..."
"တကယ်ပေါ့... လော့ချန်အိမ်တော်က ဒီတစ်ခေါက် ကိစ္စထဲမှာ ပါဝင်ပတ်သက်နေတာ... ကျစ်ချန်ရှင်းလော့ ဝမ်ဖူစန်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... ဒီတစ်ကြိမ်တော့ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး..."
ချူချင်းသည် နားကို အသာစွင့်လိုက်ပြီး မသိမသာပင် ထိုဘက်သို့ လှမ်းကြည့်လိုက်၏။
ထိုသူတို့မှာ သိုင်းလောကသားနှစ်ဦး ဖြစ်လေသည်။
သူတို့၏ဘေးတွင် မည်သည့်မိန်းကလေးမျှ မရှိဘဲ သေရည်သောက်ရင်း ပေါ့ပေါ့ပါးပါး စကားပြောနေကြချေသည်။
သူတို့၏ အသံမှာ မကျယ်လှသဖြင့် ဝမ်ရိုတို့အဖွဲ့မှာ ကြားရခြင်း မရှိပေ။
သို့သော် မင်ယွိကျမ်းစာကို နဝမမြောက်အဆင့်အထိ ကျင့်ကြံအောင်မြင်ထားသော ချူချင်းအားမူ ဖုံးကွယ်နိုင်ခြင်း မရှိချေ။
လော့ချန်အိမ်တော် တစ်ခုခု ဖြစ်ပျက်သွားခဲ့ပြီလော။
"ဟုတ်တယ်... အခုဆိုရင် သိုင်းပညာရှင်တွေ လော့ချန်အိမ်တော်မှာ စုဝေးနေကြပြီ..."
"ဒါပေမဲ့ ထိုက်ရိဂိုဏ်းကတော့ အခုထိ ဘယ်သူမှ ရောက်မလာသေးဘူး... တကယ်ကို ထူးဆန်းတယ်..."
"တစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်လိမ့်မယ်... ပုရိကောင်းကင်စာလိပ်နဲ့ ပတ်သက်နေတာမလို့ ထိုက်ရိဂိုဏ်းက အရင်ဆုံးလှုပ်ရှားလာမှာ သေချာတယ်..."
"တကယ်လို့ ထိုက်ရိဂိုဏ်းရဲ့ သိုင်းပညာရှင်တွေ လော့ချန်အိမ်တော်ကို ရောက်လာရင် ဘာတွေဖြစ်လာမလဲဆိုတာ မပြောနိုင်သေးဘူး..."
"ငါတို့လည်း ဒီရှင်တောက်မြို့မှာ တစ်ညပဲနားပြီး... ဒီနေရာက အန္တရာယ်များလွန်းလို့ မနက်ဖြန်မနက်ကျရင် အမြန်ဆုံး ထွက်သွားကြစို့..."
"ဒါနဲ့ပတ်သက်ပြီး ပြောရရင်... အဲဒီညဧကရာဇ်က တကယ်ကို သာမန်မဟုတ်ဘူး..."
"ငါ အစကတော့ သူက နာမည်ကြီးချင်လို့ လုပ်နေတာလို့ ထင်ခဲ့တာ... ဒါပေမဲ့ တကယ်ပဲ ဒီလောက်အထိ စွမ်းလိမ့်မယ်လို့ မထင်ထားမိဘူး..."
သူတို့၏ စကားသံများမှာ တဖြည်းဖြည်းနှင့် အခြားအကြောင်းအရာများသို့ ရောက်ရှိသွားတော့၏။
ချူချင်းသည် ဇဝေဇဝါဖြစ်သွားသော်လည်း စိတ်ထဲတွင် လှုပ်ခတ်သွားရလေသည်။
လော့ချန်အိမ်တော်၏ ကိစ္စရပ်များမှာ ပုရိကောင်းကင်စာလိပ်နှင့် မည်သို့ ပတ်သက်နေသနည်း။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုက်ရိဆရာသခင်ကြီးသည် ထိုက်ရိဂိုဏ်းကို တည်ထောင်ခဲ့ပြီး ပုရိကောင်းကင်စာလိပ် သုံးတွဲကို ချန်ထားရစ်ခဲ့ရာ ၎င်းမှာ ထိုက်ရိဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ပုရိကောင်းကင်စာလိပ် သုံးတွဲထဲမှ ‘’မြေကမ္ဘာစာလိပ်’မှာ ပျောက်ဆုံးသွားခဲ့သဖြင့် ထိုက်ရိဂိုဏ်းတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်ခဲ့ပြီး တပည့်အားလုံးမှာ ‘’လူသားစာလိပ်’ကိုသာ ကျင့်ကြံနိုင်ကြတော့၏။ ထို့ကြောင့် ယခင်ကဲ့သို့ အထွတ်အထိပ်သို့ မရောက်ရှိနိုင်တော့ဘဲ အင်အားနည်းပါးသွားခဲ့ရလေသည်။
ထို့ကြောင့် ဤမြေကမ္ဘာစာလိပ်သည် ထိုက်ရိဂိုဏ်းအတွက် မည်မျှအထိ အရေးကြီးကြောင်း ခန့်မှန်းနိုင်ပေသည်။
ဝမ်ယဲ့တောင်ကြားမှ ကူချန်ချိုးသည် သူတို့၏ လျှို့ဝှက်ကျင့်စဉ်အတွက် အရာအားလုံးကို စတေးခဲ့လေသည်။
ထိုက်ရိဂိုဏ်းသည်လည်း မြေကမ္ဘာစာလိပ်အတွက် မည်သည့်အရာကိုမဆို ပေးဆပ်ရန် အသင့်ရှိနေမည်မှာ သေချာလှပေသည်။
သို့သော် ဤကိစ္စသည် လော့ချန်အိမ်တော်နှင့် မည်သို့ ဆက်စပ်သွားရသနည်း။
ချူချင်းသည် ထိုလူနှစ်ဦး၏ ပုံပန်းသဏ္ဌာန်ကို မှတ်သားထားလိုက်ပြီး သင့်တော်သောအချိန်တွင် သူတို့ထံမှ စုံစမ်းရန် ဆုံးဖြတ်လိုက်၏။
သူ စဉ်းစားနေစဉ် မောင်းသံတစ်ချက် ထွက်ပေါ်လာလေသည်။
ချူချင်းက လှည့်မေးလိုက်၏။
"ဘာဖြစ်တာလဲ..."
"ထိပ်တန်းအလှမယ် လာပြီ..."
ဝမ်ရိုသည် မေးစေ့ကို လက်နှစ်ဖက်ဖြင့်ထောက်ကာ အောက်ထပ်ရှိ စင်မြင့်ထံသို့ ကြည့်ရင်း ပြောလိုက်၏။
"သူမက တကယ့်ကို အရမ်းလှတဲ့ မိန်းကလေး ဖြစ်ရမယ်..."
"ဘာလို့ အဲဒီလိုပြောတာလဲ..."
ထိပ်တန်းအလှမယ်တစ်ဦး လှပသည်မှာ သဘာဝကျသော်လည်း ဝမ်ရို၏ နှုတ်မှ ဤသို့ထွက်ပေါ်လာခြင်းမှာ အခြားအကြောင်းပြချက် ရှိလိမ့်မည်ဟု သူခံစားလိုက်ရ၏။
ဝမ်ရိုက သေချာစဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ဒီလောက် လူအများကြီးက သူမကို လိုချင်နေကြတာဆိုတော့ သူမက တကယ့်ကို အရမ်းလှလို့ ဖြစ်ရမယ်..."
"အဖေနဲ့အမေ... ပြီးတော့ ဆရာကပါ ပြောကြတယ်... နောင်ကျရင် ကျွန်မကို ဘယ်သူမှ လက်ထပ်ချင်မှာ မဟုတ်ဘူးတဲ့... အဲဒါကိုကြည့်ရင် ကျွန်မက အရမ်းရုပ်ဆိုးလို့ ဖြစ်ရမယ်..."
ချူချင်းသည် တစ်ခဏမျှ ဆွံ့အသွားပြီး သူမ လက်ထပ်ရန် ခက်ခဲရခြင်းမှာ ရုပ်ရည်နှင့် လုံးဝမသက်ဆိုင်ကြောင်း စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
သူစဉ်းစားနေစဉ် သာယာလှပသော ဂီတသံစဉ်များ ထွက်ပေါ်လာလေသည်။
ထိုအသံမှာ နားထဲသို့ စီးဝင်လာပြီး နတ်သက်ကြွေသကဲ့သို့ သာယာလှပေသည်။
ချူချင်းတို့အဖွဲ့မှာ ဂီတအနုပညာကို နားမလည်ကြသဖြင့် ဝမ်ရိုအား ဤစောင်းသံကို မေးမြန်းရန် ပြင်လိုက်သော်လည်း ချောင်ချိုးဖူသည် ငေးမောစွာ နားထောင်နေပြီး မျက်နှာထက်တွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်ကို တွေ့လိုက်ရ၏။
သူ၏မျက်နှာထက်တွင် အံ့အားသင့်မှု၊ ဝမ်းသာမှုနှင့် မယုံကြည်နိုင်မှုများ ရောပြွမ်းနေချေသည်။
သူသည် အလျင်အမြန်ပင် ခေါင်းကိုလှည့်ကာ ထိုအသံထွက်ပေါ်ရာနေရာကို ရှာဖွေလိုက်၏။
ထိုစဉ် အပေါ်ထပ်မှ နီရဲသော ပိုးဖဲကြိုးများမှာ အောက်သို့ ဖြာကျလာပြီး လေထဲတွင် လွင့်ပျံနေတော့၏။
အမျိုးသမီးတစ်ဦးသည် ထိုပိုးဖဲကြိုးကို ကိုင်ဆောင်ကာ အောက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာပြီး ရင်ခွင်ထဲတွင် ရှေးဟောင်းစောင်းတစ်လက်ကို ပွေ့ပိုက်ထားချေသည်။
သူမသည် ဝတ်ရုံကျယ်ကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ဆင်းလာကာ တကယ့်ကို လှပလွန်းလှပေသည်။ သို့သော် သူမ၏ မျက်ခုံးကြားတွင်မူ သောကရိပ်များ ယှက်သန်းနေသဖြင့် မြင်တွေ့ရသူတိုင်းအား စိတ်မကောင်းဖြစ်စေချေသည်။
သူမသည် စင်မြင့်ထက်တွင် မတ်တတ်ရပ်လိုက်ပြီးနောက် စောင်းကို စားပွဲပေါ်သို့ တင်လိုက်၏။
ထို့နောက် ရပ်တန့်သွားသော ဂီတသံစဉ်ကို ထပ်မံတီးခတ်လိုက်ပြန်လေသည်။
စောင်းသံမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့သော်လည်း ပျက်ပြယ်မသွားဘဲ ပိုမို၍ သာယာငြိမ့်ညောင်းလာကာ လူတို့အား စွဲမက်စေချေသည်။
ထို့နောက် စောင်းသံမှာ ပိုမိုကျယ်လောင်လာပြီး ရင်ထဲမှ ခံစားချက်များကို အားရပါးရ ဖွင့်ချလိုက်သကဲ့သို့ ဖြစ်နေတော့၏။
ချူချင်းသည် ဂီတကို နားမလည်သော်လည်း ဤစောင်းသံမှာ တကယ့်ကို ထူးခြားလှသည်ဟု ခံစားလိုက်ရ၏။
သို့သော် သူနားထောင်ကောင်းနေစဉ် စောင်းသံမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။
ဤသို့ ရုတ်တရက် ရပ်တန့်သွားခြင်းမှာ လူတို့အား စိတ်မသက်မသာ ဖြစ်စေချေသည်။
ချူချင်းသည် လင်ဖေးဟုခေါ်သော ထိပ်တန်းအလှမယ်ထံသို့ ကြည့်လိုက်ရာ သူမသည် သူတို့ရှိရာဘက်သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ဤသည်က မည်သူ့ကို ကြည့်နေခြင်းဖြစ်မည်နည်း။
ချူချင်းသည် ခေတ္တစဉ်းစားလိုက်ပြီးနောက် လင်ဖေး၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ နောက်ဆုံးတွင် ချောင်ချိုးဖူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားတော့၏။
စာရေးသူ၏ Note: ဝမ်ရို၏ဇာတိကို လော့ချန်အိမ်တော်ဟု ပြောင်းလဲသတ်မှတ်လိုက်ပါသည်။