အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅) - တတ်နိုင်သမျှ အင်အားလေးဖြင့် ကူညီခြင်း (၁)
သူတို့နှစ်ဦး၏ အပြန်အလှန်အကြည့်များမှာ ကြာရှည်စွာ မတည်တံ့လိုက်ဘဲ အိမ်တော်ထိန်းကြီး၏ အသံကြောင့် ပြတ်တောက်သွားလေသည်။
"ဒီညကို ရောက်လာကြတဲ့သူတွေအားလုံးကတော့ လင်ဖေးမိန်းကလေးအကြောင်းကို သိကြမှာပါ..."
"သူမက ကျွန်မတို့ ထျန်းရှန်းမျှော်စင်ကို ရောက်တာ မကြာသေးပေမဲ့လည်း အချိန်တိုလေးအတွင်းမှာတင် ထျန်းရှန်းမျှော်စင်ရဲ့ ထိပ်တန်းအလှမယ် ဖြစ်လာခဲ့တာပါ..."
"မိန်းကလေးက စောင်းတီးတာ၊ နယ်ကစားတာ၊ စာရေးတာ၊ ပန်းချီဆွဲတာအပြင် ကဗျာလင်္ကာတွေမှာလည်း ကျွမ်းကျင်ပြီးတော့ ခန္ဓာကိုယ်အချိုးအစားကလည်း ပြေပြစ်လှပသလို ကပြဖျော်ဖြေမှုကလည်း တကယ့်ကို အတုမရှိပါပဲ..."
"ထျန်းရှန်းမျှော်စင်ဆိုတာ ရေရှည်နေရမယ့်နေရာ မဟုတ်ပါဘူး... ဒီလောက်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို ဒီနေရာမှာပဲ အချိန်တွေ ဖြုန်းတီးပစ်စေဖို့ ကျွန်မလည်း စိတ်မကောင်းဖြစ်ရပါတယ်..."
"ဒါကြောင့်မို့လို့ သူမအတွက် ကောင်းမွန်တဲ့ အိမ်ထောင်ဖက်တစ်ယောက်ကို ရွေးချယ်ပေးချင်တာပါ..."
"စကားတွေ အရမ်းများမနေနဲ့..."
အိမ်တော်ထိန်းကြီး၏ တတွတ်တွတ် ပြောဆိုနေသော စကားများမှာ ဖြတ်တောက်ခြင်း ခံလိုက်ရပြီး ခန္ဓာကိုယ် ဝဖြိုးကာ တစ်ကိုယ်လုံး ရတနာများ ဆင်ယင်ထားသော လူတစ်ဦးက စားပွဲကိုရိုက်၍ မတ်တတ်ရပ်လိုက်သည်ကို မြင်လိုက်ရ၏။
"ငါ ငွေပြားတစ်ရာ ပေးတယ်..."
အိမ်တော်ထိန်းကြီး၏ မျက်နှာမှာ ညိုမှောင်သွားချေသည်။ ငွေပြားတစ်ရာတည်းနှင့် အလှမယ်ကို ဝယ်ယူချင်နေသည်လော။
‘အိပ်မက်ပဲ မက်နေလိုက်တော့။’
သို့သော်လည်း သူမက မလောပေ။ လေလံဆွဲသည်ဆိုသည်မှာ အနိမ့်ဆုံးစျေးမှ စတင်ရမည်ဖြစ်ပြီး အကယ်၍ တစ်စုံတစ်ယောက်က သူမအတွက် ငွေပြားတစ်ထောင်အထိ ပေးချင်ပါက ဤအရောင်းအဝယ်မှာ အမြတ်အစွန်း အမြောက်အမြား ရရှိမည် ဖြစ်ပေသည်။
"ပိုက်ဆံလည်း မရှိဘဲနဲ့ သူများလို လာပြီး အပျော်ရှာချင်နေသေးတယ်..."
မျှော်လင့်ထားသည့်အတိုင်းပင် တစ်စုံတစ်ယောက်က ချက်ချင်းပင် သရော်လိုက်ပြီး လက်မြှောက်ကာ ပြောလိုက်လေသည်။
"ငွေပြားငါးရာ..."
အိမ်တော်ထိန်းကြီး၏ မျက်လုံးများမှာ တောက်ပသွားပြီး ဤသည်မှသာ စိတ်ရင်းအမှန်ရှိသူ ဖြစ်ပေသည်။
သူမက ချက်ချင်းပင် ပြုံးရွှင်စွာ ပြောလိုက်၏။
"အို... ဒီသခင်လေးကတော့လေ... သခင်လေးရဲ့ ပုံစံကို ကြည့်ပြီး ကျွန်မတောင်မှ ရင်ခုန်သွားရပါတယ်..."
ထိုလူမှာ အလွန်ပင် ရွံရှာသွားပြီး မျက်လုံးကို အပေါ်သို့ ပင့်ကြည့်ကာ ပြောလိုက်လေသည်။
"မင်းကသာ ငါ့နောက်လိုက်ချင်တယ်ဆိုရင်တော့ မင်းက ငါ့ကို ငွေပြားငါးရာ ပြန်ပေးရမယ်..."
ဤစကားထွက်လာသည်နှင့် တစ်အိမ်တော်လုံး ရယ်မောသံများဖြင့် ဆူညံသွားချေသည်။
လင်ဖေးမှာ စင်မြင့်ထက်တွင် ငြိမ်သက်စွာ ထိုင်နေပြီး သူမ၏ မျက်ဝန်းများမှာ ဟာလာဟင်းလင်း ဖြစ်နေသော်လည်း ချောင်ချိုးဖူကို ရံဖန်ရံခါ လှမ်းကြည့်လိုက်သည့် အချိန်တွင်မှသာ ထိုအသက်မဲ့နေသော မျက်ဝန်းများထဲ၌ အရောင်အဝါတစ်ချို့ ဖြတ်သန်းသွားတတ်ပေသည်။
ချူချင်းက ထိုလူနှစ်ဦးကို စဉ်းစားစရာတစ်ခုခု ရှိနေသည့်အလား တစ်ချက်ကြည့်လိုက်၏။
ယခင်က အပြန်အလှန် ကြည့်လိုက်သော အကြည့်ကို မြင်ကတည်းကပင် ထိုနှစ်ဦးကြားတွင် တစ်ခုခုရှိနေသည်ကို သူသိရှိလိုက်ပြီး ယခုကြည့်ရသည်မှာ ချောင်ချိုးဖူ၏ အတိတ်က အချစ်ကြွေးများ ဖြစ်နေပေလိမ့်မည်လော။
သူ့လက်ကို ထပ်မံကြည့်လိုက်သောအခါ သေရည်ခွက်ကို လက်ဖဝါးထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။
သူက ခပ်ဖွဖွ တစ်ချက်ချောင်းဆိုးလိုက်သည်။
"သူများပစ္စည်းကို ဖျက်ဆီးမိရင်တော့ လျော်ရလိမ့်မယ်..."
ချောင်ချိုးဖူကမူ ဤစကားကို မကြားချင်ယောင်ဆောင်နေလေသည်။
ပျန်းချန်မှာ မူလက ဘေးမှနေ၍ ပွဲကြည့်နေခြင်း ဖြစ်သော်လည်း ချူချင်း၏စကားကြောင့် အနည်းငယ် နားမလည်နိုင်ဖြစ်သွားရ၏။
ချူချင်းက ချောင်ချိုးဖူဘက်သို့ မေးငေါ့ပြလိုက်မှသာ ပျန်းချန်လည်း သဘောပေါက်သွားချေသည်။
သူက ချက်ချင်းပင် မျက်လုံးကစားလိုက်ပြီး လက်ကိုမြှောက်ကာ အော်လိုက်လေသည်။
"ငွေပြားရှစ်ရာ..."
ချောင်ချိုးဖူက ပျန်းချန်ကို ရုတ်တရက်လှည့်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် အံ့အားသင့်မှုနှင့် ဒေါသများ ပြည့်နှက်နေ၏။
ပျန်းချန်က ပြုံးစိစိနှင့် ပြောလိုက်သည်။
"ချောင်သိုင်းသမားကြီးသာ စိတ်ဝင်စားတယ်ဆိုရင်တော့ စောစောစီးစီး စျေးခေါ်ထားသင့်တယ်နော်... ဒီမိန်းကလေးက အရမ်းလှတာ... နောက်ကျသွားရင်တော့ တခြားလူရဲ့ ရင်ခွင်ထဲကို ရောက်သွားလိမ့်မယ်..."
"ကျွန်တော်..."
ချောင်ချိုးဖူ၏ မျက်နှာမှာ ခက်ခဲအောင့်အီးနေဟန်ဖြင့် ပြောလိုက်၏။
"ကျွန်တော့်မှာ... ပိုက်ဆံမရှိဘူး..."
ဤစကားမှာ အချို့သောအရာများကို ဝန်ခံလိုက်ခြင်းပင် ဖြစ်ပေသည်။
အောက်ထပ်ရှိ လူများမှာမူ ဤကဲ့သို့ စျေးပြိုင်ခေါ်နေမှုကြောင့် အနည်းငယ် ဒေါသထွက်သွားပြီး ချူချင်းတို့အဖွဲ့ကို မော့ကြည့်လိုက်သော်လည်း ချက်ချင်းပင် လည်ပင်းကို ပြန်ကျုံ့လိုက်ကြ၏။
သိုင်းလောကထဲတွင် နှစ်ရှည်လများ ကျင်လည်ခဲ့သူများ ဖြစ်သဖြင့် အပေါ်ထပ်ရှိ လူများမှာ အလွယ်တကူ ရန်မစသင့်သောသူများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိရှိလိုက်ကြပေသည်။
ဒေါသများကို မြိုသိပ်လိုက်ရပြီး ပြောလိုက်ရချေသည်။
"ငွေပြားတစ်ထောင်..."
ဤအရာမှာ တကယ့်ကို စွန့်စားရာရောက်ပေသည်။ အကယ်၍ သိုင်းလောကသားများကို ဒေါသထွက်အောင် လုပ်မိပါက ဤငွေပြားတစ်ထောင်ကို သုံးစွဲနိုင်ဦးမည် ဖြစ်သော်လည်း ဝယ်ယူလာသော မိန်းကလေးကိုမူ ခံစားခွင့်ရရှိတော့မည် မဟုတ်ပေ။
ယခုအချိန်တွင် သိက္ခာတစ်ခုကြောင့်သာ ဤမျှလွယ်လွယ်နှင့် လက်မလျှော့လိုခြင်း ဖြစ်ပေသည်။
ချောင်ချိုးဖူ၏ နဖူးပေါ်တွင် ချွေးစေးများပင် ထွက်လာချေပြီ။
ချူချင်းက ကြည့်ရင်းနှင့် အံ့သြမိလေသည်။ ထိုနေ့က ချင်းရှီးရွာအတွင်း၌ ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသော ဓားရုပ်သေးများကို ရင်ဆိုင်ရစဉ်ကပင် ချောင်ချိုးဖူမှာ ဤကဲ့သို့သောပုံစံမျိုး မဖြစ်ခဲ့ဖူးချေ။
တကယ်ပင် သူရဲကောင်းများမှာ အလှအပတံတိုင်းကို မကျော်ဖြတ်နိုင်ကြခြင်းလော။
သူတွေးတောနေစဉ် ဘေးဘက်မှ ခြေသံများထွက်ပေါ်လာပြီး အစေခံတစ်ဦးက ဟင်းပွဲတစ်ပွဲကို သယ်ဆောင်ကာ လာနေသည်ကို ကြားလိုက်ရ၏။
"ဧည့်သည်တော်တို့... ဟင်းပွဲတွေ ရပါပြီ..."
ချူချင်းက ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။
သူက အကြောင်းပြချက်မျှမရှိဘဲ လက်ဝါးကို ပြောင်းပြန်လှန်ကာ ထိုလူ၏ ရင်ဘတ်ကို ရိုက်ချလိုက်၏။
ဝုန်းခနဲအသံတစ်သံ ထွက်ပေါ်လာသည်။
ထိုလူမှာ ညည်းတွားသံပင် မပြုနိုင်ဘဲ နောက်သို့ လွင့်စင်သွားချေသည်။
လင်ပန်းအောက်တွင် ဝှက်ထားသောလက်မှာ လွင့်စင်သွားသည့်တိုင်အောင် ဓားမြှောင်တစ်စင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။
သူ၏ ခန္ဓာကိုယ်မှာ ပထမထပ်သို့ ပြုတ်ကျသွားပြီး ဤမြင်ကွင်းကြောင့် တစ်အိမ်တော်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
"လူသတ်သမား ရှိတယ်..."
မည်သူက အော်ဟစ်လိုက်သည်မသိဘဲ ထျန်းရှန်းမျှော်စင်တစ်ခုလုံး ချက်ချင်းပင် ပရမ်းပတာဖြစ်သွားချေသည်။
ချူချင်းက မျက်မှောင်ကြုတ်လိုက်ပြီး နားထဲတွင် လေခွင်းသံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
သူ့ဘေးမှ လူရိပ်တစ်ခု လျှပ်ခနဲလှုပ်ရှားသွားပြီး လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးထုတ်လိုက်လေသည်။
ထိုက်ရိနတ်လက်သီး။
တိုက်ခိုက်လိုက်သူမှာ ပျန်းချန်ဖြစ်ပေသည်။
ယနေ့ ရှင်တောက်အန်းအတွင်း ဖြစ်ပွားခဲ့သော ပရမ်းပတာအခြေအနေတွင် ပျန်းချန်မှာ အစမှအဆုံးအထိ ဘေးမှသာ ကြည့်နေခဲ့ပြီး အဓိကအားဖြင့် ဝမ်ရိုနှင့် မော့တူရှင်းတို့ကို ကာကွယ်ပေးနေခဲ့ကာ တိုက်ခိုက်မှု အနည်းငယ်သာ ပြုလုပ်ခဲ့ပေသည်။
နောက်ဆုံးလက်သီးတစ်ချက်ကို ဖေးဝူကျိအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ထိုစဉ်က သူသည် အလွန်အလှမ်းဝေးကွာနေပြီး မိစ္ဆာဓား၏ လွှမ်းမိုးမှုကို ခံထားရသဖြင့် မိမိ၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
ယခုမူ ဤလက်သီးချက် စတင်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးကို စုပ်ယူသွားသည့်အလား ဖြစ်ပေါ်စေပြီး လက်သီးအရှိန်အဟုန် ထွက်ပေါ်လာသည်နှင့် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်စွာ တိုက်ခတ်သွားလေသည်။
ပတ်ဝန်းကျင်မှ လျှို့ဝှက်လက်နက်များမှာ အနီးသို့ မကပ်နိုင်သေးခင်မှာပင် လွင့်စင်သွားချေပြီ။
ပြတင်းပေါက်များ၊ စင်္ကြံများနှင့် လှေကားများ စသည့် နေရာအသီးသီးမှ အနက်ရောင် ဝတ်ဆင်ထားသော လူရိပ်များ ပေါ်ထွက်လာပြီး မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ချူချင်းတို့အဖွဲ့ထံသို့ သတ်ဖြတ်ရန် ဦးတည်လာကြ၏။
"ဘယ်သူတွေလဲ..."
ပျန်းချန်က ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် ချူချင်းကို လှည့်ကြည့်လိုက်သည်။
"မင်းကို လာရှာတာလား..."
ချူချင်းက ဝမ်ရိုကို တစ်ချက်ကြည့်လိုက်သည်။
"ဖြစ်နိုင်တာပဲ..."
စကားဆုံးသည်နှင့် ဓားတစ်စင်းမှာ အနီးသို့ရောက်ရှိလာပြီး သူက ညာလက်သီးဆုပ်ကာ ထိုးထုတ်လိုက်လေသည်။
လက်သီးအရှိန်အဟုန်နှင့်အတူ အေးစိမ့်လှသော အတွင်းအားများ ထွက်ပေါ်လာပြီး ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်စိတမှိတ်အတွင်း ရေခဲများဖုံးလွှမ်းသွားကာ နောက်သို့လွင့်စင်သွားပြီး ဘေးမှ အနက်ရောင်ဝတ်ဆင်ထားသူ အချို့ကိုပါ တိုက်မိသွားချေသည်။
ထိုလူများမှာလည်း ဤအေးစိမ့်သော အငွေ့အသက်များ၏ တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် တစ်ခဏမျှ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ထိုအချိန်မှာပင် ခေါင်းပေါ်မှ ဝုန်းခနဲအသံတစ်သံ ကြားလိုက်ရပြီး အနက်ရောင်ဝတ်ဆင်ထားသူတစ်ဦးက အပေါ်မှပြုတ်ကျလာ၏။
သူက လက်ဝါးတစ်ချက်ကို ဆန့်ထုတ်ကာ ဝမ်ရိုထံသို့ တိုက်ရိုက်ဦးတည်လိုက်လေသည်။
ဝမ်ရိုမှာမူ ဤအရာကို မြင်သော်လည်း ထိတ်လန့်ခြင်းမရှိဘဲ လက်ညှိုးကို အပေါ်သို့ညွှန်လိုက်၏။
လက်ချောင်းထိပ်နှင့် ထိုလက်ဝါးတို့ ထိတွေ့မိသွားပြီး စုတ်ခနဲအသံနှင့်အတူ ထိုလက်ဝါးပေါ်တွင် သွေးစက်များ ပန်းထွက်လာကာ ဝမ်ရို၏ လက်ညှိုးအားလှိုင်းဖြင့် ဖောက်ထွက်ခြင်း ခံလိုက်ရပေသည်။
ထို့နောက် ဝမ်ရိုက လက်ကိုဆန့်ထုတ်ကာ ထိုလူ၏ လက်ကောက်ဝတ်ရှိ နေကွမ်းနှင့် ဝိုက်ချိုး စသည့် သွေးကြောဆုံမှတ်များကို ပိတ်ဆို့လိုက်ပြီး အားလှိုင်းကို ထိုးသွင်းလိုက်ရာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။
ထိုအနက်ရောင်ဝတ်ဆင်ထားသူမှာ ရုန်းကန်ရန် ကြိုးစားပြီး အတွင်းအားဖြင့် ခုခံရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း အတွင်းအားကို မလည်ပတ်နိုင်သေးခင်မှာပင် တစ်ကိုယ်လုံး မူးဝေသွားပြီး ဝမ်ရို၏ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ခြင်းကို ခံလိုက်ရကာ အလွန်အမင်း နာကျင်နေရချေသည်။
သို့သော်လည်း ယခုတစ်ကြိမ် ပေါ်လာသော လူသတ်သမားများမှာ ထင်မှတ်ထားသည်ထက် ပိုမိုများပြားလှပေသည်။
မော့တူရှင်းမှာ ဓားကိုကိုင်ဆောင်ကာ မတ်တတ်ရပ်နေပြီး စင်္ကြံလမ်းအဆုံးမှ ပြေးဝင်လာသော အနက်ရောင်ဝတ်ဆင်ထားသူများကို မော့ကြည့်လိုက်ကာ မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး လက်တစ်ဖဝါးဖြင့် ဓားရိုးကိုဆုပ်ကိုင်ကာ တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော်လည်း ပျန်းချန်က နောက်သို့ ဆွဲယူလိုက်ပြီး ပြောလိုက်လေသည်။
"ဂိုဏ်းတူအစ်ကိုကြီး... လျှောက်မလုပ်နဲ့ဦး..."
စကားပြောနေစဉ်အတွင်း သူက လက်ဝါးနှစ်ဖက်ကို အလျားလိုက် ဆန့်ထုတ်ကာ ရှေ့သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်၏။
ထိုလူများမှာ လျင်မြန်စွာ ရောက်ရှိလာသော်လည်း လျင်မြန်စွာပင် ပြန်လွင့်စင်သွားပြီး မျက်စိတမှိတ်အတွင်း စင်္ကြံလမ်းအဆုံးသို့ ပြန်လည် ရောက်ရှိသွားကြချေသည်။