← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) - တတ်နိုင်သမျှ အင်အားလေးဖြင့် ကူညီခြင်း (၂)

သူက ချူချင်းကို လှည့်ကြည့်လိုက်သည်။

"သခင်လေးသုံး... အရင်ဆုံး ဖောက်ထွက်ကြမလား..."

ဤအနက်ရောင်ဝတ်ဆင်ထားသူများမှာ သိသာထင်ရှားစွာပင် ရည်ရွယ်ချက်ရှိရှိ ရောက်ရှိလာခြင်း ဖြစ်သဖြင့် ဤနေရာတွင် ဆက်လက်နေထိုင်ရန် မသင့်တော်ပေ။

ချူချင်းက မျက်လုံးများကို ကျဉ်းမြောင်းကာ ချောင်ချိုးဖူကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူမှာ ယခင်က ဤနေရာတွင် ရှိနေစဉ် အနက်ရောင်ဝတ်ဆင်ထားသူအချို့ကို ကူညီတိုက်ခိုက်ပေးချင်နေဟန် ရှိပေသည်။

သို့သော် သူလည်း အောက်ထပ်ရှိ အနက်ရောင်ဝတ်ဆင်ထားသူများက ပြည့်တန်ဆာအိမ်မှ မိန်းကလေးများကို လမ်းပိတ်သတ်ဖြတ်နေသည်ကို မြင်လိုက်ရသောအခါ သူသည် အနည်းငယ် ထိတ်လန့်သွားရ၏။

ထိပ်တန်းအလှမယ် လင်ဖေးမှာလည်း ထိုအနက်ရောင်ဝတ်ဆင်ထားသူ၏ ဓားအောက်တွင် အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ သူသည် လုံးဝအငြိမ်မနေနိုင်တော့ပေ။

သူက အောက်သို့ခုန်ချလိုက်ပြီး လက်ဝါးတစ်ချက်ဖြင့် ထိုအနက်ရောင်ဝတ်ဆင်ထားသူကို လွင့်စင်သွားစေလိုက်၏။

ထို့နောက် သူက လက်ချောင်းကိုသုံး၍ လေချွန်သံ ပြင်းပြင်းတစ်ချက်မှုတ်လိုက်ရာ တံခါးပြင်ပမှ မြင်းခွာသံများ ရုတ်တရက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရပေသည်။

မျက်စိတမှိတ်အတွင်း မြင်းဖြူတစ်ကောင်မှာ သူ့ရှေ့သို့ ရောက်ရှိလာပြီး အနီးကပ်လာရန် ကြိုးစားနေသော အနက်ရောင်ဝတ်ဆင်ထားသူနှစ်ဦးကို ကန်ထုတ်ပစ်လိုက်၏။

ချောင်ချိုးဖူက လင်ဖေးကို လက်နှစ်ဖက်ဖြင့်ပွေ့ချီကာ မြင်းပေါ်သို့ တင်ပေးလိုက်ပြီး မြင်းတင်ပါးကို ပုတ်လိုက်လေသည်။

"သွားတော့..."

ပိုင်ကောက ချောင်ချိုးဖူကို ဒေါသတကြီး တစ်ချက်စောင်းကြည့်လိုက်၏။

မြင်း၏ မျက်နှာပေါ်တွင် 'သွားဆိုလည်း သွားမှာပေါ့... ငါ့ကို ဘာလို့ ရိုက်တာလဲ...' ဟု ရေးထားသည့်အလား ထင်ရှားနေပေသည်။

ထို့နောက်မှသာ ကျောပေါ်ရှိလူ ပြုတ်ကျသွားမည်ကို စိုးရိမ်သည့်အလား ခပ်ဖွဖွလေး ပြေးထွက်ကာ ထျန်းရှန်းမျှော်စင်ပြင်ပသို့ ဂရုတစိုက် ထွက်ခွာသွားလေသည်။

ယခုအချိန်တွင် အိမ်တော်ထိန်းကြီးမှာ လင်ဖေး၏ တန်ဖိုးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စားပွဲအောက်တွင် တစ်ကိုယ်လုံး တုန်ရီစွာ ပုန်းအောင်းနေရပြီး သူမ၏ ရွှေအိုးလေးကို မည်သူက ခေါ်ဆောင်သွားသည်ကိုပင် မမြင်လိုက်ရပေ။

ချောင်ချိုးဖူမှာ ဤအရာကို လုပ်ဆောင်ပြီးနောက် အလွန်ပင် ကျေနပ်အားရသွားဟန် ရှိပေသည်။

သူက ဒုတိယထပ်သို့ ခုန်တက်လာပြီး ချူချင်းတို့အဖွဲ့ထဲသို့ ပြန်လည်ပူးပေါင်းလိုက်၏။

ဤအရာများအားလုံးမှာ ပြောရလျှင် ရှည်လျားလှသော်လည်း အမှန်တကယ်တွင်မူ တစ်ခဏမျှသာ ကြာမြင့်ခဲ့ပေသည်။

ချောင်ချိုးဖူ ပြန်ရောက်လာသည်နှင့် ချူချင်းက ပျန်းချန်ကို ပြန်ပြောလိုက်လေသည်။

"သွားစို့... ဖောက်ထွက်ကြမယ်..."

သူတို့က ဖောက်ထွက်ရန် ကြိုးစားလိုက်သောအခါ ဤအနက်ရောင်ဝတ်ဆင်ထားသူများမှာ လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။

အနက်ရောင်ဝတ်ဆင်ထားသူများမှာ လူအင်အားကို သုံး၍ ရည်ရွယ်ချက်ကို အတင်းအကျပ် အကောင်အထည်ဖော်ရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ ချူချင်း၏ ဓားတွင် ကရုဏာတရားမရှိပေ။ သူတို့၏ လူအင်အားမှာ ယခုထက် နှစ်ဆပိုများလျှင်ပင် ယနေ့တွင် အကျိုးအမြတ်ရရှိရန် မဖြစ်နိုင်ပေ။

တစ်ခဏမျှကြာပြီးနောက် လူစုမှာ ထျန်းရှန်းမျှော်စင်၏ အမိုးပေါ်သို့ ပျံသန်းရောက်ရှိသွားကြလေသည်။

ထိုအနက်ရောင်ဝတ်ဆင်ထားသူများမှာလည်း မတတ်နိုင်တော့ကြောင်း သိရှိသွားသဖြင့် တိုက်ရိုက်ပင် လူစုခွဲကာ ထွက်ခွာသွားကြ၏။

ချူချင်းတို့အဖွဲ့က လိုက်လံတိုက်ခိုက်ရမည်လောဟု မဆုံးဖြတ်ရသေးခင်မှာပင် ပြင်းထန်လှသော သတ်ဖြတ်သံများမှာ နားထဲသို့ တိုးဝင်လာချေပြီ။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သောအခါမှသာ ယနေ့ညတွင် ရှင်တောက်မြို့တစ်ခုလုံး ပရမ်းပတာဖြစ်နေသည်ကို လူတိုင်း သတိပြုမိလိုက်ကြ၏။

အဆိုးရွားဆုံးနေရာမှာ ရှင်တောက်အန်း တည်ရှိရာအရပ် ဖြစ်ပေသည်။

ထိုနေရာတွင် သတ်ဖြတ်သံများသာမက ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကိုပါ မြင်တွေ့နေရချေသည်။

ရှင်တောက်မြို့ထဲသို့ ကျူးကျော်ဝင်ရောက်လာသော အင်အားစုများမှာ အလွန်များပြားလှပြီး ထိန်းထောင်းဂေဟာ၊ ဖေးယွန်းတောင်ကြားနှင့် ရိချီမဟာမိတ်အဖွဲ့ စသည့် အစွမ်းထက်သော ဂိုဏ်းကြီးများအပြင် စစ်ဟိုင်ဂိုဏ်းကဲ့သို့သော ဂိုဏ်းငယ်လေးများလည်း ပါဝင်ပေသည်။

နှစ်ပေါင်းများစွာတိုင်အောင် ရှင်တောက်အန်းမှာ သိုင်းလောကတွင် အခိုင်အမာ ရပ်တည်ခဲ့ပေသည်။

ထိုနယ်မြေများနှင့် အင်အားစုများကို သိမ်းပိုက်နိုင်ခြင်း မရှိလျှင်ပင် ရှာဖွေစုဆောင်းထားသော ရွှေငွေရတနာများနှင့် ပိုင်ဆိုင်မှုများမှာ လူများကို မနာလိုဖြစ်စေရန် လုံလောက်လှပေသည်။

နေ့ဘက်တွင် 'ကျိုရွှမ်နတ်သိုင်း' ကြောင့် လူတစ်စု ထွက်ခွာသွားခဲ့သော်လည်း ကျန်ရှိနေသူများမှာမူ ညဘက်တွင် လူသတ်မီးရှို့မှုများကို စတင်လုပ်ဆောင်နေကြချေပြီ။

ချူချင်းက တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်စဉ် လမ်းကြားလေးတစ်ခုထဲ၌ အဘိုးအိုတစ်ဦးက ကလေးတစ်ယောက်ကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ကာ ယိုင်တိုင်တိုင်ပြေးလွှားနေသည်ကို မြင်လိုက်ရပြီး ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ရသည်မှာ အိမ်ထဲမှ ‌အလောတကြီး ထွက်ပြေးလာခြင်း ဖြစ်ပုံရပေသည်။

သူ့နောက်တွင်မူ ခေါင်းတွင် အနက်ရောင်ပုဝါ စည်းထားသော သိုင်းသမားတစ်ဦးက လက်ထဲတွင် သွေးစွန်းနေသော ဓားတစ်စင်းကို ကိုင်ဆောင်ကာ လိုက်လံသတ်ဖြတ်နေ၏။

ထိုလူ၏ နောက်ကွယ်တွင်မူ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသော အမျိုးသားတစ်ဦးက ရှေ့သို့ ရုန်းကန်လှုပ်ရှားနေပြီး လက်လှမ်းဆွဲရန် ကြိုးစားနေသော်လည်း ဒဏ်ရာပြင်းထန်လွန်းသဖြင့် ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွားချေသည်။

ထိုအဘိုးအိုမှာ အသက်ကြီးလှပြီဖြစ်သဖြင့် မျက်စိလည်း သိပ်မကောင်းသဖြင့် ကျောက်ခဲတစ်လုံးကို မတော်တဆနင်းမိကာ မြေပြင်ပေါ်သို့ လဲကျသွားရပြန်၏။

သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ မြေပြင်ပေါ်သို့ မကျခင် ကလေးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ကာကွယ်ထားရန်သာ ဖြစ်ပေသည်။

မျက်လုံးကို ပြန်လည်ဖွင့်လိုက်သောအခါ ထိုဓားမှာ ဦးခေါင်းထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို မြင်လိုက်ရ၏။

ဖြန်းခနဲအသံတစ်သံ ထွက်ပေါ်လာသည်။

အရည်နွေးနွေးများ မျက်နှာပေါ်သို့ စင်ဟပ်သွားပြီး ထိုအဘိုးအိုမှာ သေအံ့ဆဲဆဲတွင် ပိတ်ထားရန် ပြင်လိုက်သော မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သောအခါ ယခင်က ဓားကို ကိုင်ဆောင်ကာ သတ်ဖြတ်ရန် ပြင်နေသော သိုင်းသမား၏ ဦးခေါင်းမှာ ပြတ်တောက်သွားပြီ ဖြစ်သည်ကို မြင်လိုက်ရပေသည်။

အပြာရောင်ဝတ်ဓားသမားမှာ သူ့ကို ကျောခိုင်း၍ မတ်တတ်ရပ်နေပြီး ဓားကို မြေပြင်သို့စောင်း၍ ညွှန်ထားကာ သွေးစက်များမှာ ဖြည်းညင်းစွာ စီးကျနေဆဲပင်။

အဘိုးအိုမှာ နာကျင်မှုကို အောင့်အီးကာ ဒူးထောက်လိုက်လေသည်။

"သိုင်းသမားကြီးကို တောင်းပန်ပါတယ်... ကျွန်တော့်ရဲ့ မြေးလေးကို ကယ်တင်ပေးပါဦး..."

ချူချင်းက ဓားကို ဆုပ်ကိုင်ထားပြီး နားထဲတွင် အော်ဟစ်သံများ၊ အော်ညည်းသံများ၊ ရယ်မောသံများနှင့် ဒေါသတကြီး အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် သူ၏ လက်များမှာ အနည်းငယ်တုန်ရီနေသည်ကို ခံစားလိုက်ရ၏။

သူ၏ မှတ်ဉာဏ်များ၊ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရမှုများနှင့် နယ်ပယ်အသီးသီးမှ သိရှိခဲ့ရသော ဤကမ္ဘာ၏ သမိုင်းကြောင်းများအရ သူရောက်ရှိနေသော ဤကမ္ဘာမှာ သိုင်းလောက၏ ကမောက်ကမဖြစ်နေသော ခေတ်ပျက်ကြီးဖြစ်ကြောင်း သူ့ကို ပြောပြနေပေသည်။

သို့သော်လည်း ဤခေတ်ပျက်ကြီး၏ အခြေအနေမှာ သူ့ရှေ့တွင် ယခုကဲ့သို့ ထင်ထင်ရှားရှား မပေါ်ထွက်ဖူးခဲ့ချေ။

ထိုနယ်မြို့လေးကို ဖြတ်သန်းစဉ်က ဝမ်းနည်းဖွယ်ရာများကို မြင်တွေ့ခဲ့ရပြီး မြို့ခံလူထုမှာ ဓားပြများကို မည်သို့မျှ မတတ်နိုင်ဘဲ ခေါင်းငုံ့ခံနေရသည်ကို မြင်တွေ့ခဲ့ရသော်လည်း ယခုမြင်ကွင်းလောက် တိုက်ရိုက်မမြင်ခဲ့ဖူးပေ။

“သခင်လေးသုံး..."

ပျန်းချန်၏ အသံမှာ နားထဲတွင် ထွက်ပေါ်လာ၏။

"ရှင်တောက်မြို့ကတော့ တကယ့်ကို အန္တရာယ်များတဲ့နေရာ ဖြစ်နေပြီ..."

ချူချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ဒီလူသတ်သမားတွေက ဝမ်ရိုကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်... မင်းတို့ သူမကို အရင်ဆုံး ခေါ်သွားလိုက်ပါ..."

"ဒါဆို မင်းကရော..."

ပျန်းချန်က မေးလိုက်၏။

"အချို့အရာတွေကို မတွေ့ကြုံခဲ့ရဘူးဆိုရင်တော့ ထားလိုက်ပါတော့..."

ချူချင်းက လက်ထဲရှိ ဓားကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ဒါပေမဲ့ ကိုယ်တိုင် မြင်တွေ့လိုက်ရပြီဆိုရင်တော့... ဘယ်လိုလုပ်ပြီး ဒီအတိုင်းပစ်ထားနိုင်မှာလဲ..."

"မင်းက... သူတို့ကို ကူညီမလို့လား..."

ပျန်းချန်၏ အသံမှာ အနည်းငယ်လေးလံနေပြီး ထောက်ခံသည်လော သို့မဟုတ် ကန့်ကွက်သည်လော ခွဲခြားရန် ခက်ခဲလှပေသည်။

ချူချင်းက သူ၏ အသံထဲတွင် ရှင်းပြရန် ခက်ခဲသော အရာတစ်ခုခု ပါဝင်နေသည်ဟု အမြဲခံစားနေရသော်လည်း ယခုအချိန်တွင် သူသည် ခွဲခြားရန် စိတ်မဝင်စားသလို ခွဲခြားလိုစိတ်လည်း မရှိပေ။

"သူတို့ကို ကူညီတယ်ဆိုတာကတော့ စကားကြီးစကားကျယ် ပြောတာပါ... တတ်နိုင်သမျှ အင်အားလေးနဲ့ ကူညီပေးရုံတင်ပါပဲ..."

ချူချင်းက ညင်သာစွာ ပြောလိုက်ပြီး ရှေ့သို့ ခြေလှမ်းလှမ်းလိုက်၏။

ချောင်ချိုးဖူက ဤစကားကို ကြားလိုက်ရသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ကောင်းတယ်... ညီ‌လေးသုံး ပြောတာ တကယ့်ကို အဓိပ္ပာယ်ရှိတယ်... မတရားမှုကို မြင်ရင် ဓားကို ဆွဲထုတ်ပြီး ကူညီပေးတာကမှ သူရဲကောင်းပီသတာပေါ့..."

"ငါလည်း မင်းနဲ့အတူ လိုက်မယ်..."

ပျန်းချန်က ချူချင်း၏ ကျောပြင်ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ပြုံးလိုက်၏။

"သေရည်ကို အတူတူ သောက်ခဲ့ကြတာပဲ... တိုက်ပွဲဖြစ်ရင်လည်း ငါတို့ကို ချန်ထားလို့ မရဘူးလေ..."

ချူချင်းက သူတို့အဖွဲ့ကို လှည့်ကြည့်လိုက်ပြီး တွေဝေမနေတော့ပေ။

"စကားတွေ အရမ်းများမနေနဲ့တော့... သွားကြစို့..."

ညစ်ထေးနေသော ခေတ်ပျက်ကြီးမှာ ရေလှိုင်းလုံးကြီးများကဲ့သို့ ဖြစ်ပေါ်နေပြီး လူငယ်သူရဲကောင်းများမှာ ဓားနှင့် လှံများကို ကိုင်ဆောင်ကာ ရေဆန်သို့ တက်လှမ်းရန် ဆန္ဒရှိနေကြချေပြီ။

မီးတောက်များ၊ သွေးစက်များ၊ ဓားအလင်းတန်းများနှင့် ဓားရိပ်များ ဤသည်မှာ ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပေသည်။

သိုင်းပညာ မည်မျှပင် မြင့်မားစေကာမူ ယခုကဲ့သို့သော အခြေအနေမျိုးတွင် အထိအခိုက်မရှိ ဆုတ်ခွာရန် ခက်ခဲလှပေသည်။

ချောင်ချိုးဖူကဲ့သို့ သိုင်းလောကတွင် နာမည်ကျော်ကြားလှသော သိုင်းသမားကြီး ဖြစ်စေ သို့မဟုတ် ပျန်းချန်နှင့် ဝမ်ရိုကဲ့သို့ နာမည်ကြီးဂိုဏ်းမှ တပည့်များ ဖြစ်စေ ယခုကဲ့သို့သော ပတ်ဝန်းကျင်တွင် မိမိကိုယ်ကို မရှုံးနိမ့်အောင် ထိန်းသိမ်းရန် ခက်ခဲလှပေသည်။

ရန်သူများမှာ အလွန်များပြားလှပြီး ဂိုဏ်းငယ်လေးများ ဖြစ်သော်လည်း နည်းလမ်းမျိုးစုံကို အသုံးပြုကြပေသည်။

သိုင်းပညာ အားနည်းသူများမှာ ထုံးမှုန့်များကို ကြဲပက်ခြင်း၊ အဆိပ်ခတ်ခြင်းနှင့် လျှို့ဝှက်လက်နက်များဖြင့် တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ကြ၏။

တစ်ကြိမ်တစ်ခါ ကာကွယ်နိုင်သော်လည်း အကြိမ်တိုင်းကာကွယ်ရန် ခက်ခဲလှပေသည်။

အမြဲသတိထားနိုင်လျှင်ပင် အတွင်းအားများမှာ တဖြည်းဖြည်း ကုန်ဆုံးသွားရပေသည်။

တဖြည်းဖြည်းနှင့် အားအင်များကုန်ခမ်းလာပြီး နောက်ဆုံးတွင် လှုပ်ရှားရန်ပင် အားအင်မရှိတော့ပေ။

အချိန်နှစ်မောင်းခန့်ကြာပြီးနောက် ချူချင်းတို့အဖွဲ့မှာ ပင်ပန်းနွမ်းနယ်မှုများ စတင်ပေါ်ပေါက်လာချေပြီ။

ချူချင်းမှာမူ သူ၏ မင်ယွိကျမ်းစာ နဝမမြောက်အဆင့်ကြောင့် အတွင်းအားဆုံးရှုံးခြင်းမရှိဘဲ တိုက်ခိုက်လေ အတွင်းအားများ ပိုမိုနက်ရှိုင်းလာလေ ဖြစ်ပေသည်။

သို့သော်လည်း သူ့နောက်ကွယ်ရှိ လူအချို့မှာမူ မခံမရပ်နိုင် ဖြစ်လာကြချေပြီ။

ချူချင်း၏ မတ်မတ်ရပ်နေဆဲဖြစ်သော ခန္ဓာကိုယ်ကို ကြည့်ပြီး သူတို့၏ စိတ်ထဲတွင်လည်း ဤလူမှာ တကယ့်ကို မိစ္ဆာတစ်ကောင် ဖြစ်ကြောင်း မတွေးဘဲ မနေနိုင်ကြတော့ပေ။

'သူ့ရဲ့ အတွင်းအားတွေက တကယ်ပဲ အဆုံးမရှိတာလား...'

'သူ မပင်ပန်းဘူးလား...'

'ဒီလောက် လူတွေအများကြီးသတ်ရတာကို သူ မကြောက်ဘူးလား...'

သူ့ကိုယ်ပေါ်ရှိ အပြာရောင်ဝတ်စုံမှာ သွေးများဖြင့် ရွှဲနစ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ခြေလှမ်းလိုက်တိုင်း မြေပြင်ပေါ်တွင် သွေးစွန်းနေသော ခြေရာတစ်ခု ကျန်ရစ်ခဲ့ပေသည်။

သတ်ဖြတ်ခဲ့သော လူဦးရေမှာ အလွန်များပြားလှပေသည်။

သို့သော်လည်း ယခုကဲ့သို့ ဖြစ်နေလျှင်ပင် သူတို့သည် မြို့တစ်ခုလုံး၏ လေးပုံတစ်ပုံခန့်ကိုသာ ဖြတ်သန်းနိုင်ခဲ့ကြသေး၏။

အရပ်သားပြည်သူများမှာ သူတို့၏ နောက်ကွယ်သို့ အလိုအလျောက် လိုက်ပါလာကြပြီး လူတိုင်းက ထိုအပြာရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဓားကို ကိုင်ဆောင်ထားသော လူရိပ်ကို မျက်ဝန်းထဲတွင် မှတ်သားထားကြပေသည်။

သူ့နောက်သို့ လိုက်ပါမှသာ ဤသွေးချောင်းစီးနေသော ညတွင် အနည်းငယ်မျှသော အေးချမ်းမှုကို ခံစားရရှိနိုင်မည် ဖြစ်ပေသည်။

တိုက်ခိုက်သံများမှာ ရှေ့ဘက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး အသံတစ်သံက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။

"ဒီညရဲ့ တိုက်ပွဲက အရပ်သားတွေနဲ့ မသက်ဆိုင်ဘူး... အရပ်သားတွေကို ရန်စရဲတဲ့သူရှိရင် ငါတို့ ရိချီမဟာမိတ်အဖွဲ့ရဲ့ ရန်သူပဲ..."

ချူချင်းက မော့ကြည့်လိုက်ရာ ခြေသံများ ဆက်တိုက်ထွက်ပေါ်လာပြီး မျက်စိတမှိတ်အတွင်း ရှေ့တွင် လူများဖြင့် ပြည့်နှက်သွားသည်ကို မြင်လိုက်ရ၏။

မျက်နှာ ဖြူဖျော့နေပြီး သံလှံတစ်စင်းကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက လူအုပ်ကိုခွဲကာ ထွက်ပေါ်လာချေသည်။

ရိချီမဟာမိတ်အဖွဲ့ခေါင်းဆောင် နဂါးလှံဖန်းထျန်းရွေ့

All Chapters