← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇) - ညဉ့်ကုန်ဆုံးခြင်း (၁)

"ခေါင်းဆောင်ဖန်း... အခုလို ညအလှက သာယာနေတုန်းပဲကို အပြင်ထွက်ပြီး လမ်းလျှောက်နေတာလား..."

ချောင်ချိုးဖူက ရှေ့သို့တစ်လှမ်းတိုးကာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်၏။

"ချောင်သိုင်းသမားကြီး ဖြစ်နေတာပဲ..."

ဖန်းထျန်းရွေ့က ချောင်ချိုးဖူကို ဦးစွာနှုတ်ဆက်ပြီးနောက် သူ၏အကြည့်များက ချူချင်း၏ကိုယ်ပေါ်သို့ ကျရောက်သွားပြီး ကိုယ်ပေါ်ရှိ သွေးစွန်းရာများကို ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။

"သခင်လေးသုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်..."

ယနေ့နေ့လယ်က တုဟန်ယန်သည် လူအများရှေ့တွင် ချူချင်း၏အမည်ကို ခေါ်ခဲ့ဖူး၏။

ဖန်းထျန်းရွေ့ကလည်း ထိုအချက်ကို စိတ်ထဲတွင် မှတ်သားထားခဲ့ပေသည်။

ချူချင်းက ခေါင်းအသာညိတ်ပြလိုက်ရာ နှုတ်ဆက်ပြီးသား ဖြစ်သွားချေသည်။

ဖန်းထျန်းရွေ့က ချူချင်းကို ကျော်လွန်၍ သူ၏နောက်ကွယ်ရှိ အရပ်သားပြည်သူများကို ကြည့်ကာ သက်ပြင်းအသာချလိုက်၏။

"ဒီညပရမ်းပတာဖြစ်နေတာတွေက ငါခန့်မှန်းထားတဲ့အတိုင်းဆိုပေမဲ့..."

"ပြင်ဆင်မှု မလုံလောက်ခဲ့တော့ သူတို့ကိုပါ ဆွဲထည့်သလို ဖြစ်သွားရတယ်..."

"ချောင်သိုင်းသမားကြီးနဲ့ သခင်လေးသုံးတို့ ကူညီပေးလို့သာပဲ... မဟုတ်ရင် ဒီလောက်လူအများကြီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး..."

"ခေါင်းဆောင်ဖန်းက အရပ်သားတွေအတွက်နဲ့ သက်သက်လာခဲ့တာလား..."

ချူချင်းက မျက်လုံးများကို အသာပင့်ကာ အေးစက်သော အကြည့်များဖြင့် ဖန်းထျန်းရွေ့ကို ကြည့်လိုက်၏။

ဖန်းထျန်းရွေ့က ခေါင်းခါယမ်းလိုက်သည်။

"သဘာဝကျကျပဲ ဒါတင်မကသေးပါဘူး..."

"အရပ်သားတွေအပြင် ငါက ရှင်တောက်အန်းကိုပါ လက်ဝါးကြီးအုပ်ချင်တာ..."

ချူချင်းက ပြုံးလိုက်၏။

"ခေါင်းဆောင်ဖန်းက တကယ့်ကို ပွင့်လင်းတာပဲ..."

"ဒီနေ့မှာ ကျန်းရှန်တောက်နဲ့ လော့ချန်တို့ နှစ်ယောက်လုံးက ညဧကရာဇ်ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပြီဆိုတော့ ရှင်တောက်အန်းက အဆီတစ်ထပ် အသားတစ်ထပ်နဲ့ အမဲသားတုံးကြီး ဖြစ်သွားပြီ..."

"ငါက အရပ်သားတွေကို သနားညှာတာတတ်ပေမဲ့ ဒီလိုအခွင့်အရေးကိုတော့ ဥပေက္ခာမပြုနိုင်ဘူး..."

ဖန်းထျန်းရွေ့က ကျယ်လောင်သောလေသံဖြင့် ပြောလိုက်လေသည်။

"လူတိုင်းက အခြေအနေကို ကောင်းကောင်းနားလည်နေကြတာပဲ... ဖုံးကွယ်နေရင် ပိုပြီးအထင်သေးစရာ ဖြစ်သွားလိမ့်မယ်..."

"ဒါ့အပြင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြဖို့လည်း မျှော်လင့်ပါတယ်..."

"ခေါင်းဆောင်ဖန်းရဲ့ စကားက... လူကို တကယ်ပဲ နားမလည်နိုင်အောင် ဖြစ်စေတာပဲ..."

ပျန်းချန်က ပြုံးလိုက်၏။

"ကျွန်တော်တို့က ရိချီမဟာမိတ်ဂိုဏ်းဝင်တွေလည်း မဟုတ်ကြဘဲနဲ့ ဘာဖြစ်လို့ ခင်များကို ကူညီရမှာလဲ..."

"ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ရီချီမဟာမိတ်ဂိုဏ်းက ရှင်တောက်အန်းကို လွှဲပြောင်းရယူဖို့ အသင့်တော်ဆုံး ဖြစ်နေလို့ပဲ..."

ဖန်းထျန်းရွေ့၏ လေသံထဲတွင် မိမိကိုယ်ကို ယုံကြည်မှုများ အပြည့်အဝ ကိန်းအောင်းနေချေသည်။

"ရှင်တောက်အန်းက ထိန်းထောင်းဂေဟာနဲ့ နီးကပ်နေပေမဲ့ ထိန်းထောင်းနဲ့ ဖေးယွန်းတောင်ကြားမှာ ပဋိပက္ခတွေက အများကြီး ရှိနေတယ်..."

"တကယ်လို့ ရှင်တောက်အန်းကို ထိန်းထောင်းလက်ထဲ အပ်လိုက်မယ်ဆိုရင် သူတို့လည်း အချိန်တိုအတွင်းမှာ လာပြီးစီမံခန့်ခွဲနိုင်မှာ မဟုတ်ဘူး..."

"လူအင်အားနည်းနည်း လွှတ်လိုက်ရင်တောင် အားလုံးကို တားဆီးနိုင်ဖို့ ခက်ခဲလိမ့်မယ်... တခြားသူတွေရဲ့ ဝါးမြိုတာကို ခံရမှာပဲ... အဲဒီလိုဆိုရင် အရပ်သားတွေက သိုင်းလောကရဲ့ စစ်ဘေးဒဏ်ကို ထပ်ပြီးခံစားရဦးမှာ..."

"ဒါပေမဲ့ ငါတို့ရိချီမဟာမိတ်ဂိုဏ်းကတော့ မတူဘူး... ရှင်တောက်အန်းကို ရယူပြီးရင် ငါကိုယ်တိုင် အခြေစိုက်ပြီး အခြေအနေကို ထိန်းချုပ်မယ်... အရပ်သားတွေကို နေရာချထားပေးပြီး ဘယ်သူမှ မလှုပ်ရဲအောင် တားဆီးထားမယ်..."

"ထိန်းထောင်းနဲ့ ဖေးယွန်းတောင်ကြားတို့ရဲ့ တိုက်ပွဲမရပ်သရွေ့ သူတို့က ငါကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး..."

"တခြားသူတွေဆိုရင်တော့... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီညမှာ ငါ့ကို ပြဿနာရှာနိုင်တာကလွဲလို့ ဒီညလွန်သွားတာနဲ့ သူတို့မှာ ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး..."

"ဒါကြောင့် ရှင်တောက်အန်းက ငါ့လက်ထဲ ရောက်လာမယ်ဆိုရင် အခြေအနေကို အမြန်ဆုံးထိန်းချုပ်နိုင်လိမ့်မယ်..."

ချူချင်းက ဖန်းထျန်းရွေ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ပြောလိုက်၏။

"ကျုပ်က ဘာဖြစ်လို့ ခင်များကို ကူညီရမှာလဲ..."

"ကျုပ်က ကတိအကြီးကြီးတွေ ပေးနိုင်ပေမဲ့... ဒီညမှာတော့ ကျုပ်မမေးနိုင်လောက်ဘူး..."

ဖန်းထျန်းရွေ့က သံလှံကို ကိုင်ဆွဲကာ ချူချင်း၏နောက်ကွယ်ရှိ အရပ်သားများကို ညွှန်ပြလိုက်၏။

"အရေးကြီးဆုံးက သူတို့ပဲ..."

"တကယ်လို့ မင်းတို့ ကူညီပေးမယ်ဆိုရင် ငါက အမြန်ဆုံးနည်းနဲ့ ရှင်တောက်မြို့ရဲ့ ပရမ်းပတာဖြစ်နေတာတွေကို နှိမ်နင်းနိုင်လိမ့်မယ်... အပြစ်မဲ့တဲ့ အရပ်သားတွေ လူသတ်သမားတွေရဲ့ ဓားအောက်မှာ မသေဆုံးစေရဘူး..."

"ဒါပေမဲ့ မင်းတို့ သဘောမတူရင်လည်း အတင်းအကျပ် မတောင်းဆိုပါဘူး..."

"မင်းတို့ စိတ်ကြိုက်လုပ်နိုင်ပါတယ်..."

ဖန်းထျန်းရွေ့၏ စကားများက အလွန်ပင် ပွင့်လင်းလှပေသည်။ သူသည် မိမိ၏ ရည်မှန်းချက်ကို ဖုံးကွယ်မထားဘဲ အကျိုးအပြစ်များကိုလည်း ရှင်းလင်းစွာ ရှင်းပြခဲ့၏။

သူသည် ရည်မှန်းချက် ကြီးမားသော်လည်း လူမုန်းမများလှပေ။

ပျန်းချန်က ချူချင်းကိုကြည့်ကာ သူ၏သဘောထားကို မေးမြန်းလိုက်၏။ ချောင်ချိုးဖူသည်ပင် စကားမဆိုဘဲ ချူချင်းကိုသာ ကြည့်နေလေသည်။

ချူချင်းကလည်း တုံ့ဆိုင်းမနေပေ။

"ကောင်းပြီ... ကျုပ် ကူညီမယ်..."

ဖန်းထျန်းရွေ့က ချက်ချင်းပင် အလွန်ဝမ်းသာသွား၏။

"သခင်လေးသုံးရဲ့ အကူအညီအတွက် အရမ်းကျေးဇူးတင်ပါတယ်... ဒီကျေးဇူးကို ဖန်းထျန်းရွေ့က ရင်ထဲမှာ အမြဲမှတ်ထားပြီး နောင်တစ်ချိန်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ်..."

ချူချင်းက လက်ကို ဝှေ့ယမ်းလိုက်၏။

"စကားတွေ အများကြီး ပြောမနေနဲ့တော့... အမြန်ဆုံး စလုပ်ကြရအောင်..."

"ကောင်းပြီ..."

ဖန်းထျန်းရွေ့က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင် မင်းတို့နောက်က အရပ်သားတွေကို ငါ့လူတွေနဲ့အတူ အရင်ဆုံး ထွက်သွားခွင့်ပြုလိုက်ပါ... နေရာချထားရေးနယ်မြေတစ်ခု ပြင်ဆင်ထားပြီးသားပါ…ငါ့တပည့်တွေက စောင့်ကြပ်နေတာမို့ သာမန်သိုင်းသမားတွေက ဝင်မလာနိုင်သလို ထူးခြားတဲ့သူတွေကလည်း အလွယ်တကူဝင်ရဲကြမှာ မဟုတ်ဘူး..."

ချူချင်းက တုံ့ဆိုင်းမနေဘဲ လှည့်ကာ လူတိုင်းကို ဖန်းထျန်းရွေ့၏လူများနှင့်အတူ လိုက်ပါသွားရန် ပြောလိုက်၏။

ထိုအရပ်သားများသည်လည်း မိမိတို့တွင် ရွေးချယ်ခွင့်မရှိသည်ကို နားလည်ကြပေသည်။ ရိချီမဟာမိတ်ဂိုဏ်းက အင်အားကြီးမားပုံရသဖြင့် သူတို့နောက်သို့ လိုက်သွားပါက ပို၍ဘေးကင်းနိုင်ခြေရှိ၏။

ထို့ကြောင့် ရိချီမဟာမိတ်ဂိုဏ်းသားများ၏ နောက်ကွယ်မှနေ၍ မျက်နှာချင်းဆိုင်ဘက်သို့ လျှောက်လှမ်းသွားကြလေသည်။

ကလေးကို ပွေ့ချီထားသော အဘိုးအိုသည် ချူချင်း၏ဘေးမှ ဖြတ်သွားစဉ် ရုတ်တရက် ဒူးထောက်ကျသွားပြီး ချူချင်းကို ဦးချလိုက်၏။

"သခင်လေးရဲ့ အသက်ကယ်ကျေးဇူးကို အမြဲမှတ်ထားပါ့မယ်ဗျာ..."

သူက စတင်လိုက်သဖြင့် အခြားအရပ်သားများကလည်း လိုက်လံလုပ်ဆောင်ကြရာ တစ်ခဏအတွင်း မြေပြင်ပေါ်တွင် ဒူးထောက်နေသူများဖြင့် ပြည့်နှက်သွားချေသည်။

ချူချင်းက ထိုအဘိုးအိုကို ထူပေးရန် ကြံရွယ်လိုက်သော်လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အားလုံးကို လိုက်လံမထူပေးနိုင်တော့သည်ကို သိရှိသွား၏။

လူတိုင်းက ဒူးထောက်ကာ ကျေးဇူးတင်စကားများ ဆိုနေကြပြီး မျက်နှာများတွင် ရိုသေမှုများ ပြည့်နှက်နေသော်လည်း ချူချင်း၏ မျက်ဝန်းထဲတွင်မူ မာန်မာနထောင်လွှားမှုများ မရှိချေ။

သူသည် မိမိကိုယ်ကို သိုင်းသမားကြီးတစ်ဦးဟု မယူဆပေ။

သူသည် ကျန်းရှန်တောက်၊ လော့ချန်နှင့် ချီကွမ်းတို့ကို သတ်ဖြတ်ခဲ့ခြင်းမှာ ကိုယ့်ကိုယ်ကို လိပ်ပြာသန့်လှပေသည်။

ထိုလူများသည် ရက်စက်ကြမ်းကြုတ်ပြီး အရပ်သားများကို တိရစ္ဆာန်များကဲ့သို့ သဘောထားကာ သေထိုက်သောမိစ္ဆာများသာ ဖြစ်ကြ၏။

သို့သော် သူတို့သာ ရှိနေသေးပါက ယနေ့ညတွင် ရှင်တောက်မြို့၌ ဤကဲ့သို့သော ဘေးဒုက္ခမျိုး ဖြစ်ပွားလိမ့်မည် မဟုတ်ပေ။ အနည်းဆုံးတော့ ရုတ်ချည်းဖြစ်လာမည် မဟုတ်ချေ။

သို့သော် ချူချင်းကလည်း ဤသည်မှာ အတွေးလွန်နေခြင်းဖြစ်ကြောင်း ကောင်းစွာနားလည်ပေသည်။

ရှင်တောက်အန်း၏ နောက်ဆက်တွဲဆိုးကျိုးများက များပြားလှသဖြင့် တစ်ရက်နှစ်ရက်အတွင်း ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။

ကျန်းရှန်တောက်သည် လွန့်ရှန်ဓားကို စွန့်လွှတ်လိုက်လျှင်ပင် ရှင်တောက်အန်း၏ ပျက်စီးခြင်းက အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။

ထိုအချိန်ကျလျှင်လည်း ယနေ့ညကဲ့သို့သော မြင်ကွင်းမျိုးက ဖြစ်ပေါ်လာဦးမည်သာ ဖြစ်၏။

သူက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ဖန်းထျန်းရွေ့ကို ကြည့်လိုက်၏။

"သွားလို့ရပြီ..."

"ကောင်းပြီ..."

ဖန်းထျန်းရွေ့က ပြန်လည်ထူးလိုက်ပြီး တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။

နောက်ဆုံးတွင် အော်ဟစ်သံများနှင့် တိုက်ခိုက်သံများက တစ်ညလုံးပျံ့လွင့်နေခဲ့ပြီး ချူချင်းသည် ဖန်းထျန်းရွေ့ကို ကူညီကာ အရပ်သားများကို ကယ်တင်ပြီး အပြစ်မဲ့သူများကို သတ်ဖြတ်နေသော လူသတ်သမားများကို နှိမ်နင်းပေးခဲ့၏။

ဤတိုက်ပွဲက အချိန်အတော်ကြာမြင့်ခဲ့ပြီး လမ်းဝက်တွင် ချူချင်းက ပျန်းချန်နှင့် မော့တူရှင်းတို့ကို ဝမ်ရိုအား ပြန်လည်ပို့ဆောင်ပေးရန် စေလွှတ်လိုက်၏။

သူကိုယ်တိုင်မူ ချောင်ချိုးဖူ၊ ဖန်းထျန်းရွေ့၏ ရိချီမဟာမိတ်ဂိုဏ်းသားများနှင့်အတူ ရှင်တောက်အန်းထဲသို့ ဝင်ရောက်သွားလေသည်။

ရှင်တောက်အန်းကို လုံးဝထိန်းချုပ်နိုင်လိုက်ချိန်တွင် အရှေ့ဘက်ကောင်းကင်ယံ၌ အရုဏ်ဦးအလင်းရောင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။

တစ်ညလုံး ဖြစ်ပွားခဲ့သော တိုက်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ချေပြီ။

ချူချင်းသည် ရှင်တောက်အန်းထဲမှ ပြန်လည်ထွက်ခွာလာပြီး လမ်းမပေါ်သို့ ရောက်ရှိသွားချိန်တွင် မြင်တွေ့ရသမျှ အရာအားလုံးက ပျက်စီးယိုယွင်းနေချေသည်။

ဖန်းထျန်းရွေ့၏ အသံက သူ၏နောက်ကွယ်မှ ထွက်ပေါ်လာ၏။

"သိုင်းလောကက နှစ်ပေါင်းများစွာ ပရမ်းပတာဖြစ်နေခဲ့တာ... ဒုက္ခရောက်ရတာကတော့ အမြဲတမ်း သာမန်အရပ်သားတွေပဲ..."

"သိုင်းတတ်တဲ့သူတွေက သာမန်လူတွေထက် အရမ်းအင်အားကြီးလွန်းတယ်... သာမန်သိုင်းသမားတစ်ယောက်ကတောင် သူတို့ကို ခုခံနိုင်စွမ်းမရှိအောင် လုပ်နိုင်ပြီး စိတ်ကြိုက် နှိပ်စက်နိုင်ကြတာ..."

ချူချင်းက လက်ကိုဆန့်ထုတ်လိုက်ရာ မိုးဖွဲဖွဲလေးများက မည်သည့်အချိန်ကတည်းက ရွာသွန်းနေသည်မသိ ရွာကျနေချေသည်။

သူက တိုးညင်းသောလေသံဖြင့် ပြောလိုက်၏။

"ခေါင်းဆောင်ဖန်းက အခုတော့ လိုအင်ဆန္ဒတွေ ပြည့်ဝသွားပြီး ရှင်တောက်အန်းကို သိမ်းပိုက်နိုင်ခဲ့ပြီ... ရိချီမဟာမိတ်ဂိုဏ်းရဲ့ အရှိန်အဝါကလည်း ကောင်းကင်ယံအထိ မြင့်တက်သွားတော့မှာပဲ..."

"ဒါပေမဲ့ ခေါင်းဆောင်ဖန်းအနေနဲ့ ကျုပ်ကို ပေးခဲ့တဲ့ကတိကိုတော့ မှတ်ထားဖို့ လိုလိမ့်မယ်..."

"ဒီအရပ်သားတွေကို ကောင်းကောင်းနေရာချပေးပါ... သူတို့ကို ဒီလိုဒုက္ခမျိုး ထပ်ပြီးမခံစားရပါစေနဲ့..."

"မဟုတ်ရင်တော့..."

သူက လက်ထဲရှိဓားကို အသာအယာ လှည့်ပတ်လိုက်ရာ မပြောရသေးသော စကားများက ရှင်းလင်းစွာ ပေါ်လွင်နေချေတော့သည်။

All Chapters