အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း (၁၃၉) - စိတ်တည်ငြိမ်ခြင်း (၁)
အထီးကျန်လမင်းတောင်။
လမျှော်ကမ်းပါးပေါ်တွင် လမျှော်မဏ္ဍပ်တစ်ခု ရှိလေသည်။
ထိုမဏ္ဍပ်ကို ကမ်းပါးစွန်းတွင် ဆောက်လုပ်ထားပြီး ကမ်းပါး၏ အစွန်းတစ်ဖက်မှာ လက်တစ်ဖက်ဖြင့် ထိုမဏ္ဍပ်ငယ်လေးကို ပင့်မထားသကဲ့သို့ ဖြစ်နေချေသည်။
ဤနေရာမှ လမင်းကို ကြည့်ရှုရသည်မှာ အလှပဆုံးရှုခင်းပင် ဖြစ်၏။
အထူးသဖြင့် လပြည့်နေ့တိုင်းတွင် လပြည့်ဝန်းကြီးမှာ တောင်ထိပ်ပေါ်သို့ ရောက်ရှိနေသကဲ့သို့ ရှိပြီး လက်လှမ်းလိုက်ရုံဖြင့် ထိတွေ့နိုင်တော့မည့်အလား ထင်မှတ်ရပေသည်။
ယခုမူ လပြည့်နေ့လည်း မဟုတ်သကဲ့သို့ ညအချိန်လည်း မဟုတ်ချေ။
ဝူချန်းဟွမ်သည် မဏ္ဍပ်ထဲတွင် တစ်ဦးတည်းထိုင်ကာ ငေးမောနေပြီး တစ်ခါတရံ ဝမ်းသာသွားလိုက်၊ တစ်ခါတရံ ဒေါသထွက်သွားလိုက်နှင့် မိမိ၏ နှုတ်ခမ်းထောင့်စွန်းကို ခပ်ဖွဖွပွတ်သပ်နေမိရာ သူမ၏ မျက်နှာထက်တွင် ပါးပြင်နီနီလေးများ ဖြတ်ပြေးသွားလေသည်။
သို့သော် တစ်ခဏချင်းတွင်ပင် ပြုံးရွှင်မှုများမှာ သက်ပြင်းချသံအဖြစ်သို့ ပြောင်းလဲသွားချေသည်။
ဝူချန်းဟွမ်က ညည်းတွားလိုက်သည်။
"ဒီအတိုင်းသာ ဆက်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ..."
"စိတ်မတည်ငြိမ်ဘဲနဲ့ နတ်သိုင်းရဲ့ ဆန်းကြယ်တဲ့ အနှစ်သာရကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ..."
သူမသည် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း တစ်ဖန်ပြန်လည်၍ မကျေမနပ်ဖြစ်သွားပြန်သည်။
"အားလုံးက သူ့ကြောင့်ပဲ... အပြင်ထွက်သွားတာ ဒီလောက်တောင် ကြာနေပြီကို စာတစ်စောင်တောင် ပြန်မပို့ဘူး... ငါပြောခဲ့တဲ့ စကားတွေကို စိတ်ထဲမထားတာလား... ဒါမှမဟုတ်... ဒါမှမဟုတ် သူက ထပ်ပြီး ထွက်ပြေးချင်နေတုန်းပဲလား..."
သူမသည် အံကြိတ်လိုက်ပြီး အတွင်းအိတ်ထဲမှ စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူလိုက်၏။
ထိုစာအုပ်မှာ ပါးပါးလေးသာ ဖြစ်ပြီး လမင်းရောင်ကဲ့သို့ ဖြူလွလွ မျက်နှာဖုံးထက်တွင် ‘လညွှန်နတ်သိုင်း’ဟူသော စာလုံးကြီးလေးလုံးကို ရေးသားထားပေသည်။
သူမသည် ထင်းရှူးစိမ်းဂူသို့ ပြန်ရောက်ပြီးနောက် ပိုမိုမြင့်မားသော သိုင်းပညာကို ကျင့်ကြံလိုကြောင်း ဆရာမကြီးအား တောင်းဆိုခဲ့ရာ ဆရာမကြီးယဲ့ထန်က ဤလညွှန်နတ်သိုင်းကို သူမအား သင်ကြားပေးခဲ့ခြင်း ဖြစ်ပေသည်။
ထိုလညွှန်နတ်သိုင်းမှာ သူတို့ဂိုဏ်း၏ အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးသော ပညာရပ်ဖြစ်ကြောင်း ဆရာမကြီးက ပြောပြခဲ့၏။
အကယ်၍ ၎င်း၏ စစ်မှန်သော အနှစ်သာရကို နားလည်သဘောပေါက်နိုင်ပါက ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြောင်းလဲစေနိုင်ပြီး ကျန်းဟူလောက၏ ထိပ်သီးနေရာသို့ ရောက်ရှိမည်ဟု မပြောနိုင်သော်လည်း ကျယ်ပြောလှသော လောကကြီးထဲတွင် မည်သည့်နေရာမဆို လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်ပေသည်။
သို့သော် ဤလျှို့ဝှက်ကျမ်းစာမှာ အလွန်နက်နဲပြီး နားလည်ရခက်ခဲလှသဖြင့် ဆရာမကြီးယဲ့ထန်ကိုယ်တိုင် အတွေ့အကြုံများကို သင်ကြားပြသပေးခဲ့သော်လည်း အခြေခံအဆင့်သို့ ရောက်ရှိရန်ပင် လွယ်ကူသောအရာ မဟုတ်ချေ။
ဤသိုင်းပညာသည် ပုံသဏ္ဌာန်ထက် စိတ်ဆန္ဒကို ပိုမိုဦးစားပေးပြီး နားလည်သဘောပေါက်မှုအပေါ်တွင်သာ မူတည်ကြောင်း ဆရာမကြီးယဲ့ထန်က သူမအား ပြောပြခဲ့လေသည်။
ထို့နောက်တွင် သူမအား ဤလမျှော်မဏ္ဍပ်သို့ လာရောက်ကာ တရားကျင့်ကြံရန် စေလွှတ်ခဲ့ခြင်း ဖြစ်၏။
သူမသည် လျှို့ဝှက်ကျမ်းစာကို ဖတ်ရှုသော်လည်း ဝေဝေဝါးဝါးသာ ဖြစ်နေပြီး ကျင့်ကြံရန် လမ်းစမရှိသဖြင့် ဤနေရာတွင် ထိုင်ကာ အတွေးများလွင့်မျောနေမိတော့သည်။
သို့သော် သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာသည်မှာ ထိုမုန်းတီးဖွယ်ကောင်းသော မျက်နှာသာ ဖြစ်နေချေသည်။
သူမသည် တွေးတောနေမိသည်။
"ငါ တကယ်ပဲ ဘာဖြစ်နေတာလဲ..."
"အရင်တုန်းကတော့ ဒီလူဆိုးကြီး ထွက်ပြေးသွားရင်လည်း သွားပေါ့... သူပြန်လာရင် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်ဖို့ပဲ ငါတွေးခဲ့တာ..."
"ဒါပေမဲ့ အခုကျတော့... တွေးမိတိုင်း ငါ့ခေါင်းထဲမှာ သူချည်းပဲ ဖြစ်နေရတာလဲ..."
မျက်နှာဖုံးစွပ်ထားချိန်၊ စကားပြောနေချိန်၊ လူသတ်နေချိန်...
ထို့ပြင် နေရပ်မျှော်မဏ္ဍပ်ထဲတွင် သူမ၏ ဖိနှိပ်ခြင်းကိုခံရပြီး ဘာလုပ်ရမှန်းမသိ ယောက်ယက်ခတ်နေသည့် ပုံရိပ်များအထိပင်။
တွေးရင်းနှင့် သူမ၏ နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးရိပ်များ ထပ်မံပေါ်ထွက်လာသော်လည်း မကြာမီပင် ဒေါသမျက်နှာအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
"ဒါက တကယ့်ကို စိတ်အနှောင့်အယှက်ပေးတဲ့ မိစ္ဆာပဲ..."
"ရှင် သုံးနှစ်ကြာပြီးရင် ကျွန်မ တောင်ပေါ်ကဆင်းပြီး ကူညီပေးတာကို တကယ်ပဲ လိုချင်သေးရဲ့လား..."
"လိုချင်တယ်ဆိုရင်လည်း ကျွန်မခေါင်းထဲကနေ မြန်မြန်ထွက်သွားပေးဦး... ကျွန်မ ကျင့်စဉ်အောင်မြင်သွားမှ... ရှင် ပြန်လာခဲ့..."
ဝူချန်းဟွမ်သည် မကျေမနပ်ဖြင့် လျှို့ဝှက်ကျမ်းစာကို လှန်လိုက်ပြီး ထိုနားလည်ရခက်ခဲလှသော အကြောင်းအရာများကို အာရုံစိုက်ကာ ဖတ်ရှုရန် ကြိုးစားလိုက်၏။
ထိုစဉ် သူမ၏ နားထဲသို့ အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာလေသည်။
"ဂိုဏ်းတူညီမလေးဝူ..."
ဝူချန်းဟွမ်သည် အစပိုင်းတွင် မိမိ၏ စိတ်အာရုံမှားယွင်းခြင်းဟု ထင်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသူက နောက်ထပ်နှစ်ကြိမ်ခန့် ထပ်မံအော်ဟစ်လိုက်ပြီး အသံမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုနီးကပ်လာချေသည်။
ထိုအခါမှ သူမသည် နားအကြားမမှားကြောင်း အတည်ပြုနိုင်လိုက်၏။
သူမ လှည့်ကြည့်လိုက်ရာ လူငယ်တစ်ဦးသည် တောင်တက်လမ်းအတိုင်း လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရပေသည်။
သူသည် လျှောက်လာရင်း အော်ဟစ်နေပြီး သူမ လှည့်ကြည့်သည်ကို မြင်သောအခါ လက်လှမ်းပြလိုက်လေသည်။
ဝူချန်းဟွမ်သည် တစ်ခဏမျှ ကြောင်အသွားပြီးမှ ပြုံးလိုက်သည်။
"ဂိုဏ်းတူအစ်ကိုဇောင်... ရှင် ဘာလို့ ဒီကိုရောက်လာတာလဲ..."
သူမသည် မတ်တတ်ရပ်လိုက်ပြီး ထိုလူငယ်အား လက်အုပ်ချီနှုတ်ဆက်လိုက်၏။
ဂိုဏ်းတူအစ်ကိုဇောင်၏ အမည်မှာ ဇောင်ဝန်ချွမ်း ဖြစ်ပြီး ဆရာမကြီးယဲ့ထန်၏ တပည့် မဟုတ်ချေ။
သူသည် ဆရာကြီးထျန်းယူ၏ တပည့် ဖြစ်ပေသည်။
ဆရာကြီးထျန်းယူသည် အနီးအနားရှိ ချန်းယန်တောင်တွင် နေထိုင်ပြီး ထိုဆရာကြီးနှင့် ဆရာမကြီးယဲ့ထန်တို့မှာ ငယ်စဉ်က ဆရာတစ်ဦးတည်းအောက်တွင် အတူတူ ပညာသင်ကြားခဲ့ကြသော ဂိုဏ်းတူမောင်နှမများ ဖြစ်ကြောင်း ဝူချန်းဟွမ် သိရှိထား၏။
မူလက သူတို့နှစ်ဦးလုံးမှာ ပုံမှန်လူများ ဖြစ်ကြသော်လည်း နောက်ပိုင်းတွင် အဘယ်ကြောင့်မသိ တစ်ဦးက ရဟန်းဝတ်သွားပြီး တစ်ဦးက သီလရှင် ဝတ်သွားခဲ့ကြချေသည်။
သူတို့နှစ်ဦးမှာ ဂိုဏ်းတူမောင်နှမများ ဖြစ်ကြသော်လည်း နှစ်ပေါင်းများစွာတိုင်အောင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံခြင်း မရှိကြပေ။
တစ်ဖက်လူထံသို့ ပစ္စည်းတစ်ခုခု ပေးပို့လိုလျှင်ပင် တပည့်များကိုသာ စေလွှတ်လေ့ရှိကြ၏။
ဇောင်ဝန်ချွမ်းသည် ထိုအကြောင်းကြောင့်ပင် အထီးကျန်လမင်းတောင်သို့ မကြာခဏ လာရောက်လေ့ရှိပြီး ဆရာမကြီးယဲ့ထန်က ဝူချန်းဟွမ်အား သူ့ကို ဂိုဏ်းတူအစ်ကိုဟု ခေါ်ဆိုစေခဲ့ခြင်း ဖြစ်ပေသည်။
သူတို့၏ ပတ်သက်မှုကို ကြည့်လျှင်လည်း ဤသို့ခေါ်ဆိုခြင်းမှာ သဘာဝကျလှပေသည်။
ဇောင်ဝန်ချွမ်းက ပြောလိုက်သည်။
"ဂိုဏ်းတူညီမလေး... ယဉ်ကျေးနေဖို့ မလိုပါဘူး..."
ဇောင်ဝန်ချွမ်းသည် ရုပ်ရည်ချောမောပြေပြစ်ပြီး ဆရာကြီးထျန်းယူနှင့်အတူ တရားစာများ ရွတ်ဖတ်ပူဇော်နေခဲ့သောကြောင့် သူ၏ ခန္ဓာကိုယ်ထက်တွင် လောကီအညစ်အကြေး ကင်းစင်သော ထူးခြားသည့် အငွေ့အသက်တစ်မျိုး ရှိနေချေသည်။
ဝူချန်းဟွမ်က မေးလိုက်သည်။
"ဂိုဏ်းတူအစ်ကိုဇောင်က ဆရာမကြီးဆီ ပစ္စည်းလာပို့ပြန်တာလား..."
"ဒီတစ်ခေါက် ပို့ပေးတဲ့ ပစ္စည်းက ဘာဖြစ်မလဲဆိုတာ သိလို့ရမလား..."
ဇောင်ဝန်ချွမ်းက ခေါင်းခါပြလိုက်သည်။
"ဒါတော့ မဟုတ်ပါဘူး..."
"ဒီတစ်ခေါက် လာတာက ဂိုဏ်းတူညီမလေးကို ပြောစရာကိစ္စတစ်ခု ရှိလို့ပါ..."
"ပြီးရင် အစ်ကို တောင်အောက်ကို တစ်ခေါက်ဆင်းရဦးမယ်..."
"တောင်အောက်ဆင်းမလို့လား..."
ဝူချန်းဟွမ်သည် အနည်းငယ် အံ့အားသင့်သွား၏။ ဇောင်ဝန်ချွမ်းသည် တောင်အောက်သို့ ဆင်းခဲလှပြီး လောကီရေးရာများကို စိတ်ဝင်စားပုံမရချေ။
ဆရာမကြီးယဲ့ထန်ကပင် ဇောင်ဝန်ချွမ်းသည် ဗုဒ္ဓတရားတော်နှင့် ရေစက်ရှိသူဖြစ်ပြီး ဆရာကြီးထျန်းယူနှင့်အတူ ကျင့်ကြံနေခဲ့သောကြောင့်သာ အကယ်၍ ဗုဒ္ဓဘာသာ ဂိုဏ်းကြီးတစ်ခုခုအောက်တွင် ပညာသင်ကြားခဲ့ပါက ဗုဒ္ဓသားတော်တစ်ပါး ဖြစ်လာနိုင်ကြောင်း ချီးကျူးခဲ့ဖူးပေသည်။
သို့သော် ယခုတစ်ခေါက်တွင်မူ သူသည် အဘယ်ကြောင့် ရုတ်တရက် တောင်အောက်သို့ ဆင်းလိုရသနည်း။
သူမ၏ စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ချူချင်း၏ မျက်နှာကို မြင်ယောင်လာပြီး မိမိကိုယ်ကိုနှင့် နှိုင်းယှဉ်ကာ မေးလိုက်မိတော့သည်။
"ဂိုဏ်းတူအစ်ကိုဇောင်ကို လောကီကိစ္စစိတ်ဝင်စားအောင် လုပ်နိုင်တဲ့ မိန်းကလေးတစ်ယောက်ယောက် ရှိနေလို့လား..."
ဇောင်ဝန်ချွမ်းက ခေါင်းခါကာ ခါးသီးစွာ ပြုံးလိုက်သည်။
"ဂိုဏ်းတူညီမလေးကလည်း နောက်မနေပါနဲ့... လောကီကိစ္စက အစ်ကိုတို့အတွက်တော့ ကျားရဲတွေလိုပါပဲ... လောကီရေစက်တွေကို ဘယ်လိုလုပ် ပတ်သက်ရဲမှာလဲ..."
"ဒါပေမဲ့ စောစောက ဆရာမကြီး ပြောတာ ကြားခဲ့ရတယ်... ဂိုဏ်းတူညီမလေးရဲ့ ဖူးစာရေးက အဆင်ပြေသွားပြီဆို..."
ဝူချန်းဟွမ်သည်လည်း ရှက်ရွံ့မနေဘဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
"ဂိုဏ်းတူအစ်ကို့ကို ရယ်စရာဖြစ်စေခဲ့ပါပြီ..."
ဇောင်ဝန်ချွမ်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ကောင်းတာပေါ့... အရင်တုန်းက ဂိုဏ်းတူညီမလေးက ဆရာမကြီးနဲ့အတူ တစ်သက်လုံး သီလရှင်ဝတ်ပြီး နေသွားမယ်လို့ ပြောခဲ့တုန်းက အစ်ကို တကယ်ပဲ စိတ်ပူခဲ့ရတာ..."
"ဂိုဏ်းတူညီမလေးရဲ့ စရိုက်က ပွင့်လင်းပြီး ဘောင်တွေထဲမှာ နေတတ်တဲ့သူ မဟုတ်ဘူး... မွေးရာပါ လောကီလောကထဲမှာ ကျင်လည်ရမဲ့သူ ဖြစ်ပြီး သီလရှင်ဝတ်ဖို့က ဂိုဏ်းတူညီမလေးနဲ့ မကိုက်ညီပါဘူး..."
"အခုလို စိတ်ကူးပြောင်းသွားတာကို မြင်ရတော့ အစ်ကိုလည်း ညီမလေးအတွက် အရမ်းဝမ်းသာပါတယ်..."
"ဂိုဏ်းတူအစ်ကိုဇောင်ကို ကျေးဇူးတင်ပါတယ်..."
ဝူချန်းဟွမ်က မေးလိုက်သည်။
"ဂိုဏ်းတူအစ်ကိုက ဒီတစ်ခေါက် ဘာကိစ္စပြောဖို့ လာတာလဲ..."
ဇောင်ဝန်ချွမ်းက ချက်ချင်းပင် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီကိစ္စက ထိုက်ရိဂိုဏ်းနဲ့ ပတ်သက်နေတယ်..."
"မကြာသေးခင်က သိုင်းလောကထဲမှာ ကောလာဟလတွေ ထွက်ပေါ်နေတယ်... အရင်တုန်းက ထိုက်ရိဂိုဏ်းကနေ ပျောက်ဆုံးသွားခဲ့တဲ့ မြေကမ္ဘာစာလိပ်က သိုင်းလောကထဲမှာ ပြန်ပေါ်လာပြီလို့ ပြောကြတယ်..."
"ဘာ..."
ဝူချန်းဟွမ်သည် ဆွံ့အသွား၏။ ထိုက်ရိဂိုဏ်း၏ ပုရိကောင်းကင်စာလိပ် သုံးတွဲမှာ ထိုက်ရိဂိုဏ်းအတွက် အလွန်ပင် အရေးကြီးလှပေသည်။
ဤသတင်းကို အိမ်သို့ အမြန်ဆုံးပေးပို့ရမည်ဖြစ်ပြီး ဖခင်ဖြစ်သူမှတစ်ဆင့် ချူမိသားစု၏ အစ်ကိုလတ်ဖြစ်သူ ချူဖန်အား အသိပေးရမည် ဖြစ်၏။
သူမ စိုးရိမ်နေသည်ကို မြင်သောအခါ ဇောင်ဝန်ချွမ်းက ပြုံးကာ ပြောလိုက်သည်။
"ဂိုဏ်းတူညီမလေးဝူ... အရင်ဆုံး မလောပါနဲ့ဦး... ဒီသတင်းက အစစ်လား မသေချာသေးပါဘူး..."
"ပြီးတော့ ဒီကိစ္စက ပတ်သက်မှုတွေ အများကြီး ရှိနေတယ်... ထိုက်ရိဂိုဏ်းတစ်ခုတည်းတင် မဟုတ်ဘူး... အစ်ကို တောင်အောက်ဆင်းရတာလည်း ဒီကိစ္စကြောင့်ပဲ..."
"ဂိုဏ်းတူအစ်ကိုဇောင်... ဖြည်းဖြည်းချင်း ရှင်းပြပါဦး..."
သူမသည် နောက်သို့ တစ်လှမ်းဆုတ်ကာ မဏ္ဍပ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး နှစ်ဦးသား မျက်နှာချင်းဆိုင်ထိုင်လိုက်ကြရာ ဇောင်ဝန်ချွမ်းက ဖြည်းဖြည်းချင်း ပြောပြလေတော့သည်။