အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း(၂၁၁) ဒီအဆိပ်က ခြေထောက်စိမ်ဖို့ အတော်ပဲ
' သူတို့ ဘာကို မြင်လိုက်ရတာလဲ...'
သူတို့ရဲ့ အိမ်ရှေ့စံ မင်းသား...သာရှမင်းဆက်ရဲ့ အရိုက်အရာဆက်ခံသူက....ထိပ်တန်း စစ်သည်တွေကိုတောင် အဆိပ်သင့်စေနိုင်တဲ့ ဒီလောက် ပြင်းထန်တဲ့ အဆိပ်ရည်ထဲမှာ သူ့ရဲ့ ခြေထောက် စိမ်ထားသတဲ့လား....'
' ဒါတောင် သူက ဘာမှမဖြစ်သလို နေနိုင်တယ်ပေါ့....'
စူးဝမ်ချင်း၏ ဦးနှောက်ထဲတွင် "ဂျိန်း"ခနဲ့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ဆေးပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သော်လည်း ၊ ယခု မြင်လိုက်ရသည့် မြင်ကွင်းက သူမ နားလည်ထားသည့် အရာတိုင်းကို ပြောင်းပြန်လှန်ပစ်ခဲ့လေ၏။
သူမသည် ထိုခြေဆေးရေကို စိုက်ကြည့်လိုက်ရာ ၊ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
ရှောင်ရှန်းသည် သူ့ခြေထောက်ကို ရေထဲတွင် နစ်ကာ မွှေလိုက်သည်နှင့်အမျှ ၊ စိမ်းဖန့်ဖန့် အဆိပ်ရည်များမှာ မျက်ဝါးထင်ထင် အရောင်ဖျော့သွားသည်ကို မြင်လိုက်ရသည်။
အဆိပ်ထဲတွင် ပါဝင်သော ပြင်းထန်သည့် အဆိပ်ဓာတ်များမှာ နေရာင်ခြည်အောက်မှ မြန်မြန်ဆန်ဆန် အရည်ပျော်ကျသွားသော နှင်းခဲများသဖွယ် အဆိပ်ဓာတ်များက လျင်မြန်စွာ ပျက်ပြယ်သွားသည်။
'ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
' ဒါက ခြေဆေးရေ မဟုတ်ဘူးလေ .... ဆရာသခင်အဆင့် ရှိတဲ့သူကိုတောင် အသေဆိုးနဲ့ သေစေနိုင်တဲ့ ပြင်းထန်တဲ့ အဆိပ်ရည်လေ....'
ချင်ချန်းလည်း ကြောင်အမ်းနေ၏။ သူ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
' အရှင့်သား… သူ ထပ်လုပ်ပြန်ပြီ ၊ သာမန်လူတွေ ဖြေရှင်းလို့မရတဲ့ ပြဿနာကို သာမန်လူတွေ နားမလည်နိုင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းပြန်ပြီ..'
ရှောင်ရှန်းတစ်ယောက် ဤအရာများကို ဘာမှမသိရှာပေ။ သူသည် ခြေဖဝါးမှ စိမ့်ဝင်လာသော နွေးထွေးမှုများကို ခံစားရင်း သက်တောင့်သက်သာ အနေအထားဖြင့် ရှိနေ၏။
နွေးထွေးသော စွမ်းအင်စီးကြောင်းများက ခြေဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသဖြင့် ပင်ပန်းမှုများက တခဏချင်း ပျောက်ကွယ်သွားဟန်ရသည်။
သူ၏ စိတ်ထဲတွင် မွေးရာပါ တာအိုသန္ဓေသားလောင်းသည် အဆိပ်၏ ရှုပ်ထွေးသော ဖွဲ့စည်းပုံကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကာ အဆိပ်ဖြေနေခဲ့သည်။
သို့သော် သူသည် ဤအရာများကို ထိုင်ပြီး စဉ်းစားနေရန်မှာ ပျင်းလွန်းလှသည်။ သူသည် သမ်းဝေကာ ခန္ဓာကိုယ်ကို အကျောဆန့်ရင်း ဆိုလိုက်၏။
“အင်း… ဒီရေနဲ့ ခြေဆေးရတာ အရမ်းကောင်းတာပဲ..... နွေးနွေးလေး ဒါပေမဲ့ အဆိပ်က နည်းနည်း ပျော့တဲ့ပုံပဲ"
ထိုစကားသံအဆုံးတွင် စူးဝမ်ချင်းနှင့် ချင်ချန်းတို့မှာ တုန်လှုပ်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းထဲ၌ အံ့ဩမှု ၊ နားမလည်နိုင်မှု ၊ သံသယ အရိပ်အယောင်များ ရှိနေ၏။
'အဆိပ်က… ပျော့တယ်ဟုတ်လား'
' ဒါဆို ဒီအဆိပ်က အရှင့်သားအတွက် ဘာမှမဖြစ်ရုံတင်မကဘဲ... ခြေထောက်စိမ်ဖို့ လုံလောက်တဲ့အထိ အဆိပ်ပျော့လွန်းတယ်လို့ ဆိုလိုတာလား'
စူးဝမ်ချင်း၏ နှလုံးသားမှာ ပြင်းထန်စွာ တဒိတ်ဒိတ်ခုန်နေသည်။ အဓိပ္ပာယ်မရှိသော်လည်း တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် အတွေးတစ်ခုက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာလေ၏။
' မဟုတ်မှလွဲရော... အဆိပ်ဖြေဖို့ သော့ချက်က ရှားပါးဆေးပင်တွေကို ရှာဖို့ မဟုတ်ဘဲ… အရှင့်သားကိုယ်တိုင် ဖြစ်နေခဲ့တာလား'
' ဒါမှမဟုတ် အရှင့်သားရဲ့ ခန္ဓာကိုယ်က ဒီလောကမှာ အပြင်းထန်ဆုံး… အဆိပ်ဖြေဆေး ဖြစ်နေမလား...'
ဤအတွေး စိတ်ထဲ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ၊ သူမ၏ အတွေးအားလုံးကို ချက်ချင်း ရှုပ်ထွေးသွားစေခဲ့သည်။ သို့သော်လည်း သမားတော်တစ်ယောက်၏ ဗီဇအရ ၊ အရာအားလုံးကို ကျော်လွှားကာ အသက်များကို ကယ်တင်ခြင်းသည် သူမ၏ ထိပ်တန်းဦးစားပေးဖြစ်သည်။
သူမသည် ရှောင်ရှန်း၏ ရှေ့သို့ ရုတ်တရက် ပြေးဝင်သွားပြီး ယခင်က မရှိဖူးသော ပူလောင်ပြင်းပြမှုနှင့် တောင်းတမှုတို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း ဆိုလိုက်သည်။
“ အရှင့်သား"
သူမ၏ အသံသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသည်။
“ဒီအဆိပ်က အလွန်ကို ရက်စက်ပြီး ပြင်းထန်တယ်... သာမန်အဆိပ်ဖြေဆေးတွေနဲ့ ထိရောက်မှု မရှိပေမယ့် ဒါပေမဲ့ အရှင့်သားရဲ့ ကိုယ်ခံစွမ်းအားက... ဒီအဆိပ်ရဲ့ သဘာဝ ရန်သူတော်ကြီး ဖြစ်ပုံရတယ်"
" အိမ်ရှေ့စံအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ဒီလူရာပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ် အရှင့်သား"
ချင်ချန်းလည်း ဤအခြေအနေကို သဘောပေါက်သွားသည်။ ဆေးပညာ၏ သဘောတရားကို သူ နားမလည်သော်လည်း အမှန်တရားကိုတော့ မြင်နိုင်သေးသည်။
အိမ်ရှေ့စံသည် ခြေထောက်ကို ရေစိမ်လိုက်ရုံဖြင့် အဆိပ်ရေသည် ရေကြည်အဖြစ် ပြောင်းလဲသွားသည်။ အဖြေမှာ သိသာသည်။ သူသည် ချက်ချင်းလက်ငင်း ဒူးတစ်ဖက်ထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အိမ်ရှေ့စံမင်းသား....အိမ်ရှေ့စံရဲ့ ခန္ဓာကိုယ်ဟာ မွေးရာပါ အဆိပ်ဖြေလက်နက်ကြီးပါပဲ...ကျွန်တော်မျိုးရဲ့ စစ်သည်တော်တွေနဲ့ အပြစ်မဲ့ အရပ်သားတွေကို ကယ်တင်ပေးတော်မူပါ အရှင့်သား"
ရှောင်ရှန်းမှာ မျှော်လင့်မထားသော “အဆိပ်ကုထုံး ခြေဆေးခြင်း” ကို ခံယူပြီးခါစဖြစ်၍ တစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းကာ အရိုးအကြောများ ပွင့်လန်းသွားပြီး အခန်းထဲ ပြန်အိပ်ရန် ကြံစဉ်နေစဉ် ၊
ဤလူနှစ်ယောက်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
၎င်းတို့၏ တောင်းဆိုမှုကို ကြားပြီးနောက် ရှောင်ရှန်းတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားသည်။
'လက်ပိုက်ကြည့်မနေဘဲ လူကယ်ရမယ်...ဘယ်လိုကယ်ရမှာလဲ ၊ သူ့ကို လူရာပေါင်းများစွာဆီ လိုက်ပြီး တစ်ယောက်ချင်းစီအတွက် ခြေထောက်လိုက်စိမ်ခိုင်းတာလား'
သူ၏ဦးနှောက်ထဲတွင် ပုံရိပ်တစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
သူသည် စင်မြင့်ပေါ်တွင် ထိုင်နေပြီး ၊ အောက်တွင် တန်းစီနေသော ရှည်လျားသော လူတန်းကြီး တစ်ခုရှိသည်။ အဆိပ်မိနေသော စစ်သည်များနှင့် အရပ်သားများက ၎င်းတို့၏ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ ရိုရိုသေသေ ကမ်းပေးနေပြီး ၊ စင်မြင့်ပေါ်က သူသည် လက် သို့မဟုတ် ခြေထောက်ဖြင့် ကိုင်တွယ်ကာ"ကုသ"ပေးမည်။
ဤသို့တွေးမိရုံနှင့်ပင် တုန်လှုပ်သွားပြီး ၊ ရှောင်ရှန်းတစ်ယောက် ခေါင်းကို ပုခက်လွှဲသလို ခါယမ်းလိုက်သည်။
“မဖြစ်ဘူး မဖြစ်ဘူး၊ လုံးဝမဖြစ်ဘူး”
သူသည် ထိတ်လန့်ခြောက်ခြားသော မျက်နှာအမူအယာဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ခွာသွားသည်။ အဆိုးရွားဆုံး အိမ်မက်ဆိုးထက် ပိုကြောက်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည့်အလား ထင်မှတ်ရသည်။
“မနောက်နဲ့ ....ငါကိုယ်တော်ရဲ့ ရွှေကိုယ်ထည်ကို မင်းတို့လို သာမန်လူတန်းစားတွေ ထိလို့ရပါ့မလား...အပြင်ကိုသာ ဒီသတင်းပေါက်ကြားသွားရင် ဘယ်သိက္ခာရှိတော့မလဲ...ဒါက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်"
သူ တွေးမိသည်က ဤအလုပ်သည် အလွန် ပင်ပန်းသည်။ လူရာပေါင်းများစွာကို ဘယ်အချိန်ထိ လုပ်ပေးနေရမည်နည်း။ ယင်းအစား အိပ်ရာဝင်ပြီး အိပ်လိုက်တာက ပိုကောင်းဦးမည်။
ထို့ကြောင့် “တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာ” ကို ဒိုင်းအဖြစ် အသုံးပြုလိုက်ခြင်းက ပြီးပြည့်စုံသော အဖြေသာ ဖြစ်သည်။
စူးဝမ်ချင်းမှာ စကားမဲ့သွားသည်။ ဤအကြောင်းပြချက်သည် အပြစ်ပြောစရာမရှိအောင် ခိုင်မာလွန်းသော်လည်း သူမ၏ စိတ်ထဲတွင် မီးတောက်မတတ် ပူလောင်နေမိသည်။