← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း(၂၁၂) ခြေဆေးရေတစ်စက် ချီးမြှင့်ပေးသနားတော်မူပါ

သို့သော်လည်း စစ်သူကြီး ချင်ချန်း၏ ဦးနှောက်က ဤအခိုက်အတန့်တွင် စစ်သည်တစ်ယောက်၏ ထူးကဲပြီး အကျိုးအကြောင်းသင့်ကာ လက်တွေ့ကျသော ဉာဏ်ပညာကို ပြသခဲ့လေ၏။

သူ၏ အကြည့်က ရှောင်ရှန်း၏ ခြေရင်းနားရှိ ကြည်လင်နေပြီး ထူးဆန်းသော ဆေးရနံ့ အနည်းငယ် သင်းပျံ့နေသည့် ခြေဆေးရေဇလုံပေါ်သို့ ကျရောက်သွားသည်။

သူ၏မျက်ဝန်းများမှာ အရောင်တစ်ချက် တောက်ပသွားပြီးနောက်၊ လူတိုင်းကို လုံးဝ မှင်သက်သွားစေမည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။

“ဝုန်း"

ဤဖြောင့်မတ်မှန်ကန်ပြီး စစ်အင်အားအလုံးအရင်းကို ဆုပ်ကိုင်ထားသော စစ်သူကြီးကြီးသည် ဒူးနှစ်ဖက်စလုံး ထောက်ချလိုက်ပြီး ထိုခြေဆေးရေဇလုံကို ဦးတိုက်ကာ အရိုအသေပေးလိုက်သည်။

“အိမ်ရှေ့စံမင်းသား"

ချင်ချန်း၏ လေသံထဲတွင် ပြတ်သားမှုနှင့် စွန့်စားရဲသော ဉာဏ်ပညာတို့ ဖြင့် ပြည့်နှက်နေခဲ့သည်။

“ ကျွန်တော်မျိုး အိမ်ရှေ့စံရဲ့ တော်ဝင်ခန္ဓာကို ညှိုးနွမ်းစေဖို့ မတောင်းဆိုဝံ့ပါဘူး .. ကျွန်တော် တောင်းဆိုချင်တာက... ကျွန်တော်မျိုး စစ်သည်တော်တွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် အိမ်ရှေ့စံရဲ့ ‘နတ်ရေစင်’ တစ်စက်ကို ချီးမြှင့်ပေးသနားဖို့ပဲ တောင်း‌ဆိုပါရစေ"

ဤကျယ်လောင်သော ဟစ်အော်သံသည် မြေပြန့်တွင် မိုးကြိုးတစ်ချက် ပစ်ချလိုက်သကဲ့သို့ နာကျင်မှုဒဏ်ကို ခံစားနေရသော လူများကိုပင် နိုးထလာစေခဲ့သည်။

သတိကောင်းကောင်း ရှိနေသေးသည့် အဆိပ်မိနေသော စစ်သည်များနှင့် အရပ်သားများသည် ချင်ချန်း၏ အကြည့်အတိုင်း လိုက်ကြည့်မိရာ ထိုရေဇလုံကို မြင်လိုက်ရသည်။

သူတို့သည် ထိုအထဲက လျှို့ဝှက်ချက်ကို နားမလည်ကြသော်လည်း ၊ သူတို့အ‌နေဖြင့် စစ်သူကြီးကို ယုံကြည်သလို အိမ်ရှေ့စံမင်းသားမှာလည်း ဘာအန္တရာယ်မှ မဖြစ်ဘဲ ဘေးကင်းနေသည့်အချက်ကို မြင်တွေ့နေရသည်။

ဤအခိုက်အတန့်တွင် အသက်ရှင်လိုသော စိတ်ဆန္ဒက အရာအားလုံးကို အနိုင်ယူသွားခဲ့လေ၏။

“ အရှင့်သား.. နတ်ရေစင် ချီးမြှင့်ပေးသနားတော်မူပါ"

“အရှင့်သား ....ကရုဏာသက်တော်မူပါ ၊ နတ်ရေစင်တစ်စက် ချီးမြှင့်ပေးဖို့ တောင်းဆိုပါရစေ"

အနီးဆုံးတွင် ရှိနေသော စစ်သည်တစ်ယောက်သည် လူးလဲထကာ ထိုရေဇလုံဘက်သို့ ဦးတိုက်ချလေ၏။ ထို့နောက် တောမီးကဲ့သို့ပင် တည်းခိုခန်း အတွင်းနှင့် အပြင်ရှိ လှုပ်ရှားနိုင်သေးသော လူတိုင်း ရှောင်ရှန်း ရှိရာ အရပ်သို့ ဒူးထောက်ချလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ တောင်းပန်တိုးလျှိုးသံများနှင့် ဦးတိုက်သံများသည် ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး၊ မြင်ကွင်းသည် မယုံနိုင်စရာကောင်းလောက်အောင် ခမ်းနားကြီးကျယ်လှသည်။

လူရာပေါင်းများစွာသည် ရွှေငွေရတနာများ ချီးမြှင့်ပေးရန် နှင့် ရာထူးတိုးမြှင့်ဖို့ မတောင်းဆိုကြဘဲ အိမ်ရှေ့စံမင်းသား၏ ခြေဆေးရေတစ်ငုံ သောက်ရဖို့အတွက်သာ တောင်းပန်နေကြခြင်း ဖြစ်သည်။

ရှောင်ရှန်း တစ်ယောက် ဆွံ့အသွားသည်။

သူသည် ဤအခြေအနေကြီးကြောင့် တစ်ခေါင်းလုံး ပူထူသွားပြီး ၊ မိမိ၏ ခြေဆေးရေဇလုံကို ကြည့်လိုက် ထို့နောက် စိတ်အားထက်သန်သော မျက်လုံးများဖြင့် တောင်းဆိုနေကြသော လူအုပ်ကြီးကို ကြည့်လိုက်ရင်း ခေါင်းတစ်ခုလုံး လောင်ကျွမ်းမတတ် ခံစားလိုက်ရသည်။

သူ ယခု ခက်ခဲသော ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ရွံစရာကို အောင့်အည်းသည်းခံကာ ဤရေဇလုံကို ပေးအပ်လိုက်ခြင်းဖြင့် ပြဿနာကို ရှင်းမည်လော။

သို့မဟုတ် လူရာပေါင်းများစွာ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံကာ ခြေဆေးရေ ချီးမြှင့်ရန် ကမ္ဘာပျက်မတတ် ငိုယိုတောင်းဆိုခြင်းကို ခံမည်လော။

နောက်ဆုံးတစ်ခုက ပို၍ ဒုက္ခများနိုင်သည်။

စက္ကန့်အနည်းငယ်မျှ စိတ်ကူးတိုက်ပွဲဖြစ်ပြီးနောက် ၊ ရှောင်ရှန်း၏ ပျင်းရိမှုက သူ့တွင်ရှိသော အသန့်အရှင်းကြိုက်မှုကို အနိုင်ရရှိသွားခဲ့သည်။ သူသည် အံကြိတ်ကာ ငိုမဲ့မဲ့ မျက်နှာပေးဖြင့် ထိုရေဇလုံကို လက်ညှိုးထိုးပြီး စကားလုံးအချို့ကို ညှစ်ထုတ်လိုက်သည်။

“ဒီတစ်ကြိမ်ပဲ၊ နောက်တစ်ကြိမ် မရှိစေနဲ့"

“အိမ်ရှေ့စံရဲ့ ကရုဏာကြီးမားမှုကို ကျေးဇူးတင်ရှိပါတယ်"

ချင်ချန်းသည် ရတနာတစ်ပါးကို ရရှိလိုက်သကဲ့သို့ ချက်ချင်း ထရပ်ကာ ထို “နတ်ရေစင်” ဇလုံကို တိုင်းပြည်၏ တော်ဝင်တံဆိပ်တုံးကြီးကို ပွေ့ချီထားသကဲ့သို့ ဂရုတစိုက် မယူလိုက်သည်။

စူးဝမ်ချင်းက ချက်ချင်းဆိုသလို လွှဲပြောင်းရယူလိုက်ပြီး သန့်ရှင်းသော ရေပုံးတစ်ပုံးကို ယူကာ ဇလုံထဲက ရေများကို လောင်းထည့်လိုက်သည်။ ထို့နောက် ရေကြည်အမြောက်အမြား ရောနှောကာ ပမာဏများပြားအောင် လုပ်ဆောင်လိုက်သည်။

ထို့နောက် အဆိပ်မမိသေးသော လူများကို ညွှန်ကြားပြီး အဆိပ်မိနေသူ တစ်ယောက်ချင်းစီကို ခွက်ငယ်လေးများဖြင့် ဝေငှပေးလိုက်သည်။

အံ့သြဖွယ် အမှုအရာသည် လူအများ၏ ရှေ့မှောက်တွင်ပင် ဖြစ်ပျက်လာခဲ့သည်။

ထိုအဆိပ်တစ်သောင်းဂိုဏ်း၏ လွန်စွာ ရက်စက်သော အဆိပ်သည် ရောနှောထားသော “နတ်ရေစင်” နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ၊ ရေနွေးပူနှင့် ထိတွေ့သွားသော နှင်းပွင့်များကဲ့သို့ပင် ပျော်ဝင်ပျက်စီးသွားခဲ့သည်။

အဆိပ်မိထားသူများသည် ထိုနတ်ရေစင်ကို သောက်သုံးပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်နှာပေါ်ရှိ အမည်းရောင်နှင့် အစိမ်းရောင် အစင်းကြောင်းများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ၊ နာကျင်သော ညည်းတွားသံများသည် သက်တောင့်သက်သာရှိသော အသက်ရှူသံများအဖြစ် ပြောင်းလဲသွားခဲ့သည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာပင် ၊ လူတိုင်းသည် ယခင်ကအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး အားနည်းနေရုံမျှသာ ရှိတော့သည်။

အဆိပ်တစ်သောင်းဂိုဏ်းမှ စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ရန် ပင်ပင်ပန်းပန်း ဖော်စပ်ထားသည့် ရောနှောအဆိပ်ဆန်းကြီးသည် ရှောင်ရှန်း၏ ခြေဆေးရေတစ်ဇလုံဖြင့် ရှက်စရာကောင်းလောက်အောင် ခြေဖျက်ခံလိုက်ရသည်။

တည်းခိုခန်းမှ မီတာတစ်ရာအကွာရှိ အမိုးတစ်ခု၏ အရိပ်အောက်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြေးဝါရောင်ကင်းမြီးကောက်မျက်နှာဖုံးကို ဝတ်ဆင်ထားသော လူတစ်ဦးသည် တိတ်ဆိတ်စွာဖြင့် ရပ်ကြည့်နေသည်။

သူသည် မိမိ၏ လက်ရာကောင်းကို လာရောက်ကြည့်ရှုခံစားခြင်း ဖြစ်သည်။ စစ်သည်များနှင့် အရပ်သားများ အဆိပ်ဒဏ်ကြောင့် နာကျင်စွာ သေဆုံးသွားကြသည့် မြင်ကွင်းနှင့် မြင့်မြတ်လှသော အိမ်ရှေ့စံမင်းသားမှာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရသည့်အဖြစ်ကို မြင်ရခြင်းက သူ့အတွက် အကောင်းဆုံး ပျော်ရွှင်မှုပင် ဖြစ်သည်။

အစပိုင်းတွင် အရာအားလုံးက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် အိမ်ရှေ့စံမင်းသားသည် သူ ဖော်စပ်ထားသော အဆိပ်ရေဖြင့် အေးအေးလူလူ ခြေထောက် ဆေးကြောနေသည်ကို မြင်လိုက်ရသည်။

ထို့နောက် ချင်ချန်း တစ်ယောက် ရုတ်ချည်း ဒူးထောက်လိုက်သည်ကို မြင်လိုက်ရပြီး ၊ နောက်ပိုင်းတွင် အရပ်သားများကလည်း ဦးတိုက်လျက် တောင်းဆိုနေကြသည့် မြင်ကွင်းကို မြင်လိုက်ရပြန်သည်။

အဆုံးတွင် သူ ဖန်တီးထားသော လက်ရာကောင်းကြီးသည် ခြေဆေးရေတစ်ဇလုံနဲ့တင် လွယ်လွယ်ကူကူ ခြေဖျက်ခံလိုက်ရသည်ကို မြင်လိုက်ရတော့သည်။

“သွေးအန်သံ——"

အနက်ရောင်ဝတ်စုံနှင့် လူမှာ ရင်ဘတ်ထဲ သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရပြီး၊ နောက်ဆုံးတွင် ထိန်းမထားနိုင်တော့ဘဲ သွေးမည်းတစ်လုပ်စာ အန်ထုတ်လိုက်ရသည်။

“ခြေ... ခြေဆေးရေ... ခြေဆေးရေ ဖြစ်နေတာလား"

ပြင်းထန်သော အမျက်ဒေါသနှင့် အရှက်ရမှုတို့ကြောင့် ၎င်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့ပြီး ၊ အားကောင်းသော အတွင်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲမှ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာကာ ဘေးပတ်ဝန်းကျင်ရှိ အုတ်ကြွပ်ပြားများကို အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေခဲ့သည်။

“ကောင်စုတ်....ဒါ လူကို သိပ်အနိုင်ကျင့်လွန်းတယ်"

“ဟိုမှာပဲ"

ဤအတွင်းအားလှိုင်း လှုပ်ခတ်သွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် ၊ စစ်သူကြီး ချင်ချန်း၏ သိန်းငှက်ကဲ့သို့ ထက်မြက်သော မျက်ဝန်းများသည် ထိုအနက်ရောင်ဝတ်စုံနှင့် လူ ရှိရာ အရပ်သို့ ချက်ချင်း ရောက်ရှိသွားသည်။

All Chapters