← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း(၂၁၃)

သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ ခန္ဓာကိုယ်သည် ဒူးလေးမှ လွတ်ထွက်သွားသော မြှားတစ်စင်းကဲ့သို့ တည်းခိုခန်း၏ ဒုတိယထပ် ပြတင်းပေါက်ကို ရိုက်ချိုးကာ အိမ်ခေါင်မိုးဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

“ဝိုင်းထားကြ"

အသင့်စောင့်ဆိုင်းနေကြသော ကိုယ်ရံတော်များသည် ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ဆာလောင်နေသော ကျားရဲများ တောင်ပေါ်မှ ဆင်းလာသကဲ့သို့ အရပ်မျက်နှာအနှံ့မှ ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူမှာ အမျက်ဒေါသကြောင့် စိတ်လွတ်သွားပြီး ခြေရာလက်ရာ ပေါ်သွားခဲ့သည်။ ယခု အခြေအနေ မကောင်းသည်ကို မြင်သည်နှင့် လှည့်ပြေးရန် ပြင်တော့၏။

သို့သော် သူ ရင်ဆိုင်နေရသည်က တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သော ချင်ချန်းနှင့် အထူးစစ်သည်တော်များ ဖြစ်ကြရာ ပြေးလွတ်နိုင်မည်လော။

ပြင်းထန်သော လိုက်လံဖမ်းဆီးမှု တိုက်ပွဲအပြီးတွင် ၊ အနက်ရောင်ဝတ်စုံနှင့်လူမှာ ချင်ချန်း၏ ဓားချက်ဖြင့် ကျောပြင်တစ်ခုလုံး အခုတ်ခံလိုက်ရကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ချင်ချန်းသည် ထိုလူ၏ ရင်ဘက်ထဲမှ ဆီစိမ်ပိတ်စဖြင့် ထုပ်ပိုးထားသော သိုးရေမြေပုံလိပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ထိုမြေပုံကို ဖြန့်ကျက်လိုက်ပြီး မီးရောင်ဖြင့် ကြည့်ရှုလိုက်ရာ မျက်လုံးများက ချက်ချင်းပင် ကျုံ့ဝင်သွားသည်။

သူသည် တည်းခိုခန်းထဲသို့ အလျင်အမြန် ပြန်ရောက်လာပြီး ၊ ဆူညံသံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ အခန်းထဲ ပြန်အိပ်ရန် ပြင်‌ဆင်နေသော ရှောင်ရှန်းထံသို့ ထိုမြေပုံကို ဆက်သလိုက်သည်။

“အိမ်ရှေ့စံမင်းသား....ဒါက လုပ်ကြံသူရဲ့ ကိုယ်ပေါ်ကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ မြေပုံပါ"

ရှောင်ရှန်းသည် စိတ်မရှည်ဟန်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး စူးဝမ်ချင်းကလည်း ဘေးနားသို့ တိုးကပ်လာခဲ့သည်။

မြေပုံပေါ်တွင် ဆွဲသားထားသည်မှာ ဖျင်အန်းခရိုင် ဘေးပတ်ဝန်းကျင်ရှိ လျှို့ဝှက်သော တောင်ကြားတစ်ခု ဖြစ်သည်။ ၎င်း၏ မြေမျက်နှာသွင်ပြင်သည် ရှုပ်ထွေးကာ ဝင်ပေါက်တွင် ပြဒါးရောင်ဖြင့် ဦးခေါင်းခွံပုံကြီးတစ်ခုကို ဆွဲထားပြီး ဘေးတွင် စာသားသုံးလုံးကို ရေးသားထားသည်--- ဆေးပင်တစ်ရာတောင်ကြား။

မြေပုံ၏အလယ်ဗဟို ၊ အစောင့်အကြပ်အထူထပ်ဆုံးနှင့် ချိုင့်ဝှမ်းအလယ်ဗဟိုတွင် စာလုံးသုံးလုံးကို ရေးသားထားပြန်သည်။

ထိုစာသားသုံးလုံးသည် ဒြပ်မဲ့ မှော်အစွမ်းတစ်ခု ရှိနေသည့်အလား အမြဲတမ်း ငိုက်မြည်းနေတတ်သော ရှောင်ရှန်း၏ မျက်ခွံများကို ပထမဆုံးအကြိမ်အဖြစ် မသိမသာ လှုပ်ခါသွားစေခဲ့သည်။

.....

နဂါးသွေးကြောအမြစ်။

ဘိုးဘေးဧကရာဇ်မင်း အိပ်မက်ပေးစဉ်က ဆီးနှင်းသုံးလွှာ ခြစ်ထုတ်လို့ရလောက်အောင် ခက်ထန်သော မျက်နှာပေးနှင့် “မင်းရဲ့ အသက်က နဂါးသွေးကြောနဲ့ ဆက်နွှယ်နေတယ်” ဟူသော သတိပေးချက်သည် ဦးနှောက်ထဲတွင် ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်လာခဲ့သည်။

ရှောင်ရှန်း၏ ကျောပြင်တစ်ခုလုံး စက္ကန့်ပိုင်းအတွင်း ချွေးစေးများဖြင့် ရွှဲနစ်သွားသည်။

' လာနောက်နေတာလား....'

မိမိ၏ အသက်ရင်းမြစ်သည် အဆိပ်ဖော်စပ်သော မိစ္ဆာဂိုဏ်းတစ်ခု၏ လက်ထဲတွက် ရောက်ရှိနေလေသလော။

' ဒီလိုသာဆိုရင် သူ ဘယ်လိုလုပ်ပြီး အေးအေးလူလူ လှဲအိပ်နေလို့ ရတော့မှာလဲ... တော်ကြာ သကောင့်သားတွေက စိတ်ကူးပေါက်ပြီး ဒီ “အမြစ်” ကို ဟင်းချိုလုပ်သောက်တာတို့ ... အရက်စိမ်တာတို့ ဒါမှမဟုတ် ထင်းအဖြစ် မီးရှို့ပစ်လိုက်ရင် သူ နေရာတင် ပွဲချင်းပြီး သေသွားနိုင်တယ် မဟုတ်လား'

အေးအေးလူလူ ဇိမ်ခံမည့် လုပ်ငန်းကြီးသည် မကြုံစဖူး ခြိမ်းခြောက်မှုကို ခံလိုက်ရချေပြီ။

ယခင်က မရှိဖူးသော စိုးရိမ်စိတ်တို့သည် ရှောင်ရှန်း၏ ဦးနှောက်ထဲသို့ ဝင်‌ရောက်လာ၏။ သူ၏ ပျင်းရိသောဗီဇသည် ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးအဆင့် သတိပေးချက်ကို ထုတ်ပြန်ခဲ့လေသည်။

“အိမ်ရှေ့စံ..."

စူးဝမ်ချင်းသည် ရှောင်ရှန်းတစ်ယောက် စက္ကန့်ပိုင်းမျှ တောင့်တင်းသွားသည်ကို ရိပ်မိလိုက်သည်။

ချင်ချန်းကလည်း မေးခွန်းထုတ်လိုသော အကြည့်ဖြင့် ကြည့်လာခဲ့ပြီး ၊ အိမ်ရှေ့စံမင်းသားသည် ဤမြေပုံနောက်ကွယ်ရှိ ကြီးမားသော လျှို့ဝှက်ချက်ကြောင့် တုန်လှုပ်သွားသည်ဟု ထင်မှတ်နေသည်။

ရှောင်ရှန်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၊ ရင်ထဲတွင် လှိုင်းထန်နေသော ထိတ်လန့်မှုများကို အတင်းအကျပ် ဖိနှိပ်ကာ မျက်နှာပေါ်တွင် အရိုက်ခံချင်စရာကောင်းသော ငပျင်းတစ်ကောင်၏ မျက်နှာပေးကို ပြန်လည် ဖော်ဆောင်လိုက်သည်။

သူသည် တရားမျှတသော ပုဂ္ဂိုလ်ကြီး တစ်ယောက်၏ ဟန်ပန်ကို အတုယူကာ ထိုသိုးရေမြေပုံကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။

“စစ်သူကြီး ချင်ချန်း”

သူ၏ လေသံထဲတွင် ယခင်ကမရှိဖူးသော ပြတ်သားမှုများ ရှိနေ၏။

“ကြည့်စမ်း၊ ဒီအဆိပ်တစ်သောင်းဂိုဏ်းဟာ ငါတို့ သာရှတိုင်းပြည်ရဲ့ နယ်မြေကို ကျူးကျော်ပြီး ရတနာတွေကို ဝှက်ထားရုံတင်မကဘဲ အရပ်သားတွေကိုလည်း နှိပ်စက်ညှင်းပန်းနေကြတယ်....ဒါက တိုင်းပြည်ရဲ့ မဟာသူခိုးကြီးပဲ...ဒါ လုံးဝ သည်းမခံနိုင်စရာပဲ"

ချင်ချန်းသည် ထိုစကားကို ကြားသည်နှင့် ၊ သွေးများ ပွက်ပွက်ဆူလာပြီး ချက်ချင်း ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။

“အိမ်ရှေ့စံ မိန့်ကြားတာ မှန်တယ်...ကျွန်တော်မျိုး ရှေ့ပြေးတပ်အဖြစ် ဆောင်ရွက်ပြီး ဒီရန်သူတွေကို ချေမှုန်းပစ်ပါ့မယ်"

ရှောင်ရှန်းက ချီးကျူးသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် စကားလမ်းကြောင်းကို ပြောင်းလဲကာ သနားဂရုဏာသက်သော လေသံဖြင့် ဆက်လက် ပြောကြားပြန်သည် ။

“ဒါပေမဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်က အားနည်းနေပြီး စစ်သည်တော်တွေကလည်း နှစ်စဉ်နှစ်တိုင်း စစ်တိုက်နေရလို့ စစ်အသုံးစရိတ်တွေ ပြတ်လပ်နေရတယ်...ငါကိုယ်တော် တကယ်ကို ရင်ကွဲမတတ် ခံစားရတယ်"

သူသည် စကားကို ခဏရပ်တန့်လိုက်ပြီး ၊ မျက်ဝန်းများက ရုတ်တရက် ထက်မြက်လာကာ လက်ကို အားရပါးရ ဝှေ့ယမ်းလိုက်သည်။

“ဒါကြောင့် ငါကိုယ်တော် ဆုံးဖြတ်လိုက်ပြီ...အထူးစစ်သည်တွေကို ငါကိုယ်တိုင် ဦးဆောင်ပြီး ရန်သူ့ရဲ့အသိုက်အမြုံကို တိုက်ရိုက် စီးနင်းမယ် ၊ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအားလုံးကို သိမ်းယူ... အဟမ်း၊ သူတို့ရဲ့ ရာဇဝတ်မှုအထောက်အထားအားလုံးကို သိမ်းယူမယ်"

" ပြီးတော့ ငါတို့ သာရှတိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်ထဲ ထည့်သွင်းကာ စစ်သည်တော်တွေနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်မယ်...ဒါက ‘စစ်ပွဲဖြင့် စစ်ပွဲကို ထောက်ပံ့ခြင်း’ ဆိုတဲ့ မဟာဗျူဟာပဲ"

စူးဝမ်ချင်းသည် ဘေးမှ နားထောင်ရင်း မျက်ခုံးတစ်ချက် ပင့်တင်လိုက်သည်။

'သူများပစ္စည်း အပိုင်သိမ်းတာကို အပိုင်သိမ်းမယ်လို့ တန်းမပြောဘဲ ဒီလောက်တောင် ဆန်းသစ်ပြီး တရားဝင် စကားလုံးတွေနဲ့ သုံးနှုန်းပြနေသေးတယ်'

သို့သော် ချင်ချန်းသည် ရိုးသားဖြောင့်မတ်သူဖြစ်ရာ ၊ ထိုစကားများကို နားထောင်ပြီး သွေးများ ပွက်ပွက်ဆူလာသည်။

မိမိတို့ အိမ်ရှေ့စံမင်းသားသည် အမြော်အမြင် ကြီးမားပြီး ရန်ပုံငွေ ပြဿနာကိုပါ ထည့်သွင်းစဉ်းစားနေသည်ဟု ထင်မှတ်ကာ ချက်ချင်း လက်သီးဆုပ် အလေးပြုရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။

All Chapters