အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း(၂၁၅) အချဉ်သိပ်ခံထားရတာပဲ
“ဟူးးး——”
ကျေနပ်အားရသော ညည်းတွားသံတစ်ခု သူ၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာခဲ့သည်။ အအေးဓာတ်သည် အရိုးထဲအထိ စိမ့်ဝင်သွားပြီး စိတ်ဝိညာဉ်ကို တည်ငြိမ်စေကာ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းကို ပွင့်ထွက်သွားစေသည်။
ဤခံစားချက်သည် စောစောက “အဆိပ်ကုထုံး ခြေဆေးခြင်း” ထက် အဆပေါင်းများစွာ သက်တောင့်သက်သာ ရှိလှသည်။
“ရှာတွေ့ပြီ....ရှာတွေ့ပြီ"
ရှောင်ရှန်း တစ်ယောက် ချက်ချင်း ထထိုင်လိုက်ပြီး အလုပ်ရှုပ်နေဆဲဖြစ်သော စူးဝမ်ချင်းကို စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်လိုက်သည်။
“မိန်းကလေးစူး... အဲ့ဒီ ပန်းတွေ မြက်တွေကို ဂရုစိုက်မနေနဲ့ ၊ ဒီကို မြန်မြန်လာကြည့်စမ်း...ဒါကမှ ဒီတစ်ခေါက် ‘ပစ္စည်းသွားဝယ်ခြင်း’ ရဲ့ အကြီးမားဆုံးသော ရလဒ်ပဲ"
စူးဝမ်ချင်းမှာ ရှုပ်ထွေးစွာဖြင့် လျှောက်လှမ်းလာခဲ့ပြီး ၊ ထိုရေခဲကျောက်စိမ်းကုတင်ကို ကြည့်လိုက် ထို့နောက် ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ ဖြစ်နေသော ရှောင်ရှန်း၏ မျက်နှာပေးကို ကြည့်လိုက်နှင့် အခိုက်အတန့်မျှ စကားမဲ့နေသည်။
သူတို့အနေဖြင့် ဤကြီးမားသော ကျောက်စိမ်းကုတင်ကြီးအား မည်သို့ သယ်ဆောင်သွားရမည်ကို တွေးတောနေစဉ်မှာပင် ၊ ထူးဆန်းသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံးနေရာရှိ ကျောက်နံရံတစ်ခုပေါ်တွင် မည်သည့်အရိပ်အယောင်မျှမပြဘဲ အမည်းရောင်နှင့် အစိမ်းရောင် အစင်းကြောင်းများ ပြည့်နှက်နေကာ နာကျင်စွာဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေသော လူ့မျက်နှာတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။
ထိုမျက်နှာ၏ နှုတ်ခမ်းများမှာ လှုပ်ရှားနေပြီး၊ မျက်ဝန်းများက စူးဝမ်ချင်းကို စူးစိုက်ကြည့်နေခဲ့သည်။ မကြားတကြား ဖြစ်နေသော်လည်း၊ အတိုင်းအဆမရှိသော မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည့် အသံဖြင့် တိုးတိုးလေး အကူအညီတောင်းလာ၏။
“ကယ်... ကယ်ပါ... ဆေးဘုရင်တောင်ကြား... တပည့်...”
.....
စူးဝမ်ချင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။ သူမသည် ကျောက်နံရံရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ လက်နှစ်ဖက်ဖြင့် ထိုအေးစက်သော နံရံကို ထိတွေ့ရန် ပြင်လိုက်သည်။
သို့သော် ထိုနေရာတွင် ထူထပ်စွာ ဝန်းရံထားသော ထူးဆန်းသော မန္တန်အစီအရင်များက သက်ဝင်လှုပ်ရှားလာသဖြင့် ရပ်တန့်လိုက်ရသည်။
“ဦးလေးကျိုး"
သူမ ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။
ဤမျက်နှာကို သူမ သိသည်။ ဤလူသည် ဆေးဘုရင်တောင်ကြားတွင် အပါးနပ်ဆုံးနှင့် အထက်မြက်ဆုံး ဦးလေးများထဲမှ တစ်ယောက်ဖြစ်သည့် ‘ကျိုးရှင်းယွမ်’ ဖြစ်သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူသည် အဆိပ်တစ်ခု၏ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် တောင်ပေါ်မှ ဆင်းသွားခဲ့ပြီးနောက် မည်သည့်သတင်းမျှမကြားရတော့ဘဲ လူတိုင်းက သူ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် သူသည် ဤနေရာတွင် ယခုလိုပုံစံဖြင့် ပြန်လည် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ကျိုးရှင်းယွမ်သည် ကျောက်နံရံထဲတွင် အပြည့်အဝ နစ်မြုပ်နေပြီး ၊ သူ၏ခန္ဓာကိုယ်မှာ ကျောက်နံရံနှင့် ပေါင်းစပ်သွားပုံရကာ မျက်နှာကိုသာ မြင်ရတော့သည်။
သူ့မျက်နှာမှ မရေမတွက်နိုင်သော အနက်ရောင်သွေးကြောကဲ့သို့သော အစင်းကြောင်းများသည် ကျောက်နံရံထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီး တောက်ပနေသော တားမြစ်ချက် မန္တန်များနှင့် ချိတ်ဆက်နေသည်။
ကျောက်နံရံ၏ အပေါ်တည့်တည့်တွင် ထူးဆန်းသော အနက်ရောင် ကြာပန်းတစ်ပွင့် ချိတ်ဆွဲထားပြီး ၊ ကြာဖူးသည် အနည်းငယ်ပွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်။
အသက်ရှူတိုင်း ကျိုးရှင်းယွမ်၏ မျက်နှာပေါ်ရှိ နာကျင်မှုသည် ပိုမိုနက်ရှိုင်းလာပြီး ၊ သူ၏ အသက်စွမ်းအားများသည် အဆက်မပြတ် စုပ်ယူခံနေရကာ ဤ “အဆိပ်တစ်သောင်းမိစ္ဆာကြာပန်း” ကို မွေးမြူသည့် အာဟာရဖြစ်လာ၏။
“ဦးလေး"
နှလုံးသားကို မမြင်နိုင်သော လက်တစ်ဖက်က ပြင်းထန်စွာ ဆုပ်ကိုင်ထားသကဲ့သို့ သူမ၏ရင်ထဲတွင် မွန်းကျပ်နေမိသည်။
သူမသည် ချက်ချင်းပင် ရင်ဘက်ထဲမှ ငွေအပ်များကို ထုတ်ယူကာ ကျိုးရှင်းယွမ်၏ နာကျင်မှုကို လျှော့ချပေးရန်အတွက် တားမြစ်ချက်၏ အချက်အခြာနေရာသို့ ထိုးစိုက်ရန် ကြိုးပမ်းလိုက်သည်။
သို့သော် သူမ၏ လက်ဖျားလေး ကပ်ရုံသာ ရှိသေးသည် ၊ အေးစက်ပြီး သောင်းကျန်းသော စွမ်းအားတစ်ခုက တားမြစ်ချက်ပေါ်မှ တန်ပြန်ပေါက်ကွဲထွက်လာပြီး သူမကို နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားစေခဲ့သည်။
“မ... မထိနဲ့"
ကျိုးရှင်းယွမ်သည် တစ်ကိုယ်လုံးရှိ အားအင်အားလုံးကို အသုံးပြုပြီး လည်ချောင်းထဲမှ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်သည်။
“တားမြစ်ချက်က... တောင်ကြားအစီအရင်ကြီးနဲ့ ချိတ်ဆက်နေတာ... လှုပ်ရှားလိုက်တာနဲ့... အားလုံး အတူတူ ပျက်စီးသွားလိမ့်မယ်...”
စူးဝမ်ချင်း၏ စိတ်နှလုံးသားတစ်ခုလုံး ချောက်နက်ထဲ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
အစီအရင်ကိုသာ အတင်းအကျပ် ဖြိုခွဲလိုက်ပါက ၊ ဦးလေးကျိုး၏ ဝိညာဉ်ပါ နေရာမှာတင် ကြေမွပျက်စီးသွားမည့်အပြင် တောင်ကြား တစ်ခုလုံးရှိ အဆိပ်တစ်သောင်းဂိုဏ်း၏ မိစ္ဆာများလည်း ချက်ချင်း ရိပ်မိသွားကြပေလိမ့်မည်။
သို့သော် အစီအရင်ကို မဖျက်ဆီးဘဲ ဤအတိုင်း ဆက်ထားနေဦးမည်ဆိုပါက ၊ ဦးလေးကျိုး၏ အသက်စွမ်းအားများသည် အနှေးနှင့်အမြန် ထိုမိစ္ဆာကြာပန်း၏ စုပ်ယူခြင်းကို ခံရပေလိမ့်မည်။
သူမ ဘာမျှ မတတ်နိုင်ခဲ့ချေ။ သူမ တစ်သက်လုံး သင်ယူထားခဲ့သမျှ ပညာရပ်အားလုံးသည် ဤအခိုက်အတန့်တွင် အသုံးမဝင်သကဲ့သို့ ဖြစ်နေခဲ့သည်။
သူမ၏ ရင်ထဲ၌ မျှော်လင့်ချက်မဲ့နေစဉ်မှာပင် ၊ အနောက်သို့ လှည့်ကာ ရှောင်ရှန်းကို လှမ်းကြည့်လိုက်မိသည်။ သူသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ရေခဲကျောက်စိမ်းကုတင်ကြီးကို နှမြောတသစွာ ပွတ်သပ်ရင်း၊ ဤရတနာကြီးကို မည်သို့ သယ်ဆောင်သွားရမည်ကို အသည်းအသန် စဉ်းစားနေပုံရသည်။
“ အရှင့်သား"
စူးဝမ်ချင်း၏ အသံထဲတွင် သူမကိုယ်တိုင်ပင် သတိမထားမိသော တုန်ယင်မှု နှင့် တောင်းပန်တိုးလျှိုးမှုများ စွက်ဖက်နေသည်။
ရှောင်ရှန်းမှာမူ သူ့အတွေးနဲ့သူ စိတ်ဓာတ်ကျနေ၏။ သူသည် အိပ်ကောင်းမည့် အကောင်းဆုံး နတ်ဘုရားလက်နက်ကြီးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ၊ အရွယ်အစားမှာ ကြီးမားလွန်းပြီး သူ့တွင် သိုလှောင်ရတနာကလည်း မရှိပြန်ပေ။
' မဟုတ်မှလွဲရော ....ငါ ကိုယ်တိုင် ထမ်းပြီး နန်းတော်ကို သယ်သွားရမှာတော့ မဟုတ်ဘူးမလား ၊ အဲ့လိုသာဆို သူ့ရဲ့ “ဇိမ်ခံမင်းသားကြီး” ဆိုတဲ့ မြင့်မြတ်လှတဲ့ ဂုဏ်သိက္ခာကြီးကို ထိခိုက်သွားနိုင်တယ်"
ထိုစဉ် ၊ သူသည် စူးဝမ်ချင်း၏ ခေါ်သံကို ကြားလိုက်ရသဖြင့် စိတ်မရှည်စွာဖြင့် လျှောက်လှမ်းလာခဲ့ပြီး ၊ နံရံပေါ်ရှိ နာကျင်နေသော မျက်နှာကို တစ်ချက် ကြည့်လိုက် ထို့နောက် ပတ်ပတ်လည်တွင် နေရာချထားသော မန္တန်အစီအရင်များကို ကြည့်လိုက်နှင့် ရေရွတ်လိုက်သည်။
“ဒါက ဟင်းသီးဟင်းရွက် အချဉ်ဖောက်တဲ့ သဘောတရားနဲ့ အတူတူပဲ မဟုတ်ဘူးလား”
သူသည် အေးအေးလူလူ ပြောဆိုလိုက်သည်။
“မုန်လာဥကို အိုးထဲ ထည့်၊ ဆားဖြူး၊ အဖုံးပိတ်ထားလိုက်ရင် အချိန်ကြာလာတာနဲ့အမျှ အရသာ ဝင်သွားတာပေါ့...အခု မင်းက ဒီ ‘မုန်လာဥချဉ်ဖက်ဟောင်း’ ကို အပြင်ထုတ်ချင်တော့ အိုးကို ခွဲပစ်ရမှာပေါ့...အဲ့လိုခွဲလိုက်တာနဲ့ အထဲက အရည်တွေ အားလုံး ဖိတ်စင်ကုန်လိမ့်မယ်"
ကျိုးရှင်းယွမ်ခမျာ ဤဥပမာပေးမှုကြောင့် အသက်ရှုရပ်လုမတတ် ဖြစ်သွားခဲ့ရပြီး၊ စူးဝမ်ချင်းမှာလည်း ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချေမြင့်ချေ ဖြစ်လို့နေ၏။
' ဒါ ဘယ်လိုအချိန်မျိုး ရောက်နေပြီလဲ... သူက လှောင်ပြောင်စကားတွေ ပြောနိုင်သေးတာလား'
“ အရှင့်သား.... နည်းလမ်းတစ်ခုခု စဉ်းစားပေးဖို့ တောင်းဆိုပါရစေ"
စူးဝမ်ချင်း၏ လေသံမှာ တောင်းပန်တိုးလျှိုးခြင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။