အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း(၂၁၆)
“နည်းလမ်းလား”
ရှောင်ရှန်းတစ်ယောက် သမ်းဝေလိုက်ရင်း အိပ်ချင်မူးတူး ပုံစံဖြင့် ဆိုလိုက်၏။
“ဒုက္ခများလိုက်တာ...ဒီတိုင်း ထားလိုက်ပါတော့လား ၊ ဘာပဲဖြစ်ဖြစ် ဒီလောက်နှစ်တွေအထိ အချဉ်သိပ်ခံထားရတာပဲ နောက်ထပ် နည်းနည်းလောက် အချဉ်သိပ်ပြီးရင် အရသာက ပိုပြီး စိမ့်ဝင်သွားတော့မှာ"
ဤစကားလုံးများ ထွက်လာသည်နှင့် ၊ ကျောက်နံရံအတွင်းရှိ ကျိုးရှင်းယွမ်ပင် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ၊ ဤလူစိတ်မရှိသည့် အိမ်ရှေ့စံမင်းသားကို သတ်ပစ်ချင်နေပုံရသည်။
စူးဝမ်ချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လည်ပင်းညှစ်သတ်ချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်ကာ အံကြိတ်ပြောလိုက်သည်။
“ အရှင့်သား... အရှင့်သားအနေနဲ့ ကျွန်မရဲ့ ဦးလေးကို ကယ်တင်ပေးနိုင်ရင် ကျွန်မတို့ ဆေးဘုရင်တောင်ကြားက... အရှင့်သားအပေါ် အကြွေးတစ်ခု တင်သွားပြီ"
" ဆိုတော့... ဒီရေခဲကျောက်စိမ်းကုတင်ကို အရှေ့နန်းဆောင်ကို သယ်ဆောင်ပေးဖို့ နည်းလမ်းရှာပေးမယ်"
“အို”
ရှောင်ရှန်း၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားလေ၏။
သူသည် ထိုရေခဲကျောက်စိမ်းကုတင်ကို တစ်ချက် ကြည့်လိုက်၊ ထို့နောက် ကျောက်နံရံကို တစ်ချက် ကြည့်လိုက်ရင်း နောက်ဆုံးတွင် မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ၊ ငါကိုယ်တော် မတတ်သာတဲ့အဆုံး တစ်ချက် စမ်းကြည့်ပေးရတာပေါ့"
သူသည် တားမြစ်ချက်များဖြင့် ပြည့်နှက်နေသော ကျောက်နံရံရှေ့သို့ လျှောက်လှမ်းသွားပြီး လက်ညှိုးဖြင့် တို့ထိကြည့်လိုက်သည်။
ကြမ်းတမ်းသော စွမ်းအားတစ်ခုက ချက်ချင်း တန်ပြန်ပေါက်ကွဲထွက်လာသော်လည်း ၊ သို့သော် သူ့တွင် ရှိသော 'ငပျင်းတစ်ကောင်၏ ကံကောင်းမှုကြီး"၏ ရှေ့မှောက်တွင် ဘာအသံမျှမထွက်ဘဲ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်ထိခိုက်မှုမျှ မရှိခဲ့ပေ။
“တကယ် မာတာပဲ”
သူသည် ပျင်းရိစွာဖြင့် ညည်းတွားလိုက်၏။
တားမြစ်ချက်ကို ဖျက်ဆီးရမည့် ဤမျှလောက် ရှုပ်ထွေးပြီး ဦးနှောက်ခြောက်စရာကောင်းသော အလုပ်ကို သူ မလုပ်ချင်ပေ။
ယခု သူ၏ ဦးနှောက်ထဲတွင် ဤအလုပ်ကို လျင်မြန်စွာဖြင့် အဆုံးသတ်ပြီး ၊ စူးဝမ်ချင်းအား မိမိ၏ အဖိုးတန်ကုတင်ကြီးကို သယ်ခိုင်းကာ သက်တောင့်သက်သာရှိရှိ လှဲအိပ်ပစ်လိုက်ချင်တော့သည်။
ဤမျှလောက် ရိုးရှင်းပြီး ကြီးမြတ်သော ဆန္ဒကို ရင်ဝယ်ပိုက်ကာ တားမြစ်ချက်ပေါ်တွင် သူ၏ လက်ညိုးဖြင့် ဟိုခြစ်ဒီခြစ် လျှောက်ဆွဲလေတော့သည်။
သူ ဆွဲသားနေသည်မှာ မည်သည့် မြင့်မြတ်သော အစီအရင်ဖျက်မန္တန်မျှ မဟုတ်သလို ၊ နက်နဲသော မှော်သင်္ကေတများလည်း မဟုတ်ပေ။
သူသည် ထိုရှုပ်ထွေးလှသော တားမြစ်ချက် အစီအရင်ပေါ်တွင် မိမိစိတ်အလိုအတိုင်း ငါးတစ်ကောင်၏ ပုံသဏ္ဍာန်ကိုသာ ပုံဖော် ရေးဆွဲနေခြင်း ဖြစ်သည်။
သေဆုံးနေသော ငါးမျက်လုံး၊ ပြားချပ်ချပ် ခန္ဓာဖြင့် အသက်ဓာတ် ကင်းမဲ့နေသော ငါးဆားနယ်တစ်ကောင်သာ ဖြစ်သည်။
“ငါးဆားနယ်တစ်ကောင် ဆွဲပြီးတာနဲ့ ကံကောင်းခြင်းတွေ ရောက်ရှိလာပါစေ ...ငါ ဒီအလုပ်တွေကို မြန်မြန် ပြီးပြတ်ပြီး အိမ်ပြန်အိပ်ရဖို့ မျှော်လင့်ပါတယ်”
ရှောင်ရှန်းတစ်ယောက် စိတ်ထဲကနေ တတွတ်တွတ် ရေရွတ်နေ၏။
သူ့လက်ညှိုးဖြင့် လှုပ်ရှားလိုက်သည်နှင့်အမျှ ၊ သူ၏ ခန္ဓာကိုယ်ထဲမှ မွေးရာပါ ဝာာအိုသန္ဓေသားလောင်းသည် မျက်စိဖြင့်မမြင်နိုင်သော ထူးခြားဆန်းကြယ်သည့် စွမ်းအားများကို ထုတ်လွှတ်လိုက်ကာ တားမြစ်ချက်ထဲသို့ တိတ်တဆိတ် စီးဝင်သွားခဲ့သည်။
နောက်အခိုက်အတန့်တွင် အံ့သြဖွယ်ရာ အမှုတစ်ခု ဖြစ်ပျက်လာခဲ့တော့သည်။
သူ ဆွဲလိုက်သော ထို “ငါးဆားနယ် တစ်ကောင်” သည် အသက်ဝင်လာသည့်အလား။ ၎င်းသည် ထိုသောင်းကျန်းသော စွမ်းအားများကို သွားရောက်တိုက်ခိုက်ခြင်း မပြုသလို၊ ရှုပ်ထွေးလှသော အစီအရင်များကိုလည်း သွားရောက်ဖျက်ဆီးခြင်း မရှိချေ။
ယင်းအစား ၎င်းသည် ကြယ်တာရာမြေပုံကဲ့သို့ ရှုပ်ထွေးသော တားမြစ်ချက်များကြားတွင် ပျင်းရိပျင်းတွဲဖြင့် ဖြည်းညှင်းစွာ “ကူးခတ်” နေခြင်းသာ ဖြစ်သည်။
သူ ကူးခတ်သွားလေရာ နေရာတိုင်းတွင် မူလက သောင်းကျန်းနေသော အဖျက်စွမ်းအားများသည် ကူးစက်ခံလိုက်ရသည့်အလား စက္ကန့်ပိုင်းအတွင်း ပျင်းရိသွားဟန်ရသည်။
အဖျက်စွမ်းအားများကို ဆောင်ကျဉ်းသော မန္တန်တစ်ခုသည် နှစ်ချက်ခန့် လင်းထိန်သွားပြီးနောက် “ထားလိုက်ပါတော့၊ ဒီနေ့တော့ မလှုပ်ချင်တော့ဘူး” ဟု ပြောနေသည့်အလား ပြန်လည် ငြိမ်းသတ်သွားခဲ့သည်။
သတ်ဖြတ်ခြင်းစွမ်းအားများကို ထိန်းသိမ်းပေးထားသော အဓိက အစီအရင်ဗဟိုချက်သည်လည်း တောက်ပနေရာမှ မှေးမှိန်သွားခဲ့ပြီး “သတ်ဖြတ်ခြင်း အငွေ့အသက်ကို ထိန်းသိမ်းထားရတာ ပင်ပန်းလွန်းတယ်၊ ခဏလောက် နားလိုက်ဦးမယ်” ဟု ပြောနေသည့်အလား။
တားမြစ်ချက် အစီအရင်တစ်ခုလုံးသည် အပေါ်မှအောက် ၊ အတွင်းမှအပြင်အထိ “ဖြစ်သလိုပဲ နေတော့မယ်၊ လှဲအိပ်နေတာက အကောင်းဆုံးပဲ” ဟူသော အငွေ့အသက်များ၏ ကူးစက်ခြင်းကို ခံလိုက်ရသည်။
စူးဝမ်ချင်းနှင့် ကျိုးရှင်းယွမ်တို့ နှစ်ဦးစလုံး သရဲတစ္တေကို မြင်လိုက်ရသည့်အလား တောင့်တောင့်ကြီး ဖြစ်နေကြသည်။
၎င်းတို့နှစ်ဦး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင်၊ အဆိပ်တစ်သောင်းဂိုဏ်း၏ ထိပ်တန်း လက်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ဖျက်ဆီး၍မရကာ ထိတွေ့မိသည်နှင့် သေဆုံးစေနိုင်သော ထိုသတ်ဖြတ်ခြင်း တားမြစ်ချက်အစီအရင်ကြီးသည် ဤကဲ့သို့ပင် ဆက်လက် မလည်ပတ်ချင်လောက်အောင် “ပျင်းရိ” သွားခဲ့ပြီး မိမိဘာသာ ပြိုကွဲပျက်စီးသွားလေသည်။
မိုးမြေတစ်ခွင်ကို တုန်လှုပ်စေမည့် ပေါက်ကွဲမှုကြီးများ မရှိသလို ၊ တောက်ပသော အလင်းရောင်များ မရှိပေ။ ဖြစ်စဉ်တစ်ခုလုံးက ဘာအသံမျှမထွက်ဘဲ သာမန်ကာလျှံကာ ဖြစ်ပျက်သွားခဲ့သည်။
ဤသည်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရသော အလုပ်သမားဟောင်းကြီး တစ်ယောက်က ပင်ပန်းနွမ်းနယ်သွားသဖြင့် မိမိဘာသာ အလုပ်ထွက်စာတင်လိုက်သည်နှင့် တူပေသည်။
“ဝုန်း……”
နောက်ဆုံး စွမ်းအားလှိုင်းများ ကွယ်ပျောက်သွားသည်နှင့်အမျှ ကျိုးရှင်းယွမ်သည် ကျောက်နံရံထဲမှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပျော့ခွေစွာ လဲကျသွားခဲ့သည်။
စူးဝမ်ချင်းသည် စက္ကန့်ပိုင်းအတွင်း သတိပြန်ဝင်လာပြီး ရှေ့သို့ ပြေးဝင်ကာ သူ့ကို တွဲထူလိုက်ရင်း ၊ အသက်ကယ်ဆေးလုံး တစ်လုံးကို ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်ပေးလိုက်သည်။
ရှောင်ရှန်းမှာ လက်ပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်ရင်း “ပြီးပြီ အလုပ်သိမ်းမယ်” ဟူသော မျက်နှာပေးဖြင့် ထိုရေခဲကျောက်စိမ်း ကုတင်ဆီသို့ လှည့်ပြန်သွားခဲ့သည်။
စောစောက လုပ်ရပ်သည် သူ့အတွက် အရေးမပါသော ကိစ္စအသေးအမွှားလေးတစ်ခုကို လုပ်ဆောင်ခဲ့သည့်အလား ထင်မှတ်ရသည်။
“ဦးလေး...ဦးလေး ဘယ်လိုနေသေးလဲ"
စူးဝမ်ချင်းသည် ကျိုးရှင်းယွမ်၏ သွေးခုန်နှုန်းကို စိုးရိမ်တကြီးဖြင့် စစ်ဆေးလိုက်သည်။
ကျိုးရှင်းယွမ်သည် လွန်စွာ အားနည်းနေပြီ ဖြစ်သော်လည်း အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။
သူသည် သွေးမည်းတစ်လုပ်ကို ပြင်းထန်စွာ အန်ထုတ်လိုက်သော်လည်း မျက်ဝန်းများက ပြန်လည် ကြည်လင်လာခဲ့သည်။
သူသည် စူးဝမ်ချင်းကို မကြည့်ဘဲ ရှောင်ရှန်း၏ ကျောပြင်ကိုသာ စူးစိုက်ကြည့်နေမိပြီး ၊ မျက်ဝန်းများထဲ၌ အတိုင်းအဆမရှိသော တုန်လှုပ်မှုနှင့် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် တုန်ရင်နေသော လက်ကို ဆန့်ထုတ်ကာ စူးဝမ်ချင်း၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်ပြီး၊ နောက်ဆုံး အားအင်ကို အသုံးပြုကာ အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။
“မြန်... မြန်မြန်ပြေး ၊အဆိပ်တစ်သောင်းဂိုဏ်းက... နဂါးသွေးကြောအမြစ်ကို သုံးပြီး... ‘အထက်လောကရဲ့ ကိုယ်ပွား’ တစ်ခုကို ဖော်စပ်နေတာ ၊ သူတို့ရဲ့ တကယ့် ပန်းတိုင်က... အိမ်ရှေ့စံ မင်းသားပဲ"