အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း(၂၁၉)
သူတို့အကုန်လုံး ရူးသွပ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကာ အချင်းချင်း သတ်ဖြတ်နေကြသည်။ နှုတ်ခမ်းမှလည်း “နောက်ဆုံးအချိန်" ၊ “လုပ်ငန်းစဉ် မြှင့်တင်ခြင်း” ဟူသော ထူးဆန်းသော စကားလုံးများကို ရွတ်ဆိုနေကြသည်။
ဘဏ္ဍာတိုက်အတွင်း အဆိပ်ငွေ့များ ထွက်ပေါ်လာပြီး အသွေးအသားများ လွင့်စင်ကာ မြင်ကွင်းမှာ ဖရိုဖရဲဖြစ်လို့နေ၏။
ရှင်းဝမ်လီ တစ်ယောက်သာ အတင်းအကျပ် တောင့်ခံနေနိုင်သေးသည်။ သူ၏ စိတ်စွမ်းအားသည် ၎င်းတို့အနက် အသန်မာဆုံး ဖြစ်သည်။
သို့သော်လည်း အဆုံးအစမရှိသော စာရွက်စာတမ်း ငရဲနှင့် အထက်လူကြီး၏ အေးစက်သော အကြည့်များအောက်တွင် သူ၏ တာအိုစိတ်နှလုံးသားသည်ပင် အနည်းငယ် ပြိုကွဲပျက်စီးလာသည်။
“မဟုတ်ဘူး.. ငါက ဂိုဏ်းတစ်ခုရဲ့ အရှင်သခင်ပဲ ၊ ငါက အထက်နတ်ဘုရားကို ဆင်းသက်စေမယ့်သူပဲ၊ ငါ ဘယ်လိုလုပ်... ဘယ်လိုလုပ် ဒီနေရာမှာ အစီရင်ခံစာ ရေးနေရမှာလဲ"
သူသည် ကောင်းကင်ကို မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ ဒွါရ ခုနစ်ပေါက်မှ သွေးမည်းများ စီးကျလာကာ ပြင်းထန်သော ဇွဲလုံ့လဖြင့် အိမ်မက်ဆိုး၏ ချုပ်နှောင်မှုကို ရုန်းထွက်လိုက်နိုင်သည်။
သူ၏မျက်ဝန်းထဲ၌ ရူးသွပ်သော ပြတ်သားမှုတစ်ချက် လှစ်ဟသွားသည်။ လက်တွေ့လောကထဲရှိ သူသည် ရင်ဘက်ထဲမှ သွေးရောင်ကျောက်စိမ်း မန္တန်ပြားတစ်ခုကို နှိုက်ယူလိုက်သည်။
“ငါ သေရမယ်ဆိုရင်တောင်...ယဇ်ပူဇော်စင်မြင့်ကို ဖွင့်လှစ်ပြီး အထက်နတ်ဘုရား ဆင်းသက်ခြင်းကို ကြိုဆိုမယ်"
ရှင်းဝမ်လီသည် ထိုသို့ အော်ဟစ်ရင်း ၊ နောက်ဆုံး အားအင်ကို အသုံးပြုကာ ထိုကျောက်စိမ်းမန္တန်ပြားကို ညှစ်ခြေပစ်လိုက်သည်။
“ကလစ်”
ကျောက်စိမ်းမန္တန်ပြား ကြေမွသွားသည့် အခိုက်အတန့်မှာပင် ၊ ဆေးပင်တစ်သောင်းတောင်ကြားတစ်ခုလုံးသာမက ဘေးပတ်ဝန်းကျင်ရှိ မိုင်ရာချီရှိသော မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံးနေရာ၊ ကျိုးရှင်းယွမ် မြှုပ်နှံခံထားရသော ထိုကျောက်နံရံကြီးသည် ဝုန်းခနဲ ပြိုကျသွားခဲ့ပြီး၊ အောက်ခြေကို မမြင်နိုင်သည့် သွေးရောင်ဂူပေါက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
စကားဖြင့် ဖော်ပြရန် ခက်ခဲပြီး ကမ္ဘာဦးမှ ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည့် မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုသည် စူးရှတောက်ပသော သွေးနီရောင် အလင်းတန်းများနှင့်အတူ ဂူပေါက်ထဲမှ ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့သည်။
နဂါးသွေးကြောအမြစ်ကို အဓိက စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုထားသော ယဇ်ပူဇော်စင်မြင့်ကြီးမှာလည်း ပွင့်သွားခဲ့လေ၏။
.....
ကြမ်းတမ်းခက်ထန်သော မကောင်းဆိုးဝါး အငွေ့အသက်များသည် ပြင်းထန်သော ဖိအားများနှင့်အတူ မိုင်နှင့်ရာချီသော ပတ်ဝန်းကျင်များကို စက္ကန့်ပိုင်းအတွင်း လွှမ်းမိုးသွားခဲ့သည်။
တောင်ကြားအပြင်ဘက်တွင် အဓိကတပ်ဖွဲ့ဝင်များကို ဦးဆောင်ပြီး အဆိပ်တစ်သောင်းဂိုဏ်းဝင်များကို သတ်ဖြတ်နေသော စစ်သူကြီး ချင်ချန်းသည် ပြင်းထန်သော အားတစ်ခု၏ ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။
စီးနင်းထားသော စစ်မြင်းမှာလည်း နာကျင်စွာဖြင့် အော်ဟစ်ရင်း ခြေလေးဖက်စလုံး ဒူးထောက်ကျသွားသည်။ ခြေလျင်တပ်သား စစ်သည်တော်များမှာလည်း တုန်လှုပ်သွားကြပြီး အသက်ရှူရကျပ်လာကာ မျက်စိဖြင့် မမြင်နိုင်သော တောင်ကြီးတစ်လုံးက ကိုယ်ပေါ်သို့ ဖိနှိပ်ထားသည့်အလား လှုပ်ရှားရ ခက်ခဲလာခဲ့သည်။
“အိမ်ရှေ့စံကို ကာကွယ်ကြ”
ချင်ချန်းသည် ဘဏ္ဍာတိုက် ရှိရာ အရပ်သို့ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ၊ အဆိုပါ ပြင်းထန်သော ဖိအားကြောင့် ချီနှင့်သွေးစွမ်းအင်များ မြင့်တတ်လာ၏။
ဘဏ္ဍာတိုက်အတွင်း။
စူးဝမ်ချင်းသည် အားနည်းနေသော ကျိုးရှင်းယွမ်ကို မိမိနောက်ကွယ်တွင် ကာကွယ်ပေးလိုက်ပြီး ၊ သူမ၏ မျက်နှာအမူအရာမှာ ရေခဲအလား အေးစက်နေသည်။
ကောင်းကင်ယံအထိ ထိုးတက်နေသော သွေးရောင်အလင်းတန်းများကြား ၊ မှုန်ဝါးဝါး အသွင်ပုံရိပ်တစ်ခုသည် ယဇ်ပူဇော်စင်မြင့်၏ အထက်လေဟာနယ်တွင် ဖြည်းညှင်းစွာ စုစည်းပုံပေါ်လာ၏။
၎င်းသည် မျက်နှာမရှိ ၊ စစ်မှန်သော ခန္ဓာမရှိ ဖရိုဖရဲဖြစ်နေသော လူသားပုံသဏ္ဍာန် အရိပ်တစ်ခုသာ ဖြစ်သည်။ သို့သော် ၎င်း၏ တည်ရှိမှု တစ်ခုတည်းဖြင့် ဟင်းလင်းပြင်သည် အနည်းငယ် ရွဲ့စောင်းသွားပြီး ၊ လူ၏ စိတ်ဝိညာဉ်ကိုပါ တုန်လှုပ်ခြောက်ခြားစေနိုင်သော ကြောက်ခမမ်းလိလိ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
ရှင်းဝမ်လီ၏ အသက်ဓာတ် ပျောက်ကွယ်သွားသော ရုပ်အလောင်းသည် မျက်ဝါးထင်ထင် ခြောက်ကပ်သွားခဲ့ပြီး၊ သူ့တွင်ရှိသော အသက်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများသည် ထိုသွေးရောင် ယဇ်ပူဇော်စင်မြင့်မှ စုပ်ယူသွားခဲ့ကာ အဆိုပါ လူသားပုံသဏ္ဍာန် အရိပ်ကို မွေးမြူသည့် အာဟာရတစ်ခု ဖြစ်သွားခဲ့ပုံရသည်။
“သွားပြီ……”
ကျိုးရှင်းယွမ်သည် နံရံကို မှီထားရင်း ၊ သူ၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေ၏။
“အထက်ဘုံရဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ စိတ်ဝိညာဉ် တစ်မျှင်ကို မျိုးစေ့အဖြစ်၊ နဂါးသွေးကြော အမြစ်ကို မြေဆီလွှာအဖြစ်၊ ဂိုဏ်းခေါင်းဆောင်ရဲ့ အသက်ကို ပူဇော်သက္ကာ အဖြစ် သုံးထားတာ... ဒီမိစ္ဆာကောင်သာ ရုပ်လုံး အပြည့်အဝ ပေါ်လာရင် လောကီလူသားတွေထဲမှာ ဘယ်သူမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး"
ရှောင်ရှန်းလည်း မသက်မသာဖြစ်လာခဲ့သည်။
သို့သော် အဆိုပါ ပြင်းထန်သော ဖိအားကြောင့် မဟုတ်ချေ။ သူ့တွင်ရှိသော “ ငပျင်းတစ်ကောင်၏ ကံကောင်းခြင်းဇာတာ” သည် မျက်စိဖြင့် မမြင်နိုင်သော အကာအကွယ်တစ်ခုကို ဖန်တီးပေးထားသဖြင့် ဖိအားများကို အပြင်ဘက်တွင် တားဆီးပေးထားပြီး ဖြစ်သည်။
ထိုသွေးရောင် အလင်းတန်းများက လွန်စွာ စူးရှတောက်ပလွန်းသဖြင့် မျက်စိဖွင့်ရခက်ပေသည်။ ယင်းက သူ၏ အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများကို ခံရခက်စေသဖြင့် မသက်မသာ ဖြစ်နေခြင်းသာ ဖြစ်သည်။
ဤကဲ့သို့ မျှော်လင့်ချက်မဲ့သော လေထုကြီးသည် နောက်အခိုက်အတန့်တွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့ပြန်သည်။
ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ ကြည်လင်အေးစက်သော ဓားအလင်းတန်းတစ်ခုသည် ဝေးလံသော မိုးကုတ်စက်ဝိုင်းတစ်နေရာမှ လေဟာနယ်ကို ဖောက်ထွက်ကာ ရောက်ရှိလာခဲ့သည်။
၎င်းသည် သွေးနီရောင် ကောင်းကင်ယံကြီးကို ဆုတ်ဖြဲပစ်လိုက်သည့် ငွေရောင် မိုးကြိုးတစ်စင်းကဲ့သို့ပင် စိတ်ကူး၍ မရနိုင်လောက်အောင် လျင်မြန်လွန်းသည်။
ကြယ်တစ်စင်း မြေပြင်ပေါ်သို့ ကျဆင်းလာသကဲ့သို့ ၎င်းသည် ယဇ်ပူဇော်စင်မြင့် အထက်တွင် စုစည်းနေဆဲဖြစ်သော လူသားပုံသဏ္ဍာန် အရိပ်ဆီသို့ တိကျပြတ်သားစွာ ခုတ်ပိုင်းချလိုက်သည်။
ဓားအလင်းတန်း မရောက်ရှိသေးခင်မှာပင် ၊ ထက်မြက်သော ဓားဆန္ဒတစ်ခုက ဘေးပတ်ဝန်းကျင်ရှိ သွေးရောင်မြူခိုးများကို အရင် ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။
“မိစ္ဆာလမ်းစဉ် အောက်တန်းစားတွေ၊ လောကလူသားတွေရဲ့ နဂါးသွေးကြောကို နှောင့်ယှက်ဝံ့သလား"
ကြည်လင်ပြတ်သားသော မိန်းမပျိုတစ်ယောက်၏ အော်ဟစ်သံသည် တောင်ကြားတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ၊ ထိုဓားအလင်းတန်းသည် လူသားပုံသဏ္ဍာန် အရိပ်အား ခုတ်ပိုင်းပစ်ခဲ့လေပြီ။
လူသားပုံသဏ္ဍာန် အရိပ်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး စုစည်းနေသော ဖြစ်စဉ်မှာလည်း နှောင့်နှေးသွားကာ တဖြည်းဖြည်း မှေးမှိန်လာ၏။