အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း(၂၂၀) အတင်းအကျပ် လာရောက်တောင်းခံခြင်း
ထို့နောက် ကောင်းကင်ယံမှ ပေါ့ပါးသော ပုံရိပ်တစ်ခု ဆင်းသက်လာပြီး ၊ ဘဏ္ဍာတိုက် ဝင်ပေါက်၏ ပျက်စီးနေသော နံရံဟောင်းပေါ်သို့ ပေါ့ပါးစွာ နင်းလိုက်သည်။
ရောက်ရှိလာသူမှာ မိန်းမပျိုတစ်ယောက် ဖြစ်ပြီး၊ သူမ၏ သွယ်လျသော ကောက်ကြောင်းများကို ပေါ်လွင်စေသော အပြာရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်ရှည်များကို မြင့်မားစွာ စည်းနှောင်ထားပြီး ၊ မျက်နှာလေးက နူးညံ့ကာ လှပလွန်းသည်။
သူမ၏ ဖီးနစ်မျက်ဝန်းတစ်စုံက ဓားအလား ထက်မြက်ပြီး လက်ထဲတွင် အေးစက်စွာ တောက်ပနေသည့် ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ ဓားဖျားတွင် အမည်းရောင် မိစ္ဆာငွေ့အချို့ တစ်စက်ချင်း ကျဆင်းနေ၏။
သူမသည် အဆိပ်တစ်သောင်းဂိုဏ်း၏ ခြေရာလက်ရာကို ရက်ပေါင်းများစွာ လိုက်လံစုံစမ်းနေခဲ့ပြီး ၊ မတရားမှုကို သည်းမခံတတ်သော သူရဲကောင်းမယ် ယဲ့လင်ရွှမ်း ပင် ဖြစ်သည်။
သူမသည် လမ်းတစ်လျှောက်လုံး စုံစမ်းစစ်ဆေးရင်း ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရောက်ရှိလာသည်နှင့် ချက်ချင်းဆိုသလို ဤထိတ်လန့်ဖွယ်ရာ မိစ္ဆာငွေ့များကို အာရုံခံမိသဖြင့် ချက်ချင်း ပြေးဝင်လာခဲ့ရာ ယဇ်ပူဇော်စင်မြင့် ထွက်ပေါ်လာသည့် အရေးကြီးဆုံး အချိန်နှင့် ကွက်တိ ရောက်ရှိလာခဲ့သည်။
ယဲ့လင်ရွှမ်းသည် သူမ၏ ဓားဖြင့် လူသားပုံသဏ္ဍာန် အရိပ်ကို ခဏမျှ နှိမ်နင်းလိုက်ပြီးနောက်၊ စစ်မြေပြင်ကို လျင်မြန်စွာ အကဲခတ်ကြည့်ရှုလိုက်သည်။
သူမသည် တစ်ကွင်းလုံး ဖရိုဖရဲ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ မိစ္ဆာကျင့်ကြံသူများက ရူးသွပ်သွားကြပြီး အချင်းချင်း သတ်ဖြတ်နေကြသည်ကို မြင်လိုက်ရသည့်အပြင် အားနည်းစွာဖြင့် လဲလျောင်းနေသော ကျိုးရှင်းယွမ်နှင့် သတိကြီးစွာဖြင့် ရှိနေသော စူးဝမ်ချင်းကို မြင်လိုက်ရသည်။
နောက်ဆုံးတွင် သူမ၏ အကြည့်က လူအုပ်ကြီး၏ အလယ်ဗဟိုတွင် ရှိနေသော ရှောင်ရှန်းပေါ်သို့ ကျရောက်သွားခဲ့သည်။
သူမ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ တိုင်းပြည်ကြီး တစ်ခုလုံး ဘေးဒုက္ခနှင့် ကြုံတွေ့နေရပြီး ၊ မိစ္ဆာကောင်သည် လောကထဲသို့ ဆင်းသက်လာတော့မည့် ဤမျှ ထိတ်လန့်ဖွယ်ရာ အရေးကြီးနေသော အခိုက်အတန့်တွင် လူတိုင်း၏ ပါးစပ်ဖျားက အိမ်ရှေ့စံမင်းသားကြီးသည် ဘာများလုပ်နေခဲ့သနည်း။
သူသည် တန်ဖိုးကြီး ကျောက်စိမ်းတုံးကြီးပေါ်တွင် သက်တောင့်သက်သာ အနေအထားဖြင့် ထိုင်နေခဲ့သည်။
မျက်နှာပေါ်တွင် ပြာယာခတ်ခြင်း မရှိ ၊ လေးနက်ခြင်းမရှိ ဘေးအိမ်က ဇာတ်ပွဲကို လာရောက်ကြည့်ရှုနေသည့်အလား ပျင်းရိငြီးငွေ့သော အရိပ်အယောင်များသာ ရှိ၏။
ထို့အပြင် သမ်းတောင် သမ်းဝေလိုက်သေးသည်။ ဤအပြုအမူများသည် ယဲ့လင်ရွှမ်း၏ ရင်ထဲက ဒေါသမီးတောက်များကို “ဝုန်း” ခနဲ့ တောက်လောင်လာစေခဲ့သည်။
' တိုင်းပြည်ရဲ့ အနာဂတ်အရှင်သခင်က ဒီလိုပုံစံတဲ့လား... နယ်စပ်မှာ စစ်သည်တော်တွေ သွေးမြေကျပြီး စစ်တိုက်နေသလို ၊ သူ့ရဲ့ ဘက်တော်သားတွေကလည်း အသက်နဲ့လဲပြီး ကာကွယ်ပေးနေတာတောင် သူ ဒီလောက်တောင် တာဝန်မဲ့ရသလား ....'
'ဒီလောက်ထိ အန္တရာယ်ရှိတဲ့ အခြေအနေကို ဘာမှမဟုတ်သလို သဘောထားနေတာ...ဒါ တော်ဝင်မိသားစု တစ်ခုလုံးကို အရှက်ခွဲလိုက်တာပဲ'
ရှောင်ရှန်းသည် ရုတ်တရက် ထွက်ပေါ်လာသော ဤမိန်းမလှလေး၏ စိတ်ထဲတွင် ဤမျှ များပြားသော အတွေးများ ရှိနေမှန်း မသိခဲ့ရှာပေ။
သူသည် ထိုလူသားပုံသဏ္ဍာန် အရိပ်ကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်နိုင်သည့် ထက်မြက်ပုံရသော ထိုအမျိုးသမီးကို မြင်ပြီး စိတ်ထဲတွင် ချက်ချင်း အေးချမ်းသွားခဲ့သည်။
' ယဲ့လင်ရွှမ်းဆိုတဲ့ ဒီအမျိုးသမီးက တိုက်ခိုက်ရေးမှာ အတော်လေး တော်ပုံရတယ်၊ ကျွမ်းကျင်သူပဲ...'
ယခု ကျွမ်းကျင်သူ ရောက်ရှိလာပြီ ဖြစ်ရာ၊ မိမိလို အပျော်တမ်းသမားလေးသည် အေးအေးဆေးဆေး အနားယူနိုင်ပြီ မဟုတ်လော။
သူသည် စိတ်အေးလက်အေး ထိုင်လိုက်ပြီး၊ ဘေးနားတွင် စိုးရိမ်ပူပန်စွာဖြင့် ရှိနေသော စူးဝမ်ချင်းဘက်သို့ လှည့်ကာ လှမ်းပြောလိုက်၏။
“ကြည့်စမ်း၊ ကျွမ်းကျင်သူ ရောက်လာပြီ"
သူသည် အသံကို နှိမ့်ချလိုက်ပြီး အလုပ်ဆင်းတော့မည့် လေသံမျိုးဖြင့် မှာကြားလိုက်သည်။
“ငါတို့ အလုပ်သိမ်းလို့ ရပြီ... ခဏနေရင် ဒီကုတင်ကို အထိအခိုက်မရှိဘဲ အကောင်းတိုင်း ပြန်သယ်ခဲ့ဖို့ စစ်သူကြီး ချင်ချန်းကို သတိပေးဖို့ မမေ့လိုက်နဲ့ဦး.."
စူးဝမ်ချင်း : “……”
သူမ ဤအိမ်ရှေ့စံမင်းသားကို မည်သည့် မျက်နှာပေးမျိုးဖြင့် ရင်ဆိုင်ရမည်ကိုပင် မသိတော့ပေ။
ယဲ့လင်ရွှမ်း၏ အကြားအာရုံမှာ မည်မျှတောင် ထက်မြက်လိုက်သနည်း။ သူမသည် ရှောင်ရှန်း၏ “တိုးတိုးပြောစကားများ"ကို တစ်လုံးမကျန် ကြားနိုင်ခဲ့သည်။
သူမ အသက်ရှုကျပ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
'အလုပ်သိမ်းမယ်...ပြီးတော့ ဒီကုတင်ကို အခုထိ စိတ်ကူးယဉ်နေသေးတယ်ပေါ့ ဟုတ်လား'
မိစ္ဆာကောင်ကို သတ်ဖြတ်ခြင်းထက် ပိုမို ပြင်းထန်သော “တာဝန်သိစိတ်” တစ်ခုက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
သူမ၏ အမြင်တွင်၊ ဤမိစ္ဆာကောင်ကို နှိမ်နင်းရန် အရေးကြီးသည်မှာ မှန်သော်လည်း၊ ဤမျှလောက် အသုံးမကျပြီး အရည်အချင်းမရှိသော အိမ်ရှေ့စံကို ဆုံးမခြင်းက တိုင်းပြည်နှင့် ပြည်သူများအတွက် တရားမျှတသော သူရဲကောင်းတစ်ယောက်၏ လုပ်ရပ် ဖြစ်ပေလိမ့်မည်။
သူမသည် ယဇ်ပူဇော်စင်မြင့်ပေါ်တွင် ပြန်လည် စုစည်းလာသော လူသားပုံသဏ္ဍာန် အရိပ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်ရင်း ၊ ရှောင်ရှန်းဘက်သို့ လှည့်ကာ အေးစက်သာ အကြည့်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“သာရှမင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်နေပြီးတော့ ဒီလိုမျိုး ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရချိန်မှာ လူတိုင်းရဲ့ နောက်ကွယ်မှာ ပုန်းအောင်းပြီး အေးအေးလူလူ ကြည့်နေတာ အရှက်ရှိသေးရဲ့လား....ရှင့်မှာ ပြည်သူပြည်သားတွေအပေါ် ပေးဆပ်ရမယ့် တာဝန် ရှိတယ်"
သူမ၏ အသံမှာ ပြတ်သားပြီး အိမ်တံခါးဝအထိ အတင်းအကျပ် အခွန် လာရောက် တောင်းခံနေသော အရာရှိများကဲ့သို့ ငြင်းဆန်မရသည့် စီရင်သူတစ်ယောက်၏ အငွေ့အသက်များ ပါဝင်နေသည်။
သို့သော် သူမ အတင်းအကျပ် တောင်းခံနေသည်မှာ တာဝန်သိစိတ်နှင့် တာဝန်ယူမှုသာ ဖြစ်သည်။
ဤရုတ်တရက် ထွက်ပေါ်လာသော ဆဲဆိုကြိမ်းမောင်းသံကြောင့် ရှောင်ရှန်းတစ်ယောက် ခေါင်းခဲသွားရပြန်သည်။
သူ အမုန်းဆုံးအရာမှာ ဤကဲ့သို့သော ကိုယ်ကျင့်တရားဆိုင်ရာ စကားလုံးများ သုံးကာ ပြောဆိုခြင်းပင် ဖြစ်သည်။
သူသည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ယဲ့လင်ရွှမ်းကို တစ်ချက် ကြည့်ကာ ထို့နောက် စိတ်မရှည်သော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“မင်းက ဘယ်သူလဲ... တိုက်ဆိုလည်း တိုက်ကြတာပေါ့၊ လူကို လာပြီး တိုက်ခိုက်မနေနဲ့ ဟုတ်ပြီလား”
သူသည် စကားကို ခဏရပ်လိုက်ပြီး၊ မိမိ၏ “ဉာဏပစ္စည်းမူပိုင်ခွင့်” ကို ချိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားမိသဖြင့် ယုံကြည်ချက်ရှိရှိ ဖြည့်စွက် ပြောကြားလိုက်သည်။
“ပြီးတော့လည်း၊ ဒီယဇ်ပူဇော်စင်မြင့်ကို ငါကိုယ်တော် အရင်ဆုံး ရှာတွေ့ခဲ့တာ...အခင်းဖြစ်တဲ့ နေရာကိုလည်း ငါ့လူတွေကပဲ ရှင်းလင်းထားတာ ၊ မင်းအနေနဲ့ ကြားဖြတ်ဝင်ချင်တယ်ဆိုလည်း အရင်ဆုံး ‘ ဝန်ဆောင်ခ’ ဆိုပြီး အရင်ပေးသင့်တာ မဟုတ်ဘူးလား ...လောကမှာ အလကားရတဲ့ နေ့လယ်စာ ဆိုတာ မရှိဘူး၊ သူရဲကောင်းမယ် မိန်းမလှလေး"
“နင် ...."
ယဲ့လင်ရွှမ်းအဖို့ သူမ တစ်သက် ဤကဲ့သို့ မိုက်ရိုင်းသော စကားများကို မကြားဖူးသဖြင့် တစ်ကိုယ်လုံး တဆက်ဆက် တုန်ယင်နေခဲ့သည်။ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိပြီး ၊ ရူးသွပ်မတတ် ခံစားလိုက်ရသည်။
' ဝန်ဆောင်ခ....အခု ငါ့ကို ဈေးစကားပြောနေတာလား'
သူမသည် ယခုချက်ချင်း ဓားကိုဆွဲကာ ဤအရည်အချင်းမရှိသော အိမ်ရှေ့စံကို ခုတ်သတ်ပစ်ချင်သော်လည်း ၊ ထိုဆန္ဒကို အတင်းအကျပ် ဖိနှိပ်လိုက်ရင်း သူမ၏ ပစ်မှတ်ကို ယဇ်ပူဇော်စင်မြင့်ဘက်သို့ ပြောင်းလဲလိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။
“ ကောင်းလိုက်တဲ့ အိမ်ရှေ့စံမင်းသား... ကျွန်မ အရင်ဆုံး ဒီမိစ္ဆာကောင်ကို သတ်ဖြတ်ပြီးမှ ရှင့်လို အသုံးမကျတဲ့လူနဲ့ ဒီစာရင်းကို သေချာပေါက် လာရှင်းမယ်"
သို့သော်လည်း သူမ၏ စကားမဆုံးသေးခင်မှာပင်၊ ယဇ်ပူဇော်စင်မြင့်ပေါ်ရှိ လူသားပုံသဏ္ဍာန် အရိပ်သည် ရှင်းဝမ်လီ၏ အသက်စွမ်းအား အားလုံးကို စုပ်ယူပြီးသွားခဲ့ရုံသာမက ဘေးပတ်ဝန်းကျင်ရှိ သေဆုံးသွားသော မိစ္ဆာကျင့်ကြံသူများ၏ နာကျင်မှုနှင့် မကောင်းဆိုးဝါး အငွေ့အသက် အားလုံးကိုပါ စုပ်ယူခဲ့ပြီး သူ၏ပုံသဏ္ဍာန်မှာ အပြည့်အဝ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
“ ဝေါင်း——"
၎င်းထံမှ လူသားတို့၏ အသံနှင့် မတူသော ဟိန်းဟောက်သံတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး၊ မျက်ဝါးထင်ထင် မြင်နိုင်သော အသံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ဘဏ္ဍာတိုက်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။
ထိုလူသားပုံသဏ္ဍာန် အရိပ်၏ အသွင်အပြင်သည် ရှင်းလင်းပြတ်သားလာခဲ့ပြီး၊ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာနတ်ဘုရားတစ်ပါး၏ ပုံသဏ္ဍာန်အဖြစ် ပုံပေါ်လာသည်။
၎င်းသည် စင်ကြယ်သော အမှောင်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ဧရာမ မိစ္ဆာလက်သည်းကြီး တစ်ဖက်ကို ရုတ်တရက် မြှောက်တင်လိုက်ပြီး၊ အောက်ခြေရှိ ယဲ့လင်ရွှမ်းနှင့် ၎င်း၏ အာရုံခံစားမှုထဲတွင် နဂါးအရှိန်အဝါ အားအကောင်းဆုံးဖြစ်သော ရှောင်ရှန်းတို့ထံသို့ တစ်ပြိုင်နက်တည်း ပြင်းထန်စွာ ရိုက်ချလိုက်၏။
မိစ္ဆာလက်သည်းကြီး မရောက်ရှိသေးခင်မှာပင်၊ သေခြငိးတရား၏ အရိပ်အယောင်များက လူတိုင်း၏ နှလုံးသားအပေါ် သို့ လွှမ်းခြုံသွားခဲ့လေသည်။