← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) - ဆန်ပြုတ်အလှူ

ရက်အနည်းငယ်ခန့် အနားယူပြီးနောက် လင်းဖန်နှင့် ဟိုမင်တို့သည် အန်းရှန်းရွာသို့ ပြန်၍လည်ပတ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

ပုန်ကန်မှုများနှင့် အရှုပ်အထွေးများ ဖြစ်ပေါ်နေသောကြောင့် ရွာအတွက် ဟိုမင် စိုးရိမ်နေမိသည်။

ခရီးမှာ သိပ်မဝေးလှသဖြင့် နှစ်ရက်ခရီးနှင်ပြီးနောက် သူတို့ ရောက်ရှိသွားကြလေသည်။

ရွာအဝင်ဝတွင် သစ်သားအတားအဆီးများ ချထားပြီး ရွာသားများက ကင်းစောင့်နေကြသည်။

“ဟေ့ကြည့်ကြ... လင်းဖန်နဲ့ ဟိုမင်တို့ပဲ...”

အဝင်ဝတွင် ကင်းစောင့်နေသောရွာသားက မည်သူဖြစ်ကြောင်းမြင်လိုက်ရချိန်တွင် ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။

သူတို့ရောက်ရှိလာသည်နှင့် ချက်ချင်းပင် လုံခြုံသွားသကဲ့သို့ ခံစားလိုက်ရပေသည်။

ဟိုဖူသည် ဆေးတံကိုကိုင်ကာ အလျင်အမြန်ထွက်လာပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

“လင်းဖန်... မင်းကိုပြန်တွေ့ရလို့ ဝမ်းသာတယ်ကွာ... အခြေအနေတွေက တော်တော်ဆိုးနေတာ... လာ... အထဲဝင်ပြီး လက်ဖက်ရည် သောက်ရအောင်...”

ဟိုဖူက ပြောလိုက်ပြီး ဟိုမင်ကို သတိထားမိသွားချိန်တွင် ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။

ထိုအမူအရာကို မြင်လိုက်ရချိန်တွင် ဟိုမင်၏ မျက်နှာမှာ ဝင်းလက်သွားချေပြီ။

သူ၏ဖခင်က သူ့ကိုတွေ့သည်နှင့် ပထမဆုံးအကြိမ်အဖြစ် မဆူပူဘဲ နေခဲ့ခြင်း ဖြစ်ပေသည်။

“ပြန်တွေ့ရတာ ဝမ်းသာပါတယ် ရွာသူကြီး...”

လင်းဖန်က ပြန်လည်ပြောဆိုလိုက်သည်။

သူတို့သည် ဟိုဖူ၏အိမ်သို့ သွားကြလေရာ တံခါးနှင့်နံရံများတွင် အနည်းငယ် ပျက်စီးနေသည်ကို တွေ့လိုက်ရသည်။

‘ရွာမှာ တစ်ခုခုတော့ ဖြစ်ခဲ့ပုံရတယ်...’

ယင်းကို မြင်လိုက်ရချိန်တွင် လင်းဖန် စိတ်ထဲမှ တွေးလိုက်မိပေသည်။

“ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိဘဲပါဘူးကွာ… သူပုန်တွေ အများကြီး ရောက်လာခဲ့တယ်လေ...”

“ငါတို့ သူတို့ကို နှိမ်နင်းနိုင်ခဲ့ပေမယ့် နောက်ထပ် ရောက်လာတာက သူဖုန်းစားတွေနဲ့ ဒုက္ခသည်တွေပဲ...”

“သူတို့အားလုံးက အိုးမဲ့အိမ်မဲ့ ဖြစ်လာတဲ့ ဆင်းရဲသားတွေလေ...”

“ငါတို့လည်း သူတို့ကို မကျွေးမွေးနိုင်တော့ အခြေအနေတွေက တော်တော်လေး ဆိုးရွားသွားခဲ့တယ်...”

ဟိုဖူက ဖြစ်ပျက်ခဲ့သမျှကို လင်းဖန်အား အကျဉ်းချုံး၍ ရှင်းပြလိုက်သည်။

“အခု သူတို့ ဘယ်မှာလဲ... ပတ်ဝန်းကျင်မှာ တစ်ယောက်မှ မတွေ့ပါလား...”

ရွာထဲနှင့် ရွာအနီးတစ်ဝိုက်တွင် မည်သည့်သူဖုန်းစားနှင့် ဒုက္ခသည်ကိုမျှမတွေ့ရကြောင်း သတိထားမိသွားသဖြင့် လင်းဖန်က မေးလိုက်သည်။

“ကျူးယွိဆိုတဲ့ လူတစ်ယောက်က ဖုန်းရှိုမြို့မှာ ဆန်ပြုတ်အလှူ လာလုပ်ထားတယ်... အားလုံး အဲဒီကို သွားကြတာပဲ...”

“ကျူးယွိ... အခု သူ ဘယ်မှာလဲ...”

ထိုနာမည်က ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသဖြင့် လင်းဖန်က မေးလိုက်သည်။

သူသည် ပုန်ကန်မှုကို သွေးထိုးလှုံ့ဆော်ခဲ့သူ ဖြစ်သည်။

သို့သော် ရုတ်တရက်ကြီး အလှူရှင်တစ်ယောက် ဖြစ်နေပြီတဲ့လား။

” ငါလည်း သေချာတော့မသိဘူး... ဒါပေမဲ့ နောက်ဆုံးကြားရတာတော့ သူက သူဖုန်းစားတွေနဲ့ ဒုက္ခသည်တွေကို ဘဝသစ်တစ်ခုစတင်ဖို့ နေစရာအိမ်နဲ့ အလုပ်အကိုင်တွေပေးမယ်လို့ ကတိပေးပြီး မြောက်ဘက်ကို ခေါ်သွားတယ်လို့ ကြားတာပဲ...”

ဟိုဖူက သူသိထားသည်များကို လင်းဖန်အား ပြောပြရင်း ဆေးတံကို ဖွာရှိုက်လိုက်လေသည်။

လင်းဖန်က ထိုအကြောင်းကို တွေးတောလိုက်ပြီးနောက် ထန်ရှောင်ယောင် လုပ်နေသည့်အကြောင်းအရာကို သိလိုက်ပေသည်။

အရှုပ်အထွေးများကိုဖန်တီးကာ ကျွမ်းကျင်သော တောင်သူလယ်သမားများကို သူ့နယ်မြေထဲသို့ ဖြားယောင်းသွေးဆောင်နေခြင်း ဖြစ်ပေသည်။

ဤနည်းဖြင့် သူသည် ချွမ်မင်းဆက်၏ ကုန်ထုတ်လုပ်မှု အရင်းအမြစ်များကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

ကျွမ်းကျင်သော တောင်သူများနှင့် လက်မှုပညာရှင်များမရှိပါက ဧကရာဇ်၏အင်အားမှာ အားနည်းသွားရပေလိမ့်မည်။

ထန်ရှောင်ယောင်သည် ဧကရာဇ်အား အရုပ်တစ်ရုပ်ကဲ့သို့ ကစားနေခြင်း ဖြစ်ပေသည်။

ဖြစ်ပျက်နေသည်များကို ချင်းယန်ဇီအား သူ အသိပေးလိုက်လျှင် ပိုကောင်းပေလိမ့်မည်။

သူတို့မှာ ထန်ရှောင်ယောင်ကို ဆန့်ကျင်ရန် ကြိုးစားပန်းစား အစီအစဉ်ဆွဲနေချိန်တွင် တစ်ဖက်၌ ဧကရာဇ်သည် မျက်ကန်းတစ်ယောက်ကဲ့သို့ မင်းဆက်အား ကျဆုံးမှုဆီသို့ ဦးဆောင်နေခြင်းမှာ အဓိပ္ပာယ်မဲ့လွန်းလှပေသည်။

ထို့နောက် ဟိုဖူက ဟိုမိသားစု စတင်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများကို မိတ်ဆက်ပြသလေသည်။

သူက ဟိုမိသားစု၏ အင်အားကို ဖြည်းဖြည်းချင်း တည်ဆောက်နေခြင်း ဖြစ်သည်။

အပိုဆုအနေဖြင့် လင်းဖန်မှာလည်း ဝင်ငွေထဲမှ အမြတ်ဝေစုရရှိမည် ဖြစ်ပေသည်။

ယင်းမှာ ဟိုဖူနှင့် လင်းဖန်တို့ သဘောတူညီထားသည့်အတိုင်း ဖြစ်လေသည်။

လင်းဖန်က ဟိုဖူကို ကျေးဇူးတင်စကားဆိုလိုက်ပြီး အိမ်ဆီသို့ ပြန်လာခဲ့လိုက်သည်။

သူ ပြန်မရောက်ဖြစ်သည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်ချေသည်။

အိမ်ကို မှတ်မမိတော့လောက်အောင် ဖြစ်သွားသောကြောင့် သူသည် အိမ်ကို ကျော်သွားလုမတတ် ဖြစ်သွားခဲ့သည်။

သူ မှတ်မိနေခဲ့သည်ထက် ပိုမိုကြီးမားလာပြီး ပို၍ ခမ်းနားထည်ဝါနေချေပြီ။

အိမ်အလုပ်များလုပ်နေကြသော အစေခံများသည် သူဝင်လာသည်ကို မြင်သောအခါ ရပ်တန့်သွားကြလေသည်။

“ရှင် ဘယ်သူလဲ...”

အစေခံကောင်မလေးတစ်ယောက်က သူမလက်ထဲရှိ တံမြက်စည်းကို အလျင်အမြန် မြှောက်ကိုင်လိုက်သည်။

“ငါက လင်းဖန်လေ... ဒီအိမ်ရဲ့ ပိုင်ရှင်ပဲ...”

လင်းဖန်က ပခုံးတွန့်ကာ ပြောလိုက်သည်။

“ရှောင်ဟွား... တံမြက်စည်းကို အောက်ချထားလိုက်စမ်း... သူက မင်းတို့ရဲ့ သခင်ပဲ...”

ဦးလေးလျို၏အသံက လင်းဖန်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။

သူသည် အစေခံကောင်မလေး ရှောင်ဟွား အော်ဟစ်လိုက်သံကို ကြားလိုက်ရသောအခါ စိုးရိမ်သွားခဲ့သည်။

ထိုသူဖုန်းစားများနှင့် ဒုက္ခသည်များထဲမှ တစ်ယောက်ယောက်များ ထပ်ရောက်လာပြန်လေသလားဟု တွေးလိုက်မိခြင်း ဖြစ်ပေသည်။

သို့သော် သူ အံ့သြသွားရသည်မှာ ထိုသူက လင်းဖန် ဖြစ်နေခြင်းပင်။

ထို့နောက် ဦးလေးလျိုက လင်းဖန်ကို အစေခံများနှင့် မိတ်ဆက်ပေးလိုက်လေသည်။

အစေခံကောင်မလေးများသည် လင်းဖန် မည်မျှ ရုပ်ရည်ချောမောကြောင်းကို သတိပြုမိသွားသောအခါ ပါးပြင်များနီရဲသွားကြပြီး ခေါင်းငုံ့ထားလိုက်ကြသည်။

“သူတို့ကို ဟိုဖူက ဝယ်ပေးခဲ့တာ... မင်းနဲ့ သူနဲ့ တွဲလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းထဲကနေ ငွေရှင်းပေးလိုက်တာလေ...”

သူတို့ လက်ဖက်ရည်သောက်ရင်း ထိုင်နေစဉ် ဦးလေးလျိုက အသေးစိတ် ရှင်းပြလိုက်သည်။

လင်းဖန်က ခေါင်းညိတ်လိုက်ပြီး အိမ်ကို ထပ်မံကြည့်ရှုလိုက်သည်။

အစေခံများနေထိုင်ရန်အတွက် အဆောက်အအုံတစ်ခု ထပ်တိုးဆောက်လုပ်ထားပြီး ပင်မအဆောက်အအုံတွင်လည်း စာကြည့်ခန်းတစ်ခန်း ထပ်တိုးထားလေသည်။

လင်းဖန်သည် ဟိုဖူ၏ စီစဉ်မှုများအပေါ် သဘောကျသွားခဲ့သည်။

“ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးလျို... လျိုဟန်ရော ဘယ်လိုနေလဲ... သူ့ကို စာကြည့်ခန်း သုံးခိုင်းချင်လည်း သုံးခိုင်းလိုက်ပါဗျာ... ကျွန်တော်ကလည်း အိမ်မှာရှိတဲ့အချိန် များတာမှမဟုတ်တာ...”

လင်းဖန်သည် ဦးလေးလျိုအတွက် လက်ဖက်ရည် နောက်ထပ်တစ်ခွက် ငဲ့ပေးရင်း ပြောလိုက်သည်။

ဦးလေးလျိုက သက်ပြင်းချလိုက်သည်။

“လျိုဟန်က နေ့တိုင်း ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ပဲ စဉ်းစားနေတာ... သူက အင်ပါယာစာမေးပွဲဖြေဖို့ စာလုပ်ရမှာကို စိတ်မဝင်စားဘူးလေ...”

လင်းဖန်က လက်ဖက်ရည်ကို သောက်လိုက်ပြီး တိတ်တဆိတ်သာ နေလိုက်သည်။

အချို့သောဖခင်များသည် မိမိတို့၏သားများကို ဘေးကင်းစေချင်ကြပြီး အန္တရာယ်ကင်းသည့် အရာတစ်ခုခုကိုသာ လုပ်စေချင်ကြပေသည်။

ဟိုဖူကဲ့သို့သော အချို့သူများကမူ မိမိ၏သားအရင်းမှာ ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် မိသားစုအတွက်သာ သီးသန့် အလုပ်လုပ်ကြပေသည်။

အချိန်အနည်းငယ် ကုန်လွန်သွားလေသည်။

အန်းရှန်းရွာ၌ အရာအားလုံး ဘေးကင်းလုံခြုံမှုရှိကြောင်း သေချာသွားပြီးနောက် နောက်တစ်နေ့တွင် သူတို့ ချင်ဖုန်းဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။

ဤတစ်ကြိမ်တွင်မူ လင်းဖန်သည် လမ်းတစ်လျှောက်တွင် ဖွင့်လှစ်ထားသော ကုသိုလ်ဖြစ် ဆန်ပြုတ်တဲဆိုသည့် နေရာများကို မြင်တွေ့ခဲ့ရသည်။

နေရာရွှေ့ပြောင်းခံရသော တောင်သူလယ်သမား ဒုက္ခသည်များစွာမှာ ဝိုင်းအုံနေကြလေသည်။

ချင်ဖုန်းဂိုဏ်းသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းသွားရောက်ကာ ချင်းယန်ဇီအား သူ တွေ့ရှိခဲ့သည်များကို အကျဉ်းချုံး တင်ပြလိုက်လေသည်။

“သတင်းပေးတဲ့အတွက် ကျေးဇူးတင်တယ်ကွာ... ငါက ဧကရာဇ်မင်းမြတ်ဆီ သတင်းပို့ဖို့ ကြိုးစားရုံပဲတတ်နိုင်တာပါ... ဒါပေမဲ့ တစ်ခါတလေမှာတော့ ကောင်းကင်ဘုံကလည်း မမြင်ချင်ယောင် ဟန်ဆောင်နေတတ်တယ်လေ...”

ချင်းယန်ဇီက သူ၏နားထင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

ချင်းယန်ဇီသည် ဧကရာဇ်မင်းမြတ်မှာ ယုံကြည်စိတ်ချရသူ မဟုတ်ကြောင်းကို သိထားပေသည်။

သူသည် ချင်းယန်ဇီမှာ လှည့်ကွက်များဖြင့် သူ့အား အကွက်ဆင်ကာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လာစေရန် ကြိုးစားနေသည်ဟုတွေးကာ ဤသတင်းအချက်အလက်များကို လျစ်လျူရှုလိုက်နိုင်ပေသည်။

သို့သော် ချင်းယန်ဇီအနေဖြင့် ကြိုးစားကြည့်ရပေမည်။

သူသည် စာတစ်စောင်ရေးသားလိုက်ပြီး တပည့်များကို ဘယ်ဘက်ဝန်ကြီးချုပ်ထံ ပေးပို့ရန် ခိုင်းစေလိုက်လေသည်။

ထိုသူကား အင်ပါယာနန်းတွင်း၌ ကျန်ရစ်နေသော တစ်ဦးတည်းသော အသိဉာဏ်ရှိသူ ဖြစ်ပေသည်။

…

နောက်တစ်နေရာရှိ ဘယ်ဘက်ဝန်ကြီးချုပ်၏ စံအိမ်တွင်…

“ထန်ရှောင်ယောင်... သူက ကောင်းကင်ဘုံကိုဆန့်ကျင်ဖို့ ဘယ်လိုတောင် ရဲတင်းနေရတာလဲ...”

ဘယ်ဘက်ဝန်ကြီးချုပ် ကျန်းကျွီချန်ကကျိန်ဆဲလိုက်ပြီး ချင်းယန်ဇီ၏စာကို မီးရှို့လိုက်လေသည်။

သူ တစ်ခုခုအား မြန်မြန်ဆန်ဆန် လုပ်ဆောင်ရပေမည်။

ဧကရာဇ်မင်းမြတ်သည် ယခုအခါတွင် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ကစားခံနေရချေပြီ။

သူသည် နန်းတော်ထံသို့ တင်ပြစာတစ်စောင်ကို အလျင်အမြန် ရေးသားလိုက်သည်။

နောက်တစ်နေ့ နံနက်ခင်းညီလာခံတွင် သူ တိုက်ပွဲဝင်ရမည့်အချိန် ရောက်လာချေပြီ။

All Chapters