← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) - ဟိုမင်၏ အဆင့်တက်လှမ်းခြင်း

နောက်တစ်နေ့…

တော်ဝင်နန်းတွင်း…

“တခြားအရေးကိစ္စတွေ မရှိတော့ဘူးဆိုရင် ဒီနေ့အတွက် မနက်ခင်း ညီလာခံကို ရုပ်သိမ်းလိုက်မယ်...”

ဧကရာဇ်မင်းမြတ်သည် စကားပြောရင်း သမ်းဝေချင်စိတ်ကို အစွမ်းကုန် အောင့်အီးသည်းခံနေရလေသည်။

သူသည် ဘယ်ဘက်ဝန်ကြီးချုပ်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်မိသွားသည်။

အဘယ်ကြောင့်ဆိုသော် ဤအခြေအနေသည် များသောအားဖြင့် ရှည်လျားပြီး ပင်ပန်းဖွယ်ကောင်းသော အငြင်းပွားမှုများ ဖြစ်ပေါ်လာတော့မည်ကို အဓိပ္ပာယ်ရသောကြောင့်ပင်။

သူသည် အကူအညီတောင်းခံသည့် အကြည့်ဖြင့် ညာဘက်ဝန်ကြီးချုပ်ထံသို့ လှမ်းကြည့်လိုက်သညိ။

သို့သော် ယခုတစ်ကြိမ်တွင်မူ ညာဘက်ဝန်ကြီးချုပ်သည် ခေါင်းငုံ့ထားပြီး ဧကရာဇ်မင်းမြတ်၏ အချက်ပြမှုကို မသိချင်ယောင်ဆောင်နေချေသည်။

‘ဒီလူနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကြိုတင်ပူးပေါင်းထားကြတာ သေချာတယ်...’

“ဘယ်ဘက်ဝန်ကြီးချုပ်... မင်းမှာ ဘာတင်ပြစရာ ရှိလို့လဲ...”

ဘယ်ဘက်ဝန်ကြီးချုပ်သည် သူ၏ အသနားခံစာလွှာကို မိန်းမစိုးထံသို့ ကမ်းပေးလိုက်သည်။

မိန်းမစိုးသည်လည်း ဦးညွှတ်ကာ ထိုစာလွှာကို ဧကရာဇ်မင်းမြတ်ထံသို့ ဆက်သလိုက်လေသည်။

“လုံးဝ အဓိပ္ပာယ်မရှိတာပဲ... ငါကိုယ်တော်က ပုန်ကန်သူတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကိုကူညီဖို့ အစွမ်းကုန် ကြိုးစားနေတာပဲ...”

ဧကရာဇ်မင်းမြတ်သည် အသနားခံစာလွှာထဲတွင် ရေးသားထားသည်များကို ဖတ်ရှုပြီးနောက် ဒေါသအမျက်ချောင်းချောင်း ထွက်သွားချေသည်။

ကျန်းကျွီချန် ရေးသားထားသောအရာများမှာ အမှန်တရားများဖြစ်သော်လည်း ဧကရာဇ်မင်းမြတ်အား တိုက်ရိုက်ဆန့်ကျင်၍ ဤကဲ့သို့ မည်သို့ ပြောဆိုဝံ့ရသနည်း။

“အရှင်မင်းကြီး... အခုအချိန်မှာ အရေးယူဆောင်ရွက်ခြင်းမပြုဘူးဆိုရင် ဒါဟာ တိုင်းပြည်အတွက် အသက်နဲ့သေခြင်းတရားလို အရေးကြီးတဲ့ကိစ္စရပ် ဖြစ်လာပါလိမ့်မယ်...”

ကျန်းကျွီချန်သည် ဒူးထောက်ချလိုက်ပြီး ညာဘက်ဝန်ကြီးချုပ်သည်ပင် သူနှင့်အတူ ပူးပေါင်းကာ ဒူးထောက်လိုက်လေသည်။

ဧကရာဇ်မင်းမြတ်သည် သူ့ကိုလက်ညှိုးထိုးကာ ဒေါသတကြီးအော်ဟစ်ရန် ပြင်လိုက်သော်လည်း ညီလာခံတစ်ခုလုံးရှိ အရာရှိများအားလုံး ဒူးထောက်လိုက်ကြသည်ကို မြင်သောအခါ စကားသံများ ဆွံ့အသွားရသည်။

“ဒါဆို... မင်းတို့အားလုံးက ငါ့ကို ဒီလိုနည်းနဲ့ ဖိအားပေးချင်ကြတာပေါ့ ဟုတ်လား...”

“ငါကိုယ်တော်က တိုင်းပြည်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တယ်...”

“စစ်တပ်က နယ်မြေထဲကို ဝင်ရောက်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမယ်... ပြီးတော့ လိုအပ်တဲ့ စစ်စရိတ်တွေကို မင်းတို့အားလုံးရဲ့ လစာတွေထဲကနေ ဖြတ်တောက်ပြီး သုံးစွဲရမယ်...”

ဧကရာဇ်မင်းမြတ်သည် အမိန့်တော်ကိုချမှတ်ပြီးနောက် ဒေါသတကြီးဖြင့် ညီလာခံခန်းမထဲမှ လှည့်ထွက်သွားလေသည်။

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ...”

ကျန်းကျွီချန်သည် ဦးချလိုက်ရင်း သက်ပြင်းချလိုက်သည်။

သူသည် အခြေအနေများ နောက်ကျမသွားရန်သာ မျှော်လင့်နိုင်တော့သည်။

အကယ်၍ ဧကရာဇ်မင်းမြတ်သာ အလျှော့မပေးခဲ့လျှင် သူသည် နန်းတော်တံတိုင်းကို ခေါင်းနှင့်တိုက်၍ သူ၏ သေဆုံးခြင်းဖြင့် နောက်ဆုံးအသနားခံစာကို တင်သွင်းရန်အထိ ပြင်ဆင်ထားခဲ့ချေသည်။

…

ချွမ်မင်းဆက်၏ မြောက်ဘက်နယ်စပ်…

ပေတျန်းရဲတိုက်…

ထန်ရှောင်ယောင်သည် စားပွဲပေါ်တွင် တုန်ရီစွာ တောက်လောင်နေသော ဆီမီးခွက်ကို စိုက်ကြည့်နေသည်။

သူ၏လက်အောက်ခံများက ဗဟိုသယ်ယူပို့ဆောင်ရေးစခန်းတွင် ဖြစ်ပျက်ခဲ့သောအခြေအနေများကို သူ့ထံသို့ အစီရင်ခံ တင်ပြထားပြီး ဖြစ်သည်။

သူ၏စစ်တပ်အတွက် ရိက္ခာထောက်ပံ့မှုလမ်းကြောင်း ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်ချေသည်။

သူ့အတွက် ရွေးချယ်စရာ နည်းလမ်းအချို့ ရှိနေသေးသည်။

သို့သော် ယခုအချိန်တွင်မူ သူသည် ထိုစိတ်အနှောင့်အယှက်ပေးလှသော ကျင့်ကြံသူများကို ဦးစွာ ရှင်းလင်းပစ်ချင်နေသည်။

“ဒီစာကို ဟူလူမျိုးနွယ်စုရဲ့ ခန်းမင်းကြီးဆီ ပေးပို့လိုက်...”

“ဟူလူမျိုးနွယ်စုလား...”

စစ်သည်တော်သည် ခေါင်းမော့ကာ မေးမြန်းလိုက်သည်။

“မင်းက ငါ့ရဲ့ အမိန့်ကို မေးခွန်းထုတ်ဝံ့တာလား...”

ထန်ရှောင်ယောင်သည် ထိုစစ်သည်တော်ကို စူးစိုက်ကြည့်လိုက်သည်။

“ကျင့်ကြံသူတွေက သယ်ယူပို့ဆောင်ရေးစခန်းကို ဖျက်ဆီးပြီးရင် သူတို့ရဲ့ နောက်ထပ်ခြေလှမ်းက ဟွိုင်တောင်စခန်းကိုသိမ်းပိုက်ဖို့ ဖြစ်လိမ့်မယ်...”

“ဟူလူမျိုးနွယ်စုက အဲဒီပိုးမွှားတွေကို ရှင်းလင်းပစ်ဖို့ ငါ့ကို ကူညီပေးနိုင်လိမ့်မယ်...”

ထန်ရှောင်ယောင်သည် ကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်သည့်အတွက် လှောင်ပြုံးပြုံးရင်း ပြောလိုက်လေသည်။

ဟူလူမျိုးနွယ်စု၏ ခန်းမင်းကြီးဖြစ်သော ဟူလူပေ့အာသည် စာကိုရရှိသောအခါ မျက်လုံးများကို မှိတ်လိုက်သည်။

သူ၏ ရှေ့မှောက်တွင်မူ စစ်သုံ့ပန်းများနှင့် တိုက်ပွဲရလဒ်များကို ပျော်ပါးခံစားနေကြသောလူများ ရှိနေကြသည်။

အချို့မှာ မူးယစ်ရီဝေကာ စားပွဲပေါ်တွင် မှောက်လျက် အိပ်ပျော်နေကြချေသည်။

“အားလုံး နိုးကြစမ်း...”

ဟူလူပေ့အာသည် အော်ဟစ်လိုက်သည်။

သူ၏ ချီစွမ်းအင်လှိုင်းများသည် ထိုလူများ၏ခန္ဓာကိုယ်အတွင်းသို့ ရိုက်ခတ်သွားပြီး နာကျင်မှုကိုခံစားရစေကာ တုန်လှုပ်သွားစေသည်။

သူတို့သည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြပြီး လုပ်ဆောင်နေသမျှ အရာအားလုံးကို ရပ်တန့်လိုက်ကြသည်။

“အမိန့်ရှိပါ ခန်းမင်းကြီး... ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ...”

ထိုလူများသည် အိပ်ချင်မူးတူးဖြစ်နေသော အခြေအနေမှ နိုးကြားလာစေရန် ခေါင်းများကိုခါယမ်းရင်း မေးမြန်းလိုက်ကြသည်။

“အသုံးမကျတဲ့ ချွမ်မင်းဆက်ရဲ့ သူရဲဘောကြောင်တဲ့ကောင်တွေက ငါတို့ရဲ့ အကူအညီကို တောင်းခံလာကြတယ်...”

“ငါတို့ရဲ့ အကောင်းဆုံး စစ်သည်တော်တွေကို ပြင်ဆင်လိုက်... သူတို့ကို ချွမ်မင်းဆက်ရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ မိန်းမတွေကို စိတ်ကြိုက်ပျော်ပါးခွင့်ပေးမယ်...”

“ငါတို့သာ အောင်မြင်မယ်ဆိုရင် ဒါဟာ ချွမ်မင်းဆက်ကို သိမ်းပိုက်ဖို့ ငါတို့အတွက် အခွင့်အရေးပဲ...”

ဟူလူပေ့အာသည် လုပ်ဆောင်ရမည့် အစီအစဉ်များကို ထိုလူများအား ရှင်းလင်းပြောကြားလိုက်သည်။

သူတို့၏ မျက်လုံးများမှာ အရောင်တောက်သွားကြသည်။ ချွမ်မင်းဆက်၏ စည်းစိမ်ဥစ္စာများနှင့် မိန်းမများကို ရရှိနိုင်မည်ဟူသော ကတိစကားကြောင့်ပင်။

ထို့ကြောင့် သူတို့၏ အကောင်းဆုံး စစ်သည်တော်များကို စေလွှတ်ရန် ဆုံးဖြတ်ချက်မှာ စဉ်းစားနေစရာပင် မလိုတော့ချေ။

…

ချင်ဖုန်းဂိုဏ်း…

ဓားတစ်သန်း ခန်းမ…

ဂိုဏ်းပေါင်းစုံမှတပည့်များသည် ခန်းမဆောင်အတွင်းသို့ တစ်ဖန် ပြန်လည်စုရုံးလာကြပြန်သည်။

သူတို့သည် နောက်ထပ်လုပ်ဆောင်ရမည့် အစီအစဉ်များကိုသိရှိရန် ချင်းယန်ဇီကို စောင့်မျှော်ကြည့်ရှုနေကြသည်။

“ပြီးခဲ့တဲ့ တာဝန်ကို ငါတို့ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တဲ့အတွက် အခု နောက်ထပ်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နိုင်ပြီ...”

ချင်းယန်ဇီသည် သူ၏ နောက်ကွယ်ရှိ ချွမ်မင်းဆက်၏ မြေပုံကိုညွှန်ပြရင်း ပြောလိုက်သည်။

“ငါတို့ ဟွိုင်တောင်တန်းမှာရှိတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်ဖို့လိုအပ်တယ်... အဲဒီနေရာက ငါတို့ရဲ့ နောက်ထပ်အဆင့်အတွက် အခြေစိုက်စခန်း ဖြစ်လာလိမ့်မယ်...”

ထို့နောက် အောက်ခြေသိမ်းတပည့်များသည် ရောက်ရှိလာပြီး တပည့်များထံသို့ စာလွှာများကို တစ်ဖန်ပြန်လည် ဝေငှပေးလိုက်ကြသညိ။

တပည့်များသည် စာလွှာများကို ဖွင့်ဖတ်လိုက်ကြသည်။

ယခုတစ်ကြိမ်တွင်မူ စာလွှာထဲ၌ အဖွဲ့တစ်ခုချင်းစီအတွက် သတ်မှတ်ထားသော တာဝန်အသေးစိတ်များကို ရေးသားထားချေသည်။

လင်းဖန်သည် သူတို့အဖွဲ့၏ တာဝန်ကိုကြည့်လိုက်ရာ ရန်သူ့နယ်မြေအတွင်းသို့ လျှို့ဝှက်ဝင်ရောက်ပြီး ပရမ်းပတာဖြစ်အောင်ဖန်တီးရမည့် အထူးတပ်ဖွဲ့အဖြစ် တာဝန်ပေးအပ်ခြင်း ခံထားရသည်ကိုတွေ့ရှိလိုက်ရသည်။

ဤအရာသည် သူ ယခင်ကလည်း လုပ်ဆောင်ဖူးသော အလုပ်မျိုးပင် ဖြစ်သည်။

“အားလုံးပဲ ပြင်ဆင်ထားကြပါ... သန်ဘက်ခါကျရင် ငါတို့ စတင်ထွက်ခွာကြမယ်...”

ချင်းယန်ဇီသည် လူတိုင်း မိမိတို့လုပ်ဆောင်ရမည့် တာဝန်များကို ရှင်းလင်းစွာ နားလည်သွားကြပြီးနောက် ရှင်းလင်းတင်ပြမှုကို အဆုံးသတ်လိုက်လေသည်။

လင်းဖန်သည် သူ၏အဖွဲ့နှင့်အတူ ထွက်ခွာလာခဲ့ပြီး သူတို့ကို ရိက္ခာနှင့် ပစ္စည်းသိုလှောင်ရာ ဆိုင်များဆီသို့ ဦးဆောင်ခေါ်သွားသည်။

သူတို့သည် လင်းဖန်တစ်ယောက် ဆေးလုံးများကို အမြောက်အမြား လက်ကားဝယ်ယူနေသည်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားကြရသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

“မင်းတို့က ဘာကို စောင့်နေကြတာလဲ... ကြိုတင်ပြင်ဆင်ထားတာက ပိုကောင်းတယ်... ငါကတော့ ဝယ်လို့ ပြီးပြီ...”

လင်းဖန်သည် ပြောလိုက်ပြီးနောက် သူတို့ ပစ္စည်းများ ဝယ်ယူသည်ကို စောင့်ဆိုင်းနေလိုက်သည်။

လိုင်မင်သည် သူ၏ညီဖြစ်သူကို တံတောင်နှင့် တွန်းလိုက်ပြီး ရှိသမျှငွေအားလုံးကို သူ့ထံသို့ပေးရန် အချက်ပြလိုက်သည်။

သို့သော် လိုင်ချင်းသည်လည်း သူ့ကဲ့သို့ပင် ပြားတစ်ချပ်မှမရှိအောင် ဆင်းရဲမွဲတေနေချေသည်။

ဟူထော်သည် သူ့ကိုယ်ပိုင် ဆေးဘက်ဝင် ဒီဇီပုတီးစေ့များ ရှိနေသောကြောင့် ပစ္စည်းများစွာ ဝယ်ယူခြင်း မပြုခဲ့ပေ။

ကျောက်ကျားရွေ့သည် သူမ၏ နတ်သမီးသဖွယ် သန့်စင်သော ရုပ်ရည်ကြောင့် သူမ၏နောက်ကွယ်တွင် ဝိုင်းဝိုင်းလည် အားပေးနေကြသော တပည့်များစွာကို ဆွဲဆောင်ထားနိုင်ချေသည်။

အချို့သောတပည့်များသည် သူမအား ဆေးလုံးများကိုပင် အလကား ပေးကမ်းနေကြသေးသည်။

ဤကဲ့သို့သော ဝန်းရံမှုမျိုးကို ရရှိနိုင်သူမှာ ဟွမ်ယွမ်ခွန်းနှင့် သူ၏ ပရိသတ်များသာ ရှိပေလိမ့်မည်။

လင်းဖန်သည် ခေါင်းကို ခါယမ်းလိုက်ရင်း တွေးလိုက်မိသည်။

‘ဒီလို မျက်နှာလုပ်တတ်တဲ့ ကောင်တွေကတော့ ကမ္ဘာတိုင်းမှာရှိနေတာပဲ...’

လင်းဖန်သည် ဟိုမင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ သူသည်တုံ့ဆိုင်းနေသည်ကို တွေ့ရှိလိုက်ရသည်။

“ဘာပြဿနာ ရှိလို့လဲ... မင်းမှာ ငါ့ထက် ပိုက်ဆံနဲ့ စွမ်းဆောင်ရည်အမှတ်တွေ ပိုရှိတယ်လို့ ငါ မှတ်မိနေပါတယ်...”

“ဒါက ပိုက်ဆံနဲ့ စွမ်းဆောင်ရည်အမှတ်တွေကြောင့် မဟုတ်ပါဘူး... ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားကြည့်ရင်ကောင်းမလားလို့ စဉ်းစားနေတာ...”

လင်းဖန်သည် သူ၏ကျောကို ပုတ်ပေးလိုက်ရင်း ပြောလိုက်သည်။

“ကြိုးစားကြည့်လိုက်စမ်းပါ... ဒါက ငါတို့ရဲ့ နောက်ထပ်တာဝန်အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်...”

လင်းဖန်၏အားပေးစကားကြောင့် ဟိုမင်သည် သူလိုအပ်သော ဆေးလုံးများကို ဝယ်ယူလိုက်ပြီး ဓားတောင်ထွတ်သို့ လျင်မြန်စွာ ပြန်သွားလေသည်။

လင်းဖန်သည်လည်း သူနှင့်အတူ လိုက်ပါသွားပြီး ဟိုမင်၏ဘေးတွင် ရပ်နေကာ သူ့အား ယုံကြည်မှုများ ပေးအပ်လိုက်သည်။

ထို့နောက် ဟိုမင်သည် ဆေးရည်ချိုးကန်အတွင်းသို့ ဝင်ရောက်ကာ အဆင့်တက်လှမ်းခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်လေသည်။

မကြာမီပင် ဟိုမင်၏ ခန္ဓာကိုယ်သည် ပူနွေးလာခဲ့သည်။

ဆေးရည်ချိုးကန်တစ်ခုလုံးသည်လည်း အဖြူရောင်မြူခိုးများဖြင့် ဖုံးလွှမ်းသွားချေသည်။

စီနီယာတပည့်များနှင့် လင်းဖန်တို့သည် ထိုဖြစ်စဉ်ကို အာရုံစိုက်ကာ စောင့်ကြည့်နေကြသည်။

လင်းဖန်နှင့် မတူညီသည်မှာ ဟိုမင်၏ အဆင့်တက်လှမ်းခြင်းဖြစ်စဉ်သည် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ခြင်းပင်။

နောက်တစ်နေ့၏ အရုဏ်တက်ချိန်အထိပင် ဖြစ်ချေသည်။

မြူခိုးများသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး‌နောက် ဟိုမင်သည် နောက်ဆုံးတွင် ဆေးရည်ချိုးကန်ထဲမှ ထွက်လာခဲ့လေသည်။

လင်းဖန်သည် ဟိုမင်၏ အငွေ့အသက်များ ပိုမိုသန်မာလာသည်ကို ခံစားလိုက်ရသည်။

လင်းဖန်သည် ရှေ့သို့တိုးသွားပြီး သူ၏ ကျောကို ပုတ်ပေးလိုက်သည်။

“အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...”

ထိုရွာသားလေးသည် ဤအဆင့်သို့ ရောက်ရှိရန်အတွက် အလွန်ဝေးကွာသောခရီးကို ဖြတ်သန်းလာခဲ့ရလေသည်။

All Chapters