အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) - ဆံပင်စုချည်ထားသူနှင့် ဆေးမင်ကြောင်မျက်နှာ
ဆံပင်စုချည်ထားသူက သူ့ထံ ပြေးဝင်လာချိန်တွင် လင်းဖန်က သံတူများကို အသင့်ကိုင်ဆောင်ထားလိုက်သည်။
ဘုန်း...
သူ၏ သံတူဖြင့် ဆံပင်စုချည်ထားသူ၏ပခုံးကို ရိုက်ချလိုက်ချိန်တွင် ထိုရိုက်ချက်အရှိန်ကို ဆံပင်စုချည်ထားသူက စုပ်ယူလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်မှာ သူတို့၏ သိုင်းနည်းစနစ် ဖြစ်ပေလိမ့်မည်။
ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို စုပ်ယူလိုက်ခြင်းပင်။
လိုင်ညီအစ်ကိုတို့မှာ သူတို့အား ရင်မဆိုင်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
ထို့နောက် လင်းဖန်သည် သံတူများကိုပြန်သိမ်းလိုက်ပြီး မူလချီလက်သည်းများကို အသုံးပြုကာ ဆံပင်စုချည်ထားသူ၏ မျက်လုံးများဆီသို့ ထိုးဖောက်လိုက်လေသည်။
သူ၏လက်သည်းများက မျက်လုံးနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည့်အချိန်တွင် ဆံပင်စုချည်ထားသူက နောက်သို့ ခုန်ဆုတ်သွားသည်။
ထိုအချိန်တွင် ဆေးမင်ကြောင်မျက်နှာသည် လင်းဖန်၏ကျောဘက်သို့ ရောက်ရှိနေပြီဖြစ်ကာ နောက်ကျောမှနေ၍ ဝင်ရောက်တိုက်ခိုက်လာလေသည်။
ဤတစ်ကြိမ်တွင်မူ သူအောင်မြင်သွားခဲ့ပြီး လင်းဖန်၏ခါးကို ဖမ်းဆုပ်ထားလိုက်သည်။
ဆံပင်စုချည်ထားသူက မဲ့ပြုံးပြုံးလိုက်ပြီး လင်းဖန်ထံသို့ ပြေးဝင်လာလေတော့သည်။
သို့သော် ဆံပင်စုချည်ထားသူ အနီးသို့ရောက်လာချိန်တွင် လင်းဖန်က ပါးစပ်မှနေ၍ အမည်းရောင်အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဆံပင်စုချည်ထားသူနှင့် ဆေးမင်ကြောင်မျက်နှာတို့မှာ ရုတ်တရက် အံ့အားသင့်သွားကြပြီး အမည်းရောင်အခိုးအငွေ့များကို ရှူရှိုက်မိသွားကြလေသည်။
“မင်း... မင်းက သတ္တိကြောင်တဲ့ကောင်ပဲ...”
ဆံပင်စုချည်ထားသူက လင်းဖန်ကို လက်ညှိုးထိုးရင်း တဖြည်းဖြည်း ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
အဆိပ်ရည်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ချေသည်။
ဆေးမင်ကြောင်မျက်နှာ၏ အခြေအနေမှာလည်း သိပ်မကောင်းလှချေ။
သူက လင်းဖန်ကို ဖမ်းဆုပ်ထားမှုမှလွှတ်ပေးလိုက်ကာ အောက်သို့ထိုင်ချလိုက်ပြီး ချီစွမ်းအင်များကိုအသုံးပြု၍ အဆိပ်များကိုမောင်းထုတ်ရန် အပြင်းအထန် ကြိုးစားနေလေသည်။
သူ၏ အဆိပ်စွမ်းရည်မှာ တစ်နေ့မဟုတ်တစ်နေ့ အသုံးဝင်လာမည်ကို လင်းဖန် သိရှိထားပြီးဖြစ်သည်။
သို့မဟုတ်ပါက ဆံပင်စုချည်ထားသူနှင့် ဆေးမင်ကြောင်မျက်နှာတို့ နှစ်ဦးလုံးအား တစ်ချိန်တည်းရင်ဆိုင်ရသည်မှာ ခက်ခဲသောတိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
လင်းဖန်သည် လှည့်လိုက်ပြီး မူလချီလက်သည်းများကိုအသုံးပြုကာ ဆေးမင်ကြောင်မျက်နှာ၏ မျက်လုံးများဆီသို့ တိုက်ခိုက်လိုက်လေသည်။
လင်းဖန်၏လက်သည်းများ ဝင်ရောက်လာသည်ကိုမြင်သောအခါ ဆေးမင်ကြောင်မျက်နှာက လက်မောင်းများဖြင့်တားဆီးရန် ကြိုးစားလိုက်သော်လည်း သူ၏ ခွန်အားများမှာ အားနည်းနေပြီ ဖြစ်ချေသည်။
ဇွပ်...
လက်သည်းများက ဖောက်ထွင်းဝင်ရောက်သွားပြီး သူ့စိတ်ထဲတွင် ရင်းနှီးနေသော အသံထွက်ပေါ်လာသည်အထိ လင်းဖန်က အတွင်းသို့နက်နက်ရှိုင်းရှိုင်း တူးဆွလိုက်လေတော့သည်။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၃၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၂၂၁၀]
လင်းဖန်သည် လက်ကို ဆွဲထုတ်လိုက်ပြီး ကပ်ပါလာသော အသားစများနှင့် သွေးကြောများကို ခါထုတ်လိုက်သည်။
ထို့နောက် သူက လှည့်ကာ ဆံပင်စုချည်ထားသူကို ကြည့်လိုက်သည်။
ဆံပင်စုချည်ထားသူသည် ယခုအခါ မတ်တပ်ရပ်နေပြီး လင်းဖန်ကို စူးရဲစွာ စိုက်ကြည့်နေလေသည်။
သူ၏ ရုပ်သွင်မှာ ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ခန္ဓာကိုယ်အရွယ်အစားမှာလည်း ယခင်ကထက် ပိုမိုကြီးမားနေချေပြီ။
ဘုန်း...
လင်းဖန်သည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကိုအသုံးပြုကာ ဆံပင်စုချည်ထားသူဆီသို့ ခုန်ဝင်သွားလေသည်။
ဝှစ်...
ဆံပင်စုချည်ထားသူက ယင်ကောင်ကိုရိုက်ချသကဲ့သို့ သူ၏ ဧရာမလက်ဝါးကြီးများဖြင့် လင်းဖန်ကို ရိုက်ချလိုက်သည်။
သို့သော် လင်းဖန်သည် လေထုကို နံရံတစ်ခုကဲ့သို့ ထပ်မံနင်းခြေလိုက်ပြီး သူ၏ ဦးတည်ရာဘက်ကို ပြောင်းလဲလိုက်လေသည်။
သူသည် ဆံပင်စုချည်ထားသူ၏ အပေါ်မှ ကျော်လွန်ခုန်တက်သွားကာ ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။
ဆံပင်စုချည်ထားသူက သူ၏ လက်ဝါးကြီးများဖြင့် ရမ်းသန်းရိုက်ခတ်လိုက်သော်လည်း လင်းဖန်ကို မထိလှမ်းနိုင်ချေ။
လင်းဖန်က မူလချီလက်သည်းများဖြင့် ဆံပင်စုချည်ထားသူ၏ နားထင်ကို ထိုးချလိုက်သည်။
သို့သော် ဦးခေါင်းခွံကို ချက်ချင်း ဖောက်ထွင်းမသွားနိုင်ခဲ့ပေ။
လင်းဖန်သည် ချီစွမ်းအင်များကို ပိုမိုထည့်သွင်းလိုက်ရာ လက်သည်းများက ဦးခေါင်းခွံအတွင်းသို့ တဖြည်းဖြည်းဖြင့် ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားလေတော့သည်။
“အား...”
နာကျင်မှုကြောင့် ဆံပင်စုချည်ထားသူက အော်ဟစ်လိုက်ပြီး သူပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ပက်လက်လှန်ကျသွားခြင်းသာ ဖြစ်ချေသည်။
လင်းဖန်သည် သူ၏ခန္ဓာကိုယ်မှာ နောက်သို့ယိမ်းယိုင်သွားသည်ကို ခံစားလိုက်ရသဖြင့် ဆံပင်စုချည်ထားသူ၏ ပခုံးပေါ်မှနေ၍ အလျင်အမြန် ခုန်ဆင်းလိုက်လေသည်။
ဂျုန်း...
ဆံပင်စုချည်ထားသူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် လေးလံလှသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
လင်းဖန်သည် လွင့်စင်လာသောဖုန်မှုန့်များကို လျစ်လျူရှုကာ ဆံပင်စုချည်ထားသူ၏အပေါ်သို့ ခုန်တက်လိုက်သည်။
လက်ထဲရှိသံတူများဖြင့် ဆံပင်စုချည်ထားသူ၏ ဦးခေါင်းကို အဆက်မပြတ် ထုရိုက်ချလိုက်လေတော့သည်။
ဘုန်း...
ဘုန်း…
ဘုန်း…
ဤသို့ ဆက်တိုက် ထွက်ပေါ်နေလေသည်။
အစပိုင်းတွင် ဆံပင်စုချည်ထားသူ၏ လက်သည်းများက လင်းဖန်၏ ခြေထောက်များအား လှမ်း၍ ကုတ်ဖဲ့ရန်ကြိုးစားနေသည်ကို မြင်တွေ့ရပေသည်။
သို့သော်လည်း ဆံပင်စုချည်ထားသူ၏ခေါင်းမှာ သွေးသံရဲရဲ အသားစိုင်များအဖြစ် ရိုက်ချေခံလိုက်ရချိန်တွင် ထိုလက်များမှာ ဖြည်းညင်းစွာ ပျော့ခွေကျသွားရချေပြီ။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၃၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၂၅၁၀]
လင်းဖန်သည် သူ၏ စိတ်ထဲမှ အချက်အလက်ပြဇယားကို မြင်လိုက်ရချိန်တွင်မှ နောက်ဆုံး၌ ရပ်တန့်လိုက်လေသည်။
သူက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြန်သည်။
ဟိုမင်နှင့် ကျောက်ကျားရွေ့တို့မှာလည်း သူတို့၏ ပြိုင်ဘက်များကို အဆုံးသတ်ပြီးသွားကြကာ လိုင်ညီအစ်ကိုကို ပြုစုပေးနေကြလေသည်။
ထိုစဉ် သူ သတိမထားမိဘဲ ကျန်ရစ်နေသူ တစ်ယောက်ကို ရုတ်တရက် သတိရသွားချေသည်။
ဟူထော်…
ဟူထော်မှာ အစအဆုံး အလွန်တိတ်ဆိတ်နေခဲ့သဖြင့် သူ့ကိုမေ့သွားရန် အလွန်လွယ်ကူနေခြင်း ဖြစ်ပေသည်။
လင်းဖန်က စစ်စခန်းတစ်ခုလုံးကို အကဲခတ်ကြည့်လိုက်ပြီး ဟူထော်ကိုတွေ့လိုက်ရချိန်တွင် သက်ပြင်းချနိုင်သွားတော့သည်။
ဟူထော်မှာ ဒဏ်ရာရထားသော်လည်း အသက်ရှင်လျက် ရှိနေသေးသည်။
ထို့အပြင် သူ၏အာရုံများကို စွန့်လွှတ်လိုက်ရသည့်ပုံလည်း မပေါ်ပေ။
ဤတိုက်ပွဲအပြီးတွင် အဖွဲ့ဝင်များ၏ စွမ်းဆောင်နိုင်ရည်ကို သူ ပိုမို နားလည်သွားခဲ့လေသည်။
နောင်လာမည့်တာဝန်များတွင် သူတို့၏စွမ်းရည်များနှင့် ပိုမိုကိုက်ညီသော တာဝန်များကို သူ ခွဲဝေပေးနိုင်ပေလိမ့်မည်။
ဟူလူမျိုးနွယ်စု၏တပ်မှူးများ သေဆုံးသွားပြီဖြစ်ရာ စစ်သည်များမှာ ဦးဆောင်သူမရှိဘဲ တိုက်ခိုက်နေရသဖြင့် အထိနာနေကြရချေပြီ။
မကြာမီမှာပင် တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့လေသည်။
သူတို့က စစ်စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြပေသည်။
…
ညအချိန်တွင်…
စစ်စခန်းအတွင်း၌ တပည့်များအနားယူနေကြပြီး ဒဏ်ရာရရှိသူများကို ချင်ဖုန်းဂိုဏ်းသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။
လင်းဖန်နှင့် သူ၏အဖွဲ့မှာ အခန်းတစ်ခန်းထဲရှိ မီးလင်းဖိုကို ဝိုင်းရံထိုင်နေကြလေသည်။
ဤနေရာမှာ နောက်ထပ် တာဝန်မစတင်မီ သူတို့ တည်းခိုရမည့်နေရာပင် ဖြစ်ပေသည်။
နောက်တစ်ကြိမ်တိုက်ခိုက်မှုမှာ မြောက်ဘက်သို့ ဆက်လက်ချီတက်ရမည်ဖြစ်ကြောင်း လင်းဖန် တွက်ဆထားလေသည်။
တပည့်အများအပြားဝင်ရောက်လာကြပြီး လင်းဖန်နှင့် သူ၏အဖွဲ့ဝင်များဖြင့် စကားပြောဆိုကြလေသည်။
လင်းဖန်၏စွမ်းဆောင်ရည်များကို ကိုယ်တိုင်မြင်တွေ့ထားကြသဖြင့် သူနှင့် ဆက်ဆံရေးကောင်းမွန်လိုကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း လင်းဖန်က သိပ်ပြီး စိတ်ဝင်စားမှုမရှိလှသဖြင့် ထိုသူများကိုတုံ့ပြန်ရန် ဟိုမင်ကိုသာ အများဆုံး လွှဲအပ်ထားလိုက်သည်။
မည်သို့ပင်ဆိုစေ ဟိုမိသားစု၏ သခင်လေးတစ်ယောက်အနေဖြင့် အနာဂတ်တွင် ဤသည်မှာ သူ့အတွက် နေ့စဉ်ကြုံတွေ့ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာနိုင်ပေသည်။
“စီနီယာအစ်ကို လင်းဖန်... ကျုပ်က မိုးကြိုးမုန်တိုင်းဂိုဏ်းက ရှန်းရွေ့ပါ... ခင်ဗျား စိတ်ဝင်စားလောက်မယ့် ကိစ္စလေးတစ်ခုရှိနေလို့ပါ...”
ရှန်းရွေ့ကဝင်လာပြီး လင်းဖန်ကို နှုတ်ဆက်လိုက်လေသည်။
လင်းဖန်က ဟိုမင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ရှန်းရွေ့မှာလည်း အခြားသူများနည်းတူ လာရောကမိတ်ဖွဲ့သူဖြစ်ကြောင်း သူ မှတ်ယူလိုက်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ရှန်းရွေ့ ဆက်ပြောလိုက်သည့် စကားများက လင်းဖန်၏စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့လေသည်။
“ဒီစစ်စခန်းဘေးက တောင်ပေါ်မှာ လျှို့ဝှက်နယ်မြေတစ်ခုရှိတယ်...”
“လျှို့ဝှက်နယ်မြေ...”
လင်းဖန်က စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။
ပြီးခဲ့သည့်အကြိမ် စီမာမိသားစု၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့စဉ်က သူ အကျိုးအမြတ်များစွာ ရရှိခဲ့ဖူးပေသည်။
ရှန်းရွေ့က လင်းဖန် စိတ်ဝင်စားသွားသည်ကိုမြင်သောအခါ ဆက်လက် ပြောဆိုလိုက်သည်။
“အဲဒါ ဘယ်နားမှာရှိလဲဆိုတာ ကျုပ် သိတယ်...”
“ကျုပ် ငယ်ငယ်တုန်းက ဒီနယ်မြေတစ်ဝိုက်မှာ နေခဲ့ဖူးတယ်လေ...”
“အဲဒီလျှို့ဝှက်နယ်မြေထဲကနေ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်တဲ့သူတွေ အများကြီးရှိတာမို့ အနားကိုမသွားဖို့ ကျုပ်တို့ကို သတိပေးထားကြတယ်...”
ယုတ်မာသော ရည်ရွယ်ချက်ရှိကြောင်း စနစ်၏အသိပေးချက် ထွက်ပေါ်လာခြင်းမရှိသဖြင့် ရှန်းရွေ့တွင် မကောင်းသောအကြံအစည်များ မရှိနိုင်ကြောင်း လင်းဖန် သေချာသွားတော့သည်။
သူက ကျန်အဖွဲ့ဝင်များကိုကြည့်ကာ မေးလိုက်လေသည်။
“မင်းတို့ကော သွားကြည့်ချင်ကြလား...”
သူတို့အားလုံးက တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။
“ကျုပ်တို့လည်း လိုက်မယ်...”
ရှေးဘိုးဘေးများချန်ရစ်ခဲ့သော ရတနာများ၏ဆွဲဆောင်မှုကို မည်သူကမျှ လွန်ဆန်နိုင်စွမ်းမရှိကြပေ။
ဤသည်မှာ ကျင့်ကြံသူများ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ပင် ဖြစ်လေသည်။