← Chapters

အခန်း ၁၄၁

Vol. 8 Ch. 141

အခန်း ၁၄၁

Vol. 8 Ch. 141

အပိုင်း(၁၄၁) သွေးမျက်လုံးဖြင့် အစားထိုးရန်

ချန်းရီနှင့် ခေါင်းဆောင်ချူတို့ နှစ်ယောက် အပြစ်မကင်းသည့် စိတ်ခံစားချက်များထဲမှ ပြန်လည်သတိဝင်လာချိန်တွင် ဖြစ်၏။

တိုက်ပွဲက အပြင်းအထန် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အသူရာ သွေးမျက်လုံးက ထွက်ပြေးချင်နေပြီး ထိုကြီးမားသော မျက်လုံးကြီးထဲတွင် ကြောက်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ အပြည့်ဖြစ်နေသည်။

မရဏနတ်သမီးက ထိုသွေးရောင် မရဏတံစဉ်ကြီးကို လက်တွင်ကိုင်ဆောင်ထားပြီး သူ၏ ကိုယ်ရိပ်သည် အရိပ်အယောင်များအဖြစ် ပြောင်းလဲသွားကာ အသူရာ သွေးမျက်လုံးနောက်သို့ တိုက်ရိုက် လိုက်သွားလေသည်။

"ဝူကျန့်ရှန်း... ရပ်လိုက်စမ်း"

ခြေလက်ရှစ်ဖက်နှင့် လူမျက်နှာပါသော အဘိုးအိုမျက်နှာကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရှစ်ချောင်းသော ရေဘဝဲလက်တံများက အဆုံးအစမဲ့ ရှည်ထွက်လာကာ မရဏနတ်သမီး၏ တံစဉ်ကို ဟန့်တားလိုဟန် ရှိသည်။

မရေမတွက်နိုင်သော အဖြူရောင် တွားသွားကောင်များက ရူးသွပ်နေသကဲ့သို့ ရှေ့သို့တိုးကာ ဟန့်တားရန် ကြိုးစားကြသည်။

ဤဓားချက်ကို ဟန့်တားနိုင်မည်ဆိုပါက ထိုတွားသွားကောင်များသည် သူတို့၏ အသက်ကိုပင် ပေးဆပ်ရန် ဝန်မလေးကြပေ။

သို့သော် အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သွေးရောင်ဓားသွားက ဖြတ်သန်းသွား၏။

အသူရာ သွေးမျက်လုံး၏ မျက်လုံးအကြီးကြီးပေါ်တွင် သွေးထွက်နေသော ဒဏ်ရာတစ်ခု ထပ်တိုးလာသည်။

ကြီးမားလှသော မျက်လုံးကြီးက လေထဲတွင် ငြိမ်သက်စွာ မျောလွင့်နေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် စွမ်းရည်အားလုံး ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သွားသည်။

မရေမတွက်နိုင်သော မျက်လုံးများက အသူရာ သွေးမျက်လုံး၏ သွေးဒဏ်ရာထဲမှ ရုန်းကန်ထွက်လာကြပြီး လွတ်မြောက်သွားသော ငှက်ကလေးများနှင့် တူနေသည်။

ယခုအချိန်တွင်မူ အသူရာ သွေးမျက်လုံးသည် အပေါက်ဖောက်ခံလိုက်ရသော ပူဖောင်းတစ်လုံးကဲ့သို့ တဖြည်းဖြည်း ကျုံ့ဝင်သွားလေသည်။

လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ယခင်က အချင်း (၁၀) ပေခန့်ရှိသော ကြီးမားသည့် မျက်လုံးကြီးသည် နောက်ဆုံးတွင် သာမန်လူတစ်ယောက်၏ အရွယ်အစားခန့်ရှိသော မျက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ကျလာခဲ့သည်။

ထိုမျက်လုံးကို မြင်လိုက်ရချိန်တွင် ချန်းရီသည် ရင်ထဲ၌ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ပုံမှန်အားဖြင့် အလွန်တန်ဖိုးကြီးမားသော သဘာဝလွန်ပစ္စည်းများကသာ လူကို ဤကဲ့သို့သော ခံစားချက်မျိုး ဖြစ်ပေါ်စေနိုင်သည်။

စစ်ဆေးအတည်ပြုရခြင်း မရှိသေးသော်လည်း ၎င်းသည် အရေခွံဆုတ် တစ္ဆေ ဦးရေပြားထက် ပို၍ တန်ဖိုးကြီးမားသော သဘာဝလွန်ပစ္စည်းတစ်ခု ဖြစ်ကြောင်း ချန်းရီ အလွန် သေချာနေသည်။

ဤသဘာဝလွန်ပစ္စည်းက မျက်လုံးနေရာတွင် အစားထိုးနိုင်မည်လားဆိုသည်ကိုမူ သူ မသိပေ။

အစွမ်းများ တိုးတက်လာသည်နှင့်အမျှ ဘယ်ဘက်မျက်လုံး၏ အမြင်အာရုံက တဖြည်းဖြည်း ပို၍ အားနည်းလာခဲ့သည်။

ဖီ။

ငါ ဘာတွေ တွေးနေတာလဲ၊ သဘာဝလွန်ပစ္စည်းကို မျက်လုံးထဲ တပ်ဆင်မည့်လူ ဘယ်မှာရှိလို့နည်း။

ဘယ်ဘက်မျက်လုံး၏ အမြင်အာရုံက တဖြည်းဖြည်း အားနည်းလာသောကြောင့်သာ မျက်လုံးကို မြင်သည်နှင့် တစ်ပြိုင်နက် ပို၍ ကန်းလာသော သူ၏ ဘယ်ဘက်မျက်လုံးကို တွေးမိသွားစေရန် ချန်းရီကို တွန်းအားပေးလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ချန်းရီက စနစ်ကို အသုံးပြု၍ စစ်ဆေးခြင်း မပြုလုပ်ရသေးခင်မှာပင်။

ဝူကျန့်ရှန်းက အလွန် တန်ဖိုးကြီးမားပုံရသော ဤသဘာဝလွန်ပစ္စည်းကို လက်ထဲသို့ ကောက်ယူလိုက်ပြီ ဖြစ်သည်။

ကျစ်။

ဒီကောင်ရဲ့ လက်လှုပ်ရှားမှုက အရမ်းမြန်လွန်းမနေဘူးလား။

ဤမျက်တောင်တစ်ခတ်အတွင်းမှာပင် ဝူကျန့်ရှန်းလက်ထဲမှ ဤမျက်လုံးကို ရယူနိုင်မည့် နည်းလမ်းဆယ်ခုကျော်ခန့် ချန်းရီ၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

နည်းလမ်းတစ်ခုစီတိုင်းက မျက်နှာပြောင်တိုက်ပြီး အကြံပက်စက်သော နည်းလမ်းများချည်းသာ ဖြစ်၏။

အသူရာ သွေးမျက်လုံးသည် ဤသို့ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ခြေလက်ရှစ်ဖက်နှင့် လူမျက်နှာက သူ၏ ရေဘဝဲလက်တံများကို အမြန်ရုပ်သိမ်းလိုက်ပြီး ကိုယ်ကိုလှည့်ကာ လေထဲတွင် မျောလွင့်လျက် လျင်မြန်စွာ ထွက်ခွာသွားလေသည်။

နေရာတွင် ကျန်ရစ်နေခဲ့သော ထိုအဖြူရောင် တွားသွားကောင်များမှာလည်း ကျားကို မြင်လိုက်ရသော တောခွေးများအလား တစ်ကောင်ပြီးတစ်ကောင် ကျောင်းဝင်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

သစ်ပင်အောက်ရှိ အဖြူရောင် ကိုယ်ရိပ်က ကွင်းထဲတွင် မတ်တတ်ရပ်နေသော မရဏနတ်သမီးကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် ကိုယ်ကိုလှည့်ကာ ထွက်ခွာသွား၏။

၎င်း၏ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော အဖြူရောင် တွားသွားကောင်များက ဝန်းရံလျက် ရှိနေသည်။

တကယ်တော့ ထိုအဖြူရောင် ကိုယ်ရိပ်သည်သာ ဤအဖြူရောင် တွားသွားကောင်များ၏ ခေါင်းဆောင် ဖြစ်နေပေသည်။

ယခင်က အသူရာ သွေးမျက်လုံးသည် ၎င်း၏ အစွမ်းကို အသုံးပြုကာ ထိုတွားသွားကောင်များကို ထိန်းချုပ်၍ ၎င်းကိုယ်စား တိုက်ခိုက်ခိုင်းခဲ့ခြင်း ဖြစ်ပေမည်။

အမှောင်ထဲတွင် ပုန်းကွယ်နေပြီး မှုန်ဝါးဝါး ကိုယ်ရိပ်များရှိနေသော အခြား ထူးဆန်းသည့် အရာများမှာလည်း ၎င်းတို့နှစ်ကောင် ထွက်ခွာသွားပြီးနောက်တွင် တစ်ကောင်ပြီးတစ်ကောင် ထွက်ခွာသွားကြလေသည်။

"ခေါင်းဆောင်ချူ... သူတို့ ထပ်လာကြဦးမယ်လို့ ထင်လား"

ချန်းရီက တိုးညင်းစွာ ပြောလိုက်ပြီး သူ၏ မျက်လုံးများက ဝူကျန့်ရှန်း၏ အင်္ကျီအိတ်ကပ်ဆီသို့ တောက်လျှောက် စိုက်ကြည့်နေသည်။ ထိုနေရာတွင် အသူရာ သွေးမျက်လုံး ကျန်ရစ်ခဲ့သော မျက်လုံး ရှိနေ၏။

သူ အလွန် လိုချင်နေသည်။

အလောတကြီးပင် ဖြစ်နေမိသည်။

အဆင့် (၂) လမ်းစဉ်သို့ တက်လှမ်းလိုက်ပါက သူ၏ အစွမ်းများ သိသိသာသာ တိုးတက်လာနိုင်မည်ဟု ချန်းရီ ခံစားနေရသည်။

သို့သော် သူ၏ အမြင်အာရုံကမူ ပို၍ အားနည်းသွားနိုင်သည်။

သူ၏ ညာဘက်မျက်လုံးကိုပင် ထိခိုက်လာနိုင်ချေ ရှိသည်။

နောက်ဆုံးတွင် မျက်လုံးနှစ်ဖက်စလုံး ကန်းသွားနိုင်ပေသည်။

ဤကဲ့သို့ ဖြစ်နိုင်ချေနှင့် ပတ်သက်၍ ချန်းရီသည် ခေါင်းဆောင်ချူကို မေးမြန်းခဲ့ဖူးသည်။

ခေါင်းဆောင်ချူ ကိုယ်တိုင်လည်း သဘာဝလွန်လမ်းစဉ်အတွက် ပေးဆပ်ရမည့် တန်ဖိုးက အတိအကျ မည်သို့ရှိသည်ကို သိပ်မသိလှပေ။

သို့သော် ခေါင်းဆောင်ချူ၏ ခန့်မှန်းချက်အရ ညာဘက်မျက်လုံး ကန်းသွားရန်မှာ အလွန် ဖြစ်နိုင်ချေ များသည်။

လမ်းစဉ် အစွမ်းပိုင်ရှင်တိုင်းသည် တန်ဖိုးတစ်ခုကို ပေးဆပ်ရမည် ဖြစ်ပြီး ချွင်းချက် မရှိပေ။

သို့သော် လမ်းစဉ် အစွမ်းပိုင်ရှင်တစ်ဦးစီ ပေးဆပ်ရမည့် တန်ဖိုးများကတော့ တူညီမည် မဟုတ်ချေ။

စနစ်၏ ခန့်မှန်းချက်အရ မီးခိုးတမန်တော်သည် လမ်းစဉ် အဆင့်တက်လာသည်နှင့်အမျှ မျက်လုံးနှစ်ဖက်စလုံး ကန်းသွားနိုင်ချေ (၉၀) ရာခိုင်နှုန်းကျော် ရှိနေသည်။

သို့သော် ဤရလဒ်ကို ချန်းရီ မည်သူ့ကိုမျှ မပြောပြခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ချန်းရီ ကိုယ်တိုင်လည်း မျက်လုံးနှစ်ဖက်စလုံး ကန်းသွားမည့် အခြေအနေမျိုးကို ရင်ဆိုင်ချင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ဘယ်ဘက်မျက်လုံးကို ပြန်လည် ကောင်းမွန်လာစေရန်အတွက် သတ်ဖြတ်မှတ် မည်မျှ ပေးဆပ်ရမည်ကိုလည်း ချန်းရီ စနစ်အား မေးမြန်းခဲ့ဖူးသည်။

စနစ်က ချန်းရီ ကြားလိုက်ရုံဖြင့် ခေါင်းနပန်းကြီးသွားစေလောက်မည့် ကိန်းဂဏန်းတစ်ခုကို ပြောပြခဲ့သည်။

ယခု သူ့ရှေ့ရှိ ဤမျက်လုံးကမူ။

အခြား လမ်းကြောင်းတစ်ခု ဖြစ်ပုံရပေသည်။

ချန်းရီသည် သွေးမျက်လုံးဖြင့် ဘယ်ဘက်မျက်လုံးနေရာတွင် အစားထိုးမည့် အစီအစဉ်၏ ဖြစ်နိုင်ချေကို စိတ်ထဲမှ တိတ်တဆိတ် မေးမြန်းကြည့်လိုက်သည်။

စနစ်က တုံ့ဆိုင်းနေခြင်းမရှိဘဲ သေချာသော အဖြေတစ်ခုကို ပေးလာခဲ့သည်။

ထိုအချက်က ချန်းရီ၏ ရင်ထဲတွင် ချက်ချင်းပင် အတိုင်းမသိ စိတ်လှုပ်ရှားသွားစေသည်။

သို့သော် ယခုအချိန်တွင် ချန်းရီ၏ မျက်နှာပြင်မှာမူ ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ထားလိုက်၏။

ဤအချိန် ဤအခါရှိ ချန်းရီ၏ အခြေအနေကို "ရင်ထဲတွင် မိုးကြိုးများ ပစ်ခတ်နေသော်လည်း မျက်နှာပြင်ကမူ ငြိမ်သက်နေသော ရေကန်တစ်ခုအလား" ဟူသည့် စကားဖြင့် တင်စားမည်ဆိုပါက အနည်းငယ်မျှ လွန်မည်မဟုတ်ပေ။

အနည်းငယ် ဆုပ်ကိုင်ထားသော လက်သီးကသာ သူ၏ ရင်ထဲတွင် မည်မျှ စိတ်လှုပ်ရှားနေသည်ကို ဖော်ပြနေနိုင်သည်။

ထိုမျက်လုံးကို သူ မရရအောင် ယူမည်ဟု ဆုံးဖြတ်လိုက်သည်။

ယခင်က အချစ်ဆုံး ညီအစ်ကိုများနှင့် ဓားချင်းယှဉ်ခုတ်ရမည် ဆိုလျှင်တောင်မှ ဖြစ်သည်။

"လာမှာပါ... နောက်ဆုံးကျရင် ရလဒ်တစ်ခု သေချာပေါက် ထွက်လာလိမ့်မယ်"

ခေါင်းဆောင်ချူ၏ မျက်နှာပေါ်တွင်လည်း အလွန် လေးနက်သော အရိပ်အယောင်များ ပေါ်လွင်နေပြီး ချန်းရီ၏ သေးငယ်သော စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို သတိမထားမိခဲ့ပေ။

"ဟင်းဟင်း... ရှင်တို့နှစ်ယောက် ဟန်လုပ်လို့ ပြီးပြီလား"

"ရှင်တို့ စောစောက ပြောခဲ့တဲ့စကားတွေကို ကျွန်မတို့ မကြားဘူးလို့ ထင်နေတာလား"

"ဟင်းဟင်း... အရင်က ယာဉ်တန်းထဲမှာ ဘာလို့ သတင်းတွေ ပျံ့နေတာလဲလို့... ဒီ ချန်းရီ ဆိုတဲ့ ခွေးကောင်က လျှောက်ပြောနေတာလို့ပဲ ထင်နေခဲ့တာ"

"ခေါင်းဆောင်ချူ... ရှင်က အတင်းပြောရတာ ကြိုက်ရုံတင်မကဘူး... ပါးစပ်ကလည်း ဖွာသေးတယ်ဆိုတာ ထင်တောင် မထင်ထားဘူး"

နားဘေးမှ ခြောက်ခြားဖွယ် အသံတစ်သံ ထွက်ပေါ်လာသည်။

စွန်းချန်းချန်း မဟုတ်လျှင် ဘယ်သူဖြစ်နိုင်မည်နည်း။

ကြည့်နေစရာပင် မလိုဘဲ ယခုအချိန်၌ စွန်းချန်းချန်း၏ မျက်နှာအမူအရာက မည်မျှ ဆိုးရွားနေမည်ကို ထိုနှစ်ယောက်စလုံး သိနေကြသည်။

"ပြီးတော့ ရှင်... ချန်းရီ... ရှင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့... နောက်တစ်ခါ ထပ်ပြောလိုက်မယ်... ကျွန်မက ရှင့်ကို ကစားခဲ့တာ"

"ယောက်ျားမရှိလည်း ကျွန်မက ဒီကမ္ဘာပျက်ကပ်မှာ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်နိုင်တယ်"

"ကျွန်မအတွက် ရှင်က အရေးကြီးတယ်လို့ ထင်နေတာလား"

"တိတ်စမ်း... ငါကမှ မိန်းမရှုပ်တဲ့သူကွ... နင်က ယောက်ျားရှုပ်တဲ့သူ လုပ်ချင်နေတာလား... နင်အများကြီးငယ်ပါသေးတယ်"

"ဝုန်းးးးး"

ဒေါသထွက်နေသော မီးနဂါးတစ်ကောင်က ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ခါးမှ ရစ်ခွေကာ ထွက်ပေါ်လာသည်။

ထိုကြီးမားသော နဂါးခေါင်းကြီးက ချန်းရီနှင့် ခေါင်းဆောင်ချူကို စိုက်ကြည့်နေ၏။

ထိုရှည်လျားသော ဓားပင် ဖြစ်သည်။

ယခင်က ထိုအဖြူရောင် တွားသွားကောင်များကို ရင်ဆိုင်စဉ်ကတည်းက ဤဓားရှည်သည် ဤကျွမ်းကျင်မှုကို အသုံးပြုခဲ့သည်ကို ချန်းရီ မြင်တွေ့ခဲ့ရသည်။

သို့သော်လည်း။

ထင်မှတ်မထားသည်မှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ယခုအကြိမ်တွင် သိသိသာသာကို ဒေါသထွက်နေခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်ကို ရင်ဆိုင်ရန်အတွက် ဖုံးကွယ်ထားသော နောက်ဆုံးလက်နက်များကိုပင် ထုတ်သုံးလာခဲ့ပြီ ဖြစ်၏။

အမြဲတမ်း တည်ငြိမ်နေတတ်သော တင်းတုံပင်လျှင် ယခုအချိန်၌ မျက်ခုံးများ တွန့်ချိုးကာ ဒေါသထွက်နေသည်။

မိမိကိုယ်ကို ရုပ်ဆိုးသည်ဟု အခြားသူများက ပြောဆိုခြင်းကို မည်သည့် ကောင်မလေးကမျှ လက်ခံနိုင်မည် မဟုတ်ပေ၊ လုံးဝကို မရှိပါချေ။

အမှန်တကယ် ရုပ်ဆိုးနေလျှင်တောင်မှ အခြားသူများရှေ့တွင် ထိုသို့ မပြောသင့်ပေ။

သို့သော် ခုနက ခေါင်းဆောင်ချူက မရိုက်ဘဲနှင့် ဝန်ခံလိုက်ပြီ ဖြစ်သည်။

ခေါင်းဆောင်ချူ ကိုယ်တိုင်လည်း ယခုအချိန်တွင် နဖူးမှ ချွေးများ ပျံလာသည်ဟု ခံစားနေရသည်။

ချန်းရီက ခြေကုန်သုတ်၍ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ဘေးနားရှိ ခေါင်းဆောင်ချူ၏ တွန်းလိုက်ခြင်းကို ခံလိုက်ရပြီး မတ်တတ်ရပ်၍ပင် မရတော့ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားလေသည်။

ချန်းရီက ခေါင်းဆောင်ချူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ခေါင်းဆောင်ချူကလည်း ခြေကုန်သုတ်၍ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခြေထောက်နှစ်ချောင်းကို တစ်စုံတစ်ခုက တားဆီးလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ဖင်ထိုင်လျက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ခြေကျင်းဝတ်တွင် မိုးမခကိုင်း တစ်ပိုင်းကို တွေ့လိုက်ရ၏။

ခေါင်းဆောင်ချူက ချန်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ထယ်ရှီး... ဝိုင်းကူပါဦး"

တကယ် တိုက်ခိုက်ရတော့မည် ဆိုပါက မျက်နှာပူနေရန် ချန်းရီ ဂရုမစိုက်နိုင်တော့ပေ။

သူ ကိုယ်တိုင်လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးအပြင် တင်းတုံတို့ ပေါင်းထားသည့် အင်အားကို ယှဉ်နိုင်မည် မဟုတ်ချေ။

"မင်းတို့... မင်းတို့ ရန်မဖြစ်ကြနဲ့လေ"

ထယ်ရှီးမှာ ပြာယာခတ်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေပြီး လက်မောင်းများကို ဆန့်တန်းကာ သူတို့ကြားတွင် ဝင်ရောက် တားဆီးလိုက်သည်။

"ထယ်ရှီး... နင်က တုံးလိုက်တာ... သူတို့က နင့်ကို ဆဲနေတာကို နင်က သွားကူညီပေးနေသေးတယ်"

"ဟီးဟီး... ငါ... ငါထင်တာ သူတို့ပြောတာ မမှားဘူးလေ... အမှန်တိုင်း ပြောတာလည်း မမှားပါဘူး"

"နင်... နင်က တကယ်ကို ပိုပိုပြီး တုံးလာတာပဲ"

တိုက်တန် လမ်းစဉ်၏ အစွမ်းပိုင်ရှင်များသည် မူလကတည်းက ဉာဏ်ရည်ဉာဏ်သွေးပိုင်းတွင် တန်ဖိုးအချို့ ပေးဆပ်ရတတ်သည်။

လမ်းစဉ် အဆင့်မြင့်လေလေ ပို၍ ရိုးအလာလေလေ ဖြစ်သည်။

အဆင့် (၂) ရှိ ထယ်ရှီးသည် အဆင့် (၁) ရှိ ထယ်ရှီးထက် ပို၍ တုံးအလာခဲ့သည်။

သေချာသည်မှာ အချို့က ယင်းကို ဖြူစင်သော စိတ်ထားဟု ခေါ်ဆိုကြသည်။ လူက အနည်းငယ် တုံးအသော်လည်း ရှုပ်ထွေးသော အတွေးများ မရှိသောကြောင့် လမ်းစဉ်၏ လမ်းကြောင်းပေါ်တွင် ပို၍ အာရုံစိုက်ကာ လျှောက်လှမ်းနိုင်ပေသည်။

သေချာသည်မှာ အချို့ကတော့ ယင်းကို မိုက်မဲခြင်းဟု ခေါ်ဆိုကြပေသည်။

...

ဤတိုက်ပွဲ အပြီးတွင်။

ဝူကျန့်ရှန်းနှင့် မရဏနတ်သမီးတို့က အသက်ရှင်ကျန်ရစ်သူ အားလုံးအပေါ် လုံလောက်သော နက်ရှိုင်းသည့် အထင်ကြီးမှုများကို ချန်ထားရစ်နိုင်ခဲ့သည်။

အထူးသဖြင့် မရဏနတ်သမီးက လက်ဖျောက်တစ်တွက်စာ အချိန်အတွင်းမှာပင် ချန်ဝမ်ရပ်ကွက်၏ ကြီးမြတ်သော ထူးဆန်းသည့် အရာသုံးပါးထဲမှ တစ်ပါးဖြစ်သည့် အသူရာ သွေးမျက်လုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

အရင်က ဝူကျန့်ရှန်း ပြောခဲ့ဖူးသည်မှာ မရဏနတ်သမီးသည် ချန်ဝမ်ရပ်ကွက်၏ ထူးဆန်းသည့် အရာသုံးပါးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည်ဟူ၍ပင်။

ထိုအချိန်က ချန်းရီသည် သိပ်မယုံကြည်ခဲ့ပေ။

ယခုအခါတွင်မူကား။

သေချာသည်မှာ ချန်းရီက ရှုလီနာကို သွားရောက် စုံစမ်းခိုင်းခဲ့ပြီး ဖြစ်သည်။

မရဏနတ် ဂိုဏ်းဝင်များသည် ရုံမြို့ ချန်ဝမ်ရပ်ကွက်တွင် နေထိုင်ကြသဖြင့် ချန်ဝမ်ရပ်ကွက်ရှိ ထူးဆန်းသည့် အရာသုံးကောင်နှင့် ပတ်သက်၍ ချန်းရီတို့ထက် သဘာဝကျကျ ပိုမို သိရှိနားလည်ကြသည်။

ရှုလီနာကလည်း ချန်းရီအတွက် သူမကို အသုံးဝင်မည့် အချိန်ရှိလာခြင်းအပေါ် အလွန် ဝမ်းသာကြောင်း ပြသခဲ့သည်။

ရှုလီနာသည် ပြီးပြည့်စုံသော ရုပ်ရည်သွင်ပြင်နှင့်အတူ အဆင့်မြင့်မားသော ဆက်ဆံရေး ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ မရဏနတ် ဂိုဏ်းတွင် အလွန် အဆင်ပြေအောင် နေထိုင်နိုင်ခဲ့သည်။

ချန်းရီ ကိုယ်တိုင်ပင်လျှင် ရှုလီနာနှင့် ပတ်သက်သော သတင်းများကို ရံဖန်ရံခါ ကြားသိခဲ့ရသည်။

ဥပမာအားဖြင့် မရဏနတ် ဂိုဏ်းဝင်များထဲတွင် ယောက်ျား သုံးလေးယောက်ခန့်က ရှုလီနာအတွက် သဝန်တိုကာ ပြဿနာတက်နေကြခြင်း မျိုးဖြစ်သည်။

ထိုအထဲတွင် ဒုတိယ ဂိုဏ်းချုပ် နှစ်ယောက်ပင် ပါဝင်နေသေး၏။

ထို့ကြောင့် ရှုလီနာက သတင်းအချို့ကို စုံစမ်းချင်ပါက အခြားသူများ မသိနိုင်လောက်လျှင်တောင်။

ဒုတိယ ဂိုဏ်းချုပ်နှစ်ယောက်က အချစ်ရူးများ ဖြစ်ကြသဖြင့် သိရှိထားသော သတင်းများက သဘာဝကျကျပင် အတော်လေး အသေးစိတ် ကျလှပေသည်။

မကြာမီမှာပင် ချန်းရီသည် ရှုလီနာ၏ လက်ထဲမှ သူလိုချင်သော သတင်းများကို ရရှိခဲ့သည်။

ရှုလီနာက သတင်းများကို ချန်းရီထံ ပေးပို့စဉ်က ချန်းရီထံမှ နားထောင်ကောင်းသော စကားတစ်ခွန်းနှစ်ခွန်းလောက် ကြားရမည်ဟု မျှော်လင့်တကြီး စောင့်စားနေခဲ့သည်။

ရလဒ်အနေဖြင့် ချန်းရီက လက်ကာပြကာ ရှုလီနာကို ထွက်သွားရန်သာ ပြောလိုက်သည်။

ရှုလီနာက အနည်းငယ် မကျေမနပ် ဖြစ်မိသော်လည်း ချန်းရီ၏ ဆန္ဒကို မဆန့်ကျင်ရဲသဖြင့် မလိုလားစွာဖြင့်ပင် ထွက်ခွာသွားခဲ့ရသည်။

အခြားသူများရှေ့တွင် နတ်သမီးလေးတစ်ပါးအလား အပြည့်အဝ နေထိုင်တတ်သော ရှုလီနာသည်ကား။

ချန်းရီရှေ့တွင်မူကား အနည်းငယ် မျက်နှာငယ်နေရပေသည်။

သူ၏ ခန့်မှန်းချက်နှင့် မလွဲပေ။

အသူရာ သွေးမျက်လုံးသည် မျက်လုံးအစွမ်းကို အကျွမ်းကျင်ဆုံး ဖြစ်ပြီး ၎င်းတွင် လုံးဝ ထုတ်မသုံးရသေးသော အစွမ်းအချို့ ရှိနေသေးသည်။

အဓိကအားဖြင့် မရဏနတ်သမီးနှင့် ဝူကျန့်ရှန်းတို့က မျက်လုံးများကို အမြဲတမ်း မှိတ်ထားကြသဖြင့် သွေးမျက်လုံးမှာ အစွမ်းရှိသော်လည်း ထုတ်သုံးစရာ နေရာမရှိ ဖြစ်နေရခြင်း ဖြစ်သည်။

ထို့ကြောင့်သာ အသူရာ သွေးမျက်လုံးအပေါ် အတိုင်းအတာတစ်ခုအထိ ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အသူရာ သွေးမျက်လုံးသည် မရဏနတ်သမီး၏ ပြိုင်ဘက် မဟုတ်လျှင်တောင်မှ ထွက်ပြေးရန် အခွင့်အရေးလေးတောင် မရနိုင်လောက်သည်အထိ လုံးဝ မဖြစ်နိုင်ပေ။

ဝူကျန့်ရှန်း နောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်သော ထိုတစ်ချက်ကလည်း ချန်းရီကို အမှန်တကယ်ပင် အလွန် စိုးရိမ်ထိတ်လန့်သွားစေသည်။

လူများ၏ အချို့သော စိတ်ခံစားချက်များကို လှုံ့ဆော်ပေးနိုင်သည့် ဤကဲ့သို့သော အစွမ်းမျိုးက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သို့သော် ဝူကျန့်ရှန်း နောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်သည့် ထိုတစ်ချက်က အမြဲတမ်း ထူးဆန်းနေသည်ဟု ချန်းရီ ခံစားနေရသည်။

ဤအစွမ်းသည် မရဏနတ်သမီး၏ ကိုယ်ပေါ်တွင် ရှိနေပါက ပို၍ သင့်တော်မည်ဟု အမြဲတမ်း ခံစားနေမိလေသည်။

ဆက်ရန်...

All Chapters