အခန်း ၁၄၂
Vol. 8 Ch. 142
အပိုင်း(၁၄၂) မုန်တိုင်းမတိုက်မီ ညနေခင်း
"သားလေး... အမေပါ... သား ဒီကိုလာပါဦး... အမေ့ကို ပေးကြည့်ပါဦး... အမေ သားကို လွမ်းနေတာ"
ကျောင်းဂိတ်ဝရှိ စတိုးဆိုင်လေး၏ အရိပ်မှောင်မှောင်ထဲတွင် ခါးကုန်းကုန်း အဘွားအိုတစ်ဦးက လူငယ်တစ်ယောက်ကို လက်လှမ်းပြနေပြီး သူမ၏ မျက်နှာပေါ်တွင် ကရုဏာသက်ဖွယ် သဘောကောင်းလှသော အမူအရာများ ပြည့်နှက်နေသည်။
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ လူငယ်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ဆွံ့အကာ နေရာတွင်ပင် ကြောင်စီစီဖြင့် ရပ်တန့်သွားခဲ့၏။
"အမေ... အမေ... အသက်ရှင်နေသေးတာလား"
လူငယ်၏ အသံများက မထိန်းချုပ်နိုင်ဘဲ တုန်ရင်နေရှာသည်။
"ဒီကလေး အရူးလေး... အမေ သေချာပေါက် အသက်ရှင်နေတာပေါ့... အမေ သားကို မတွေ့ရတာ ကြာပြီမို့ လွမ်းနေတာ... သားလေး... ဒီကိုလာပါဦး... အမေ့ကို ပေးကြည့်ပါဦး"
"အမေ"
လူငယ်၏ မျက်နှာပေါ်တွင် မျက်ရည်များက ဆည်ကျိုးသကဲ့သို့ တားမနိုင်ဆီးမရ စီးကျလာပြီး ပါးပြင်မှတစ်ဆင့် ကော်လာစပေါ်သို့ တဖြည်းဖြည်း လျှံကျလာတော့သည်။
"အမေ... ကျွန်... ကျွန်တော်လည်း အမေ့ကို လွမ်းနေတာ"
"ဖြန်း"
ပြင်းထန်လှသော ပါးရိုက်သံတစ်ချက်က လူငယ်၏ မျက်နှာပေါ်သို့ တည့်တည့်ကျရောက်သွားသည်။
လူငယ်တစ်ကိုယ်လုံး နှစ်ကိုက်ကျော်ခန့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ မျက်နှာပေါ်တွင် အသားများ သိသိသာသာ ဖောင်းကြွပြီး ဖူးယောင်လာခဲ့၏။
ချန်းရီက ထိုလူငယ်ကို အေးစက်စွာ ကြည့်ရင်း စကားနှစ်လုံးသာ ပြောလိုက်သည်။
"ငတုံး"
ပြောပြီးသည်နှင့် ချန်းရီက လှည့်ထွက်သွားတော့သည်။
ကျောင်းဂိတ်ဝရှိ သစ်ပင်အောက်မှ သဘောကောင်းလှသော ပုံရိပ်မှာမူ မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်းမသိဘဲ၊ စူးစူးဝါးဝါး နာကျည်းမှုကို ဖော်ပြနေသော မျက်လုံးတစ်စုံသာ ကျန်ရစ်ခဲ့ပြီး ဤဘက်သို့ စိုက်ကြည့်နေခဲ့သည်။
လူငယ်က ဖူးယောင်နေသော ပါးကို အုပ်ရင်း စောစောက သဘောကောင်းလှသော အမေဖြစ်သူက ယခုအခါ ဖော်ပြရန်ခက်ခဲသော မိစ္ဆာကောင်ကြီးအဖြစ် ပြောင်းလဲသွားသည်ကို ထိတ်လန့်တကြား ကြည့်နေမိပြီး၊ တစ်ကိုယ်လုံးကို ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ချန်းရီအနေဖြင့် ဤလူငယ်ကို ကယ်တင်ချင်လွန်း၍ ကရုဏာသက်ကာ လုပ်ဆောင်ခဲ့ခြင်းမျိုး မဟုတ်ပေ။
လက်လှမ်းမီ၍ လုပ်ဆောင်ပေးလိုက်ခြင်းသာ ဖြစ်ပြီး၊ တစ်ယောက်ပိုရှင်သန်လျှင် တစ်ယောက်ပိုခြင်းပင်။
အရူးပင် သိသည် မဟုတ်ပါလော... ယခုအချိန်တွင် လူသားတစ်ယောက် ပို၍ အသက်ရှင်နေပါက အနာဂတ်တွင် မိမိအတွက် ဓားစာခံဖြစ်ပေးမည့် သာမန်လူတစ်ယောက် ပိုလာခြင်းဖြစ်သည်ကို။
မရဏနတ်သမီးနှင့် အသူရာ သွေးမျက်လုံးတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်...
၎င်းက အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်ဟန့်တားနိုင်သည့် အကျိုးသက်ရောက်မှုကို အမှန်တကယ် ပေးစွမ်းနိုင်ခဲ့သည်။
သို့သော် ထိုအကျိုးသက်ရောက်မှုက နှစ်ရက်ခန့်သာ ခံခဲ့၏။
နှစ်ရက်ကြာပြီးနောက် ကျောင်း၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။
မရဏနတ်သမီးသည် အသူရာ သွေးမျက်လုံးနှင့် တိုက်ခိုက်စဉ်က မပြသသင့်သော ဟာကွက်အချို့ကို ပြသမိသွားခဲ့၍ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ယခင်က ညဘက်တွင်သာ ကျောင်းကို ထူးဆန်းသည့်အရာများ ဝိုင်းရံထားလေ့ရှိသော်လည်း၊ ယခုအခါ နေ့ခင်းဘက်တွင်ပင် ကျောင်းပတ်ဝန်းကျင်၌ နာကျည်းနေသော မျက်လုံးများကို မကြာခဏ မြင်တွေ့နေရပြီ ဖြစ်သည်။
အခြေအနေများက ပိုမို အရေးကြီးပြီး တင်းမာလာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ဤထူးဆန်းသည့်အရာများက ကျောင်းထဲသို့ အုန်းခနဲ ဝင်ရောက်တိုက်ခိုက်ပြီး ဤလူတစ်ရာကျော်ကို အသားစားစရာ ရိက္ခာအဖြစ် ဝိုင်းဝန်း ကိုက်ဖြတ်စားသောက်ကြတော့မည့်အလား။
ဝူကျန့်ရှန်းက မရဏနတ် ဂိုဏ်းသားအားလုံး အပြင်မထွက်ရန် အမိန့်ထုတ်ထားပြီး ဖြစ်သည်။
ဦးလေးအားပေါင်ကလည်း ထို့အတူပင် အသက်ရှင်ကျန်ရစ်သူအားလုံး အပြင်မထွက်ရန် ပြင်းထန်သော အမိန့်တစ်ရပ် ထုတ်ထားခဲ့၏။
နေ့ခင်းဘက်ဖြစ်လျှင်ပင် အားလုံး တတ်နိုင်သမျှ စာသင်ခန်းထဲမှ မထွက်ကြရန် ဖြစ်သည်။
ကျောင်းထဲရှိ အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ထဲတွင်လည်း တည်ငြိမ်မှု မရှိကြပေ။
မရဏနတ် ဂိုဏ်းသားအချို့က ဤထူးဆန်းသည့်အရာများကို ယာဉ်တန်းက ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု ယူဆကြသဖြင့် ပဋိပက္ခအချို့ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။
ကံကောင်းသည်မှာ ချန်းရီတို့ အစွမ်းပိုင်ရှင်အချို့၏ နှိမ်နင်းမှုကြောင့် ပြဿနာအကြီးအကျယ် မတက်ခဲ့ခြင်းပင်။
ဝူကျန့်ရှန်းက ဤကိစ္စတွင် အတော်ပင် မျှတသည်ဟု ဆိုရမည်၊ ပြဿနာရှာသော ဂိုဏ်းသားအချို့ကို ပြင်းပြင်းထန်ထန် ဆုံးမလိုက်သဖြင့် မရဏနတ် ဂိုဏ်းသားများလည်း အတော်လေး ငြိမ်ဝပ်သွားခဲ့ကြသည်။
ထိုအချက်ကြောင့်ပင် ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ဝူကျန့်ရှန်းအပေါ် အထင်ကြီး လေးစားမှုများ ရှိလာခဲ့ကြ၏။
ပြီးခဲ့သည့်အကြိမ်က ကျောင်းပြင်ပမှ ပြန်လာစဉ်...
ယာဉ်တန်းက ဓာတ်ဆီ အတော်များများ ရရှိခဲ့သည်။
ယာဉ်တန်းနှင့်အတူ လိုက်ပါသွားခဲ့ကြသော လောင်လီ၊ ရှုလီနာနှင့် ကျိုးရှောင်ရှောင် သုံးဦးစလုံး ဓာတ်ဆီ အတော်များများ ခွဲတမ်းရရှိခဲ့ကြ၏။
ထို့ကြောင့် ဤသုံးဦးမှာ အသက်ရှင်ကျန်ရစ်သူ အားလုံး၏ အားကျမှုကို ခံခဲ့ရသည်။
ဤဓာတ်ဆီများကို သူတို့ကိုယ်တိုင် မသုံးလျှင်ပင် အလွန်တရာ တန်ဖိုးရှိသော ပစ္စည်းများ ဖြစ်ကြသည် မဟုတ်ပါလော။
သို့သော် ကျိုးရှောင်ရှောင်ကတော့ ကံဆိုးရှာသည်။
သူမတို့ ညီအစ်မနှစ်ဦးနှင့်အတူ ကာလကြာရှည် ပါဝင်ခဲ့သော ကားလေးမှာမူ အသူရာ သွေးမျက်လုံး၏ အစွမ်းလှိုင်း ရိုက်ခတ်မှုကြောင့် သံတိုသံစ အမှိုက်ပုံအဖြစ် လောင်ကျွမ်းပြာကျသွားခဲ့ရချေပြီ။
ဤကောင်မလေးက မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်မသိ၊ ဟာလောင်စစ်က သူမကို အတတ်ပညာများ သင်ကြားပေးရန် သဘောတူအောင် လုပ်နိုင်ခဲ့သည်။
ချန်းရီသည်ပင်လျှင် ဟာလောင်စစ်က ကျိုးရှောင်ရှောင်ကို ခေါ်ဆောင်၍ ဆီးနှင်းများထဲတွင် ကားတစ်စီးကို ဝိုင်းရံကာ လေ့ကျင့်သင်ကြားပေးနေသည်ကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရ၏။
ထိုကောင်မလေး၏ သဘောထားက အလွန်ပင် တည်ကြည် လေးနက်လှသည်။
သေချာပေါက်ပင် လူအများအပြားမှာလည်း ဟာလောင်စစ်ကို ဆရာတင်ချင်ကြသော်လည်း...
ယခင်က သေဆုံးသွားခဲ့သော ရှောင်ချောင်နှင့် ယခု ကျိုးရှောင်ရှောင်တို့ နှစ်ဦးသာ အောင်မြင်ခဲ့ကြသည်။
၎င်းက သံဝေဂရစရာ ကောင်းလှသည်မှာ ယုံမှားသံသယ ဝင်စရာ မလိုပေ။
ကမ္ဘာမပျက်ခင်က လူပေါင်းသောင်းခြောက်ထောင်၏ အာရုံစိုက်မှုကို ခံခဲ့ရသော အနာဂတ် နိုင်ငံတော်အဆင့် စတားတစ်ယောက်က ယခုအခါ ခိုးယူခြင်း အတတ်ပညာကို သင်ယူနေရသည်တဲ့။
ကမ္ဘာမပျက်ခင်က သူခိုးဖြစ်ခဲ့သူက ကမ္ဘာပျက်ပြီးနောက်တွင်မူ အသက်ရှင်ကျန်ရစ်သူများကြား၌ တစ်ခဏအတွင်း နာမည်ကျော် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ထို့အပြင် ကမ္ဘာမပျက်ခင်က အရှိန်အဝါကြီးမားသော လူကြီးလူကောင်းများ၊ အရာရှိကြီးများပင် ဤအတတ်ပညာကို သင်ယူချင်ကြသော်လည်း၊ သူခိုးတစ်ယောက်၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။
၎င်းက ရယ်စရာကောင်းလှပြီး သရော်စရာ အလွန်ကောင်းသည်ဟု ဆိုရပေလိမ့်မည်။
……
ပြီးခဲ့သည့် တိုက်ပွဲတွင်...
ချန်းရီက တစ်ကြိမ်တည်းနှင့် သတ်ဖြတ်မှတ် သုံးသောင်းခွန်နှစ်ထောင် ရရှိခဲ့သည်။
ထိုအထဲမှ အချို့မှာ ဝံပုလွေရိုင်းများနှင့် လူမျက်နှာ ကင်းမြီးကောက်တို့က တွားသွားကောင်များကို သတ်ဖြတ်ရာမှ ရရှိခဲ့သော သတ်ဖြတ်မှတ်များ ဖြစ်သည်။
( အရှေ့မှာ ခွေးရိုင်းလို့ပြန်ခဲ့တာကို ဝံပုလွေရိုင်း လို့ပြင်လိုက်ပါတယ်)
ထို့ပြင် နောက်ဆုံး ကျောင်းဂိတ်ဝသို့ အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့သည့် အရှိန်ကြောင့်လည်း သတ်ဖြတ်မှတ် အတော်များများ ရရှိခဲ့သေး၏။
မည်သို့ပင်ဖြစ်စေ... စနစ်၏ နောက်ဆုံးလက်ကျန်စာရင်းမှာ သတ်ဖြတ်မှတ် သုံးသောင်းခွန်နှစ်ထောင် ဖြစ်သည်။
ဤသတ်ဖြတ်မှတ်များနှင့် ပတ်သက်၍ ချန်းရီအနေဖြင့် အလွန်အမင်း စိတ်လှုပ်ရှားခြင်းမျိုး မရှိပေ။
သတ်ဖြတ်မှတ် မည်မျှပင် များပြားပါစေ... အမြဲတမ်း မလုံလောက်နိုင်သည်မှာ အမှန်ပင်။
သတ်ဖြတ်မှတ် တစ်သောင်း အသုံးပြု၍ ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည် နှစ်ပုလင်းကို စနစ်ဖြင့် အဆင့်မြင့် သန့်စင် မြှင့်တင်လိုက်သည်။
ဤနှစ်ရက်အတွင်း ညဘက်၌ စာသင်ဆောင် ခေါင်မိုးထပ်သို့ တက်၍ ကျင့်စဉ်ကျင့်သည့် အချိန်တိုင်းတွင် တစ်ပုလင်းကို အရင် သောက်လေ့ရှိ၏။
ကျောင်း၏ ခေါင်းမိုးထပ်သို့ ရောက်သည့် အချိန်တိုင်း...
ချန်းရီက တင်းတုံနှင့် အမြဲ ဆုံတတ်သည်။
ဤမိန်းမက သူ့ထက်ပင် စည်းကမ်းကြီးသေးပြီး၊ ညတိုင်း အချိန်မှန် ရောက်လာတတ်၏။
သို့သော် ၎င်းတို့နှစ်ဦးမှာ အချိန်အများစုတွင် တစ်ယောက်ကိုတစ်ယောက် အဖက်မလုပ်ဘဲ၊ မိမိဘာသာ နှောင့်ယှက်ခြင်းမရှိဘဲ နေလေ့ရှိကြသည်။
၎င်းက ကာလကြာရှည်စွာ တည်ဆောက်ထားသော နားလည်မှုတစ်ခု ဖြစ်သည်။
ခန္ဓာကိုယ်သည် အဆင့်မြင့် သန့်စင်ထားသော မရဏနတ်သမီး၏ သွေးမျက်ရည်အပေါ် ယဉ်ပါးမှု ပိုမို မြင့်မားလာခဲ့သည်။
မရဏနတ်သမီး၏ သွေးမျက်ရည်မှတစ်ဆင့် ရရှိနိုင်သော အစွမ်းတိုးတက်မှုမှာလည်း လျင်မြန်စွာ လျော့နည်းလာခဲ့၏။
သို့သော်... ချန်းရီသည် မိမိ၏ ခွန်အားများ လျင်မြန်စွာ တိုးတက်လာနေသည်ကို ခံစားနေရဆဲပင်။
ဤကဲ့သို့သော အရှိန်အဟုန်မျိုးကို ချန်းရီ ကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့မိပေ။
ချန်းရီသည် မိမိကိုယ်မိမိ လမ်းစဉ် အဆင့် (၂) နှင့် ပို၍ ပို၍ နီးကပ်လာနေပြီ ဖြစ်ကြောင်း ဝေဝေဝါးဝါး ခံစားနေရသည်။
အကယ်၍ အဆင်မပြေမှု တစ်စုံတစ်ရာ မရှိခဲ့လျှင် ခန္ဓာကိုယ်၏ ဆေးယဉ်ပါးမှုကိုပါ ထည့်တွက်ပါက၊ မရဏနတ်သမီး၏ သွေးမျက်ရည်များ ကုန်ဆုံးမသွားမီ လမ်းစဉ် အဆင့် (၂) သို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
ကျင့်စဉ်ကျင့်ပြီးနောက် အချိန်ရသည့် အခါတိုင်းတွင် ချန်းရီက အသစ်ရရှိထားသော ပန်းသီးစမတ်ဖုန်းကို ထုတ်ယူကာ ကြည့်လေ့ရှိသည်။
မရဏနတ်သမီးနှင့် အသူရာ သွေးမျက်လုံးတို့ တိုက်ခိုက်သည့် မြင်ကွင်းကို ချန်းရီက ဤနှစ်ရက်အတွင်း အကြိမ်ပေါင်း ငါးဆယ်ထက်မနည်း ကြည့်ရှုခဲ့ပြီး ဖြစ်သည်။
ချန်းရီသည် မျက်လုံးများကို မှိတ်ထားလျှင်ပင် မရဏနတ်သမီး တိုက်ခိုက်သည့် မြင်ကွင်းကို ပုံဖော် ကြည့်ရှုနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ယခုအခါ ချန်းရီသည် မရဏနတ်သမီး၏ ပုံရိပ်အကြမ်းထည်ကို အခြေခံအားဖြင့် စတင် ပုံဖော်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သို့သော် ဤမျှသာ ဆိုလျှင်ပင် မရဏနတ်သမီးကို ပုံဖော်ခြင်းသည် ချန်းရီ ပုံဖော်ဖူးသမျှ ထဲတွင် အဆင့်မြင့်ဆုံး ဖြစ်ပေလိမ့်မည်။
အသူရာ သွေးမျက်လုံးသည်လည်း အတော်ပင် အစွမ်းထက်လှ၏။
သို့သော် အသူရာ သွေးမျက်လုံးမှာ မတည်ရှိတော့ချေ၊ တစ်ခုတည်းသော ကျန်ရစ်ခဲ့သည့် အရာမှာ ချန်းရီ အမြဲတမ်း တမ်းတနေခဲ့သော ထိုမျက်လုံးဖြစ်ပြီး၊ ယခုအခါ ဝူကျန့်ရှန်း၏ လက်ထဲတွင် ရှိနေသည်။
ဤအချက်ကြောင့်ပင် ပထမဆုံး အစွမ်း - မီးခိုးငွေ့ ပုံဖော်ခြင်း တစ်ခုတည်းနှင့်တင် ချန်းရီ၏ ခွန်အားမှာ ယခင်ကထက် သိသိသာသာ ပိုမို သန်မာလာခဲ့ချေပြီ။
ချန်းရီ၏ ယခင် မီးခိုးငွေ့ ပုံဖော်ခြင်းမှာ ပစ်မှတ်များက ပရမ်းပတာ ဖြစ်နေပြီး၊ အရှေ့တစ်ခု အနောက်တစ်ခု ဖြစ်နေခဲ့သည်။
ယခင်က ထိုတိရစ္ဆာန်မွေးမြူရေးသမား၏ ဝံပုလွေများက အတော်ပင် ကောင်းမွန်လှသည်ဟု ထင်ခဲ့၏။
သို့သော် ရလဒ်မှာ ဘာမှမဟုတ်သော ပုံစံတူတစ်ခုကိုသာ ပုံဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ချန်းရီသည် ထိုဝံပုလွေကြီးများကို အဝေးမှသာ လှမ်းမြင်ခဲ့ရပြီး၊ အနီးကပ် ထိတွေ့ဖူးခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ၎င်းက ချန်းရီအနေဖြင့် လက်တွေ့ဘဝတွင် ဝံပုလွေကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်၏။
လူမျက်နှာ ကင်းမြီးကောက်နှင့် တိုက်ခိုက်စဉ်က လူမျက်နှာ ကင်းမြီးကောက်က အလွန် သန်မာသော်လည်း၊ ဖြစ်စဉ်တစ်ခုလုံးက ခဏလေးသာ ကြာခဲ့သဖြင့် လူမျက်နှာ ကင်းမြီးကောက်နှင့် ပတ်သက်၍ ၎င်း၏ ပုံရိပ်အချို့ကိုသာ ပုံဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ကောင်းကင်ဝေလငါး၏ အရှိန်အဝါကို မြင်တွေ့ခဲ့ရသဖြင့် ချန်းရီက ကောင်းကင်ဝေလငါးကိုပါ ပုံဖော်ရန် ကြိုးစားခဲ့သေးသည်။
ကောင်းကင်ဝေလငါး သဘာဝလွန်ပစ္စည်း၊ နံပါတ်စဉ် ၀၀၉ သည် တိုက်ခိုက်ဖူးခြင်း မရှိသဖြင့်၊ ချန်းရီအနေဖြင့် ကောင်းကင်ဝေလငါး၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှရှိသည်ကို မသိရှိချေ။
ထို့ကြောင့် အကြမ်းဖျင်း ပုံသဏ္ဌာန်ကိုသာ ပုံဖော်နိုင်ခဲ့သည်။
ပစ်မှတ်တစ်ခုချင်းစီနှင့် ထိတွေ့ရသော အချိန်က မရှည်လျားလှသလို၊ နားလည်မှုကလည်း အလွန် အကန့်အသတ် ရှိလှ၏။
အားလုံးကို အနည်းငယ်စီ တတ်ကျွမ်းနေခြင်းထက်၊ တစ်ခုတည်းကိုသာ အထူးပြု ကျွမ်းကျင်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ချန်းရီက မိမိ၏ မီးခိုးငွေ့ ပုံဖော်ခြင်း အဓိက စွမ်းအင်ကို မရဏနတ်သမီး၏ အပေါ်တွင်သာ အပြည့်အဝ မြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းက မိမိ လောလောဆယ် ထိတွေ့ဖူးသမျှ အစွမ်းထက်ဆုံး ထူးဆန်းသည့်အရာ ဖြစ်သောကြောင့် ဖြစ်၏။
ထို့ပြင် ပုံဖော်ရန် အဖြစ်နိုင်ဆုံးသော ပစ်မှတ်လည်း ဖြစ်သည်။
ထို့ကြောင့် ဤရက်ပိုင်းအတွင်း ချန်းရီက အားတိုင်း စမတ်ဖုန်းထဲမှ ဗီဒီယိုကို ကြည့်လေ့ရှိသည်။
ချန်းရီသည် ဝူကျန့်ရှန်းထံသို့ သူတို့ မရဏနတ်သမီးကို ကိုးကွယ် (ပူဇော်) သည့် အချိန်တွင် မိမိကိုပါ ဘေးမှ စောင့်ကြည့်ခွင့်ပြုရန် တောင်းဆိုခဲ့သေးသည်။
သို့သော် ဝူကျန့်ရှန်း၏ ရက်စက်စွာ ငြင်းပယ်ခြင်းကို ခံခဲ့ရ၏။
လက်ရှိ ဝူကျန့်ရှန်းအနေဖြင့် ချန်းရီကို မြင်သည်နှင့် စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်၊ ဤကောင်က ဒုက္ခပေးမည့် ကောင် ဟူ၍။
သို့သော် ဝူကျန့်ရှန်း၏ လက်ရှိ အဆင့်အတန်းကြောင့် ဝူကျန့်ရှန်းက ညီအစ်ကိုကောင်း ပုံစံမျိုး ဆက်လက် ဟန်ဆောင်နေရဆဲပင်။
မဟုတ်ပါက ဝူကျန့်ရှန်း၏ ချန်းရီအပေါ် ထားရှိသော မူလပုံရိပ်နှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ။
ချန်းရီက ဘာကိုမှ ဂရုမစိုက်ဘဲ မိမိ၏ စွမ်းအားကို အစွမ်းကုန် မြှင့်တင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ချန်းရီ၏ စိတ်ထဲတွင် ခံစားချက်တစ်ခု ရှိနေသောကြောင့် ဖြစ်၏။
ဤနေရာမှ အေးချမ်းသော နေ့ရက်များက မကြာမီ ပြီးဆုံးတော့မည် ဖြစ်ပြီး၊ ကြာမြင့်လိမ့်မည် မဟုတ်ချေ။
တစ်နေ့နေ့တွင် ကုတင်ပေါ်၌ လှဲလျောင်းနေစဉ်မှာပင် ကျောင်းပြင်ပမှ ထူးဆန်းသည့်အရာများက အုန်းခနဲ ဝင်ရောက်တိုက်ခိုက်လာနိုင်ခြေ ရှိသည်။
ချန်းရီတွင် အာရုံတစ်ခု ရှိနေသည်၊ အနာဂတ်၏ ဤဝင်ရောက်တိုက်ခိုက်မှုကြီးက ညဘက်တွင် ဖြစ်ပွားလိမ့်မည် ဟူ၍။
ထိုအကြောင်းကြောင့်ပင် ချန်းရီက ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို ထပ်မံ၍ ပြုပြင်မွမ်းမံ ခဲ့သည်။
ညဘက်တွင် လွယ်ကူစွာ ထွက်ပြေးနိုင်ရန်အတွက် ချန်းရီက ကားခေါင်းနှင့် ကားခေါင်မိုး အရှေ့ပိုင်းတို့တွင် ကားမီးကြီးများနှင့် အရန်မီးလုံးများကို အသီးသီး ထပ်မံ တပ်ဆင်ခဲ့၏။
သိထားရမည်မှာ ယခင်က သတ်ဖြတ်မှတ်ကို ချွေတာရန်အတွက် ချန်းရီက ချွေတာနိုင်သမျှ ချွေတာသည့် သဘောထားဖြင့် ကားမီးများကို သိပ်ပြီး အလေးမထားခဲ့ခြင်း ဖြစ်သည်။
သေချာပေါက်ပင် စနစ်ကို ပစ္စည်းဖိုးနှင့် လက်ခ အားလုံး ပါဝင်သော အဖိုးအခများကို ပေးရန် မဖြစ်နိုင်ပေ။
မရဏနတ် ဂိုဏ်း၏ လက်ကျန် ကားများထဲမှ ကားမီးလုံး အချို့ကို ရှာဖွေကာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ ကိုယ်ထည်ပေါ်တွင် တပ်ဆင်လိုက်သည်။
အခြေအနေများ ပြည့်စုံနေသည့် အခြေအနေမျိုးတွင် စနစ်အနေဖြင့် ပေါင်းစပ်တပ်ဆင် ချိန်ညှိ ပေးရုံမျှသာ ဖြစ်သဖြင့် သတ်ဖြတ်မှတ် ကုန်ဆုံးမှုက အလွန်ပင် နည်းပါးလိမ့်မည် ဖြစ်သည်။
ချန်းရီ တစ်ယောက်တည်း တင်းမာမှုကို ခံစားနေရခြင်း မဟုတ်ပေ။
ဓားနတ်ဘုရား ကောင်မလေးသည်လည်း တင်းမာမှုကို ခံစားနေရသည်။
ဤနှစ်ရက်အတွင်း ဓားနတ်ဘုရား ကောင်မလေးက ချန်းရီနှင့် ချူချယ်တို့ထံတွင် ပြဿနာလာရှာခြင်းမျိုး မပြုလုပ်ခဲ့ဘဲ၊ ချန်းရီအနေဖြင့် ဓားနတ်ဘုရား ကောင်မလေးက ဓားကို မြှောက်ကိုင်လျက် လေ့ကျင့်ရေးကွင်း၏ ဆီးနှင်းများထဲတွင် ရပ်နေသည်ကို ခရီးတစ်လျှောက် မြင်တွေ့ခဲ့ရ၏။
ဓားနတ်ဘုရား ကောင်မလေး မည်သည်ကို လုပ်ဆောင်နေသည်ကို မည်သူမျှ မသိကြပေ။
သို့သော် ချန်းရီအနေဖြင့် ဓားနတ်ဘုရား ကောင်မလေး၏ ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်များတွင် သိမ်မွေ့သော ပြောင်းလဲမှု အချို့ ဖြစ်ပေါ်နေသည်ကို သိသိသာသာ ခံစားနေရသည်။
ယခုအချိန်တွင် ချန်းရီသည် စတုတ္ထနှစ် အခန်း (၁) ၏ စာသင်ခန်း တံခါးဝတွင် ရပ်နေ၏။
စတုတ္ထအထပ်ရှိ ဆရာများ နားနေဆောင်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သဖြင့်၊ ဝူကျန့်ရှန်း၏ အခန်းကို စတုတ္ထနှစ် အခန်း (၁) သို့ ပြောင်းရွှေ့ထားခဲ့ရသည်။
ချန်းရီ ဤတစ်ခေါက် ဝူကျန့်ရှန်းထံသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ...
ဝူကျန့်ရှန်းနှင့် ညှိနှိုင်းဆွေးနွေးရန် ဖြစ်သည်။
ဝူကျန့်ရှန်းက လူအားလုံးကို မရဏနတ် ဂိုဏ်းထဲသို့ ဝင်ရောက်စေချင်သည်။
ချန်းရီက ထိုသွေးမျက်လုံးကို လိုချင်သည်။
ဤအချက်က ဆွေးနွေးစရာ ဖြစ်လာခဲ့၏။
ချန်းရီက ဤအခြေအနေကို အသုံးပြု၍ မရဏနတ်သမီး၏ သွေးမျက်ရည် ဆယ်ပုလင်းကို လဲလှယ်ခဲ့ပြီး ဖြစ်သော်လည်း...
သို့သော်... အဲဒါက ဘာဖြစ်လဲ။
မည်သို့ပင်ဖြစ်စေ ချန်းရီအနေဖြင့် မျက်နှာပူရန် စိတ်ကူးမရှိဘဲ အကျိုးအမြတ်ရရှိပြီး အသက်ရှင်သန်နိုင်သရွေ့ မျက်နှာပြောင်တိုက်ခြင်းက ဘာဆန်းသနည်း။
စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ ချန်းရီက မိမိ၏ ဘယ်ဘက်မျက်လုံး အမြင်အာရုံမှာ ပို၍ ပို၍ အားနည်းလာသည်ကို ခံစားနေရပြီး၊ လမ်းစဉ် အဆင့် (၂) သို့ ရောက်ရှိသွားသည့် အချိန်သည် ဘယ်ဘက်မျက်လုံး လုံးဝ ကွယ်သွားမည့် အချိန် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ထိုအချိန်ကျလျှင် ညာဘက်မျက်လုံးပါ ထိခိုက်မှု ရှိလာနိုင်ခြေ ရှိသည်။
အကယ်၍ အမြင်အာရုံ အားနည်းသွားပါက ခွန်အားအပေါ် သေချာပေါက် သက်ရောက်မှု ရှိလာပေလိမ့်မည်။
ဘေးဒုက္ခကြီး ကျရောက်လုဆဲဆဲ အချိန်တွင် ၎င်းက ကောင်းသော အချက်တစ်ချက် မဟုတ်ချေ။
ဆက်ရန်...