← Chapters

အခန်း ၁၄၅

Vol. 8 Ch. 145

အခန်း ၁၄၅

Vol. 8 Ch. 145

အပိုင်း(၁၄၅) ဒုတိယလမ်းစဉ်

[နည်းလမ်း(၂) - သင့်တော်တဲ့ ဆရာဝန်တစ်ယောက်ကို ရှာဖွေပြီး ခွဲစိတ်မှု လုပ်ပါ။ ဘယ်ဘက်မျက်လုံးကို ထုတ်ယူပြီး အသူရာ သွေးမျက်လုံးကို တပ်ဆင်ရုံပါပဲ]

[ဒါပေမဲ့ သင့်အနေနဲ့ မျက်လုံးကို ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်အောင်တော့ အတိုင်းအတာတစ်ခုအထိ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်]

[သဘာဝလွန်အစွမ်းကို လှုံ့ဆော်နိုင်ဖို့အတွက် 'သွေးရောင်လမင်း အသက်ရှူကျင့်စဉ်' ကို သုံးပြီး တုန်ခါမှုလှိုင်းကို ချိန်ညှိနိုင်ပါတယ်]

[အကယ်၍ ဒုတိယနည်းလမ်းအတွက် ညွှန်ကြားချက်ကို လိုအပ်ပါက သတ်ဖြတ်မှတ် (၁၀၀၀) ပေးချေပါ]

ချန်းရီ "..."

ဒါကတော့ လွန်လွန်းနေပြီ။

စနစ်က တကယ့်ကို စကားကို တစ်ဝက်တစ်ပျက်နဲ့ ဖြတ်ပြောတတ်တဲ့ ကောင်ပဲ။ ဘယ်သူ့ဆီကများ သင်လာတာလဲ မသိဘူး။

ချန်းရီက အလွန် နှမြောနေသော်လည်း သတ်ဖြတ်မှတ် တစ်ထောင်ကို ပေးချေခဲ့သည်။

မကြာမီမှာပင် စနစ်မှ ထုတ်ပေးသော ဒုတိယနည်းလမ်း၏ အသေးစိတ် အချက်အလက် ညွှန်ကြားချက် အားလုံးကို သူ ရရှိခဲ့၏။

အကြမ်းဖျင်း ပြောရလျှင် ဆရာဝန်တစ်ယောက်ကို ရှာကာ ခွဲစိတ်မှု ပြုလုပ်ပြီး ပျက်စီးတော့မည့် ဘယ်ဘက်မျက်လုံးကို ထုတ်ယူကာ သွေးမျက်လုံးဖြင့် အစားထိုးရမည် ဖြစ်သည်။

သို့သော် လက်ရှိကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေမျိုးတွင် စနစ်မှ ထုတ်ပေးသော အသေးစိတ် အချက်အလက်များ ရှိနေလျှင်ပင် ခွဲစိတ်မှု ပြုလုပ်ရန်မှာ အလွန် ခဲယဉ်းလှပေသည်။

ပိုးသတ်ခြင်းဆိုသည့် အဆင့်တစ်ခုတည်းနှင့်ပင် လိုအပ်သည့်အခြေအနေရောက်အောင် လုပ်ဆောင်ရန် အလွန် ခက်ခဲလှ၏။

ကံကောင်းသည်မှာ ချန်းရီက လမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင် ဖြစ်သည်။

ထိုသို့မဟုတ်ပါက နတ်ဘုရားတစ်ပါး ဆင်းလာလျှင်ပင် ဤကဲ့သို့သော ခွဲစိတ်မှုကို ပြုလုပ်ပေးနိုင်မည် မဟုတ်ချေ။

၎င်းမှာ သွေးမျက်လုံးကို တပ်ဆင်ရုံမျှသာဖြစ်သော ပထမအဆင့်သာ ရှိသေးသည်။

ဒုတိယအဆင့်အနေဖြင့် သဘာဝလွန်အစွမ်းကို အသုံးပြုကာ တုန်ခါမှုလှိုင်းကို ချိန်ညှိပြီး သွေးမျက်လုံးကို နိုးကြားလာစေရန်နှင့် ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်လာစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

အခြေအနေကို ရှင်းလင်းစွာ နားလည်သွားပြီးနောက် နည်းလမ်းနှစ်ခု၏ အားသာချက်နှင့် အားနည်းချက်များကို ချန်းရီ တဖြည်းဖြည်း သဘောပေါက်သွားခဲ့သည်။

ပထမနည်းလမ်းမှာ ကုန်ကျမည့် သတ်ဖြတ်မှတ် ပမာဏက မိုးထိအောင် မြင့်မားနေသည်။

သို့သော် ကောင်းမွန်သည့်အချက်မှာ လုပ်ငန်းစဉ်တစ်ခုလုံးက ဘေးကင်းလုံခြုံပြီး ဘေးထွက်ဆိုးကျိုး မရှိသည့်အပြင် တပ်ဆင် အဆင့်မြှင့်တင်သည့် နေ့မှာပင် လက်တွေ့ တိုက်ပွဲဝင်နိုင်ခြင်း ဖြစ်သည်။

တပ်ဆင်မှု ပြီးစီးသွားသည်နှင့် သွေးမျက်လုံး၏ စွမ်းရည် အများစုကို ချက်ချင်း အသုံးပြုနိုင်မည် ဖြစ်၏။

ထိုသို့ဆိုလျှင် ချန်းရီ၏ စွမ်းအားကို အတော်လေး မြင့်မားသော အဆင့်တစ်ခုအထိ ဘေးကင်းလျင်မြန်စွာ တိုက်ရိုက် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ယာဉ်တန်း၏ ထိပ်တန်း အစွမ်းအထက်ဆုံးသူ နေရာကိုပင် လူစားလဲရနိုင်ချေ ရှိသည်။

ထို့အပြင် သတ်ဖြတ်မှတ် ငါးသိန်းက သွေးမျက်လုံးကို သဘာဝလွန်ပစ္စည်း အဖြစ်သို့ တိုက်ရိုက် အဆင့်မြှင့်တင် ပြောင်းလဲပေးသွားဦးမည် ဖြစ်သည်။

ရိုးရှင်းစွာ ပြောရလျှင် ထိုအချိန်ရောက်ပါက ချန်းရီသည် သဘာဝလွန်ပစ္စည်းနှင့် ပူးတွဲရှင်သန်သူ တစ်ဦး ဖြစ်လာပေလိမ့်မည်။

၎င်းကမှ အစစ်အမှန် ဒုတိယ လမ်းစဉ် ဖြစ်သည်။

ယခင်က မက္ကန်းနစ် လမ်းစဉ် ဆိုသည်မှာ အပေါ်ယံ ဟန်ပြသက်သက်မျှသာ ဖြစ်ကြောင်း ခေါင်းဆောင်ချူ တို့က စောစောပိုင်းကတည်းက သိရှိထားခဲ့ပြီး ဖြစ်၏။

လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ အသီးသီး ရှိနေကြသဖြင့် ပွင့်ပွင့်လင်းလင်း မပြောဆိုခဲ့ကြခြင်းသာ ဖြစ်သည်။

ဒုတိယနည်းလမ်းကမူ နှိုင်းယှဉ်ကြည့်လျှင် ရိုးရှင်းကြမ်းတမ်းလွန်းလှသည်။ သို့သော် အားသာချက်မှာ သတ်ဖြတ်မှတ်များကို ချွေတာနိုင်ခြင်း ဖြစ်၏။

တပ်ဆင်သည့် လုပ်ငန်းစဉ်က အလွန် နာကျင်ရနိုင်ပြီး တပ်ဆင်ပြီးနောက်တွင်လည်း အသက်ရှူကျင့်စဉ်ကို သုံးကာ တုန်ခါမှုလှိုင်းကို ချိန်ညှိရမည် ဖြစ်သည်။ ထို့အပြင် သဘာဝလွန်အစွမ်းဖြင့် သွေးမျက်လုံးနှင့် ခန္ဓာကိုယ် ပေါင်းစပ်မှုကို လှုံ့ဆော်ပေးရန်လည်း လိုအပ်သေးသည်။

အံဝင်ခွင်ကျဖြစ်မှု အောင်မြင်သွားလျှင်ပင် စနစ်၏ ခန့်မှန်းချက်အရ ကနဦးအဆင့်တွင် သွေးမျက်လုံး၏ စွမ်းရည် တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုနိုင်မည် ဖြစ်သည်။

နောက်ပိုင်း စွမ်းရည်များကိုမူ သွေးမျက်လုံးနှင့် ခန္ဓာကိုယ် အလုံးစုံ ပေါင်းစပ်သွားသည့် အချိန်ရောက်မှသာ တဖြည်းဖြည်းချင်း အပြည့်အဝ နိုးကြားလာစေမည် ဖြစ်၏။

အားသာချက်မှာ နောက်ဆုံး ရလဒ်က ပထမနည်းလမ်း၏ ရလဒ်ထက် ဆိုးရွားသွားမည် မဟုတ်ခြင်းပင်။

သွေးမျက်လုံးကို ခန္ဓာကိုယ်က အလုံးစုံ လက်ခံသွားသည့် အချိန်တွင် သဘာဝလွန်အစွမ်းများ စီးဆင်းဝင်ရောက်မှုကြောင့် သွေးမျက်လုံးသည်လည်း သဘာဝလွန်ပစ္စည်း အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ရလဒ်က ပထမနည်းလမ်းနှင့် အတူတူပင် ဖြစ်ပြီး ထိုအချိန်တွင် ချန်းရီသည်လည်း သဘာဝလွန်ပစ္စည်းနှင့် ပူးတွဲရှင်သန်သူ တစ်ဦး ဖြစ်လာပေလိမ့်မည်။

အရာအားလုံးကို ကိုယ်တိုင် လုပ်ဆောင်ရမည် ဖြစ်ခြင်းကသာ ကွာခြားချက် ဖြစ်၏။

ဤလုပ်ငန်းစဉ်က အချိန်များစွာ ကြာမြင့်ပေလိမ့်မည်။

သို့သော် ချန်းရီတွင် ရွေးချယ်စရာ မရှိပေ။ သူ့တွင် သတ်ဖြတ်မှတ် ငါးသိန်း မရှိချေ။

စနစ်ထံမှ ချေးငှားရန် ကြိုးစားလျှင်ပင် ချေး၍ ရနိုင်မည် မဟုတ်။

ယခင်က စနစ်ထံမှ အကြွေးယူထားသော သတ်ဖြတ်မှတ် သောင်းဂဏန်းကိုပင် ပြန်မဆပ်ရသေးပေ။

……

ပူးတွဲရှင်သန်ခြင်း လမ်းစဉ်...

ယခင်က ချူချယ် သည် ပူးတွဲရှင်သန်ခြင်း လမ်းစဉ်၏ အခြေခံ အခြေအနေများကို ရှင်းပြခဲ့ဖူးသည်။

ပူးတွဲရှင်သန်ခြင်း လမ်းစဉ်တွင် မကောင်းဆိုးဝါးနှင့် ပူးတွဲရှင်သန်ခြင်း လမ်းခွဲနှင့် သဘာဝလွန်ပစ္စည်းနှင့် ပူးတွဲရှင်သန်ခြင်း လမ်းခွဲဟူ၍ နှစ်မျိုး ကွဲပြားသည်။

ယခင်က သုံးဘီးစက်ဘီး မောင်းနှင်သော အဘိုးအိုက ချန်ရှုရွာမှ ခါးကုန်းရုပ်သေးအဘိုးအို နှင့် ပူးတွဲရှင်သန်ခြင်းမျိုးကို ယေဘုယျအားဖြင့် မကောင်းဆိုးဝါးနှင့် ပူးတွဲရှင်သန်ခြင်းဟု ခေါ်ဆိုသည်။

ဤကဲ့သို့သော မကောင်းဆိုးဝါးနှင့် ပူးတွဲရှင်သန်ခြင်း၏ နောက်ဆုံးရလဒ်မှာ မကောင်းဆိုးဝါးက လူကို ထိန်းချုပ်ကာ ပိုမို အစွမ်းထက်သော မကောင်းဆိုးဝါးကြီး ဖြစ်လာခြင်း မဟုတ်လျှင်...

လူက မကောင်းဆိုးဝါးကို ထိန်းချုပ်ကာ ပိုမို အစွမ်းထက်သော အစွမ်းပိုင်ရှင် ဖြစ်လာခြင်းပင် ဖြစ်သည်။

ထို့အပြင် မကောင်းဆိုးဝါးနှင့် ပူးတွဲရှင်သန်သူ တစ်ဦးစီ၏ စွမ်းရည်များသည် ၎င်းတို့နှင့် ပူးတွဲရှင်သန်နေသော မကောင်းဆိုးဝါးအပေါ် မူတည်၍ ကွဲပြားကြသည်။

ထို့ကြောင့် မည်သည့် ပူးတွဲရှင်သန်ခြင်း လမ်းစဉ်၏ စွမ်းရည်ကမျှ တူညီနေခြင်း မရှိပေ။

မကောင်းဆိုးဝါးနှင့် ပူးတွဲရှင်သန်သူများကို အန္တရာယ်အများဆုံး၊ အဆန်းကြယ်ဆုံးနှင့် ကြိုတင်ခန့်မှန်းရန် အခက်ခဲဆုံး လမ်းစဉ်ဟုလည်း ခေါ်ဆိုကြသည်။

မကောင်းဆိုးဝါးနှင့် ပူးတွဲရှင်သန်သူများ နောက်ဆုံးတွင် မည်သည့် အဆင့်အထိ တက်လှမ်းနိုင်မည် ဆိုသည်ကိုလည်း ၎င်းတို့နှင့် ပူးတွဲရှင်သန်နေသော မကောင်းဆိုးဝါးကသာ ဆုံးဖြတ်ပေးမည် ဖြစ်သည်။

နောက်တစ်မျိုးမှာ သဘာဝလွန်ပစ္စည်းနှင့် ပူးတွဲရှင်သန်သူများ ဖြစ်သည်။

ဤကဲ့သို့သော ပူးတွဲရှင်သန်သူများသည် အဆင့်သတ်မှတ်ချက် မြင့်မားသော သဘာဝလွန်ပစ္စည်းများကို ရွေးချယ်ကာ နက်ရှိုင်းစွာ ချိတ်ဆက်၍ ပူးတွဲရှင်သန်ကြသည်။

မကောင်းဆိုးဝါးနှင့် ပူးတွဲရှင်သန်ခြင်းကဲ့သို့ပင် သဘာဝလွန်ပစ္စည်းနှင့် ပူးတွဲရှင်သန်သူများ နောက်ဆုံးတွင် မည်သည့်အဆင့်ထိ တက်လှမ်းနိုင်မည် ဆိုသည်ကိုလည်း ၎င်းတို့နှင့် ပူးတွဲရှင်သန်နေသော သဘာဝလွန်ပစ္စည်းကသာ ဆုံးဖြတ်ပေးမည် ဖြစ်သည်။

သဘာဝလွန်ပစ္စည်းများတွင်လည်း အမျိုးအစားများစွာ ကွဲပြားသေးသည်။

ဥပမာအားဖြင့် မွေးရာပါ သဘာဝလွန်ပစ္စည်း ဆိုသည်မှာ အစကတည်းက သဘာဝလွန်ပစ္စည်း အဖြစ် တည်ရှိနေခြင်းမျိုး ဖြစ်သည်။

တစ်ခုချင်းစီတိုင်းက တွေ့ရခဲသော ရတနာများပင် ဖြစ်၏။

ထိုကဲ့သို့သော သဘာဝလွန်ပစ္စည်းများသည် အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်ပြီး အဆင့်သတ်မှတ်ချက်များလည်း အဆက်မပြတ် မြင့်တက်လာနိုင်စွမ်း ရှိသည်။

ထိပ်ဆုံး နံပါတ်စဉ် (၁၀) အတွင်းသို့ ဝင်ရောက်နိုင်မည့် အလားအလာ ကိုယ်စီ ရှိကြသည်။

ထိုကဲ့သို့သော ဆင့်ကဲပြောင်းလဲခြင်းက ချန်းရီ၏ မရဏသွေး ထင်းခုတ်ဓားမ နှင့် တစ်ဆင့်တည်း မဟုတ်ပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး လက်ထဲရှိ ဓားရှည်က မွေးရာပါ သဘာဝလွန်ပစ္စည်း ဖြစ်မည်ဟု ချန်းရီ သံသယရှိနေသည်။ ထိုသို့မဟုတ်ပါက ပြီးခဲ့သည့်အကြိမ်က မီးနဂါးတစ်ကောင်ကို ရုတ်တရက် မည်သို့ ဖန်တီးနိုင်ခဲ့မည်နည်း။

ယခင်က ထိုဓားတွင် ဤကဲ့သို့သော စွမ်းရည်မျိုး ရှိသည်ကို တစ်ခါမျှ မမြင်တွေ့ခဲ့ရဖူးချေ။

ယခင်က ဓာတ်ဆီရှာဖွေပြီး ပြန်လာပြီးနောက် ချန်းရီက ထိုပန်းရောင်ဆံပင်နှင့် ကောင်မလေးကို မေးမြန်းခဲ့ဖူးသော်လည်း ထိုကောင်မလေးက လျှို့ဝှက်ထားကာ လုံးဝ မပြောပြခဲ့ပေ။

……

ဤနည်းလမ်း၏ အသေးစိတ် ညွှန်ကြားချက်ကို မြင်တွေ့ရသောအခါ ချန်းရီ တစ်ယောက်လုံး နေမထိထိုင်မသာ ဖြစ်သွားခဲ့သည်။

ဆရာဝန် ရှာရန်မှာမူ မခက်ခဲပေ။

မရဏနတ် ဂိုဏ်းဝင်များ ထဲတွင် ဆရာဝန်တစ်ယောက် ရှိသည်ဟု မှတ်မိနေသည်။ ယခင်က ရှုလီနာ နှင့် စကားစမြည် ပြောဆိုနေစဉ် အမှတ်မထင် ကြားခဲ့ဖူးခြင်း ဖြစ်၏။

ထိပ်တန်း ဆေးရုံကြီးတစ်ခုမှ ခွဲစိတ်ဆရာဝန်ကြီးဟု ဆိုသည်။ မျက်စိအထူးကု ဟုတ်မဟုတ် ဆိုသည်ကမူ အရေးမကြီးတော့ပေ။

စနစ်မှ ထုတ်ပေးထားသော ညွှန်ကြားချက် အဆင့်ဆင့်အတိုင်း သူ့ကို တိုက်ရိုက် လုပ်ဆောင်ခိုင်းရုံဖြင့် ရပြီ ဖြစ်သည်။

ထိုသူကို သွားရောက် ရှာဖွေခေါ်ဆောင်လာရုံသာ ဖြစ်၏။

ခွဲစိတ်ပြီး သွေးမျက်လုံး တပ်ဆင်ခြင်းက ပထမဆုံး အဆင့်မျှသာ ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် သဘာဝလွန်အစွမ်းကို သုံးကာ လှုံ့ဆော်နိုးကြားစေပြီး အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်ရခြင်းကသာ အခက်ခဲဆုံး အပိုင်း ဖြစ်သည်။

သို့သော်လည်း...

ချန်းရီသည် မွေးရာပါ သံသယကြီးသူ ဖြစ်ပြီး မည်သူ့ကိုမျှ လွယ်လွယ်ကူကူ မယုံကြည်တတ်ပေ။

ယခုလို အခြေအနေတွင် လူစိမ်းတစ်ယောက်ကို မိမိ၏ မျက်လုံးပေါ် ဓားတင်ခိုင်းရမည် ဆိုသည်ကို ချန်းရီ လုံးဝ စိတ်မချနိုင်ချေ။

မှတ်သားထားရမည်မှာ... ဤနေရာက ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဖြစ်သည်။

သူကိုယ်တိုင်က ပုံမှန်အချိန်များတွင် ထိုသာမန်လူများအပေါ် အလွန်တရာ အေးစက်စက် ဆက်ဆံတတ်သူ ဖြစ်၏။

ထို့အပြင် တစ်ဖက်လူက မရဏနတ် ဂိုဏ်းမှ လူဖြစ်နေသေးသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဝူကျန့်ရှန်း ၏ လူပင် ဖြစ်သည်။

အကယ်၍ တစ်ဖက်လူက ခွဲစိတ်နေစဉ်အတွင်း သူ၏ ခေါင်းကို ဓားဖြင့် ထိုးချခဲ့ပါက မည်သို့ လုပ်မည်နည်း။

သူက တိုက်တန် လမ်းစဉ် မဟုတ်သဖြင့် ဒုတိယမြောက် ခေါင်းတစ်လုံး မရှိပေ။

၎င်းသာမကသေးဘဲ အလွန် ကြီးမားပြင်းထန်သော ပြဿနာတစ်ခုလည်း ရှိသေးသည်။

ထိုအရာမှာ ခွဲစိတ်မှု လုပ်ငန်းစဉ် တစ်ခုလုံးတွင် မေ့ဆေး မရှိခြင်းပင် ဖြစ်၏။

မေ့ဆေး ရှိနေလျှင်တောင်မှ ချန်းရီ အသုံးပြုရဲမည် မဟုတ်ပေ။

ချန်းရီ တစ်ယောက် တွေဝေပြီး စိတ်ရှုပ်ထွေးမှုများထဲသို့ ခဏတာ နစ်မျောသွားခဲ့သည်။

ညဘက်တွင် ဆက်လက် ကျင့်ကြံခဲ့သည်။

ယခင်က ရှိခဲ့သော သတ်ဖြတ်မှတ်များသည်လည်း ဤကာလအတွင်း အသုံးပြုမှုများကြောင့် နှစ်သောင်းခန့်သာ ကျန်ရှိတော့သည်။

သို့သော် ကောင်းမွန်သည့်အချက်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးအမြတ် ပြန်လည် ရရှိခြင်းပင် ဖြစ်၏။

သူ၏ သဘာဝလွန်အစွမ်းများ တိုးပွားလာသည်ကို ချန်းရီ သိသိသာသာ ခံစားနေရပြီး နောက်ထပ် နှစ်ရက်ခန့် ကြာလျှင် လမ်းစဉ် အဆင့် (၂) သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ခေါင်မိုးထပ်တွင် ချန်းရီနှင့် တင်းတုံ တို့ နှစ်ယောက်မှာ ယခင်ကနှင့် မည်သည့် ကွာခြားချက်မျှ မရှိပေ။

ချန်းရီက နေရာတစ်ခုကို ယူထားပြီး တင်းတုံက နေရာတစ်ခုကို ယူထားသည်။

နှင်းပွင့်ကြီးများ တဖွဲဖွဲ ကျဆင်းနေသည့် အောက်တွင်...

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက် မပေးဘဲ ကိုယ်စီ ကျင့်ကြံမှုများ ပြီးဆုံးသွားပြီးနောက် ကိုယ့်အခန်းကိုယ်ပြန်၍ အနားယူကြသည်။

တစ်ချိန်တည်းမှာပင် မရဏနတ် ဂိုဏ်းသည် အချိန်တိုအတွင်းမှာပင် ကျောင်းဝင်းတစ်ခုလုံးသို့ တိုးချဲ့ပျံ့နှံ့သွားခဲ့သည်။

ချန်းရီနှင့် ချူချယ် တို့မှလွဲ၍ ကျန်ရှိသောသူ အားလုံးနီးပါးမှာ မရဏနတ် ဂိုဏ်းဝင်များ ဖြစ်သွားကြပြီ ဖြစ်၏။

ထယ်ရှီး၊ စွန်းချန်းချန်း နှင့် တင်းတုံ တို့ သုံးယောက်ပင်လျှင် မရဏနတ် ဂိုဏ်းဝင်များ ဖြစ်နေကြပြီ ဖြစ်သည်။

သူတို့ သုံးယောက် ဝင်ရောက်မှု လုပ်ငန်းစဉ်က အလွန်တရာ ချောမွေ့ခဲ့သည်။

အကယ်၍ ချန်းရီနှင့် ချူချယ် ဟူသော ပြဿနာကောင် နှစ်ယောက်က ကြားမှ နှောင့်ယှက်ခြင်း မရှိခဲ့ပါက ဤသုံးယောက် မရဏနတ် ဂိုဏ်းသို့ ဝင်ရောက်သွားသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

သူတို့ သုံးယောက်၏ လက်ရှိ ရာထူးမှာ မရဏနတ် ဂိုဏ်း၏ ဒုတိယ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။

"နောက်သုံးရက်နေရင် ဝူကျန့်ရှန်းက ကျောင်းခန်းမကြီးထဲမှာ အကြီးစား ပူဇော်ပွဲကြီး လုပ်မယ် ဟုတ်လား"

ဤသတင်းကို ကြားရသောအခါ ချန်းရီနှင့် ချူချယ် တို့ နှစ်ယောက် အချင်းချင်း အကြည့်ချင်း ဖလှယ်ခဲ့ကြသည်။

"အမှန်ပဲ... ခေါင်းဆောင်ချူ နဲ့ အစ်ကိုချန်းရီ... ရှင်တို့ နှစ်ယောက် အကြောင်းကြားစာ မရကြဘူးလား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီနှင့် ချူချယ် တို့ကို စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

သူမသည်လည်း ယခုအခါ မရဏနတ် ဂိုဏ်း၏ ဒုတိယ ဂိုဏ်းချုပ် ဖြစ်နေပြီ ဖြစ်သဖြင့် သူတို့နှစ်ဦးကို လာရောက် အကြောင်းကြားပေးရန် တာဝန်ရှိသည်ဟု ခံစားနေရခြင်း ဖြစ်၏။

"မရဘူး"

"မရဘူး"

ချန်းရီနှင့် ချူချယ် တို့ နှစ်ယောက် တစ်ပြိုင်နက်တည်း ဖြေဆိုခဲ့ကြပြီး နှစ်ယောက်စလုံးက တစ်ဖက်လူ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုနှင့် မလုံခြုံမှု အချို့ကို မြင်တွေ့ခဲ့ကြသည်။

"ခေါင်းဆောင်ချူ နဲ့ အစ်ကိုချန်းရီ... ညီမတို့ အခု မရဏနတ် ဂိုဏ်းကို ဝင်သွားကြပြီဆိုတော့... အစ်ကိုတို့လည်း ဝင်လိုက်ကြပါလား"

"ဒီပူဇော်ပွဲက အရမ်း အရေးကြီးတယ်... ဦးလေးဝူ ပြောတာတော့ မရဏနတ် သန့်စင်ရေ တွေ ချပေးမယ်တဲ့... အဲဒီအချိန်ကျရင် ညီမတို့လည်း တခြား ဂိုဏ်းဝင်တွေလိုပဲ အအေးဒဏ်ကို ကြောက်စရာ မလိုတော့ဘူးလေ"

"အစ်ကိုတို့သာ ဝင်လာခဲ့ရင် အဲဒီအချိန်ကျရင် မရဏနတ် ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်တွေ ဖြစ်လာမှာပဲလေ"

"ပြီးတော့ ဦးလေးက ပြောသေးတယ်... အစ်ကိုချန်းရီ နဲ့ ခေါင်းဆောင်ချူ တို့က အရင်က ဝင်မယ်လို့ ကတိပေးထားခဲ့တာဆိုတော့... ကတိဖျက်မှာတော့ မဟုတ်ပါဘူးနော်"

ချန်းရီနှင့် ချူချယ် ဟူသော လူလည် နှစ်ယောက်စလုံးသည် ဤအကြောင်းပြချက်ကို အသီးသီး အသုံးပြုကာ ဝူကျန့်ရှန်း နှင့် အလဲအလှယ် လုပ်ခဲ့ဖူးကြသည်။

ဝူကျန့်ရှန်း ကို လိမ်လည်လှည့်စားခဲ့ဖူးသူများလည်း ဖြစ်ကြ၏။

သို့သော် ထိုနှစ်ယောက်စလုံးက အခြားသူများ ဝင်ရောက်သည်ကို လက်ခံနိုင်သော်လည်း သူတို့ကို ဝင်ရောက်ခိုင်းလျှင်မူ လုံးဝ လက်မခံကြသူများ ဖြစ်သည်။

အနည်းဆုံးတော့ ဟန်ဆောင်ပန်ဆောင် တွေဝေပြရန် လိုအပ်သည် မဟုတ်ပါလော။

"ချန်းချန်း... ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို အစ်ကိုတို့ကို သေချာ စဉ်းစားခွင့်လေးတော့ ပေးဦးမှပေါ့"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို ပြန်လွှတ်လိုက်ပြီးနောက် ချန်းရီနှင့် ချူချယ် တို့ နှစ်ဦး စကားမဆိုဘဲ အကြည့်ချင်း ဖလှယ်ခဲ့ကြသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် နှစ်ယောက်စလုံး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အသီးသီး ထရပ်ကာ ထွက်ခွာသွားခဲ့ကြသည်။

ဝူကျန့်ရှန်း တစ်ယောက် စတင် လှုပ်ရှားတော့မည်ကို နှစ်ယောက်စလုံး နားလည်ထားကြ၏။

ဝူကျန့်ရှန်း တွင် မည်သည့် အကြံအစည်များ ရှိနေသည်ကို မသိရသော်လည်း သေချာပေါက် ကောင်းသော ကိစ္စရပ်တော့ မဟုတ်နိုင်ပေ။

ဤကိစ္စသာ အောင်မြင်သွားပါက သူတို့နှစ်ဦးအတွက် မည်သည့် အကျိုးအမြတ်မျှ ရှိလာမည် မဟုတ်ပေ။

နှစ်ယောက်စလုံး၏ စိတ်ထဲတွင် ကိုယ်ပိုင် ကောက်ကျစ်သော အကြံအစည်များ အသီးသီး ရှိနေကြသည်။

ချန်းရီက ရှုလီနာ ကို တိုက်ရိုက် သွားရောက် ရှာဖွေလိုက်သည်။

အသက်ရှင်ကျန်ရစ်သူများ နေထိုင်ရာ စာသင်ခန်းသို့ ရောက်ရှိသွားသောအခါ...

ကျောင်းဝင်းအပြင်ဘက်တွင် အန္တရာယ်များ ထူပြောနေသော်လည်း စာသင်ခန်းထဲတွင်မူ အလွန် စည်ကားနေသည်။

အသက်ရှင်ကျန်ရစ်သူ အများအပြားသည် မရဏနတ် ဂိုဏ်းသို့ ဝင်ရောက်မည့် ကိစ္စကို စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြ၏။

မရဏနတ် သန့်စင်ရေ များ ချပေးမည်ဟု ကြားသိရပြီး ထိုအချိန်ရောက်ပါက ဤကဲ့သို့ ဖောင်းကားနေသော အနွေးထည်များကို ဝတ်ဆင်ရန် မလိုတော့သဖြင့် လူအများအပြားမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။

ရှုလီနာ သည် ချန်းရီ သူမထံသို့ လာရှာသည်ကို မြင်ရသောအခါ အလွန် ဝမ်းသာသွားပြီး သီးသန့် အလှပြင်ဆင်ခဲ့သည်။ သူမ၏ လှပသော ခန္ဓာကိုယ် ကောက်ကြောင်းကို အထင်းသား ပေါ်လွင်စေရန် လေကာအနွေးထည်အောက်တွင် လည်ပင်းအမြင့်ပါသော ကိုယ်ကြပ် သိုးမွေးဆွယ်တာ တစ်ထည်ကို လဲလှယ် ဝတ်ဆင်ထားခဲ့သည်။

မိမိအနေဖြင့် မရဏနတ် ဂိုဏ်းသို့ ဝင်ရောက်သွားလျှင်ပင် ချန်းရီ ကဲ့သို့သော အစွမ်းပိုင်ရှင် တစ်ဦး၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိထားပါက နောင်တစ်ချိန်တွင် သာမန်လူများထက် ပိုမို ကောင်းမွန်စွာ နေထိုင်ရလိမ့်မည်ဟု ရှုလီနာ က ယူဆထားသည်။

ထို့ကြောင့် ရှုလီနာ ၏ ချန်းရီ အပေါ် ထားရှိသော သဘောထားမှာ အမြဲတမ်း ယခင်ကအတိုင်းပင် ဖြစ်၏။

သူမက အလွန် ကြံ့ခိုင်သော အမျိုးသမီး တစ်ဦး ဖြစ်သည့်အပြင် အလွန် လှပသော အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။

"အစ်ကိုချန်းရီ... အစ်ကို ညီမကို လာရှာတာလား"

ရှုလီနာ က သူမ၏ အနည်းငယ် ချိုသာချွဲနွဲ့သော အသံဖြင့် ပြောသည်။

ချန်းရီက ဤလှပသော အမျိုးသမီးကို တစ်ချက်မျှသာ ဝေ့ကြည့်ခဲ့ပြီးနောက် တိုက်ရိုက်ပင် မေးမြန်းခဲ့သည်။

"မရဏနတ် ဂိုဏ်းထဲမှာ ဆရာဝန် တစ်ယောက် ရှိတယ်မလား... ဒီနေရာမှာ သူ့မိသားစုဝင်တွေ ရှိမရှိ မင်း သိလား"

ဆက်ရန်...

All Chapters