← Chapters

အခန်း ၁၄၆

Vol. 8 Ch. 146

အခန်း ၁၄၆

Vol. 8 Ch. 146

အပိုင်း(၁၄၆) ခွဲစိတ်မှုစပြီ

ဒေါက်တာလော်ထောင်းက ဒီနှစ်မှာ အသက် (၄၃) နှစ်ရှိပြီ ဖြစ်ကာ မူလက ရုံမြို့ရှိ အဆင့်မြင့်ဆေးရုံကြီးတစ်ခုမှ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး ဖြစ်သည်။

ကမ္ဘာပျက်ကပ်ကြီး မတိုင်မီက ဒေါက်တာလော်သည် လူအများ၏ လေးစားမှုကို ခံရသူတစ်ဦးဖြစ်ပြီး သာယာပျော်ရွှင်သော မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ဇနီးဖြစ်သူမှာ သူ၏ တက္ကသိုလ်ကျောင်းနေဘက် သူငယ်ချင်းဖြစ်ပြီး ယခုအခါ အထက်တန်းကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦး ဖြစ်နေပြီ ဖြစ်၏။

အလုပ်အကိုင်ကလည်း အဆင်ပြေချောမွေ့သလို မိသားစုရေးကလည်း သာယာအေးချမ်းလှသည်။

ထို့အပြင် ဒေါက်တာလော်သည် နှစ်ပေါင်းများစွာကြာသည်အထိ ဆေးပညာကျင့်ဝတ်ပိုင်းတွင်ရော လူမှုရေးကျင့်ဝတ်ပိုင်းတွင်ပါ အပြစ်ပြောစရာ တစ်ကွက်မျှ မရှိခဲ့သဖြင့် ဆေးရုံထဲတွင် နာမည်ကောင်းရထားသူ တစ်ဦးလည်း ဖြစ်သည်။

အလုပ်များလွန်းသည်မှလွဲ၍ သူ၏ဘဝတွင် မည်သည့် နောင်တရစရာမျှ မရှိသလောက်ပင်။

သို့သော် ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာမှုက လူအများအပြား၏ ဘဝလမ်းကြောင်းများကို ပြောင်းလဲပစ်ခဲ့ရာ ထိုအထဲတွင် လေးစားဖွယ်ကောင်းသော ဤဆရာဝန်ကြီးလည်း အပါအဝင် ဖြစ်ပေသည်။

တစ်မြို့လုံးတွင် ပြည့်နှက်နေသော ထူးဆန်းသည့်အရာများကြောင့် လူတိုင်း ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။

ဒေါက်တာလော်သည်လည်း သူ၏ ဇနီးကို ခေါ်ဆောင်ကာ ရုံမြို့ထဲမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ဆရာဝန်တစ်ဦးဖြစ်သည့် အဆင့်အတန်းကြောင့် ဒေါက်တာလော်သည် ရုံမြို့မှ ထွက်ခွာမည့် အဖွဲ့တစ်ခုထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့၏။

သို့သော် ခရီးသိပ်မဝေးမီမှာပင် ဒေါက်တာလော်ကို လူတစ်စုက ဒုတိယ မူလတန်းကျောင်းဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ဤမူလတန်းကျောင်းသို့ ရောက်လာပြီးနောက် အရာအားလုံးက အဆင်ပြေလှသည်။

ထူးဆန်းသည့်အရာများ၏ တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုတော့သလို အစားအသောက်အတွက်လည်း ပူပန်စရာ မလိုတော့ပေ။

ဒုဂိုဏ်းချုပ်ကြီးများ သတ်မှတ်ပေးထားသော နယ်မြေအတွင်း၌သာ လှုပ်ရှားသွားလာနေသရွေ့ ယေဘုယျအားဖြင့် မည်သည့် အန္တရာယ်မျှ မရှိနိုင်ချေ။

လော်ထောင်းသည် မရဏနတ် ဂိုဏ်း၏ မရဏနတ်သမီးကို မြင်ဖူးခဲ့ပြီး ထိုအရှင်မသည် သူ့ကို အလွန် နက်ရှိုင်းသော မှတ်ဉာဏ်များ ချန်ရစ်ပေးခဲ့သည့် "နတ်သမီး" တစ်ပါး ဖြစ်သည်။

နတ်သမီးက သူတို့၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးထားသဖြင့် လော်ထောင်းကလည်း အရှင်မ ရှိနေပေးသည့်အတွက် တကယ်ကို ကျေးဇူးတင်မိသည်။

တစ်ခုတည်းသော နှမြောစရာ ကိစ္စမှာ သူ၏ ဆေးပညာစွမ်းရည်များ အသုံးမဝင်တော့ခြင်းပင် ဖြစ်သည်။

မရဏနတ် ဂိုဏ်းတွင် ထူးဆန်းသော ဆေးရည်တစ်မျိုး ရှိပြီး ထိုဆေးရည်ကို သောက်လိုက်သည်နှင့် သာမန်လူများ၏ ရောဂါဝေဒနာ အမျိုးမျိုးမှာ အံ့ဖွယ်ကောင်းလောက်အောင် ပျောက်ကင်းသွားတတ်သည်။

ထို့ကြောင့် ဒေါက်တာလော်၏ ဆေးပညာမှာလည်း အသုံးမဝင်တော့ခြင်း ဖြစ်၏။

ယခုအခါတွင် သူသည် အသက်ရှင်ကျန်ရစ်သူများထဲမှ အလွန် သာမန်ဆန်သော လူတစ်ယောက်သာ ဖြစ်နေချေပြီ။

ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဒေါက်တာလော်ကို တစ်ခုတည်းသော သက်သောင့်သက်သာဖြစ်စေသည့် အရာမှာ ပြီးဆုံးနိုင်ခြင်းမရှိသော ခွဲစိတ်မှုကြီးများ မရှိတော့ခြင်းပင် ဖြစ်သည်။

ယင်းကပင် ဒေါက်တာလော်အတွက် ရှားပါးလှသော အနားယူချိန်များကို ရရှိစေခဲ့သည်။

သို့သော် ယနေ့ အိမ်ပြန်ရောက်လာချိန်တွင် သူ၏ ဇနီးသည်က သတင်းတစ်ခု သယ်ဆောင်လာခဲ့သည်။ လမ်းစဉ် အစွမ်းပိုင်ရှင်တစ်ဦးက သူ့ကို ခွဲစိတ်မှုတစ်ခု ပြုလုပ်ပေးစေလိုပြီး အခကြေးငွေအနေဖြင့် ဓာတ်ဆီ (၈) ဂါလန် တစ်ပုံး ပေးမည်ဟု ဆိုသည်။

ထိုသတင်းကို ကြားလိုက်ရချိန်တွင် ဒေါက်တာလော် အနည်းငယ် အံ့အားသင့်သွားရ၏။

ဒါက ဓာတ်ဆီတစ်ပုံးလုံး ဖြစ်သည်။ ကိုယ်တိုင် အသုံးမပြုလျှင်တောင် အခြားသူများနှင့် လိုအပ်သော ပစ္စည်းကောင်းများ လဲလှယ်၍ ရနိုင်သေးသည် မဟုတ်ပါလော။

"ဟွေဟွေ... မင်းပြောတာ တကယ်လား"

"ကျွန်မက ရှင့်ကို လိမ်ပြောစရာလား... ရှုလီနာဆိုတဲ့ မြေခွေးမက ကျွန်မကို ပြောလိုက်တာ"

"သူက"

"ဘာလဲ... အဲဒီ မိန်းမပျက်အကြောင်း ကြားလိုက်တာနဲ့ ရှင့်ဝိညာဉ်တွေ လွင့်ထွက်သွားပြီလား"

ဇနီးဖြစ်သူက အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

ဒီ ရှုလီနာ ရောက်လာပြီးကတည်းက ဂိုဏ်းထဲရှိ လူတိုင်း၏ ဝိညာဉ်များ လွင့်ထွက်သွားသည့်အလား ဖြစ်နေကြသည်။

နေ့စဉ်နေ့တိုင်း ယောက်ျားဘယ်နှစ်ယောက်လောက်ကများ ထိုမြေခွေးမ၏ ခန္ဓာကိုယ်ပေါ်တွင် မျက်လုံးများ ကပ်ကျန်ရစ်ခဲ့ချင်ကြသလဲ ဆိုတာ မပြောပြတတ်အောင်ပင်။

"မဟုတ်ရပါဘူးကွာ... ဟွေဟွေရယ် မင်းကလည်း လျှောက်ပြောနေပြန်ပြီ... ကိုယ်တို့ ပေါင်းလာတာ နှစ်တွေလည်း မနည်းတော့ဘူးလေ... ကိုယ် ဘယ်လိုလူလဲဆိုတာ မင်း မသိတာကျလို့"

...

"ထယ်ရှီး... အခု ငါယုံကြည်လို့ရတာဆိုလို့ မင်းပဲ ရှိတော့တယ်"

"အဲဒီဆရာဝန်မှာ မသင်္ကာစရာ တစ်ခုခု တွေ့တာနဲ့ မင်း ချက်ချင်းပဲ... "

ချန်းရီက လည်ပင်းကို လှီးဖြတ်မည့် ဟန်ပန်တစ်ခု ပြုလုပ်ပြလိုက်ပြီး သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်စွာ တောက်ပနေ၏။

ထယ်ရှီးက အနည်းငယ် တုံ့ဆိုင်းသွားကာ ရိုးအစွာဖြင့်...

"ချန်းရီ... အဲဒီလောက်လည်း မဟုတ်လောက်ပါဘူးကွာ... မင်းပြောတဲ့လူကို ငါလည်း သိပါတယ်... သူက လူကောင်းတစ်ယောက်ပါ... ငါက... "

"ထယ်ရှီး... လူတစ်ယောက်ရဲ့ မျက်နှာကိုပဲ မြင်ရတာလေ... စိတ်ကို ဘယ်မြင်ရပါ့မလဲ... မင်းက မင်းရဲ့ ညီအစ်ကို ဒုက္ခရောက်မှာကို ဒီတိုင်း ကြည့်နေတော့မလို့လား"

"သူသာ ငါ့ကို ကောင်းကောင်း ခွဲစိတ်ပေးမယ်... ကောက်ကျစ်တဲ့ အကြံအစည်တွေ မလုပ်ဘူးဆိုရင် ငါလည်း သူ့ကို ဘာမှ အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး"

"ငါ သူ့ကို ဓာတ်ဆီတောင် ပေးဦးမှာလေ"

"ငါ မင်းကို ခေါ်လာတာက သူ့ကို နည်းနည်းပါးပါး ခြောက်လှန့်ထားရုံ သက်သက်ပါကွာ... သူ ဘာလှည့်ကွက်မှ မသုံးရဲအောင်လို့ပါ"

"ငါ တကယ် ဘာမှ မလုပ်ချင်ပါဘူး"

"တကယ်ပြောတာ"

"ပြီးတော့ ထယ်ရှီး... ငါ့ကို ကြည့်ရတာ လူဆိုးနဲ့ တူနေလို့လား"

ထယ်ရှီးက ချန်းရီကို အသေအချာ စိုက်ကြည့်လိုက်ပြီး အချိန်အတော်ကြာမှ ဩရှရှအသံကြီးဖြင့်...

"တူတယ်"

ချန်းရီမှာ စကားပင် ဆက်မပြောနိုင်အောင် ဆွံ့အသွားလေသည်။

ချန်းရီက ရှုလီနာကို လူသွားခေါ်ခိုင်းပြီးနောက် ထယ်ရှီးကို ခေါ်လိုက်ခြင်း ဖြစ်သည်။

တခြား နည်းလမ်းမရှိပေ။ ကျောင်းတစ်ခုလုံးတွင် ချန်းရီအနေဖြင့် ထယ်ရှီး တစ်ယောက်တည်းကိုသာ မဖြစ်မနေ ယုံကြည်ရမည့် အခြေအနေ ဖြစ်နေသည်။

တကယ်တမ်းဆိုရလျှင် ချန်းရီသည် မည်သူ့ကိုမျှ မယုံကြည်ပေ။

သို့သော် ချန်းရီတွင် ဤထက် ပိုကောင်းသော နည်းလမ်း မရှိတော့ချေ။

ထို့ကြောင့်သာ ထယ်ရှီးကို ခေါ်ယူလိုက်ရခြင်း ဖြစ်သည်။

ချန်းရီနှင့် ချူချယ်တို့၏ အတွေးက တစ်ထပ်တည်း ကျနေသည်။ နောက်သုံးရက်အကြာတွင် ဝူကျန့်ရှန်းက သေချာပေါက် စတင် လှုပ်ရှားတော့မည် ဖြစ်သည်။

ဝူကျန့်ရှန်း... အတိတ်က အလွန် ခင်မင်ရင်းနှီးခဲ့သော ဤညီအစ်ကိုသည် ယခုအခါတွင် အရင်တုန်းက လူမဟုတ်တော့ပေ။

ဤသုံးရက်အတွင်း မိမိ၏ စွမ်းရည်ကို တတ်နိုင်သမျှ အစွမ်းကုန် မြှင့်တင်ထားရန်ကသာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

အသူရာ သွေးမျက်လုံးကို အစွမ်းကုန် အသုံးမချနိုင်လျှင်တောင် အနည်းနှင့်အများတော့ အထောက်အကူ ဖြစ်စေလိမ့်မည်။

ထို့ကြောင့် ချန်းရီသည် ဤဆုံးဖြတ်ချက်ကို အလောတကြီး ချမှတ်လိုက်ရခြင်း ဖြစ်သည်။

သေချာသည်ကတော့ ချန်းရီအနေဖြင့် သူ၏ ခန့်မှန်းချက် မှားယွင်းသွားရန်သာ ပို၍ ဆန္ဒရှိနေမိသည်။

ထယ်ရှီးက အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ...

"အင်းပါ... ကောင်းပြီလေ"

ထယ်ရှီး သဘောတူလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် စာသင်ခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်သည်။

ရှုလီနာက ဒေါက်တာလော်နှင့် သူ၏ ဇနီးတို့ကို ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။

သူ၏ ဇနီးကိုပါ ဘာကြောင့် ခေါ်လာရသလဲဆိုသည်ကို သိပ်နားမလည်သော်လည်း ဒေါက်တာလော်က အများကြီး တွေးမနေဘဲ ရှုလီနာ၏ နောက်သို့ လိုက်ပါလာခဲ့သည်။

ဤစာသင်ခန်းမှာ ချန်းရီက ထယ်ရှီးကို သီးသန့် ရှင်းလင်းထားခိုင်းသည့် အခန်းဖြစ်သည်။ ယခုအခါ ထယ်ရှီးသည်လည်း မရဏနတ် ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်ကြီး ဖြစ်နေပြီဖြစ်ရာ ဤမျှလောက် အခွင့်အာဏာတော့ သူ့တွင် ရှိနေပေသည်။

သေချာသည်ကတော့ ဤကိစ္စကို အခြားသူများအား မပြောပြရန် ချန်းရီက ထယ်ရှီးကို မှာကြားထားခဲ့သည်။

ဒေါက်တာလော်နှင့် သူ၏ ဇနီးတို့သည် စာသင်ခန်းထဲရှိ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် ထိုင်နေသော လူနှစ်ယောက်ကို မြင်လိုက်ရသဖြင့် ခဏတာမျှ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ရှုလီနာက ပြုံးလျက် ဒေါက်တာလော်အား ချန်းရီနှင့် ထယ်ရှီးတို့ကို မိတ်ဆက်ပေးလိုက်သည်။

ထယ်ရှီးတို့ မရဏနတ် ဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ မကြာသေးသဖြင့် ဒေါက်တာလော်အနေဖြင့် ထယ်ရှီး၏ ရာထူးအသစ်ကို မသိရှိခြင်းမှာ သဘာဝပင် ဖြစ်သည်။

သူတို့၏ အဆင့်အတန်းကို သိရှိသူများမှာ ဂိုဏ်းထဲရှိ အဓိက အဖွဲ့ဝင် အနည်းငယ်မျှသာ ရှိသည်။

ထယ်ရှီးတို့၏ ရာထူးနေရာကို ပူဇော်ပွဲကြီး ပြီးဆုံးသွားသည့် အချိန်မှသာ ဝူကျန့်ရှန်းက ဂိုဏ်းသားအားလုံးကို ကြေညာပေးမည် ဖြစ်သည်။

အနည်းဆုံးတော့ ဝူကျန့်ရှန်းက ထိုသို့ ပြောထားခဲ့သည် မဟုတ်ပါလော။

စာသင်ခန်းထဲရှိ အခြေအနေကို မြင်လိုက်ရသောအခါ ဒေါက်တာလော်မှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားရ၏။

သူ့ကို ခွဲစိတ်ပေးရန် ဖိတ်ခေါ်သူမှာ အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြည့်စုံလုံလောက်စွာ ရှိနေသင့်သည်ဟု သူ ထင်မှတ်ထားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူမှာ အစွမ်းပိုင်ရှင် ဖြစ်နေသဖြင့် သူတို့အနေဖြင့် ဆေးရုံမှ လိုအပ်သော ပစ္စည်းကိရိယာများနှင့် ခွဲစိတ်မှု အထောက်အကူပြု ပစ္စည်းများကို အလွယ်တကူ ရရှိနိုင်သင့်ပေသည်။

သို့သော် လက်ရှိ အခြေအနေမှာမူ ဖော်ပြရန် ခက်ခဲလောက်အောင်ပင် စုတ်ချာလွန်းနေသည်။

အလွန် သာမန်ဆန်သော စာသင်ခန်းလေး တစ်ခန်းသာ ဖြစ်ပြီး ခွဲစိတ်ဓား၊ ခွဲစိတ်ခန်းသုံး မီးမောင်း အစရှိသည်တို့ တစ်ခုမျှ မရှိပေ။

ဘေးနားရှိ ဇလုံတစ်လုံးထဲတွင် ထည့်ထားသော တချို့သော ကိရိယာများမှလွဲ၍...

ဒါက လုံးဝကို...

"မင်္ဂလာပါ ဒေါက်တာလော်... ကျွန်တော်က ချန်းရီပါ... ဒီတစ်ခေါက် ခွဲစိတ်ပေးဖို့ ခေါ်လိုက်တာက ကျွန်တော်ပါပဲ"

"ဆရာချန်း... ခင်ဗျားက ဒီမှာပဲ ခွဲစိတ်ဖို့ စီစဉ်ထားတာလား"

"အခု အခြေအနေအရတော့ ဒီလိုပဲ လုပ်ရတော့မှာပဲ"

"မဖြစ်နိုင်တာ ဆရာချန်း... ဒီနေရာက ခွဲစိတ်မှုလုပ်ဖို့ ဘယ်လိုမှ မသင့်တော်ဘူး... ဒီအတွေးကို ဖျောက်ဖျက်လိုက်ဖို့ ကျွန်တော် အကြံပေးပါရစေ"

"တီဗွီတွေထဲက ဇာတ်လမ်းတွေဆိုတာ အကုန်လုံး လျှောက်ရိုက်ထားတာတွေပါ... လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ချန်းရီက တီဗွီ ဇာတ်လမ်းတွဲများ သို့မဟုတ် ရုပ်ရှင်ကားများထဲမှ ဇာတ်ကွက်များကို အတုခိုးကာ သူ့ကို ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ခွဲစိတ်မှု လုပ်ခိုင်းရန် စီစဉ်နေသည်ဟု ဒေါက်တာလော်က ထင်မှတ်သွားခဲ့သည်။

တကယ့်ကို နောက်ပြောင်နေခြင်းသာ ဖြစ်ပြီး လုံးဝကို ယုတ္တိမတန်လွန်းပေ။

ထို့ကြောင့် ဒေါက်တာလော်က ချန်းရီကို မည်သည့်အရာ ခွဲစိတ်ချင်သနည်းဟုပင် မမေးတော့ဘဲ တိုက်ရိုက် ငြင်းဆန်လိုက်တော့သည်။

အမှန်တကယ်လည်း တီဗွီ ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ကားများစွာတွင် ဤကဲ့သို့သော ဇာတ်ဝင်ခန်းများ ပါရှိတတ်ပေသည်။

ချန်းရီက သူနှင့် စကားရှည်ရှည် မပြောချင်တော့သဖြင့် ထယ်ရှီးကို မျက်ရိပ်ပြလိုက်သည်။

ထယ်ရှီးက အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ဒေါက်တာလော့်ဘေးရှိ အမျိုးသမီးကို လှမ်းဖမ်းချုပ်လိုက်သည်။

"ရှင်... ရှင် ဘာလုပ်မလို့လဲ"

"ဆရာဝူ... ဆရာချန်း... ခင်ဗျားတို့ ကျွန်တော့် ဇနီးကို လွှတ်ပေးပါ... ခင်ဗျားတို့ ဘာလုပ်ချင်တာလဲ"

ဒေါက်တာလော်နှင့် သူ၏ ဇနီးတို့ နှစ်ယောက်လုံး ကြောက်လန့်တကြား ဖြစ်သွားကြသည်။

သို့သော် ထယ်ရှီးကို ခုခံရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထယ်ရှီးက အမျိုးသမီးကို ဖမ်းချုပ်ထားပုံမှာ သိမ်းငှက်ကြီးက ကြက်ပေါက်စလေးကို ဖမ်းဆုပ်ထားသကဲ့သို့ ဖြစ်နေသည်။

"ဒေါက်တာလော်... စိတ်မလှုပ်ရှားပါနဲ့... ကျွန်တော်က ဘယ်အလုပ်အကိုင်ကိုမှ အထင်ကြီးလေးစားတာမျိုး မရှိဘူး... လူတွေရဲ့ ကိုယ်ကျင့်တရား အဆင့်အတန်းကိုပဲ ကျွန်တော် ဂရုစိုက်တာ"

"ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ... ဒီကမ္ဘာပေါ်က လူအများစုမှာ ကိုယ်ကျင့်တရားမှ မရှိကြတာ"

"ခင်ဗျားသာ ကျွန်တော့်ကို သေသေချာချာ ခွဲစိတ်ပေးမယ်... ကျွန်တော့် တောင်းဆိုချက်အတိုင်း လုပ်ပေးမယ်ဆိုရင် ခင်ဗျားရော ခင်ဗျားဇနီးပါ အကုန်လုံး လုံလုံခြုံခြုံ ရှိမှာပါ... ဒါ့အပြင် ကျွန်တော် အရင်က ကတိပေးထားတဲ့ အခကြေးငွေကိုတောင် ရဦးမှာ"

"ခင်ဗျား... "

ဒေါက်တာလော် အလွန် ဒေါသထွက်သွားသည်။ ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ရလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

"ဆရာချန်း... ကျွန်တော့် ဇနီးကို လွှတ်ပေးပါ... ဒီခွဲစိတ်မှုကို ကျွန်တော် လက်မခံနိုင်ဘူး... ကျွန်တော်တို့ကို ပြန်လွှတ်ပေးပါ"

"ဟားဟား... ဒေါက်တာလော်... သေသေချာချာ စဉ်းစားပါဦး"

ချန်းရီက ဒေါက်တာလော်ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ဒေါက်တာလော်ကလည်း ချန်းရီကို ဒေါသတကြီး ပြန်ကြည့်နေ၏။

ထိုအချိန်တွင် ရှုလီနာက ရှေ့ထွက်လာပြီး ချိုသာသော လေသံဖြင့်...

"ဒေါက်တာလော်... ဆရာချန်းက အမြဲတမ်း ကတိတည်တဲ့လူပါ... ရှင်သာ သေသေချာချာ ခွဲစိတ်ပေးလိုက်မယ်ဆိုရင် ရှင့်အတွက် ကောင်းကျိုးပဲ ရှိမှာပါ... ဘာဆိုးကျိုးမှ မရှိပါဘူး"

"ပြီးတော့ ရှင့်မှာ ရွေးချယ်ခွင့်မှ မရှိတော့တာကို"

"ဒေါက်တာလော်... "

ရှုလီနာ၏ ချိုသာသော စကားများက အလုပ်ဖြစ်သွားခြင်းလား သို့မဟုတ် ချန်းရီ၏ ပိုမို ကြမ်းကြုတ်လာသော အကြည့်များကြောင့်လား ဆိုသည်ကိုတော့ မပြောတတ်ပေ။

နောက်ဆုံးတွင်တော့ ဒေါက်တာလော်မှာ အလျော့ပေးလိုက်ရတော့သည်။

"ကောင်းပြီလေ... ကျွန်တော်... ကျွန်တော် သဘောတူတယ်... ခင်ဗျား... ခင်ဗျား ကတိတည်ဖို့တော့ မျှော်လင့်ပါတယ်"

"ဒါပေါ့"

"ကျွန်တော့်ကို ဘာလုပ်ပေးစေချင်တာလဲ"

ချန်းရီက မျက်လုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုမျက်လုံးမှာ စနစ်၏ လမ်းညွှန်ချက်အတိုင်း ဖန်ပုလင်းတစ်လုံးထဲတွင် စိမ်ထားပြီး ပုလင်းထဲတွင် ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည်များ အပြည့်ပါရှိသည်။

စနစ်၏ အဆိုအရ ဤသို့ ပြုလုပ်ခြင်းက မျက်လုံး၏ အသက်ဝင်လှုပ်ရှားမှုကို ပိုမို ကောင်းမွန်စေသည်ဟု သိရသည်။

ယခုအချိန်တွင်မူ အရင်က အနည်းငယ် ညှိုးနွမ်းနေခဲ့သော ဤမျက်လုံးလေးမှာ အာရုံကြောကြိုး အနည်းငယ် ထွက်ပေါ်နေပြီး ကြည့်ရသည်မှာ အနည်းငယ် ရွံရှာဖွယ် ကောင်းနေ၏။

"ဒေါက်တာလော်... ခင်ဗျားကို ကျွန်တော် လုပ်စေချင်တာက... "

ချန်းရီ၏ စကားအဆုံးတွင် ဒေါက်တာလော်မှာ တစ်ကိုယ်လုံး သွေးအေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါက... လုံးဝ မဖြစ်နိုင်ဘူး... ဒီမျက်လုံးက... "

"ဒေါက်တာလော်... ခင်ဗျား ဘာမှ တွေးနေစရာ မလိုဘူး... ကျွန်တော် တောင်းဆိုတဲ့အတိုင်း လုပ်ပေးရုံပဲ... ဒါက ခွဲစိတ်မှု လမ်းညွှန်ချက်ပဲ... အရင် ဖတ်ကြည့်လိုက်ဦး... "

ချန်းရီက စနစ်မှ ပေးထားသော မျက်လုံး အစားထိုးခြင်းဆိုင်ရာ အသေးစိတ် လမ်းညွှန်ချက်များကို ရေးသားကာ ဒေါက်တာလော်ထံသို့ တိုက်ရိုက် ကမ်းပေးလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် ဒေါက်တာလော်သည် ထိတ်လန့် အံ့သြမှုများစွာဖြင့် ခေါင်းမော့လာခဲ့သည်။

ဤမျက်လုံး အစားထိုးခြင်း လမ်းညွှန်ချက်မှာ သာမန်လူများအတွက် ရည်ရွယ်ထားခြင်း မဟုတ်ပေ။

၎င်းထဲတွင် ပါဝင်သော အကြောင်းအရာများစွာမှာ ဒေါက်တာလော် နားလည်ထားသော ဆေးပညာ နယ်ပယ်ထက် များစွာ ကျော်လွန်နေခဲ့သည်။

ဤအရာကို သာမန်လူများအပေါ်တွင် အသုံးပြုရန် လုံးဝ မဖြစ်နိုင်ပေ။

အကယ်၍ တစ်ဖက်လူသာ အစွမ်းပိုင်ရှင် ဖြစ်နေမည်ဆိုပါက...

ဘာတွေ ဆက်ဖြစ်လာမည်ကို ဒေါက်တာလော်လည်း မသိသော်လည်း လတ်တလောတွင်တော့ ဆက်လုပ်ရန်သာ ရှိတော့သည်။

ခွဲစိတ်မှု စတင်လေပြီ။

ချန်းရီက စားပွဲခုံ အနည်းငယ်ကို ဆက်စပ်ပြုလုပ်ထားသော ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး မိုးမခကိုင်း တစ်ခုက ထင်းခုတ်ဓားမ တစ်လက်ကို သယ်ဆောင်ကာ ဒေါက်တာလော်၏ ခေါင်းထက်တွင် ဆိုင်းတွဲထား၏။

ဤမြင်ကွင်းကို ကြည့်ရင်း ဒေါက်တာလော်၏ ခြေထောက်နှစ်ဖက်စလုံး တုန်ယင်နေသလို ခံစားရပြီး ကျောပြင်တွင်လည်း ချွေးစေးများ ပျံထွက်လာခဲ့သည်။

အကယ်၍ သူသာ တစ်ခုခု မှားယွင်းသွားပါက ဤထင်းခုတ်ဓားမကြီးသည် သူ့ကို သတ်ဖြတ်မည့် လူသတ်လက်နက် ဖြစ်လာမည်ကို သူ ကောင်းကောင်း နားလည်ထားပေသည်။

ဆက်ရန်...

All Chapters