အခန်း ၁၄၈
Vol. 8 Ch. 148
အပိုင်း(၁၄၈) တဖြည်းဖြည်း ရှင်းလင်းလာသော မြူခိုးများ
"ရွှီချင်း သေသွားပြီ... သူ တကယ်ကြီး သေသွားပြီ"
"တကယ်တော့လေ... ရွှီချင်း သေရတော့မယ်ဆိုတာကို ငါ စောစောကတည်းက သိနေခဲ့တာ... မကြာခင် ငါလည်း သေရနိုင်တယ်"
"ငါရယ်... ရွှီချင်းရယ်... ဝူချန်ရယ်... နောက်ပြီး တခြားလူတွေ အများကြီး အတူတူ ဒီကျောင်းထဲကို ထွက်ပြေးလာခဲ့ကြတာ"
"တခြားလူတွေနဲ့ ယှဉ်ရင် ငါတို့က အများကြီး ပိုကံကောင်းခဲ့တယ်... ဒါပေမဲ့ တခြားလူတွေနဲ့ ယှဉ်ကြည့်ပြန်တော့လည်း ငါတို့က အများကြီး ပိုကံဆိုးခဲ့ပြန်ရော"
"ဘာလို့လဲဆိုတော့ ငါတို့က သူတို့ထက် ပိုပြီး ကြောက်စရာကောင်းတဲ့ အရာတွေကို ခံစားရပြီးမှ သေကြရမှာမို့လို့ပဲ"
"ငါတို့ ဒီကျောင်းကို ထွက်ပြေးလာတဲ့ အချိန်တုန်းက ကျောင်းအပြင်ဘက် လေထဲမှာ ပေါလောပေါ်နေတဲ့ ရေဘဝဲကြီး တစ်ကောင်ကို မြင်ခဲ့ရတယ်... အဲဒီ ရေဘဝဲကြီးမှာ မျက်နှာ ရှစ်ခုတောင် ပါတာ... အဘိုးအို... ကလေး... လူရွယ်... လူပျိုပေါက် စတဲ့ မျက်နှာတွေ အကုန်ပါတယ်"
"ငါ တစ်ချက်လေးပဲ ကြည့်လိုက်မိတာ... အဲဒီရေဘဝဲကြီးက ချက်ချင်းကို သတိထားမိသွားတာပဲ... ငါတို့ သုံးယောက် အသက်လုပြီး ထွက်ပြေးကြတော့ ဝူချန်က ရွှီချင်းကို တွန်းချလိုက်လို့... နောက်ကနေ လိုက်လာတဲ့ ရေဘဝဲကြီးရဲ့ လက်တံတွေနဲ့ အထိုးခံလိုက်ရတာ"
"တကယ်ကို ရယ်စရာကောင်းတာက ဝူချန်က အရင်တုန်းက ရွှီချင်းကို သဘောကျတယ်ဆိုပြီး ဖွင့်ပြောခဲ့သေးတာ... ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အသက်ကွာဟချက်က အရမ်းကြီးလွန်းတော့ ရွှီချင်းက လုံးဝ လက်မခံခဲ့ဘူး"
"ငါ ရဲရဲကြီး ပြောရဲတယ်... ဝူချန်က တမင်သက်သက် လုပ်ခဲ့တာ... ရွှီချင်းက သူ့ကို လက်မခံလို့ကို တမင်သက်သက် လုပ်တာ"
"သူက တကယ့်ကို ယုတ်မာပြီး ကောက်ကျစ်တဲ့ ယောက်ျားပဲ"
"ငါ ဒီဒိုင်ယာရီကို ရေးရတဲ့ ရည်ရွယ်ချက်က ဝူချန်ရဲ့ လုပ်ရပ်ကို မှတ်တမ်းတင်ထားချင်လို့ပဲ... နောက်လာမယ့် လူတွေ သူ့ရဲ့ မျက်နှာစစ်ကို သေချာ မြင်နိုင်အောင်လို့"
နာမည်ကြီး အင်တာနက်ဆယ်လီရဲ့ညီမ။
ချန်းရီ၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှု တစ်ခု ပေါ်လာ၏။
သူသည် ရွှီနန်နှင့် အများကြီး ထိတွေ့ဆက်ဆံခဲ့ဖူးသဖြင့် ရွှီနန်က သူ့ညီမကို ရှာတွေ့ရန်အတွက် မည်မျှ ပေးဆပ်ခဲ့ရသည်ကို ကောင်းကောင်း သိထားသည်။
ယခင်က မိုဟိုင်ရမ်သည် ဤသတင်းကို အသုံးပြုကာ သူ့ကို လှည့်စားခဲ့ခြင်း ဖြစ်သည်။
ချူချယ်၏ မျက်နှာမှာလည်း အနည်းငယ် ပျက်ယွင်းနေသည်။
"၂၀၃၀ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်။ ရာသီဥတု - နှင်းအသင့်အတင့်"
"ဒီနေ့ နှင်းကျတာ နည်းနည်း ပါးသွားတယ်"
"ငါ ဝူချန်ကို တွေ့ခဲ့တယ်... အခုတော့ သူက အရမ်းကို ပြောင်းလဲသွားပြီ... အရမ်း ပိန်သွားပြီး ကြည့်ရတာ ပေါင် ၅၀ လောက် ကျသွားတဲ့ပုံပဲ"
"ဟုတ်တာပေါ့... ဒီလို ကမ္ဘာပျက်ကပ်ကြီးထဲမှာ စားစရာ သောက်စရာမှ မရှိတာ... မပိန်ရင်သာ ထူးဆန်းနေမှာ"
"လူတွေ တဖြည်းဖြည်း နည်းလာတော့ ငါလည်း ဝူချန်နဲ့ စကားနည်းနည်း သွားပြောဖြစ်ခဲ့တယ်"
"ဒီနေ့မှ ငါ သိရတာက ဝူချန်က နိုင်ငံတော်ရဲ့ ထိပ်တန်း တက္ကသိုလ်ကနေ ဘွဲ့ရလာသူ ဖြစ်နေတာပဲ"
"စဉ်းစားကြည့်လေ... အရင်တုန်းက ငါတို့ ခရိုင်တစ်ခုလုံးမှာ အဲဒီတက္ကသိုလ်တက်ခွင့် တစ်ယောက်တည်း အောင်ခဲ့တာ"
"ဝူချန် ပြောတာ ကြားရသလောက်ဆို သူက အရင်တုန်းက ပြည်တွင်းက အင်တာနက် ကုမ္ပဏီတစ်ခုရဲ့ တာဝန်ခံ ဖြစ်ခဲ့တယ်တဲ့... အဲဒီတုန်းက သူက ငွေကြေး သန်းရာချီ ချမ်းသာပြီး ဘဏ္ဍာရေးအရ လွတ်လပ်နေတဲ့ သူဌေးစာရင်းဝင်ပေါ့"
"နောက်ပိုင်းကျတော့ ရှယ်ယာရှင်တွေက သူ့ရဲ့ ကုမ္ပဏီကို လုယူသွားကြတယ်... အထက်တန်းလွှာက အင်တာနက် သူဌေးသစ်လေးခမျာ ညတွင်းချင်းမှာပဲ ရှိသမျှ အကုန် ဆုံးရှုံးသွားခဲ့ရတာ"
"ဒီနေရာကို ထွက်မပြေးလာခင်မှာ ဝူချန်ဆီမှာ ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူး... အစားအသောက် ပို့တဲ့ အလုပ်ကိုပဲ မှီခိုပြီး အသက်မွေးခဲ့ရတယ်"
"ဒါပေမဲ့ အစားအသောက်ပို့တဲ့ အလုပ်မှာလည်း ခဏခဏ တိုင်တန်းခံရလို့ ရက်အနည်းငယ်တောင် မကြာလိုက်ဘဲ မှတ်ချက်ဆိုးတွေ အရမ်းများလာပြီး ဆက်လုပ်လို့ မရတော့ဘူးလေ"
"နောက်ပိုင်း ဒီကောင်က လမ်းဘေးမှာ ဈေးရောင်းတယ်... ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝင်တယ်... အချိန်ပိုင်း အလုပ်တွေလည်း လုပ်ခဲ့သေးတယ်"
"ဝူချန်ရဲ့ ဘဝက ဒီလောက်တောင် စိတ်ဝင်စားစရာ ကောင်းနေမယ်လို့ ဘယ်သူက ထင်မှာလဲ"
"ဒါပေမဲ့ ဝူချန်က ငါ့ကို လေလုံးထွားနေတာ ဖြစ်မယ်လို့လည်း ငါ သံသယ ဝင်မိသေးတယ်"
"ဒါပေမဲ့ သူ့ရဲ့ စကားပြောဆိုပုံတွေကို ကြည့်ရတာ တကယ်ပဲ အဲဒီလို ဖြစ်ခဲ့ပုံရတယ်"
"ဝူချန်က ဒီကမ္ဘာပျက်ကပ်ကြီးကို အရမ်း ကျေးဇူးတင်တယ်တဲ့... ဒီကမ္ဘာပျက်ကပ်ကြီးကြောင့်ပဲ လူတိုင်းက တန်းတူညီမျှ ဖြစ်သွားကြတယ်လို့ ဆိုတယ်"
"ကိုယ်က အာဏာပိုင် အရာရှိကြီး ဖြစ်နေပါစေ... ဒါမှမဟုတ် ပိုင်ဆိုင်မှု သန်းချီ ရှိနေပါစေ... အခုချိန်မှာတော့ လူတိုင်းဆီမှာ အသက်တစ်ချောင်းပဲ ရှိတော့တာလေ"
"ဝူချန်က သူ့ကိုယ်သူ နာမည်သစ် တစ်ခု ပေးလိုက်တယ်... ဝူကျန့်ရှန်းတဲ့"
"သူ ပြောတဲ့ အဓိပ္ပာယ်က အရင်တုန်းက ဘဝကို ရည်ရွယ်ချက်မဲ့ ဖြတ်သန်းခဲ့ရပြီး အခုချိန်ရောက်မှသာ စစ်မှန်တဲ့ တောင်ကို မြင်တွေ့ရတယ်လို့ ဆိုလိုတာတဲ့"
"သူက ငါ့ကို နတ်ကိုးကွယ်ခြင်း လမ်းစဉ်ဆိုတာ ဘာလဲ သိလားလို့တောင် မေးသေးတယ်"
"သောက်ကျိုးနည်း... ငါက ဘယ်လိုလုပ် သိမှာလဲ"
တကယ်တော့ ဝူချန်ဆိုတာ ဝူကျန့်ရှန်းကို ပြောတာပဲ။
ဒီလူဆီမှာ ဒီလို အတိတ်ဇာတ်ကြောင်းမျိုး ရှိနေခဲ့တာကိုး။
"နေဦး... မင်း ဖတ်လို့ ပြီးပြီလား"
ချန်းရီက စာမျက်နှာကို လှန်ဖို့ ပြင်လိုက်သော်လည်း ချူချယ်က လှမ်းတားလိုက်သည်။
ချူချယ်က စိတ်မရှည်စွာဖြင့် "ခဏစောင့်ရင် သေသွားမှာမို့လို့လား... ငါ ဖတ်လို့ မပြီးသေးဘူးကွ"
စက္ကန့်သုံးဆယ်ခန့် စောင့်ပြီးနောက်မှသာ ထိုဒိုင်ယာရီ၏ နောက်တစ်မျက်နှာသို့ လှန်လိုက်နိုင်သည်။
"၂၀၃၀ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်။ ရာသီဥတု - နှင်းအသင့်အတင့်"
"တောက်... ဝူချန်... မဟုတ်ဘူး... ဝူကျန့်ရှန်းဆိုတဲ့ လူတော့ ရူးသွားပြီ"
"ခွေးကောင်... သူက ရွှီချင်းကို ပြန်ခေါ်လာတယ်"
"တောက်"
"သူက ရွှီချင်းရဲ့ အလောင်းကို ဘေးခန်းက စာသင်ခန်းထဲမှာ ထားထားတယ်... အမွှေးတိုင်တွေနဲ့ ဖယောင်းတိုင်တွေကို ဘယ်ကနေ ရလာလဲ မသိဘူး... တစ်နေ့ကို သုံးကြိမ် ကိုးခါတိတိ ရှိခိုးကန်တော့နေတာ"
"ဒီအရူးတော့ တကယ် ရူးသွားပြီ"
"သူ... သူက ရွှီချင်းရဲ့ အလောင်းကို နတ်တစ်ပါးလို သဘောထားပြီး ကိုးကွယ်နေတာပဲ"
"၂၀၃၀ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်။ ရာသီဥတု - နှင်းအသင့်အတင့်"
"ဘုရားရေ... ရွှီချင်းက အရင်တုန်းက အဲဒီ မိစ္ဆာကောင်ကြီးရဲ့ လက်တံတွေနဲ့ အသတ်ခံခဲ့ရတာလေ... အခုတော့ အဲဒီဒဏ်ရာကြီးက အံ့သြစရာကောင်းလောက်အောင် ပြန်ကျက်သွားပြီ"
"ဝူကျန့်ရှန်း မရှိတဲ့အချိန် ငါ ခိုးဝင်ပြီး သွားကြည့်ခဲ့လို့ မြင်ခဲ့ရတာ"
"ဘုရားဘုရား... ရူးကုန်ပြီ... အကုန် ရူးကုန်ကြပြီ"
"ပြီးတော့ ရွှီချင်းက အသက်ရှင်နေတုန်းကထက် ပိုပြီး လှလာသလို ငါ ခံစားနေရတယ်"
"မဟုတ်သေးဘူး... ရွှီချင်းက အရင်ကတည်းက လှပြီးသားပဲ... ဒါပေမဲ့... ဒါပေမဲ့ ငါလည်း သေချာ မပြောတတ်တော့ဘူး"
"၂၀၃၀ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်။ ရာသီဥတု - နှင်းပါးပါး"
"ဝူကျန့်ရှန်းက မရဏနတ် ဂိုဏ်းကို တည်ထောင်လိုက်ပြီး ငါတို့ အားလုံးကို ဂိုဏ်းထဲ ဝင်ခိုင်းတယ်"
"သူက ရိက္ခာပစ္စည်းတွေ အများကြီး ပြန်သယ်လာတယ်"
"ဘာဂိုဏ်းညာဂိုဏ်း ငါ ဂရုမစိုက်ဘူး... စားစရာရှိရင် ပြီးတာပဲမို့ ငါတို့ အားလုံး ဝင်လိုက်ကြတယ်"
"အခု ငါတို့ စုစုပေါင်း (၁၀) ယောက်ပဲ ကျန်တော့တာ... အားလုံးက မရဏနတ် ဂိုဏ်းထဲ ဝင်လိုက်ကြပြီ... ဝူကျန့်ရှန်းက သူ့ကိုယ်သူ ဂိုဏ်းချုပ်ကြီးလို့ ခေါ်တယ်"
"သူက ဒီကျောင်းရဲ့ ခန်းမဆောင်လေး ကြမ်းပြင်ပေါ်မှာ အရုပ်တွေ ရှုပ်ရှက်ခတ်အောင် ဆွဲနေတာ... ငါတော့ ဘာမှန်း နားမလည်ဘူး"
"နောက်နှစ်ရက်နေရင် ဝူကျန့်ရှန်းက မရဏနတ် ဂိုဏ်းဝင်တဲ့ အခမ်းအနား အနေနဲ့ ယဇ်ပူဇော်ပွဲ တစ်ခု လုပ်မယ်လို့ ဆိုတယ်"
"ငါ ဘာမှ ဂရုမစိုက်ဘူး... ငါ့ကို စားစရာ ပေးနေသရွေ့ သူ နေ့တိုင်း ယဇ်ပူဇော်ပွဲ လုပ်ရင်တောင် ရတယ်"
"ဒါနဲ့ ဝူကျန့်ရှန်းက သူ့ကိုယ်သူ နတ်ကိုးကွယ်ခြင်း လမ်းစဉ် အဆင့် (၁) မျက်ကန်းတပည့်လို့ ပြောတယ်"
"မျက်ကန်းတပည့် ဆိုတာဘာလဲ ဘယ်သူက သိမှာလဲ... ဝူကျန့်ရှန်းက ကယောင်ကတမ်းတွေ လုပ်နေတာ... ဦးနှောက် မကောင်းတော့ဘူး... တကယ် ရူးသွားတာ သေချာတယ်"
"သူက နေ့တိုင်း ရွှီချင်းရှိတဲ့ အခန်းကို သွားပြီး ဂါထာတွေ ရွတ်နေသေးတာ... အရမ်းကို ထူးဆန်းတယ်"
"ပြီးတော့ ငါတို့ကို လုံးဝ အနှောင့်အယှက် မပေးရဘူးလို့လည်း တားထားသေးတယ်"
"ခေါင်းဆောင်ကျောက်က သူ့ရဲ့ ခန္ဓာကိုယ် ကြီးမားတာကို အားကိုးပြီး ဝူကျန့်ရှန်းကို အမြဲတမ်း မကျေမနပ် ဖြစ်နေတာ... မနေ့မနက်က သူ ဂါထာရွတ်နေတုန်း တမင်သက်သက် သွားပြီး နှောင့်ယှက်ခဲ့တယ်"
"အကျိုးဆက်ကတော့ ခေါင်းဆောင်ကျောက်က ဝူကျန့်ရှန်းရဲ့ အရိုက်ခံရတာ သေမလိုတောင် ဖြစ်သွားတယ်"
"ဘုရားရေ... ဝူကျန့်ရှန်းက ဒီလောက်တောင် တိုက်ရိုက်ခိုက်နိုင်စွမ်း ရှိနေတာလား... အရင်က လုံးဝ မသိခဲ့ဘူး"
"ခေါင်းဆောင်ကျောက်က သူ့ရှေ့မှာ ကလေးတစ်ယောက်လိုပဲ ဖြစ်သွားတာ"
"ခေါင်းဆောင်ကျောက်ကို သူက ရိုက်သတ်ပစ်လိုက်ပြီ"
"ဝူကျန့်ရှန်းက အရမ်း ကြောက်စရာကောင်းလွန်းတယ်"
"၂၀၃၀ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်။ ရာသီဥတု - နှင်းတအားကျ"
"ဒီနေ့ ကိစ္စတစ်ခု ဖြစ်သွားတယ်... လူတစ်ယောက် နေမကောင်းဖြစ်ပြီး သေတော့မလို့ ဖြစ်နေတာ"
"ဝူကျန့်ရှန်းက အနီရောင် ဆေးရည် ပုလင်းတစ်လုံး ယူလာပြီး အဲဒီလူကို တိုက်လိုက်တော့... အဲဒီလူက အဲဒီလိုနဲ့ပဲ ချက်ချင်း သက်သာသွားတယ်"
"ဘုရား... ဘုရား"
"ဒီဆေးသာ အရင်တုန်းကဆိုရင် အရူးအမူး ဝယ်ကြလောက်တယ်"
"သေတော့မယ့် လူတစ်ယောက်ကို ဒီလိုမျိုး ကုသပေးလိုက်နိုင်တယ်တဲ့"
"၂၀၃၀ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်။ ရာသီဥတု - နှင်းတအားကျ"
"ဘုရား ဘုရား... ငါ အန်ချင်လာပြီ"
"ဝူကျန့်ရှန်းက ရွှီချင်းကို... ခေါင်းဆောင်ကျောက်ရဲ့ အသားတွေကို ကျွေးလိုက်တာကို ငါ မြင်ခဲ့တယ်... ပြီးတော့ ရွှီချင်း... ရွှီချင်းရဲ့ မျက်လုံးတွေထဲကနေ သွေးမျက်ရည်တွေ စီးကျလာတယ်"
"အဲဒီအရောင်က အရင်က ဆေးရည်ရဲ့ အရောင်နဲ့ လုံးဝကို တစ်ပုံစံတည်းပဲ... တစ်ပုံစံတည်းကို ဖြစ်နေတာ"
"ငါ လုံးဝ အမြင်မမှားဘူး"
"ဘယ်လိုလုပ်ရမလဲ... မနက်ဖြန်က ယဇ်ပူဇော်ပွဲ လုပ်မယ့်နေ့ပဲ... ဝူကျန့်ရှန်းက ကောင်းတဲ့ ရည်ရွယ်ချက် ရှိမှာ မဟုတ်ဘူး... ငါ ထွက်ပြေးချင်တယ်"
"ဒါပေမဲ့... ဒါပေမဲ့ အပြင်ဘက်မှာ နှင်းတွေက အရမ်းကျနေတယ်..."
ဆက်ရန်...