← Chapters

အခန်း ၁၄၉

Vol. 8 Ch. 149

အခန်း ၁၄၉

Vol. 8 Ch. 149

အပိုင်း(၁၄၉) နောက်ဆုံးသော အမှန်တရား

နေ့စဉ်မှတ်တမ်းက ဤနေရာတွင် ရေးသားထားခြင်း အဆုံးသတ်သွားပြီး နောက်ထပ် စာမျက်နှာ မရှိတော့ပေ။

ချန်းရီနှင့် ချူချယ်တို့ နှစ်ယောက်စလုံး၏ ရင်ထဲတွင် အနည်းငယ် ကျောချမ်းသွားသလို ခံစားလိုက်ရ၏။

ထိုမရဏနတ်သမီးက ရွှီနန်၏ ညီမအရင်း ဖြစ်နေမည်ဟု ဘယ်သူက ထင်မှတ်ထားခဲ့မည်နည်း။

"ဘာလို့ ရွှီနန်က မမှတ်မိတာလဲ"

ချူချယ်က ထိုစကားကို ပြောဆိုလိုက်ပြီးသည်နှင့် သူ၏ စကားမှာ အလွန်မိုက်မဲလှကြောင်း ကိုယ်တိုင် ပြန်လည် သတိပြုမိသွားသည်။

ချန်းရီ၏ မျက်လုံးများထဲတွင် သရော်လှောင်ပြောင်လိုသော အရိပ်အယောင်များ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် စကားတစ်ခွန်းနှစ်ခွန်းခန့်ဖြင့် လှောင်ပြောင်တော့မည်ကို သူ ရိပ်မိလိုက်၏။

ချူချယ်က အလျင်အမြန်ပင် ဖြတ်ပြောလိုက်သည်။ "တိတ်စမ်း... ဘာမှမပြောနဲ့... ငါသိတယ်"

ထိုမရဏနတ်သမီးသည် အမှန်တကယ် လူသားတစ်ယောက် ဖြစ်နေမည်ဟု မည်သူက တွေးတောမိမည်နည်း။

ထို့အပြင် (၁၀) ပေခန့် မြင့်မားသော အရပ်အမောင်းနှင့် လူသားများနှင့် လုံးဝကွဲပြားခြားနားလှသော အငွေ့အသက်များကြောင့် ၎င်းကို လူသားတစ်ဦးအဖြစ် ယှဉ်တွဲစဉ်းစားရန် လုံးဝ မဖြစ်နိုင်ခဲ့ပေ။

ရွှီနန် တစ်ယောက် မမှတ်မိခဲ့သည်မှာလည်း အံ့သြစရာ မဟုတ်တော့ချေ။

ရုတ်တရက်ဆိုသလို ထိုမရဏနတ်သမီး၏ သွေးမျက်ရည်များကို ပြန်လည်တွေးမိသွားသည်။

ချန်းရီ၏ အစာအိမ်ထဲတွင် တလိပ်လိပ် တက်လာကာ ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာ၏။

တောက်... တကယ်ပါပဲ။

အရင်တုန်းက ဝူကျန့်ရှန်းက မရဏနတ်သမီးကို လူအသားတွေ ကျွေးမွေးခဲ့သောကြောင့်သာ မရဏနတ်သမီး၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာခဲ့ခြင်း ဖြစ်သည်။

အကြောင်းမူကား သူမသည် အခြေခံအားဖြင့် လူသားတစ်ဦးသာ ဖြစ်နေပြီး ယခုအခါတွင်မူ လူသားအချင်းချင်း၏ အသားကို အတင်းအဓမ္မ ကျွေးမွေးခံနေရသောကြောင့်ပင်။

"ဝေါ့"

ချန်းရီက အလျင်အမြန်ပင် ဘေးနားရှိ နံရံထောင့်ကို မှီကာ အန်ချလိုက်တော့သည်။

ချူချယ်၏ မျက်နှာမှာလည်း ဖြူတစ်လှည့် ပြာတစ်လှည့် ဖြစ်သွားခဲ့၏။

သူသည် ဦးလေးအားပေါင်ကို ထိုအရာများ အများအပြား ကျွေးမွေးခဲ့မိသည် မဟုတ်ပါလော။

သို့သော် ချန်းရီ၏ ဒုက္ခရောက်နေသော ပုံစံကို ကြည့်ရင်း ချူချယ်၏ စိတ်ထဲတွင် တစ်ခဏတာမျှ ကျေနပ်သလို ခံစားလိုက်ရသည်။

ထို့ကြောင့် လှောင်ပြောင်ရန် သူ ဆုံးဖြတ်လိုက်၏။

"မင်းက ဘာတွေဟန်ဆောင်နေတာလဲ... ငယ်ငယ်တုန်းက လူ့မစင်နဲ့ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို မစားဖူးဘူးလား"

ချန်းရီက လန့်ဖျပ်သွားပြီး ချူချယ်အား အလွန်အံ့သြတုန်လှုပ်နေသော မျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။ "ငါ... မစားဖူးပါဘူး"

"..."

ချူချယ်က ခေါင်းငုံ့သွားပြီး ချန်းရီ၏ အံ့သြတုန်လှုပ်နေသော မျက်လုံးများကို မျက်နှာချင်း မဆိုင်ရဲတော့ချေ။

ထိုစဉ် ကြမ်းပြင်ပေါ်တွင် မည်သည့်အချိန်ကတည်းက ကျနေမှန်းမသိသော စာအိတ်တစ်အိတ် ရှိနေသည်ကို မြင်လိုက်ရ၏။

၎င်းမှာ နေ့စဉ်မှတ်တမ်း စာအုပ်ထဲတွင် ညှပ်ထားခဲ့ခြင်း ဖြစ်နိုင်ပြီး သူတို့နှစ်ယောက်စလုံးမှာ မှတ်တမ်းထဲရှိ အကြောင်းအရာများကိုသာ အာရုံစိုက်နေခဲ့ကြသဖြင့် သတိမထားမိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ချူချယ်က ဝမ်းသာသွားပြီး အာရုံလွှဲရန် အလျင်အမြန် ကြိုးစားလိုက်သည်။

"ဒီမှာ စာတစ်စောင် ရှိတယ်... မင်း ဖတ်ကြည့်ဦးမလား"

ချန်းရီက လျှောက်လာသည်။ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်အားနည်းနေဆဲ ဖြစ်သော်လည်း ချူချယ်နှင့် ခပ်ခွာခွာ နေရာတွင် ရပ်လိုက်၏။

ချူချယ်၏ မျက်နှာ ညိုမည်းသွားသော်လည်း စာအိတ်ကို ယူကာ ဖောက်လိုက်သည်။

စာ၏ အစပိုင်း ပါဝင်သော အကြောင်းအရာများက သူတို့နှစ်ဦး၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

"မိတ်ဆွေ... ခင်ဗျား ဒီစာကို မြင်တွေ့ရတဲ့ အချိန်မှာ... ကျွန်တော်တို့ သေဆုံးသွားခဲ့ပြီ ဖြစ်ကောင်း ဖြစ်နိုင်တယ်"

"သေချာတာကတော့... ခင်ဗျား ဒီစာကို ရရှိတယ်ဆိုကတည်းက ဟိုနေ့စဉ်မှတ်တမ်းတွေလိုမျိုး တစ်ခုခုကို ခင်ဗျား သိရှိနားလည်နေပြီ ဖြစ်မှာပါ"

"ကျွန်တော် ဒီစာကို ချန်ထားရစ်ခဲ့တဲ့ အကြောင်းအရင်းကတော့... ကျွန်တော်တို့နောက်ကို လိုက်လာမယ့်သူတွေ အလိမ်မခံရစေဖို့အတွက်ပါ"

"တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင်... မြန်မြန် ထွက်ပြေးနိုင်ရင် ထွက်ပြေးလိုက်ပါ"

"ဝေးနိုင်သမျှ ဝေးဝေးကိုသာ ပြေးပါ... ဝူကျန့်ရှန်းက မိစ္ဆာတစ်ကောင်ပါပဲ"

"ကျွန်တော်တို့ ဒီနေရာကို ရောက်လာတုန်းက ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေကို ပြောပြပါရစေ"

"၂၀၃၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ဆိုတဲ့ အဲဒီနေ့ကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး"

"ကျွန်တော်တို့ ယာဉ်တန်းမှာ လူပေါင်း သုံးဆယ့်နှစ်ယောက် ရှိပြီး... လမ်းပြသူ လမ်းစဉ်ကို ပိုင်ဆိုင်ထားတဲ့ ခေါင်းဆောင် တစ်ယောက်တည်းသာ ရှိခဲ့တာပါ"

"ခေါင်းဆောင်ရဲ့ အံ့ဖွယ်စွမ်းရည်ကို အားကိုးပြီး... ကျွန်တော်တို့ ဒီမူလတန်းကျောင်းလေးဆီကို ထွက်ပြေးလွတ်မြောက်လာခဲ့ကြတယ်"

"ဒီကျောင်းလေးထဲမှာ ဘယ်သူမှ မရှိဘူး... အတိအကျ ပြောရရင်တော့... ဒီကျောင်းလေးမှာ အသက်ရှင်နေထိုင်နေတဲ့ လူတစ်ယောက် ရှိနေခဲ့တယ်"

"ကျွန်တော်တို့ ဝူကျန့်ရှန်းကို တွေ့ခဲ့ရတယ်... သူက နတ်ကိုးကွယ်ခြင်း လမ်းစဉ် အဆင့် (၂) ရဲ့ တရားဟောသူလို့ သူ့ကိုယ်သူ မိတ်ဆက်ခဲ့တယ်... ပြီးတော့ သူ့ရဲ့ နတ်ကိုလည်း တွေ့ခဲ့ရတယ်"

"ဝူကျန့်ရှန်းက သူ့ကိုယ်သူ မရဏနတ် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးလို့လည်း ပြောခဲ့သေးတယ်"

"သူက ကျွန်တော်တို့ကို မရဏနတ်သမီးနဲ့ တွေ့ဆုံခွင့် ပေးခဲ့တယ်"

"အဲဒီနတ်သမီးက အရမ်းကို လှပတဲ့ ကောင်မလေးတစ်ယောက်ပါ... အရပ်အမောင်းကတော့ နည်းနည်း ကြောက်စရာကောင်းပေမယ့်... သူမဆီမှာ အရမ်းကို လှပတဲ့ မျက်လုံးတစ်စုံ ရှိနေတယ်"

"အဲဒီလောက် လှပတဲ့ မျက်လုံးမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး... သူမဆီမှာ ကျွန်တော့်ကိုယ်ကျွန်တော် အပ်နှင်းပြီး သူမရဲ့ ကျွန်အဖြစ် ခံယူချင်စိတ်တွေတောင် ပေါက်လာတယ်"

"ပိုပြီး အံ့သြစရာကောင်းတာက... ဝူကျန့်ရှန်းက ခေါင်းဆောင်ရဲ့ အစ်ကိုအရင်း ဖြစ်နေတာပါပဲ... ဒါ့အပြင် ဒုခေါင်းဆောင်ရဲ့ ဦးလေးအရင်းလည်း ဖြစ်သလို... ယာဉ်တန်း ကြီးကြပ်ရေးမှူးရဲ့ အဖေလည်း ဖြစ်နေပြန်တယ်"

"ဒါက လုံးဝ ယုံကြည်နိုင်စရာ မရှိဘူး... ဝူကျန့်ရှန်းက ကျွန်တော်တို့ ယာဉ်တန်းနဲ့ ဒီလို ရှုပ်ထွေးတဲ့ ဆွေမျိုးဆက်စပ်မှုတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့မိဘူး"

"ဒါဟာ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စမို့... ကျွန်တော် အရမ်းကို အံ့သြထိတ်လန့်ခဲ့ရတယ်"

ဤနေရာသို့အရောက်တွင် ချန်းရီနှင့် ချူချယ်တို့ နှစ်ယောက်စလုံး၏ ကျောပြင်တွင် ကြက်သီးမွေးညင်းများ ထကာ အေးစက်သော ချွေးများ ပျံလာခဲ့သည်။

ဤစာသားများက ချန်းရီနှင့် ချူချယ်တို့အား ၎င်းတို့ ယာဉ်တန်း၏ လက်ရှိ အခြေအနေကို ပြန်လည် တွေးတောမိစေသည်။

စာထဲပါ အခြေအနေများနှင့် မည်မျှပင် တူညီနေသနည်း။

ယာဉ်တန်းထဲရှိ လူငါးယောက်စလုံးမှာ ဝူကျန့်ရှန်းနှင့် ပတ်သက်ဆက်နွယ်မှုများ ရှိနေကြသည် မဟုတ်ပါလော။

ဒါက...

ချန်းရီနှင့် ချူချယ်တို့ နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် ခေါင်းများ မူးဝေလေးလံလာသကဲ့သို့ ခံစားလိုက်ရ၏။

တစ်စုံတစ်ခုသော စွမ်းအားက သူတို့နှစ်ဦး၏ တွေးတောဆင်ခြင်နိုင်စွမ်းကို ဖုံးကွယ်တားဆီးနေပြီး ဝူကျန့်ရှန်းအပေါ် သံသယဖြစ်မှုများကိုပါ ဖျောက်ပစ်ရန် ကြိုးစားနေသည်။

အစက သူတို့၏ ဦးနှောက်ထဲတွင် အခြားသော မျက်နှာတစ်ခု ပေါ်လာခဲ့ပြီး ထိုမျက်နှာမှာ ဝူကျန့်ရှန်းနှင့် အလွန် ကွာခြားနေခဲ့သည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမျက်နှာက ဝူကျန့်ရှန်း၏ မျက်နှာနှင့် ထပ်တူ ပြန်ကျသွားခဲ့ပြန်၏။

ချန်းရီက ပြင်းထန်စွာ မူးဝေနေသော ခေါင်းကို ကိုင်ကာ အံကြိတ်၍ ပြောလိုက်သည်။ "ခေါင်းဆောင်ချူ... တစ်ခုခုတော့... လွဲနေပြီ"

ချူချယ်က ခေါင်းကို အားရပါးရ ခါယမ်းလိုက်သည်။ "ငါ"

ချူချယ်က ကုတင်ဘေးသို့ အလျင်အမြန် ပြေးသွားကာ မူးဝေနေမှုကို အတင်းအကြိတ် တောင့်ခံလျက် စက္ကူတစ်ရွက်ကို ယူ၍ စာတစ်ကြောင်းကို အမြန် ရေးချလိုက်၏။ "ဝူကျန့်ရှန်းကို မယုံနဲ့... သူက အတုကြီး"

စက္ကန့်သုံးဆယ်ခန့် ကြာပြီးနောက် ချူချယ်သည် ထိုစာကြောင်းကို ဝေခွဲမရသော မျက်လုံးများဖြင့် ကြောင်ကြည့်နေမိသည်။

ချန်းရီနည်းတူပင် သူ၏ စိတ်ထဲတွင် အခြားလူတစ်ယောက်၏ ပုံရိပ်ပေါ်လာခဲ့သော်လည်း ရလဒ်အနေဖြင့် ထိုလူ၏ ပုံရိပ်က ဝူကျန့်ရှန်းနှင့် တစ်ဖန် ပြန်လည် ထပ်တူကျသွားခဲ့သည်။

ချန်းရီက အံကြိတ်လိုက်သည်။ "တောက်... ညီအစ်ကိုအရင်းတွေ ဖြစ်နေရင်တောင် ဘာဖြစ်လဲ"

ဝူကျန့်ရှန်းက သူ၏ သူငယ်ချင်းကောင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချန်းရီ ဂရုမစိုက်တော့ချေ။

ယခုအချိန်တွင် ချန်းရီက စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ညီအစ်ကိုအရင်း ဖြစ်နေလျှင်တောင်မှ သူ၏ အသက်ကို လိုချင်ပါက ဓားချင်းယှဉ်ခုတ်ရမည်သာ ဖြစ်သည်။

ချူချယ်၏ မျက်လုံးများမှာလည်း ဝေခွဲမရဖြစ်မှုမှနေ၍ တည်ကြည်ပြတ်သားမှုအဖြစ်သို့ ပြောင်းလဲသွား၏။ ဝူကျန့်ရှန်းက ခေါင်းဆောင် ဖြစ်နေလျှင်တောင်မှ ဘာများ ထူးခြားသွားမည်နည်း။

သူတို့နှစ်ဦးစလုံးသည် ဝူကျန့်ရှန်း၏ နောက်ခံ မည်သို့ရှိသည်ဟူသော ပြဿနာကို ဆက်လက် တွေးတောမနေတော့ပေ။

ဝူကျန့်ရှန်း၏ ဤအစွမ်းမှာ နောက်ခံအဆင့်အတန်းနှင့် ဆက်ဆံရေးများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ သူသည် ဆွေမျိုးဆက်စပ်မှုများကို အသုံးချကာ အခြားသူများအပေါ် လွှမ်းမိုးမှု ရယူပြီး သူ၏ ဆန္ဒအတိုင်း လုပ်ဆောင်စေရန် အစွမ်းပြခြင်း ဖြစ်၏။

သို့သော် ပစ်မှတ်ဖြစ်သူက ထိုဆက်ဆံရေးများကို ဂရုမစိုက်တော့ပါက ၎င်း၏ လွှမ်းမိုးနိုင်စွမ်းမှာလည်း သိသိသာသာ ထိုးကျသွားတော့မည် ဖြစ်သည်။

လူပျင်းတစ်ယောက်တွင်ပင် သူငယ်ချင်း သုံးယောက်ခန့် ရှိတတ်စမြဲ ဖြစ်ရာ ဤအချက်ကပင် ဝူကျန့်ရှန်း၏ အစွမ်း ထက်မြက်လှသည့် နေရာ ဖြစ်သည်။

သာမန် သူငယ်ချင်းတစ်ယောက်က သင့်ထံမှ ငွေလာချေးပါက သင်က မဆိုင်းမတွပင် ငြင်းပယ်လိုက်ပေလိမ့်မည်။

သို့သော် ထိုသူက သင် အလွန် တန်ဖိုးထားရသူ တစ်ယောက် ဖြစ်နေပါက သင် ချေးငှားဖြစ်သွားရန် ရာခိုင်နှုန်း အလွန် များပြားလေသည်။

သို့သော် ဤလောကတွင် ချန်းရီကဲ့သို့သော ထစ်ခနဲရှိ ဇွတ်လုပ်တတ်သည့် ခေါင်းမာသူမျိုး ရှိနေလိမ့်မည်ဟု ဝူကျန့်ရှန်း ကိုယ်တိုင်လည်း တွေးမိခဲ့မည် မဟုတ်ပေ။

သူတို့နှစ်ဦးသည် စာကို ဆက်လက် ဖတ်ရှုလိုက်ကြသည်။

နောက်ထပ် ပါဝင်သော အကြောင်းအရာများက သူတို့နှစ်ဦးအား ဖတ်လေလေ အံ့သြတုန်လှုပ်လေလေ ဖြစ်သွားစေ၏။

"ရက်အနည်းငယ် ကြာပြီးနောက်မှာ... ရေဘဝဲလို ထူးဆန်းသောအရာရယ်... မျက်လုံးပြူးကြီးရယ်... ဆံပင်ဖြူနဲ့ ကောင်မလေး တစ်ယောက်ရယ် ကျောင်းထဲကို ရောက်လာခဲ့ကြတယ်"

"ပြီးတော့ ကြမ်းပြင်ပေါ်မှာ တွားသွားနေတဲ့ အဖြူရောင် လူတွေလည်း အများကြီး ပါလာသေးတယ်"

"ဝူကျန့်ရှန်းက မရဏနတ်သမီးကို ထွက်လာပြီး သူတို့ကို မောင်းထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်"

"မရဏနတ်သမီးက အခုမှ ပေါ်ပေါက်လာတဲ့ ထူးဆန်းတဲ့အရာ ဖြစ်ပုံရတယ်... ပေါ်ပေါက်လာတဲ့ အချိန်က အရမ်းတိုတောင်းနေသေးတော့... သူက အစွမ်းထက်တယ် ဆိုပေမယ့် ဒီလောက်များပြားတဲ့ ထူးဆန်းတဲ့အရာတွေ ပေါင်းတိုက်တာကို ရင်ဆိုင်ဖို့ကျတော့ နည်းနည်း ခက်ခဲနေခဲ့တယ်"

"နောက်တော့... မရဏနတ်သမီးက အစွမ်းတစ်ခုခုကို ထုတ်သုံးလိုက်တယ်... ကြယ်တွေလို တောက်ပနေတဲ့ သူ့ရဲ့ မျက်လုံးတွေနဲ့ ထူးဆန်းတဲ့အရာတွေကို တစ်ချက် ကြည့်လိုက်တာနဲ့... အဲဒီအရာတွေ အားလုံးက တိုက်ခိုက်နိုင်စွမ်းတွေ ပျောက်ဆုံးသွားခဲ့ကြတယ်"

"ဒီအစွမ်းက အရမ်းကို ထက်မြက်လွန်းလှတယ်... အဲဒီမျက်လုံးတွေရဲ့ အကြည့်ခံရသူတိုင်းက ရင်ထဲမှာ အပြစ်ရှိသလို ခံစားသွားကြရတာ"

"အရင်တုန်းက ကျူးလွန်ခဲ့ဖူးတဲ့ နောင်တရစရာ ကိစ္စတွေ အားလုံးက တစ်ခုပြီးတစ်ခု ပြန် ပေါ်လာစေတာပဲ"

"ကျွန်တော်တို့ ယာဉ်တန်းထဲက လူအတော်များများလည်း နာနာကျင်ကျင်ကို ငိုကြွေးခဲ့ကြရတယ်"

ဤအချက်ကို ဖတ်လိုက်ရချိန်တွင် ချန်းရီလည်း အရာအားလုံးကို နောက်ဆုံး၌ နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

အရင်တုန်းက ဝူကျန့်ရှန်း အသုံးပြုခဲ့သည်မှာလည်း ဤအစွမ်းပင် ဖြစ်၏။

မူလက မရဏနတ်သမီး ထံတွင် ရှိနေသော အစွမ်းက ဝူကျန့်ရှန်းထံသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ချန်းရီ၏ ခေါင်းထဲတွင် စကားလုံးတစ်လုံး ပေါ်လာခဲ့သည်။ "ရိတ်သိမ်းခြင်း"

"နတ်ကိုးကွယ်ခြင်း လမ်းစဉ်ဆိုတာ... တခြားသူကို ကိုးကွယ်တာ မဟုတ်ဘူး... သူ့ကိုယ်သူ ကိုးကွယ်တာပဲ"

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ လမ်းစဉ်ကြီးလဲ"

ချူချယ်က အံ့သြတုန်လှုပ်စွာဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ဤနေရာသို့ အရောက်တွင် သူသည် အရာများစွာကို ကွင်းကွင်းကွက်ကွက် နားလည်သွားခဲ့ပြီ ဖြစ်သည်။

ယခင်က လမ်းစဉ်များနှင့် ပတ်သက်သော အချက်အလက် မြောက်မြားစွာကို ဖတ်ရှုလေ့လာခဲ့ဖူးသူပီပီ သူသည် လမ်းစဉ် ဗဟုသုတများနှင့် ပတ်သက်လျှင် အလွန်ပင် အာရုံခံနိုင်စွမ်း မြင့်မားလေသည်။

အကြိမ်များစွာတွင် သူသည် သဲလွန်စ အနည်းငယ် ရရှိရုံမျှဖြင့် လမ်းစဉ်များနှင့် ပတ်သက်သော အခြား အမှန်တရားများစွာကို ခန့်မှန်း သိရှိနိုင်စွမ်း ရှိ၏။

"ချန်းရီ... ဝူကျန့်ရှန်း ထမင်းစားနေတာကို မင်း သတိထားမိလိုက်လား"

ချန်းရီက ဝူကျန့်ရှန်း ထမင်းစားနေသည့် ပုံစံကို ပြန်လည် တွေးတောကြည့်လိုက်ရာ စကားပုံတစ်ခုဖြင့် တင်စားရလျှင် "ဖယောင်းကို ဝါးနေရသကဲ့သို့ အရသာကင်းမဲ့နေခြင်း" ပင် ဖြစ်သည်။

"မင်း ဆိုလိုတာက... ဝူကျန့်ရှန်းက သူ့ရဲ့ အရသာခံနိုင်စွမ်းကို သုံးပြီး... မရဏနတ်သမီးရဲ့ ဒီအစွမ်းနဲ့ ဖလှယ်လိုက်တာလို့ ပြောချင်တာလား"

ချူချယ်က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေပြီး သူ၏ မျက်နှာတွင်လည်း အနည်းငယ် ထိတ်လန့်စိုးရိမ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။

"ဒီလမ်းစဉ်က တကယ်ကို ရူးကြောင်ကြောင် နိုင်လွန်းတယ်... ကိုယ့်ဘာသာ နတ် တစ်ပါးကို မွေးမြူရတာတဲ့"

"ပြီးတော့မှ... နတ် ဆီကနေ ကိုယ်လိုချင်တဲ့ အစွမ်းတွေကို နည်းနည်းချင်းစီ ဖလှယ်ယူတာ... နောက်ဆုံးကျတော့... ကိုယ်တိုင်က အဲဒီ နတ် ဖြစ်သွားတာပဲ"

"နတ်က အစွမ်းထက်လေလေ... ကိုယ်ကလည်း ပိုပြီး အစွမ်းထက်လာလေလေပဲ"

"နတ်ကိုးကွယ်တယ် ဆိုတာက... အနာဂတ်ကို ကိုးကွယ်တာ... ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်တာပဲ"

"ဝူကျန့်ရှန်းရဲ့ လုပ်ကွက်တွေက တော်တော်လှတာပဲ"

ချန်းရီက ဆက်၍ ပြောလိုက်သည်။ "ငါတို့ကိုပါ ထည့်တွက်မယ် ဆိုရင်... ဝူကျန့်ရှန်းအတွက် ဒါက တတိယအကြိမ်မြောက်ပဲ"

"ပထမဆုံးအကြိမ် ယဇ်ပူဇော်တုန်းက... ဝူကျန့်ရှန်းက သူတို့နဲ့ အစောဆုံး ရောက်လာတဲ့ သူတွေကို ယဇ်ပူဇော်လိုက်တာ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ဖျောက်ပစ်လိုက်ပြီး... လမ်းစဉ် အဆင့် (၁) ကနေ အဆင့် (၂) ကို တက်သွားတာ"

"ဒုတိယအကြိမ်ကတော့ ဒီမှတ်တမ်းထဲက တစ်ကြိမ်ပေါ့"

ချန်းရီက လက်ထဲမှ စက္ကူကို လှုပ်ယမ်းပြလိုက်ပြီးနောက် နောက်ပြောင်ချင်သည့် မျက်နှာထားဖြင့် ပြောလိုက်၏။ "သူက နောက်ထပ် ယဇ်ပူဇော်ပွဲ လုပ်ပြီး... လမ်းစဉ် အဆင့် (၃) ကို တက်မလို့ပဲ"

စာရွက်၏ အနောက်ပိုင်းတွင် ပါဝင်သော အကြောင်းအရာ သိပ်မကျန်တော့ပေ။

သို့သော် ဝူကျန့်ရှန်းက သူတို့အား မရဏနတ် ဂိုဏ်းထဲသို့ ဝင်ရောက်ရန် ခိုင်းစေခဲ့သည့် ကိစ္စနှင့် ကြီးမားသော ယဇ်ပူဇော်ပွဲ အခမ်းအနား အကြောင်းများကို ဖော်ပြထားဆဲ ဖြစ်သည်။

ထို့နောက်တွင်မူ ဘာမှ မရှိတော့ချေ။

ခန့်မှန်းရသလောက် ဤစာရေးသူ ကိုယ်တိုင်လည်း သူ၏ အသက်မှာ ကြာရှည်ခံတော့မည် မဟုတ်ကြောင်း ရိပ်မိသွားပုံရသည်။

"ပထမအကြိမ်တုန်းက... လူဆယ်ယောက်တောင် မပြည့်ဘူး... ဒုတိယအကြိမ်မှာ လူသုံးဆယ်ကျော်... တတိယအကြိမ်... အခုတစ်ခေါက်မှာတော့ လူအယောက် တစ်ရာကျော်တယ်"

"ဒီတစ်ခေါက်သာ အောင်မြင်သွားခဲ့ရင်... ဝူကျန့်ရှန်းက လမ်းစဉ် အဆင့် (၄) ကို ရောက်သွားတော့မှာ"

"ဒါပေမဲ့ ဒီယဇ်ပူဇော်ပွဲမှာလည်း ကန့်သတ်ချက်တွေ ရှိလောက်တယ်... မရဏနတ် ဂိုဏ်းရဲ့ အတွင်းလူတွေ ဖြစ်မှသာ အကျိုးသက်ရောက်မှု ရှိတာနေမယ်"

"ဒါကြောင့်မို့ ဝူကျန့်ရှန်းက ငါတို့ကို မရဏနတ် ဂိုဏ်းထဲ အမြဲ ဝင်ခိုင်းနေတာပဲ"

"ပြီးတော့... အရင်နှစ်ခေါက် တုန်းကလည်း လူတွေကို မရဏနတ် ဂိုဏ်းထဲ ဝင်ခိုင်းပြီးမှ ယဇ်ပူဇော်ပွဲကို ကျင်းပခဲ့တာပဲ"

ချူချယ်က နောက်ဆုံးစကားတစ်ခွန်းကို ဝင်၍ ထောက်ခံလိုက်သည်။

"နေပါဦး... ခေါင်းဆောင်ချူ... မင်းဆီမှာ ခိုးနားထောင်တဲ့ ရေဒီယို ရှိတယ် မဟုတ်ဘူးလား... ဘာလို့ မင်းကလည်း အခုမှ သဘောပေါက်သွားတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ"

ချန်းရီက သံသယဖြင့် မေးလိုက်၏။

ခိုးနားထောင်တဲ့ ရေဒီယိုကို ပိုင်ဆိုင်ထားသော ခေါင်းဆောင်ချူ အနေဖြင့် ယခုအချိန်မှ အမှန်တရားကို သိရှိနားလည်သွားရန် မသင့်တော်လှပေ။

"ဘယ်အရူးက ကိုယ့်ဘာသာ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ... သူ့ရဲ့ အစီအစဉ်တွေ အကုန်လုံးကို အစအဆုံး ရွတ်ပြနေမှာလဲဟ"

"သူက သူ့ရဲ့ လက်အောက်ငယ်သားတွေကိုရော မပြောပြဘူးလား... ဥပမာ... ဒုတိယ ဂိုဏ်းချုပ်တို့ ဘာတို့လေ"

ချန်းရီက မယုံကြည်နိုင်စွာဖြင့် ထပ်မံ မေးခွန်းထုတ်လိုက်သည်။

ချူချယ်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။ "ဘာလက်အောက်ငယ်သားလဲ... အဲဒီကောင်တွေ အကုန်လုံးက ယဇ်ကောင်တွေချည်းပဲ"

"မင်းတို့အိမ်မှာ ဘိုးဘွားတွေရဲ့ သင်္ချိုင်းကို သွားကန်တော့တဲ့ အချိန်ကျရင်... အဲဒီ ပူဇော်ပသထားတဲ့ အစားအသောက်တွေကို စကားသွားပြောနေလို့လား"

ချူချယ်က အရူးတစ်ယောက်ကို ကြည့်သကဲ့သို့သော အကြည့်ဖြင့် ချန်းရီအား ကြည့်လိုက်၏။

ချန်းရီကလည်း ငတုံးတစ်ယောက်ကို ကြည့်သကဲ့သို့သော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။ "ဒါဆို မင်းက ဘာအသုံးကျလဲ"

"ခွေးကောင်... ချန်းရီ"

"ဒုန်း"

ထိုအချိန်မှာပင် စာသင်ခန်း တံခါးမှာ ရုတ်တရက် အကန်ခံလိုက်ရပြီး ပွင့်သွားခဲ့သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် တင်းတုံတို့ နှစ်ဦးစလုံး မျက်နှာထား တင်းမာနေကာ စာသင်ခန်းထဲသို့ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရ၏။

သူတို့၏ နောက်တွင် မရဏနတ် ဂိုဏ်း၏ ဂိုဏ်းသား အချို့လည်း လိုက်ပါလာပြီး လူတိုင်းက ချန်းရီနှင့် ချူချယ်တို့အား လူဆိုးများကို ကြည့်သကဲ့သို့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ချန်းရီနှင့် ချူချယ်တို့သည် သူတို့၏ သေခန်းပြတ် ရန်သူတော်ကြီးများ ဖြစ်နေသည့်အလားပင်။

ဆက်ရန်...

All Chapters