အခန်း ၁၅၁
Vol. 8 Ch. 151
အပိုင်း(၁၅၁) မနိုင်ရင် ပူးပေါင်းမယ်
"မင်းက... တကယ် လူစိတ်မရှိတဲ့ကောင်ပဲ"
ဝူကျန့်ရှန်းကို သွားတွေ့မည့် လမ်းတွင် ချူချယ်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။
ချန်းရီက လက်နှစ်ဖက်ကို ဖြန့်ကာ "ဘာဖြစ်လို့လဲ... မနိုင်ရင် ပူးပေါင်းလိုက်တာက ပုံမှန်ကိစ္စပဲ မဟုတ်ဘူးလား"
ချူချယ်က ချန်းရီကို အံ့သြနေသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ပါးစပ်ပိတ်နေရန်သာ ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် စတုတ္ထနှစ် အခန်း(၁) စာသင်ခန်းဆီသို့ မကြာမီ ရောက်ရှိတော့မည် ဖြစ်သောကြောင့်ပင်။
ချန်းရီနှင့် ချူချယ်တို့က ဝူကျန့်ရှန်းကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့လိုက်ရ၏။
ထိုအမျိုးသားက ပြီးခဲ့သည့်အကြိမ်ကထက် ပို၍ ပိန်ချုံးသွားသကဲ့သို့ ရှိပြီး သူ၏ မျက်နှာတစ်ပြင်လုံးမှာ အရေခွံကပ်နေသော အရိုးစုတစ်ခုနှင့်ပင် တူနေတော့သည်။
စွန်းချန်းချန်းနှင့် တင်းတုံတို့က သူတို့နှစ်ယောက်ကို ဖမ်းဆီးပို့ဆောင်ပြီးနောက် ထွက်ခွာသွားကြသည်။
စွန်းချန်းချန်းက တစ်ခုခု ပြောချင်နေသေးပုံရသော်လည်း ဝူကျန့်ရှန်းက ဖြတ်ပြောလိုက်၏။
"စိတ်ချပါ... သူတို့ကလည်း ငါ့သူငယ်ချင်းတွေပါ... ငါ သူတို့ကို ဘာမှမလုပ်ပါဘူး"
ထို့ကြောင့် စွန်းချန်းချန်းလည်း ထွက်သွားရုံသာ တတ်နိုင်တော့သည်။
ဝူကျန့်ရှန်းက ချန်းရီတို့နှစ်ယောက်ကို လက်ကာပြလိုက်ရင်း "ထိုင်ကြပါ"
ယခုအခါ ဤစာသင်ခန်းကို ဝူကျန့်ရှန်းက သူ၏ ကိုယ်ပိုင် ရုံးခန်းနှင့် အိပ်ခန်းအဖြစ် ပြောင်းလဲမွမ်းမံထားသည်။
စာသင်ခန်း၏ နောက်ဘက်ကျကျနေရာတွင် ရုံးသုံးစားပွဲတစ်လုံးကို ချထားသော်လည်း စားပွဲပေါ်၌ မည်သည့် စာရွက်စာတမ်းမျှ မရှိချေ။
၎င်း၏ဘေးတွင်မူ တစ်ယောက်အိပ် ကုတင်တစ်လုံးကို ချထား၏။
မြင်ရသည်မှာ အလွန် ရိုးရှင်းခေါင်းပါးလှသည်။
အခန်းအလယ်တွင်မူ လက်ဖက်ရည်သောက်သည့် စားပွဲတစ်လုံး ချထားသည်။
ထိုစားပွဲ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ခုံနှစ်လုံးကို ကြိုတင် ပြင်ဆင်ထား၏။
"ချူချယ်... မင်းက လက်ဖက်ရည်သောက်ရတာ ကြိုက်တယ်လို့ ကြားတယ်... ဒီနေ့ လက်ဖက်ရည်ကို မင်း ကြိုက်မကြိုက်တော့ မသိဘူး"
ဝူကျန့်ရှန်းက အဓိကနေရာတွင် ထိုင်လိုက်ပြီး ချန်းရီနှင့် ချူချယ်တို့နှစ်ယောက် မည်သို့ တုံ့ပြန်နေသည်ကို ဂရုမစိုက်ဘဲ သူ့ဘာသာ လက်ဖက်ရည် စတင် ကျိုချက်နေတော့သည်။
သူတို့နှစ်ယောက်က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးမှ ဖြည်းညင်းစွာ ထိုင်ချလိုက်ကြ၏။
ချန်းရီ၏ စိတ်ထဲတွင်မူ အချိန်တိုင်း သတိဝီရိယကို ထိန်းသိမ်းထားသည်။
ချူချယ်က ဘာစကားမျှ မဆိုဘဲ တိတ်ဆိတ်စွာဖြင့်သာ စောင့်ကြည့်နေ၏။
လေထုထဲတွင် အပူငွေ့များ တရိပ်ရိပ် တက်လာပြီး ပွက်ပွက်ဆူနေသော ရေနွေးများကို လက်ဖက်ရည်အိုးထဲသို့ လောင်းထည့်လိုက်ရာ လက်ဖက်ခြောက်ဖတ်များက အိုးထဲတွင် ဖြန့်ကြက်သွားကြသည်။
အညိုဖျော့ဖျော့ လက်ဖက်ရည်ရည်များက ဖန်ခွက်ကြည်ကြည်လေးထဲသို့ လျင်မြန်စွာ စီးဝင်သွားပြီး အထက်သို့ တက်လာသော ရေနွေးငွေ့များနှင့်အတူ ဤကဲ့သို့ နှင်းများကျနေသော နေ့ရက်မျိုးတွင် မြင်ရသူအဖို့ အလွန် နေသာထိုင်သာ ရှိလှသည်။
သူတို့နှစ်ယောက် ရှေ့ရှိ လက်ဖက်ရည်ပန်းကန်လုံး သေးသေးလေးများထဲသို့လည်း လက်ဖက်ရည်ရည် အနည်းငယ်စီ ခွဲထည့်ပေးလိုက်၏။
ခေါင်းဆောင်ချူချယ်၏ ကပ်စေးနှဲမှုကြောင့် ချန်းရီက လက်ဖက်ရည် မသောက်ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။
ဤလက်ဖက်ခြောက်က ကောင်းသည် ဆိုးသည်ကို ချန်းရီ မခွဲခြားတတ်သော်လည်း...
ယခုလိုအချိန်မျိုးတွင် လက်ဖက်ရည် သောက်ရရန်ပင် အလွန် ခဲယဉ်းလှပြီ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤလက်ဖက်ရည်က ချန်းရီ၏ ပါးစပ်ထဲတွင်မူ နတ်သုဒ္ဓါအလားပင် ဖြစ်နေတော့သည်။
ချူချယ်က ပူနွေးသော လက်ဖက်ရည်ကို သောက်လိုက်ရချိန်တွင် သူ၏ မျက်နှာပေါ်မှ အမူအရာကလည်း အနည်းငယ် ပြေလျော့သွားခဲ့သည်။
"ချူချယ်... ချန်းရီ... မင်းတို့ ဟိုမှတ်စုစာအုပ်တွေနဲ့ စာတွေကို မြင်ပြီးလောက်ပြီ ထင်တယ်"
ဝူကျန့်ရှန်းက ရုတ်တရက် စကားစလိုက်၏။
ချူချယ်၏ မျက်နှာထား တင်းမာသွားပြီး လက်ထဲမှ လက်ဖက်ရည်များပင် ဖိတ်စင်လုမတတ် ဖြစ်သွားသည်။
ချန်းရီ၏ မျက်နှာပေါ်တွင်မူ မည်သည့် ခံစားချက်မျှ မပေါ်လွင်ပေ။
"တကယ်တော့... ငါက အဲဒီပစ္စည်းကို အမြဲ လိုက်ရှာနေတာ... ဒါပေမဲ့ အဲဒါက ချွဲဆိုအွန်းရဲ့ လက်ထဲမှာ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ဝူကျန့်ရှန်းက မှတ်စုစာအုပ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် လက်မှိုင်ချချင်စရာကောင်းသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
ဤမှတ်စုစာအုပ်လေးက ချွဲဆိုအွန်း၏ လက်ထဲမှ ရွှီနန်၏ လက်ထဲသို့၊ ထိုမှတစ်ဆင့် စွန်းချန်းချန်း၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး နောက်ဆုံးတွင် ဝူကျန့်ရှန်း၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"ချွဲဆိုအွန်းက... အရင်တုန်းက နိုင်ငံထဲမှာ အရမ်း နာမည်ကြီးခဲ့တာ... ရုပ်လေးကလည်း လှတယ်လေ... အဲဒီတုန်းက သူ ဒီကို ရောက်လာတော့ တစ်ချို့လူတွေက သူ့ကို မကောင်းကြံဖို့ လုပ်ကြတယ်... အဲဒါ ငါက သူ့ကို ကာကွယ်ပေးခဲ့တာ"
"ပြီးတော့ သူ့ကို အစားအသောက်တွေ ထောက်ပံ့ပေးပြီး အသက်ရှင်အောင် လုပ်ပေးခဲ့တာလည်း ငါပဲ"
"ပြောရရင်... ငါသာ မရှိရင် ဒီကလူတွေ ၉၀ ရာခိုင်နှုန်းအထက်က အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့လေ... ကျေးဇူးကန်းတတ်တဲ့ လူတွေက အမြဲ ရှိနေတတ်တယ်"
"ချန်းရီ... ငါ ချွဲဆိုအွန်းကို သတ်လိုက်တာ... ငါ လုပ်ရပ် မှားသွားတယ်လို့ မင်း ထင်လား"
ဤစကားများကို ပြောနေချိန်တွင် ဝူကျန့်ရှန်းက ချူချယ်ကို မကြည့်ဘဲ ချန်းရီကိုသာ စိုက်ကြည့်နေခဲ့၏။
"ကိုယ့်အတွက်ကိုယ် မကြည့်တဲ့သူကို ကောင်းကင်ကတောင် ခွင့်မလွှတ်ဘူးလေ... ငါသာ မင်းနေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မိမှာပါပဲ"
ဝူကျန့်ရှန်းက ချန်းရီကို သဘောကျသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် ချူချယ်ဘက်သို့ လှည့်ကြည့်လိုက်၏။
ချူချယ်က ဘာစကားမျှ မပြောချေ။
"မင်းတို့ မှတ်စုတွေ စာတွေကို ဖတ်ပြီးပြီဆိုတော့... နတ်ကိုးကွယ်ခြင်း လမ်းစဉ်က တကယ်တမ်း ဘယ်လိုအခြေအနေမျိုးလဲ ဆိုတာကို အခုလောက်ဆို သိလောက်ပြီ"
"နတ်ကိုးကွယ်သူ ဆိုတာ... တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကိုးကွယ်တာပဲ"
"ငါလည်း ဘယ်လိုလုပ်ပြီး နိုးကြားလာသလဲ... ဘယ်လိုလုပ်ပြီး နတ်ကိုးကွယ်သူ တစ်ယောက် ဖြစ်လာသလဲ ဆိုတာ မသိဘူး"
"အစပိုင်းတုန်းကတော့ ငါ အရမ်း ဝမ်းသာခဲ့တာပေါ့... ဘာလို့လဲဆိုတော့ ငါလည်း သဘာဝလွန်လမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်သွားပြီလေ"
"ဒါပေမဲ့ အဲဒီ ဝမ်းသာမှုက အချိန်တိုလေးပဲ ခံခဲ့တယ်"
"အစောပိုင်းအဆင့် နတ်ကိုးကွယ်သူတွေက တကယ်ကို အားနည်းလွန်းတယ်... ကိုးကွယ်စရာ နတ်မရှိတဲ့အတွက် သာမန်လူတွေထက် သိပ်ပြီး မစွမ်းလှဘူး"
"အဲဒီအချိန်တုန်းက ငါ နည်းလမ်းပေါင်းစုံ တွေးခဲ့တယ်... နောက်ဆုံး ဘာမှလုပ်လို့မရတဲ့အဆုံးမှ ရွှီချင်းကို သွားရှာခဲ့တာ"
"အင်း... ဟုတ်တယ်... မင်းတို့ ယာဉ်တန်းထဲက ဟို အရုပ်ဆိုးဆိုး ကောင်ရဲ့ ညီမလေ"
"နတ်ကိုးကွယ်ဖို့အတွက် ပူဇော်ပစ္စည်းတွေ လိုအပ်တယ်လို့ စသိရတုန်းက... ငါလည်း တော်တော်လေး ဝေခွဲမရ ဖြစ်ခဲ့တာ"
"ငါက လူသတ်ကောင် မဟုတ်ပါဘူး... ဒါပေမဲ့ လူတွေဆိုတာ အမြဲတမ်း ပြောင်းလဲသွားတတ်ကြတာပဲလေ"
"ပူဇော်စရာသာ မရှိခဲ့ရင်... အဲဒီ ထူးဆန်းတဲ့ အရာတွေက ကျောင်းထဲကို ဝင်လာပြီး ငါတို့အားလုံးကို တစ်ကိုက်ချင်း ဆွဲဖြဲပစ်ကြမှာ"
"နောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကို မင်းတို့လည်း ခန့်မှန်းမိလောက်မှာပါ... ဟုတ်တယ်... ငါက သူတို့ကို မရဏနတ်သမီးဆီ ပူဇော်လိုက်တာ"
"မင်းတို့ သိဘူး... ပထမဆုံးအကြိမ် ပူဇော်အပြီးမှာပဲ ငါက လမ်းစဉ် (၁) ကနေ အဆင့် (၂) ကို တက်သွားခဲ့တာ"
"မရဏနတ်သမီးက ပိုစွမ်းအားကြီးလာလေလေ... သူ့ဆီကနေ ငါ လဲလှယ်ရယူနိုင်တဲ့ အရာတွေကလည်း ပိုအစွမ်းထက်လာလေလေပဲ"
"ဒီလိုမျိုး စွမ်းအားပိုကြီးလာတဲ့ ခံစားချက်ကြီးက... တကယ်ကို စွဲလမ်းချင်စရာ ကောင်းလွန်းတယ်"
"မင်းတို့ ငါ့မျက်လုံးတွေကို ကြည့်လေ... ဟုတ်တယ်... အရင်တုန်းက ဒီမျက်လုံးတစ်စုံက မရဏနတ်သမီးဆီမှာ ရှိခဲ့တာ"
"ကရုဏာ မျက်နှာဖုံး... ခြေလက်ရှစ်ဖက် လူမျက်နှာနဲ့ အသူရာ သွေးမျက်လုံးတွေဆိုရင်တောင် မရဏနတ်သမီးရဲ့ အစွမ်းကို မခုခံနိုင်ဘူး"
"ဒါ ငါ့ရဲ့ အရသာခံနိုင်စွမ်းနဲ့ လဲလှယ်ထားတာ"
"ပိုပိုပြီး အစွမ်းထက်လာမှသာ ငါကိုယ်တိုင်က နတ် ဖြစ်လာမှာ... တခြားသူကို ကိုးကွယ်နေစရာ မလိုတော့ဘူး"
ဝူကျန့်ရှန်းက သူငယ်ချင်းဟောင်းများနှင့် စကားပြောနေသကဲ့သို့ တတွတ်တွတ်ဖြင့် စကားများ စတင်ပြောဆိုနေတော့သည်။
စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နေခြင်းမျိုး မရှိသလို အရူးတစ်ယောက်လို ဟိန်းဟောက်နေခြင်းမျိုးလည်း မရှိပေ။
သို့သော် ပူဇော်ခြင်းအကြောင်းကို ပြောသည့်အချိန်တွင်မူ သူ၏ တစ်ကိုယ်လုံးမှာ အနည်းငယ် စိတ်ပုံမှန်မဟုတ်သကဲ့သို့ ဖြစ်နေသည်။
တကယ်တော့လည်း ချူချယ်၏ ခန့်မှန်းချက်များ အားလုံးက မှန်ကန်နေခဲ့၏။
"ပထမတစ်ကြိမ် ရှိခဲ့ရင်... ဒုတိယတစ်ကြိမ်လည်း ရှိလာမှာပဲ..."
"မင်းတို့လည်း ခန့်မှန်းမိနေမှတော့... ငါလည်း မင်းတို့ကို မဖုံးကွယ်တော့ပါဘူး"
"ဒါပေမဲ့လေ... ငါ့ဘက်က ဘာတစ်ခုမှ မှားယွင်းသွားတယ်လို့ မထင်ဘူး"
"ငါသာ လုံလောက်အောင် အစွမ်းထက်လာပြီဆိုရင်... ဒီထူးဆန်းတဲ့ အရာတွေကို မောင်းထုတ်နိုင်မှာပဲ... လုံလောက်တဲ့ ပူဇော်မှုတွေသာ ပေးဆပ်နိုင်ရင် လမ်းစဉ် (၄)... လမ်းစဉ် (၅)... လမ်းစဉ် (၉) အထိတောင် ရနိုင်တယ်"
"ဒါတွေက အရမ်းခက်ခဲတဲ့ ကိစ္စတွေ မဟုတ်ဘူး"
"သာမန်လူ တချို့ကို စတေးလိုက်ရရင်တောင်... ဘာဖြစ်သေးလဲ"
"ကမ္ဘာ့သမိုင်း တစ်လျှောက်လုံးကို ပြန်ကြည့်လိုက်စမ်းပါ... ဘယ် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကများ အမြင့်ဆုံးနေရာကို ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ ခြေအောက်မှာ အရိုးပုံကြီးတွေ မရှိခဲ့လို့လဲ"
"စစ်သူကြီးတစ်ယောက် အောင်မြင်ဖို့အတွက်... လူပေါင်း သောင်းနဲ့ချီပြီး သေပွဲဝင်ရတာပဲလေ..."
"လူနည်းနည်းပါးပါး သေသွားတော့ရော ဘာဖြစ်လဲ... ဘယ်ခေတ်၊ ဘယ်ယဉ်ကျေးမှုမှာများ လူမသေဘဲ ရှိခဲ့ဖူးလို့လဲ"
"ငါ မမှားဘူး"
နောက်ဆုံး စကားလုံးသုံးလုံးကို ပြောလိုက်ချိန်တွင် ဝူကျန့်ရှန်း၏ အသံက အနည်းငယ် ကျယ်လောင်သွားပြီး မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာများ ပေါ်လွင်နေသည်။
"ချန်းရီ... ငါ သိတယ်... မင်းနဲ့ ငါက လူစားတူတွေပဲ... မင်း ငါ့ကို နားလည်ပေးနိုင်မှာပါ... ဟုတ်တယ်မလား"
"မင်းတို့နှစ်ယောက်လုံးကလည်း ဉာဏ်ကောင်းတဲ့သူတွေပဲ... ကိစ္စတော်တော်များများမှာ အများအကျိုးကိုပဲ ရှေ့တန်းတင်ရမယ်"
ဝူကျန့်ရှန်းက နောက်ဆုံးတွင် "အများအကျိုးကို ရှေ့တန်းတင်ရမယ်" ဟူသော စကားဖြင့် အဆုံးသတ်လိုက်သည်။
ဤစကားမှာ ချန်းရီကို ပြောခြင်းမဟုတ်ဘဲ ချူချယ်ကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်၏။
ချန်းရီ၏ ကိစ္စများကို ဝူကျန့်ရှန်းက လူလွှတ်၍ စုံစမ်းခိုင်းထားသည်မှာ ကြာပြီဖြစ်သည်။
ထို့ကြောင့် ဝူကျန့်ရှန်း၏ အမြင်တွင် ချန်းရီသည် သူနှင့် ထပ်တူညီနေသူ ဖြစ်သည်။
ဝူကျန့်ရှန်း၏ စိုက်ကြည့်ခြင်းကို ခံနေရသော ချန်းရီ၏ မျက်ဝန်းများမှာ နက်ရှိုင်းစွာ တောက်ပနေ၏။
ကလေးတွေကသာ အမှားအမှန်ကို ခွဲခြားတတ်ကြပြီး လူကြီးတွေကတော့ အကျိုးနဲ့အပြစ်ကိုပဲ ခွဲခြားတတ်ကြသည်။
ချန်းရီက ဝူကျန့်ရှန်း၏ လုပ်ရပ်အပေါ် အမှားအမှန် မဆုံးဖြတ်ပေ။
သို့သော်... မိမိကိုပါ ပူဇော်စရာအဖြစ် သတ်မှတ်လာမည်ဆိုလျှင်မူ သူ မှားသွားပေလိမ့်မည်။
ဘာတဲ့... "အများအကျိုးကို ရှေ့တန်းတင်ရမယ်" ဟုတ်လား။
များသောအားဖြင့် တစ်ယောက်ယောက်က သင့်ကို "အများအကျိုးကို ရှေ့တန်းတင်ရမယ်" ဟု ပြောလာချိန်တွင် သင်သည် ထို "အများ" ထဲတွင် ပါဝင်နေခြင်း မရှိတော့ပေ။
"ချန်းရီ... ချူချယ်... အခု ငါ မင်းတို့နှစ်ယောက်လုံးကို မရဏနတ် ဂိုဏ်းထဲ ဝင်ဖို့ ဖိတ်ခေါ်ချင်တယ်"
"မင်းတို့ ငါ့ကို ကူညီပေးပါ... ဒီတစ်ကြိမ်ပြီးသွားရင် ငါက လမ်းစဉ် (၄) ဖြစ်သွားပြီ"
"ငါသာ လမ်းစဉ် (၄) ဖြစ်သွားရင်... မရဏနတ်သမီးလည်း ပိုစွမ်းလာသလို ငါလည်း ပိုပြီး အစွမ်းထက်လာမှာ"
"အဲဒီအချိန်ကျရင်... ငါတို့ ရုံမြို့ တစ်မြို့လုံးမှာရှိတဲ့ ထူးဆန်းတဲ့အရာတွေ အကုန်လုံးကို မောင်းထုတ်နိုင်ပြီး လူသားတွေရဲ့ နေရပ်ကို ပြန်လည်တည်ဆောက်နိုင်မှာ"
"ချန်းရီ... ချူချယ်... ငါ မင်းတို့ကို လိုအပ်တယ်"
ဝူကျန့်ရှန်း၏ မျက်လုံးများက အတိုင်းမသိ ရိုးသားဖြူစင်နေပုံရသည်။
ထိုမျှမကသေးဘဲ ဝူကျန့်ရှန်းက စားပွဲအောက်မှ လက်ဖက်ခြောက် တစ်ဖာ အပြည့်နှင့် ဟွာဇီး ဆေးလိပ် ၅ တောင့်တိတိကို ထုတ်ယူလိုက်သည်။
ဤလက်ဖက်ခြောက်၏ ထုပ်ပိုးမှုကို ကြည့်ရုံဖြင့် သာမန်မဟုတ်ကြောင်း သိသာလှပြီး ဝူကျန့်ရှန်းက မည်သည့်နေရာမှ သွားရှာလာခဲ့မှန်း မသိပေ။
ချူချယ်က ထိုထုပ်ပိုးမှုကို ကြည့်ရင်း မျက်လုံးအစုံ ကျဉ်းမြောင်းသွားရာ ဤလက်ဖက်ခြောက်သည် မည်သည့်အမျိုးအစား ဖြစ်ကြောင်း သူ သိနေသည်မှာ ထင်ရှားလှသည်။
ချန်းရီကလည်း ထိုဟွာဇီး ဆေးလိပ် ၅ တောင့်ကို ကြည့်ရင်း တံတွေးမျိုချလိုက်မိ၏။
ယခု သူ၏ လက်ကျန် ဆေးလိပ်များမှာ သိပ်မကျန်တော့ပေ။
ယခုအခါ ဆေးလိပ်သည် ချန်းရီအတွက် သာမန် ဆေးလိပ်စွဲလမ်းမှုသက်သက်သာ မဟုတ်တော့ဘဲ သူ၏ တိုက်ခိုက်ရေး နည်းလမ်းတစ်ခုလည်း ဖြစ်နေပြီဖြစ်သည်။
နောက်ဆုံးတွင် ချန်းရီ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာပြီး "ဂိုဏ်းချုပ်ကြီး... နောင်ကိုလည်း စောင့်ရှောက်ပေးပါဦး"
ချန်းရီက ဤမျှ မြန်မြန်ဆန်ဆန် သဘောတူလိမ့်မည်ဟု ဝူကျန့်ရှန်း ထင်မထားခဲ့သဖြင့် "မင်း... ဒီလောက်လွယ်လွယ်နဲ့ သဘောတူလိုက်တာလား"
ချန်းရီက တဟီးဟီးရယ်လိုက်ရင်း "မနိုင်ရင် ပူးပေါင်းရတာပဲလေ... ဘာပြဿနာမှ ရှိမယ်လို့ မထင်ပါဘူး"
ချူချယ်၏ မျက်နှာပေါ်ရှိ အမူအရာကမူ မစားကောင်းသည့်အရာကို စားမိသွားသူ တစ်ယောက်နှင့်ပင် တူနေတော့သည်။
ဤသို့ဖြင့် ချန်းရီနှင့် ချူချယ်တို့နှစ်ဦးသည် မရဏနတ် ဂိုဏ်း၏ ဒုတိယ ဂိုဏ်းချုပ် အသစ်များ ဖြစ်လာကြတော့၏။
သူတို့နှစ်ဦး ဝူကျန့်ရှန်း၏ ရုံးခန်းထဲမှ ထွက်လာချိန်တွင် ညဘက်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ကျောင်းပတ်ဝန်းကျင် တစ်ဝိုက်တွင် တစ္ဆေသရဲ အရိပ်များ ထပ်တလဲလဲ ပေါ်နေပြီး ကျောင်းတစ်ခုလုံးမှာလည်း ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်ငြိမ်သက်မှုထဲသို့ နစ်မွန်းနေသည်။
ချူချယ်က သက်ပြင်းတစ်ချက်ချကာ မေးလိုက်၏။ "ဝူကျန့်ရှန်း ပြောတာကို မင်း ယုံလို့လား"
ချန်းရီက လက်ဖြန့်ပြရင်း "မယုံတော့ရော ဘာဖြစ်လဲ... ငါက နောက်ပြောင်ပြီး ပြောနေတယ်လို့ မင်း ထင်နေတာလား"
ချူချယ်က သံသယဖြစ်နေသော အကြည့်ဖြင့် ချန်းရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။
ချန်းရီက စိတ်ထဲမှနေ၍ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ယုံရမယ် ဟုတ်လား။ တစ္ဆေသရဲတောင် သူ့စကားကို ယုံမှာမဟုတ်ဘူး။
တကယ်လို့ ဝူကျန့်ရှန်းကိုသာ လမ်းစဉ် (၄) အထိ တက်ခွင့်ပေးလိုက်မယ်ဆိုရင်... ကိုယ်တိုင်တောင် ဘယ်လိုသေသွားမှန်း သိလိုက်ရမှာ မဟုတ်ဘူး။
ဝူကျန့်ရှန်း ပြောတာက မှားသလား မှန်သလားဆိုတာကိုတော့...
ဝူကျန့်ရှန်းမှာ ဘယ်လို ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်မျိုးတွေ ရှိနေသလဲဆိုတာကို ချန်းရီ စိတ်မဝင်စားပေ။
သို့သော် ထိုကြီးကျယ်ခမ်းနားလှပါသည်ဆိုသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် မိမိကိုယ်ကို စတေးရန် ချန်းရီ ဆန္ဒမရှိချေ။
ဖြစ်နိုင်တာက...
မဖြစ်သေးဘူး... ဒီနည်းလမ်းက အရမ်း... အရမ်းကို လူမဆန်လွန်းရာ ကျနေတယ်။
အားကစားကွင်းထဲတွင် ချွဲဆိုအွန်း၏ အလောင်းမှာ သစ်ပင်အောက်၌ တွဲလောင်းကျနေဆဲဖြစ်ပြီး သူမ၏ တစ်ကိုယ်လုံးကို နှင်းထုကြီးက လွှမ်းခြုံထားကာ လေတိုက်ခတ်ခြင်းလည်း မရှိပေ။
ချွဲဆိုအွန်း၏ အလောင်းမှာ သစ်ပင်ကြီးအောက်တွင် ချိတ်ဆွဲထားသော နေသာစက္ကူအရုပ်လေး တစ်ရုပ်နှင့်ပင် တူနေတော့သည်။
ဆက်ရန်...