အခန်း ၁၅၃
Vol. 8 Ch. 153
အပိုင်း(၁၅၃) အချောင်ခိုခြင်း (၁)
သွေးရောင်လမင်းကြီးက လူ့လောက၏ ကြေကွဲဖွယ် အဖြစ်အပျက်များကို မကြည့်ရက်တော့သည့်အလား တိမ်တိုက်များကြားသို့ ပုန်းကွယ်သွားခဲ့ပြီ ဖြစ်၏။
မြေပြင်ပေါ်ရှိ နှင်းဖြူများကသာ မှိန်ဖျော့ဖျော့ အလင်းရောင်ကို ပေးစွမ်းနေပြီး ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးမှာ ဖြူရော်ကာ ခြောက်ခြားဖွယ် ကောင်းနေသည်။
တဖွဲဖွဲ ကျဆင်းနေခဲ့သော နှင်းမုန်တိုင်းကြီးကလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
ကျောင်းပတ်ဝန်းကျင်၊ မဟုတ်သေး၊ ရုံမြို့တစ်မြို့လုံးရှိ ထူးဆန်းသောအရာများ အားလုံးက ဤအချိန်လေးတွင် အချက်ပြမှု တစ်ခုခုကို ရရှိသွားသည့်အလား ဖြစ်သွားကြသည်။
ကျောင်းအနီးအနားတွင် ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထူးဆန်းပြီး ပုံပန်းသဏ္ဌာန် ပျက်ယွင်းနေသော ထိုအရာများ အားလုံးက ရုံမြို့ မူလတန်းကျောင်းရှိရာသို့ တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြ၏။
အချို့က လူနေတိုက်ခန်းများထဲတွင် ပုန်းအောင်းနေကြပြီး အချို့က လူသူကင်းမဲ့နေသော ဟိုတယ်များထဲတွင် ရှိနေကြကာ အစိုးရ ရုံးအဆောက်အအုံများထဲတွင် ပုန်းအောင်းနေကြသည်များလည်း ရှိသည်။
လူပုံစံ ရှိသည်ဖြစ်စေ၊ တိရစ္ဆာန်ပုံစံ ရှိသည်ဖြစ်စေ အားလုံးက ဒုတိယ မူလတန်းကျောင်းရှိရာ လမ်းကြောင်းဆီသို့ တစ်ပြိုင်နက်တည်း ဦးတည်လာကြလေသည်။
အကယ်၍ ကောင်းကင်ယံမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်မည် ဆိုပါက ဒုတိယ မူလတန်းကျောင်း၏ ပတ်လည်တွင် မရေမတွက်နိုင်သော ထူးဆန်းသည့် အရာများက ပြည့်နှက်စွာ ဝိုင်းရံထားပြီး ဖြစ်သည်ကို မြင်တွေ့ရပေမည်။
ထိုမျှမကသေးဘဲ မြောက်မြားစွာသော ထူးဆန်းသည့် အရာများကလည်း အရပ်လေးမျက်နှာမှနေ၍ အပြေးအလွှား ရောက်ရှိလာနေကြသေး၏။
ထိုအချိန်လေးအတွင်း၌ပင် ရုံမြို့၏ အခြားသော ဒေသများမှာ ယာယီ လုံခြုံရေးဇုန်တစ်ခုသဖွယ် ဖြစ်ပေါ်သွားခဲ့လေသည်။
ချူချယ်က ဤထူးဆန်းသည့် အရာများ၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ခံစားမိလိုက်သည်။ အမြဲတမ်း တည်ငြိမ်နေတတ်သော ခေါင်းဆောင်ချူ၏ မျက်နှာက ပထမဆုံးအကြိမ်အဖြစ် ဖြူရော်သွားခဲ့သည်။
"ချန်းရီ... ဒီတစ်ခေါက်တော့... ငါတို့ သွားပြီ ထင်တယ်"
"ချန်းရီ"
ချူချယ်က ခေါင်းလှည့်ကြည့်လိုက်သော်လည်း ချန်းရီမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
"သေစမ်း"
"ခေါင်းဆောင်... စိတ်ချပါ... သေရမယ် ဆိုရင်တောင်... ငါက ခေါင်းဆောင်ရှေ့ကနေ အရင် သေပေးမှာပါ"
ချူချယ် ထိတ်လန့်နေချိန်မှာပင် တောင့်တင်းခိုင်မာသော လူ့အရိပ်ကြီး တစ်ခုက သူ၏ ရှေ့တွင် လာရောက် ကာကွယ်ပေးလိုက်သည်။
ထယ်ရှီး၊ ပို၍ တိတိကျကျ ဆိုရလျှင် ခွန်ရှီး၏ ခေါင်းက နိုးထလာခဲ့ပြီ ဖြစ်သည်။
ကြီးမားထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးနှင့် ကြမ်းတမ်းရက်စက်သော အငွေ့အသက်များက ချူချယ်ကို လုံခြုံမှု အနည်းငယ် ရရှိသွားစေသည်။
"ခွန်ရှီး... မင်းကမှ အားကိုးရသေးတယ်... ဟိုခွေးကောင် ချန်းရီကတော့"
စကားပင် ဆုံးအောင် မပြောရသေးမီ ခွန်ရှီး၏ မျက်နှာကြီးပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။
"ဟဲဟဲ... ဒီတစ်ခေါက်တော့... အဝတိုက်ခိုက်လို့ ရပြီ"
"ဂါးးးးးး"
"ငါ လာပြီဟေ့"
ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ခွန်ရှီးက တင့်ကားကြီး တစ်စီးအလား ဟာရီကိန်း မုန်တိုင်းတစ်ခုကို သယ်ဆောင်ကာ စာသင်ခန်း တံခါးပေါက်ဆီသို့ ပြေးဝင်သွားလေသည်။
စာသင်ခန်း တံခါးကြီးမှာလည်း ထိုလူသန်ကြီး၏ ဝင်တိုက်မှုကြောင့် တစ်စစီ လွင့်စင်ထွက်သွားရ၏။
လသာဆောင်တွင် သေချာစွာ ပိတ်ဆို့ထားသော စက္ကူဖာထူများနှင့် ပလတ်စတစ်စများပင်လျှင် ထိုကြီးမားလှသော ခန္ဓာကိုယ်ကြီး၏ ဆွဲဖြဲမှုကြောင့် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားရလေသည်။
အေးစက်လှသော လေပြင်းများက ချက်ချင်းပင် အခန်းထဲသို့ ဝင်ရောက်လာတော့သည်။
ချူချယ် တစ်ယောက်သာလျှင် အေးစက်သော လေပြင်းများကြားတွင် ဆံပင်များ ဖရိုဖရဲဖြင့် ကျန်ရစ်ခဲ့တော့၏။
သောက်ကျိုးနည်း၊ မင်းက ငါ့ကို ကာကွယ်ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။
"ခွေးကောင်တွေ... မင်းတို့ရဲ့ အဘိုးကြီး လာပြီကွ"
ခွန်ရှီးက လေးလွှာမှနေ၍ တိုက်ရိုက် ခုန်ချလိုက်ရာ ကောင်းကင်မှ ကျဆင်းလာသော သံမဏိမျှော်စင်ကြီး တစ်ခုအလား ဖြစ်နေသည်။
မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် နှင်းမှုန်များ တသောင်းသောင်း ထသွားပြီး မာကျောနေသော မြေပြင်ကြီးမှာ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားရလေသည်။
ဤအချိန်တွင် ကျောင်းဝင်းအတွင်း၌ အရေအတွက် မရေမတွက်နိုင်သော အဖြူရောင် တွားသွားကောင်များဖြင့် ပြည့်နှက်နေပြီး စာသင်ဆောင်ရှိရာသို့ ပြန့်နှံ့ တက်လာနေကြသည်။
ထယ်ရှီးက ပါးစပ်မှ ဟားတိုက် ရယ်မောလိုက်ပြီး သူ၏ လက်သီးတစ်ချက်ဖြင့် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခုကို လွင့်စင်သွားအောင် ထိုးချလိုက်၏။
သို့သော် နောက်တစ်စက္ကန့်တွင်ပင် မရေမတွက်နိုင်သော ကြောက်မက်ဖွယ် မျက်နှာများက သူ့ဆီသို့ ခုန်အုပ်လာကြလေသည်။
"ခွေးမသား"
ချူချယ်က ကျိန်ဆဲစကား အဆုံးသတ်ရန်ပင် အချိန်မရလိုက်မီ ယာဉ်တန်းလက်ထောက် ရှောင်ဝမ်က စိုးရိမ်တကြီး မျက်နှာဖြင့် စာသင်ခန်း တံခါးဝတွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။
ရှောင်ဝမ် တစ်ယောက်တည်း မဟုတ်ဘဲ ရွှီနန်၊ ရှုလီနာနှင့် ကျိုးရှောင်ရှောင်တို့လည်း ပါဝင်နေ၏။
"ခေါင်းဆောင်... ထူးဆန်းတဲ့ အရာတွေ... အများကြီးပဲ... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ"
"ဘယ်လိုလုပ်ရမလဲ ဟုတ်လား... ဦးလေးအားပေါင်ကို ခေါ်ပြီး... ပြေးတာပေါ့"
"အရင်က ငါ မင်းတို့ကို ပြင်ဆင်ခိုင်းထားတဲ့ ပစ္စည်းတွေရော... အကုန် အဆင်သင့် ဖြစ်ပြီလား"
"အဆင်သင့် ဖြစ်ပါပြီ... ခေါင်းဆောင်"
ချူချယ်၏ အတွေးသည်လည်း ချန်းရီ၏ အတွေးနှင့် အတူတူပင် ဖြစ်သည်။ ဤအချိန်မျိုးတွင် ထူးဆန်းသောအရာများနှင့် တိုက်ခိုက်ခြင်းသည် အမိုက်မဲဆုံးသော လုပ်ရပ်ပင် ဖြစ်၏။
ထူးဆန်းသောအရာများ၏ အလွန်တရာ ပြင်းထန်လှသော အသက်ရှင်သန်နိုင်စွမ်းကို မပြောဘဲထားဦး၊ ဤအရေအတွက်လောက်နှင့်ပင် သတ်၍ ကုန်နိုင်မည် မဟုတ်ပေ။
ကျောင်းဝင်းထဲရှိ ဤတွားသွားကောင်များသည် ရုံမြို့ရှိ ထူးဆန်းသောအရာများအနက် အနိမ့်ဆုံး စွမ်းရည်ရှိသူများသာ ဖြစ်ကြသည်။
ထိတ်လန့်ဖွယ် ကောင်းလှသော အငွေ့အသက်များက ထွက်ပေါ်လာခြင်း မရှိသေးပေ။
ချန်းရီက ယခုအချိန်တွင် လမ်းစဉ် အဆင့် (၂) မြူခိုးတားဆီးသူ ဖြစ်နေလျှင်ပင် ဤမျှများပြားသော ထူးဆန်းသည့် အရာများကို ရင်ဆိုင်နိုင်မည်ဟု မထင်မှတ်ထားပေ။
ထို့အပြင် ပတ်ဝန်းကျင်ရှိ ထူးဆန်းသောအရာများကလည်း ပို၍ ပို၍ များပြားလာပေလိမ့်မည်။
ဤအချိန်တွင် ချန်းရီက စာသင်ဆောင်၏ အရိပ်ထဲတွင် ရပ်နေ၏။ မီးခိုးငွေ့များက ထိုထောင့်တစ်နေရာလုံးကို ဖုံးလွှမ်း ပြည့်နှက်နေပြီး ချန်းရီ၏ ခန္ဓာကိုယ်ကိုလည်း ဖုံးကွယ်ထားလေသည်။
ဤတစ်ကြိမ် ဖန်တီးထားသော မီးခိုးမြူများက ယခင် မီးခိုးမြူများနှင့် အလွန် ကွာခြားနေခဲ့ပြီ ဖြစ်သည်။
၎င်းသည် မီးခိုးတမန်တော် လမ်းစဉ် အဆင့် (၂) မြူခိုးတားဆီးသူ၏ အစွမ်းပင် ဖြစ်သည်။ မီးခိုးမြူများ၏ အခြေခံစွမ်းရည်မှတစ်ဆင့် အဆင့်မြှင့်တင်ထားသော အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်း ဖြစ်၏။
ယခင်က မီးခိုးမြူများသည် ထူးဆန်းသောအရာများ သို့မဟုတ် လူများ၏ အမြင်အာရုံကိုသာ ဖုံးကွယ် တားဆီးပေးနိုင်ခဲ့သည်။
ထူးဆန်းသောအရာများက အမျိုးအစား အလွန်စုံလင်လှသည်။ ထက်မြက်သော အာရုံခံနိုင်စွမ်းရှိသည့် အချို့သော ထူးဆန်းသောအရာများအတွက်မူ မီးခိုးမြူစွမ်းရည်က ထင်သလောက် အသုံးဝင်မည် မဟုတ်ပေ။
သို့မဟုတ် အလွန်ကောင်းမွန်သော အနံ့ခံနိုင်စွမ်းနှင့် အကြားအာရုံရှိသည့် ထူးဆန်းသောအရာများရှေ့တွင် မီးခိုးမြူစွမ်းရည်က အနည်းငယ် အားနည်းနေတတ်သည်။
မြူခိုးတားဆီးသူ အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင်မူ မီးခိုးမြူများ၏ ဖုံးကွယ်နိုင်စွမ်းက များစွာ တိုးတက်လာခဲ့သည်။
အမြင်အာရုံ၊ အနံ့ခံအာရုံ၊ အကြားအာရုံ သို့မဟုတ် အာရုံခံနိုင်စွမ်း မည်သို့ပင်ဖြစ်စေကာမူ မီးခိုးမြူများ လွှမ်းခြုံထားသော နယ်ပယ်အတွင်းသို့ ရောက်ရှိသွားပါက အားလုံး ဖုံးကွယ် တားဆီးခံလိုက်ရမည် ဖြစ်သည်။
မီးခိုးမြူများရှိရာ နယ်ပယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မမြင်ရခြင်း၊ မကြားရခြင်း၊ အနံ့မရခြင်းနှင့် အာရုံခံနိုင်စွမ်း ကမောက်ကမဖြစ်ခြင်းများ ကြုံတွေ့ရပေလိမ့်မည်။
ချန်းရီ ကိုယ်တိုင်မှလွဲ၍ပေါ့။
သို့မဟုတ်ပါက မည်သူကမျှ ယခုလို အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ထားမှုအောက်တွင် ချန်းရီ၏ တည်နေရာကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
စောစောကပင် တွားသွားကောင် အကောင်ရေ အတော်များများက မီးခိုးမြူများဘေးမှ ဖြတ်သန်းသွားခဲ့သော်လည်း ဘေးနားရှိ အမှောင်ထုထဲတွင် သက်ရှိလူသား တစ်ယောက် ရှိနေကြောင်းကို လုံးဝ သတိမထားမိခဲ့ကြချေ။
သေချာသည်ကတော့ ပြီးပြည့်စုံသော အစွမ်းဆိုသည်မှာ မရှိနိုင်ပေ။
ဤအစွမ်းတွင်လည်း ကောင်းကျိုးနှင့် ဆိုးကျိုး ရှိနေသည်။ ဆိုးကျိုးမှာမူ မိမိ လှုပ်ရှားသွားလာသည့်နောက်သို့ လိုက်ပါ ရွေ့လျားနိုင်ခြင်း မရှိခြင်းပင် ဖြစ်သည်။
ထိုသို့သာ မဟုတ်ပါက ဤအစွမ်းသည် ခေါင်းဆောင်ချူ၏ လျှို့ဝှက်အကာအကွယ်ထက် သေချာပေါက် ပို၍ စွမ်းအားကြီးမားပေလိမ့်မည်။
ချန်းရီ ရပ်နေသော နေရာသည် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားနှင့် အနီးဆုံးနေရာတွင် အတိအကျ ရှိနေ၏။
အခွင့်အရေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားဆီသို့ တွန့်ဆုတ်မနေဘဲ ပြေးဝင်သွားရန် ချန်းရီက ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သို့သော် ချန်းရီကို အလွန်တရာ စိုးရိမ်ထိတ်လန့်စေသည်မှာ ကျောင်းပတ်လည်တွင် ကြီးမားလှသော အငွေ့အသက်များရှိသည့် အရိပ်ကြီး အချို့ ရပ်တန့်နေခြင်းပင် ဖြစ်သည်။
ထိုအထဲတွင် လေထဲ၌ လွင့်မျောနေသော ရေဘဝဲကြီး တစ်ကောင်၊ တစ်ကိုယ်လုံး အဖြူရောင် ဝတ်ဆင်ထားသော နှင်းကောင်မလေးနှင့် အခြားသော ပုံပန်းသဏ္ဌာန် ပျက်ယွင်းနေသည့် အရိပ်များလည်း ပါဝင်နေသည်။
ထိုအထဲမှ ဝံပုလွေခေါင်း ပါရှိသော ကြီးမားသည့် အရိပ်ကြီး တစ်ခုကမူ ၎င်း၏ နှာခေါင်းဖြင့် လေထဲတွင် တစ်စုံတစ်ခုကို အဆက်မပြတ် အနံ့ခံနေ၏။
ချန်းရီက အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းကို အသုံးပြုရန် အချိန်မရလိုက်မီ စောစောက ထိုဝံပုလွေကြီးသည် နှာခေါင်းဖြင့် ဤဘက်သို့ အချိန်အတော်ကြာအောင် အနံ့ခံနေခဲ့သေးသည်။
ကံကောင်း၍သာ ချန်းရီက လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းကို အသုံးပြုကာ မိမိ ခန္ဓာကိုယ်မှ အငွေ့အသက်များကို ဖုံးကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအရိပ်ကြီး တစ်ခုစီတိုင်းက ချန်းရီ၏ ရင်ထဲတွင် ထိတ်လန့်စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။
မိမိ၏ အကြွင်းမဲ့ အငွေ့အသက် ဖုံးကွယ်ခြင်း အစွမ်းအပေါ် ယုံကြည်မှု ရှိနေလျှင်ပင် ချန်းရီက မဆင်မခြင် မလှုပ်ရှားရဲသေးပေ။
ဤထူးဆန်းသောအရာများတွင် မည်ကဲ့သို့သော အစွမ်းများ ရှိနေသည်ကို မည်သူက သိနိုင်မည်နည်း။
ချန်းရီက စစ်မြေပြင်၏ ထောင့်တစ်နေရာတွင် အချိန်ဖြုန်းကာ ပုန်းနေစဉ်၌...
ထိုတွားသွားကောင်များက စာသင်ဆောင် အနီးသို့ ချဉ်းကပ်လာခဲ့ကြပြီ ဖြစ်သည်။
စာသင်ဆောင်၏ လှေကားများပေါ်တွင် အဖြူရောင် တွားသွားကောင်များဖြင့် ပြည့်နှက် ကြပ်ညပ်နေပြီ ဖြစ်၏။
အချို့သော တွားသွားကောင်များဆိုလျှင် စာသင်ဆောင်၏ အပြင်ဘက် နံရံများပေါ်သို့ပင် တွယ်တက်လာကြပြီး သက်ရှိလူသားများ၏ အငွေ့အသက်ကို ခြေလက်များ အသုံးပြုကာ ရှာဖွေနေကြသည်။
စာသင်ဆောင် အတွင်းမှ အသက်ရှင်ကျန်ရစ်သူများ၏ စူးစူးဝါးဝါး အော်ဟစ်သံများ စတင် ထွက်ပေါ်လာပြီး တွားသွားကောင် အချို့က စာသင်ခန်း ပြတင်းပေါက်များကို အကြမ်းပတမ်း ရိုက်ခွဲနေသည်ကိုပင် မြင်တွေ့နေရသည်။
"ဒါ... ဒါတွေက... ထူးဆန်းတဲ့ အရာတွေပဲ"
"ထူးဆန်းတဲ့ အရာတွေ ရောက်နေပြီ... မြန်မြန်... ဂိုဏ်းချုပ်ကို သွားပြောကြ"
"အစွမ်းပိုင်ရှင်တွေ... အစွမ်းပိုင်ရှင်တွေကို သွားရှာကြ... သူတို့မှပဲ ဒီထူးဆန်းတဲ့ အရာတွေကို ရင်ဆိုင်နိုင်မှာ"
"အောင်မလေး"
"သွေးမျက်ရည်က ကရုဏာ... အရိုးစုတွေက နတ်ဘုရားလမ်းစဉ်... အရှင်သခင်က အထက်စီးမှ... ကမ္ဘာပျက်ကပ်ကို သက်သေပြု"
ချက်ချင်းဆိုသလိုပင် ဒုတိယ မူလတန်းကျောင်း၏ စာသင်ဆောင် တစ်ခုလုံးမှာ ပွက်လောညံသွားလေတော့သည်။
ရုတ်တရက် တတိယထပ်မှ မီးတောက်မီးလျှံများ အလွန်တရာ တောက်ပစွာ ထွက်ပေါ်လာသည်။
မီးနဂါးကြီး တစ်ကောင်က စာသင်ခန်း တစ်ခန်းအတွင်းမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး နဂါးဟိန်းဟောက်သံများနှင့်အတူ လွှမ်းမိုးလာ၏။
မူလက တတိယထပ် စင်္ကြံလမ်းတွင် ပိတ်ဆို့ထားသော ပလတ်စတစ်စများနှင့် စက္ကူဖာထူများမှာ ချက်ချင်းပင် မီးလောင်ကျွမ်းသွားပြီး ဒုတိယထပ်နှင့် စတုတ္ထထပ်ရှိ ပိတ်ဆို့ထားသော ပစ္စည်းများဆီသို့ပါ မီးပွားများ ကူးစက်သွားကာ အပြင်းအထန် လောင်ကျွမ်းလာတော့သည်။
မီးနဂါးကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် စာသင်ဆောင် တစ်ခုလုံးကို လှည့်ပတ် ရစ်ခွေသွားရာ ခုနလေးတင်မှ တွယ်တက်လာကြသော တွားသွားကောင်များမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ မည်းနက်သော ပြာမှုန့်များအဖြစ် ပြောင်းလဲသွားကာ အောက်သို့ လွင့်စင် ကျဆင်းသွားကြလေသည်။
ကောင်မလေး တစ်ဦးက တတိယထပ် စင်္ကြံလမ်း၏ လက်ရန်းပေါ်တွင် မတ်တတ်ရပ်နေပြီး သူမ၏ ပန်းရောင် ဆံပင်များက အမှောင်ထုထဲတွင် လွင့်ဝဲနေသည်။
ခန္ဓာကိုယ် အထက်ပိုင်းတွင် အဖြူရောင် အနွေးထည်အင်္ကျီကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင်မူ ဖြူဖွေးကာ သွယ်လျဖြောင့်တန်းနေသော ခြေတံရှည်ကြီးများကို ဖော်ပြထားကာ ခြေထောက်တွင် ခပ်မြင့်မြင့် အားကစားဖိနပ် တစ်ရံကို စီးနင်းထားသည်။
အကယ်၍ သာမန်လူ တစ်ယောက်သာ ဤကဲ့သို့ အေးခဲလှသော အပူချိန်မျိုးတွင် ဤသို့ ဝတ်ဆင်ထားမည် ဆိုပါက ရူးနေသည်ဟု အဆဲခံရမည်မှာ သေချာလှသည်။
သို့သော် ထိုကောင်မလေး ဤသို့ ဝတ်ဆင်ထားသည်မှာ အနည်းငယ်မျှပင် ကြည့်ရဆိုးခြင်း မရှိပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
မီးနဂါးကြီးက ကောင်မလေး၏ ကိုယ်ပတ်လည်တွင် ရစ်ခွေနေပြီး ဤအချိန်တွင် မြင်တွေ့နေရသော ကောင်မလေး၏ ပုံစံမှာ နတ်သမီး တစ်ပါးအလား တောက်ပနေသည်။
မြင်တွေ့လိုက်ရသော အသက်ရှင်ကျန်ရစ်သူများ အားလုံး၏ မျက်လုံးများထဲတွင် ကြယ်ပွင့်လေးများအလား တောက်ပသော မျှော်လင့်ချက်များ ထွက်ပေါ်လာကြသည်။
ကောင်မလေး၏ ယခု ပုံစံသည် ထောင့်တစ်နေရာတွင် အချိန်ဖြုန်းကာ ပုန်းအောင်းနေသော ချန်းရီ၏ ပုံစံနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေလေတော့သည်။
ဆက်ရန်...