← Chapters

အခန်း ၁၅၄

Vol. 8 Ch. 154

အခန်း ၁၅၄

Vol. 8 Ch. 154

အပိုင်း(၁၅၄) အချောင်ခိုခြင်း (၂)

ဒီတစ်ကြိမ် ထူးဆန်းသောအရာများ ကျောင်းကို ဝိုင်းရံထားမှုတွင် ယခင်ကကဲ့သို့ လူတိုင်းက ယာဉ်တန်းတစ်ခု ဖွဲ့စည်းကာ သတ်မှတ်ထားသော နေရာတစ်ခုဆီသို့ ပြေးမည်ဆိုပါက ထူးဆန်းသောအရာများ၏ သဘာဝအရ လူတိုင်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထို့အပြင် စွန်းချန်းချန်း၊ တင်းတုံနှင့် ထယ်ရှီးတို့ သုံးယောက်ကလည်း "ဝူကျန့်ရှန်း" ကို ထားရစ်ခဲ့ကြမည် မဟုတ်ချေ။

ချူချယ်ကလည်း အနည်းငယ် ဝမ်းနည်းနေမိသည်။ မည်သို့ပင်ဖြစ်စေ "ခေါင်းဆောင်ဝူ" က အစပိုင်းတွင် သူ့အပေါ် ကောင်းမွန်ခဲ့သည် မဟုတ်ပါလော။ သူသာမရှိခဲ့လျှင် ကမ္ဘာပျက်ကပ်ကြီးထဲတွင် မိမိကိုယ်တိုင် စောစီးစွာ သေဆုံးနေခဲ့လောက်ပြီ ဖြစ်သည်။

သို့သော် ထိုနေ့စဉ်မှတ်တမ်းများနှင့် စာများကို ဖတ်ပြီးနောက်တွင် ချူချယ်က "ခေါင်းဆောင်ဝူ" နှင့် အဆက်အသွယ် ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ချန်းရီမှာမူ စိတ်ထဲတွင် နည်းနည်းလေးမျှပင် နောင်တရနေခြင်း မရှိပေ။

ယခုအချိန်တွင် ထူးဆန်းသောအရာများ ကျောင်းထဲသို့ ဝင်ရောက်တိုက်ခိုက်လာလျှင်ပင် ချန်းရီက ချောင်ကျကျ နေရာလေးတစ်ခုတွင် ပုန်းအောင်းကာ အချောင်ခိုနေရန်သာ ရွေးချယ်ခဲ့ပြီး အင်အားထုတ်သုံးရန် လုံးဝ ရည်ရွယ်ထားခြင်း မရှိပေ။

ခဏနေ လွတ်မြောက်ရန်အတွက် ခွန်အားများကို ချန်ထားခြင်းက ပိုမကောင်းပေဘူးလား။

စွန်းချန်းချန်းသည် တတိယထပ်ရှိ လက်ရန်းတွင် ရပ်နေသည်ကို ချန်းရီက မြင်လိုက်ရသည်။ ဤအမျိုးသမီး၏ လက်ရှိဟန်ပန်မှာ အလွန်တရာ မိုက်လွန်းနေသည်ဟု သူ ခံစားလိုက်ရပြီး ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ထားလိုက်လျှင် နောက်ခံပုံအဖြစ်ပင် တိုက်ရိုက် အသုံးပြုနိုင်မည့် အနေအထားမျိုး ဖြစ်သည်။

ဖုန်း ဟုတ်လား။

ချန်းရီက ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ကို တိတ်တဆိတ် နှိုက်လိုက်ပြီး ဖုန်းထုတ်ရန် ပြင်လိုက်သည်။ ခဏနေ မရဏနတ်သမီး ပေါ်လာချိန်တွင် သေချာ ဓာတ်ပုံရိုက်ထားကာ နောင်တစ်ချိန် ပုံတူကူးချရာတွင် အဆင်ပြေစေရန် ရည်ရွယ်ထား၏။

သို့သော် ထိုအချိန်မှာပင် ကြီးမားလှသော အန္တရာယ်တစ်ခု ရုတ်တရက် ကျရောက်လာသကဲ့သို့ ချန်းရီ ခံစားလိုက်ရသည်။

တစ်ခဏချင်းမှာပင် ချန်းရီ၏ နဖူးထက်၌ ချွေးစေးများ ပေါ်လာတော့သည်။

သူက ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော အရိပ်တစ်ခုက တစ်လှမ်းချင်း လျှောက်လာနေ၏။

ဖြူဖွေးနေသော ထိုအရိပ်တွင် ခြေမျက်စိအထိ ရှည်လျားသော ဆံပင်များ ရှိပြီး လမ်းလျှောက်နေစဉ် လေမတိုက်ဘဲ ဆံပင်များက အလိုအလျောက် လွင့်ဝဲနေသည်။

ထို့အပြင် အေးစက်ဖြူလျော်နေသော မျက်လုံးများကလည်း ရှိသေးရာ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် တစ်ကိုယ်လုံး အရိုးထဲအထိ အေးစိမ့်သွားစေသည်။

အဖြူရောင် အရိပ်က ရှေ့သို့ တစ်လှမ်း တိုးလာတိုင်း ပတ်ဝန်းကျင်ရှိ တွားသွားကောင်များက ခန္ဓာကိုယ်ကို နှိမ့်ချကာ အလွန်တရာ ရိုသေလေးစားသော ဟန်ပန်များကို ပြသနေကြသည်။

နှင်းပြင်ထက်သို့ ကျဆင်းနေသော နှင်းပွင့်များပင်လျှင် ဤအဖြူရောင် အရိပ်၏အောက်တွင် ဒူးထောက် အရှုံးပေးထားသကဲ့သို့ ထင်မှတ်ရ၏။

အလွန် အစွမ်းထက်လွန်းလှသည်။

ဒါက ချန်းရီ၏ ဦးနှောက်ထဲရှိ တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။

သူနီးကပ်လာပြီ။

အဖြူရောင် အရိပ်က ပို၍ပို၍ နီးကပ်လာပြီ ဖြစ်သည်။

ချန်းရီက လက်ထဲမှ ထင်းခုတ်ဓားမ၏ လက်ကိုင်ရိုးကို ဆုပ်ကိုင်ထားရာ လက်ဖဝါးမှ ချွေးစေးများက ဓားရိုးပေါ်ရှိ မိုးမခကိုင်းများကိုပင် စိုစွတ်သွားစေသည်။

အဖြူရောင် အရိပ်၏ အကြည့်များက ပြန့်ကျဲနေပြီး တိကျသော ပစ်မှတ် မရှိသဖြင့် မိမိကိုယ်တိုင်ကို တစ်ဖက်လူက သတိထားမိသွားပြီလား ဆိုသည်ကို ချန်းရီ အတည်မပြုနိုင်ခဲ့ပေ။

လျှို့ဝှက်အကာအကွယ် စွမ်းရည်က မိမိခန္ဓာကိုယ်ပေါ်ရှိ သက်ရှိလူသား အငွေ့အသက်အားလုံးကို အပြည့်အဝ ဖုံးကွယ်ထားနိုင်ကြောင်း သိထားသော်လည်း...

ယခုအချိန်တွင် ချန်းရီမှာ ရင်ခုန်နှုန်း မြန်ဆန်လာခြင်းကို မတားဆီးနိုင်တော့ချေ။

သို့သော် ထိုအချိန်မှာပင် အဖြူရောင် အရိပ်က ချန်းရီ ပုန်းအောင်းနေသော အမှောင်ထောင့်မှ ၁၀ ပေခန့်မျှပင် မဝေးသော နေရာ၌ ရုတ်တရက် ရပ်တန့်သွားသည်။

ချန်းရီ၏ ရင်ထဲတွင် အသည်းနှလုံးများ လည်ချောင်းဝအထိ ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

"တောက်... တခြားနေရာမှာ သွားရပ်လို့ မရဘူးလား... ဘာလို့ ငါ့ရှေ့တည့်တည့်မှာ လာရပ်နေရတာလဲ"

သို့သော် ချန်းရီက အနည်းငယ် စိတ်အေးသွားခဲ့သည်။ ဤအဖြူရောင် အရိပ်က သူ ပုန်းအောင်းနေသည့် နေရာကို ကြည့်နေခြင်း မဟုတ်ဘဲ တတိယထပ်ဘက်သို့ ကြည့်နေခြင်း ဖြစ်သည်။

တတိယထပ် လက်ရန်းတွင် ရပ်နေသော စွန်းချန်းချန်းကလည်း ထိုအဖြူရောင် အရိပ်ကို မြင်တွေ့သွားပြီး သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ခွေနေသော မီးနဂါးက အဖြူရောင် အရိပ်ဆီသို့ ဟိန်းဟောက်လိုက်သည်။

"ဂါးးးး"

ဤမျှလောက် အလှမ်းဝေးနေသည်တိုင်အောင် ချန်းရီက အပူလှိုင်း တစ်ချက် ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရဆဲပင်။

စွန်းချန်းချန်း၏ မျက်နှာက ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးလောက်အောင် တည်ကြည်လေးနက်နေပြီး ခေါင်းထက်မှ ပန်းရောင်ဆံပင်များက တလွင့်လွင့် ဖြစ်နေကာ လှပသော မျက်နှာလေးက တင်းမာနေ၏။

အဖြူရောင် အရိပ်က မီးနဂါး၏ ရန်စမှုကို လုံးဝ ဂရုမစိုက်ဘဲ ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေသော လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ စွန်းချန်းချန်းဆီသို့ ညင်သာစွာ ညွှန်ပြလိုက်သည်။

"ဝုန်း"

ရေတွက်၍မရနိုင်သော အဖြူရောင် တွားသွားကောင်များက ဒီရေလှိုင်းများအလား ရူးသွပ်စွာဖြင့် ပြေးဝင်သွားကြသည်။

စွန်းချန်းချန်း၏ ပါးစပ်မှ မန်းမှုတ်သံများ ထွက်ပေါ်လာပြီး မီးနဂါးကြီးကလည်း ဒေါသတကြီး ဟိန်းဟောက်ကာ တွားသွားကောင် လှိုင်းတံပိုးကြီးဆီသို့ အလားတူ ပြေးဝင်သွားလေသည်။

နှစ်ဖက် ရင်ဆိုင်မိသွားချိန်တွင် အော့အန်ချင်စရာကောင်းသော လောင်ကျွမ်းအနံ့များ လေထုထဲ၌ ပျံ့နှံ့သွားသည်။

အဖြူရောင် အရိပ်က တွားသွားကောင်များ မီးနဂါး၏ လောင်ကျွမ်းခံရကာ ပြာကျသွားသည်ကို လုံးဝ ဂရုမစိုက်ဘဲ ထယ်ရှီးဆီသို့ နောက်တစ်ကြိမ် ညင်သာစွာ ညွှန်ပြလိုက်ပြန်သည်။

တွားသွားကောင် လှိုင်းတံပိုးကြီးက ထယ်ရှီးဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ထယ်ရှီးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေတွက်၍မရနိုင်သော တွားသွားကောင်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး မကြာမီမှာပင် တွားသွားကောင်များက ထယ်ရှီး၏ ခန္ဓာကိုယ်ပေါ်တွင် တောင်ပို့ငယ်လေးတစ်ခုအလား အုံခဲသွားကြရာ ထိုလူသန်ကြီး၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ချေ။

"ဖယ်ကြစမ်း"

သို့သော် ထိုအချိန်မှာပင် တွားသွားကောင် တောင်ပို့ငယ်လေးမှာ အပြင်းအထန် ပေါက်ကွဲထွက်သွားပြီး အရပ်အမောင်း ၁၃ ပေခန့်ရှိသော ကြွက်သားအမြှောင်းမြှောင်းနှင့် လူ့ဘီလူးကြီး တစ်ယောက်က တွားသွားကောင်အုပ်ကြီး အလယ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

လူ့ဘီလူးကြီး၏ လက်နှစ်ဖက်က သွေးသား စစ်ပုဆိန်များအဖြစ် ပြောင်းလဲသွားပြီး ရေတွက်၍မရနိုင်သော တွားသွားကောင်များမှာ စစ်ပုဆိန်အောက်တွင် နှစ်ပိုင်းပြတ်ကုန်ကြသည်။

ထိုမျှသာမကသေးဘဲ တွားသွားကောင်များက ရူးသွပ်စွာဖြင့် ဆက်လက် ပြေးဝင်လာနေကြဆဲပင်။

လျင်မြန်သွက်လက်သော အရိပ်တစ်ခုက တွားသွားကောင် လှိုင်းတံပိုးကြီးကြားတွင် လျှပ်တစ်ပြက် ပြေးလွှားနေသည်။

တင်းတုံပင် ဖြစ်သည်။

ဤအမျိုးသမီးသည် ရေထဲမှ ငါးလေးတစ်ကောင်အလား လျင်မြန်သွက်လက်စွာဖြင့် မယုံကြည်နိုင်လောက်သော နေရာလွတ်များကို အသုံးချကာ အဖြူရောင် အရိပ်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

ချန်းရီက တင်းတုံကို မြင်လိုက်ရချိန်တွင် ထိုအမျိုးသမီးသည် သူမ၏ ခြေတံကို မြင့်မားစွာ မြှောက်ကာ အဖြူရောင် အရိပ်ဆီသို့ အားကုန် ခုတ်ပိုင်းချလိုက်ပြီ ဖြစ်သည်။

အဖြူရောင် အရိပ်၏ ကိုယ်ပတ်လည်တွင် နှင်းမုန်တိုင်းများ လျင်မြန်စွာ ရစ်ခွေလာပြီး တင်းတုံ၏ ခြေကန်ချက်ကို နှင်းမုန်တိုင်းက တားဆီးလိုက်သည်။

တင်းတုံ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ကောင်မလေး၏ ဖောက်ထွင်းမြင်ရသော လက်ညှိုးက လေဟာနယ်မှတစ်ဆင့် တင်းတုံဆီသို့ ညင်သာစွာ ညွှန်ပြလိုက်သည်။

"ဝုန်း"

ရေတွက်၍မရနိုင်သော နှင်းပွင့်များက အစုလိုက်အပြုံလိုက် အရှိန်ပြင်းစွာ ရောက်ရှိလာပြီး လျင်မြန်စွာ မောင်းနှင်လာသော ရထားခေါင်းတွဲကြီးတစ်ခုအလား ဤအမျိုးသမီးဆီသို့ အားကုန် ဝင်တိုက်လိုက်သည်။

တင်းတုံ ဝင်တိုက်မိသွားသော နံရံတွင် ပင့်ကူအိမ်သဏ္ဍာန် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားလေသည်။

ချန်းရီက လေကို အပြင်းအထန် ရှူသွင်းလိုက်မိသည်။ ဤထူးဆန်းသောအရာက အလွန် အစွမ်းထက်လွန်းလှသည်။

"ငါ ပုန်းနေတာ တော်သွားလို့ပဲ"

"အဟွတ်"

တင်းတုံ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။

ဤအမျိုးသမီး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ချန်းရီက အလွန် ရှင်းလင်းစွာ သိထားသော်လည်း ဤအဖြူရောင် ထူးဆန်းသောအရာ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် လုံးဝ မခံနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

"ဂါး"

မီးနဂါးက တွားသွားကောင်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို ဖောက်ထွက်လာပြီး နှင်းကောင်မလေးဆီသို့ တိုက်ရိုက် ဦးတည်လာသည်။

နှင်းကောင်မလေးက မီးနဂါးဆီသို့ နောက်တစ်ကြိမ် ညွှန်ပြလိုက်ရာ ရေတွက်၍မရနိုင်သော နှင်းမုန်တိုင်းများက ဧရာမ အဖြူရောင် နှင်းနဂါးကြီး တစ်ကောင်အဖြစ် စုစည်းသွားသည်။

ထိုနှစ်ကောင်မှာ လေထဲတွင် အပြင်းအထန် ရင်ဆိုင်မိသွားကြသည်။

ရေတွက်၍မရနိုင်သော အဖြူရောင် ရေနွေးငွေ့များက ကျောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

စွန်းချန်းချန်းက လေကို ပြင်းပြင်းထန်ထန် ရှူသွင်းနေရပြီး ချွေးစေးများက ဆံပင်နှင့် အဝတ်အစားများကိုပင် စိုရွှဲသွားစေသည်။ မီးနဂါးက စွန်းချန်းချန်းအတွက် အမှန်တကယ်ပင် စွမ်းအင် အလွန်အမင်း ကုန်ဆုံးစေသည်။

သို့သော် ဤကဲ့သို့ အစွမ်းကုန် တိုက်ခိုက်လိုက်သည်ကိုပင် တစ်ဖက်လူက အလွယ်တကူ ဖြေရှင်းသွားနိုင်ခဲ့သည်။

စွန်းချန်းချန်း၏ ရင်ထဲတွင် ရေခဲတုံးကြီး ကျသွားသကဲ့သို့ အေးစက်သွားတော့သည်။

မီးနဂါးက ရှည်လျားသော ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး စွန်းချန်းချန်း၏ အနီးတွင် လွင့်ဝဲနေသည်။ ဓားကိုယ်ထည်က တဆတ်ဆတ် တုန်ရီနေကာ ဓားမြည်သံများ ထွက်ပေါ်နေပြီး ကြီးမားလှသော ရန်သူကြီး ရှေ့တွင်ရှိနေသဖြင့် အမြန်ဆုံး ထွက်ခွာသွားရန် စွန်းချန်းချန်းအား သတိပေးနေသကဲ့သို့ ရှိသည်။

တင်းတုံမှာ ဒဏ်ရာရသွားခဲ့ပြီ ဖြစ်ပြီး ထယ်ရှီးကလည်း အဆုံးအစမရှိသော တွားသွားကောင်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်။

ခေါင်းဆောင်ချူကိုတော့ မျှော်လင့်မနေနှင့်၊ လမ်းပြသူက တိုက်ခိုက်ရေးဘက်တွင် ကျွမ်းကျင်မှု မရှိပေ။

အခြားသော ထူးဆန်းသည့် အရာများမှာမူ လက်တောင် မလှုပ်ရသေးပေ။

ဤအဖြူရောင် အရိပ်တစ်ခုတည်းကပင် မိမိတို့လူစုကို ဤမျှလောက်အထိ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားစေသည်။

"ပြီးတော့ ချန်းရီ... ဟုတ်သားပဲ... ချန်းရီ... သူ ဘယ်ရောက်သွားတာလဲ"

"ချန်းရီ... မြန်မြန် ထွက်လာခဲ့ပါ... ကျွန်မတို့ တောင့်မခံနိုင်တော့ဘူး"

စွန်းချန်းချန်းက အံကြိတ်ကာ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

"ချန်းရီ..."

စွန်းချန်းချန်းက ချန်းရီ၏ နာမည်ကို အသံကျယ်ကြီးဖြင့် အော်ခေါ်ရင်း ဟိုဟိုဒီဒီ လိုက်လံ ကြည့်ရှုနေသည်။

သို့သော် ချန်းရီက ထိုအဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အနီး ၁၀ ပေခန့်မျှသာ ဝေးသော နေရာတွင် ရှိနေသည်ကို သူမ မသိခဲ့ချေ။

ချန်းရီက စွန်းချန်းချန်း၏ အသံကို ကြားလိုက်ရသော်လည်း မိမိနာမည်မှာ ချန်းရီ မဟုတ်သည့်အလား လုံးဝ လှုပ်ရှားခြင်း မရှိပေ။

"ချီးတဲ့မှပဲ... အခုချိန်ကြီး ငါ့ကို ထွက်လာခိုင်းနေတာလား"

"ငါ့ကို အရူးများ မှတ်နေသလား"

"မင်းတို့တောင် မနိုင်တာ... ငါက နိုင်ပါ့မလား"

"ငါ့နာမည်ကို ခေါ်နေမယ့်အစား ဝူကျန့်ရှန်းကို အကူအညီ လှမ်းခေါ်တာကမှ ပိုပြီး အားကိုးရဦးမယ်"

"အဟွတ်... အဟွတ်..."

တင်းတုံက မြေပြင်ပေါ်မှ မတ်တတ်ထရပ်လိုက်ပြီး သူမ၏ အကြည့်များကလည်း ဟိုဟိုဒီဒီ အကဲခတ်နေကာ ချန်းရီကို ရှာဖွေချင်နေသကဲ့သို့ ရှိသည်။

တင်းတုံ၏ စိတ်ထဲတွင် ချန်းရီက အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအား အတိအကျကို မသိရချေ။ အလွန် ကောက်ကျစ်စဉ်းလဲသော်လည်း ဤအချိန်တွင်မူ အကောင်းဆုံးသော အသုံးချခံ ပုဂ္ဂိုလ်ပင် ဖြစ်သည်။

သို့သော် စွန်းချန်းချန်း မည်မျှပင် ခေါ်နေပါစေ ချန်းရီက မကြားသလိုသာ ဟန်ဆောင်နေလိုက်သည်။

အချောင်ခိုမည်ဆိုလျှင် အချောင်ခိုခြင်း၏ ခံယူချက်မျိုး ရှိရမည် ဖြစ်သည်။

"ခစ်ခစ်ခစ်... လူသားတွေ... နင်တို့က တကယ်ကို အားနည်းတာပဲ... ငါတို့ လက်တောင် မလှုပ်ရသေးဘူး... နင်တို့က တောင့်မခံနိုင်တော့ဘူးလား"

"နင်တို့ရဲ့ အပေါင်းအဖော်ကရော... ဘာလို့ ထွက်မလာသေးတာလဲ"

"ဝူကျန့်ရှန်းရောပဲ... ကြောက်သွားတာများလား... ဟီးဟီး"

ရေဘဝဲကောင်က လေထဲတွင် လွင့်ဝဲနေပြီး ၎င်း၏ ရေဘဝဲလက်တံ ရှစ်ချောင်းက လှိုင်းလုံးများအလား လှုပ်ရှားနေသည်။

ထိုအထဲမှ လက်တံတစ်ချောင်းက သေးထွက်ကျမတတ် ကြောက်ရွံ့နေသော လူငယ်တစ်ယောက်ကို ရစ်ပတ်ဆွဲယူလိုက်ပြီး အဘွားအို မျက်နှာပေါက်နေသော ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

"မခေါ်ပါနဲ့တော့... သူ... ထွက်လာမှာ မဟုတ်ဘူး"

တိုးညင်းသော သက်ပြင်းချသံ ထွက်ပေါ်လာသည်။

ဝူကျန့်ရှန်းက လှေကားလမ်းမှတစ်ဆင့် ထွက်လာခဲ့သည်။

ထိုအချိန်မှာပင် ပဉ္စမထပ်ရှိ ဆရာများရုံးခန်း တံခါး ပွင့်သွားပြီး အနီရောင်ဝတ်စုံနှင့် အလွန် လှပလွန်းသော အရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုအရိပ်ကို မြင်လိုက်ရချိန်တွင် ယခင်က ထိတ်လန့်နေခဲ့သော မရဏနတ် ဂိုဏ်းဝင်များအားလုံးက မြေပြင်ပေါ်သို့ ပြိုင်တူ ဒူးထောက်ချလိုက်ကြပြီး ပါးစပ်မှ "မရဏနတ် ကျမ်းစာ" ကို ရွတ်ဆိုနေကြသည်။

မရဏနတ်သမီးပဲ... မရဏနတ်သမီး ရောက်လာပြီ...

ဆက်ရန်...

All Chapters