← Chapters

အခန်း ၁၅၅

Vol. 8 Ch. 155

အခန်း ၁၅၅

Vol. 8 Ch. 155

အပိုင်း(၁၅၅) ငါက မင်းရဲ့ အချစ်ဆုံး ညီအစ်ကို မဟုတ်ဘူးလား

မရဏနတ်သမီး ပေါ်ထွက်လာခြင်းက တိုက်ပွဲကြီး အဆင့်မြင့်တက်သွားပြီဆိုသည်ကို အဓိပ္ပာယ်ဆောင်နေသည်။

ထို့အပြင် ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေး ချက်ချင်းပေါ်လာတော့မည်ဟုလည်း ဆိုလိုခြင်း ဖြစ်၏။

မည်သည့် အခွင့်အရေးလေးတစ်ရပ် ပေါ်လာသည်ဖြစ်စေ ချန်းရီက လုံးဝ တုံ့ဆိုင်းနေမည်မဟုတ်ဘဲ ကားမောင်း၍ ထွက်ခွာသွားပေလိမ့်မည်။

အခြားသူများအတွက်မူ... ထားလိုက်ပါတော့၊ ကိုယ့်ကံကြမ္မာ ကိုယ်စီ ဖန်တီးကြရုံသာ ရှိသည်။

ချန်းရီ၏ မျက်လုံးများက (၁၀) ပေခန့် မြင့်မားကာ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်နေမိသည်။ မရဏနတ်သမီးကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရဖူးသော်လည်း ဤအမျိုးသမီးသည် အံ့မခန်း လှပနေဆဲဖြစ်ကြောင်း ချန်းရီ ဝန်ခံရမည်ပင်။

အပြစ်အနာအဆာကင်းစင်လွန်းလှသော ခန္ဓာကိုယ်အချိုးအစားနှင့် သွေးရောင်ကဲ့သို့ နီရဲနေသော နှုတ်ခမ်းများ၊ ထို့အပြင် အမြဲတမ်း မှိတ်ထားလေ့ရှိသော မျက်လုံးများ။

မလှပသော နေရာဟူ၍ တစ်နေရာမျှ မရှိပေ။

ဗလာဖြစ်နေသော ခြေထောက်တစ်စုံက နှင်းပြင်ပေါ်တွင် ဖွဖွလေး နင်းထားသော်လည်း ဖုန်မှုန့်တစ်စက်မျှပင် ပေကျံနေခြင်း မရှိချေ။

ထို့ပြင် သူမ ဝတ်ဆင်ထားသော အနီရောင် ဝတ်စုံကြီးက မင်္ဂလာပွဲမှ ထွက်ပြေးလာသော သတို့သမီးတစ်ဦးနှင့်ပင် တူနေသေးသည်။

အကယ်၍ (၁၀) ပေခန့်ရှိသော အရပ်အမောင်းကြီးသာ မရှိပါက သူမကို ထူးဆန်းသောအရာ တစ်ခုဟု မည်သူကမျှ ထင်မှတ်မိကြမည် မဟုတ်ပေ။

မရဏနတ်သမီး၏ ပေါ်ထွက်လာမှုကြောင့် နေရာတွင်ရှိနေသော အခြား ထူးဆန်းသည့် အရာများ၏ မျက်နှာများထက်တွင် စိုးရွံ့ထိတ်လန့်သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။

ယခင်က လက်ချောင်းလေး ဖွဖွလှုပ်ရှားရုံမျှဖြင့် စွန်းချန်းချန်းနှင့် တင်းတုံတို့ နှစ်ဦးကို အရှက်ကွဲ အကျိုးနည်းဖြစ်စေခဲ့သော နှင်းကောင်မလေးသည်ပင် ယခုအခါ မရဏနတ်သမီးကို စိုက်ကြည့်နေလေသည်။

"မင်း... မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့"

အသံက ခြောက်ကပ်နေပြီး အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေပုံရသည်။

၎င်းမှာ ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာ၏ အသံ ဖြစ်သည်။

စကားပြောလိုက်သူမှာ ထိုအဘိုးအို၏ မျက်နှာပင်။

မရဏနတ်သမီးသည် စကားတစ်ခွန်းမျှ မဆိုဘဲ သွေးရောင် တံစဉ်ကြီးကို ကိုင်ဆောင်ကာ ကွင်းပြင်အလယ်တွင် တည်ငြိမ်စွာ ရပ်နေ၏။

ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့် အရာများအားလုံးမှာ သူမအတွက် ပုရွက်ဆိတ် တစ်အုပ်မျှသာ ဖြစ်ပြီး သူမ၏ စကားကို ပြန်လည်ဖြေကြားခွင့်ပင် မရှိသကဲ့သို့ ဖြစ်နေသည်။

တွားသွားကောင်များက အူသံများ ပေးလျက် နောက်သို့ အသီးသီး ဆုတ်ခွာသွားကြသည်။

ထိုအခါမှသာ စွန်းချန်းချန်း၊ တင်းတုံနှင့် ထယ်ရှီးတို့ သုံးဦးသည် မရဏနတ်သမီး၏ အနီးသို့ ဖရိုဖရဲ ပြန်လည်ရောက်ရှိလာကြသည်။

ဤအချိန်တွင် ထယ်ရှီး၏ တစ်ကိုယ်လုံး၌ သွေးများဖြင့် ပြည့်နှက်နေပြီး သွေးချိုးထားသကဲ့သို့ ဖြစ်နေသော်လည်း သူ၏ မျက်နှာပေါ်ရှိ အမူအရာကမူ အလွန် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

ချန်းရီက ထယ်ရှီး၏ ဦးခေါင်းထက်မှ တောက်ပနေသော စာလုံးကြီး နှစ်လုံးကို မြင်တွေ့နိုင်သည်။

သို့သော် အခြားသူများ၏ အမြင်တွင်မူ ထိုစာလုံးနှစ်လုံးမှာ လုံးဝ တည်ရှိနေခြင်း မရှိပေ။

ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ မည်သည့်အချိန်ကတည်းကန်း မသိ၊ ခေါင်းဆောင်ချူကလည်း လူများကို ခေါ်ဆောင်ကာ တိတ်တဆိတ် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။

"ဦးလေး... သတိထား"

"ဘထွေး"

"ဦးလေးဝူ"

"ကျန်တဲ့ကိစ္စတွေကို ငါပဲ တာဝန်ယူလိုက်မယ်"

ဝူကျန့်ရှန်းက သူတို့သုံးဦး၏ စကားကို ဖြတ်ပြောလိုက်ပြီး အေးစက်စက် အသံဖြင့် ဆိုလိုက်သည်။ သူတို့သုံးဦး၏ ဒဏ်ရာများကိုမူ သူက တစ်ချက်မျှပင် အာရုံမစိုက်ခဲ့ချေ။

ဝူကျန့်ရှန်းသည် ရှေ့သို့ တစ်လှမ်း ဖွဖွလေး လျှောက်သွားလိုက်၏။

"ဝူကျန့်ရှန်း... မင်း... မင်း ဘာလုပ်မလို့လဲ"

ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာထဲမှ အဘွားအို၏ မျက်နှာက စိုးရိမ်တကြီး မေးလိုက်သည်။

သို့သော် ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးတွင်ရှိနေသော နှင်းကောင်မလေးက ဝူကျန့်ရှန်းဆီသို့ လက်ညှိုး ဖွဖွလေး ရွယ်လိုက်သည်။

ယခင်က အူသံများ ပေးလျက် နောက်ဆုတ်သွားခဲ့သော တွားသွားကောင်များစွာသည် အစုလိုက်အပြုံလိုက် ရှေ့သို့ ပြေးဝင်လာကြလေတော့သည်။

ထို့အပြင် နှင်းကောင်မလေးကို ဗဟိုပြု၍ မရေမတွက်နိုင်သော နှင်းမုန်တိုင်းများက မရဏနတ်သမီးဆီသို့ တိုက်ရိုက် ဦးတည် တိုက်ခတ်သွားသည်။

ယခင်က စွန်းချန်းချန်းနှင့် တင်းတုံတို့ကို လုံးဝ ခုခံနိုင်စွမ်း မရှိစေခဲ့သော နှင်းမုန်တိုင်းကြီးက မရဏနတ်သမီးဆီသို့ ဝင်ရောက်လာချိန်တွင် မရဏနတ်သမီးသည် လက်ကို အနည်းငယ်မျှ မြှောက်လိုက်ရုံဖြင့် ထိုနှင်းမုန်တိုင်းကြီးကို အသေအချာ ဖိနှိပ်ထားနိုင်ခဲ့၏။

ပြေးဝင်လာသော တွားသွားကောင်များကိုမူ မရဏနတ်သမီးက တံစဉ်ကို ဖွဖွလေး ဝှေ့ယမ်းလိုက်ရုံဖြင့် တွားသွားကောင် အမြောက်အမြားသည် သွေးအိုင်ထဲသို့ လဲကျသွားကြတော့သည်။

မရဏနတ်သမီးသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် နှင်းကောင်မလေး၏ တိုက်ခိုက်မှုများကို လုံးဝ အသုံးမဝင်ဖြစ်သွားစေခဲ့သည်။

"တိုက်"

ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာထဲမှ လူငယ်မျက်နှာက အံကြိတ်ကာ အော်ဟစ်လိုက်သည်။

စုပ်ခွက်ပါသော လက်တံရှစ်ခုက တစ်ပြိုင်နက်တည်း ပြေးဝင်လာကြ၏။

ဝံပုလွေခေါင်း ပါရှိသော ထူးဆန်းသည့် အရာက လှုပ်ရှားသွားပြီး အရိပ်များစွာဖြင့် မရဏနတ်သမီး၏ ကျောဘက်တွင် ပေါ်လာသည်။

အမှောင်ထုထဲတွင် ပုန်းကွယ်နေသော အခြား အရာများကလည်း မရဏနတ်သမီးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြလေသည်။

တိုက်ပွဲကြီး ချက်ချင်း စတင်သွားတော့သည်။

ခဏတွင်းချင်းမှာပင် တွားသွားကောင်များကို ထည့်မတွက်ထားလျှင်တောင်မှ ထူးဆန်းသည့် အရာ ဒါဇင်ပေါင်းများစွာက မရဏနတ်သမီးကို ဝိုင်းဝန်း တိုက်ခိုက်လာကြ၏။

ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာ၊ နှင်းကောင်မလေးနှင့် ဝံပုလွေခေါင်းပါ ထူးဆန်းသည့် အရာတို့မှလွဲ၍ ကျန်သည့် ထူးဆန်းသောအရာများကို ချန်းရီ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

မည်သည့်အရာကိုမဆို စကားလုံးများဖြင့် တိကျစွာ ဖော်ပြနိုင်စွမ်း မရှိပေ။

အချို့မှာ အရိပ်တစ်စုမျှသာ ဖြစ်နေသေး၏။

ချန်းရီသည် ဖုန်းကို ထုတ်ယူကာ ဗီဒီယိုရိုက်ကူးသည့် လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်။ ဤမျှ ကောင်းမွန်သော မြင်ကွင်းမျိုးကို လုံးဝ လက်လွတ်ခံ၍ မဖြစ်ပေ။

ထို့နောက်တွင်မူ မရဏနတ်သမီးကို အဘယ်ကြောင့် ဤမျှများပြားလှသော ထူးဆန်းသည့် အရာများက စိုးရွံ့နေကြသနည်း ဆိုသည်ကို ချန်းရီ အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ဒုတိယ မူလတန်းကျောင်းတွင် သူမ ရှိနေသရွေ့ အခြားသော ထူးဆန်းသည့် အရာများက အဘယ်ကြောင့် ဤနယ်မြေအတွင်းသို့ ခြေတစ်လှမ်းမျှ မကျူးကျော်ရဲကြသနည်း ဆိုသည်ကိုပါ သိရှိသွားခဲ့၏။

နတ်ဆိုးတစ်ပါးကဲ့သို့ ဆွဲဆောင်မှုရှိလှသော ဤ "နတ်သမီး"။

သူမ၏ကာကွယ်မှု အစွမ်းက ပြိုင်ဘက်ကင်းလှသည်။

နှင်းကောင်မလေး၏ နှင်းမုန်တိုင်းက မရဏနတ်သမီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း မရဏနတ်သမီးကို အနည်းငယ်မျှသာ ရပ်တန့်သွားစေနိုင်၏။

ဝံပုလွေခေါင်းပါ ထူးဆန်းသည့် အရာ၏ လမ်းစဉ်မှာ အနီးကပ် တိုက်ခိုက်သည့် လမ်းစဉ်ဖြစ်ကြောင်း သိသာလှပြီး မရဏနတ်သမီး၏ ကျောပြင်ကို ခြေသည်းဖြင့် တစ်ချက် ကုပ်ခြစ်လိုက်သည်။

သွေးရောင် ဝတ်စုံတွင် အစင်းရာတစ်ခု ပေါက်ပြဲသွားပြီး နှင်းကဲ့သို့ ဖြူဖွေးနေသော အသားအရေပေါ်တွင် ကုပ်ရာအချို့သာ ကျန်ရစ်ခဲ့ကာ ကြီးမားသော ထိခိုက်ဒဏ်ရာမျိုးတော့ မရရှိခဲ့ပေ။

ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာ၏ စုပ်ခွက်ပါသော လက်တံများကမူ အခွင့်အရေးရသဖြင့် မရဏနတ်သမီးကို ကြာပွတ်ဖြင့် ရိုက်သကဲ့သို့ တစ်ချက် ရိုက်ချလိုက်သည်။

သို့သော် မရဏနတ်သမီး၏ လှုပ်ရှားမှုများက လုံးဝ ရပ်တန့်သွားခြင်း မရှိချေ။

အမြန်နှုန်းက ပြိုင်ဘက်ကင်းလှသည်။

လွန်ခဲ့သော စက္ကန့်ပိုင်းက ကြွက်ခေါင်းနှင့် ထူးဆန်းသည့် အရာတစ်ခုသည် မရဏနတ်သမီး၏ ခန္ဓာကိုယ်ကို တိုက်ခိုက်နိုင်ခဲ့သည့်အတွက် ဝမ်းသာအားရ ဖြစ်နေခဲ့သည်။

နောက်တစ်စက္ကန့်တွင်မူ ၎င်း၏ ဦးခေါင်းကို မရဏနတ်သမီးက လက်ဖြင့် ဆွဲကိုင်ထားလေပြီ။

မရဏနတ်သမီး၏ အမြန်နှုန်းသည် ရှောင်တိမ်းရန်အတွက် မဟုတ်ဘဲ လျင်မြန်စွာ သတ်ဖြတ်ရန်အတွက်သာ ဖြစ်သည်။

ခွန်အားကလည်း ပြိုင်ဘက်ကင်းလှသည်။

ဝံပုလွေခေါင်းပါ ထူးဆန်းသည့် အရာက အော်ဟစ်လျက် ကစားကွင်းဘေးရှိ သစ်ပင်ကြီး တစ်ပင်ကို ဆွဲနှုတ်ကာ မရဏနတ်သမီးဆီသို့ အားကုန် ဝင်တိုက်လိုက်သည်။

သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော "နှင်းရုပ်ကလေး" လည်း သစ်ပင်နှင့်အတူ ဆွဲပါသွား၏။

မရဏနတ်သမီးသည် လက်ကို တစ်ချက် မြှောက်လိုက်ရုံဖြင့် ဝံပုလွေခေါင်းပါ ထူးဆန်းသည့် အရာ၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်ပြီး အားအနည်းငယ် သုံးကာ သစ်ပင်ကြီးကို မိမိ၏ လက်နက်အဖြစ် ပြောင်းလဲလိုက်ပြီး ဝံပုလွေခေါင်းကို အဝေးသို့ ရိုက်ထုတ်လိုက်လေသည်။

ထို့အပြင် အကြောက်မက်ဖွယ် အကောင်းဆုံးသော သွေးရောင် တံစဉ်ကြီးလည်း ရှိနေသေးသည်။

ထူးဆန်းသည့် အရာများကို လူသားတို့၏ လက်နက်ကြီးများဖြင့် သတ်ဖြတ်၍ မရနိုင်ပေ။ လမ်းစဉ် အစွမ်းပိုင်ရှင် ဖြစ်လျှင်တောင်မှ ထူးဆန်းသည့် အရာတစ်ကောင်ကို သတ်ဖြတ်ရန်မှာ အလွန် ခဲယဉ်းလှသည်။

ပို၍ စွမ်းအားကြီးမားသော ထူးဆန်းသည့် အရာဖြစ်လေလေ၊ အသက်ရှင်သန်နိုင်စွမ်း ပို၍ ခိုင်မာလေလေ ဖြစ်သည်။

ယခင်က လူအားလုံး ဝိုင်းဝန်း၍ ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာကို တိုက်ခိုက်ခဲ့စဉ်က ၎င်းကို အသက်အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ဒဏ်ရာများ ပေးနိုင်ခဲ့သည်မှာ အသေအချာပင်။

သို့သော် ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒဏ်ရာများ ပြန်လည် သက်သာသွားခဲ့၏။

ယခုမူ မရဏနတ်သမီး၏ တံစဉ်ကြီးရှေ့တွင် ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာ၏ ခုတ်ဖြတ်ခံလိုက်ရသော လက်တံများက နှင်းပြင်ပေါ်တွင် လူးလှိမ့်နေသော်လည်း မည်သို့မျှ ပြန်လည် မပေါက်ပွားနိုင်သလို၊ အနာလည်း မကျက်နိုင်တော့ပေ။

ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာ၏ လက်တံရှစ်ခုလုံးမှာ မရဏနတ်သမီး၏ တံစဉ်ဖြင့် တစ်ခုပြီးတစ်ခု ခုတ်ဖြတ်ခံလိုက်ရပြီး တစ်ကိုယ်လုံး ဥတစ်လုံးကဲ့သို့ လေထဲတွင် ဝဲပျံနေတော့သည်။

နှင်းကောင်မလေး၏ လက်မောင်းတစ်ဖက်လည်း ခုတ်ဖြတ်ခံလိုက်ရပြီး အဖြူရောင် အရည်များက ဒဏ်ရာမှ စီးကျလာသည်။

ဝံပုလွေခေါင်းပါ ထူးဆန်းသည့် အရာ၏ မျက်လုံးနှစ်လုံးမှာလည်း သွေးရောင် တံစဉ်ဖြင့် ခုတ်ပိုင်းခံလိုက်ရသဖြင့် သွေးများ စီးကျနေပြီး ယခုအခါ အငွေ့အသက်ကို အာရုံခံနိုင်စွမ်းဖြင့်သာ တိုက်ခိုက်နေရတော့သည်။

တွားသွားကောင်များ၏ အလောင်းများမှာ တောင်ကုန်းငယ်လေး တစ်ခုအလား ပုံစံချနေပြီ ဖြစ်သည်။

နှစ်ဖက်စလုံး အသေအကျေ တိုက်ခိုက်နေချိန်တွင် အခွင့်အရေး ပေါ်လာနိုင်မည်ဟု ချန်းရီ ယခင်က တွေးတောခဲ့မိသည်။

သို့သော် ယခုအချိန်တွင် ထူးဆန်းသည့် အရာများ၏ ပူးပေါင်းတပ်ဖွဲ့သည် မရဏနတ်သမီး၏ ဖိနှိပ်မှုကို အသေအချာ ခံနေရလေပြီ။

ဤအချိန်ရောက်မှသာ မရဏနတ်သမီးက ဒုတိယ မူလတန်းကျောင်းတွင် အဘယ်ကြောင့် ရှိနေသနည်း ဆိုသည်ကို ချန်းရီ အပြည့်အဝ နားလည်သွားတော့သည်။

ထိုမျှ များပြားလှသော ထူးဆန်းသည့် အရာများက အဘယ်ကြောင့် မချဉ်းကပ်ရဲကြသနည်း ဆိုသည်ကိုပါ သိလိုက်ရ၏။

ဤသည်ပင်လျှင် မရဏနတ်သမီး၏ ကြီးမားလှသော စွမ်းအား ဖြစ်သည်။

လောလောဆယ်တွင် မရဏနတ်သမီးက အသာစီး ရနေသည်။

သို့သော် ချန်းရီအတွက်မူ ဤသည်မှာ သတင်းကောင်း တစ်ခုတော့ မဟုတ်ပေ။

အကယ်၍ ထူးဆန်းသည့် အရာများသာ ရှုံးနိမ့်ဆုတ်ခွာသွားပါက သူ ရင်ဆိုင်ရမည့်သူမှာ ဝူကျန့်ရှန်း ဖြစ်လာပေလိမ့်မည်။

ဒီကောင်က စေတနာကောင်းနဲ့ လာတာမှ မဟုတ်တာ။

မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး။

"အားလုံးပဲ... ခင်ဗျားတို့ အရင် တောင့်ခံထားလိုက်... ကျွန်တော် ဝူကျန့်ရှန်းကို အပြတ်ရှင်းလိုက်မယ်... ဝူကျန့်ရှန်းသာ မရှိတော့ရင် မရဏနတ်သမီးလည်း သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

အဆိပ်ပြင်းလှသော အသံတစ်သံက ထောင့်တစ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ဝူကျန့်ရှန်းက ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာက သိသိသာသာ မှုန်ကုပ်သွားပြီး အဆိပ်ရည်များ လွှမ်းနေသော မျက်လုံးများက အသံထွက်ပေါ်လာရာ နေရာကို ရှာဖွေရန် နေရာအနှံ့ ကြည့်ရှုလိုက်သည်။

"ချန်းရီ... မင်း ဘယ်မှာလဲ... ထွက်ခဲ့စမ်း"

"အသံကို ပြောင်းထားရုံနဲ့ ငါက မင်းကို မမှတ်မိဘူးလို့ မထင်နဲ့"

"ထွက်ခဲ့စမ်း"

ဤအချိန်တွင် ဝူကျန့်ရှန်း၏ စိတ်ထဲ၌ ဒေါသများ အလွန်အမင်း ထွက်ပေါ်နေသည်။

မရဏနတ်သမီးက အလွန် စွမ်းအားကြီးမားသော်လည်း သူကတော့ ထိုသို့ မဟုတ်ချေ။

သူက နတ် တစ်ပါး ဖြစ်မလာသေးပေ။

ထို့ကြောင့် စောစောက သူသည် မိမိကိုယ်မိမိ လူလုံးမပြဘဲ တတ်နိုင်သမျှ ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။

မရဏနတ်သမီးက ထူးဆန်းသည့် အရာများစွာကို ဖိအားပေးထားနိုင်လွန်းသဖြင့် မည်သူကမျှ သူ့ကို သတိမထားမိခဲ့ကြပေ။

ချန်းရီ၏ အသံဖြင့် သတိပေးလိုက်ပြီးနောက် ရက်စက်ကြမ်းကြုတ်ကာ အဆိပ်ပြင်းလှသော မျက်လုံးများစွာက ဝူကျန့်ရှန်းဆီသို့ အသီးသီး လှမ်းကြည့်လာကြသည်။

မိမိအနေဖြင့် ရင်းနှီးကျွမ်းဝင်မှု အစွမ်းကို အသုံးပြုထားခဲ့ပြီး ချန်းရီ၏ အမူအရာကို ကြည့်ရသည်မှာလည်း မိမိ၏ အစွမ်းက အလကား ဖြစ်မသွားခဲ့သည်မှာ သေချာပါလျက်... အဘယ်ကြောင့် ချန်းရီက ဤမျှ ရက်စက်ကြမ်းကြုတ်နေရသနည်းဆိုသည်ကို ဝူကျန့်ရှန်းက မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်နေ၏။

ပုံမှန်အားဖြင့်ဆိုလျှင် သူသည် ချန်းရီနှင့် အရင်းနှီးဆုံး သူတစ်ယောက် ဖြစ်နေရမည်ဖြစ်ပြီး ဤအချိန်တွင် စွန်းချန်းချန်းတို့ကဲ့သို့ပင် သူ့ကို အသက်ပေး၍ ကာကွယ်ရမည်သာ ဖြစ်သည်။

ယခင်က ယဇ်ပူဇော်မှု နှစ်ကြိမ်တွင်လည်း ထိုနည်းတူပင် ဖြစ်ခဲ့ပြီး မိမိအနေဖြင့် ရင်းနှီးကျွမ်းဝင်မှု အစွမ်းကို အသုံးပြုလိုက်ရုံဖြင့် လုံလောက်ခဲ့သည်။

လုပ်ချင်သည်များကို လွယ်လွယ်ကူကူပင် လုပ်ဆောင်နိုင်ခဲ့၏။

သို့ပါလျက် အဘယ်ကြောင့် ချန်းရီက ဤမျှ ရက်စက်နေရသနည်း။

ငါက မင်းရဲ့ အချစ်ဆုံး ညီအစ်ကို မဟုတ်ဘူးလား။

ဝူကျန့်ရှန်း၏ မျက်လုံးများက နေရာအနှံ့ ကြည့်ရှုနေသော်လည်း ချန်းရီ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

ချန်းရီကလည်း ပါးစပ်ကို အမြန် ပိတ်ထားလိုက်သည်။

သေနာကောင်။

ခြေလက်ရှစ်ဖက်နှင့် လူ့မျက်နှာ၏ အသံကို တုပရန် ကြိုးစားခဲ့သော်လည်း မှတ်မိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤအသံဖြင့် သတိပေးလိုက်ပြီးနောက် ထူးဆန်းသည့် အရာများစွာက အဆိပ်ပြင်းလှသော မျက်လုံးများဖြင့် ဝူကျန့်ရှန်းဆီသို့ စိုက်ကြည့်လာကြသည်။

နှင်းကောင်မလေးက ဝူကျန့်ရှန်းဆီသို့ လက်ညှိုး ဖွဖွလေး ရွယ်လိုက်သည်နှင့် မရေမတွက်နိုင်သော တွားသွားကောင်များက ဝူကျန့်ရှန်းဆီသို့ ပြေးဝင်သွားကြလေတော့သည်။

ဤအချိန်တွင် စွန်းချန်းချန်းကလည်း ချန်းရီကို အံကြိတ်ကာ မုန်းတီးနေမိသည်။ ချန်းရီ၏ သတိပေးချက်သာ မရှိခဲ့လျှင်...

ထူးဆန်းသည့် အရာများစွာက ပစ်မှတ် ပြောင်းသွားကြသည်။

ဤတစ်ကြိမ်တွင်မူ တစ်မိနစ်ပင် မကြာလိုက်ဘဲ မရဏနတ်သမီးနှင့် ဝူကျန့်ရှန်းတို့ နှစ်ဦးစလုံးမှာ ဒဏ်ရာဗရပွ ဖြစ်သွားကြလေပြီ။

တချို့အချိန်များတွင် ထူးဆန်းသည့် အရာများကို အသက်အန္တရာယ် ဖြစ်စေလောက်သည့် အထိ တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သည်မှာ သေချာလှသည်။

သို့သော် ဝူကျန့်ရှန်းကို ကာကွယ်ရန် လိုအပ်နေသဖြင့် မရဏနတ်သမီးက ထိုတိုက်ခိုက်မှုကို စွန့်လွှတ်ကာ ဝူကျန့်ရှန်းကို ကာကွယ်ရန် ပြောင်းလဲခဲ့ရသည်။

ဝူကျန့်ရှန်းက အလွန် စွမ်းအားကြီးမားသည်။ အကယ်၍ အခြားသော အစွမ်းပိုင်ရှင်များနှင့် တစ်ယောက်ချင်း တိုက်ခိုက်ရမည် ဆိုပါက ဝူကျန့်ရှန်းသည် မရဏနတ်သမီးဆီမှ ရရှိထားသော အစွမ်းကို အသုံးပြု၍ အစွမ်းပိုင်ရှင် အများစုကို လွယ်ကူစွာ သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

ထူးဆန်းသည့် အရာတစ်ကောင်နှင့် ရင်ဆိုင်ရမည် ဆိုလျှင်ပင် ဝူကျန့်ရှန်းက အသာစီး ရနိုင်ခြေ အလွန် များပြားသည်။

မည်သို့ပင်ဆိုစေ "ကရုဏာမျက်နှာဖုံး" သည် "မရဏနတ်သမီး" ဆီမှ ရရှိထားသော အစွမ်း ဖြစ်သည် မဟုတ်ပါလော။

သို့သော် ဝူကျန့်ရှန်း ရင်ဆိုင်နေရသည်မှာ မရေမတွက်နိုင်သော ထူးဆန်းသည့် အရာများ ဖြစ်နေသည်။

မရဏနတ်သမီး၏ ကာကွယ်မှု ရှိနေလျှင်တောင်မှ ဝူကျန့်ရှန်းအတွက် အလွန် အန္တရာယ် များပြားနေဆဲ ဖြစ်သည်။

နှစ်ဖက်စလုံးသည် ခဏတွင်းချင်းမှာပင် အကြိတ်အနယ် ဖြစ်နေသော အခြေအနေသို့ ရောက်ရှိသွားကြ၏။

စွန်းချန်းချန်း၊ တင်းတုံနှင့် ထယ်ရှီးတို့ သုံးဦးပင်လျှင် အသာစီး မရခဲ့ကြပေ။

ကံကောင်းသည်မှာ ထူးဆန်းသည့် အရာများစွာ၏ ပစ်မှတ်က သူတို့သုံးဦး မဟုတ်ခြင်းပင်။

၎င်းတို့၏ အမြင်တွင် ဤအစွမ်းပိုင်ရှင် သုံးဦးမှာ ပုရွက်ဆိတ်များမျှသာ ဖြစ်ပြီး ဝူကျန့်ရှန်းနှင့် မရဏနတ်သမီးကို ရှင်းလင်းပြီးပါက သူတို့သည် စဉ်းတီတုံးပေါ်မှ ငါးများကဲ့သို့ လွယ်လွယ်ကူကူ ဖြစ်သွားမည်ဟု ယူဆထား၍လည်း ဖြစ်နိုင်သည်။

ဝူကျန့်ရှန်းနှင့် မရဏနတ်သမီးတို့က တိုက်ခိုက်ရင်း နောက်ဆုတ်နေကြသည်။

အခွင့်အရေး ရောက်လာပြီ။

ချန်းရီက မြှားတစ်စင်းအလား ခုန်ထွက်သွားပြီး ကမ္ဘာပျက်ကပ် ပစ်ကပ်ကားဆီသို့ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။

ကားပေါ်တက်... ဂီယာထိုး။

တစ်ဆက်တည်း လုပ်ဆောင်လိုက်ပြီး မည်သူကမျှ သတိမထားမိလိုက်ချိန်တွင် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ တာယာများက အရူးအမူး လည်ပတ်သွားကာ မီးခိုးဖြူများ ထွက်ပေါ်လာပြီး ကျောင်းတံခါးဝဆီသို့ တိုက်ရိုက် ပြေးထွက်သွားလေတော့သည်။

"ချန်းချန်း... တင်းတုံ... ချန်းရီကို တားထား... သူ့ကို ထွက်ပြေးခွင့် မပေးနဲ့"

ဝူကျန့်ရှန်း၏ အမုန်းတရားများ ပြည့်နှက်နေသော အသံ ထွက်ပေါ်လာသည်။

ဒီနေ့ ဘယ်သူတွေ အသက်ရှင်ရှင်... ချန်းရီ တစ်ယောက်တော့ မဖြစ်မနေ သေရမည်။

ဆက်ရန်...

All Chapters