အခန်း ၁၅၇
Vol. 8 Ch. 157
အပိုင်း(၁၅၇) ထယ်ရှီး နောက်ချန်နေခဲ့မည်
ဤမြင်ကွင်း၏ အပြောင်းအလဲက အလွန်မြန်ဆန်လွန်းလှရာ လူများကို လုံးဝ တုံ့ပြန်ချိန်ပင် မရလိုက်စေပေ။
ချူချယ်က ထိုသွေးရောင်တံစဉ်ကြီး ကားထဲသို့ စိုက်ဝင်သွားပြီး ချန်းရီ၏ ခန္ဓာကိုယ်ကို ကားထိုင်ခုံတွင် သံမှိုရိုက်ထားသကဲ့သို့ စိုက်တွယ်သွားသည်ကို ကြည့်ရင်း တစ်ကိုယ်လုံး မှင်သက်သွားလေသည်။
ဤယာဉ်တန်းထဲတွင် နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်နိုင်မည့်သူ တစ်ယောက် ရှိမည်ဆိုလျှင် ထိုသူမှာ သေချာပေါက် ချန်းရီသာ ဖြစ်မည်ဟု ချူချယ်က အမြဲတမ်း ယူဆထားခဲ့၏။
သို့သော် ချန်းရီက အစောဆုံး သေဆုံးသွားမည့်သူ ဖြစ်လာမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
မူလက ကားထဲသို့ အပြေးအလွှား ဝင်ရောက်ရန် ပြင်နေသော ခေါင်းဆောင်ချူမှာ ယခုအခါတွင်မူ ထိုနေရာ၌ပင် ကြက်သေသေကာ ရပ်နေမိပြီး မိမိဘာလုပ်ရမည်ကိုပင် ချက်ချင်း မသိတော့ချေ။
ဝမ်းနည်းခြင်းလား။
အနည်းငယ်တော့ ရှိကောင်းရှိနိုင်သော်လည်း ယခုအချိန်တွင်မူ ကြောင်အမ်းအမ်း ဖြစ်နေသည့် အခြေအနေက ပို၍ ကြီးစိုးနေသည်။
ခေါင်းဆောင်ချူ၏ အနောက်တွင် ကပ်လိုက်လာသော ရှုလီနာသည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဒူးနှစ်ဖက် ခွေကျသွားပြီး နှင်းပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်ကျသွားလေသည်။
သူမ၏ မျက်ဝန်းအိမ်ထဲတွင် ထိုစုတ်ပြတ်သတ်နေသော ပစ်ကပ်ကားကြီး၏ ပုံရိပ်က ထင်ဟပ်နေသည်။ ကားပြတင်းပေါက်မှတစ်ဆင့် ကားထဲမှ အမျိုးသားနှင့် ထိုအမျိုးသား၏ ရင်ဘတ်ရှေ့ရှိ ဧရာမ တံစဉ်သွားကြီးကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။ နီရဲနေသော သွေးများက ရင်ဘတ်ထဲမှ စီးကျလာပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများ အားလုံးကို သွေးရောင် လွှမ်းသွားစေသည်။
ရှုလီနာ၏ မျက်ဝန်းများက ရူးသွပ်မတတ် တုန်ခါနေပြီး ချန်းရီ သေဆုံးသွားပြီ ဆိုသည်ကို သူမ လုံးဝ မယုံကြည်နိုင်ပေ။
သံမဏိလို ခိုင်မာ မာကျောတဲ့ နှလုံးသားပိုင်ရှင်က ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ။
ဝမ်းနည်းခြင်းလား။
အနည်းငယ်တော့ ရှိကောင်းရှိနိုင်သည်။
ဝမ်းသာခြင်းလား။
အနည်းငယ်တော့ ပါကောင်းပါနိုင်သည်။
ရှုလီနာ ကိုယ်တိုင်ပင် သူမ၏ ရင်ထဲတွင် မည်သို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေမှန်း အတိအကျ မသိတော့ပေ။
သူမနှင့် ချန်းရီက ချစ်သူတွေလည်း မဟုတ်ခဲ့သလို သူမက ချန်းရီ၏ မိန်းမလည်း မဟုတ်ခဲ့ချေ။
ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ချန်းရီက ရုပ်ရည်အနည်းငယ် သန့်ပြန့်နေလျှင်တောင်မှ သူမအနေဖြင့် သူ့ကို တစ်ချက်ကလေးပင် ပိုကြည့်မည် မဟုတ်ပေ။
သို့သော် ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက်တွင်မူ ဆက်ဆံရေးများက ပြောင်းပြန်လှန်သွားခဲ့သည်။ သူမ မည်မျှပင် လှပနေပါစေ ချန်းရီက သူမကို တစ်ချက်ကလေးပင် ပိုကြည့်ခဲ့သည်ကို မမြင်ခဲ့ရပေ။
မူလက သူမသည် ရေစက်ကျပါများလျှင် ကျောက်ဆောင်ပင် အပေါက်ဖြစ်နိုင်သည်ဟူသော စကားအတိုင်း ကြိုးစားအားထုတ်မှုဖြင့် ထိုပစ်ကပ်ကား၏ ယာဉ်မောင်းဘေးခုံတွင် တစ်နေ့နေ့၌ သူမ ထိုင်ခွင့်ရလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော် သူမ၏ လုပ်ရပ်များ အားလုံးက ဤအမျိုးသား၏ နှလုံးသားကို တစ်ချက်ကလေးမျှပင် မလှုပ်ခတ်စေခဲ့ပေ။
ရှုလီနာသည် သူမ၏ ဆွဲဆောင်မှုများ ကျဆင်းသွားပြီလားဟုပင် တစ်ခဏမျှ သံသယ ဝင်ခဲ့မိသေး၏။
ဤမူလတန်းကျောင်းသို့ ရောက်ရှိလာပြီး အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့် တွေ့ဆုံရချိန်တွင်မူ...
သူမအား ရူးသွပ်မတတ် အရေးတယူ လုပ်ပေးနေကြသော အမျိုးသားများက ရှုလီနာ၏ ယုံကြည်မှုကို ပြန်လည် ပြည့်ဝလာစေခဲ့သည်။
သို့သော် ဤအမျိုးသားက ဤမျှ လွယ်လွယ်ကူကူ သေဆုံးသွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ရှုလီနာက နှုတ်ခမ်းများကို လှုပ်ရှားလိုက်ပြီး တုန်ယင်နေသော အသံဖြင့် ရေရွတ်လိုက်သည်။
"သူ... သေသွားပြီလား"
"သူက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ"
"လူဆိုးက သက်တမ်းရှည်တယ် ဆိုတဲ့ စကားရှိတယ်... သူလို လူဆိုးက နောက်ဆုံးအထိ သေချာပေါက် အသက်ရှင်နိုင်မှာပါ"
"ဒါ... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"
စိတ်လှုပ်ရှား ရှုပ်ထွေးနေသူ နောက်တစ်ဦးမှာ ရွှီနန် ဖြစ်သည်။
ချန်းရီ ဤကဲ့သို့ သေဆုံးသွားသည်ကို ကြည့်ရင်း ရွှီနန်သည်သာ တကယ်တမ်း ဝမ်းနည်းနေသူ တစ်ဦးတည်းသော သူ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ရွှီနန်၏ အမြင်တွင် ချန်းရီသည်သာ ယာဉ်တန်းတစ်ခုလုံး၌ တစ်ဦးတည်းသော ထူးခြားသူ ဖြစ်သည်။
ချန်းရီကို ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့ချိန်မှစ၍ ရွှီနန်သည် ချန်းရီ၏ အေးစက်စက် လျစ်လျူရှုမှုကို ခံစားခဲ့ရသည်။
သူ မျက်နှာ ပျက်စီးသွားခဲ့သည့် အချိန်ထိတိုင်အောင် ရွှီနန် ခံစားခဲ့ရသည်မှာ ချန်းရီ၏ လျစ်လျူရှုမှုသာ ဖြစ်နေဆဲပင်။
အစမှ အဆုံးတိုင်အောင် သူ့အပေါ် ထားရှိသည့် သဘောထား လုံးဝ မပြောင်းလဲခဲ့သူမှာ ချန်းရီ တစ်ယောက်တည်းသာ ရှိခဲ့သည်။
စွန်းချန်းချန်းသည် ပတ်ဝန်းကျင်ရှိ မိစ္ဆာများနှင့် တွားသွားကောင်များကို ဓားတစ်ချက်တည်းဖြင့် ရှင်းလင်းလိုက်ပြီး တင်းတုံကို ထူမပေးလိုက်ကာစသာ ရှိသေးသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် စွန်းချန်းချန်း တစ်ကိုယ်လုံး ကြက်သေသေသွားလေသည်။
သူမသည် တင်းတုံကို တွဲကိုင်ထားရင်း သူမ၏ မျက်ဝန်းထဲတွင် ချန်းရီ အသတ်ခံလိုက်ရသည့် မြင်ကွင်းကသာ နေရာယူထားပြီး ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။
"သူ... သေသွားပြီလား"
"သူက... ဘယ်လိုလုပ်ပြီး ဒီလို လွယ်လွယ်လေး သေသွားနိုင်ရတာလဲ"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် စွန်းချန်းချန်းက အိပ်မက်မက်နေသကဲ့သို့ ခံစားရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးက တကယ့်အစစ်အမှန် မဟုတ်တော့သလို ထင်မှတ်နေမိသည်။
သေလုမျောပါး ဖြစ်နေသော တင်းတုံပင်လျှင် ဤအချိန်၌ ထိုနေရာတွင် မှင်သက်နေမိသည်။
ယခုအချိန်တွင် သူမ၏ ညာဘက်လက်က ကျိုးနေပြီး ခန္ဓာကိုယ် နေရာအနှံ့အပြားတွင်လည်း ဒဏ်ရာများ ရရှိထားသဖြင့် သူမ တစ်ကိုယ်လုံး မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။
သူမ ကိုယ်ပေါ်ရှိ သွေးများက တစ်ကိုယ်လုံးရှိ အဝတ်အစားများကို နီရဲသွားစေသည်။
စွန်းချန်းချန်းသာ အချိန်မီ ရောက်မလာခဲ့ပါက သူမသည် တွားသွားကောင်များနှင့် အခြားသော မိစ္ဆာများ၏ ဝိုင်းဝန်း ကိုက်ဖြတ်စားသောက်ခြင်းကို ခံလိုက်ရမည်မှာ သေချာလှသည်။
သူမသည် ဝူကျန့်ရှန်း၏ အမိန့်ကို နာခံပြီး ချန်းရီကို တားဆီးထားချင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမနှင့် ချန်းရီကြားတွင် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ပေ။
သူတို့နှစ်ဦးသည် ရပ်တည်ချက် မတူညီကြရုံသာ ဖြစ်သည်။
သူမက ဦးလေးဝူ၏ ဘက်တွင် ရပ်တည်ရန် ရွေးချယ်ခဲ့ရုံမျှသာ။
ချန်းရီ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း တင်းတုံသည် သိပ်ပြီး မကျေမနပ် ဖြစ်မနေခဲ့ပေ။
ချန်းရီက မည်သို့သော စရိုက်မျိုး ရှိသည်ကို သူမ သိထားပြီး ဖြစ်သလို ချန်းရီနှင့် လမ်းခွဲရမည့် အခြေအနေအတွက်လည်း သူမ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော် ချန်းရီက ဤမျှအထိ ပြင်းထန်သော တိုက်ကွက် အသုံးပြုလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ကမ္ဘာပျက်ကပ်သာ မဟုတ်ခဲ့လျှင် ဤကောင်မလေး အလိုချင်ဆုံး အရာမှာ တိတ်ဆိတ်အေးချမ်းသော နေရာတစ်ခုကို ရှာဖွေပြီး နေ့စဉ် ပန်းပင်လေးများ စိုက်ကာ၊ ဟင်းသီးဟင်းရွက်လေးများ စိုက်ပျိုးရင်း သိုင်းပညာလေး လေ့ကျင့်နေရန်သာ ဖြစ်သည်။
သူမသည် တည်ငြိမ်အေးချမ်းသော စရိုက်သဘာဝရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။
ယခင်က ကုလားအုတ်ယာဉ်တန်းတွင် မိုဟိုင်ရမ်တို့ လူစုက အလွန်အကျွံ လုပ်ဆောင်ခဲ့ခြင်းသာ မရှိခဲ့ပါက...
တင်းတုံသည် ချန်းရီနှင့် လုံးဝ ပူးပေါင်းခဲ့မည် မဟုတ်ပေ။
သို့သော် ယခုတော့ ချန်းရီ သေဆုံးသွားခဲ့ပြီ။
ချန်းရီက သူမအပေါ် သက်ညှာပေးခဲ့ခြင်း မရှိခဲ့လျှင်တောင်မှ...
သူမက ချန်းရီကို သေစေချင်ခဲ့သည်တော့ မဟုတ်ပေ။
သူမ၏ အမြင်တွင် နှစ်ဖက်စလုံးက ရှုထောင့်မတူညီကြဘဲ အတွေးအခေါ် ကိုယ်စီ ရှိနေကြခြင်းသာ ဖြစ်သည်။
ခွန်ရှီးအတွက်ကမူ ဤကောင်ကြီးသည် လက်တစ်ဖက်စီဖြင့် တွားသွားကောင် တစ်ကောင်စီကို ဆွဲမထားရင်း ဤဘက်သို့ လှမ်းကြည့်ကာ ရုပ်တုတစ်ခုအလား ရပ်တန့်နေလေသည်။
သူက လက်ထဲမှ အားကို ညှစ်ထုတ်လိုက်ပြီး တွားသွားကောင်များ၏ ခေါင်းကို တိုက်ရိုက် ညှစ်ချေ ဖောက်ခွဲပစ်လိုက်သည်။
ဝူကျန့်ရှန်းသည် မရဏနတ်သမီး၏ တံစဉ်ကြီးက ချန်းရီ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်ကို မြင်လိုက်ရသည်။
သူ၏ နှုတ်ခမ်းထောင့်များက နောက်ဆုံးတွင် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားလေသည်။
ချန်းရီ၏ သေဆုံးမှုက သူ၏ ရင်ထဲတွင် အလွန်တရာ ကျေနပ်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်။
သူ့ကို သစ္စာဖောက်ပြီးနောက် အသက်ရှင်နိုင်မည့်သူဟူ၍ မည်သူမျှ မရှိချေ။
သို့သော်... လည်ပင်းက ဘာကြောင့်များ အနည်းငယ် အေးစက်စက် ဖြစ်နေရသနည်း။
သူက လက်လှမ်းပြီး လည်ပင်းကို စမ်းကြည့်ရန် ပြင်လိုက်ချိန်တွင်...
ဝူကျန့်ရှန်းသည် သူ၏ အမြင်အာရုံက တဖြည်းဖြည်း မြင့်တက်လာပြီး လေထဲတွင် မျဉ်းကွေးတစ်ခု ရေးဆွဲလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် သူ၏ ဆံပင်များကို လူတစ်ယောက်က ဆောင့်ဆွဲကိုင်ထားလိုက်သည်ကို ခံစားလိုက်ရ၏။
ဝူကျန့်ရှန်းသည် ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
ဒါ... ချန်းရီလား။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ဝူကျန့်ရှန်းက မရဏနတ်သမီးရှိရာ ဘက်သို့ မျက်လုံးလှန်ကြည့်လိုက်ရာ ကားထဲရှိ ချန်းရီမှာ ယခုအခါ မီးခိုးငွေ့များအဖြစ် တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားနေသည်ကို တွေ့လိုက်ရသည်။
ထိုကားထဲတွင် မည်သည့် အလောင်းမျှ မရှိတော့သလို ချန်းရီဆိုသူလည်း လုံးဝ မရှိတော့ပေ။
ထို့နောက်တွင်တော့ အဆုံးအစမဲ့သော အမှောင်ထုကြီးက ဝင်ရောက်လာတော့သည်။
လူတို့သည် ခေါင်းဖြတ်ခံရပြီးနောက် စက္ကန့်အနည်းငယ်ခန့် သတိရှိနေတတ်ကြရာ ဤသည်မှာ ဝူကျန့်ရှန်း နောက်ဆုံး မြင်တွေ့လိုက်ရသော မြင်ကွင်းပင် ဖြစ်သည်။
သေချာသည်မှာ... ဝူကျန့်ရှန်းသည် မရဏနတ်သမီးက ကားပေါ်မှ ဆင်းလာပြီး သူ့ကို ကယ်တင်ရန် အပြေးအလွှား လာနေပုံရသည်ကိုလည်း မြင်တွေ့ခဲ့ရသေးသည်။
သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ မရဏနတ်သမီး၏ ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးတုံ့ဆိုင်းသွားကာ ရပ်တန့်သွားပြီး သူမ၏ မျက်ဝန်းများကလည်း ဗိုင်းရပ်စ် ဝင်ရောက်ခံထားရသော ကွန်ပျူတာတစ်လုံးကဲ့သို့ ရှုပ်ထွေးကစဉ့်ကလျား ဖြစ်လာလေသည်။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
ချူချယ်၊ ထယ်ရှီး၊ စွန်းချန်းချန်း၊ ရှုလီနာ၊ ရွှီနန်နှင့် လူအားလုံးသည်...
ချန်းရီ၏ အလောင်းမှာ မီးခိုးငွေ့အဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီးနောက် ဝူကျန့်ရှန်း၏ ဘေးရှိ အမှောင်ထုထဲမှ ချန်းရီ ထွက်ပေါ်လာကာ ဝူကျန့်ရှန်း၏ ခေါင်းကို ဓားတစ်ချက်တည်းဖြင့် ခုတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ကြရသည်။
ဤလုပ်ငန်းစဉ် တစ်ခုလုံးမှာ ပြောရလျှင် ကြာသော်လည်း အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် လူများကို နောက်ထပ် တုံ့ပြန်မှုများ ပြုလုပ်ရန် လုံးဝ အချိန်မရလိုက်စေပေ။
ဝူကျန့်ရှန်း ကိုယ်တိုင်ပင် သေဆုံးသွားသော လူတစ်ယောက်က ဤကဲ့သို့ ပြန်လည် အသက်ရှင်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ဝူကျန့်ရှန်း သေဆုံးသွားခဲ့ပြီ။ မရဏနတ်သမီးကလည်း ခြေလှမ်းများကို လုံးဝ ရပ်တန့်လိုက်ပြီး ချန်းရီနှင့် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား ကြားတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေလေသည်။
လက်တစ်ဖက်က သွေးရောင်တံစဉ်ကြီးကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ခေါင်းကို ကိုင်ထားကာ သူမ၏ စိတ်အာရုံများ အလွန်အမင်း ရှုပ်ထွေးနေပုံရသည်။
သူမ၏ ပါးစပ်မှ အလွန်တရာ စူးရှကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
လူအားလုံး၏ နားစည်များ နာကျင်သွားသည်အထိ တုန်ခါသွားစေ၏။
"အားးးးးးးးးးးးးးးးးးးးးး"
ယခုအချိန်တွင် ဤမရဏနတ်သမီး၏ အမူအရာက စိတ်ကျန်းမာရေး ချို့ယွင်းနေသော လူနာတစ်ဦးနှင့် အလွန် တူနေလေသည်။
"တောက်... မင်းတို့မသွားကြသေးဘူးလားကွ"
ချန်းရီက ယခုအချိန်တွင် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားဆီသို့ အပြေးအလွှား သွားလိုက်သည်။
ချူချယ်၏ ဦးနှောက်ထဲတွင် သံကြိုးခလောက်တစ်ခု ချက်ချင်း ပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မူလကတည်းက သူ၏ ဦးနှောက်ထဲတွင် တည်ရှိနေခဲ့သော ပုံရိပ်တစ်ခုကို ပြန်လည် တူးဖော်တွေ့ရှိလိုက်ရပြီး ဤလူသည် ချူချယ်အတွက် အလွန် ရင်းနှီးနေသူ ဖြစ်သည်။
ဤလူသည်သာ မိမိ၏ တကယ့် "ခေါင်းဆောင်အစစ်" ဖြစ်သည်။
ဝူကျန့်ရှန်းဆိုတာကရော။
လုံးဝ မသိတဲ့လူပဲ။
ခေါင်းဆောင်ချူ တစ်ကိုယ်လုံး အေးစက်ခဲဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ချူချယ် တစ်ယောက်တည်း၏ ဦးနှောက်ကသာ ချက်ချင်း ကြည်လင်သွားခြင်း မဟုတ်ပေ။
စွန်းချန်းချန်း၊ ထယ်ရှီးနှင့် တင်းတုံတို့ သုံးဦးစလုံးလည်း ချက်ချင်း အသိစိတ် ပြန်ဝင်လာကြသည်။
ဝူကျန့်ရှန်း၏ သေဆုံးမှုက သူ၏ အစွမ်းများကို လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။
တင်းတုံ၏ မျက်နှာက ရှက်သွေးဖြာသွားပြီး စကားတစ်ခွန်းကို အတင်းညှစ်ထုတ်ကာ ပြောလိုက်သည်။
"အရမ်း အစွမ်းထက်တဲ့ စွမ်းရည်ပဲ"
"အားလုံးပဲ... အခု ချက်ချင်း ထွက်ပြေးဖို့က အရေးအကြီးဆုံးပဲ... ကိုယ့်အမှတ်အသားတွေကို ယူသွားဖို့ မမေ့ကြနဲ့"
"ဒီတစ်ခေါက်တော့ အားလုံး ခွဲပြီး ပြေးကြတာပေါ့... အသက်ရှင်အောင် ကြိုးစားကြပါ"
"ငါ မင်းတို့ကို ပြန်လာရှာတဲ့ အချိန်အထိ အသက်ရှင်အောင်နေကြ"
ထိုသို့ ပြောပြီးနောက် ချူချယ်က သူ၏ ကားပေါ်သို့ အလျင်အမြန် ခုန်တက်လိုက်သည်။
နားမလည်နိုင်သော ကိစ္စများစွာ ရှိနေသေးသော်လည်း ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ထွက်ပြေးလွတ်မြောက်ရန်သာ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် အခွင့်အရေးကို ချောင်းမြောင်းနေသော မိစ္ဆာများစွာ ကျန်ရှိနေသေးသည်။
တွားသွားကောင်များ၏ အရေအတွက် တစ်ခုတည်းကပင် လူများကို ကြက်သီးထစေရန် လုံလောက်နေပြီ ဖြစ်သည်။
ခုနက ဤမိစ္ဆာများသည် မရဏနတ်သမီး၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်သွားရုံသာ ဖြစ်ပြီး ၎င်းတို့က သက်သက်လွတ်စားမည့် ကောင်များဟု ဆိုလိုခြင်း မဟုတ်ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အံကြိတ်ကာ တင်းတုံကို တွဲလျက် သူမ၏ ကားပေါ်သို့ အလျင်အမြန် ခုန်တက်လိုက်သည်။
ယခု မြင်ကွင်းမျိုးကို ယာဉ်တန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများ အားလုံးက အလွန်တရာ ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သည်။
ခွန်ရှီး ကိုယ်တိုင်ပင် အခြေအနေကို နားလည်သွားပြီး သူ၏ ကျောင်းကားရှိရာသို့ အပြေးအလွှား ပြေးသွားလေသည်။
ခေါင်းဆောင်ချူ၏ လမ်းကြမ်းမောင်းကားပေါ်တွင် လူများ ပြည့်နှက်နေပြီ ဖြစ်သည်။
ရှုလီနာ၊ ရွှီနန်နှင့် အခြားသူများမှာ အခြားကားများကိုသာ ရှာဖွေရတော့မည် ဖြစ်သည်။
ဤအချိန်တွင် ချန်းရီ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက အနီးဆုံး ဖြစ်နေသည်။
သို့သော် သူတို့နှစ်ဦး ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် အခြေအနေကို သတိထားမိသွားသကဲ့သို့ တစ်ဖက်သို့ လှည့်ကာ အခြားကားများဆီသို့ ပြေးသွားကြသည်။
ယာဉ်တန်းမှ အချို့သော အသက်ရှင်ကျန်ရစ်သူများမှာလည်း အလောတကြီး ပြေးလွှားရင်း ချန်းရီ၏ ကားပေါ်သို့ ရောက်သွားသည်ကို သတိထားမိလိုက်ချိန်တွင် ချက်ချင်း ကြောက်လန့်တကြား ချွေးသီးချွေးပေါက်များ ကျလာကာ ကားပေါ်မှ တိုက်ရိုက် ခုန်ဆင်းပြီး အခြားကားများဆီသို့ ပြေးသွားကြလေသည်။
အနောက်မှ လိုက်ပါပြေးလွှားနေကြသော မရဏနတ် ဂိုဏ်းမှ တပည့်များမှာမူ မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေကြ၏။
တောက်... အခုလို အချိန်မျိုးမှာတောင် ဘာတွေ ရွေးချယ်နေကြတာလဲ။
မရဏနတ် ဂိုဏ်းမှ တပည့်အချို့က မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ချန်းရီ၏ ပစ်ကပ်ကား နောက်ခန်းပေါ်သို့ တွယ်တက်သွားကြသည်။
ချန်းရီ၏ ပစ်ကပ်ကားက စက်နှိုးပြီး ကျောင်းတံခါးဝဆီသို့ အရှိန်ဖြင့် ပြေးထွက်သွားပြီ ဖြစ်သည်။
ကျောင်းဝင်းထဲတွင် တစ်ခဏအတွင်း အော်ဟစ်ငိုကြွေးသံများ၊ ကယ်ဆယ်ရေး တောင်းခံသံများ၊ ဆဲဆိုသံများဖြင့် ဆူညံသွားလေသည်။
ကားအနောက်တွင် မရေမတွက်နိုင်သော မိစ္ဆာများက ရူးသွပ်မတတ် ပြေးလိုက်လာကြပြီး ၎င်းတို့က ကားနောက်ကို အဆုံးထိ လိုက်ရန် ရည်ရွယ်ထားပုံရကာ လုံးဝ လက်လျှော့မည့် အရိပ်အယောင် မရှိပေ။
"ထယ်ရှီး... နောက်ကနေ ကာကွယ်ပေးထား"
ချန်းရီက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"သိပြီ... ချန်းရီ... ငါ့တာဝန်ထားလိုက်"
ထယ်ရှီး၏ ရိုးအအ အသံကြီး ထွက်ပေါ်လာသည်။
"ငတုံးကောင်... နောက်ကနေ ကာကွယ်ရအောင် မင်းက သေချင်နေတာလား"
ခွန်ရှီး၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။
ဆက်ရန်...