← Chapters

အခန်း ၁၆၀

Vol. 8 Ch. 160

အခန်း ၁၆၀

Vol. 8 Ch. 160

အပိုင်း(၁၆၀) မိစ္ဆာပစ်ကပ်ကား

ဤတစ်ကြိမ် ရရှိလိုက်သော အကျိုးအမြတ်များထဲတွင် အဓိကအားဖြင့် သတ်ဖြတ်မှတ်များနှင့် အခုချိန်ထိ တက်ကြွစွာ လှုပ်ရှားရုန်းကန်နေဆဲဖြစ်သော ရေဘဝဲလက်တံကြီးတို့ ပါဝင်သည်။

ယခုအချိန်အထိတိုင်အောင် ၎င်းရေဘဝဲလက်တံကြီးက အလွန်တရာ ပြင်းထန်သော အသက်ဝင်လှုပ်ရှားမှုမျိုး ရှိနေဆဲပင်။

ချန်းရီက ထိုရေဘဝဲလက်တံကြီးကို လှမ်းကိုင်လိုက်သောအခါ လက်တံပေါ်ရှိ စုပ်ခွက်များဆီမှ ပြင်းထန်သော စုပ်ယူအားကိုပင် ခံစားနေရသေး၏။

လုံးဝကို ယုံနိုင်စရာ မရှိလောက်အောင်ပင်။

ထို့အပြင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားစေသည့် ဤခံစားချက်မျိုးကြောင့် စစ်ဆေးမှု မလုပ်ရသေးလျှင်တောင်မှ ဤရေဘဝဲလက်တံကြီးက သာမန် သဘာဝလွန်ပစ္စည်း ကုန်ကြမ်းတစ်ခု မဟုတ်ကြောင်း ချန်းရီက အသေအချာ အတည်ပြုနိုင်လေသည်။

နှမြောစရာ ကောင်းသည်က ထိုအချိန်တုန်းက နှင်းကောင်မလေး ဆီမှ ကျလာသော ကြည်လင်သည့် သလင်းကျောက်တစ်ခုနှင့် ဝံပုလွေခေါင်း မိစ္ဆာ၏ အစွယ်တို့ ကျန်ရစ်နေခဲ့ခြင်းပင် ဖြစ်သည်။

ထိုစဉ်က အလွန်အမင်း အရေးကြီးကာ အလျင်စလို ဖြစ်နေခဲ့သဖြင့် အခြားပစ္စည်းများကို ထပ်ယူရန် အချိန်လုံးဝ မရလိုက်ပေ။

အကယ်၍များ အခွင့်အရေးသာ ရှိခဲ့မည်ဆိုလျှင်။

တကယ်တမ်း ချန်းရီ အလိုချင်ဆုံးအရာက မရဏနတ်သမီး၏ လက်ထဲမှ သွေးရောင် တံစဉ်ကြီးပင် ဖြစ်သည်။

ခြေလက်ရှစ်ဖက်နှင့် လူမျက်နှာ၊ ဝံပုလွေခေါင်း မိစ္ဆာနှင့် ထို နှင်းကောင်မလေး၊ မည်သည့်အကောင် ထွက်လာသည်ဖြစ်စေ သူတို့တစ်ဖွဲ့လုံးကို ပြုတ်ပြုတ်ပြုန်းသွားစေနိုင်စွမ်း ရှိကြသည်။

သို့သော် ထိုသွေးရောင်တံစဉ်ကြီး၏ အောက်တွင်တော့ အသီးအရွက်များကို လှီးဖြတ်နေရသကဲ့သို့ လွယ်ကူလွန်းနေခဲ့သည်။

နောက်ထပ် ရရှိလိုက်သော အကျိုးအမြတ်တစ်ခုမှာ သတ်ဖြတ်မှတ်များပင် ဖြစ်သည်။

ယခင်က ရှိသမျှ သတ်ဖြတ်မှတ်များကို အကုန်အစင် သုံးစွဲပစ်လိုက်မှသာ သူ၏ စွမ်းရည်ကို လမ်းစဉ် အဆင့် (၂) သို့ မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင် တိုက်ပွဲများတွင် သေချာ မပါဝင်ခဲ့သောကြောင့် သတ်ဖြတ်မှတ် အများအပြား မရရှိခဲ့ပေ။

အဓိက သတ်ဖြတ်မှတ်များ ရရှိခဲ့ခြင်းမှာ ဝူကျန့်ရှန်း ကို သတ်ဖြတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဝူကျန့်ရှန်းသည် လမ်းစဉ် အဆင့် (၃) ရှိသော နတ်ကိုးကွယ်ခြင်း လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။

အခြား ရရှိမှုများမှာ ထွက်ပြေးစဉ်အတွင်း တွားသွားကောင် အများအပြားကို တိုက်ကြိတ်မိခဲ့ခြင်းနှင့် တင်းတုံ ကို ဝင်တိုက်မိခဲ့ခြင်းတို့မှ သတ်ဖြတ်မှတ် အများအပြား ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ချန်းရီ၏ လက်ကျန် သတ်ဖြတ်မှတ်များမှာ လေးသောင်းကို ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး လေးသောင်းသုံးထောင်ကျော်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သတ်ဖြတ်မှတ် လေးသောင်းဆိုသည်မှာ သိပ်တော့ မများလှပေ။

အသူရာ သွေးမျက်လုံးနှင့် ခြေလက်ရှစ်ဖက် လူမျက်နှာတို့သည် ချန်ဝမ်ရပ်ကွက်၏ အကြီးမားဆုံး မိစ္ဆာကြီးသုံးကောင်ထဲတွင် ပါဝင်ကြသဖြင့် ဤရေဘဝဲလက်တံ၏ တန်ဖိုးမှာလည်း အသူရာ သွေးမျက်လုံးမှ ချန်ရစ်ခဲ့သော သွေးမျက်လုံးနှင့် သိပ်မကွာလှဟု တွေးမိသည်။

"စနစ်... စစ်ဆေးမယ်"

[စစ်ဆေးခအတွက် သတ်ဖြတ်မှတ် ၃၀၀၀ လိုအပ်ပါသည်။ သင့်အနေဖြင့် ပေးချေရန် အတည်ပြုပါသလား]

သတ်ဖြတ်မှတ် ၃၀၀၀ တောင်။

ထိုစစ်ဆေးခကို ကြားလိုက်ရချိန်တွင် ချန်းရီက ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။

သို့သော် ချက်ချင်းဆိုသလိုပင် သူ၏ စိတ်ထဲ၌ စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာတော့သည်။

ဤမျှ ဈေးကြီးသော စစ်ဆေးခက ဤရေဘဝဲလက်တံမှာ သာမန်မဟုတ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။

ချန်းရီက အံကြိတ်လိုက်ပြီး စစ်ဆေးရန် တိုက်ရိုက် အတည်ပြုလိုက်သည်။

စနစ်ဆီမှ အကြောင်းပြန်မှု ချက်ချင်း ထွက်ပေါ်လာ၏။

[ပစ္စည်းအမည် - ခြေလက်ရှစ်ဖက် လူမျက်နှာ၏ ရေဘဝဲလက်တံ]

[ဇာစ်မြစ် - ဤပစ္စည်းသည် ရုံမြို့ ချန်ဝမ်ရပ်ကွက်ရှိ ကြီးမားသော မိစ္ဆာကြီး သုံးကောင်အနက်မှ တစ်ကောင်ဖြစ်သည့် ခြေလက်ရှစ်ဖက် လူမျက်နှာ၏ ရေဘဝဲလက်တံ ဖြစ်သည်။ ပြင်းထန်သော အသက်ဝင်လှုပ်ရှားနိုင်စွမ်းရှိပြီး ခြေလက်ရှစ်ဖက် လူမျက်နှာ၏ အချို့သော အစွမ်းများကို ထိန်းသိမ်းထားသည်]

[အကြံပြုချက် - အကယ်၍ ဤပစ္စည်းကို သင့်တော်သော ဖန်တီးရှင်တစ်ဦးမှ သဘာဝလွန်ပစ္စည်းတစ်ခုအဖြစ် ဖန်တီးမည်ဆိုပါက အဆင့်နံပါတ်စဉ် (၁၀၀၀) အတွင်း ဝင်နိုင်သော သဘာဝလွန်ပစ္စည်း တစ်ခုကို ရရှိနိုင်မည် ဖြစ်သည်။ သေချာပေါက် အောက်ဆုံးအဆင့်လောက်တွင် ရှိနေမည် မဟုတ်ပါ]

[မှတ်ချက် - သဘာဝလွန်ပစ္စည်းများ၏ အဆင့်မြင့်လေလေ ဘေးထွက်ဆိုးကျိုးများက လက်ခံနိုင်ရန် ပိုမို ခက်ခဲလေလေ ဖြစ်သည်]

[သုံးသပ်ချက် - ဤလက်တံကို အသုံးပြု၍ တစ်စုံတစ်ယောက်၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်မည်ဆိုပါက ထိုပစ်ကပ်ကားကို အဆင့်နံပါတ်စဉ် (၁၀၀၀) အတွင်းသို့ ဝင်ရောက်သွားစေမည် ဖြစ်သည်။ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် မိစ္ဆာပစ်ကပ်ကား အဖြစ်သို့ အဆင့်မြှင့်တင်ခံရရန် အလွန် ဖြစ်နိုင်ခြေရှိပြီး ၎င်း၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ပြီးပြည့်စုံစွာ ရှောင်ရှားနိုင်မည် ဖြစ်သည်]

[ဘာကြောင့် ဘေးထွက်ဆိုးကျိုး မရှိသနည်း ဆိုလျှင်၊ အကြောင်းမှာ သင်က ချန်းရီ ဖြစ်နေသောကြောင့်ပင်တည်း]

နောက်ဆုံး သုံးသပ်ချက်ကို မြင်လိုက်ရချိန်တွင် နေကာမျက်မှန်နောက်ကွယ်ရှိ ချန်းရီ၏ သွေးမျက်လုံးမှ အနီရောင်အလင်းတန်းများ သဲ့သဲ့လေး လက်ခနဲ ဖြစ်သွားခဲ့သည်။

သတ်ဖြတ်မှတ် ၃၀၀၀ ပေးရသည်မှာ တကယ်ကို တန်လွန်းလှပေသည်။

အထူးသဖြင့် နောက်ဆုံး သုံးသပ်ချက်ပင်။

ယခင်က သွေးမျက်လုံးကို စစ်ဆေးစဉ်တုန်းက သုံးသပ်ချက်တွင် "အကယ်၍ တစ်စုံတစ်ယောက်က အမြင်အာရုံ တဖြည်းဖြည်း ဆုံးရှုံးနေသော ဘယ်ဘက်မျက်လုံးနေရာတွင် ၎င်းကို အစားထိုး အသုံးပြုလိုပါက အလွန်တရာ သတိထား၍ ကိုင်တွယ်ရန် လိုအပ်သည်" ဟု ရေးသားထားခဲ့သည်။

ထိုအချိန်က ဤစာသားကို သူ မြင်လိုက်ရသည်နှင့် သွေးမျက်လုံးဖြင့် သူ့မျက်လုံးကို အစားထိုးရန် နည်းလမ်းမှာ ဖြစ်နိုင်ခြေရှိကြောင်းကို သူ သိရှိခဲ့သည်။ သတိထားပြီး ကိုင်တွယ်ဖြေရှင်းရန်သာ လိုအပ်ခြင်း ဖြစ်သည်။

ယခုအခါတွင်တော့။

ဤသတ်ဖြတ်မှတ် ၃၀၀၀ မှာ စနစ်က အဆင့်မြှင့်တင်ရေး လမ်းကြောင်းကို ထောက်ပံ့ပေးလိုက်ခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။

မိစ္ဆာပစ်ကပ်ကား ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်းကို မသိရသေးသော်လည်း။

သို့သော် အဆင့်နံပါတ်စဉ် (၁၀၀၀) အတွင်းရှိသော သဘာဝလွန်ပစ္စည်း တစ်ခုဖြစ်သည့်အပြင် ဘေးထွက်ဆိုးကျိုး လည်း မရှိပေ။

ဤအရာကို အဆင့် (၁၀၀) အတွင်းရှိ သဘာဝလွန်ပစ္စည်း တစ်ခုနှင့် လာရောက် လဲလှယ်မည်ဆိုလျှင်တောင် ချန်းရီက လုံးဝ လက်ခံမည် မဟုတ်ပေ။

သဘာဝလွန်ပစ္စည်းများ၏ အဆင့်နံပါတ်စဉ် ရှေ့ရောက်လေလေ စွမ်းအား ကြီးမားလေလေ ဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုးများကလည်း ပိုမို ကြီးမားလာလေလေ ဖြစ်ကြောင်းကို သိထားရမည်။

ယခင်ကတည်းက ကမ္ဘာပျက်ကပ် ပစ်ကပ်ကားတွင် ဘေးထွက်ဆိုးကျိုး မရှိခဲ့ဘဲ အဆင့်မြှင့်တင်ပြီးနောက်တွင်လည်း ဘေးထွက်ဆိုးကျိုး ရှိလာမည် မဟုတ်ပေ။

ဤသည်မှာ သိသာထင်ရှားစွာပင် အလွန်ကောင်းမွန်လှပေသည်။

ယခုအခါ ဤပစ်ကပ်ကားသည် သာမန် ယာဉ်တစ်စီး မဟုတ်တော့ဘဲ အရေးကြီးသော အချိန်များတွင် လက်နက်တစ်ခုအဖြစ်ပါ အသုံးပြုနိုင်နေပြီ ဖြစ်သည်။

"စနစ်... မိစ္ဆာပစ်ကပ်ကား အဖြစ် အဆင့်မြှင့်တင်ဖို့ သတ်ဖြတ်မှတ် ဘယ်လောက် လိုအပ်သလဲ"

အဆင့်နံပါတ်စဉ် (၁၀၀၀) အတွင်း ဝင်နိုင်သည့် အဆင့်ဖြစ်သောကြောင့် လိုအပ်မည့် သတ်ဖြတ်မှတ် ပမာဏမှာ အလွန် များပြားနိုင်ကြောင်း ချန်းရီက စိတ်ထဲမှ ခန့်မှန်းမိပြီး ဖြစ်သည်။

သို့သော် မသိရသေးသရွေ့ သူ၏ ရင်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။

[မိစ္ဆာပစ်ကပ်ကား အဖြစ် အဆင့်မြှင့်တင်ရန် ပိုင်ရှင်အနေဖြင့် သတ်ဖြတ်မှတ် နှစ်သိန်း ပေးချေရန် လိုအပ်ပါသည်။ ပေးချေလိုပါသလား]

ချန်းရီ "..."

တောက်။

ဈေးကြီးမည်ကို ကြိုသိထားသော်လည်း ဤမျှလောက်အထိ ဈေးကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

နေပါဦး။ ယခင်က သွေးမျက်လုံး တပ်ဆင်ရန် အဆင့်မြှင့်တင်တုန်းက သတ်ဖြတ်မှတ် ငါးသိန်းတောင် လိုအပ်ခဲ့တာ။ ယခု မိစ္ဆာပစ်ကပ်ကားကို အဆင့်မြှင့်တင်ရာတွင်တော့ နှစ်သိန်းတည်းသာ လိုအပ်သည်လား။

မိစ္ဆာပစ်ကပ်ကား၏ အဆင့်က သွေးမျက်လုံးထက် ပိုမြင့်သင့်သည် မဟုတ်ပါလော။ မည်သို့ဖြစ်၍ ပိုပြီး ဈေးပေါနေရသနည်း။

ချန်းရီက စိတ်ထဲရှိ သံသယများကို မေးမြန်းလိုက်သည်။

[သွေးမျက်လုံး အဆင့်မြှင့်တင်ခြင်း၏ ရည်ရွယ်ချက်မှာ ဘယ်ဘက်မျက်လုံး နေရာတွင် အစားထိုးရန်နှင့် သွေးမျက်လုံး၏ အစွမ်းများကို အမြင့်ဆုံးအဆင့်အထိ ထိန်းသိမ်းထားနိုင်ရန် ဖြစ်သည်။ ၎င်းသည် အထူးပြု အဆင့်မြှင့်တင်မှု အမျိုးအစားဖြစ်ပြီး စနစ်မှ အပြည့်အဝ တာဝန်ယူကာ ဘေးထွက်ဆိုးကျိုးများကို ဖယ်ရှားပေးရခြင်း ဖြစ်သည်]

[မိစ္ဆာပစ်ကပ်ကား အဆင့်မြှင့်တင်ခြင်းမှာမူ ပုံမှန် အဆင့်မြှင့်တင်မှုသာ ဖြစ်သည်။ ဘေးထွက်ဆိုးကျိုး ကင်းစင်ခြင်းသည် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ မူလလက္ခဏာကို ဆက်ခံခြင်းသာဖြစ်ပြီး စနစ်ဘက်မှ သီးသန့် အကောင်းမွန်ဆုံးဖြစ်အောင် တာဝန်ယူ ဖယ်ရှားပေးစရာ မလိုအပ်ပါ]

သတ်ဖြတ်မှတ် နှစ်သိန်းဆိုသည်ကို ချန်းရီ အနေဖြင့် ယခုအချိန်တွင် သေချာပေါက် မထုတ်ပေးနိုင်သေးပေ။

ထို့ကြောင့် သက်ပြင်းချလိုက်ရင်း တလူးလူး လှုပ်ရှားနေသော ရေဘဝဲလက်တံကြီးကို သိမ်းဆည်းလိုက်ရုံသာ တတ်နိုင်တော့သည်။

ထို့နောက် ချန်းရီက နောက်ထပ် ပစ္စည်းတစ်ခုကို သတိရသွား၏။

အရေခွံဆုတ် တစ္ဆေ ဦးရေပြား ပင် ဖြစ်သည်။

ဤအနီရောင် အရေခွံသည် ချန်းရီနှင့်အတူ ပါလာခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သည်။

၎င်း၏ စစ်ဆေးခမှာ (၁၀၀) သာ ကျသင့်ပြီး စနစ်က ပေးသော စစ်ဆေးချက် ရလဒ်များအရ နံပါတ်စဉ် (၂၀၀၀) အတွင်း ဝင်နိုင်သော သဘာဝလွန်ပစ္စည်း တစ်ခုအဖြစ် ဖန်တီးနိုင်ကြောင်း သိထားရသည်။

စနစ်၏ စည်းမျဉ်းများအရ နံပါတ်စဉ် (၂၀၀၀) အတွင်း ဝင်နိုင်သော သဘာဝလွန်ပစ္စည်းများသာလျှင် တန်ဖိုးကြီးမားသော သဘာဝလွန် ကုန်ကြမ်းပစ္စည်းများ ဖြစ်သည်။

သို့သော် အရေခွံဆုတ် တစ္ဆေ ဦးရေပြား က ဤမျှ ဈေးပေါနေခြင်းမှာ အကြောင်းပြချက် တစ်ခုတည်းသာ ရှိနိုင်သည်။ အရေခွံဆုတ် တစ္ဆေ ဦးရေပြား ဖြင့် ဖန်တီးထားသော သဘာဝလွန်ပစ္စည်းသည် နံပါတ်စဉ် (၂၀၀၀) ၏ အစနားလေးတွင်သာ ကပ်၍ ပါဝင်နိုင်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ထိုသို့မဟုတ်ပါက စနစ်၏ အကျင့်စရိုက်အရ ဤမျှလောက် ဈေးပေါနေမည် မဟုတ်ပေ။

ယခင်က ထိုအရေခွံကို အသုံးပြုပြီး ထင်းခုတ်ဓားမကို အဆင့်မြှင့်တင်ရန် စဉ်းစားခဲ့စဉ်က သတ်ဖြတ်မှတ် သုံးသောင်းနှင့် အချိန် ၈၆ နာရီ၊ ဆိုလိုသည်မှာ သုံးရက်ခွဲ အချိန်ယူရမည် ဖြစ်သည်။

ယခင်ကတော့ သတ်ဖြတ်မှတ် မလုံလောက်ခဲ့ပေ။

ယခုအခါတွင်မူ အမှန်တကယ် လုံလောက်နေပြီ ဖြစ်သည်။

ချန်းရီက ကားထဲမှ သွေးရောင်အရေခွံကို ရှာဖွေထုတ်ယူလိုက်ပြီး ခါးတွင် အမြဲချိတ်ဆွဲထားလေ့ရှိသော မရဏသွေး ထင်းခုတ်ဓားမ ကိုလည်း ဖြုတ်ယူလိုက်သည်။

ဤအနီရောင်အရေခွံသည် တန်ဖိုးကြီးမားသော ပစ္စည်းတစ်ခု ဖြစ်သည်။

သို့သော် မရဏနတ်သမီး၏ လက်ထဲရှိ သွေးရောင် တံစဉ်ကြီးနှင့် နှိုင်းယှဉ်ပါက မရဏသွေး ထင်းခုတ်ဓားမ မှာ လုံးဝကို စာဖွဲ့လောက်စရာ မရှိပေ။

မရဏသွေး ထင်းခုတ်ဓားမ ၏ နံပါတ်စဉ်မှာ ၄၈၈၀ သာ ရှိသော်လည်း... နေပါဦး။

ချန်းရီက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သေချာကြည့်လိုက်သောအခါ မရဏသွေး ထင်းခုတ်ဓားမ ၏ နံပါတ်စဉ်မှာ အောက်သို့ ကျဆင်းသွားသည်ကို တွေ့လိုက်ရသည်။

ယခင်က တစ်ဆင့် ကျဆင်းသွားခဲ့သည် မှန်သော်လည်း ယခုလောက်အထိ လျင်မြန်စွာ ကျဆင်းသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တောက်။

ယခုအခါ မရဏသွေး ထင်းခုတ်ဓားမ ၏ နံပါတ်စဉ်မှာ ၄၉၀၃ သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ ဤမျှတိုတောင်းသော အချိန်လေးအတွင်းမှာပင် မရဏသွေး ထင်းခုတ်ဓားမ ထက် အဆင့်နံပါတ်စဉ် ပိုမြင့်သော သဘာဝလွန်ပစ္စည်းများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

တောက်...

သဘာဝလွန်ပစ္စည်းများ၏ နံပါတ်စဉ်များမှာ အမြဲတမ်း ပုံသေ သတ်မှတ်ထားခြင်း မဟုတ်ကြောင်း ချူချယ် က ပြောဖူးသည်။

သဘာဝလွန်ပစ္စည်း အသစ်များ ပေါ်ထွက်လာသည်နှင့်အမျှ ၎င်းပစ္စည်း၏ အဆင့်အောက်တွင်ရှိသော အခြားသော သဘာဝလွန်ပစ္စည်းများ၏ နံပါတ်စဉ်များမှာ အပြောင်းအလဲများ ဖြစ်ပေါ်လာမည် ဖြစ်သည်။

သို့သော် ဤမျှလောက်အထိ လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

မရဏသွေး ထင်းခုတ်ဓားမ တွင် နာကြည်းချက် ဝိညာဉ်များကို စုပ်ယူပြီး နံပါတ်စဉ် အဆင့်ကို မြှင့်တင်နိုင်သော စွမ်းရည် ရှိသော်လည်း ထိုစွမ်းရည်မှာ အလွန် နှေးကွေးလှသဖြင့် အနည်းငယ် အသုံးမကျသလို ဖြစ်နေသည်။

ထို့အပြင် ချန်းရီကလည်း နေ့စဉ်ရက်ဆက် ထင်းခုတ်ဓားမကို ကိုင်ကာ လူများ သို့မဟုတ် မိစ္ဆာများနှင့် အသေအကြေ လိုက်လံ တိုက်ခိုက်နေမည့် စရိုက်မျိုး ရှိသူ မဟုတ်ပေ။

အကယ်၍သာ ဖြစ်နိုင်မည်ဆိုလျှင် သူသည် လက်ပိုက်ကြည့်နေရုံဖြင့် တစ်သက်လုံး ဘေးကင်းချမ်းသာစွာဖြင့် ဖြတ်သန်းသွားချင်သူ ဖြစ်သည်။

သက်ပြင်းသဲ့သဲ့ကို ချလိုက်ရင်း ချန်းရီက မရဏသွေး ထင်းခုတ်ဓားမ ကို အဆင့်မြှင့်တင်ရန် တိုက်ရိုက် အတည်ပြုလိုက်သည်။

စောစောလေးကမှ ရရှိထားသော သတ်ဖြတ်မှတ် လေးသောင်းသုံးထောင်မှာ မျက်စိတစ်မှိတ်အတွင်း တစ်သောင်းသို့ ပြန်လည် လျော့ကျသွားခဲ့လေပြီ။

ထို့ပြင် ကား၏ လေပူလေအေးစနစ်ကိုလည်း မတပ်ဆင်ရသေးပေ။

ထင်းခုတ်ဓားမပေါ်တွင် လွင့်မျောပေါ်ထွက်နေသော အချိန်ရေတွက်မှု စနစ်လေးကသာ ချန်းရီ အတွက် နှစ်သိမ့်မှု အနည်းငယ် ပေးစွမ်းနိုင်ခဲ့သည်။

ရုတ်တရက်... သဲ့သဲ့လေး ထွက်ပေါ်လာသော အသံတစ်သံက နားထဲသို့ ဝင်ရောက်လာ၏။

ချန်းရီက ခေါင်းမော့ကာ အသံထွက်ပေါ်လာရာ ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း မှောင်မည်းနေမှုသာ ရှိပြီး မည်သည့်အရာမျှ မရှိပေ။

ယခင်က သူ ခိုင်းစေထားသော ထင်းသွားကောက်သည့်လူမှာလည်း အသံတကျွိကျွိ မြည်အောင် အလုပ်ရှုပ်နေဆဲဖြစ်ပြီး ထိုအသံကို လုံးဝ ကြားလိုက်ရပုံ မပေါ်ပေ။

သို့သော် ချန်းရီက သူ နားကြားမှားသည်ဟု မထင်မှတ်မိပေ။

ဒါမှမဟုတ်... ချူချယ်များ ရောက်လာတာလား။

ဆက်ရန်...

(နောက်တစ်အုပ်မှာတော့... ချန်းရီက အခုဆိုရင် လမ်းပြသူလမ်းစဉ် အစွမ်းပိုင်ရှင် မရှိတော့တဲ့အတွက် ကမ္ဘာပျက်ကပ်ကြီးမှာ မျက်စိသူငယ် နားသူငယ်ဘဝကို ရောက်သွားပြီပဲဖြစ်ပါတယ်။ ဒါဆို နောက်အပိုင်းတွေမှာ ချူချယ်က ချန်းရီကို လာရှာနိုင်ပါ့မလား၊ ကွဲသွားတဲ့အဖွဲ့သားတွေရော ဘေးကင်းရဲ့လား၊ ချန်းရီနဲ့ပြန်ဆုံနိုင်ပါ့မလား၊ အခုချန်းရီကြားလိုက်တဲ့ ခြေသံကရော ဘာဖြစ်နေမလဲ၊ နောက်ပိုင်း ဘယ်လိုထူးခြားဆန်းကြယ်မှုတွေ၊ တိုက်ပွဲတွေ၊ အဖြစ်အပျက်တွေ ကြုံရဦးမှာလဲ၊ ချန်းရီရဲ့အစွမ်းကရော ဘယ်လောက်အထိ အစွမ်းထက်သွားမလဲ... စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်)

All Chapters