အခန်း ၅၅၆
Vol. 38 Ch. 556
အခန်း (၅၅၆) အရှေ့ဘက်တံခါး
“ညသခင် မသေသေးဘူး ဟုတ်လား...”
အခန်းတွင်းရှိ ဝေဇီယီနှင့် သွမ့်ဆုန်တို့မှာ ဆုမို၏ စကားကို ကြားလိုက်ရချိန်တွင် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့၏။ ယခုအချိန်က ချီမေတောအုပ်အတွင်းမှ အဖြစ်အပျက်များ ပြီးဆုံးသွားခဲ့ပြီပင်။
ဆုမို ဦးဆောင်ကာ ချီမေတောအုပ်ရှိ ဝမ်လျန်အိမ်တော်ကို ဝင်ရောက်စီးနင်းချိန်တွင် ထာဝရညတောင်ကြားမှ မူလရှိနေခဲ့သော တပည့်များမှာ အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။ ဝမ်လျန်အိမ်တော်တွင် အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ဘဲ အရှေ့မြို့ဂိုဏ်းများမှ တပည့်များက အခွင့်ကောင်းယူ၍ နေရာယူထားလိုက်ကြ၏။
ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအပြီးတွင် အရှေ့ဘက် အရပ်ဆီမှ မိုးသောက်ကြယ်လင်းလာခဲ့တော့၏။
ထိုနေရာကို စောင့်ကြပ်ရန် သိုင်းပညာရှင်အချို့ကို ချန်ထားရစ်ခဲ့ပြီးနောက် ဆုမိုနှင့် အဖွဲ့ဝင်များမှာ လျူယင်မြို့ဆီသို့ ပြန်လည် ဆုတ်ခွာလာခဲ့ကြသည်။
သွမ့်ဆုန်နှင့် ဝေဇီယီတို့ သီးခြားစီ အနားယူရန် ပြင်ဆင်နေကြဆဲမှာပင် ဆုမိုက သူတို့ကို အခန်းတွင်းသို့ ခေါ်ယူလိုက်၏။ သို့သော် သူ၏ နှုတ်မှ ထွက်ကျလာသော စကားတစ်ခွန်းက သူတို့နှစ်ဦးစလုံးကို မှင်သက်သွားစေတော့သည်။
“အသံတိုးတိုး လုပ်ကြပါ...”
ဆုမိုက သူတို့ကို တစ်ချက် ကပ်ကြည့်လိုက်ပြီး တုံ့ပြန်လိုက်သည်။
“တခြားလူတွေ အကုန်လုံးကို သိစေချင်နေတာလား...”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
သွမ့်ဆုန်၏ မျက်ခုံးများမှာ အလွန်အမင်း တွန့်ကွေးသွား၏။
“မင်းက ညသခင်ကို ရိုက်နှက်နေတာ ငါတို့အားလုံး မျက်မြင်ကိုယ်တွေ့ပဲ... သွေးတွေလည်း အိုင်ထွန်းနေတာပဲလေ... သူက လူတိုင်းရှေ့မှာ သေဆုံးသွားခဲ့တာကို ဘယ်လိုလုပ်ပြီး မသေသေးဘူးလို့ ပြောနိုင်ရတာလဲ...”
ဝေဇီယီကမူ တစ်ခွန်းမျှ ဝင်မပါဘဲ တိတ်ဆိတ်နေသည်။
ဆုမို၏ စိတ်ထဲတွင် တစ်ခုခုကို အလေးအနက် တွေးတောနေကြောင်း သူမ ကြိုတင် ရိပ်မိထားခဲ့ပြီး ယခုတော့ သူမ၏ ခန့်မှန်းချက် မှန်ကန်သွားလေပြီ။ သို့သော် သူမ၏ ရင်ထဲတွင်လည်း သွမ့်ဆုန်နည်းတူ တူညီသော မေးခွန်းတစ်ခု ကိန်းအောင်းနေ၏။
သူ မည်သို့ အသက်ရှင်နေနိုင်သနည်း ဆိုသည့် အချက်ပင်။ ထိုမျှလောက် ပြင်းထန်သည့် ဒဏ်ရာနှင့်မှ မသေသေးဘူး ဆိုလျှင် ညသခင်သည် သွေးစက်များမှတစ်ဆင့် ပြန်လည် အသက်ဝင်လာနိုင်သော စွမ်းရည်မျိုးများ ပိုင်ဆိုင်ထားလေသလား။
အသားအာရုံနှင့် သွေးကြောများကို ကစားရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှသော ယူချွမ်ဂိုဏ်းချုပ်ပင်လျှင် ဤကဲ့သို့သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားကြောင်း မကြားဖူးခဲ့ချေ။ ညသခင်ကဲ့သို့သော လှည့်စားမှု အတတ်ပညာရှင် တစ်ယောက်က ဤကဲ့သို့သော အရာကို မည်သို့ စွမ်းဆောင်နိုင်မည်နည်း။
ဆုမိုက လေပူ တစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ရင်း ရှင်းပြလိုက်သည်။
“စီနီယာတို့ မသိပါဘူး... ကျွန်တော်က ညသခင်နဲ့ ဝမ်လျန်အိမ်တော်ရဲ့ မြေအောက်လှိုဏ်ဂူထဲမှာ စတင် တိုက်ခိုက်ခဲ့တာ... သူ့ရဲ့ သိုင်းပညာက အလွန်ကို မြင့်မားတယ်... သိုင်းလောကထဲ ခြေချကတည်းက ကျွန်တော် ကြုံဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး သိုင်းပညာရှင်ပဲ... ပြီးတော့ သူ့ဆီမှာ အသက်ဘေးကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကလည်း မရေမတွက်နိုင်အောင် ရှိနေတယ်…”
“သူ့ကို ပွဲချင်းပြီး သတ်ပစ်နိုင်မယ့် အခွင့်အရေး အနည်းဆုံး နှစ်ကြိမ်လောက် ကျွန်တော် ရခဲ့ပေမဲ့ အကြိမ်တိုင်းမှာ သူက လွတ်မြောက်သွားခဲ့တာချည်းပဲ... ဝမ်လျန်အိမ်တော်ကနေ ထွက်လာပြီးတဲ့နောက် သူ့ကို လျူယင်မြို့အထိ ကျွန်တော် တစ်လျှောက်လုံး လိုက်လံ ဖမ်းဆီးခဲ့တယ်... လျူယင်မြို့ထဲကို ရောက်သွားတဲ့ အချိန်မှာတော့ သူ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက တော်တော်လေးကို ပုံမှန်မဟုတ်ဘူး ဖြစ်နေတယ်...”
အသက်နှင့် သေခြင်းကြား ရုန်းကန်ရမည့် အရေးကြီးဆုံး အချိန်တွင် ညသခင်၏ ပထမဆုံး တုံ့ပြန်မှုက အရိပ်တမန်များကို စေလွှတ်၍ ပိတ်ဆို့မှုများကို ဖောက်ထွက်စေခြင်းပင်။
ထိုအရိပ်တမန်များကို ကယ်တင်ရန်အတွက် မိမိကိုယ်ကိုပင် စတေးခံမည့် အနေအထားအထိ ဖြစ်သည်။ ၎င်းကို ထာဝရညတောင်ကြား၏ အဓိက အင်အားစုကို ကာကွယ်ရန် လုပ်ဆောင်သည်ဟု အဓိပ္ပာယ် ကောက်ယူနိုင်၏။ သို့သော် မေးခွန်းထုတ်စရာ တစ်ချက်က ညသခင်သည် တကယ့်ကို ထိုကဲ့သို့သော စိတ်ထားမျိုး ရှိသူ ဟုတ်ပါသလော။
ထို့အပြင် ညသခင်သာ မရှိတော့ပါက အရိပ်တမန်များအနေဖြင့် သူတို့၏ အခန်းကဏ္ဍ အတိုင်း ရှိနေမည် ဆိုသော်ငြား၊ ဤမျှ ကမောက်ကမ ဖြစ်နေသော အခြေအနေမျိုးတွင် သူတို့ချည်းသက်သက်ဖြင့် မည်သည့်အရာကို စွမ်းဆောင်နိုင်မည်နည်း။ ထို့ကြောင့် ယုတ္တိဗေဒအရ စဉ်းစားကြည့်ပါက ဤကိစ္စက လုံးဝ အဓိပ္ပာယ် မရှိချေ။
၎င်းသာမက သူ၏ အမိန့်ပေးပုံကလည်း ထူးဆန်းလှ၏။ အရိပ်တမန်များကို မည်သည့်အရာပင် ဖြစ်လာပါစေ လုံးဝ နောက်လှည့်မကြည့်ရန် တင်းတင်းကျပ်ကျပ် မှာကြားခဲ့သည်။ သူ၏ အနောက်တွင် မည်သည့်အရာများ ဖြစ်ပျက်တော့မည်ကို ကြိုတင် သိမြင်ထားသည့် အလားပင်။
ပို၍ ထူးခြားသည်မှာ ဆုမို၏ နောက်ဆုံး လက်သီးချက် ထိမှန်သွားချိန်တွင် ခံစားချက် တစ်ခုကို ရရှိလိုက်ခြင်းသာ။ ညသခင်၏ 'အလင်းမဲ့ကောင်းကင်' ကျင့်စဉ်က တိုက်ခိုက်မှု၏ အင်အားများကို ပျက်ပြယ်သွားစေနိုင်စွမ်း ရှိ၏။ ဆုမိုအနေဖြင့် ထိုကျင့်စဉ်၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို နားမလည်သော်ငြား၊ ညသခင်၏ ဩဇာလွှမ်းမိုးမှုအောက်တွင် သူ၏ ကိုယ်ပိုင် အတွင်းအားများ အလိုအလျောက် ပျက်ပြယ်သွားသကဲ့သို့ ခံစားခဲ့ရသည်။
ယခင်က ဆုမိုသည် 'ဒဏ်ရာခုနစ်ချက် လက်သီး' ကို အသုံးပြုကာ အပေါ်စီးမှနေ၍ တိုက်ခိုက်ချိန်တိုင်းတွင် ထိုခံစားချက်က အမြဲတမ်း ရှိနေခဲ့သည်။ သို့သော် နောက်ဆုံး လက်သီးချက် ပစ်မှတ်ကို ထိမှန်သွားချိန်တွင်မူ ထိုသို့သော ခံစားချက်မျိုး လုံးဝ မရှိခဲ့ချေ။
ထို့ကြောင့် ဆုမိုသည် ထိုလူကို သတ်ဖြတ်လိုက်ပြီးနောက် သူ၏ ကိုယ်ပိုင် လက်သီးကို ငုံ့ကြည့်ကာ ကောက်ချက် တစ်ခုကို ချနိုင်ခဲ့သည်။ ညသခင်သည် အသက်ရှင်လျက် ရှိနေဆဲပင်။ သူသည် အရိပ်တမန်များ၏ ပိတ်ဆို့မှု ဖောက်ထွက်ခြင်း အကြားတွင် ကမောက်ကမ အခြေအနေများကို ဖန်တီးကာ ထိုလူအုပ်ကြားထဲ ရောနှော၍ အသက်ဘေးမှ ထွက်ပြေးရန် ရည်ရွယ်ခဲ့ခြင်း သေချာလှ၏။
၎င်းက ညသခင်ကို သတ်ဖြတ်ပြီးနောက် ဆုမိုက လူတိုင်းကို အရိပ်တမန်များ၏ ဖောက်ထွက်မှုကို ချက်ချင်း တားဆီးရန် အမိန့်ပေးခဲ့ရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်ပါတော့သည်။ သူသည် ထိုအရိပ်တမန်များအားလုံးကို နောက်ဆုံး တစ်ယောက်မကျန် အမြစ်ပြတ် သုတ်သင်လို၍ မဟုတ်ဘဲ၊ အစစ်အမှန် ညသခင်က သူတို့အကြားတွင် ရောနှော ပုန်းကွယ်နေနိုင်သောကြောင့်သာ။
ဝမ်းနည်းစရာ ကောင်းသည်မှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ရခြင်းပင်။ သိုင်းကွက် တစ်ကွက်စာမျှ ကွာဟသွားမှုကြောင့် နောက်ဆုံးတွင် ထိုမိစ္ဆာလမ်းစဉ်မှ မဟာသိုင်းပညာရှင်ကြီးကို လွတ်မြောက်ခွင့် ပေးလိုက်ရတော့သည်။
ယခုအချိန်တွင် ဆုမိုက သူ၏ တွေးတောထားမှုများကို ရှင်းပြပြီးနောက် သွမ့်ဆုန်နှင့် ဝေဇီယီတို့ နှစ်ဦးစလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် လေပူများကို ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်မိကြတော့၏။
သွမ့်ဆုန်က ချက်ချင်းပင် လှမ်းပြောလိုက်သည်။
“ဒါဆိုရင် ငါ အခုချက်ချင်း လူလွှတ်ပြီး လိုက်ရှာခိုင်းလိုက်မယ်... သူက အသက်ဘေးကနေ လွတ်မြောက်သွားနိုင်ခဲ့တယ် ဆိုရင်တောင် သေချာပေါက် ဒဏ်ရာအပြင်းအထန် ရထားမှာပဲ... သူ့ကိုသာ ရှာတွေ့ခဲ့ရင် ဒီကပ်ဆိုးကြီးကို ငါတို့ အမြစ်ပြတ် ရှင်းလင်းနိုင်လိမ့်မယ်...”
ဆုမိုက သွမ့်ဆုန်ကို တစ်ချက် ကပ်ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။
“ဒီလို ပုံစံမျိုးနဲ့ လိုက်ရှာနေတာက သမုဒ္ဒရာထဲမှာ အပ်ကျတာကို လိုက်ရှာနေသလိုပဲ... ဒါ့အပြင် သူသာ တကယ် ဒဏ်ရာရထားခဲ့မယ် ဆိုရင် ပိုပြီးတောင် သတိထားနေလိမ့်ဦးမယ်... ကျွန်တော်တို့က အင်တိုက်အားတိုက် လိုက်ရှာနေရင်တောင် ရလဒ်က ဘာဖြစ်လာမလဲ ဆိုတာ မသေချာသေးဘူး... အရေးအကြီးဆုံး အချက်က သူ မသေသေးဘူးဆိုတာကို ငါ သိနေတယ်လို့ သူသာ ရိပ်မိသွားရင်... ပိုပြီး နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်သွားလိမ့်မယ်…”
“ဒီလူက အလွန်အမင်း ကောက်ကျစ်စဉ်းလဲတယ်... သူကသာ ဒီကိစ္စအတွက် ကြိုတင် ကာကွယ်မှုတွေ လုပ်ထားခဲ့ရင် နောင်တစ်ချိန် သူ့ကို ဖမ်းဆီးဖို့ ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲသွားလိမ့်မယ်...”
“ဒါဆိုရင်...”
သွမ့်ဆုန်၏ မျက်ခုံးများက ကျစ်ကျစ်ပါအောင် ကြုတ်ထားဆဲပင် ရှိသေး၏။
“မင်းရဲ့ အမြင်အရဆိုရင် ငါတို့ ဘာဆက်လုပ်သင့်လဲ...”
ထိုအခါ ဆုမိုက သွမ့်ဆုန်ကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြုံးပြလိုက်သည်။
“ကျွန်တော်တို့ လမ်းပြ တစ်ယောက် ဖမ်းထားမိပြီ မဟုတ်လား...”
“သူက တကယ့်ကို နှုတ်လုံလွန်းတယ်...”
ဆုမို စကားအား သွမ့်ဆုန်က ခေါင်းခါယမ်းလိုက်၏။
ဆုမိုက ဆက်ပြောလာသည်။
“ပြီးတော့ သူ ပြောတာတွေသာ အမှန်ဆိုရင် သူ့ကို အသုံးချပြီး ထာဝရညတောင်ကြားကို ရှာဖွေဖို့က သိပ်ကို ခက်ခဲလိမ့်မယ်...”
“ဒါက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေပဲ...”
ဆုမိုက ပြုံးလျက် ရှင်းပြလိုက်၏။
“ဒါပေမဲ့ ဒီအချက်ကို ညသခင် သိချင်မှ သိလိမ့်မယ်လေ... ဒါ့အပြင် ကျွန်တော်တို့ဘက်က ဘာအကျိုးအမြတ်မှ မရလိုက်တာမျိုးလည်း မဟုတ်ဘူး... ထာဝရညတောင်ကြားထဲကို ဝင်ဖို့အတွက် လမ်းပြတစ်ယောက် လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ သိထားပြီးပြီ မဟုတ်လား... ဒါဆိုရင် ကျွန်တော်တို့က အပေါ်ယံမှာတော့ ပုံမှန်အတိုင်း သွားနေသယောင် ပြပြီး လျှို့ဝှက်လှုပ်ရှားမှု တစ်ခုကို လုပ်ကြမယ်... ဂိုဏ်းကြီး (၇) ဂိုဏ်းက သိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ထာဝရညတောင်ကြား ရှိတဲ့ နေရာဆီကို ချီတက်ကြမယ်... ပွက်လောညံသွားအောင် အသံတွေ လွှင့်ပြီး လမ်းပြတစ်ယောက်ကို လိုက်ရှာနေတယ်လို့ ဟန်ပြမယ်... ပြီးတော့... ကျွန်တော်က ညသခင်ကို သတ်ပစ်လိုက်ပြီ ဆိုတဲ့ သတင်းကို တစ်လောကလုံး သိအောင် ဖြန့်ချလိုက်မယ်...”
“ညသခင်ကို နင် တကယ်ပဲ သတ်ပစ်လိုက်နိုင်ပြီလို့ မင်း ထင်နေကြောင်း သူ.. ယုံကြည်သွားအောင် လုပ်ချင်တာလား...”
ဝေဇီယီက ဆုမို၏ အကြံအစည်ကို ကောင်းကောင်းကြီး သဘောပေါက်သွားတော့သည်။
သွမ့်ဆုန်သည် ဆုမိုကို တစ်ချက် ကြည့်လိုက်ပြီး ဝေဇီယီဘက်သို့ အကြည့်လွှဲလိုက်ကာ ခဏမျှ စဉ်းစားခန်း ဝင်ပြီးနောက် သက်ပင့် တစ်ချက်ကို တိုးညှင်းစွာ မှုတ်ထုတ်လိုက်၏။
“ငါသာ ညသခင် နေရာမှာ ဆိုရင် ဒီလောက် ဒုက္ခလှိုင်းလုံးကြီးထဲ ကျရောက်သွားပြီးတဲ့နောက် ငါ အသက်ရှင်နေသေးတယ် ဆိုတာကို လူသိရှင်ကြား ကြေညာနေမှာ မဟုတ်ဘူး... ထာဝရညတောင်ကြားဆီကို သတိကြီးကြီးထားပြီး ပြန်သွားမယ်... ဒါမှမဟုတ် ဒဏ်ရာတွေ ကုသဖို့ နေရာတစ်ခုခုကို ရှာဖွေလိမ့်မယ်…”
--